Monday, August 4, 2014

ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ

  
ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ 

မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ ဦးဆောင် ဒကာ ဒကာမတွေက သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို လျှောက်ထားကြပါတယ်။

“အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊ ဝိပဿနာ တရားမှ နာလို့ရတယ်၊ သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို မရဘူးဆိုပြီး တရားနာဖို့ကို ငြင်းပယ်တတ် ကြပါတယ်ဘုရား ။

တရားဆိုတာ ဘယ်တရားမှ နာကောင်းတယ်၊ ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ ရှိလို့လားဘုရား၊ ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူနေတဲ့ ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊ ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ ရှိလို့လားဘုရား” စသဖြင့်
မေးလျှောက်တတ်ကြပါတယ် ။

သူတို့အမေးကို ဘုန်းဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့ ဒါမှဒါဆိုတဲ့ အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘာတရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့” စသဖြင့် နိဒါန်းချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။ ဒီလို အသံတွေ ကြောင့်လည်း လွဲနေတတ်တဲ့ အလွဲလေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်များများမှာ အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲအားကြီးတဲ့ သူတွေကို မကြာခဏ ကြုံဖူးတတ်ပါတယ်။ တစ်ချို့ဆိုရင် တရားတော်တွေကို တော်တော်လေးလည်း နာထားကြသလို၊ တော်တော်လေးလည်း အားထုတ်ထားတဲ့သူတွေ ပါနေတာကို တွေ့ရတတ်ပါတယ်။ ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း အားထုတ်ထားတာတောင်မှ “အစွဲမပြုတ်ဘဲ  အလွဲလုပ်နေတယ်” ဆိုတော့ သေချာတယ် ဒါဟာ တစ်ခုခုတော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

တရားအလုပ်ဆိုတာက စစ်မှန်တဲ့ နည်းစနစ်နဲ့ စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် မှန်ကန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့် အဲလိုဖြစ်မလာဘဲ ဘယ်ပုဂ္ဂိုလ် ဟောမှ၊ ဘယ်လိုတရားမျိုးမှ ဆိုတာတွေ ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော သဒ္ဓါနဲ့ ပညာချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက အဲဒီ ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ၊ ပညာတရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။

နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန် ကာ ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်လိုတရားမျိုးမှ၊ ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ သဘောကလည်း စွဲမိပြီဆိုရင် အသက်အသေခံပြီး စွဲမိတတ်တာ ဆိုတော့ ရုန်းမထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။

ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ ကျွတ်တမ်းဝင်တတ်တဲ့ သဘောမျိုး ရှိတတ် ပေမယ့် ပုဂ္ဂိုလ်ကို သိပ်ခင်သွားတဲ့အခါ တရားလည်းမမြင်၊ ကျွတ်တမ်းလည်း မဝင်ဘဲ အလွဲဖြစ်ကုန်တဲ့ သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ အလွဲတွေနည်းစေကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ 

အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ ကောင်းစွာဟောကြားထားတဲ့ သွာက္ခတာ ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတာတွေပဲ ဖြစ်တဲ့အတွက် ဘယ်တရားတော်ကတော့ ပေါ့တယ်၊ ဘယ်တရားတော်ကတော့ အနှစ်ရှိတယ်စတဲ့ သဘောမျိုးတွေ မရှိပါဘူး။ သေသေချာချာ သဒ္ဓါ တရားနဲ့ နားကြားမယ်ဆိုရင် တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီးသားပဲ ဖြစ်ပါတယ်။

ဒီတရားတော်တွေကို ဘုရားဟောက သွေဖယ်ပြီးမဟောဘဲ အရှိအတိုင်း ပြန်ဟောတဲ့ တရားဟော ဆရာတော်တွေဆိုရင်လည်း ဘယ်ဆရာတော်ဟောမှ၊ ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ မရှိဘဲ တရားတော်အပေါ်မှာ နားတော်လေးစိုက်ပြီး နားကြားလိုက်မယ်ဆိုရင် တစ်လုံးတစ်ပါဒ အသိ တစ်ခုခုကတော့ ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့ တရား၊ ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်ဆိုရင်တော့ အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နှလုံးသွင်းမှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊ စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ လုပ်ထားကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊ နည်းစွဲဆိုတာမျိုး ရှိကိုရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။

တရားအလုပ်ဟာ စနစ်သာ မှန်မယ်ဆိုရင် များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုးလေ ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရားတွေ အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း ပိုပိုပြီး နည်းလာတတ်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ဝိနည်းတရားတွေ နာလည်း သူ့အတွက်ကတော့ သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ ဖြစ်သလို၊ သုတ္တန်တရားနဲ့ အဘိဓမ္မာ တရားတွေနာလည်း ပီတိတရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။

ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ တရားရဲ့ အနှစ်ကိုပဲ ရအောင် နာယူနေမှာပဲ ဖြစ်ပါတယ်။ တရားတော်ရဲ့ လက်တွေ့အကျိုးတွေမှာ တကယ်သာ  နာယူကျင့်ကြံထားမယ်ဆိုရင် ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့ သဒ္ဓါတရားတိုးပြီး ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။

အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲဘဲ၊ ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို မသိဘဲ တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့
“ပုဂ္ဂိုလ်လည်းစွဲ၊ အကျင့်လည်း လွဲ”လာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊ ဘယ်လိုတရားမျိုးမှ မဟုတ်ရင် မနာဘူး၊ ဘယ်နည်း မဟုတ်ရင်၊ ဘယ်စနစ် မဟုတ်ရင် အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်တွေ မရောက်ကြလို့ပဲလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့် သတိတရား မရှိကြလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ “ပုဂ္ဂိုလ်စွဲနဲ့ အကျင့် လွဲတွေ” အပေါ်မှာ ရုန်းမထွက်နိုင်ဘဲ စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး သဒ္ဓါတရား မတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလွဲဟာလည်း သံသရာနဲ့ချီပြီး ကြောက်စရာကောင်းတဲ့ အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက် အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ အနှစ်သာရကို ရအောင်နာ၊ တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ အကျင့်ကို ရောက်အောင် အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ ဒါမှဒါဆိုတဲ့ အစွဲမျိုးမဖြစ်အောင်သာ ကိုယ့်ကိုယ်ကို သတိပြုဆင်ကာ ယုံကြည်မှု သဒ္ဓါတရားကို အကြောင်း အကျိုး ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ ပေါင်းစပ်လို့ ကောင်းမြတ်တဲ့ ညီမျှခြင်းတွေနဲ့ ညီမျှအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

-
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)