Monday, August 11, 2014

ဝါခေါင်ခေါ် နံကာလ


ဝါခေါင်ခေါ် နံကာလ

မြစ်လုံးငယ်မှဝေဆာ... သစ်ရွက်ကယ်စိမ်းစိမ်း၊ ခက်လက်ကယ်ယိမ်းသည်။ ထစ်ချိန်း ဆော်လိုက်...မိုးတစ်ဝိုက်ကို၊ သိုင်းရိုက်ကာနှင့် သူဇာတို့မောင်၊ ကမ္ဗလာရစ်ခြယ်... တသောင်း နယ်က ညာဖယ်ခွေညွှတ် သင်တိုင်းဝတ်လို့။ (အဲ-မယ်ခွေ)

ဝါဆိုဝါခေါင် ရေဖောင်ဖောင်အချိန်တွင် ပဇ္ဇုန်မိုးများ ရွာသွန်းကြပြန်လေပြီ။ တန်ခူးမှ စတင် ရေတွက်ခဲ့ရာ ငါးလမြောက် ၀ါခေါင်လကို ရှေးက နံကာလဟု ခေါ်ခဲ့ကြ၏။ လှေသင်းဝန်မင်းဦးချိန်က သူ၏ဝေါဟာရ လီနတ္ထကျမ်းတွင်-

“သာဝကော=နံကာလ၊ နိက္ခမနီယော=နံကာလဟူ၍ အဓိပ္ပာယ်နှစ်ပုဒ်ပြသည်။ အဘိဓာန်ဋီကာ တွင်လည်း ဇတ္ထ=ဤကာလ၌ သူရိယော=နေမင်းသည် အန္တောဝီထိတော=အတွင်းခရီးမှ ဗဟီဝီထိ=ရွာပြင်ခရီးသို့ နိက္ခမတိ=ထွက်တတ်၏။ ထို့ကြောင့် နိက္ခမနိယမည်၏။ နောင်တွင် သဒ္ဒါရွေ့လျောကာ မြန်မာဘာသာ နံကာလ ဝေါဟာရယူရန်ရှိကြောင်း” ရေးသားထားခဲ့ပါသည်။

သို့အတွက် ဤနံကာလတွင် သူရိယနေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ လှည့်လည် သွားလာနေသည်ကို တွေ့ရပါမည်။ (နံ)ဟူသည် အချိန်ဖြစ်၍ (ကာ)မှာ ပြုလုပ်ခြင်း အနက် ရပါသည်။ ထိုဝါခေါင်လတွင် လယ်ယာခွင်၌ တောင်သူဦးကြီးများ လယ်ယာလုပ်ငန်းကို ကြိုးစား၍ ပြုလုပ်တတ်ကြပေသည်။ နှောင်းလူများက ၀ါခေါင်လခေါ်ကြသည်ကား-၀ါလများ၏ အလယ်ခေါင် =၀ါကောင်။

တစ်နည်း မိုးလများ၏ အလယ်ဟု တွက်ဆခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ၀ါခေါင်ခေါ် နံကာလတွင် ကတ္တရီခေါ် ခတ္တာပန်းများ ပွင့်ဖူးကြ၏။ လုံးရေအားဖြင့် သုံးလုံးပါရှိသော သရ၀ဏ် နက္ခတ်သည် စန်းနှင့်ယှဉ်လျက် ကောင်းကင်တွင် ထွန်းပမြဲဖြစ်၏။ သူ၏သဏ္ဌာန်မှာ (တောင်ဝှေး ပုံသွင်၊ ရသေ့ရုပ်ပုံသွင်) ရှိသည်ဟု ဆိုကြပါသည်။ ဤသည်ကိုရည်ရွယ်၍ မဟာအတုလမင်းကြီးက-

“ရာသီသိဟ်ငယ်၊ နေမိန္ဒရ၊ ၀ါခေါင်လမို့၊ တောင်များထွတ်ခွန်၊ သရ၀ဏ်လည်း ရောင်တန်တေဇာ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့ လှူစာရေးတံ၊ သဘင်ခုံခံသော့ခါ” ဟု စပ်ဆိုဖွဲ့နွဲ့ခဲ့ခြင်း ဖြစ်ပေမည်။

စာရေးတံ အလှူဟူသည်

ဝါခေါင်လ၏ အလှူပွဲမှာ စာရေးတံ အလှူပွဲဖြစ်၏။ ဤတွင် စာရေးတံပွဲ၊ စာရေးတံအလှူ၊ စာရေးတံဆွမ်း ဟူသည်တို့ကို သင်္ခေပမျှ တင်ပြလိုပေသည်။ မြန်မာမှုဝေါဟာရတွင် မင်တံ၊ ကလောင်တံ၊ စုတ်တံ၊ စာရေးတံဟူ၍ အခေါ်အဝေါ်များစွာ ရှိပေရာ စာရေးထိုးထားသော အတံ=အချောင်းငယ်များမှာ စာရေးတံပင် ဖြစ်တော့သည်။

ဝါးပြား၊ ၀ါးခြမ်း၊ သစ်သားပြား တစ်မျိုးမျိုးဖြင့် ပြုလုပ်ကာ ထိုအတံပေါ်တွင် အမည်နာမများ ရေးထိုးလျက် မဲနှိုက်၍ အလှူပြုလုပ်လေ့ ရှိသည်။ ထို့ကြောင့် စာရေးတံ၏ ဆင့်ပွားအနက်မှာ မဲချသည့်အတံ (၀ါ)မဲတံပင် ဖြစ်တော့သည်။

သို့အတွက် စာရေးတံဖြင့် မဲခွဲ၍လှူ သော အလှူကို စာရေးတံအလှူဟု လည်းကောင်း၊ ဆွမ်းကို စာရေးတံဆွမ်းဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာညောင်းခဲ့ လေပြီ။ ပါဠိဘာသာတွင် သလာကာဟူသော စကားတစ်လုံး ရှိသည်။ သစ်သား၊ ၀ါးပြား၊ ပေရွက်၊ ထန်းရွက်တို့ဖြင့် ပြုလုပ်ထားသော အချောင်း၊ အတံငယ်ဟု အဓိပ္ပာယ် ရရှိပေသည်။

ထိုအချောင်းငယ်၊ အတံငယ်ပေါ်တွင် အမည်နာမများရေးထိုး၍ မဲချသောဆွမ်းကို သလာက ဘတ္တစာရေးတံဆွမ်းဟု ယနေ့တိုင် ပြောခေါ်နေကြသည်။ မြတ်စွာဘုရား၏ ၀ိနည်းတော်အရ အောက်ပါဆွမ်းများရှိသည်။

သံဃဘတ်    -    သံဃာအားလုံးအတွက် လှူသောဆွမ်း။
ဥဒ္ဒေသဘတ် -    တစ်ပါးနှစ်ပါးခွဲခြား၍ လှူ သောဆွမ်း။
နိမန္တဘတ်    -    ပင့်ဖိတ်၍ လှူရသောဆွမ်း။
သလာကာဘတ် - စာရေးတံမဲဖြင့် လှူသောဆွမ်း။
ပက္ခိကဘတ် - လဆန်း၊ လဆုတ်ရက်၌ လှူသောဆွမ်း။
ဥပေါသထိကဘတ် - ဥပုသ်နေ့တွင် လှူ သောဆွမ်း။
ပါဠိပထိကဘတ် - ဥပုသ်နေ့ကျော်၍ တစ်ရက်တွင် လှူသောဆွမ်းဟူ၍ ခုနစ်မျိုးတွေ့ရ၏။ ဤစတုတ္ထမြောက် ဆွမ်းအလှူမှာ စာရေးတံဆွမ်းအလှူပင် ဖြစ်ပေတော့သည်။ (အကျယ်တ၀ံ့ သိလိုပါမူ ဓမ္မပဒအဋ္ဌကထာ၊ ပဏ္ဍိတ၀ဂ်။ ပဏ္ဍိတသာမဏောဝတ္ထုတွင် လေ့လာနိုင်ပါသည်။)

မေတ္တာတော်အခါလ

ဝါခေါင်လကို မေတ္တာတော်အခါလဟူ၍လည်း တင်စားခေါ်ဝေါ်လေ့ ရှိကြသည်။ ဗုဒ္ဓဘာသာဝင် များသည် ဤလအခါတွင် ကောင်းမှုကုသိုလ်များကို အထူးပြုလုပ်လေ့ရှိ၏။ တစ်ဝါတွင်းလုံးလိုလိုပင် ကုသိုလ်နှင့်လက် မပြတ်အောင် လောင်းလှူတတ်ကြသည်။

ဒါနမျိုးစုံပြုလုပ်ခြင်း သီလမျိုးစုံဆောက်တည်ခြင်း၊ ဘာဝနာမျိုးစုံ ပွားများခြင်းမှာ ၀ါတွင်းအခါ၌ ကျွန်ုပ်တို့ သူတော်စဉ်များ ပြုကြမြဲ အလေ့အကျင့်ဖြစ်၏။ ထိုမျှသာမက မိဘဘိုးဘွားများ လက်ထက်မှာတင်ကာ ၀ါခေါင်လကို မေတ္တာအခါလဟု သတ်မှတ်ထားပြီးဖြစ်၏။ တစ်ဦးနှင့်တစ်ဦး အနောဝိသ၊ မေတ္တာ၊ သြဒိဿမေတ္တာများ ပို့လွှတ်လေ့ ရှိကြပါသည်။ သို့အတွက် မြတ်ဗုဒ္ဓ ဟောကြားခဲ့သည့်အတိုင်း

(အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက်လူနတ် စောင့်လတ်နတ်များ၊ မီးဆိပ်ဝါး၊ ထို . . . ရှောင်ရှားကိုယ်မှာ လျင်စွာစိတ်တည် ရွှင်ကြည်မျက်နှာ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်  ဖြာကား မေတ္တာပွားမှု အကျိုးတည်းဟူသည့် မေတ္တာအကျိုး (၁၁) မျိုးကို ရရှိခံစားနိုင်ပေ၏။

မေတ္တာအခါတော်လ၏ နောက်ကြောင်းကား ဘုရားလက်ထက်က ဘုရားသခင်သာ ၀တ္ထိပြည် မွန်ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ်၊ တစ်ခုသော ၀ါဆိုဦးတွင် သံဃာအပါးငါးရာသည် သင့်ရာ ကမ္မဋ္ဌာန်းတောင်းကာ တောသို့ဝင်ခဲ့ကြပေသည်။

ဟိမ၀န္တာတောင်ခြေ အရောက်တွင် သင့်လျော်သော ရေမြေအနေအထားကိုတွေ့၍ တစ်ပါးစီ တစ်ပါးစီခွဲကာ တရားရှုမှတ်ကြလေသည်။ ရဟန်း ၅၀၀ ရောက်ရှိလာ၍ မူလနေရင်းစွဲဖြစ်သည့် ရုက္ခစိုး၊ ဘုမ္မစိုးတို့မှာ မိမိတို့ ဘုံဗိမာန်တွင် မနေ၀ံ့ဘဲ ကလေးများကို ခေါ်ဆောင်၍ ဝေးရာအရပ်သို့ ထွက်ပြေးကြသည်။

တစ်ဝါတွင်းလုံး ရှောင်ရှားနေရမည့် ဒုက္ခကိုစဉ်းစားကာ ရုက္ခစိုးနတ်တို့သည် ရဟန်းမနေနိုင်အောင် အဆင်း၊ အသံ၊ အနံ့ဆိုးများဖြင့် ခြောက်လှန့်ရာ ရဟန်းများလည်း ကြောက်ရွံ့ပြီး ဘုရားရှင်ထံ ပြန်လာခဲ့ကြသည်။ ဘုရားအား ဖြစ်ပျက်မှုအလုံးစုံကို လျှောက်တင်ကြရာ မြတ်စွာဘုရားက မေတ္တသုတ်ဒေသနာကို ဟောပြရှင်းလင်းပြီး နတ်တို့အား အမြဲတစေ မေတ္တာပို့ရန် မှာကြားကာ ရဟန်း ၅၀၀ ကို ဟိမ၀န္တာတောင်ခြေသို့ ပြန်လွှတ်ခဲ့သည်။

ရဟန်းငါးရာလည်း ဘုရားမှာလိုက်သည့်အတိုင်း လိုက်နာဆောင်ရွက်ကြရာ ရုက္ခစိုးနတ်တို့မှာ ပို့သသော မေတ္တာအဖို့သာဂကို ရရှိခံစားရသော အချိန်မှစတင်ကာ တရားအားထုတ်နေသော ရဟန်းတော်များကို တစ်စုံတစ်ရာ နှောင့်ယှက်မှု မပြုကြတော့ပေ။

တစ်ဝါတွင်းလုံး ရဟန်းအလုပ်ကို အားထုတ်နိုင်ကြသဖြင့် ၀ါကျွတ်ချိန်တွင် ရဟန်းငါးရာမှာ အရဟတ္တမဂ်သို့ ဆိုက်ရောက်ကုန်သည်။ ဤသည်ကို ရည်ရွယ်၍ ၀ါခေါင်လကို မေတ္တာအခါလဟု ယခုတိုင် ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။ သို့အတွက် အထက်ပါပုံပြင်၏ ဇာတ်လမ်းများကို ဖတ်ရှုကာ မေတ္တာအခါလတွင် ဒါန၊ သီလ၊ ဘာဝနာတရားများကို ယခင်ကထက် အားသွန်ခွန်စိုက် ပြုလုပ်သင့်ကြောင်းကို တင်ပြလိုက်ရသည်။

Written by: နီငြိမ်း (အညာတက္ကသိုလ်)


- ကျမ်းကိုး
- ဝေါဟာရလီနတ္ထဒီပနီ (လှေသင်းမင်း၊ ဦးချိန်)
- အဆင့်မြင့်ဗုဒ္ဓဘာသာတရားတော် (သာသနာရေးဝန်ကြီးဌာနထုတ်)
- မြန်မာစကားအဖွင့်ကျမ်း (ဦးဖိုးလတ်)