Saturday, February 28, 2015

ဘာနဲ့ တန်ဖိုးဖြတ်မလဲ


ဘာနဲ့ တန်ဖိုးဖြတ်မလဲ

လူ့လောက လူ့ပတ်ဝန်းကျင်မှာ ကြားနေကြစကားလေး “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” တဲ့  တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိလိုက်သည်။

တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနှင့် တိုင်းတာကြပါမလဲ။ ငွေကြေးနှင့် တိုင်းတာမှာလား ၊ ပညာဖြစ် တိုင်းတာမှာလား ။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုး နိမ့်သည်၊ မြင့်သည် တိုင်းတာကြမှာလား..။

ယင်းသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာ တတ်သူ တိုင်းက တန်ဖိုးရှိကြတော့မည်။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ်ရပ်တန့်သွားကြပေလိမ့်မယ်။

တချို့သောသူတွေဟာ ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမဲ့တဲ့ စကားတွေ ၊ ငွေကြေားချမ်းသာသူကလည်း ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်း အဝိုင်းသူ့ပါတ်ဝန်းကျင်ကသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို စာရှု့သူများမလွဲမသွေကြားဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ ပါတ်ဝန်းကျင်အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟုထင်ပါတယ်၊လူတစ်ယောက်အတွက် တန်ဖိုး အရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးကြည့်လိုက်ချင်ပါတယ်။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားစံပါမြို့ကိုကြွတော့ သောဏဒဏ္ဍပုဏ္ဏားကိုမေးခဲ့တာလေး သွားသတိရမိတယ်။ တခါတုံးကသောဏဒဏ္ဍတပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက် ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သော တရားနာပရိသတ်တို့အား မည်သည့်တရား ဟောမည်ကို တွေးဆပြီးပရိသတ်များကိုမေးပြီးဟောမယ်ဟုဆုံးဖြတ်လိုက်တယ်၊

ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်း မေးလိုက် လေသည်၊ အသင် ပုဏ္ဏားကြီး ပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ?


ပုဏ္ဏားကြီးက မြတ်စွာဘုရား၏ မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက် မိလေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စား သည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။


“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေခြင်းဟာ အခြားသောအကြောင်းကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်မှ
ဒကာတော်ပုဏ္ဏားကြီး ထိုအချက်(၅) ချက်မှာ ဘာတွေလဲ ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။
၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။
၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။
၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။
၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။
၅။ အမှား/အမှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာ ဘုရားရှင်ထံမှ ပုဏ္ဏားကြီးဘယ်လိုမှမမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။

“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာတော်ပုဏ္ဏားကြီးအား ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက်ကို လျှော့ချပေးပါဆိုလျှင် မည်သည့် အချက်ကို သင် လျှော့ချပေး ပါမည်လဲ?။
 
အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ချပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ဘာကြောင့်လဲဆိုလျှင် ရုပ်ဆိုး ၊ ရုပ်ချောသည်ဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့ မတတ်နိုင်ပါ။

တပည့်တော်တို့၏ အမျိုးရိုးဂုဏ်ကို ထိပ်တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက် လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ချပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက်ထပ်လျှော့ချပေးပါဟုဆိုပါက အသင်ပုဏ္ဏားမည်သည့်အရာကို လျှော့မလဲ?

ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့် “အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည် ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊မန္တာန်များအလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။

တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ်ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅)ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချ ပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ချပေးပါ ဆိုပါလျှင်လည်း မည်သည့်အချက်ကို သင်လျှော့ချပေးမလဲ?

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ် ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်း မရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။

အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ “အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ်သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ

“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။ အကျွန်ုပ်တို့ မျိုးရိုးကို အထိခိုက် မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။

ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။

အဆွေတို့ ကျွန်ုပ်ဆိုသော စကားကို နားထောင်ကြည့်ပါ။ကျွန်ုပ်၏ ဆိုစကား ဆုံးလေသော်မှ အဆွေတို့ရဲ့မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ကျွန်ုပ် ချန်ထားသည့် အချက်နှစ်ချက်မှာ
 
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”
ထို နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။ ဘာကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရတာဆိုလျှင် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့် ပင်တည်း။

လူတယောက်ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။ လူတယောက် အမှားအမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။

ဒါကြောင့် ထိုနှစ်ချက်ကို ကျွန်ုပ် မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်ပေတယ်၊ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။

အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါ။

ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။

ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။

ထို ကိုယ်ကျင့်သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မည်။

လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေး ချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှု နာမည်ကြီးမှု ပညာတတ်မှု ရာထူးကြီးမှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဘူးဆိုတာ သင်လက်ခံမှာပါ။

ဒီနေ့ ဒီဆောင်းပါးလေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အတုတွေများခြင်းကြောင့် အစစ်တွေပျောက်ကွယ်မှာကို စိုးသည်ကတကြောင်း တန်ဖိုးရှိသူတွေတန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိမှာ စိုးတာကတကြောင်း  မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိမှာစိုးသည်ကတကြောင်း အကြောင်း အမျိုးမျိုးကြောင့် ရေးသားလိုက်ပါတယ်။

လူတွေဟာကိုယ်တန်ဖိုးအစစ်အမှန်ကို သတိမပြုမိကြာဘဲ ကိုယ်ကျင့်သီလနဲ့ အမှားအမှန် ပျောက်ဆုံးကာ စာရိတ္တများပါ ပါသွားတတ်ပါတယ် ဒါတွေကို သတိထားမိစေဖို့ စာရှု့သူတို့ များစွာလိုအပ်ပါတယ်။


ဓမ္မစမ်းရေ..

Friday, February 27, 2015

မရှိဆိုရာဝယ်...


မရှိဆိုရာဝယ်... 

ဒီတစ်ခါ ဂဏန်းနှစ်လုံးအကြောင်း ပြောကြရအောင်။ တစ်မျိုးမတွေးပါနဲ့။ လောကီသုညနဲ့ လောကုတ္တရာသုည အကြောင်းပါ။ စာမေးပွဲဖြေကြတဲ့အခါ ဘယ်သူများ သုညရချင်ကြပါသလဲ။ လောကီစာမေးပွဲတွေမှာ သုညများ ရလိုက်တယ်ဆိုရင် ရင်ဆိုင်ရတဲ့ ဆိုးကျိုးတွေ၊ စိတ်ဆင်းရဲရမှုတွေဆိုတာ ဖော်မပြနိုင်လောက်အောင်ကို တစ်ပုံကြီးပါ။ အဲ… လောကုတ္တရာစာမေးပွဲမှာများ သုညရလိုက်မယ်ဆိုရင်တော့ စိတ်အေးရပြီပေါ့။ အနှိုင်းမဲ့ချမ်းသာ ရပြီလေ။ လောကီနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးပါ။ ပိုရှင်းအောင် နဲနဲခွဲကြည့်ရအောင်။

လောကီသုည ဆိုတဲ့ သဘောက- လောကမှာ မရှိတော့ရင်၊ မကျန်တော့ရင်၊ ကုန်ဆုံးသွားရင် သုညနဲ့ ကိုယ်စားပြုပါတယ်။ “သုဉ်း” ဆိုတဲ့ စကားလုံးက လာပါတယ်။ လောကီမှာတော့ မရှိ၊ မကျန်၊ ကုန်ဆုံး၊ ဆိတ်သုဉ်း ဆိုတာတွေက အပျက်သဘောဆောင် ဝေါဟာရတွေပါ။ ဘယ်သူမှ မကြားလိုကြပါဘူး။ ဆုတောင်မှ တောင်းကြပါသေးတယ်။ “ဖြစ်လေရာဘ၀မှာ မရှိဆိုတဲ့စကား မကြားရပါလို၏” တဲ့။ မရှိမှ၊ ကုန်မှ ကောင်းတဲ့အရာတွေလည်း ရှိနေသေးတယ်ဆိုတာ ဘာလို့များ မတွေးမိကြပါလိမ့်။ ဥပမာ- ကိုယ်ရော စိတ်ပါ ပူပန် ပင်ပန်းစေတဲ့ အကုသိုလ် စိတ်၊ စေတသိက်မျိုးတွေပေါ့။ ဒါတွေကိုလည်း အဆင်းရဲခံပြီး ဖက်တွယ်ထားချင်၊ ရှိချင်ကြတာပဲလား။

ပြန်ဆက်ပါဦးမယ်။ လောကီသုညက သူ့ချည်းနေရင် ဘာတန်ဖိုးမှ မရှိပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ ရှေ့မှာ သွားနေပြန်ရင်လည်း တန်ဖိုးမတိုးပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ နောက်မှာ နေမှသာ တန်ဖိုးတက်ပါတယ်။ ဒါကို ဥပမာထားပြီး လူတိုင်း လူတိုင်း မိမိတန်ဖိုးကို မိမိနားလည်သင့်ပါတယ်။ မိမိတန်ဖိုးက နည်းနေရင် တန်ဖိုးကြီးသူရဲ့နောက်မှာ နေပေးပြီးတော့ နှစ်ဦးနှစ်ဘက် တန်ဖိုးတက်စေရပါမယ်။ မိမိတန်ဖိုးက များနေရင်တော့ တန်ဖိုးနည်းသူ တန်ဖိုးမဲ့သူ လူသုညတွေရဲ့ ရှေ့ကနေ ရဲရဲဝံ့ဝံ့ကြီး ဦးဆောင်ကြိုးပမ်းပြီး မိမိ သူတစ်ပါး တန်ဖိုးများအောင် ပြုပေးရပါမယ်။ မိမိအနေနဲ့ သာတယ်၊ နာတယ် မတွက်ဘဲ အတ္တဟိတ၊ ပရဟိတ ပြီးစီးစေဖို့သာ အဓိကလို့ နှလုံးသွင်းမှန်ရပါမယ်။

လောကုတ္တရာသုည သဘောကတော့- ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲတွေးတွေး “ငါဆိုတာလည်း မရှိ၊ ငါ့ဟာဆိုတာလည်း မရှိ” လို့ အရာရာကို နှလုံးသွင်း မှန်ကန်နေမှုပါ။ လောကုတ္တရာမှာတော့ ဘာပဲဖြစ်ဖြစ် များများမရှိလေ၊ များများသုဉ်းလေ ကောင်းလေပါပဲ။ လောကုတ္တရာစာမေးပွဲမှာ မေးခွန်း(၁၀)ပုဒ် မေးပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက၊ အနောတ္တပ္ပဆိုတဲ့ ကိလေသာ (၁၀)ပါးပါ။ အမှတ်မရအောင်၊ နည်းနိုင်သမျှနည်းအောင် ဖြေရပါမယ်။ ၇၅ မှတ်အထက် ဂုဏ်ထူးထွက်နေရင်တော့ တော်တော်ကြမ်းသေးတဲ့ အန္ဓဗာလပုထုဇဉ်ပါ။ ၇၅ နဲ့ ၅၀ ကြားဆိုရင်တော့ တရားနဲ့ ယဉ်ပါးစပြုလာတဲ့ ကလျာဏပုထုဇဉ်ပါ။ ၅၀ ဆိုရင် စူဠသောတာပန်၊ ၄၀ ဆိုရင် မဇ္ဈိမသောတာပန်၊ ၃၀ ဆိုရင် မဟာသောတာပန်၊ ၂၀ ဆိုရင် သကဒါဂါမ်၊ ၁၀ ဆိုရင် အနာဂါမ်၊ ၀ ဆိုရင်တော့ ရဟန္တာဖြစ်ပြီး ဒုက္ခငြိမ်းပါပြီ။ ပြန်မရှုံးတော့မယ့် စာမေးပွဲကို ၀ ရပြီး အမြင့်ဆုံးအဆင့်နဲ့ အောင်သွားပါပြီ။

ငါ ဆိုတဲ့ အတ္တ၊ ငါ့ဟာ ဆိုတဲ့ အတ္တနိယ ကနေ ဆိတ်သုဉ်းသွားရင် ကိလေသာ သံယောဇဉ်တွေကလွတ်ပြီး သုညတဝိမောက္ခ မည်တဲ့ မဂ်နဲ့ သုညတနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ငါဆိုတဲ့ “ဒိဋ္ဌိ နဲ့ မာန”၊ ငါ့ဟာဆိုတဲ့ “တဏှာ” တွေကနေ ဆိတ်သုဉ်းနေပြီဖြစ်တဲ့အတွက် သုညတနိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာသုညရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ ဘာနဲ့မှ နှိုင်းမရ အမြင့်တကာ့ အမြင့်ဆုံးပါပဲ။

ဒါ့ကြောင့် မှတ်သားရမှာက-
လောကီ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက ဘာမှမရှိ။
လောကုတ္တရာ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက အနှိုင်းမဲ့ နိဗ္ဗာန်ဆိုတာပါပဲ။


လောကီစာမေးပွဲတွေမှာ သုညရပါစေလို့ ဆုတောင်းပေးရင် ကျိန်စာတိုက်တယ်ဆိုပြီး စိတ်အရမ်းဆိုးကြမှာပါ။ လောကုတ္တရာ စာမေးပွဲဝင်သူများကိုတော့ သုညရနိုင်ကြပါစေလို့ ဆုတောင်းပေးရင် နှစ်သက်ဝမ်းမြောက်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တောင်းလည်း တောင်းပေးလိုက်ပါတယ်။ သုညရအောင် ကြိုးစားကြဖို့ကတော့ မိမိတို့တာဝန်ပါပဲ…။

 http://dhammayanantmm.blogspot.com/  မှတဆင့်တင်ပြသည်။

Thursday, February 26, 2015

ဆရာဘုန်းကြီး၏ အဆုံးအမ


ဆရာဘုန်းကြီး၏ အဆုံးအမ 

ရှေးအခါက အညာကျေးလက်တောရွာတစ်ရွာတွင် စာပေတတ်မြောက် သော ဘုန်းတော်ကြီး တစ်ပါး ကျောင်းထိုင်လျက်ရှိသည်။ ထိုကျောင်း တွင် ကလေးသူငယ်အများအပြား စာပေ လေ့လာ သင်ကြားလျက်ရှိ ကြသည်။ ထိုကလေးသူငယ် အများအပြားအနက် မောင်သုတဆိုသော သူငယ်ကလေးနှင့် မောင်ဗာလဆိုသည့် သူငယ်ကလေးနှစ် ယောက်လည်းပါရှိသည်။

မောင်သုတသည် ဆရာဘုန်းကြီး သင်ကြား ပို့ချသည့် စာပေများကို ဂရုတစိုက် သင်ကြား လေ့လားပြီး စာသင်အား သော အချိန်များတွင်လည်း ကျောင်းဝိုင်းအတွင်း တံမျက်လှည်းခြင်း၊ မြက်နှုတ်ခြင်း၊ရေခပ်ခြင်းအစရှိသည့် ကျောင်း၏ ဝေယျာဝစ္စများကို ပြုလုပ်ပြီး ဆရာဘုန်းကြီးကို ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ဖြင့် အမြဲမပြတ် ပြုစုလေ့ရှိလေသည်။

မောင်ဗာလမှာ စာသင်ချိန်တွင် အိပ်ငိုက်နေပြီ စာဖြေချိန်တွင်လည်း သူတစ်ပါးထံမှ ခိုးချသည်။ ကျောင်းဝေယျာဝစ္စ လုပ်စရာရှိလျှင်လည်း သစ်ပင်အောက်မှာ သော်လည်းကောင်း၊ ကျောင်းကြိုးကျောင်းကြား၊သိမ်ကြိုးသိမ်ကြား များတွင်သော်လည်းကောင်း အိပ်နေလေ့ရှိပြီး ဆရာဘုန်းကြီး၏ ဝတ်ကြီးဝတ်ငယ်များကိုလည်း ဘာမျှမသိတတ် မပြုစုပေ။ 

တစ်နေ့တွင် မောင်သုတနှင့် မောင်ဗာလတို့နှစ်ယောက် တွေ့ကြသော် မောင်ဗာလ က “ဟေ့ မောင်သုတ ၁ နဲ့၂ ပေါင်းရင် ဘယ်လောက်လဲ”ဟုမေးလေ သည်။ မောင်သုတက “၁ နဲ့ ၂ ပေါင်းရင် ၃ ဖြစ်တာပေါ့ကွ”ဟု အမှန် အတိုင်းဖြေလိုက်သည်။ မောင်ဗာလက မကျေနပ်ဘဲ“ ဟေ့ မောင် သုတ မင်းဟာ ဆရာဘုန်းတော်ကြီးနားမှာ နေပေမယ့် အလကားပါ ကွာ၊ မင်းဘာမှ မတတ်ပါဘူး၊ ဒီမှာတစ်သတ်လုံးမှတ်ထား၊ ၁ နဲ့ ၂ ပေါင်းရင် ၂ ပဲရတယ်ကွ” ဟုပြောလေသည်။

ဤတွင် မောင်သုတက လည်း သူ အမှန်အတိုင်း ဖြေပါလျက်နှင့် ဤကဲ့သို့ ပြောရပါမလားဟု ငြင်းခုံ ပြောဆိုလေ၏။ သို့နှင့် ဆရာဘုန်းကြီး ထံရောက်လာကြလေရာ ဆရာတော်က “ ကဲ ပြောစမ်း မင်းတို့နှစ်ယောက်ဘာဖြစ် ကြသလဲ” ဟုမေးလေသည်။ မောင်သုတက “ မှန်ပါဘုရား တပည့်တော်ကို မောင် ဗာလက ၁ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရသလဲလို့မေးပါတယ်၊ ဒီတော့ တပည့်တော်က ၁ နဲ့ ၂ ပေါင်းရင် ၃ ရတာပေါ့လို့ဖြေပါတယ် ဘုရား၊ ဒါကို မောင်ဗာလက မဟုတ်၊ ၁ နဲ့ ၂ ပေါင်းရင် ၂ ပဲရတယ်လို့ ပြောပါတယ်ဘုရား၊ အဲဒါကို သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ ငြင်းခုံနေ ကြပါတယ်ဘုရား ” ဟုလျှောက်လေ၏။

ဆရာတော်က မောင်ဗာလအား “မောင်သုတလျှောက်သည့်အတိုင်း မှန်ပါ့သလား” ဟုမေးရာ မောင်ဗာလကလည်း ဟုတ်မှန်ကြောင်း ပြန်လျှောက်ထားလေသည်။ ဤတွင်ဆရာဘုန်းကြီးက မောင်သုတကို ဆုံးမသောအားဖြင့် ထန်းပလပ်ဖြင့် သုံးချက်ရိုက်လေ၏။

မောင်သုတ က “ ဆရာတော်ဘုရား တပည့်တော် ပြောတာ မှန်ပါလျက်နှင့် ဘာဖြစ်လို့ တပည့်တော်ကို ရိုက်ရပါသလဲဘုရား ”ဟုလျှောက်ထားပြန် လေ၏။ ဆရာတော်က “မောင်သုတ လောကမှာ ထိုသူတစ်ယောက် သည်မိုက်မဲ၏ ဉာဏ်ပညာ မရှိ အမှားကို ပြုလျက်ရှိ၏ သို့သော် ထိုသူနှင့် ဘက်ပြိုင်ငြင်းခုံသော သူထက် မိုက်သူမရှိ ယခု သင်ကမှန် တယ် မောင်ဗာလကမှားတယ် မှားမှန်းသိလျက်နဲ့ သင်က ဘက်ပြိုင်၍ ငြင်းရာ သင်သာလျှင် မိုက်ရာကျပေတယ် ”ဟု အမိန့်ရှိလိုက်လေသည်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

Wednesday, February 25, 2015

သစ္စာ၏ သဘာဝကို လေ့လာခြင်း


သစ္စာ၏ သဘာဝကို လေ့လာခြင်း

သစ္စာ၏ အဓိပ္ပါယ်မှာ ဖြောင့်မှန်ခြင်းဖြစ်၏။ ‘မှန်တာပြောသစ္စာ’ဟူသည့် ဆိုရိုးရှိ၏ အမှန် ပြောခြင်း သည် ၀စီကံ၏သစ္စာဖြစ်၏။ ပြုမှုသည့်အတိုင်းပြောရခြင်းဖြစ်သဖြင့် ကာယကံအားဖြင့်လည်း မှန်၏။ ကာယကံ ၀စီကံနှင့်အတူ အတွေးအကြံအားဖြင့်ဖြောင့်မှန်သော ရိုးသားသော သဘောရှိ၍ မနောကံ အားဖြင့်လည်းမှန်ကန်ရ၏။

ထိုအခါသစ္စာ၏ ဂုဏ်သည် ပေါ်လွင်လာ၏၊ အကြောင်းအရာတစ်ခု၌ ရိုးသားဖြောင့်မှန်သော အတွေး အကြံလည်း ရှိ၏။ ရှိသည့်အတိုင်းပြု၏။ ပြုသည်ကို ပြောဆို၏။ ထိုအခါကံသုံးပါးနှင့် ပြည့်စုံသော သစ္စာတရားသည် ဖြစ်ထွန်းလာ၏။ သစ္စာ၏အစွမ်းကို ဘုရားရှင် ဟောကြားတော မူသော ၀ဋ္ဋသုတ်တွင်တွေ့နိုင်၏။

လောက၌ သီလဂုဏ်သည်ရှိ၏။ မှန်ကန်သောသစ္စာတရားသည် ရှိ၏။ ကိုယ်နှုတ်စိတ်အားဖြင့် စင်ကြယ် ဖြောင့်မတ်မှုသည် ရှိ၏။ သတ္တ၀ါတို့အပေါ် သနားကြင်နာမှုသည်ရှိ၏။ ငါ့အား သစ္စာနှင့် တူသောတရားသည် မရှိ။ ဤသို့သစ္စာပြုခြင်းသည် ငါ၏ သစ္စာပါရမီပင်ဖြစ်၏။ ( ၀ဋ္ဋသုတ် )

ဘုရားရှင်၏ငုံးမင်းဘ၀က သစ္စာပါရမီကြောင့် တောမီးသည် ၁၆ပယ်တိုင်သည်အထိ ငြိမ်းအေး ရပ်စဲရ၏။ ယင်းအဖြစ်ကိုအကြောင်းပြု၍ ဘုရားရှင်သည် သစ္စာပါရမီကို ဟောတော်မူ၏၊ ၀ဋ္ဋသုတ် တွင် ပါရှိသောအနက်ကို ကောက်ယူ၍ လောက၌သစ္စာတရားပြုသူတို့သည် သီလရှိခြင်း မှန်ကန် ဖြောင့်မတ်ခြင်း ကံသုံး ပါးစင်ကြယ်ခြင်း သနားကြင်နာမှုရှိခြင်းတို့၏ အရေးပါမှုကို ဆင်ခြင်နိုင်၏။

မီးဘေးမှ ကင်းဝေးလိုသူတို့သည် ၀ဋ္ဋသုတ်ကို ရွတ်ဆိုကြ၏။ စင်စစ်ဝဋ္ဋသုတ်သည် ဘုရားရှင်၏ သစ္စာဆိုမှုပင်ဖြစ်၏။ ထို့ကြောင့်ရွတ်ဆိုသူ အပေါင်းသည်လည်း မိမိ၏သစ္စာတရားနှင့် လျော်ညီ သော အင်္ဂါရပ်များပြည့်စုံနေရန်အားထုတ်အပ်၏။ ဘုရားရှင်သည် အတွေးအကြံ (မနောကံ)၊ အပြောအဆို(၀စီကံ) အပြုအမှု (ကာယကံ)အားဖြင့် ဖြောင့်မှန် ညီညွှတ်တော်မူသဖြင့် သစ္စာ တရားနှင့်ပြည့်စုံတော်မူ၏။ သစ္စာပါရမီသည် ဘုရားရှင်၏ ပါရမီတော် (၁၀)ပါးတွင် ပါဝင်၏။

လောက၌အမှန်ရှိသော တရား(၄)ပါးရှိ၏။ ထိုတရားကို သစ္စာလေးပါး တရားတော်ဟုခေါ်၏။ ဤလေက၌ ဆင်းရဲခြင်းသည် အမှန်ရှိ၏ (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်းကိုဖြစ်စေတတ်သော အကြောင်း (သမုဒယသစ္စာ)သည်အမှန် ရှိ၏၊ ဆင်းရဲမှ လွတ်မြောက်သောငြိမ်းချမ်းမှု (နိရောဓသစ္စာ) သည် အမှန်ရှိ၏၊ ဆင်းရဲမှအမှန်လွတ်ကြောင်း(မဂ္ဂသစ္စာ)တရားသည်ရှိ၏။

ဤသစ္စာတရားလေးပါးသည် တရားတော်၏ အဆီအနှစ်ဖြစ်၏။ ၀ိပဿနာတရား၏တရားကိုယ် သဘောဖြစ်၏။ အမှန်မြင်ခြင်းသည် သစ္စာကိုမြင်ခြင်းဖြစ်၏။ သစ္စာကို မြင်လျှင်ငြိမ်းအေးမှုကိုရ၏။ ဗုဒ္ဓဘာသာဝင်တိုင်း၏ ပန်းတိုင် နိဗ္ဗာန်တံခါး၏ မုခ်ဦးဖြစ်၏။ သံသရာမှလွတ်မြောက်ရာလည်းဖြစ်၏။ ထိုသို့ ဤသို့သိရုံမျှသည် သုတမယဉာဏ်မျှသာဖြစ်၏။ ထိုးထွင်းသိမြင်မှု မဟုတ်။ ဘာဝနာမယ ဉာဏ်သို့ ရောက်သည်အထိ အားထုတ်ရ၏။ ဘာဝနာမယဉာဏ်ဖြင့် သစ္စာကို ရှုမြင်နိုင်မှသာ ပြုဖွယ်ကိစ္စ ငြိမ်း၏၊ ထိုသို့ရှုမြင်နိုင်ရန်နည်းမှာ မဂ္ဂင်ရှစ်ပါးဖြစ်၏။ ယင်းသည်ဆင်းရဲမှ လွတ်မြောက် ကြောင်းတရား အမှန်ဖြစ်၏။

လောကတွင်ဓမ္မမှုနှင့် အဓမ္မမှုဟူ၍ရှိ၏။ ဓမ္မသည် ဖြောင့်မှတ်မှန်ကန်ခြင်းဖြစ်၍ အဓမ္မသည် မရိုးသားခြင်းဖြစ်၏။ လောက၌ ဓမ္မသည် အဓမ္မကို အနိုင်ရ၏။ ထိုသို့ဆိုသော်လည်း အကုသိုလ်တို့ စုစည်း အားကောင်း၍ ကုသိုလ်ကင်းဆိတ်သောအခါ အဓမ္မက အရေးသာသည်လည်း ရှိ၏။ မိမိ၏အကုသိုလ်တို့ စုစည်း အကြောင်းပြုသောအခါ ပစ္စုပ္ပန်ကာလ၌ မှန်ကန်ပါလျက် အရေးနိမ့်ပါးရသည် ရှိ၏။

ထိုအခါပုထုဇဉ်သဘာဝအရဓမ္မအပေါ် သံသယရှိလာ၏။ ကံ ကံ၏ အကျိုးပေးမှုကို အလုံးစုံ နားမလည်နိုင်၍ ဖြစ်၏။ ကံ၏အရေးအရာသည်လည်း အစိန္တေယျ မကြံစည်အပ်သည်ဖြစ်၍ အလုံးစုံနားမလည်သည်မှာလည်း သဘာဝကျ၏။ ပြည့်စုံနားလည်မှုသည်သူတော်ကောင်းတို့၏ အရာဖြစ်၏။ ထိုသို့ဆိုသော်လည်း ကံ၏အကျိုးပေးပုံကို သုတမယဉာဏ်မျှဖြင့် နားလည်စေရန် လေ့လာအပ်၏။ ပညာရှိ ရဟန်းသံဃာလူပုဂ္ဂိုလ်တို့၏ သာသနာရေးဆိုင်ရာဆုံးမဟောပြောမှုကို နှလုံးသွင်းသင့်၏။ ထိုသို့နုလုံးသွင်းနိုင်လျှင် ဓမ္မအပေါ် သံသယ၀င်ခြင်းလျော့ပါးနိုင်၏။

ထိုသို့အမှန်တရားလက်ကိုင်ပြုပါလျက်နိမ့်ပါးရသောအခါ အားကိုးရာရှာရ၏။ ထိုအခါမိမိ၏သီလကို မြင်သည်လည်းရှိ၏။ ဒါနကို မြင်သည်လည်းရှိ၏။ ဘာဝနာကိုနုလုံးသွင်းသည်လည်းရှိ၏။ အဓိက အားဖြင့် ကုသိုလ် တရားသည်သာ အားထားရာဖြစ်၏။ ထိုအခါ မိမိကောင်းမှုကို အကြောင်းပြုကာ တိုင်တည်ရ၏။ ထိုစကားသည် သစ္စာစကားဖြစ်လာ၏။ အသံထွက်သည်ဖြစ်စေ အသံ မထွက်သည် ဖြစ်စေ သစ္စာ၏သဘောသည် အတူတူပင်ဖြစ်၏။ သစ္စာတိုင်တည်ခြင်း၏ အကျိုးပေးမှု များကို ဘုရားရှင်၏ဗုဒ္ဓ၀င်များ၌ အထင်အရှားမြင်တွေ့နိုင်၏။ ဇာတ်တော်များတွင်လည်း အထင်အရှား တွေ့နိုင်၏။

သစ္စာတရား၏အစွမ်းထက်မှုမှာ ကိုယ်တွေ့ဖြစ်ပါ၏။ စာရေးသူ၏ မိခင်ကြီးနာမကျန်း ဖြစ်စဉ်က သစ္စာပြုတိုင်တည်ခြင်းဖြင့် အနာရောဂါသက်သာခဲ့၏။ မိခင်ကြီး၏ စွဲကပ်သော အနာမှာ ၄လက်မအကျယ် ၁လက်မခန့်ရှိပြီး အတွင်းအသား၌ မည်မျှနက်ရှိုင်းသည်မသိသော အနာဖြစ်၏။ နာကျင်၏။ အလိုအလျောက် ပေါ်ပေါက်ခြင်းဖြစ်၍ ဆရာဝန်က ကင်ဆာဖြစ်နေမည်ဟု သံသယရှိ၏။ အသက်အရွယ်အားဖြင့်လည်းကောင်း ငွေကြေး အခြေအနေအားဖြင့်လည်းကောင်း မြို့ကြီးများရှိ သမားတော်များသို့ သွားရောက်ပြသရန်လည်းမဖြစ်နိုင်။ ဤမျှကြီးမားသောအနာကြောင့်လမ်း မလျှောက်နိုင်သည့် အခြေအနေသို့ရောက်၏။

နောက်ဆုံးတွင် စာရေးသူသည် မိမိကိုးစားရာ သစ္စာပြုတိုင်တည်ရပါ၏။မိမိသည် စွမ်းနိုင်သည့် အသက်အရွယ်မှ စ၍ မိဘနှစ်ပါးကို လုပ်ကျွေးခဲ့ပါ၏။ ဤသစ္စာစကား မှန်ကန်ပါ၏။ မိဘကို လုပ်ကျွေး သောအမှုသည်မင်္ဂလာမည်၏ဟု ဘုရားရှင်ဟောတော်မူ၏။ ဤသစ္စာစကားမှန်ပါ၏။ ဤမှန်ကန်သောသစ္စာစကားကြောင့် မိခင်ကြီးခံစားနေရသော အနာရောဂါ ပျောက်ကင်းပါေ စသတည်း။”

နေအိမ်သို့မေတ္တာစေတနာဖြင့် လာရောက်ကုသပေးနေသော ဆရာဝန်မှာတစ်ပတ်အတွင်း အံ့သြစရာ ပျောက်ကင်းသွားသော ဝေဒနာအတွက်အလွန်တွေးရခက်စေ၏။ ဤအမှုသည် သစ္စာ၏ တန်ခိုးဟုပင် သံသယမရှိ ယုံကြည်ပါ၏။

ဘုရားရှင်၏ သုတ်တော်များတွင်လည်း ဤသို့သစ္စာပြုတိုင်တည်ထားသည်ကိုလည်း တွေ့နိုင်၏။ ရတနာသုံးပါး၏ဂုဏ်ကိုပြဆို၍ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ဟူသော ရတနာ့သုတ်၏ အနက်မှာလည်း ဤမှန်သော သစ္စာစကားကြောင့် သတ္တ၀ါတွေ ချမ်းသာပါစေသတည်းဟု သစ္စာဆို ထားခြင်းပင်ဖြစ်၏။

ထို့အတူ ဗောဇ္ဈင်္ဂသုတ်၌လည်း သစ္စာပြုပုံတွေ့နိုင်၏။ ဗောဇ္ဈင်္ဂသုတ်မှာ သံယုတ္တနိကာယ် မဟာဝဂ်ပါဠိတော်၌ ဟောကြားချက်များကို ပညာရှင်တို့ စီမံထားခြင်းဖြစ်၍ ဘုရားရှင်၏ တိုက်ရိုက်ဟောကြားချက်ကား မဟုတ်။ သို့သော် ဘုရားရှင် အလိုတော်ရှိရာ အချက်များကို ဂါထာဖွဲ့စီမံထားခြင်းဖြစ်၏။

ဗောဇ္ဈင်္ဂသုတ်၌ ဗောဇ္ဈင်(၇)ပါးသည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် သစ္စာလေးပါးသိမြင်ရန်၊ မဂ်ဉာဏ် ရရှိရန်ဖြစ်ကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်းချမ်းသာခြင်း ဖြစ်ပါစေ စသည်ဖြင့် ဧတေန သစ္စ ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ ဟု သစ္စာဆိုထားခြင်း ပင်ဖြစ်၏။ ထို့ကြောင့်သစ္စာတရား၏ ထက်မြက်ပုံကို သာသနာတော်၌ အထင်အရှားပင်တွေ့နိုင်၏။

သစ္စာစကားနှင့်စပ်လျဉ်း၍ ကောင်းမှုနှင့်ယှဉ်သောသစ္စာသည် အမြတ်ဆုံးဖြစ်၏။ ထိုသို့ ဆိုသဖြင့် မကောင်းမှုနှင့်ယှဉ်သော သစ္စာလည်းရှိကြောင်း သိနိုင်၏။ မိမိအားငွေကြေးပေး၍ ပျော်ပါးသူများ အား တူမျှသောတုံ့ပြန်မှုပြုခဲ့ကြောင်း သစ္စာဆိုသည့် ပြည့်တန်ဆာမ၏ သစ္စာဆိုခြင်း၊ မိမိသည် ဤလင်အပေါ် လုံးဝမေတ္တာမရှိကြောင်း သစ္စာဆိုသည့် မယား၏ သစ္စာဆိုခြင်း၊ ကျွန်ုပ်သည်ရသေ့ ဖြစ်သော်လည်း တရားအားထုတ်မှုလုံးဝမရှိကြောင်း သစ္စာဆိုသည့် ရသေ့၏ သစ္စာဆိုခြင်း၊ စသည့် ဇာတ်ကြောင်းများကို ဖတ်ရှုမိကြမည်ထင်ပါ၏။


ထိုသို့ သစ္စာပြုချက်များမှာ မှန်ကန်မှုအပေါ် အခြေပြုသော်လည်း အတုယူဖွယ် မဟုတ်ပါ။ ကျွန်ုပ်သည်လူသတ် ဓားပြတိုက် မကောင်းမ အမြဲပြုသူ မှန်ပါ၏။ ဤမှန်သောသစ္စာစကားကြောင့် ကုဋေကြွယ်သူဋ္ဌေးကြီး ဖြစ်ပါစေသတည်း ဟူသော သစ္စာဆိုခြင်းမှာ သစ္စာတရား၏ လှပမှု ဂုဏ်အင်ကို များစွာပျက်စီးစေပါသည်။ မှန်တာပြော သစ္စာဟု ဆိုသော်ငြားလည်း သစ္စာတရားအား အခြားသောကောင်းမှု ကုသိုလ်များ ထောက်ပံ့မှု လည်း လိုအပ်လှပါသည်။

လူသားစားပေါရိသာဒမင်းထံ မိမိကတိသစ္စာအတိုင်း နောက်တစ်နေ့လာရောက်၍ အသက် အပ်နှံခဲ့သည့် မဟာသုတသောမ မင်းသည် မိမိ သစ္စာတရားအပေါ်၌ အသက်စွန့်၍ လှူဒါန်းခြင်း (ဒါန)၊ အဓမ္မကို အသုံးမပြုခြင်း(သီလ) မျှော်ကိုးမှု မပါသောတာဝန် (နေက္ခမ္မ)၊ ပေါရိသာဒ၏ အလိုကို ဉာဏ်ဖြင့် ဆင်ခြင်ခြင်း(ပညာ)၊ အခက်အခဲများကို သည်းခံခြင်း (ခန္တီ) ယဉ်ကျေးစေရန် ဆုံးမလိုခြင်း(၀ီရိယ) ဆုံးဖြတ်ချက်ကိုမလျှော့ခြင်း(အဓိဋ္ဌာန်)၊ တိုး၍တိုး၍ ထားရှိသော(မေတ္တာ)၊ ရပ်တန့်မနေ အကျိုးအပြစ်ကို လစ်လျူရှုကာရပ်တည်နိုင်ခြင်း(ဥပေက္ခာ)စသော သူတော်ကောင်း ပါရမီများက ပါဝင်ပံ့ပိုးမှုကြောင့် ပေါရိသာဒအပေါ်အောင်မြင်နိုင်သော သစ္စာတရားဖြစ်လာပါသည်။ ထိုသို့သစ္စာတရားသည်သာ လောကအပေါ်အောင်နိုင်ခြင်းဖြစ်ပါသည်။ အတုယူဖွယ်မြတ်နိုးဖွယ် ဖြစ်ပါသည်။

သို့ပါ၍ လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာရရှိ၍ နိဗ္ဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ရန် အလို့ငှါ ဘုရားရှင်အစရှိသော သူတော်ကောင်းတို့ချီးမွှန်းအပ်သည့် သစ္စာတရားကို လက်ကိုင် ထားလျက် အားကိုးဆောင်ရွက် နိုင်ကြပါစေရန် ဂါရ၀မေတ္တာဖြင့် တင်ပြအပ်ပါသည်။

ရည်ညွှန်း
၁။ ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓမဟာလူသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
၂။ ဓမ္မာစရိယဦးမောင်မောင်လေး၏ မြစ်မခ ပရိတ်ကြီးလက်စွဲ

ကောင်းသုခ
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၁၃၊ ဧပြီလ

Tuesday, February 24, 2015

တရားရှာ နေရာမရွေး


တရားရှာ နေရာမရွေး

လွန်ခဲ့သော သုံးနှစ်ခန့်ကာလက ဘူပင်ဒါဆင်းဆိုသူ အသက်(၂၃)နှစ်အရွယ် လူထွား လူကြမ်းကြီး တစ်ဦးသည် နယူးဒေလီမြို့ဆင်ခြေဖုန်းတွင် တည်ရှိသော တီဟာအကျဉ်းထောင်သို့ အပို့ ခံရပါသည်။ အဆိုပါ ပုဂ္ဂိုလ်မှာ လူသတ်မှုဖြင့် အပြစ်ပေးခံရခြင်းဖြစ်ပါသည်။ ဘူပင်ဒါဆင်းသည် အကျဉ်းထောင်သို့ရောက်ခါစ၌ အလွန်ဒေါသကြီးပြီး အကြမ်းဖက်လိုသူ တစ်ဦးဖြစ်ပါသည်။

 နောင်အခါ ၁၉၉၉ခုနှစ်၌ သူသည် အကျဉ်းထောင်အတွင်း စီစဉ်ပေးထားသော တရားထိုင်ခြင်း အစီ အစဉ်၌ ပါဝင်လာရာ “အခုဆိုရင်ခင်ဗျားတို့ ဘူပင်ဒါဆင်းကို မှတ်တောင်မှတ်မိမှာ မဟုတ်တော့ဘူး။ သူဟာ စိတ်နေစိတ်ထား သိမ်မွေ့လာရုံတွင်မကဘူး တခြားလူတွေအပေါ်မှာလည်း ကူညီရိုင်းပင်း လာတာကို တွေ့ရတယ်”ဟူ၍ အကျဉ်းထောင်ပိုင်ဖြစ်သူ ဆူနီဂုပတေးက ပြောပြပါသည်။

အကျဉ်းသားဦးရေ တစ်သောင်းခန့်ရှိသော တီဟာ အကျဉ်းထောင်သည် အိန္ဒိယနိုင်ငံ၏ အကြီးမား ဆုံးသော အကျဉ်းထောင်တစ်ခု ဖြစ်ရုံသာမက အန္တရာယ်အကြီးဆုံးသော ရာဇ၀တ်သားများကို ချုပ်နှောင်ရာ ဌာနကြီးလည်း ဖြစ်ပါသည်။ ဤအကျဉ်းထောင်သည် မူးယစ်ဆေးဝါး သယ်ယူ တင်သွင်းသည့် ရာဇ၀တ်သားများ၊ မုဒိမ်းမှု ကျူးလွန်သူများ၊ ဂိုဏ်းဖွဲ့၍ ဆိုးသွမ်းလုယက်သူများ၏ စံမြန်းရာ ဂေဟာလည်း ဖြစ်ပါသည်။  

သို့ရာတွင် များမကြာမီကစတင်၍ တီဟာ အကျဉ်းထောင် ကြီးသည် ယခင်ကကဲ့သို့ အန္တရာယ် မကြီးမားတော့ဘဲ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ ကီရန်ဘီဒီအမည်ရှိသော ရဲအရာရှိ တစ်ဦး၏ကျေးဇူးကြောင့်ဖြစ်ပေါ်လာခဲ့ရပေသည်။ တစ်ချိန်က အန္တရာယ်ကြီးသော ဆိုးသွမ်း ရာဇ၀တ်သားများသည် ယခုအခါငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် နားလည် စာနာတတ်မှု တရားများကို အလေးထား မြတ်နိုးလာကြပါပြီ။

အကျဉ်းသား ရာပေါင်းများစွာသည် နေ့စဉ်တရားရှုမှတ်နေကြပြီး ပြောင်းလဲတိုးတက်လာသော လူများ ဖြစ်လာနေကြပါသည်။ သူတို့၏ အကြမ်းဖက်လိုသော စရိုက်ဆိုးများနေရာ၌ ချမ်းမြေ့ တည်ငြိမ်မှုများက အစားဝင် ရောက်ရှိလာပါသည်။ များစွာသော အကျဉ်းသားတို့သည် တိုက်ခိုက် သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်ကာ အကျဉ်းထောင်တွင်း၌ ပန်းပင် ပန်းခင်းများ စိုက်ပျိုး လာကြပါသည်။

တရားရှုမှတ်ခြင်းဟာ အကျဉ်းသားတွေရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းလာစေတယ်။ လောကကြီးကို မြင်တဲ့ သူတို့ရဲ့အမြင်တွေကိုလည်း ပြောင်းလဲလာစေခဲ့တယ်ဟူ၍ တီဟာအကျဉ်းထောင်အရာရှိ တစ်ဦးဖြစ်သူ ဗွီပီဂါ့ဂ်ျကပြောပြပါသည်။

ပရာဗင်ချောင်လားဆိုသူ အကျဉ်းသားသည် အသက်(၂၈) အရွယ်ရှိပြီး ၄င်းနှင့်ရည်းစားဖြစ်ခဲ့ဖူးသူ မိန်းမပျိုတစ်ဦးအား အလိုမတူဘဲ မုဒိမ်းမှုပြုကျင့်ခဲ့သဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူဖြစ်ပါသည်။ သူသည်လည်းတီဟာ အကျဉ်းထောင်၏ လူသစ်စိတ်သစ် မွေးမြူရေး အစီအစဉ်၌ စံပြအကျဉ်းသား ဖြစ်လာခဲ့ပါပြီ။

၎င်းကပြောပြရာတွင် သူသည်အကျဉ်းထောင်သို့ ရောက်စက အလွန်စိတ်ကျဉ်းကျပ်နေခဲ့ကြောင်း မိမိအပေါ်မတရား ဖမ်းဆီးအပြစ်ပေးနေသည်ဟု စိတ်မှာ ခံစားနေမိကြောင်း၊ သို့သော် တရား ရှုမှတ်မှု ကျင့်စဉ်များကို ကျင့်ကြံလာခဲ့ပြီးနောက် စိတ်ပြောင်းလဲလာပုံကို အောက်ပါအတိုင်း ပြောပြပါသည်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်မဖြစ်တော့ဘူး။ သူများတွေနဲ့လည်း ရန်မဖြစ်တော့ဘူး။ သူသည်ယခုအခါ တရားထိုင်တရားနည်းပြဆရာတစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဒီအကျဉ်းထောင် ၀င်းထဲတွင်မှာပဲ ငြိမ်းချမ်းမှုနဲ့ အလွန်လေးနက်တဲ့ လွပ်လပ်မှုအရသာကို ခံစား ရရှိနိုင်တာကို ကျွန်တော် သိလာရတယ်။ တရားရှုမှတ်ခြင်းဟာ လွတ်မြောက်မှုကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် အရင်တုန်းက တစ်ခါမျှမတွေး ထင်ခဲ့မိဘူးဗျာ”ဟု သူကပြောပြပါသည်။

တီဟာအကျဉ်းထောင်အတွင်း၌ တရားရှုမှတ်မှုဆိုင်ရာ ယောဂီကျင့်စဉ်လေးမျိုးကို စေတနာ့ ၀န်ထမ်း သင်တန်းဆင်း ပုဂ္ဂိုလ်များက လာရောက်ပို့ချ လေ့ကျင့် သင်ကြားပေးခဲ့ကြပါသည်။ ယင်းကျင့်စဉ် လေးမျိုးအနက် ၀ိပဿနာကျင့်စဉ်မှာ လူကြိုက်အများဆုံးဖြစ်ပါသည်။ ၀ိပဿနာ ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ အကြောင်းအရာတို့ကို သူ့အရှိအတိုင်း သဘာဝအတိုင်း ရှုမြင် သုံးသပ်ခြင်း ဟူ၍ အဓိပ္ပါယ်ဆောင်ပါသည်။

ဤကျင့်စဉ်မှာ အိန္ဒိယရှေးဟောင်း ကျင့်စဉ်များ အနက်မှ ရှေးအကျဆုံး ကျင့်စဉ်များထဲတွင် တစ်ခု အပါအ၀င် ဖြစ်ပေသည်။ နီးကပ်စွာ အပြန်အလှန် ဆက်သွယ်နေမှုကိုမြင်အောင် ရှုမှတ်ရန် သင်ကြားပေးခြင်းဖြစ်ပါသည်။

တီဟာအကျဉ်းထောင်က (၁၀)ရက်တရားစခန်းများ ပြုလုပ်စီစဉ်ပေးပါသည်။ ထိုကာလအတွင်း တရားရှုမှတ်သူ အကျဉ်းသားတို့သည် စကားပြောဆိုခြင်း လိင်ကိစ္စပြုမူခြင်း၊ မူယစ်ဆေး သုံးဆောင်ခြင်းစသည်တို့ကို မပြုလုပ်တော့ဘဲ မိမိစိတ်ကို မိမိထိန်းချုပ်သည့် အလေ့အကျင့်ကို ရယူကြပါသည်။

သူတို့သည် တရားစခန်းဝင်နေသည့် ကာလအတွင်း ဆိတ်ငြိမ်သော အခန်းအတွင်း၌ အချိန် ကြာနိုင်သမျှကြာကြာ နေ့စဉ်ထိုင်ကြရပါသည်။ သူတို့၏ စိတ်အာရုံကို အသက်ရှုရှိုက်မှု အပေါ်၌ စူးစိုက်ထားကြရပါသည်။ စတုတ္ထမြောက်နေ့တွင် စခန်းဝင်တရားထိုင်သူသည် စိတ်၏ဆန္ဒ၊ ကိုယ်ခန္ဓာ၏ဆန္ဒတို့ကို တုံ့ပြန်မှုမပြုကြရသည့် နည်းလမ်းများ လေ့ကျင့်ကြရပါသည်။ ထိုသို့ ကျင့်ကြံခြင်းအားဖြင့် စိတ်တည်ကြည်ငြိမ်သက်မှု ၀ိပဿနာတရားက ဖွင့်ဆိုထားပါသည်။

အိန္ဒိယအစိုးရသည် တီဟာအကျဉ်းထောင်မှ ရလဒ်ကောင်းများကို အလေးဂရုပြုမိသဖြင့် နိုင်ငံ တစ်ဝန်းလုံးရှိ အကျဉ်းထောင်များအားလုံး၌လည်း အလားတူတရားစခန်းများ ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ပါသည်။

တီဟာအကျဉ်းထောင်မှ အရာရှိများက ဤသို့တရားစခန်းများ ဖွင့်လှစ်တည်ထောင်စေခြင်းဖြင့် အခါခပ်သိမ်း အကျိုးဖြစ်ထွန်းလိမ့်မည်ဟူ၍ကား မိမိတို့မဆိုလိုကြောင်း၊ အချို့သော အကျဉ်းသား များသည် စိတ်ကျဉ်းကျပ်မှုဒဏ် မခံနိုင်သဖြင့် တရားရှုမှတ်မှုကို လျင်မြန်စွာ လက်လျော့သွားတတ် ကြသည့် အဖြစ်များလည်း ရှိတတ်ပါသေးသည်။ သို့သော် စိတ်ကျဉ်းကျပ်မှုကို ကြံကြံခံနိုင်သူ များကား အကျိုးတရား ခံစားကြရမည်သာဖြစ်ပါသည်။

ကျွန်တော့ရဲ့အမှုအယူခံလွှာကို တရားရုံးက ထပ်မံပြီးရွေ့ဆိုင်းထားလိုက်ပြန်ပြီလို့ ကျွန်တော် ကြားရတဲ့ အချိန်မှာ မတုန်လှုပ်တော့ပါဘူးဟု ဘူပင်ဒါဆင်းကပြောပြပါသည်။

တကယ်တော့ ဘူပင်ဒါဆင်း တစ်ယောက် ထောင်ထဲမှာ အချိန်ကြာကြာနေရခြင်းကို ကံကောင်း သည်ဟု မှတ်ယူထားပါသည်။ သူသည် မိမိစိတ်ကို မိမိထိန်းနိုင်ဖို့အတွက် ခရီးရှည်ကြီးကို ဆက်လက်ချီတက်နိုင်သည် မဟုတ်ပါလား။

ဘာသာပြန်သူ မောင်မောင်ထွေး

မူရင်း
Nirvana Behind Bars
By Studip Mazumdar
Newsweek Seotember 18,2000.

အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၊ အတွဲ(၃)၊ အမှတ်(၁၀)

Wednesday, February 18, 2015

ရတနာဝါသကျောင်း တရားထိုင် အချိန်ဇယား 三寶寺 禪修作息表



三寶寺Yatanavasa Temple ရတနာဝါသကျောင်း
禪修作息表Meditation schedule table တရားထိုင် အချိန်ဇယား
(20.2.2015 - 23.2.2015)
04:30
起床  Rise  အိပ်ယာထ
04:30 - 5:00
行禪  Walking Meditation  စင်္ကြံလျှောက်
05:00 - 6:00 
                                        巴利文誦早果 Pali Chanting  ဘုရားရှိခိုး                              (5:30 - 6:00) 禪修 Sitting Meditation  တရားထိုင်
6:00 - 8:00
                                   早餐 服務道場 Breakfast & Veyyavcca                                 အရုဏ်ဆွမ်းစား၊ ဝေယျာဝစ္စဆောင်ရွက်
8:00 - 9:00
禪修 Sitting Meditation  တရားထိုင်
9:00 - 10:00
行禪 Walking Meditation  စင်္ကြံလျှောက်
10:00 - 11:00
禪修 Sitting Meditation  တရားထိုင်
11:00 - 12:00
午餐 Lunch  နေ့ဆွမ်းစား
12:00 - 1:30
午休息 Take a rest  အနားယူ
1:30 – 2:00
行禪 Walking Meditation  စင်္ကြံလျှောက်
2:00 -3:00
                                            禪修 Sitting Meditation  တရားထိုင်                                            (講經佛法 Dhamma Talk  ဓမ္မသြဝါဒ)
3:00 - 4:00
行禪 Walking Meditation  စင်္ကြံလျှောက်


4:00 - 5:00
禪修 Sitting Meditation  တရားထိုင်
5:00 - 6:00
                                 禪修報 Meditation Report  တရားလျှောက်                                                                 行禪 Walking Meditation  စင်္ကြံလျှောက်                    洗澡Take a bath ရေချိုး
6:00 - 7:00
                                           講經佛法 Dhamma Talk  ဓမ္မသြဝါဒ                                            (行禪 Walking Meditation  စင်္ကြံလျှောက် )
7:00 - 8:00
                                            巴利文誦早果 Pali Chanting  ဘုရားရှိခိုး                                         (禪修 Sitting Meditation  တရားထိုင်)
8:00 - 9:00
行禪 Walking Meditation  စင်္ကြံလျှောက်
9:00
休息 Take a rest  အနားယူ


Saturday, February 14, 2015

ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း

                                                          ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း


ဆိုခဲ့ပြီးသည့်အတိုင်း သမာဓိ၏ နိရုတ္တိအဓိပ္ပာယ်မှာ မိမိစိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။ သမာဓိကိုမည်သည့် တန်ခိုးရှင်ကမှ ဖန်တီးပေးနိုင်မည်မဟုတ်။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ရယူနိုင်သည်။ ထို့ကြောင့် သမာဓိကိုပင် “မိမိကိုယ်တိုင်စုစည်းထားသောစိတ်”(Self - collected mind)ဟု  ခေါ်နိုင်ပါလိမ့်မည်။ ဤသို့မိမိစိတ်ကို စုစည်းထားနိုင်သူအတွက် ပြင်ပအာရုံများ၏ နှောင့်ယှက်မှုကို မခံရတော့ပါ။ မိမိလိုလားသည့် အာရုံတစ်ခုတည်းပေါ်တွင်သာ စိတ်ကို တင်ထားနိုင်ပြီဖြစ်ရာ တည်ငြိမ်သော စိတ်အခံကို ရရှိပါသည်။

သို့နှင့်တိုင် သမာဓိ၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုလျှင် ဗုဒ္ဓကိုယ်တိုင် ညွှန်ပြခဲ့သော သမာဓိရနိုင်သည့်နည်းလမ်းများကို လေ့လာဖို့လိုပါသည်။ ယေဘုယျအားဖြင့် ဤနည်းကို ကမ္မဋ္ဌာန်း (meditation)ဟု ခေါ်သည်။ ဘာဝနာဟုလည်းသုံးနှုန်းကြသည်များရှိပါသည်။ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် အနောက်တိုင်းသုတေသီများ)ကိုယ်တိုင်က ကမ္မဋ္ဌာန်းအလုပ်ကို စိတ်ဝင်စားလာကြသည်။ ကိုယ်တိုင်စမ်းသပ် တရားထိုင်ကြသူများပင် တော်တော်များများရှိသည်။ သို့သော် အဆိုပါသုတေသီများပင်လျှင် ဗုဒ္ဓ၏ဓမ္မကို မှားမှားယွင်းယွင်း နားလည်နေကြသည်များရှိနိုင်ပါသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဗုဒ္ဓဘာသာကို ကမ္မဋ္ဌာန်းအလုပ်သက်သက်ဟု နားလည်နေကြသည်။ စင်စစ် ကမ္မဋ္ဌာန်းပုံသဏ္ဍာန်အမျိုးမျိုးမှာ ဗုဒ္ဓ မတိုင်မီကတည်းကပင် အိန္ဒိယ ဒဿနဂိုဏ်းများတွင် ရှိနေခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာကို ဆိုခဲ့ပါအတိုင်း အလွယ်ချုံ့ယူနားလည်ရုံမျှနှင့် မလုံလောက်ပါ။

ပြောရလျှင် ကမ္မဋ္ဌာန်းနှစ်မျိုးရှိပါသည်။ ပထမအမျိုးအစားမှာ “စိတ်ကို တည်ငြိမ်စေသည့် ကမ္မဋ္ဌာန်း” (Tranquility meditation)ဖြစ်သည်။ သမထဘာဝနာ ဟုခေါ်ပါသည်။ သမာဓိထူထောင်နိုင်သည့် အဆင့်ထိသာ စွမ်းပါသည်။ ပညာအဆင့်ထိ မကူးနိုင်ပါ။ ဗုဒ္ဓမတိုင်မီ အိန္ဒိယလူ့အဖွဲ့အစည်းတွင်ရှိခဲ့ပြီးသား ကမ္မဋ္ဌာန်း အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ “ထိုးထွင်း သိမြင်နိုင်သော ကမ္မဋ္ဌာန်း”(Insight meditation) ဖြစ်သည်။ ဝိပဿနာဘာဝနာဟုခေါ်ပါသည်။ ပညာနှင့်ယှဉ်သော သမာဓိကို အမှန်ရစေသည်မှာ အဆိုပါဝိပဿနာဘာဝနာပင် ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ရေး (နိဗ္ဗာန်)ကို မျက်မှောင်ပြုနိုင်ရေးအတွက် ဗုဒ္ဓကိုယ်တိုင်ဖော်ထုတ် တီထွင်ခဲ့သော ကမ္မဋ္ဌာန်းအမျိုးအစားဖြစ်ပါသည်။

(၁) သမထဘာဝနာ

စိတ်၏ သဘာဝမှာ အလှုပ်အယမ်းများတတ်ပါသည်။ သို့နှင့်အမျှ လူသည်စိတ်ပျက်ခြင်း၊ သောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း စသော ဝေဒနာမျိုးစုံ၏ သားကောင်ဖြစ်ရတော့သည်။ ဤသို့သော စိတ်ဖိစီးမှုများကို မခံနိုင်တော့ရာမှ မိမိကိုယ်ကို သေကြောင်းကြံသူများပင်ရှိတတ်သည်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးစသည်တို့မှာလည်း အဆိုပါစိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် မှီဝဲကြခြင်းဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤသို့သောစိတ်ကို ပြောင်းလဲစေသည့်အရာများမှာ တဒင်္ဂ သက်သာမှုကိုသာ ရနိုင်ပါသည်။ ရေရှည်ခိုင်မာသော တည်ငြိမ်မှုကို ရရှိစေသည်မှာ ကမ္မဋ္ဌာန်းအလုပ်ပင်ဖြစ်သည်။

သမထဘာဝနာ၏ အဓိကတာဝန်မှာ ပျံ့လွင့်နေသောစိတ်ကို ဆွဲစုယူသည့်ကျင့်စဉ်ဖြစ်သည်။ ဖယောင်းတိုင် မီး၊ ရေ၊ အရောင် စက်ဝိုင်းစသော ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် ထွက်သက် ဝင်သက်၊ သို့မဟုတ် စိတ်ထဲမှ တီထွင်ထားသော သင်္ကေတတစ်ခုခုပေါ်သို့ စိတ်ကို တင်းထားနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် အလေ့အကျင့်များလာလျှင် စိတ်ဖိစီးမှုအားလုံးခွာသွားပြီး၊ မိမိအာရုံပြုရာ တစ်ခုခုပေါ်တွင်သာ စိတ်ကိုစုစည်းလာနိုင်၍ တည်ငြိမ်မှု သမာဓိရလာနိုင်ပါသည်။ ဤသဘောကို အောက်ပါပုံဖြင့်သရုပ်ဖော်နိုင်သည်။

(၂) ဝိပဿနာ ဘာဝနာ

ဝိပဿနာ ဆိုသည်မှာ ဘဝ(ရုပ်နှင့်နာမ်) တို့၏ အစစ်အမှန်တရားကို မြင်အောင်ကြည့်ရခြင်းဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ရုပ်၊ နာမ်၊ တို့၌ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ရှု သိသောဉာဏ်ကို ဝိပဿနာဟုဆိုခြင်းဖြစ်သည်။ အဆိုပါ ဝိပဿနာ ဉာဏ်ရရှိစေရေးအတွက် အားထုတ်ကျင့်ကြံခြင်းသည်ပင် ဝိပဿနာ ဘာဝနာဖြစ်ပါသည်။ လက်တွေ့ကျင့်ကြံအားထုတ်ရာတွင် ဝိပဿနာနှစ်မျိုးရှိနိုင်သည်။ သမထနှင့် သမာဓိထူထောင်ပြီးမှ ဝိပဿနာသို့ ကူးလျှင် သမထရှေ့သွားရှိသော ဝိပဿနာ(သမထပုဗ္ဗင်္ဂမဝိပဿနာ)ဟုခေါ်သည်။ စတင်အားထုတ်စဉ် ကတည်းက ဝိပဿနာဆိုလျှင် (သုဒ္ဓဝိပဿနာ) ဟုခေါ်သည်။

ဝိပဿနာကို ရှုသည်ဆိုသည်မှာ မိမိ၏ခန္ဓာ(ရုပ်နှင့်နာမ်)ကို အရှိအတိုင်းမြင်အောင် သတိကပ်၍ ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုင်လျက်သော်လည်းကောင်း၊ လမ်းလျှောက်ရင်းသော်လည်းကောင်း၊ လျောင်းစက်၍သော်လည်းကောင်း မည်သည့်ပုံသဏ္ဍာန်နှင့်မဆို ရှုမှတ်နိုင်ပါသည်။ဗုဒ္ဓဘာသာဝင်များအသုံးများသည့် ရှုမှတ်နည်းမှာ ထွက်သက်ဝင်သက်ကိုရှုမှတ်ခြင်းပင်ဖြစ်သည်။ စိတ်ကိုနှာသီးဖျား၊ သို့မဟုတ် ဝမ်းဗိုက်အရေပြားပေါ်တွင်တင်ပြီး ထွက်လေဝင်လေမှတ်လေ့ရှိကြသည်။ ဤသို့အကြိမ်ကြိမ်ရှုမှတ်ရင်းနှင့်ပင် စိတ်မှာစင်ကြယ်လာပြီး (စိတ္တဝိသုဒ္ဓိ)၊တဖြည်းဖြည်းတည်ငြိမ်မှု သမာဓိရလာသည်။ ထို့နောက်တွင်ကား ရုပ်နှင့်နာမ်ကို ခွဲခြားသိသည့်ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)၊ အကြောင်းနှင့်အကျိုးကို ဆက်စပ်နိုင်သည့်ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)၊ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သည့်ဉာဏ် (သမ္မသနဉာဏ်)စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်လာပါသည်။ နောက်ဆုံး သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုလာနိုင်သည်ဟု အဆိုရှိသည်။

စင်စစ် ကမ္မဋ္ဌာန်းထိုင်နည်းမှာ တစ်ခုမက အမျိုးမျိုးရှိသည်သာ ဖြစ်သည်။ အဆိုပါကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် အဓိကအကျိုးသက်ရောက်ပုံများကို ဗုဒ္ဓ၏ သူ၏သားတော် ရာဟုလာသို့ ဟောကြားသောတရားတွင် ဤသို့တွေ့ရသည်။

- ရာဟုလာ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အမုန်းတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ကရုဏာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ရက်စက်ကြမ်းကြုတ်သောစိတ်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ မုဒိတာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ မနာလိုဝန်တိုစိတ်ကို ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ဥပေက္ခာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ပူပင်သောကတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ တဏှာရမ္မက်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အနိစ္စ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အတ္တသဘော ကွယ်ပျောက်လိမ့်မည်။

ဤသည်ကို ကြည့ှ်လျှင်ပင် ဗုဒ္ဓ၏ ဓမ္မမှာ သံသရာမှ လွတ်မြောက်ရေးအတွက်သာမက၊ ဘဝရှင်သန်ရေးအတွက်ပါ အကျိုးများစေကြောင်းထင်ရှားပါသည်။

တရားအနှစ်

ယခုထိဖော်ပြခဲ့ပြီးသည်တို့မှာ ဗုဒ္ဓဓမ္မ၏ အခြေခံတရားကိုယ်ဟု ဆိုနိုင်သော အမှန်မွန်လေးပါးကို အကျဉ်းမျှ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် ဤသည်တို့ကို ပြန်၍အနှစ်ချုပ်ဖော်ပြပါမည်။

ပထမအမှန်မွန် -    မည်သည့်သတ္တဝါမှ ရှောင်လွဲ၍ မရသော ဒုက္ခသစ္စာဖြစ်ပါသည်။ သိမှတ်လက်ခံ၍ မြင်သာအောင် ကြည့်ဖို့လိုပါသည်။
ဒုတိယအမှန်မွန် -    ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ အဝိဇ္ဖာနှင့်တဏှာ(သမုဒယသစ္စာ)ဖြစ်ပါသည်။ တတ်နိုင်မျှပယ်သတ်ရမည် ဖြစ်ပါသည်။
တတိယအမှန်မွန် -   ဒုက္ခ၏ ကင်းရာကုန်ရာ နိဗ္ဗာန် (နိရောဓသစ္စာ)ဖြစ်ပါသည်။ အဆုံးစွန် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။
စတုတ္ထအမှန်မွန် -    နိရောဓသို့သွားရာလမ်း (မဂ္ဂသစ္စာ)ဖြစ်ပါသည်။ သီလကို လုံခြုံစေ၍၊ သမာဓိတို့ကို ထူထောင်ကာ ပညာကို ပွားစီးစေရေးဖြစ်ပါသည်။

ဗုဒ္ဓ၏အလိုအရ အမြင့်ဆုံးပညာဆိုသည်မှာ  သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်ပါသတည်း။    ။