Showing posts with label ဓမ္မသြဝါဒ. Show all posts
Showing posts with label ဓမ္မသြဝါဒ. Show all posts

Monday, April 27, 2015

အိပ်နေသူနှင့် သွားနေသူ


''အိပ်နေသူနှင့် သွားနေသူ''

ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်ထိသွားပါတယ်။ လှူတဲ့အခါ ရေအောင်မိုးအောင်ဖြစ်ဖို့ပဲ လိုပါတယ်။ အဖျင်းတော့ မဖြစ်စေနဲ့ပေါ့။ ဒါလှူရင် ဘာရမလဲဆိုတဲ့ အမျှော်မပါရဘူး။ ဒါနဆိုတာ စွန့်လွတ်တာ။ ရယူတာမဟုတ်ဘူး။ သီလက စောင့်ထိန်းတာ၊ ဘယ်အာရုံလာလာ အာရုံနောက် ကိုယ့်စိတ် ပါမသွားအောင် စောင့်ထိန်းတာ။ အမြင်အာရုံဆိုရင် မျက်စိထိပ်က သတိနဲ့စောင့်ရမှာ။ အဲဒါဥပုသ်။

အဲဒါ သီလအာရုံနောက်က ပညတ်ကပ်ပါလာရင် ကိလေသာဝင်လာမှာပေါ့ ။ ဒါဘယ်သူလဲ ဆိုကတည်းက ကောင်းတယ်ဟေ့ ဆိုးတယ်ဟေ့ ဆိုတာတွေ လိုက်လာတော့မှာ အာရုံနောက်က ကိလေသာ ၀င်ခွင့်မရအောင် စောင့်တာသီလ၊ အဲဒီသီလမျိုး တစ်ချီသာအောင် ၊ ဒါနကလည်း ရေအောင်မိုးအောင် စေတနာသာ ထက်ပစေ။ စေတနာသာမျိုးစေ့ မဟုတ်ဘူးလားဗျ။

စပါးတို့မြေပဲတို့ မျိုးစေ့တစ်ခုကို အခွံလေးနှစ်ခုနဲ့ ဟိုဖက် ဒီဖက်အုပ်ထားတာ ၊ အလှူခံနဲ့ အလှူရှင်သည် အခွံနှစ်ခုပဲ။ အလှူခံပုဂိုလ်ရဲ့ သီလကမြေ။ ဒီမြေပေါ်မှာ ဒီမျိုးစေ့ချရတာ။ မျိုးစေ့က အဆံချောင် အဆံကပ် အဖျင်းအမှော် မဖြစ်လို့မရဘူး။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ  သွားတယ်ဆိုတာ ပြောရဦးမယ်။

ပဒုမုတ္တရ ဘုရားလက်ထက်တော်က ထင်းခုတ်သမား တစ်ယောက်ရှိသတဲ့ ။ သူ့မှာ ဆင်းဆင်းရဲရဲနဲ့ ၀မ်းကျောင်းနေရတော့ သူများတွေဘုရားသွား ကျောင်းတက်လုပ်လည်း သူ့မှာ မသွားနိုင်ရှာဘူးတဲ့ ။
လူက ဘုရားဆီ မသွားနိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ ၊ သူ့စေတနာက ဘုရားဆီမှာ ၊ တောထဲ ထင်းခုတ်ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။

ဒီ သစ်ပင်ကြီးတော့ သူခုတ်မယူတော့ဘဲ သစ်ပင်ကြီး ပင်စည်ကိုကိုင်ပြီး …. ဒီသစ်ပင်ကြီးကို ရွှေပင် ငွေပင်ကြီး အဖြစ်နဲ့ သူ့စိတ်က ရည်မှန်းပြီး ဘုရားကို အဝေးကနေ လှမ်းပြီးတော့ လှူသတဲ့ဗျ။
ခင်ဗျားတို့လို လာစရာလိုသလားဗျ။ သူ့စိတ်က သွားနေတာကို သူ့စိတ်က ဘုရားဆီမှာ စေတနာ ထက်သန်လှတော့ ကိုယ်တိုင် ကိုယ်ထိလက်ရောက် မလှူဘဲ ဟိုးအဝေးကြီးက တောကြီး မြက်မဲကြီးထဲက ဒါနတစ်ခု အောင်သွားလိုက်တာ တို့ဘုရားရှင်လက်ထက်မှာ “ပုပ္ပရုက္ခမထေရ်” ဆိုတဲ့ ဘွဲ့ထူးနဲ့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားတယ်ဗျ။

အဲဒါဘာ လို့လဲ။ “စေတနာအောင်လို့ပါဘုရား”
စေတနာမျိုးစေ့ အရေးကြီးတာ ၊ လှူဖွယ်ဝတ္ထုက အရေးမကြီးဘူး။ စေတနာမှာလည်း သူများစေတနာ မဆိုထားနဲ့ ကိုယ့်စေတနာကိုယ်တောင် မထိပါး မပုတ်ခတ်ရဘူး။ သူများအလှူကိုလည်း မထိပါး မပုတ်ခတ်နဲ့ ။ ကိုယ့်အလှူကိုယ်လည်း ငါ့လှူတဲ့ပစ္စည်းက ညံ့လိုက်တာ ၊ တန်ဖိုး နည်းလိုက်တာ စသည်ဖြင့် ထိပါး ပုတ်ခတ်မိရင် စေတနာမျိုးစေ့ အဆံချောင် သွားတတ်သနော် ။

အဲဒီတော့ စေတနာမှန်မှန် ထက်ထက်သန်သန်နဲ့သာလှူ။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ အကျိုးပေးပါတယ် ။ တရားလည်း တစ်ခါသာ ထိထိမိမိ နာလိုက်စမ်းပါ။ တစ်ခါနာပြီး လုပ်ဖို့ပဲလိုပါတယ် ။ ကြိုးစားလိုက်စမ်းပါ။ တို့ဆီလာတာထက် ကိုယ့်အိမ်မှာ တစ်နာရီလောက် အားထုတ်လိုက်ရင် ဒီလာတာထက် တန်ဖိုးကြီးတယ်။
ဒီကိုလာတာ ပုဂ္ဂိုလ်လာတာ အားထုတ်မှဥာဏ်လာတာ။ ပုဂ္ဂိုလ်နဲ့ ဥာဏ် ဘယ်ဟာတန်ဖိုးကြီးသလဲ။
“ဥာဏ်ကတန်ဖိုးကြီးပါတယ်ဘုရား”

တစ်နာရီရရင် တစ်မိနစ်တိုးပြီး ဆက်အားထုတ်သွား တို့ကိုယ်တော်ကြီး အပင်ပန်းခံဟောထားတာ ဆိုပြီး ဆက်အားထုတ်ပါ။ တို့မှာ အမောခံပြီး ဟောနေရတာ။ တို့မှာ နားရတယ်မထင်နဲ့ ။ တို့လည်း သွားနေရတယ်။ တို့ကသွားနေရင် တို့ပရိတ်သတ်ကလည်း နောက်ကလိုက်ရမှာ။ ရပ်မနေကြ စမ်းပါနဲ့။ တို့သွားနေတာ အိပ်ချိန်ကိုမရှိတာ။

တို့ရှေ့ က သူတော်ကောင်းကြီးတွေလည်း မအိပ်မနေ အားထုတ်ခဲ့တာပဲ။ တို့ဥပဇ္ဈာယ် အဘ၀ိမလ (မိုးကုတ်ဆရာတော်ဘုရားကြီး) တို့ဆိုရင်လည်း တစ်ညလုံး အားထုတ်သွားတာ။ တို့ကိုလည်း သူတို့လို အားထုတ်စေချင်တော့ ဥပါယ်တမျည်နဲ့ တို့ကို လမ်းပြသွားပုံလေး ပြောရဦးမယ် ။

“မင်းမရှိတော့ ငါကပျင်းပြီး အိပ်ပျော်သွားတတ်သကွ၊ ဒီတော့ ငါနဲ့လာအားထုတ်ကွ” တဲ့။ အဲဒါ တို့ကို မအိပ်မနေ မိုးအလင်း အားထုတ်စေချင်လို့ ပြောတာ။
ဥပဇ္ဈယ်ဆရာကိုယ်တိုင်လည်း တစ်ညလုံးအားထုတ်တာ။ အာရုံဆွမ်းကပ်ချိန်အထိ တောက် လျှောက် အားထုတ်တာ၊ အာရုံဆွမ်းစားပြီး ဘယ်မှကိစ္စမှ မရှိရင် ခဏလေး မှေးပါတယ်။ ကိစ္စရှိရင် မမှေးတော့ဘူး။ ကိစ္စရှိတယ်ဆိုတာ သူတို့ကိစ္စတွေက သိပ်လေးနက်ပါတယ်။ တစ်ရက်ကတော့ အာရုံဆွမ်းကပ်ကာနီးမှာ တို့ ဥပဇ္ဈယ် ဖျားနေတယ်။

“ဆရာတော် ဖျားနေတယ်ဘုရား” ဆိုတော့
”အေး ငါလေစိမ်းမိခဲ့လို့ကွ” တဲ့။
ဒီမှာကျောင်းခန်းထဲမှာရှိနေတာ။ ညကဘယ်မှကြွတာမဟုတ်ဘူး။ ဘယ်သွားလို့လေစိမ်းမိတာလဲ ၊ စိတ်လေစိမ်း တိုက်တာ ကိုယ်လာဖျားတာ။

အဲဒီနောက် မော်လမြိုင်ဘက်ကြွတော့မှ ဇင်းကျိုက်တောင် လက်ညှိုးထိုးပြပြီး “ငါဖျားတာ အဲဒီသွားလို့ကွ” တဲ့။ ဇရပ်လေးကလည်း တစ်လုံးတည်း လေကလည်း တဟူးဟူးကွတဲ့ သွားနေလိုက်ကြတာ မနားကြဘူး။

တာဝန်ခံရရင် ပိုမနားရဘူး။ သွားနေတယ်နော်။ တို့ဒကာ ဒကာမတွေရော နားရုံမက အိပ်နေကြ သလား။ တာဝန်ခံတွေက သွားနေကြတာ။ နားရတာ မဟုတ်ဘူး။ တို့ဟာက အိပ်နေကြတာပါဗျာ။

ဝေဘူဆရာတော်ကြီး ပြောသလို သံသရာအဆက်ဆက် အိပ်လာခဲ့ကြတာ ခုချိန်ထိ မနိုးကြသေး ဘူးလား။ အိပ်လို့မ၀တာ၊ မအိပ်ရင် ၀သွားလိမ့်မယ်တဲ့ ။
ဘယ့်နှယ်တုန်း ၊ အဲသူတို့ သိပ္ပံပညာဆိုတာ (သိပ်ပန်း) ကြီးက ပြောသဗျ။ လူတစ်ယောက် ၆ နာရီ အိပ်မှ ၀သတဲ့ ။ တို့ဘုရားဘက်က မအိပ်မှ လန်းဆန်းတာတဲ့ ။ ဘာကွာတာတုန်း။

လူတွေက ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ် အလုပ်မလုပ်ဘူး။ သူများစိတ်နဲ့ အလုပ်လုပ်တာ သူများပစ္စည်း ပိုက်ဆံ လိုချင်တာကိုး။ အားရတယ်မရှိဘူး။
အနောက်နိုင်ငံက ဘီလျံနာသူဌေးကြီးဆိုတာတွေ ငါတော့ဘီလျံနာ ဖြစ်ပြီဆိုပြီး စီးပွားရေး လုပ်ငန်းတွေ ရပ်ထားတာရှိလား။
“ရပ်မထားပါဘုရား”
အာရပ်ရေနံဆီကုန်သည်တွေရော။
“မရပ်ပါဘုရား”
မရပ်မနား လောဘ သွားနေသလောက် နောက်က သောကလိုက်နေတယ်။

လောဘတွေ သောကတွေနဲ့ ဆိုတော့ လူသာချမ်းသာတာ၊ စိတ်ပင်ပန်းမှာပေါ့။ နင်တို့ရန်ကုန် ဘီးမုန့်လုပ်သလို အထက်မီး အောက်မီးနဲ့ လုပ်ကြရတာ။ အပြင်ပူ အတွင်းပူနဲ့ နေပူမိုးရွာ မရှောင် လုပ်ကြရတာ နွမ်းမှာပေါ့ ။ ကိုယ်ပန်းစိတ်ပန်း ထိနမိဒ္ဓ ၀င်တော့ အိပ်ပေးရတယ်။

မအိပ်ခင် သေချာပြန်ကြည့်ပါ။ လောဘနဲ့ သောကခံနေလို့ ၀င်လေထွက်လေဟာ ချက်တိုင်အထိ မရောက်ဘဲ လည်ချောင်းလောက်က ပြန်ထွက်နေရတာ ။ ဘ၀င်လေက မြှင့်တင်သလောက် အောက်ကလေ အပေါ်ထောင်တက်နေတာလေ ။ အောက်လေ (တွန်းကန်လေ)က သွေးတစ်ဝက် ဖိထားတဲ့အတွက် တို့လှုပ်ရှားလေသည် အောက်ထိ မဆင်းနိုင်ဘူး။ ဒီတော့ရှိရှိသမျှ အပူအပုပ် ခန္ဓာကိုယ်ထဲ အောင်းနေတာပေါ့။ ကိုယ်မှာ အကြောတွေက တစ်ဆင့် ရိုးတွင်းခြင်ဆီထိ သွားရတာ ။ အဲဒါ သောကရှိနေသရွေ့  အိပ်မပျော်ဘူး။ ၀င်လေထွက်လေက တကယ်အိပ်ပျော်သွားမှ အလုပ်လုပ်တာ။

တို့ခေတ်က စည်ပင်လိုပေါ့။ ည ၁၀ နာရီလောက် ကားရှင်းမှ သန့်ရှင်းရေးလုပ်ကြရတာ ။ အခုလည်း ၀င်လေထွက်လေက လူအိပ်မှ သူ့လမ်း သူသွား သူ့အလုပ်သူ လုပ်ရတာ န္ဓာကိုယ် အစာအိမ်ထဲမှာ အပူအပုပ်က အောင်းနေတာ။ အဲဒါဝင်လေက သန့်ရှင်းပေး ထွက်လေက အပူအပုပ် ထုတ်ပစ်တာ။ ဝင်လေကြောင့် အေးတယ်။ ထွက်ကြောင့် ပူအပုပ်ကုန်တဲ့ချိန် နိုးလာတာ။ လန်းလန်းဆန်းဆန်းပဲ။ အပူအပုပ်မကုန်ခင် နိုးလာရင် တစ်ယောက်ယောက်က လာနိုးလို့ပဲဖြစ်ဖြစ် လန့်နိုးလာရင် ခေါင်းက ကိုက်ရော၊ ဒီတော့မေးရဦးမယ်။

အိပ်လို့အားရှိတာလား ၊ အပူအပုပ်ကုန်လို့ အားရှိတာလား။
“အပူအပုပ်ကုန်လို့ပါဘုရား”
အဲဒီလိုသာ အလုပ်လုပ်နေရင်း လာဘတွေ သောကတွေ ၀င်ခွင့်မပေးဘဲ ၀င်လေထွက်လေ ရှူရှိက်ပြီး လုပ်နေရင် အပူအပုပ် ၀င်ပါဦးမလား။
“မ၀င်ပါဘုရား”
အိပ်ဖို့လိုသေးလား။
“မလိုတော့ပါဘုရား”
သူတို့နဲ့ တို့နဲ့ ကွာတာ ဒါပဲ။ မအိပ်ဘဲ အလုပ်လုပ်နိုင်ပြီ။ တို့ဘ၀နဲ့တို့ အချိန်တန်ဖိုးကြီးလွန်းလို့  အချိန်တွေ အိပ်ပြီး ဖြုန်းတီးမပစ်ပါနဲ့ ။ ကုန်လွန်သွားတဲ့ အချိန်တွေ ပြန်လိုချင်လို့ ရသလား။
“မရပါဘုရား”

ငွေကုန်သွားရင် ငွေပြန်ရှာလို့ ရနိုင်ပါတယ်။ အချိန်ကုန်သွားတာ အချိန်ပြန်ရှာလို့ မရနိုင်လို့ အချိန်ရှိခိုက် လုံ့လစိုက်ကြစမ်းပါ။
ကျေးဇူးတော်ရှင် ဝေဘူးဆရာတော်ကြီး မိန့်ခဲ့သလိုပေါ့။
“တို့က ခန္ဓာကိုယ်ကြီးကို ပိုးစာလောက်စာအဖြစ်တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ တို့က ကိုယ့်ကိုယ်ကိုယ် အကုန် အသုံးချသွားမှာတဲ့ ” ။

ခင်ဗျားတို့ကကော ဒီခန္ဓာကိုယ်ကြီးကို မီးစာမြေစာ ကျွေးကြမှာလား။ ငရဲ ဗြိတ္တာ တိရစ္ဆာန် ဘ၀တွေရောက်မှ တရားအလုပ် လုပ်ချင်လို့ရမလား။
“မရပါဘုရား”
အဲဒါ အချိန်ပုပ် အရွယ်ပုပ် ဘ၀ပုပ်တွေ…….။ နတ်တွေလည်း ဒီက (လူ့ဘ၀က) တရားအခြေခံ ပါသွားမှ ဟိုမှာကျင့်လို့ရတာ တရား ပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရ အလကားပဲ။
လူတွေရဲ့ တစ်နေ့တာမှာ “မောဟ - အတွေး” က ပိုများပါတယ်။ လောဘကြိုက်တဲ့ အချိန်ဝင်တယ် ။ ဒေါသက မကြိုက်တဲ့ အချိန်ဝင်တယ်။ မောဟက များတယ်။ မောဟက အောက်ဆွဲ။ သတိက မောဟ(အတွေး) နဲ့ ဆန့်ကျင်ဘက်။ ပြီးတော့ သတိက အခုမှမွေးရမှာ ၊ တောကြောင် အိမ်ခေါ်မွေးရသလို အတွေးမောဟက ငယ်စဉ်ကတည်းက ပါလာတာ။

 ပြီးတော့ စိတ်ရဲ့ သဘာဝက သတိကို အတင်မခံဘူး။ စိတ်ကို ဓာတ်က အားပေး အားမြှောက် လုပ်ထားတယ်။ ဒီကိုယ်ကောင်ကြီးကလည်း ဇာတ်ကောင်ကြီး ဆိုတော့ စိတ်က ဓာတ်တည့်ရင် ကြိုက် ၊ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး။ အာရုံတွေကလည်း စိတ်ဘက်က ၊ အတွေးဘက်က သူ့ဘက်က ဒီလောက်အား များနေတာ။ ကိုယ့်မှာက အခုမှ မွေးကင်းစ သတိလေးနဲ့ မှတ်ရမှာ။

ဒီတော့ မအိပ်ဘဲ တိုက်ရိုက် မတည့်တဲ့ နိုင်ငံချင်း ကြိမ်းသလို အပြုတ် လိုက်တိုက်မယ်ဆိုပြီး ကိလေသာကို တိုက်ရမှာနော်။ တို့ဟာတွေက ဘယ်လိုလဲ ။ တိုက်ဖို့ နေနေသာသာ ကြိမ်းကို မကြိမ်းရဲတာ ထင်တယ်နော်။

အင်း ဝေဘူဆရာတော်ကြီးပြောသလို ပြောရဦးမယ်။ ဘုရားကျောင်းကန် ရောက်တုန်းကတော့ လောဘ မကောင်းကြောင်း ပြောရတာပ။ အဲဒါဗျာ လောဘက ခေါင်းလေး တညိတ်ညိတ်နဲ့ နားထောင်နေသတဲ့။
ပြီးတော့ လောဘက ဘာပြောတယ်မှတ်သလဲ။ ပြောတော့သာ လောဘမကောင်းကြောင်း ။ လုပ်တော့ လောဘအတွက်ချည်းပဲတဲ့။
ကဲခင်ဗျားတို့ကော ပြော။ ဘာအတွက်လုပ်နေကြတာတုန်း။ ကဲဗျာ ဘာသံမှမထွက်တော့ဘူး။

အဲဒါ ရန်သူ့လက်ထဲက သုံ့ပန်းလို ဖြစ်ကုန်ကြပြီ။ ရန်သူ့လက်ထဲက သုံ့ပန်းက ဘယ်လိုနေရလဲ။ ထောင်ထောင်လွှားလွှားကြီးနေသလား။ ကုပ်ကုပ်ကလေးနေသလား။
“ကုပ်ကုပ်ကလေးပါဘု၇ား”
ကိလေသာရန်သူ့ လက်ထဲက သုံ့ပန်းတွေ ဖြစ်ကုန်ကြပြီ ။ ရန်သူမို့ မျက်နှာ ချိုသွေးပြီး ရယ်ပြရင်တောင် ဟိုက ပြောင်တယ်ဆိုပြီး ရိုက်မှာဗျနော်။
သုံ့ ပန်းဘ၀နဲ့ နေမှာလား။ လွတ်အောင်၇ုန်းမှာလား။
“လွတ်အောင်ရုန်းမှာပါဘုရား”

အထက်တက်ချင်လို့ ကုသိုလ်နဲ့ပဲ လူဖြစ်လာတာ ၊ အထက်တက်ကြဖို့ဗျ။ လူဆိုတာ ကုသိုလ် အရင်းအမြစ် ပါလာတယ်။ အထက်တက်ဖို့လိုတာ ထိုင်နေလို့ မရဘူး။ အိပ်နေလို့မရဘူး။ သွားရမှာနော်။

တို့ဘုရား တို့သာသနာက လမ်းပြပြီးသားပါ။ သတ္တာဒေ၀မနုသာနံ ဆိုတာလမ်းပြတဲ့ ဆရာ။ လမ်းပြတွေ အများကြီးတွေ့ခဲ့ပြီ။ ဘုရားတွေ အများကြီး ပွင့်ခဲ့ပြီ။ ရဟန္တာတွေ အများကြီးး ပွင့်ခဲ့ပြီ။
ဘာ လို့လွဲနေသလဲ။ တော်တော် အရှောင်ကောင်းကြသနော်။ အခုတို့ဆီလာတော့ တို့ကလည်း လမ်းပြလိုက်ပါတယ်။ ပြလိုက်တဲ့ လမ်းးအတိုင်း သွားကြဖို့ပဲ လိုပါတယ်။
သွားမှာလား ရပ်နေမှာလား အိပ်နေမှာလား ။ “”
“သွားမှာပါဘုရား”

အိပ်နေသူနဲ့ သွားနေသူ ခရီးချင်းဘ ဘယ်လောက် ကွာသွားမယ် မှတ်သလဲ။ တစ်နာရီ အိပ်နေရင် တစ်နာရီ ဝေးသွားမယ်။ တစ်ရက် တစ်ပတ် တစ်နှစ် အချိန်နဲ့အမျှဝေး……ဝေး သွားမယ်။ အိပ်နေရင် ကိလေသာ ရန်သူ့လက်ထဲ ကျန်ခဲ့မယ်။

ဝေဘူဆရာတော်ကြီးက ၀ီ၇ိယ ဗိုလ်တင်ပြီး ပွင့်တာဆိုတော့ ဘယ်အချိန် ဘယ်မှာဟောဟော ၀ီရိယနဲ့ သွားဖို့ဟောတယ်။ ဝေဘူက သတ္တိကောင်းသကိုးဗျ။ ရဲတင်းတဲ့ ၀ီရိယပဲ ဟောမှာ။ တို့က သူ့လောက်သတ္တိ မကောင်းတော့ သတိပဌာန် ၊ သတိပဲဟောမှာ။ ထမင်းချက်ရင်းရတဲ့နည်း ။ ဘာလုပ်လုပ် သတိပါရင် ပြီးတာပဲဗျာ။ အတွေးမရှိရင် သိတော့တာပဲ။ သတိရဲ့ တာဝန်က မတွေးဖြစ်လို့ပဲ။ တို့က သတိနဲ့ သွားရမှာ။

နောင်နှစ်လာလည်း ဒီသတိပဲ ဟောမှာပဲ။ အဲဒါတရား အစစ်ဆေး အခံနိုင်မှ လာခဲ့ကြ။ ကိလေသာ ရန်သူနယ်မြေက လွတ်ပါပြီဘုရားလို့ လျှောက်နိုင်မှ လာခဲ့ကြ။ လောကုတ္တရာတရား ကိုးပါးဖြင့် ဆီလျော်သော သတိကျင့်ဝတ်ဖြင့် ဗုဒ္ဓတရားကို ပူဇော်နိုင်မှ တရားဖြင့် ပူဇော်တာ။ တရားနဲ့ ပူဇော်တာ အမြတ်ဆုံး။ လှူဖွယ်ဝတ္ထုတွေက ဆိုင်ကပစ္စည်းတွေ အတွင်းပစ္စည်း ပြစရာမရှိလို့ အပြင်က ပစ္စည်းဝယ်လာပြီး ပူဇော်တာ။ တရားနဲ့ ပူဇော်ကြစမ်းပါ။ တရားနဲ့ လှူကြစမ်းပါ။

ဒီတော့ ပြောရဦးမယ်ဗျ။ ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချမယ့်နှစ် အဖျားက ၁၀၄ ရှိတယ်။ ဆွမ်းခံကြွတုန်းဗျ။ ဆရာတော်ကြီး ဖျားနေပါတယ်ဘုရားလို့ လျှောက်တော့
“ ငါဖျားတာ နင်တို့တရား အားမထုတ်လို့” တဲ့ဗျ။
အဲဒါပဲ တို့မဟာမြိုင်တောကြီးထဲ ဖျားနေရင် နင်တို့ တရား အားမထုတ်လို့ပဲ ဘယ့်နှယ်တုန်း။

(မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)



Thursday, April 23, 2015

လောကီကုသိုလ်နှင်. လောကုတ္တရာကုသိုလ်

လာကီကုသိုလ်နှင်. လောကုတ္တရာကုသိုလ်


မြတ်စွာဘုရားနှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရင်းဖြင့် မြိုပ၀င်ပေါက်နားတွင် မစင်ကို စားနေသော ၀က်မလေးတစ်ကောင်ကို တွေ့ရာမှ ထိုဝက်မလေး၏ အတိတ်ဘ၀ကို အရှင်အာနန္ဒာ၏ မေးလျှောက်မှုကြောင့် ဗုဒ္ဓက – ထိုဝက်မလေးသည် အတိတ်ဘ၀က ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက ဆွမ်းစားကျောင်းအနီးမှာ ကြက်မတစ်ကောင်း ဖြစ်ခဲ့ရတယ်။

ရဟန်းတော်များရဲ့တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်သံတွေကို နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့် ကြက်မဘ၀ကသေတဲ့အခါ ဥဗ္ဗရီ အမည်ရှိ မင်းသမီးတစ်ယောက် ဖြစ်ခဲ့၏။ တစ်နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်တို့ကို တွေ့မြင်ရတဲ့အခါ ပိုလောက်ဟူသော အမှတ်သညာကို အခြခံထားပြီး သမထဘာဝနာကိုပွားများလိုက်တာ ပထမဈာန်ကို ရသွားခဲ့သည်။ 

ထိုဈာန်ကြောင့် ဗြဟ္မာဘုံသို့ ရောက်၏။ ထို ဗြဟ္မာဘုံမှ စုတေသောအခါ လူအမျိုးသမီးတစ်ယောက် ဖြစ်ရ၏။ ထိုလူ့ဘ၀မှသေသော် ၀က်မလေး ဘ၀ဖြစ်ရတာလို့ မိန့်တော်မူခဲ့တာကြောင့် အရှင်အာနန္ဒာနဲ့ ရဟန်းများစွာဟာ ပုထုဇဉ်မှန်သမျှ ၀ိနိပါတဘေးက မလွတ်ပုံကိုတွေးပြီး သံဝေဂ ဖြစ်ကြပါတယ်။

ဒ့ါကြောင့် လောကီကုသိုလ်ဘယ်လောက်လုပ်လုပ်၊ သူ့အရှိန်ကုန်ရင် ပြန်ပြီးကျရပါပဲ။ လောကီကုသိုလ်တွေက မှိုင်းနဲ့တူပါတယ်တဲ့။ ပုထုဇဉ်တွေကတော့ မီးပုံးပျံနဲ့တူပါတယ်တဲ့။ မီးပုံးပျံဟာ မှိုင်းအားကောင်းသလောက် အပေါ်ကိုတက်နေတာပါပဲ။ မှိုင်းအားကုန်တာနဲ့ အောက်ကို ဇောက်ထိုးမိုးမျှောက်ပြန်ရတာပါတဲ့။ တော်တော်ကောင်းတဲ့ ဥပမာလေးပါ။

ဝိဘင်း ပါဠိတော် ၌လည်း
ဥက္ခိတ္တာ ပုညတေဇေန
ကာမရူပ ဂတိံဂတာ
ဘ၀ဂ္ဂန္တမ္ပိသမ္ပတ္တာ
ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။

ပုညတေဇေန – ဒါန သီလ သမာထ ဟု ပြုကြ ရှိန်စော်ကောင်းမှု အာနုဘော်သည်။

ဥက္ခိတ္တာ – ပင့်ကော်မြှောက်ကြွ၊ တောင့်တချီငင်၊ မြှင့်တင် သွေးဆောင်အပ်ကုန်သည်ဖြစ်၍

ကာမရူပ ဂတိံဂတာ – လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်သို့၊ ကတိုက်ကရိုက်နှင့် ရောက်ဆိုက်လာကြသော ပုဂ္ဂိုလ်တို့သည်

ဘ၀ဂ္ဂန္တမ္ပိ – ဘုံထွဋ်ဘုံဖျား၊ အမြင့်စားအကျော်၊ နေ၀သညာနာသညာခေါ်တဲ့ အရူပဘုံသို့လည်း

မ္ပိသမ္ပတ္တာ – သမာဓိမြောက်၊ ဈာန်ဘုံပေါက်၍ သက္ကာယဒိဋ္ဌိမသေ၊ ကမ္ဘာကြီးရှစ်သောင်းလေးထောင်ပင် နေရငြားသော်လည်းပဲ

ပုန – အ၀ီစိရောက်၊ ဒိုးယိုပေါက်၍၊ အောက်သို့တုန့်ပြန်၊ တစ်ခေါက်တစ်ဖန်

ဒုဂ္ဂတိံ – မကောင်းသူတို့လားရာ ပူဆာထန်ပြင်း၊ မဆန်မငြင်းနိုင်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံသို့

အာဂစ္ဆန္တိ – ငါ ငါဆိုတဲ့ တရားကဆွဲငင်သဖြင့် ကတိုက်ကရိုက်နှင့် ဇောက်ထိုးကျွမ်းပြန်၊ ချက်ခြင်းမကြာ၊ သက်ဆင်း၍လာကြရလေကုန်၏။

လောကုတ္တရာကုသိုလ်ကတော့ အခုရတာနဲ့ အခုကောင်းကျိုးပေးပါတယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတာနဲ့ ဖိုလ်ဆိုတဲ့ ကောင်းကျိုးကို ချက်ချင်းခံစားရပါတယ်။ စက္ကန့်တောင် မခြားပါဘူး။ သောတာပတ္တိမဂ်က အပါယ်ကိုဆွဲချတတ်တဲ့ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ကို အမြစ်ဖြတ်ပယ်သတ်လိုက်ပါတယ်။ ဒါ့ကြောင့် သောတာပတ္တိမဂ် ရပြီးသူဟာ သံသရာတလျှောက်မှာ ဘယ်တော့မှအပါယ်မကျတော့ပါဘူး။

နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရသွားတဲ့ စူဠသောတာပန်ပုထုဇဉ် ရောက်သွားရင်တောင် အပါယ်တံခါးပိတ်သားပါပြီ။ ဂတိမြဲသွားပြီးလို့ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားပါတယ်။ ဒါကြောင့် စူဠသောတာပန်ပုထုဇဉ် အဆင့်ရောက်အောင် ကြိုးစားသင့်ပါတယ်။

မျက်ရည်မကျခင်သိစေချင်

အရှင်ဇဝန (မေတ္တာရှင်)



Sunday, April 5, 2015

ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့



ချစ်ခြင်း မုန်းခြင်း ကင်းရာဆီသို့

တုန်လှုပ်ခြင်း ကင်းစွာ လောကကို ရင်ဆိုင်ချင်၊ အကျိုးပြုချင်ပါတယ်။ တုန်လှုပ်တာကို မကြိုက်ပါဘူး။ တုန်လှုပ်မှတော့ ဘယ်မှာ တည်ငြိမ်ပါတော့မလဲ။ မတည်ငြိမ်တဲ့ ဘဝဟာ ပန်ပန်းရပါတယ်။ ပင်ပန်းရတဲ့ ဘဝဟာ စိတ်ပျက် ငြီးငွေ့ဖွယ်ရာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချစ်ခြင်း မုန်းခြင်း မကင်းသေးသရွေ့ တုန်းလှုပ်ခြင်း ဆိုတာ ရှိနေမှာပါ။ ချစ်လျှင် ချစ်သလောက် တုန်လှုပ်ရပါတယ်။ မုန်းလျှင်လည်း မုန်းသလောက် တုန်လှုပ်ရပါတယ်။ တုန်လှုပ်ရတဲ့ ပမာဏနှင့် အညီအမျှပဲ စိုးရိမ်ခြင်း၊ ပူပန်ခြင်းဆိုတဲ့ ဆင်းရဲကလည်း ဖြစ်တာပါ။ ချစ်ခြင်းကြောင့် တုန်လှုပ်ရတာက တမြေ့မြေ့ ဆင်းရဲပါတယ်။ မုန်းခြင်းကြောင့် တုန်လှုပ်ရတာက ဝုန်းဒိုင်းကြဲပြီး ဆင်းရဲပါတယ်။ ဆင်းရဲပုံ ကွာပေမဲ့ ဆင်းရဲတာကတော့ ဆင်းရဲတာချည်းပါပဲ။ ဒါပေမဲ့ ချစ်ခြင်းကြောင့် တုန်လှုပ်ပြီး ဆင်းရဲတာက တမြေ့မြေ့ လောင်ကျွမ်းပြီး ကြာရှည် ခံစားရတာမို့ သူက ပိုတောင် ကြောက်စရာ ကောင်းသလိုပါပဲ။

ချစ်ခြင်း မုန်းခြင်း ကင်းရာလမ်းကို အတုမရှိ ဆရာမြတ်က ညွှန်ပြပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က အဲဒီ လမ်းကို မှန်မှန် မလျှောက်လှမ်းနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ လမ်းမဟာကြီးဟာ ချစ်ခြင်း မုန်းခြင်းတို့ အကြားမှာ ဝေဝါးသွားတတ်တာပါပဲ။ လမ်းလျှောက်ရင်း လမ်းပျောက်တတ်တာလည်း သဘာဝလိုတောင် ဖြစ်နေတယ် မဟုတ်လား။ ပုထုဇဉ်တို့ သဘာဝ အရလည်း အဲဒီလို လမ်းပျောက်နေတာကိုပင် သာယာနှစ်ခြိုက် အကြိုက်လည်း တွေ့နေတတ်ပါသေးတယ်။

ချစ်ခြင်း မုန်းခြင်း ကင်းဖို့ဆိုလျှင် ကိလေသာမြူတို့ ကင်းစင်ရပါမယ်။ ကိလေသာ ကင်းစင်လျှင်ကား ချစ်ခြင်း မုန်းခြင်းများ မရှိတော့။ ချစ်ခြင်း မုန်းခြင်း မရှိတော့လျှင် စိုးရိမ်းဖွယ်လည်း မရှိ။ စိုးရိမ်ဖွယ် မရှိခြင်းသည် ဘေးရန်ကင်းသောကြောင့် ဖြစ်ပါတယ်။

ချစ်ခြင်း မုန်းခြင်းတို့ အလျှဉ်းမကင်းသေးသော်မှ နည်းပါးလျှင် နည်းပါးသလောက် တုန်လှုပ်မှု နည်းမှာ ဖြစ်ပါတယ်။ တုန်လှုပ်မှု နည်းလျှင် စိုးရမ်မှု၊ ပင်ပန်းမှုတို့လည်း နည်းပါးပါလိမ့်မည်။

သို့ဖြစ်ရကား ချစ်ခြင်း မုန်းခြင်းကို တစ်စတစ်စ လျှော့ချနိုင်ပြီး အဆုံးတစ်နေ့တွင် ချစ်ခြင်း မုန်းခြင်း လုံးဝ ကင်းရာ လမ်းကို လျှောက်လှမ်းနိုင်ပါစေသောရယ်လို့။

ဘုန်းဉာဏ်
(၂၁၊ ၁၁၊ ၂၀၁၂)

Monday, March 30, 2015

စိတ်၏ထွက်ပေါက်များ


စိတ်၏ထွက်ပေါက်များ

ထွက်ပေါက်ဆိုတာကို ပါဠိဘာသာနဲ့ ဖော်ပြတဲ့အခါ ဗုဒ္ဓမြတ်စွာက ‘နိဿရဏ’ ဆိုတဲ့ စကားလုံးကို အသုံးပြုထားတယ်။ ‘နိဿရဏ’ ဆိုတာ ထွက်ပေါက်ပဲ၊ တစ်စုံတစ်ခု အခက်အခဲ အကြပ် အတည်းတွေနဲ့ ကြုံတွေ့နေတဲ့အခါမှာ လူတွေဟာ ထွက်ပေါက်ရှာလေ့ ရှိကြတယ်။ လှောင်ပိတ်မိ နေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်တယ်။ လေတောင်မှပဲ လှောင်ပိတ်ထားမယ်ဆိုရင် ပေါက်ထွက်သွားနိုင်တယ်။ ထို့အတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲနဲ့ စိတ်ဖိစီးမှုတွေကို ချုပ်တည်းထားမယ်ဆိုရင် ပေါက်ကွဲသွားနိုင်တယ်။ ဒါ့ကြောင့်မို့ နှလုံးကွဲတာတို့၊ အသဲ ကွဲတာတို့ဖြစ်တာ။

မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုရဖို့ အင်မတန်မှ အရေးကြီးတယ်။ မြတ်စွာဘုရားက “စိတ်၏ ထွက်ပေါက်များ” ဆိုတာကို ညွှန်ပြတော်မူထားတယ်။ နေ့စဉ်ဘ၀မှာ စိတ်နဲ့ပတ်သက်ပြီး အကြပ် အတည်း တစ်စုံတစ်ရာ တွေ့လာမယ်ဆိုရင် ဟောဒီ ထွက်ပေါက်များကို အသုံးချပြီး ဖြေလျော့လို့ ရနိုင်တယ်။ နောက်ဆုံးမှာ စိတ်ဟာ လုံးဝလွတ်မြောက်သွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိ သွားနိုင်တယ်။ လုံးဝလွတ်မြောက်သွားတဲ့ စိတ်ဓာတ်လေးဟာ ဘယ်အခါကာလမှ ပြန်လည်ပြီး အကျဉ်းအကြပ် တွေ့တယ်ဆိုတာ မရှိဘူး၊ ဘယ်အခါကာလမှ ပြန်လည်ပြီး ပိတ်မိတာ၊ ဖိစီးတာ မရှိတော့ဘူး။

စိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ ခေါ်ပြီး စိတ်ဖိစီးမှုကို stress လို့ခေါ်တယ်။ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာ အကျဉ်းအကြပ်တွေ ဖြစ်ပေါ်နေလို့ရှိရင် ဘယ်လိုလုပ်ပြီး ဒီအကြပ်အတည်းက ရုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရတယ်ပေါ့။ ဒါကြောင့်မို့ စိတ်၏ထွက်ပေါက်များက ထွက်နိုင်ဖို့ လေ့ကျင့်ထားကြရမှာ ဖြစ်တယ်။

နိဿရဏသုတ်

အဲဒီလို လေ့ကျင့်ထားဖို့ စိတ်၏ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “နိဿရဏသုတ်” မှာ ၆-မျိုး ဟောထားတာရှိတယ်။ စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့ နည်းနဲ့ထွက်ပေါက်ရဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားတာ။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါဘူးတဲ့။ ဖိစီးမှုတွေ ဖြစ်လာရင်လည်း ထွက်ပေါက်ရသွားမှာပါ။

အမုန်းစိတ်၏ထွက်ပေါက်


ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာဖြစ်တယ်။ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတယ်၊ ဒေါသ ဗျာပါဒလို့ခေါ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်။ အဲဒီလို စိတ်ရဲ့အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ဖြစ်လာလို့ရှိရင် ထိုဒေါသရဲ့ ထွက်ပေါက်ရှာတာ တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီ အနိုင်ယူလိုက်တာ ထွက်ပေါက် မဟုတ်ဘူး၊ သို့သော် လူတွေက အဲဒါကိုပဲ ထွက်ပေါက်ထင်ပြီး အဲဒီကနေ ထွက်ကြတယ်။ 

ထိုအခါ ပြဿနာပဲ ထပ်တက်လာတယ်ပေါ့။ မြတ်စွာဘုရားက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က ဘာလဲဆိုတော့ မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့၊ မေတ္တာ ပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။ ဒါ မှန်ကန်တဲ့ နည်းစနစ်ပဲ။

လောကကြီးမှာ မြတ်စွာဘုရားက ဟောထားတယ် - “ရန်ကိုရန်ချင်း မတုန့်နှင့်နဲ့၊ ရန်ကိုရန်နဲ့ တုန့်ပြန်ရင် ဘယ်တော့မှ မငြိမ်းဘူး” တဲ့ ဥပမာပေးထားတယ်။ မစင်အညစ်အကြေးတွေ ပေနေတဲ့ နေရာကို ရေနဲ့သာ ဆေးလို့ရတယ်၊ ထို မစင်အညစ်အကြေးနဲ့ဆေးကြောလို့ မရဘူးတဲ့၊ ပိုပိုပြီး တော့သာ ညစ်ထေးသွားမယ်။ ရေစင်ရေသန့်နဲ့ ဆေးကြောမှသာလျှင် စင်ကြယ်နိုင်တယ်။

ထို့အတူပဲ စိတ်အလိုမကျတဲ့, စိတ်ထဲမှာ တင်းကျပ်လာတဲ့, စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒေါသ ဗျာပါဒဆိုတဲ့ emotion ကို ဖြေဖျောက်ချင်ရင်တော့ မေတ္တာဆိုတဲ့ ထွက်ပေါက်က သွားရမယ်တဲ့။ မေတ္တာဟာ အလိုမကျဖြစ်နေတဲ့ စိတ်ရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စကားလုံးအတိုင်းပြောရရင် “နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ” - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ မေတ္တာဟာ ဗျာပါဒဆိုတဲ့ စိတ်အလိုမကျမှုရဲ့ ထွက်ပေါက် ဖြစ်ပါတယ်တဲ့။

မေတ္တာဆိုတဲ့ သဘောတရားကို လေ့ကျင့်ချင်ပြီဆိုရင် ပထမ လုပ်ရမှာက ကိုယ့်သန္တာန်မှာ မေတ္တာ ဆိုတဲ့အရာကို တွေ့အောင်ရှာဖို့လိုတယ်။ တဏှာရာဂနဲ့ချစ်တဲ့ အချစ်ကို မေတ္တာလို့ အရပ်ထဲမှာ ခေါ်နေကြပေမယ့် အဲဒါနဲ့လုံးဝမတူဘူး၊ အဲဒါနဲ့ ရောထွေးသွားတတ်တယ်။

ဆိုလိုတာက “ရာဂနဲ့မေတ္တာ” ဟာ ဆင်ဆင်တူတယ်။ တစ်ဦးတစ်ယောက်ကို ချစ်ခင်ပြီ ဆိုလို့ရှိရင် favour ပေးချင်လာတယ်၊ မေတ္တာကလည်း သတ္တ၀ါတွေအပေါ်မှာ favour ပေးတဲ့ သဘောရှိတယ်။ အားလုံးအပေါ်မှာ အကျိုးလိုလားတဲ့သဘောရှိတော့ သဘောချင်းက နီးနေတယ်။ 

နီးနေသည့်အတွက်ကြောင့် မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်ပေါ့။ ဘာက၀င်ပြီး မေတ္တာ အယောင်ဆောင်တတ်သလဲဆိုရင် ရာဂက ၀င်ပြီးတော့ မေတ္တာ အယောင်ဆောင် တတ်တယ်။ လှည့်စားမှုလို့ခေါ်တယ်။ 

“ရာဂေါ မေတ္တာယ ၀ဉ္စေတိ” - တဏှာရာဂသည် မေတ္တာအယောင်ဆောင်ပြီးတော့ လှည့်စား သွားတတ်တယ်” တဲ့။ အဲဒါကြောင့်မို့လို့ တဏှာနဲ့မေတ္တာ ကွဲအောင် အရင်ကြည့်ဖို့လိုတယ်။

မေတ္တာဆိုတာက သူ့အကျိုးကို လိုလားတဲ့ စိတ်ဓာတ်၊ တဏှာဆိုတာက ကိုယ့်အကျိုးကို ဦးစား ပေးတာ၊ မေတ္တာဆိုတာ စွန့်လွှတ်နိုင်တယ်, တွယ်တာမနေဘူး၊ တဏှာဆိုတာက မစွန့်လွှတ်နိုင်ဘူး၊ အင်မတန်မှ ကွဲပြားခြားနားမှုတွေ ရှိတယ်။

တဏှာချစ်နဲ့မေတ္တာချစ် - တဏှာချစ်က ပူလောင်တယ်၊ မေတ္တာချစ်က အေးမြတယ်၊ မေတ္တာဆိုတာ အတွယ်အတာကင်းတယ်၊ ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ စိတ်သဘောပဲ။ မေတ္တာဆိုတာ သူ့အတွက်၊ တဏှာဆိုတာ ကိုယ့်အတွက်။

လူတွေက ဘယ်သူ့ကို ခင်ပါတယ် ချစ်ပါတယ်နဲ့ ပြောနေကြတာပဲ၊ တကယ်ချစ်တာ ဟုတ်ရဲ့လား လို့ဆိုပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ကိုချစ်တာမဟုတ်ဘူး၊ သူ့မြင်နေရလို့ရှိရင် ကိုယ် စိတ်ချမ်းသာတယ်။ ထိုစိတ်ချမ်းသာမှုလေးကို ချစ်တာနော်၊ ဒါကို လူတွေမျက်စိ လည်သွားကြတယ်။

မေတ္တာချစ်ဆိုတာ ဒါမျိုးမဟုတ်ဘူး၊ အကျိုးစီးပွားကို လိုလားတယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သို့သော် တွယ်တာမနေဘူး၊ ကိုယ့်အတွက် မစဉ်းစားဘူး၊ သူ့အတွက်ပဲ စဉ်းစားတယ်။

ဒီ့ထက်ရှင်းအောင် ပြောရမယ်ဆိုရင် မေတ္တာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်” ကို ခေါ်တာပါ။ “မိတ္တဿ ဧသာ မေတ္တာ” – “မိတ္တဿ - မိတ်ဆွေသူငယ်ချင်းရဲ့၊ ဧသာ - ဥစ္စာဖြစ်တဲ့ စိတ်သဘော ထားပဲ၊ မေတ္တာ - မိတ်ဆွေသူငယ်ချင်းရဲ့ စိတ်သဘောထား စိတ်နေ စိတ်ထား” အဲဒါဟာ မေတ္တာပဲ။

မေတ္တာဆိုတဲ့ သဘောတရားဟာ အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘောတရား၊ ကောင်းကျိုး ချမ်းသာကို လိုလားတဲ့ ကြီးပွားစေချင်တဲ့ သဘောတရား။ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ့်လို့ လေ့ကျင့်ပေးမှ အစွမ်းထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။

အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရလဲ၊ ကျောက်နဲ့ သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို့အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄-ယောက် - နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမာန်ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထို ပုဂ္ဂိုလ် ၄-ယောက်သည် အပိုင်းအခြားတွေ။

လူဆိုတာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄-ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေလို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄-ယောက် စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့ မြင်သွားပြီဆိုရင် ဒီလူရဲ့မေတ္တာဟာ အစွမ်းအထက်ဆုံး အဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခု ပေးထားတယ်၊ ဒီပုဂ္ဂိုလ် ၄-ယောက်ကို - ဆိုပါစို့ - ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ် ပူဇော်တာ ခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ်ပူဇော်ဖို့အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင်ရယ်, ကိုယ့်မိတ်ဆွေရယ်, သာမန်ပုဂ္ဂိုလ်တစ်ယောက်ရယ်, ကိုယ့်ရဲ့ရန်သူရယ် ၄-ယောက် ရှိတယ်။

အဲဒီ ၄-ယောက်ထဲက ဘယ်သူ့ပေးမလဲ ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက် ယောက်တော့ လိုက်ရမယ်၊ ကိုယ့်စိတ်ထဲက ဘယ်သူ့ပေးမလဲ၊ သြော် သူတို့ ၃-ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို အပေါ်မှာ မေတ္တာပျက်ရာ ရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး, မမျှတဘူးလို့ ပြောရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ “ငါနဲ့ မတည့်တဲ့ကောင်လိုက်သွား” ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄-ယောက်စလုံးကို “တစ်ယောက်မှမပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး” ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီတဲ့ - ဒီလိုဆိုတာ။

ဒါကြောင့်မို့ မြတ်စွာဘုရားကဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ၊ ဗျာပါဒဿ - စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့၊ နိဿရဏံ - ထွက်ပေါက်ပါပဲ” တဲ့၊ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။ နောက်ဆုံး ဘယ်လိုပဲ စိတ်ဆိုးအောင်လုပ်လုပ် ဘယ်တော့မှ စိတ်ဆိုးတာ မရှိတော့ဘူး။

ဗျာပါဒ ဆိုတဲ့ ဒေါသဟာ လူတိုင်းဖြစ်ဖူးကြတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ၊ စိတ်တည်ငြိမ်နေမှုတွေ လုံးဝပျက်စီးသွားတယ်၊ နှလုံးခုန်မှုတွေ ပြင်းထန်လာတယ်, မျက်နှာတွေ နီရဲလာတယ်, သွေးခုန်မှုတွေ ပြောင်းလဲလာတယ်၊ နှလုံးကနေ လှုံ့ဆော်လာသည့် အတွက် ကြောင့် နှုတ်က မဟုတ်တဲ့အသံတွေ၊ မဟုတ်တဲ့စကားတွေ ပြောလာတယ်၊ လက်ကလည်းပဲ အန္တရာယ်ပြုမယ့် အပြုအမူမျိုးတွေ ဖြစ်လာတယ်။ ဒါ ဒေါသရဲ့ စွမ်းဆောင်မှု တွေပဲ။

အဲဒီလို ဒေါသဆိုတဲ့ အမုန်းတရားဟာ နှလုံးသားထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်နိုင်တာ ဒါဟာ ထွက်ပေါက်အစစ်ပေါ့။ ဒါကို ဆိုလိုတယ်၊ မြတ်စွာဘုရားက ဟောခဲ့တာ။

ရက်စက်လိုစိတ်၏ ထွက်ပေါက်

ထို့အတူပဲ နောက်ထပ်ထွက်ပေါက်တစ်ခု ရှာရဦးမယ်။ လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ ဆိုပါစို့ - စိတ်ဆိုးတယ်ဆိုတာ ရိုးရိုး စိတ်ဆိုးကြတာပဲ၊ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်၊ သူငယ်ချင်းအချင်းချင်း စိတ်ဆိုးကြတယ်၊ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါရဲ့လား၊ မပါဘူးနော်။

မိဘက သားသမီးကို စိတ်ဆိုးတယ်ဆိုတဲ့ နေရာမှာ “ဒီကောင်ကို သေအောင်လုပ်မယ်” ဆိုတဲ့စိတ်မပါဘူးနော်၊ အေး အဲဒီစိတ်ဓာတ်မျိုး ပါလာပြီ ဆိုလို့ရှိရင် သူ့ကို ဘာခေါ်လဲဆိုတော့ “၀ိဟိံသာ” လို့ ခေါ်တယ်။ ၀ိဟိံသာ ဆိုတဲ့ ရက်စက်မှု၊ ညှဉ်းပန်း နှိပ်စက်မှု ဆိုတဲ့သဘောတရား စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တယ်တဲ့။ ဘုန်းကြီးတို့တစ်တွေ ဒေါသကို မထိန်းတဲ့အခါမှာ ညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ ၀ိဟိံသာတရား စိတ်ဓာတ်ထဲမှာ ပေါ်လာပြီ၊ အဲဒီလိုပေါ်လာလို့ရှိရင် စိတ်ရဲ့ထွက်ပေါက်က ဘာနဲ့လုပ်ရမလဲ ဆိုလို့ရှိရင် ကရုဏာတရားကို ပွားလိုက်ရမယ်တဲ့။

ကရုဏာဆိုတာ သူများကို ညှဉ်းဆဲလိုမှု၊ ရက်စက်လိုမှုဆိုတဲ့ cruelty ဆိုတာရဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒါကြောင့် ကရုဏာတရားကိုပွားပြီဆိုရင် လောကမှာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ, သနားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ - ဆိုပါစို့ - ရောဂါဖြစ်လို့ ဒုက္ခ ဝေဒနာ ခံစားနေရတဲ့ပုဂ္ဂိုလ်, စီးပွားရေးအဆင်မပြေလို့ စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်, စားစရာသောက်စရာ မရှိလို့ ဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ်, လောကမှာ အဆင်မပြေလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သနားစရာပုဂ္ဂိုလ်တွေပဲ။

အဲဒီလို သနားစရာပုဂ္ဂိုလ်ကို ရွေးချယ်ပြီး “ဒုက္ခာမုစ္စန္တု” – “အခြေအနေဆိုးတွေက လွတ်မြောက်ကြ ပါစေ, မကောင်းတဲ့ အခြေအနေတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ကြပါစေ” - ဆိုတဲ့ စိတ်ဓာတ် ကလေးနဲ့ အဲဒီလို ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကို အာရုံပြုပြီး လေ့ကျင့်ယူရမယ်တဲ့။

မနာလိုစိတ်၏ ထွက်ပေါက်

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲကဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊ ၀မ်းမသာကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ 

အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။

အဲဒီလို jealousy ဖြစ်လာတာဟာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မခံနိုင်တဲ့သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်တဲ့ စိတ်ရဲ့ဖိစီးမှု ဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက်ရှာမလဲဆိုရင် မုဒိတာတရားပွားများခြင်းဖြင့် ထွက်ပေါက်ရှာရမယ်တဲ့။

မုဒိတာတရား ပွားများချင်လို့ရှိရင် အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး “ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု” “ရ,ထားတဲ့ စည်းစိမ် အခြေအနေတွေက၊ အောင်မြင်မှုတွေက ဘယ်တော့ မှ ဆုတ်ယုတ် မသွားကြပါစေနဲ့၊ ထာဝရပျော်နိုင်ကြပါစေ၊ ထာဝရရွှင်လန်းနိုင်ကြပါစေ၊ ရရှိထားတဲ့ အခြေအနေကောင်းတွေက ဆုတ်ယုတ်ပျက်စီး မသွားကြပါစေနဲ့”၊ အဲဒီစိတ်ဓာတ်လေးကို လေ့ကျင့်ပေးရမယ်တဲ့။

လေ့ကျင့်ပေးလို့ရှိရင် ခုနပြောတဲ့ သူများစည်းစိမ်နဲ့ ပတ်သက်ပြီးတော့ အကောင်းမပြောနိုင်တဲ့ “အရတိ” ဆိုတဲ့ မပျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ ထွက်ပေါက်ကို ရသွားမှာဖြစ်ပါတယ်၊ ဒါ မုဒိတာ ဆိုတဲ့ ထွက်ပေါက်။

ချစ်စိတ် မုန်းစိတ်၏ ထွက်ပေါက်

နောက်တစ်ခုက ဘာလဲလို့ဆိုရင် လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့ စိတ်ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။

ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင် “သဗ္ဗေသတ္တာ ကမ္မဿကာ” - သတ္တ၀ါဆိုတာ သူ့ကံနဲ့ သူလာတာ လို့ ပွားရတယ်။ ချစ်ခြင်းကိုလည်း ရှောင်မယ်, မုန်းခြင်းကိုလည်း ရှောင်မယ်၊ ချစ်ခြင်း မုန်းခြင်း ထိုနှစ်မျိုးလုံးမပါဘဲနဲ့ တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကို ဥပေက္ခာလို့ ခေါ်တယ်။

ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာ ကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို “ဥပေက္ခာပြုတယ်” လို့ ပြောနေကြတယ်။ အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ ဥပေက္ခာက အလွန် မွန်မြတ်တယ်၊ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့ သဘောထား၊ ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လို ပြန်တယ်။ equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။

အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။ ဒါကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။

မြဲတယ်လို့ထင်မြင်စိတ်၏ ထွက်ပေါက်


နောက်တစ်ခုကတော့ ၀ိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်တယ်။ ဘုန်းကြီးတို့တစ်တွေမှာ အရာ ခပ်သိမ်းကို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်ကိုယ်ကိုပဲဖြစ်စေ, ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပဲ ဖြစ်စေ နိစ္စထာဝရလို့ ထင်နေကြတယ်။ မြဲတယ်ဆိုတဲ့ အတွေးတွေ ရှိနေကြတယ်။ ၀ိပဿနာ တရားကို ကျင့်ကြံကြိုးကုတ်အားထုတ် လိုက်ပြီဆိုရင် စက္ကန့်မလပ် ပြောင်းလဲနေတဲ့သဘောတွေ, ပြောင်းလဲပျက်စီးနေတဲ့ အရာတွေကို တွေ့မြင်လာနိုင်တယ်။ ဒီလိုမြင်ရင် မြဲတယ်ဆိုတဲ့ အတွေးတွေကို လျှော့ချသွားနိုင်တယ်ပေါ့။ အဲဒီ မြဲတယ်ဆိုတဲ့ နိစ္စနိမိတ်၊ မြဲတယ်လို့ ယူဆနိုင်တဲ့ အရိပ်အယောင်ဟာ တစ်ခုမှမရှိဘူး။

ရင့်သန် အားကောင်းလာတဲ့ ၀ိပဿနာတရား (ဗလ၀၀ိပဿနာ) ဟာ မြဲတယ်လို့ ထင်မြင် ယူဆနေတဲ့ အတွေးစိတ်ရဲ့ ထွက်ပေါက်တစ်ခုပဲတဲ့။ ၀ိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် မြဲတယ်ဆိုတဲ့ အရိပ်အယောင်တွေကို ဖယ်ရှားပစ်နိုင်ပြီး မမြဲဘူးဆိုတဲ့ အမှန်အကန်ကို မြင်လာနိုင်ပါတယ်။ ဒါက အလွန်အဆင့်မြင့်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။ အဲဒီ ထွက်ပေါက် ရထားပြီဆိုရင် သောကဆိုတာ နည်းသွားမယ်၊ တွယ်တာမှုတွေဆိုတာကို လျှော့ချလာနိုင်မယ်။

မာန၏ ထွက်ပေါက်

နောက်ဆုံး ထွက်ပေါက်တစ်ခုက ဘာလဲဆိုလို့ရှိရင် ငါဆိုတဲ့ မာနရဲ့ ထွက်ပေါက်ပဲ။ လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည်အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန” လို့ ပြောတယ်။

မာနဆိုတာဟာ သူများထက်သာတယ်လို့ပြောမှ မာန မဟုတ်ဘူး။ လူတွေမှာ ဖြစ်တတ်တယ်လေ၊ ဆိုပါစို့ - အဘိဓမ္မာတရားဟောလို့ရှိရင် ငါ နားမလည်ပါဘူးကွာ, နားလည်နိုင်မှာ မဟုတ်ပါဘူး, တို့ ဉာဏ်မမီပါဘူးလို့ အဲဒီလိုတွေးတာကလည်း နိမ့်ကျတဲ့မာနပဲတဲ့။ ဒါကတော့ ငါ့အတွက် လွယ်လွယ်လေးပဲလို့ သွားတွေးလို့ ရှိရင်လည်း သူ့အရည်အချင်းပေါ်မှာ တွေးတောဖြစ်သည့် အတွက်ကြောင့် မာနပဲ။ အဲဒီလို မာနမျိုးတွေဟာ တရားထူး တရားမြတ်ရဖို့ရာအတွက် အဟန့် အတားတစ်ခု ဖြစ်တယ်။

ဒါကြောင့် အဲဒီ အဟန့်အတားဆိုတဲ့ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ အားကိုးပြီး ဖြစ်ပေါ်နေတဲ့ မာနအထင်တွေ ပျောက်သွားအောင် ၀ိပဿနာကျင့်စဉ်ကျင့်ရတယ်။ နောက်ဆုံးရဟန္တာပုဂ္ဂိုလ်ဘ၀ ရောက်သွားလို့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပြီ ဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အထင်ရောက်တဲ့ မာနတရားဟာ လုံးဝ ရှင်းသွားပါလိမ့်မယ်၊ အဲဒါက မာနတရားရဲ့ ထွက်ပေါက်ပါ။

အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “နိဿရဏဓာတုသုတ်” မှာ စိတ်၏ ထွက်ပေါက် များ ဆိုပြီး ဟောထားတာရှိတယ်။ ဒီထွက်ပေါက်များသည်သာလျှင် တကယ့်စစ်မှန်တဲ့ ထွက်ပေါက်များ ဖြစ်သည့်အတွက်ကြောင့် ထိုတရားများဟာ လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင် ဒီထွက်ပေါက်တွေဟာ ကိုယ်ကိုယ်တိုင် သိရှိနိုင်မယ့် ထွက်ပေါက်မျိုးတွေ ဖြစ်တယ်။

တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ စိတ်၏ ထွက်ပေါက်များကို လက်တွေ့ကျကျ အသုံးချပြီးတော့ မိမိတို့စိတ်ရဲ့ အကျဉ်းအကြပ်မှ လွတ်နိုင်ကြတယ်။

ဒေါသဆိုတဲ့ emotion တွေ, ၀ိဟိံသာဆိုတဲ့ emotion တွေ, အရတိဆိုတဲ့ မပျော်မွေ့နိုင်မှု emotion တွေ, ရာဂ ဆိုတဲ့ တပ်မက်မှု emotion တွေ, သင်္ခါရ တရားတွေနဲ့ ပတ်သက်ပြီးတော့ မြဲတယ်ဆိုတဲ့ အထင်နိမိတ်တွေ, ကိုယ့်ကိုယ်ကိုထင်နေတဲ့ ကိုယ့်အရည်အသွေးပေါ်မှာ အခြေပြုပြီးတော့ထားတဲ့ မာနတွေ၊ အဲဒီ emotion တရားတွေရဲ့ ထွက်ပေါက်တွေဟာ မေတ္တာတို့, ကရုဏာတို့, မုဒိတာတို့, ဥပေက္ခာတို့¸၀ိပဿနာနဲ့ အရဟတ္တမဂ်ဉာဏ်များသာ ဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဟောကြား တော်မူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိတို့သန္တာန်မှာ အဆင့်ဆင့် လေ့ကျင့် ယူခြင်းဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်သိရှိနားလည်ပြီး မိမိတို့မှာ စိတ်၏ ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီ ကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

မေတ္တာဖြင့်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော


စိတ်၏ ထွက်ပေါက်များ တရားတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။

Sunday, March 29, 2015

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ


မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ 

မြတ်စွာဘုရားရှင်က“မသေခင်သုတ္တန် ”လို့အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကိုတစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်။

မြင့်မြတ်တဲ့လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။

♦မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှနည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက် ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

♦ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။မသေခင် ကိုယ်တကယ်ပိုင်တ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။

♦မသေခင်မှာ ကိုယ့်စိတ်ကိုယ် "ဒေါသမီး" မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။ သူလည်းတစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။

♦နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မူတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသောမနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

♦ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများအကျိုးပြုနိုင်မှာမို့လဲ။

♦လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင်ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

♦နူတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။အပိုစကားတွေ၊အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

♦မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့ လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှအချိန်တိုင်းကို စိတ်တည်ငြိမ်းမူအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။

♦ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကိုပုံဖော်တပ်မက်နေ တာမျိုးလည်းလုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်းစိတ်နာနေလို့အပိုပါပဲ။

♦ကံ၊ ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊အလုပ်မှားရင် အကျိုးတရားလည်း မှားပြီ ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။

♦ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

♦ကိုယ့်ကို သူတပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလူံ့ဆော်တာမျိုးလုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။

♦လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလိုဝန်တို၊ ၀န်တိုမူ (ဣဿာ၊ မစ္ဆရိယ)ကိုလည်းတွန်းလှန်နိုင်ရ ပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ "မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်" ပါပဲ။

♦ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နူတ်အပြောအဆိုကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူမဖြစ်စေရဘူး။

♦ကိုယ်ကျင့်တရား မကောင်းသူ(သီလမရှိသူ)ကို ပတ်ဝန်းကျင်ကရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ "ကိုယ်ကျင့်တရားပျက်သူ" မဖြစ်ပါစေနဲ့။

♦ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လူံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကိုမနာလိုဝန်တိုဖြစ်ပြီးကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

♦မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊အသံ၊အနံ့၊ အရသာ၊အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘအစရှိတဲ့ ကိလေသာရေအလျဉ်တေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကာမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန်းတရားကိုပွားများနိုင်ရင်ကိလေသာရေ စီးဆင်းမူ ရပ်တန့်သွားမှာပါ။

♦မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ပညာ၊အာဏာ၊သူများထက်သာတယ်လို့ ထင်နေတဲ့ “အထင်”ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။တကယ်မဟုတ်ပါဘူး။

♦မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာ ကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။

♦ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါး အပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါးပါးစပ်မှာလမ်းဆုံး၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ၊ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။

♦ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမူတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်တ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမူ၊ စီးပွားရာထူးတိုးတက်မူ၊ သံသရာကောင်းစားမူတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြပါမယ်။

♦အကောင်း၊အဆိုးလောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ မှာလည်းစိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။

♦သက်ရှိ သက်မဲ့တစ်ခုခုအပေါ်တပ်မက်စွဲလမ်းတဲ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမူ ဒုစရိုက်တွေတွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

♦အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်းဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမူ ကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။ ကိုယ်အပြုအမူဖြစ်သမျှ၊စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ်ရူမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှအာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရူနိုင်တဲ့သူ ဖြစ်ရပါမယ်။

♦ကိုယ့်အထက်လူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်း စားလူနဲ့နိုင်းယှဉ်တဲ့မာန၊ မာန သုံးမျိုးလုံးလည်းကင်းရှင်းရပါမယ်။

♦သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်းကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီးသံသရာမှာ ချောက်ကျရပါလိမ့်မယ်။

♦ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ငါ့သမီး၊ငါ့အိမ်၊ငါ့မြေးဆိုပြီးငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။

♦ဘာပဲလုပ်လုပ်ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်။

♦ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်းမတုန်မလူပ် သည်းခံနိုင်ရပါမ ယ်။

♦“တစ်လောကလုံးမှာကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်းမပူပန်တော့ပါဘူး။ ရှိပြီးတော့ မရှိလို့လည်းမဆူညံတော့ပါဘူး။

♦ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမူလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

♦လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာမလုပ်ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်းရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်းဆောင်နိုင်လာပါလိမ့်မယ်။

♦မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံးအကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ ဘ၀လွတ်မြောက်မူကိုရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

♦ဒါ့ကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။

[ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)] (မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ-)

Dhamma Danã Source 

Tuesday, March 24, 2015

ခရီးထွက်ဖို့ ပြင်ဆင်ထားပါ


ခရီးထွက်ဖို့ ပြင်ဆင်ထားပါ

ယနေ့ မိမိတို့ ကြိုးစားနေကြတဲ့ နိဗ္ဗာန်ဆိုတဲ့ လမ်းခရီးက သွားရမဲ့ လမ်းတစ်လျှောက်လုံးမှာ အဟန့်အတား အနှောင့်အယှက် အမျိုးမျိုးက ဆီးကြိုနေသမျှ ဒါတွေကို ပယ်ရှင်းနိုင်ဖို့ အခွင့်အရေး တွေကို ဘယ်လောက်ပဲ နည်းမျိုးစုံသုံးပြီး အကောင်းဆုံး ဖော်ထုတ်ဟော ဟော ကိုယ်ကမှ သိအောင် မြင်အောင် မကျင့်နိုင်သေးသမျှ လိုရာပန်းတိုင်မရောက်နိုင်ပါဘူး အခက်အခဲ အတားအဆီး မျိုးစုံကတော့ ကြုံရမှာ မလွှဲမသွေပါပဲ ကျော်ဖြတ်ဖို့ပဲ လိုပါတယ်။

ယနေ့ပြုလုပ်နေတဲ့ မိမိတို့ရဲ့ အလုပ်တွေမှာ ဩော် ငါတို့ အနာဂတ်ခရီးကိုဆက်ဖို့အတွက် ဘာတွေများ ပြင်ဆင်ပြီးပြီလဲ ဘယ်လိုအနေအထား ရောက်နေပြီလဲဆိုတာကို၊ ပိုင်ပိုင်မိမိ သဘောတွေကို ဥာဏ်ရောက်ပြီးတော့ ကိုယ့်ကိုယ်ကို ပြည့်စုံရင်လည်း ၀မ်းမြောက်ပါ လိုအပ်နေရင်လည်း ဖြည့်စွက်ဖို့အတွက် ဖြစ်ရပ်မှန်တွေကို ကောင်းစွာသိဖို့ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်မှာ အကြောင်းအကျိုးနဲ့ ဝေဖန်သုံးသပ်ပြီးတော့ ရှေးဦးစွာကြည့်ရအောင် ဆိုရင် အခု ပစ္စုပ္ပန်ရောက်ရှိနေတဲ့ မိမိတို့သည် အတိတ်ကနေလာကြတာဖြစ်လို့  ပစ္စုပ္ပန်မှာ တစ်ထောက် နားနေ ကြတယ်။ လူ့ဘ၀မှာ ခေတ္တခဏ နားနေကြတယ်။ဒီကနေပြီးတော့ ရှေ့ကို ခရီးဆက်ရ တော့မယ် အနာဂါတ်ကို ။

အနာဂါတ်ကို ခရီးဆက်တဲ့နေရာမှာ မိမိတို့လူ့ဘ၀ကနေ လူ့ဘ၀ကို ပြန်ရောက်နိုင်တဲ့ အနေအထား ကလည်း ရှိသလို၊ဒီထက်မြင့်မြတ်တဲ့ နတ်ပြည်၊ဗြဟ္မာပြည်ဆိုတာလည်း ရှိတယ်။ ဒီ့ထက်မြင်မြတ်တဲ့ နိဗ္ဗာန်ဆိုတာလည်း ရှိတယ်။ အနိမ့်ကျဆုံးဖြစ်တဲ့ အပါယ်လေးဘုံလည်း ရှိပြန်ပါတယ်။ အဲ့လိုရှိတဲ့ အတွက်ကြောင့်မို့လို့ အနာဂတ် ခရီးမှာကတော့  စောင့်ကြိုနေတဲ့ ပန်းတိုင်တွေက အများကြီး။ သူတော်စင်များက ဘယ်သွားချင်တာတုန်း ။

နိဗ္ဗာန်သွားချင်ရင် နိဗ္ဗာန်နဲ့ထိုက်တန်တဲ့ အရာ ကိုယ့်ဆီမှာ ရှိပြီလား ဆိုတာကို အရင်သိဖို့အတွက်က ဟောဒီပစ္စုပန်မှာ ရောက်နေကြတဲ့ မိမိတို့အားလုံး သေသေချာချာ ပြန်ပြောင်းပြီးတော့ ကြည့်မယ်ဆိုရင် လူ့ဘ၀ကို ရဖို့ဆိုတာလည်း လူ့ဘ၀ကို ရဖို့အတွက် အတိတ်ဘ၀တုန်းက ကြိုးစား ခဲ့ရတယ်။ နတ်ဘ၀ရဖို့ကလည်း နတ်ဘ၀အတွက် ကြိုးစားခဲ့ရတယ်။ဥပမာအားဖြင့် မြင်လွယ် ထင်လွယ်အောင် ပြောမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို ၀င်ဖို့ အတွက် ပြည်ဝင်ခွင့်ဗီဇာလိုသလိုပါပဲ။ ဒီသဘောပါပဲ။

လူ့ဘ၀ကိုရဖို့ဆိုတာကလည်း အတိတ်တုန်းက လူ့ဘ၀၀င်ခွင့် ကုသိုလ် တံဆိပ် တုန်းလေး ထုခဲ့လိုပါပဲ ။ တကယ်လို့များ မိမိတို့က အကုသိုလ် လက်မှတ်ကြီး ကိုင်ဆောင်ပြီးတော့ လူ့ပြည်ဝင်ချင်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလား ၊လွှတ်လိုက်တာက အပါယ်လေးဘုံပါ။

အနာဂါတ်သံသရာမှာ ရထားတဲ့ လက်မှတ်လေးကို မပျောက်အောင် ဆက်ပြီး စောင့်ရှောက် ထားမယ် ဆိုရင် ဒီ့ထက်မြင့်မြတ်တဲ့ နတ်ပြည်၊ဗြဟ္မာပြည်ကနေ နိဗ္ဗာန်ပြည်အထိ သွားနိုင်ပါတယ်။ ဆိုင်ရာ ဆိုင် ရာ ၀င်ခွင့်ဗီဇာသာ မှန်အောင်လုပ်ခဲ့ရင် ၀င်ရောက်နိုင်မှာပါ။

လူ့ဘ၀မှာ နေတုန်း တရားနာကြတယ်၊ ရိပ်သာဝင်ကြတယ်၊ ပရဟိတအလုပ်တွေ လုပ်ကြတယ်၊ ကုသိုလ်ကောင်းမှု့ စုကြတယ် ဆိုတာ နိဗ္ဗာန် သွားဖို့အတွက် ၀င်ခွင့်ဗီဇာရဖို့ လာတန်းစီ နေကြတာပါပဲ။ အဲ့ဒီဝင်ခွင့်လေးရလား မရလားဆိုတာကို ဆန်းစစ်ရတော့မယ်။ အဲ့လိုဆန်းစစ်ဖို့ အတွက် ဟောဒီရောက်ရှိနေတဲ့ဘ၀ ၊ကျင်လည်ခဲ့ရတဲ့ အနေအ ထားတွေကို ပြန်ကြည့်လိုက်ရင် ပစ္စုပ္ပန်မှာရောက်နေကြတဲ့ အရာက အတိတ်က အ၀ိဇ္ဇာ အုပ်ချုပ်ပြီး လုပ်ခဲ့လို့ လူ့ဘ၀ကိုရောက်ခဲ့ပြီ ဒီအပေါ်မှာ တဏှာအုပ်ချုပ်ပြီး ပြန်လုပ်အုံးမယ်ဆိုရင် အနာဂါတ် သံသရာမှာ ရောက်မယ့် နေရာတွေကတော့ အများကြီးပဲ။ အဲ့ဒီအများကြီးက ဒုက္ခတွင်းထဲမှာပဲ ရှိတဲ့အတွက်ကြောင့် မို့လို့ နိဗ္ဗာန်နဲ့ နီးမှာလား ဝေးမှာလား ဆိုရင် ဝေးမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့

အတိတ်အကြောင်းမှာ အ၀ိဇ္ဇာ သစ္စာမသိတာက စခဲ့သည်။                                                            ပစ္စုပ္ပန်မှာ ဘ၀တဏှာ ရောက်ရာအပျော်နှင့် ဆက်လှည့်သည်။

ယနေ့ပစ္စုပ္ပန်မှာ လူချမ်းသာတွေလည်း သူ့အသိုင်းအ၀ိုင်းနဲ့သူပျော်တာပဲ၊ လူဆင်းရဲတွေလည်း သူ့အသိုင်း အ၀ိုင်းနဲ့ သူပျော်တာပဲ၊ တိရိစ္ဆာန်လေးတွေလည်း သူ့ကျင်လည်နေရတဲ့ဘ၀နဲ့သူပျော်နေ ကြတာပဲ။ အဲ့လိုပျော်နေကြတာက ကိုယ့်ဘ၀ကိုယ် ခင်တဲ့ တဏှာကြောင့်ပါ။ အဲ့ဒီတဏှာနဲ့ ပျော်နေသမျှ အနာဂါတ် သံသရာမှာ ဇာတိမျိုးစုံပြန်ရရင် ဒုက္ခချောက်ထဲ ပြန်ရောက်တာပေါ့။ ဒီလိုနဲ့ပဲ သံသရာကြီး တစ်ပတ်ပြီး တစ်ပတ်လည်ခဲ့ရတာ မဆုံးနိုင်ခဲ့ပါဘူး။

သံသရာရေပြင်ကြီးက သိပ်ကျယ်လွန်းပါတယ်။အဲ့ ဒီကျယ်လွန်းတဲ့ သံသရာရေပြင်ထဲမှာ မမြင်မကန်းနဲ့ သွားခဲ့ တာလည်း မာလှပါပြီ။ယနေ့သာသနာ တော်နဲ့ဆုံတဲ့အခါမှာ အဲ့ဒီသံသရာ ရေပြင်ကနေမှ အလွန်လျှင်မြင်စွာကို အသုံးချရမဲ့ ဒီခန္ဓာကြီးကို အရင်းတည်ပြီးတော့ လိုချင်တဲ့ ပန်းတိုင် နိဗ္ဗာန်ကို အရယူကြဖို့လိုပါတယ်။နိဗ္ဗာန် ရွှေပြည်ပန်းတိုင်ကို တက်လှမ်းချင်တယ် ဆိုရင်တော့ ဒီအတိုင်းမနေကြပါနဲ့။ ၀ိပဿနာတရား ရှု့ပွားအားထုတ်ကြပါ။

ဆရာတော် အရှင်ပုညာနန္ဒ၏ ခရီးထွက်ဖို့ ပြင်ဆင်တာပါ ဆိုတဲ့ တရားကို ဖော်ပြအပ်ပါသည်။


အတုမရှိ ဗုဒ္ဓမြတ်စွာဆိုက်မှ

Thursday, March 19, 2015

ကိုယ်ကြိုက်တာ လုပ်၊ မကြိုက်တာ မလုပ်နဲ


“ကိုယ်ကြိုက်တာ လုပ်၊ မကြိုက်တာ မလုပ်နဲ”

"မိန်းမ"တွေကိုဘာသာ၊ သာသနာသုံးအားဖြင့် "မာတုဂါမ"လို့ခေါ်ပါတယ်။ "မာတု=မိခင်၊ ဂါမ=လမ်း"ဖြစ်လို့ "မိခင်လမ်းသွားနေသူ" လို့နားလည်ရပါတယ်။ "မိန်းမ"ဟူက (အပျိုကြီးတွေ သော်မှ) မိခင်စိတ် ပါလာတာချည်း။ "မိခင်စိတ်"ဆိုတာမေတ္တာဖြင့် ပြုပြင်ပေးခြင်းပဲဖြစ်ပါတယ်။ "ကာလ သမီးအပျိုလေး"ပဲ ကြည့်ပါလေ။ သူတို့ရဲ့ချစ်သူကို"အရက်မသောက်ရ၊ ဆေးလိပ် မသောက်ရ" စသည် စည်းကမ်းထုတ်ပြန်ပြုပြင်ပေးလေ့ရှိတာ မညားမီကတည်းက မဟုတ်လား။ အဲဒါဟာ "မိခင်စိတ်"နဲ့ ပြုပြင် ပေးနေတာလို့ မှတ်သားခဲ့ရဖူးပါတယ်။

မိန်းမတွေရဲ့အရည်အချင်းကောင်းတွေထဲမှာ"ပြုပြင်နိုင်စွမ်းရည်"ဟာလည်း ထူးခြားတဲ့ ဂုဏ်တစ်ခု အဖြစ်ပါဝင်နေပါတယ်။ ဒီသဘောကို"ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး"ရဲ့ တရား တော် တစ်ပုဒ်ထဲက ကောက်နှုတ်ပြချင်ပါတယ်။ ဒီတရားကို" ၁၉၉၆၊ မတ်လ(တပေါင်းလ) (လားဟူ၊ လီရှော တိုင်းရင်းသားများရဲ့ဗုဒ္ဓဘာသာခံယူပွဲကြီး)"မှာ ဟောခဲ့ပါတယ်။ တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့ "လင်မုဆိုးနဲ့ မယားသောတပန်"တဲ့။ လင်နဲ့မယားတို့ရဲ့ ဂုဏ်ရည်က အဲသလောက်ကွာဝေးပါတယ်။

"မုဆိုး"ဆိုတာက သားကောင်တွေကို သတ်ဖြတ်ရောင်းစားလို့ "အပါယ်လေးဘုံ"ကို သွားဖို့ သေချာ နေသူ၊ "သောတပန်"ဆိုတာကတော့"အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝမရှိတော့တဲ့သူ"။ သို့သော် "သောတပန်"အဆင့်မှာ ကိလေသာ မကုန်သေးတဲ့ အတွက်လင်ယူ၊ သားမွေးပြုကြသေးတယ်။ အဲဒီတော့ မယားသောတပန်ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ "ရှေးရေစက်"လို့ပဲ အလိမ္မာစကား ဆိုရ လိမ့်မယ်။ တည့်တည့်ပြောရရင်တော့ "ကာမပြစ် ကာမ၀ဋ်"ပေါ့။ တနည်းအားဖြင့်တော့ သံသရာက ပါလာတဲ့ "အစွဲတဏှာ"ကြောင့်ပေပေါ့။

ကြည့်ပါလေ။ ဟိုရှေးအတီတေ"ကဿပဘုရားရှင်" ရွှေလက်ထက်တော်က "လင်မယားတစ်ဘ၀" တော်ဖူးရုံမျှဖြင့်၊ဒီဘ၀မှာ "မုဆိုးကြီးလင်တော်ချင်စိတ်" ဖြစ်ပေါ်လာလေခြင်း။ နှစ်ပေါင်း အသင်္ချေ ကာလမှာ ငုပ်နေတဲ့အစွဲတဏှာက အဲဒီလိုပြန်ပေါ်လာတာနော်။ (ဘ၀ဆက်တိုင်း ညားခဲ့ဖူးသူတွေ ဘယ်လိုနေမယ်မသိ။) သွေးသံနဲ့ရဲရဲ သားကောင်လေးတွေကို ထမ်းပိုးပြီး တောထဲက ပြန်လာတဲ့ မသတီစရာ ဒီ"မုဆိုးကြီး"ကိုမှ ချစ်မိလေတဲ့ "သောတပန် မယားအလိမ္မာ" ခမျာ တစ်နေ့၊ တစ်နေ့ ဒီမုဆိုးကြီး "သူတော်ကောင်း "ဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေတာပါ။

"မုဆိုးကြီး"မှာတော့ "ဘုရား"ပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရ၊ ဖြတ်ရ ၊ရောင်းရ၊    ၀ယ်ရရင် ပျော်နေတာပါပဲ။ သူက "အန္ဓပုထုဇဉ်"ပဲ။ "အန္ဓပုထုဇဉ် နဲ့ သောတပန်" လင်မယားသာဆို
ရ လောကအမြင်ချင်းက နေထွက်ရာအရပ်နဲ့ နေ၀င်ရာအရပ်လောက် ကွာဝေးပါတယ်။ မုဆိုးကြီးက"အပြစ်ရှိ အပြစ်မဲ့"၊ "အကျိုးရှိ၊အကျိုးမဲ့" ဘာမှခွဲခြားမသိ။ "သောတပန်"ကတော့ "နိဗ္ဗာန်"ရောက်ကြောင်းအထိ သိနေပြီ။ လင်မယားချင်း အဲဒီလောက်ထိ ခြားနား ဝေးကွာ လွန်းလှလေရဲ့။

ဒါပေမဲ့ သောတပန် မယားအလှ စိတ်မပျက်ဘူး။ ချစ်သူ ကိုကယ်တင်ရမယ်။ မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်း စောင့်ပြီး ဒီလို တောင်းပန်ရှာသတဲ့။
"ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက် နာပေးပါနော်"
"ဟာ….ငါနဲ့မဖြစ်လောက်ဘူးထင်ပါရဲ့ကွာ"

အဲဒီလောက်တော့ မုဆိုးကြီး သိသေးတယ်။ ဒါကြောင့် ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားတယ်။ မုဆိုးကြီး ကျွတ်မှာကိုမြင်တော်မူတဲ့ "ဘုရားရှင်"က စင်္ကြလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။ မုဆိုးကြီးရဲ့စရိုက်ကို မုဆိုးကြီး လျှောက်ထားပုံ စကားအားဖြင့် "ဆရာတော်ဘုရားကြီး" သရုပ်ဖော်လိုက်ပုံဟာ အင်မတန်ပီပြင်လွန်း လှပါတယ်။

"တပည့်တော် မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီလာရတာ။ တရားတိုတိုပဲဟောပါ ဘုရာ့"
"ဒါယကာ…..သင်ကြိုက်တာ သင်လုပ်၊ သင် မကြိုက်တာ သင် မလုပ်နဲ့"
"ဘုရား"ကအဲသလို မိန့်ကြားလိုက်ပါတယ်။
"တပည့်တော် တရားနာချင်တယ် ဘုရာ့"
"ငါ ဟောပြီးပြီ"

ဟယ်….။ မုဆိုးကြီး အလွန်ဝမ်းသာသွားတော့တယ်။ သူထင်တာ သူ့ကိုကြိမ်းမောင်းမယ်။ အပြစ် တင်မယ် ထင်နေတာ၊ အခုတော့ အပြစ်မတင်၊ မကြိမ်းမောင်း တဲ့အပြင်" ကိုယ်ကြိုက်တာ ကိုယ်လုပ်"ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား။

တစ်ခါ သူထင်ထားတာက "အကုသလော ဓမ္မော" အစရှိတဲ့ အသိုင်းကြီး အ၀ိုင်းကြီးတွေနဲ့ ဟောမယ်ထင်ခဲ့တာ။ ခုတော့ ကြည့်စမ်း၊"စကားလုံးလေး နှစ်လုံး။ ငါ ဦးကုန်းချတာလောက်တောင်မှ မကြာပါလား" တဲ့။ မယား ဆီ အားရ ၀မ်းသာပြေးလွှား ရင်း-

"နင်တို့ ဘုရားက (သင် ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) လို့ပဲ ပြောလိုက်တယ်။ ငါ့ကို မဆူဘူး၊ မကြိမ်းဘူး" ..လို့ ခြံဝ က အော်ဟစ် ပြောဆိုတယ်။

မယားအလိမ္မာက"သောတပန်"ပီပီသိလိုက်ရပြီ၊ သူသိလိုက်ရတဲ့ "တရားအဓိပ္ပါယ်"ကို အကောင် အထည်ဖော်ဖို့ မယားအလိမ္မာလေး ပြုလိုက်ပုံက မုဆိုးကြီးကို အံ့သြ တုန်လှုပ်သွားစေခဲ့တယ်။ သူ့မယားက သူ့ရဲ့ လေးနဲ့မြားကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါရောလား။

"ဧကန္တ နောက်တစ်ယောက်နဲ့များ…."သူ့မယား လင်ငယ်တွေ့လေသလား ထင်မှားက ဇဝေဇ၀ါကြီး နဲ့ ရှေ့တိုးအလာ-
"ရှေ့မတိုးခဲ့နဲ့၊ အရှင့်ကို သတ်ရလိမ့်မယ်"
မယားရဲ့ မာကြောလှတဲ့အသံ။
"ရှင်မ ၊ နောက်တစ်ယောက်တွေ့လို့များ ဒီလို "
"မဟုတ်လိုက်လေ"
"ရော် ရှင်မပဲ ဘုရားဆီသွား တရားနာ ဆို…"

"ဟုတ်ပြီ ၊ ဒီ လေး နဲ့ မြားအကြောင်း ရှင် ဘယ်လောက်ထိ သိသလဲ"
"ငါ့ လက်နက်အကြောင်း ငါ ကောင်းကောင်း သိတာပေါ့ ဒီ အဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာမလိုဘဲ ထိရုံ နဲ့ အဆိပ်သင့်ပြီး သေစေနိုင်တယ် "
"ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ် သတ်ဖြတ်မယ်ဆို အရှင် ကြိုက်သလား၊မကြိုက်ဘူးလား"
"ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါ သေရမှာ ငါ ဘယ်ကြိုက်ပါ့မလဲ"
“အဲဒါ ဘုရားပြောတဲ့ (သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) ဆိုတဲ့ စကားပဲ”
“ဟေ…ဟင်…..ဟုတ်ပေသားပဲ”

မယားစကားအဆုံးမှာပဲ မုဆိုးကြီး “သောတာပန်” တည်သွားလေရဲ့တဲ့။“စကားနောက် တရားပါတယ်”ဆိုတာ အဲဒါပါပဲ။ “အနာထပိဏ်”စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရပုဂ္ဂိုလ် ကျော်များဟာ ဘုရားနဲ့တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော် နာကြားပြီး “သောတပန် ”တည်ကြပါတယ်။

ဒီ“မုဆိုးကြီး”ကတော့ “မယား”စကားနာကြားပြီး “သောတပန်” တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပါ။ မိန်းမတို့ရဲ့ ပြုပြင်နိုင်စွမ်းရည်ကလည်း အံဖွယ်ပါပေ။ "ဆရာတော် ဘုရားကြီး" ဟာ တရားနာပရိတ်သတ်ထဲက မုဆိုးအလုပ်နဲ့ အသက်မွေးနေတဲ့ အချို့သော သူများကို ချိန်ပြီး ဒီတရားကို လှလှပပ ဟောသွားခဲ့ပုံရပါတယ်။

“ဆရာတော်ဘုရားကြီး”ရဲ့ စေတနာက ဗုဒ္ဓဘာသာရဲ့ အခြေခံကောင်းဖြစ်တဲ့“ ကိုယ်ချင်းစာ တရား”ကို ပိုင်ပိုင်နိုင်နိုင်ကြီး ရစေချင်တာပါ။“ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ..။ ကိုယ်မကြိုက်တာ- သူ့အသက်သတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့လင်၊ သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်အရက် မူးယစ်ပစ္စည်း သုံးစွဲခြင်း။

ကိုယ်ကြိုက်တာ-သူ့အသက်မသတ်ခြင်း၊ အသက်ကယ်ခြင်း၊ သူ့ဥစ္စာ မခိုးဝှက်ခြင်း၊ ပေးကမ်း ကူညီခြင်း ၊မလိမ်မညာ အမှန်ကိုသာပြောဆိုခြင်း၊ သေရည် အရက် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း။

ဒါကြောင့် “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ “ငါးပါးသီလစောင့်ထိန်းပါ”လို့ ဟောလိုရင်း ဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံစည်းမျဉ်း ဥပဒေလည်း ဖြစ်ပါတယ်။ “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ရဲ့ ဒီတရားနာခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ သူများဟာ ငါးပါးသီလ ဆောက်တည်ပြီးသားလည်းဖြစ်သွားတော့တယ်။

ကြမ်းပေ့၊ရမ်းပေ့ ဆိုတဲ့ "မုဆိုးကြီး" ကို အပါယ်ဆင်းရဲက လွတ်မြောက်အောင် ကယ်တင်ပြီး “သောတပန်”တည်စေခဲ့တဲ့ “မယားသောတပန်”ရဲ့ ပြုပြင်နိုင်စွမ်းဟာလည်း ပြောစမတ် တွင်ကျန်ခဲ့ပါတယ်။

( “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကိုယ်ကြိုက်တာ ကိုယ်လုပ်”တရားတော် မှ)

မူရင်း(http://buddhismworld.ning.com/ )မှ


Wednesday, March 18, 2015

လောကဓံဆိုတာ


လောကဓံဆိုတာ

လောကဓံဆိုတာ လောကဓမ္မဆိုတဲ့ ပါဠိမှ ဖြစ်လာတဲ့ အမည်ဖြစ်တယ်။ လောကဆိုတာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကအားဖြင့်သုံးမျိုးရှိတယ်။ သတ္တလောကဆိုတာ သတ္တ၀ါ အပေါင်းကို ခေါ်တာပဲ၊ သတ္တ၀ါ တစ်ယောက် တစ်ယောက်ဟာ လောကတစ်ခုပါပဲ။ လူတစ်ယောက်ဟာ လောကတစ်ခုပဲ။ နတ်တစ်ယောက်လည်း လောကတစ်ခုပဲ။ မိန်းမ တစ်ယောက်လည်း လောကတစ်ခုပဲ။ ယောကျာ်းတစ်ယောက်လည်း လောကတစ်ခုပဲ။ ကျွဲ၊ နွား အစရှိတဲ့ တိရစ္ဆာန်တွေလည်း တစ်ကောင်တစ်ကောင်ဟာ လောကတစ်ခု တစ်ခုပဲ။ အတိုချုပ် အားဖြင့် သတ္တ၀ါတစ်ကောင် တစ်ကောင်ဟာ လောကတစ်ခု တစ်ခုပဲ။ သတ္တ၀ါတွေ အားလုံး ကိုလည်း ပေါင်းပြီး သတ္တလောကလို့ ခေါ်တယ်။

သြကာသလောကဆိုတာကတော့ အဲဒီသတ္တ၀ါတို့ရဲ့ တည်နေရာဌာနတွေပါပဲ။ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတဲ့ တည်ရာဌာနတွေပါပဲ။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အပါယ်သတ္တ၀ါတို့၏ တည်ရာ ဌာနတွေကလည်း သြကာသလောကပဲ။ ဒါပေမယ့် တိရစ္ဆာန်၊ ပြိတ္တာတို့ရဲ့ တည်ရာဌာနကတော့ လူတို့၏တည်ရာ မြေကြီးပေါ်မှာပဲ ရှိနေပါတယ်။ တစ်သီးတစ်ခြားရယ်လို့တော့ မရှိဘူး။ ဒါပေမယ့် သူတို့ရဲ့ တည်နေရာဟာ သူတို့ရဲ့ သြကာသလောကပေါ့။

သင်္ခါရလောကဆိုတာကတော့ ရုပ်-နာမ်-သင်္ခါရ တရားအပေါင်းပါပဲ။ သတ္တ၀ါတွေရဲ့ သန္တာန်က ရုပ်-နာမ်-သင်္ခါရ တရားတွေလည်း သင်္ခါရလောကပဲ၊ သတ္တ၀ါတို့၏ တည်ရာမြေကြီး၊ သစ်ပင်၊ တော၊ တောင်၊ ဘုံဗိမာန်၊ ရေ၊ လေ၊ မီးစသည် ဗဟိဒ္ဓ သန္တာန်က ရုပ်တရားတွေလည်း သင်္ခါရလောကပဲ။ အတိုချုပ်အားဖြင့် သက်ရှိ၊ သက်မဲ့၊ ရုပ်-နာမ် တရားဟူသမျှဟာ သင်္ခါရလောက ချည်းပါပဲ။

ယခုဟောမည့် လောကဓမ္မပုဒ်မှာပါဝင်တဲ့ လောကဆိုတာကတော့ အဲဒီ လောကသုံးပါးထဲက သတ္တလောကကိုသာ ဆိုလိုပါတယ်။ ဒါကြောင့် လောကဆိုတာက သတ္တ၀ါတွေ၊ ဓမ္မဆိုတာက တရား၊ လောကဓမ္မဆိုတာ သတ္တ၀ါတွေမှာ မလွဲမရှောင်သာဘဲ အမြဲတွေ့ထိ ခံစားနေကြရတဲ့ တရားတွေပါပဲ။ အဲဒီ လောကဓမ္မခေါ်တဲ့ လောကဓံတရားကို မြတ်စွာဘုရားက အကျဉ်း၊ အကျယ် သုတ်၂-ခုအဖြစ်နဲ့ ဟောတော်မူခဲ့ပါတယ်။

လောကဓံတရား ၈-ပါး

ကတမေအဋ္ဌ၊ လာဘော စ အလာဘော စ ယသော စ အယသော စ နိန္ဒာ စ ပသံသာ စ သုခဉ္စ ဒုက္ခဉ္စ။

လာဘော စ - လာဘ်ရခြင်းက တစ်ပါး၊ အလာဘောစ - လာဘ်မရခြင်းက တစ်ပါး၊ ယသောစ - အခြွေအရံများခြင်းက တစ်ပါး၊ အယသောစ - အခြွေအရံမဲ့ခြင်းက တစ်ပါး၊ နိန္ဒာစ - ကဲ့ရဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်းက တစ်ပါးး၊ ပ-သံသာစ-ချီးမွမ်းခြင်း၊ အချီးမွမ်းခံရခြင်းက တစ်ပါး၊ သုခဉ္စ ချမ်းသာခြင်းက တစ်ပါး၊ ဒုက္ခဉ္စ-ဆင်းရဲခြင်းက တစ်ပါး။

ဒီရှစ်ပါးထဲမှာ အကောင်းက ၄-ပါးပါတယ်။ အဆိုးကလည်း ၄-ပါးပါတယ်။  အကောင်းနဲ့တွေ့ရင် အဆိုးလည်းပါလာတယ် တစ်ခါတစ်ရံ ရချင်တာတွေကိုရမယ်။ အလိုရှိတိုင်းရပြီး ပြည့်စုံ ကြွယ်ဝနေမယ်။ 

တစ်ခါတစ်ရံကျတော့ ရချင်တာတွေကိုမရဘဲ ရှိနေမယ်။ တစ်ခါတစ်ရံကျတော့ ရချင်တာတွေကို မရဘဲ ရှိနေမယ်။ ရပြီးသားတွေလည်း ပျက်စီးဆုံးရှုံး သွားမယ်။ တစ်သက်လုံး မပျက်စီးဘဲ တည်နေတယ်ဆိုတောင်မှ သေတဲ့အခါကျတော့ အဲဒီရထားတာတွေကိုစွန့်ပြီး သွားရမယ်။ ဒီတော့ အကြောင်းညီညွတ်လို့ လာဘဆိုတဲ့ ရခြင်းနဲ့ပြည့်စုံလျှင်၊ အလာဘ မရခြင်း၊ ရပြီးသားတွေ ပျက်စီးဆုံးရှုံးခြင်း ဆိုတာကလည်း တစ်ပါတည်းနောက်က လိုက်ပါလာတော့တာပဲ။

တစ်ခါတစ်ရံ အခြွေအရံနဲ့ ပြည့်စုံမယ်။ တစ်ခါတစ်ရံ ကျတော့ အခြွေအရံနဲ့ မပြည့်စုံဘဲရှိနေမယ်။ အင်မတန် အခြွေအရံများတဲ့ မြတ်စွာဘုရားတောင်မှ တစ်ပါးတည်း ၀ါကပ်နေရတဲ့အခါ ရှိသေးတာပဲ။ သာမန်လူတွေမှာတော့ ရှိသမျှ အခြွေအရံတွေကို အကုန်လုံးစွန့်ပြီး တစ်ယောက်တည်း ကံအားလျော်စွာ သွားရမယ်။ ဒီတော့ ယသဆိုတဲ့ အခြွေအရံနဲ့ ပြည့်စုံလျှင် အယသ ဆိုတဲ့ အခြွေအရံမဲ့ခြင်းကလည်း တစ်ပါတည်းနောက်က လိုက်ပါလာတော့တာပဲ။

ချီးမွမ်းတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့အတွက် အချီးမွမ်းခံရတဲ့ အခါလည်းရှိမှာပဲ။ ဒါပေမယ့် ချီးမွမ်းဖွယ် ဂုဏ်နဲ့ပြည့်စုံအောင် အားထုတ်ရတာက လွယ်တာမဟုတ်ဘူး။ အင်မတန် အားထုတ်နိုင်မှ တကယ်အစစ် ချီးမွမ်းဖွယ်ဂုဏ်တစ်ခုကို ရပါတယ်။ အဲဒါထက် အဲဒီချီးမွမ်းဖွယ်ဂုဏ်မပျက်အောင် စောင့်ရှောက်နေရတာက သာပြီးဝန်လေးပါတယ်။ 

ဒီလို စောင့်ရှောက်နေနိုင်ပေမယ့် သူတစ်ပါးက အထင်လွဲလို့ဖြစ်စေ၊ သက်သက်မုန်းလို့ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ၊ အကဲ့ရဲ့ခံရတာလည်း ရှိတတ်သေးတယ်။ အပြစ်ဒေါသ လုံးဝ ကင်းစင်တော်မူတဲ့ မြတ်စွာဘုရားကိုတောင်မှ ကဲ့ရဲ့သူတွေ ရှိသေးတာပဲ။ သာမန် လူတွေမှာတော့ အထူးပြောစရာမလိုပါဘူး။ ဒီတော့ အချီးမွမ်းခံရတယ်ဆိုရင် မလိုလားတဲ့သူတွေက ဖန်တီးတဲ့ ကဲ့ရဲ့မှုကလည်း လိုက်ပါလာတတ်ပါတယ်။

သုခနဲ့-ဒုက္ခဆိုတာကတော့ အမြဲမပြတ် ဒွန်တွဲနေပါတယ်။ အကြောင်းညီညွတ်တဲ့အခါ ကိုယ်ရော စိတ်ပါ ချမ်းသာနေမယ် အကြောင်းမညီညွတ်တဲ့အခါ ဆင်းရဲနေမယ်။ လမ်းလျှောက်နေတဲ့အခါ ခြေတစ်ဖက်က မြေကြီးပေါ်မှာ ရပ်တည်နေသလိုပဲ။ ညာဘက်ခြေက ကြွလှမ်းနေတဲ့အခါမှာ ဘယ်ဘက်က မြေပေါ်မှာ ရပ်တည်နေမယ်။ ဘယ်ဘက်ခြေက ကြွလှမ်းနေတဲ့အခါမှာ ညာဘက်ခြေက ရပ်တည်နေမယ်။

အဲဒါလိုပဲ ချမ်းသာဆိုတဲ့ အကောင်းတွေဖြစ်ပေါ်နေတဲ့အခါမှာ ဆင်းရဲငြိမ်းနေတယ်၊ ဆင်းရဲဆိုတဲ့ မကောင်းတာတွေ ဖြစ်နေတဲ့အခါမှာ ချမ်းသာမရှိဘူး။ တစ်လှည့်စီ၊ တစ်ပြန်စီ တွေ့ကြုံနေရတဲ့ တရားတွေပဲ။ ဒီတော့ ချမ်းသာနေတယ်ဆိုရင် ဆင်းရဲဆိုတာကလည်း တပါတည်းနောက်က လိုက်ပါလာတာပဲ။

အဲဒီလို အကြောင်းအားလျော်စွာ လူတိုင်းလူတိုင်း တွေ့ကြုံနေရတဲ့ ဒီလောကဓံတရားတွေကို ဉာဏ်ဖြင့် အသင့်အသင့် နှလုံးသွင်းဆင်ခြင်ပြီး သည်းခံနိုင်ဖို့လိုပါတယ်။ 

ဘုရားရဟန္တာ အရှင်မြတ်တွေမှာတော့ ဒီလောကဓံတရားတွေကို သည်းခံတော်မူနိုင်ကြပါတယ်။ ကောင်းတဲ့ လောကဓံ၎-မျိုးနဲ့တွေ့လို့လည်း မတက်ကြွမတုန်လှုပ်ဘူး။ ဆိုးတဲ့ လောကဓံ လေးမျိုးတွေ့လို့လည်းစိတ်မပျက်မတုန်လှုပ်ဘူး။ ဒါကြောင့် မင်္ဂလသုတ်မှာ မြတ်စွာဘုရားက -
ဖုဌဿ လောကဓမ္မေတိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ ဧတ မင်္ဂလ မုတ္တမံ - လို့ ဟောတော်မူပါတယ်။

လောကဓမ္မေဟိ-လောကဓံတရား ရှစ်ပါးတို့နှင့် ဖုဋ္ဌဿ-တွေ့သော-အကြင်ရဟန္တာပုဂ္ဂိုလ်၏-လို့၊ ရဟန္တာပုဂ္ဂိုလ်လည်း ဒီလောကဓံတရားတွေကို တွေ့ရတာပဲ။ 

သူ့အမည်ကိုက လောကဓမ္မ လောကနှင့်ဆိုင်တဲ့ တရားဆိုတော့ လောကထဲအတွင်းဝင်နေရင် ဒီလောကဓံ တရားတွေနဲ့ တွေ့ရတာပဲ။ ရဟန္တာများလည်း ပရိနိဗ္ဗာန်မစံမ၀င်ခင်မှာဆိုရင် လောက ထဲမှာ ပါဝင်နေပါတယ်။ လောကဆိုတဲ့ သူ့နိုင်ငံနယ်ပယ်ထဲမှာ ၀င်နေတော့ လောကဓမ္မဆိုတဲ့ သူ့တရားနဲ့လည်း တွေ့ရတော့တာပဲ။ မြတ်စွာဘုရားလည်း တွေ့ရတာပဲ။ သတ္တလောကဆိုတဲ့ သူ့နယ်ပယ်မှာနေရင် ဘယ်သူမှ မရှောင်နိုင်ဘူး။ တွေ့ရတာချည်းပဲ။ ဒါကြောင့် လောကဓမ္မ၊ ရှောင်မရ၊ မုချတွေ့စမြဲ။ လို့ ဆိုပါတယ်။

ရဟန္တာသာမဟုတ်ဘူး။ အနာဂါမ်ဆိုရင်လည်း တော်တော်သည်းခံနိုင်ပါပြီ။ တုန်လှုပ်ခြင်း မရှိသလောက် ဖြစ်နေပါပြီ။ သောတာပန် သကဒါဂါမ်များမှာတော့ ကာမရာဂမကင်းသေးတဲ့အတွက် လောကဓံအကောင်းတွေနဲ့ တွေ့တဲ့အခါ နှစ်သက်သာယာပြီး ၀မ်းမြောက် တက်ကြွ တန်သလောက်တော့ တက်ကြွပေလိမ့်ဦးမယ်။ ဗျာပါဒ ဒေါသ မကင်းသေးတဲ့အတွက် လောကဓံ အဆိုးတွေနဲ့ တွေ့တဲ့အခါ နှလုံးမသာမှု၊ စိတ်ပျက်မှု၊ ၀မ်းနည်းမှုလည်း ဖြစ်တန်သလောက်တော့ ဖြစ်ပေလိမ့်ဦးမယ်။

ဒါကြောင့် အနာထပိဏ် သူဋ္ဌေးကြီးမှာ သုမနာဒေ၀ီဆိုတဲ့ သမီးငယ် သေဆုံးသွားတာ အကြောင့်ပြုပြီး နှလုံးမသာခြင်း ဖြစ်ရတယ်။ အရှင်အာနန္ဒာမှာလည်း ဘုရားပရိနိဗ္ဗာန်စံခါနီးမှာ ငိုကြွေးမြည်တမ်းခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သောတာပန် သကဒါဂါမ်များမှာ တရားက သိတန်သလောက် သိပြီးဖြစ်နေတဲ့အတွက် တော်တော်တော့ သည်းခံနိုင်နေပါပြီ။ ဖြစ်ပေါ်လာတဲ့ သောကပရိဒေ၀တွေကို ပယ်ဖျောက်ဖို့ရာ လွယ်ကူနေပါပြီ။ ဒါကြောင့် လောကဓံတရားဆိုးတွေနဲ့ တွေ့တဲ့အခါမှာ အားထုတ်ထားတဲ့တရားနဲ့ ဖြေဖျောက်ရတယ်။ ဒီလိုအခါမှာ တရားမှတစ်ပါး အားကိုးစရာ မရှိဘူး။

အကယ်၍ လောကဖက်ကအားထုတ်လို့ လောကဓံအဆိုးမှ လွတ်မြောက်နိုင်တဲ့နည်းလမ်းရှိ သေးရင်တော့ တတ်နိုင်သမျှနည်းမျိုးစုံနဲ့ အားထုတ်ကာကွယ်ရပါတယ်။ အဲဒီလိုလောကဖက်က နည်းလမ်းတွေနဲ့ မကာကွယ်၊ မတားမြစ်နိုင်တော့ဘူး ဆိုတဲ့အခါကျတော့ ကိုယ့်တရားကိုပဲ အားကိုးရတယ်။ ကိုယ့်တရားနဲ့ နှလုံးသွင်းပြီး စိတ်နှလုံးမသာမှုတွေကို ပယ်ဖျောက်ရတယ်။

အယံ မဂ္ဂေါ-ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို အမှတ်ရမှု-သတိပဋ္ဌာန် ၄-ပါးဟူသော ဤလမ်း ခရီးသည် သောကပရိဒေ၀ါနံ သမတိက္ကမာယ စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် အလို့ငှါ၊ ဧကာယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်း တစ်ခုတည်းသော လမ်းပါပေတည်း။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းကွယ်ပျောက်ရန် အလို့ငှါ၊ ဧကာယနော မဂ္ဂေါ တစ်ကြောင်းတည်းသောလမ်း တခုတည်းသော လမ်းပါပေတည်းလို့ ဟောထားပါတယ်။

ဒါကြောင့် အမှတ်ရမှု သတိတရားနဲ့ ရှုမှတ်နေတဲ့ အလုပ်ဟာ သောကကင်းဝေး နေနိုင်ရေးဆိုတဲ့ နည်းတွေထဲမှာ အကောင်းဆုံး နည်းပါပဲ၊ ဒီလို ရှုမှတ်နေခြင်းဖြင့် နောက်ဆုံးမှာ အရဟတ္တ မဂ်ဖိုလ်ရောက်ပြီး ဆင်းရဲဟူသမျှမှ လုံးဝလွတ်မြောက်သွားနိုင်ပါတယ်၊ ဒါကြောင့် “ပရိမုစ္စတိ ဒုက္ခသ္မာတိဝဒါမိ ဆင်းရဲဟူသမျှမှ လွတ်မြောက်သည်ဟု ငါဘုရားဧကန်ဟောတော်မူတယ်” လို့ မြတ်စွာဘုရားက ၀န်ခံတော်မူပါတယ်။

ပြည့်ပြည့်စုံစုံတရားအားမထုတ်နိုင်သေးလို့ တရားအားထုတ်မှုဖြင့် မပယ်ဖျောက်နိုင်ဘူးဆိုရင် ယောနိသောမနသိကာနဲ့ အသင့်အတင့် နှလုံးသွင်းပြီး ပယ်ဖျောက်ရတယ်။ လောကဓံတရားဆိုတာ ဘုရားရဟန္တာများတောင်မှ မရှောင်နိုင်ဘူး။ တွေ့ကြသေးတာပဲ။ ငါလိုလူ ဘယ်မှာမတွေ့ဘဲရှိမှာလဲ ဘုရားရဟန္တာ အရှင်မြတ် တွေဟာ ဒီလောကဓံတရားတွေနဲ့ တွေ့တဲ့အခါ မတုန်မလှုပ် သည်းခံတော်မူနိုင်ကြတယ်။ ငါလည်း ဘုရားရဟန္တာများလို သည်းခံမယ်။ စိတ်နှလုံးမသာခြင်းကို မဖြစ်စေရအောင် ဖြစ်ရင်လည်း ကြာရှည်စွာ မဖြစ်ရအောင် စောင့်ရှောက်မယ်။ 

ဒီလိုစောင့်ရှောက်ခြင်းဖြင့် ဘုရားရဟန္တာအရှင်မြတ်တို့၏ ဂုဏ်တစ်စိတ်တစ်ဒေသနှင့် ပြည့်စုံ စေရမယ်၊ စသည်ဖြင့် နှလုံးသွင်းဆင်ခြင်ပြီး နှလုံးမသာမှုကို ပယ်ဖျောက်ရတယ်။ အဲဒီလို ပယ်ဖျောက်နိုင်ဖို့ အရေးကြီးပါတယ်။

လောကထဲမှာနေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒီလောကဓံတရားတွေနဲ့ တွေ့ကြတာချည်းပဲ၊ ဘယ်သူမှ မရှောင်နိုင်ဘူး၊ ကံကောင်းတဲ့ သူတွေမှာ ကုသိုလ်ကံက အကျိုးပေးတဲ့အခါ ကောင်းတဲ့လောကဓံ ၄-ပါးနဲ့ တွေ့နေကြရပါတယ်၊ ကံမကောင်းတဲ့သူတွေမှာ အကုသိုလ်ကံက အကျိုးပေးတဲ့အခါ ဆိုးတဲ့လောကဓံ ၄-ပါးနဲ့ တွေ့နေကြရတယ်။


အဲဒီမှာ ကောင်းတဲ့လောကဓံတွေကိုတော့ အများကကြိုက်ကြတယ်။ ဆိုးတဲ့လောကဓံတွေကိုတော့ အလိုမရှိကြဘူး၊ ကြောက်ကြတယ်၊ ရှောင်ပါစေ၊ လွဲပါစေ၊ ဖယ်ပါစေလို့ တောင့်တနေကြတယ်၊ မတွေ့အောင်လည်း ကြိုးစားနေကြပါတယ်၊ ဒါပေမယ့် လုံးလုံးတော့မလွတ်နိုင်ကြပါဘူး၊ တွေ့ကြရ သေးတာပဲ၊ အနည်းနဲ့အများသာ ကွာခြားပါတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင်မှ နည်းနည်းတော့ တွေ့ရသေးတာပဲ၊ အဲဒါကို ထောက်ဆကြည့်ရင် “ငါတို့လို သာမန်ပုဂ္ဂိုလ်တွေ မတွေ့ရဘဲ နေပါ့မလား” လို့ဆင်ခြင်ပြီး အတော်အတန်တော့ သည်းခံနိုင်စရာ အကြောင်း ရှိပါတယ်။

လောကဓံတရားများနှင့် တွေ့ရသောအခါ ထိုလောကဓံတရားတို့ကြောင့် တုန်လှုပ်ခြင်း မရှိဘဲ သည်းခံနိုင်အောင် နှလုံးသွင်းဆင်ခြင် ရှုမှတ်ပွားများအားထုတ်နိုင်ကြ၍ လောကဓံခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

မေတ္တာဖြင့် -
မဟာစည်ဆရာတော်ဘုရားကြီး၏ လောကဓံတရားတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။