Saturday, February 18, 2012

သောကတွေကို ဆေးကြောပစ်မယ်

 

သောကတွေကို ဆေးကြောပစ်မယ်

လောကကြီးထဲတွင် အသက်ရှင်နေထိုင်ကြတဲ့ လူသားမှန်သမျှ လောကဓံတရားများနဲ့ ကင်းကွာလို့မရစကောင်းပါဘူး။ တစ်ခါတစ်ရံမှာ ချစ်စရာလောကဓံဟုဆိုနိုင်သော အကောင်းလောကဓံများဖြင့် ကြည်နှုးပျော်ပါးခွင့်ရပြီး တစ်ကြိမ်တစ်ခါမှာတော့ နာကျည်းမုန်းတီးစရာဟုဆိုနိုင်သော အဆိုးလောကဓံများရဲ့ ရိုက်ချက်များကိုလည်း ဖြစ်တည်တဲ့အခြေအနေရဲ့ ဆိုးဝါးမှု့ အတော်အတန် ဆိုးဝါးမှု့ အလွန့်အလွန်ဆိုးဝါးမှု့တို့အပေါ်မူတည်၍ ခံစားကြရပါသည်။ ဒုက္ခဟူသော အဆိုးလောကဓံရဲ့ တိုက်ချက်ကို ခံစားနေရသော လူသားများဖို့ ခံစားတွေ့ကြုံနေရတဲ့ ဒုက္ခသောကတို့မှ လွတ်မြောက်အောင် ရုန်းထွက်ဖို့ ကြိုးစားကြပါ၏။ ထိုသောကပူဆွေးမှု့တွေကိုလည်း ဆေးကြောဖယ်ရှားပစ်ပြစ်ကာ ထာဝရ သောကပူဆွေးခြင်းတို့မှ လွတ်မြောက်ချင်ကြပါ၏။

မှန်ပါသည်။ ခံစားတွေ့ကြုံနေရတဲ့ ပူဆွေးသောက ဗျာပါဒတွေမှ ကင်းလွတ်အောင် ထိုပူဆွေးသောကတွေကို ဖယ်ရှားပစ်ဖို့လိုပါ၏။ နည်းပါးသွားအောင် ကြိုးစားသင့်ပါ၏။ နည်းအမျိုးမျိုးဖြင့်လည်း ကြိုးစားဖယ်ရှားနေကြပါ၏။ သို့သော် တဒင်္ဂသာ မေ့ပျောက်စေနိုင်ပြီး ထာဝရပပျောက်မသွားတဲ့ နည်းမျိုးးများဖြင့် ဖယ်ရှားနေခြင်းသည် စစ်မှန်တဲ့ ချမ်းသာခြင်း ပျော်ရွှင်ခြင်းများကို မရရှိစေဘဲ တစ်ဖန် ပူဆွေးခြင်းသောကတွေကို ခံစားရပြန်နိုင်ပါ၏။

ကောင်းပြီ….ခံစားတွေ့ကြုံနေရတဲ့ ပူဆွေးသောကတွေကို ဘယ်လိုဆေးကြောပစ်မလဲဆိုတာကို အောက်ပါပုံပြင်လေးက ပြောပြမယ့် သင်ခန်းစာတစ်ခုကို လေ့လာကြည့်ရအောင်ပါ။

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆေးဖိုးဝါးခ မပေးနိုင်တဲ့ ဆင်းရဲသား လူနာများကို တစ်ပတ်မှာ တစ်ကြိမ် အခမဲ့ဆေးခန်းလေးဖွင့်လှစ်ပြီး အခမဲ့ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်ဟာ ပျာပျာလဲလဲနဲ့ ဆေးခန်းလေးထဲကို ပြေးဝင်လာပြီးတော့ လူနာကို ဆေးကုသပေးနေတဲ့ ဆရာဝန်ကို သတင်းစကား အမောတကောနဲ့ ပြောပါတယ်။ ဆရာဝန်ကြားလိုက်ရတဲ့ သတင်းက ဆရာဝန်ရဲ့ ချစ်လှစွာသော အငယ်ဆုံးသားငယ်လေး သေးဆုံးသွားတယ် ဆိုတဲ့ သတင်းပါပဲ။ 

မိမိရဲ့အငယ်ဆုံးသားလေးလည်းဖြစ် မိမိသိပ်ကိုမှ ချစ်မြတ်နိုးရတဲ့ သားလေးတစ်ယောက် ဆုံးရှုံးသွားရပြီဆိုတာ သိလိုက်ရတော့ ဖခင် ဆရာဝန်တစ်ယောက်အနေနဲ့ သိပ်ကို အလွန်အမင်း ၀မ်းနည်းကြေကွဲသွားပါတယ်။ ဒါပေမယ့် ဆရာဝန်ဟာ ဖြစ်သွားခဲ့တဲ့ အခြေအနေကို ပြန်လည်သုံးသပ်လိုက်ပြီးတော့ စိတ်ကိုတည်ငြိမ်အောင် ပြန်ထားလိုက်ပြီး ကုသနေဆဲ လူနာကိုပဲ ဆက်လက်ကုသပေးနေခဲ့ပါတယ်။ 

မိမိသားအရင်းတစ်ယောက် သေဆုံးတယ်ဆိုတဲ့ သတင်းကြားလိုက်ရတာတောင်မှ ၀မ်းနည်းမှု့အရိပ်အယောင် တစက်ကလေးမှ မရှိတဲ့ပုံစံနဲ့ လူနာကို ဆက်လက်ကုသပေးနေတဲ့ ဆရာဝန်ရဲ့ အပြုအမူ အနေအထားကို မြင်တွေ့လိုက်ရတဲ့ လူတစ်ချို့က ဒီဆရာဝန်ဟာ သားအပေါ်မှာ အကြင်နာတရားကင်းမဲ့တဲ့၊ စာနာစိတ်တရားကင်းမဲ့တဲ့ ဖခင်ပဲလို့ တွေးထင်လိုက်ကြပါတယ်။ တွေးဆပြီးတဲ့နောက်မှာ ကိုယ့်သားအရင်းတစ်ယောက်လုံး သေဆုံးနေတာတောင် ဘာကြောင့်အခုလို လူနာကို ဆက်လက်ကုသပေးနေတာလဲဆိုပြီး အံ့သြမှု့နဲ့အတူ မေးခွန်းထုတ်ကြတော့ ဆရာဝန်က အခုလို ပြန်ရှင်းပြလိုက်ပါတယ်။

“ကျွန်တော့်ရဲ့သားဟာ သေဆုံးသွားပါပြီ၊ သူ့အတွက် ကျွန်တော့်အနေနဲ့ ဘာအကူအညီမှ မပေးနိုင်တော့ပါဘူး။ ဒါပေမယ့် ဆေးကုသဖို့အတွက် ဆေးဖိုးဝါးခ မတတ်နိုင်တဲ့ ဒီဆင်းရဲသား လူနားများဟာ ကျွန်တော့်ရဲ့ အကူအညီကို လိုအပ်နေပါတယ်။ အသက်ရှင်သန်နေကြတဲ့ ကျွန်တော့်ရဲ့ ဒီလူနာတွေအတွက် တစ်ခုခု လုပ်ပေးနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော်ခံစားနေရတဲ့ ၀မ်းနည်းပူဆွေးခြင်း သောကတွေကို ထိန်းချူပ်ပြီးတော့ လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ကူညီပေးနေတာဟာ ကျွန်တော့်အတွက် အကောင်းဆုံး မဟုတ်ပါလား ခင်ဗျာ….။” ဆိုပြီး သူ့အပေါ် အမြင်မှားနေတဲ့ လူတစ်ချို့ရဲ့ သံသယတွေကို အမြင်ရှင်းသွားအောင် ပြန်ဖြေကြားလိုက်ပါတယ်။ 

ဒီ ပုံပြင်လေးကို ဖတ်ပြီး ဒီဆရာဝန်ရဲ့ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ဘဲ ပရဟိတစိတ်သက်သက်နဲ့ မရှိဆင်းရဲသား လူနာများကို အခမဲ့ကုသပေးနေတဲ့ စိတ်ထားလေးကို အတိုင်းမသိ သိပ်ကို လေးစားမြတ်နိုးမိပါတယ်။ တစ်ဆက်တည်းမှာပဲ ဆရာဝန်ဆိုသော ဆရာဝန်များလည်းပဲ ဒီလိုဆရာဝန်ရဲ့ စိတ်ထားမျိုး မိမိတို့ရင်ထဲမှာ တည်ရှိလာအောင် ကြိုးစားနေကြမယ်ဆိုရင်၊ ထားရှိလိုက်မယ်ဆိုရင် လူသားအားလုံးအတွက် ဘယ်လောက်များ ကောင်းလိုက်မလဲဆိုတဲ့ ဖြစ်စေချင်တဲ့ အတွေးဆန္ဒလေးဖြစ်ပေါ်မိပါတယ်။ 

ဆေးရုံဆေးခန်းကို အချိန်မီရောက်ရှိပါလျက်နဲ့ ဆေးဖိုးဝါးခ မတတ်နိုင်လို့ တစ်သောင်းတန်ဆေးတစ်လုံးဖိုး ချက်ချင်းမပေးနိုင်လို့ လူ့အသက်တစ်ချောင်းကို ကယ်တင်လို့ရနိုင်ပါလျက်နဲ့ ချက်ချင်းထိုးမပေးဘဲ ငါဘာလဲဆိုတာမသိ၊ င့ါတာဝန်ဟာ လူနာတွေကို ကုသကယ်တင်ဖို့ဆိုတဲ့ တာဝန်ကိုလည်းမသိ၊ တာဝန်မသိတော့ တာဝန်မရှိသလိုနဲ့ ဈေးကိုင်နေကြတဲ့ ငွေမက်နေကြတဲ့ တစ်ချို့တစ်ချို့သော ဆရာဝန်တို့ကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ တောင်လူလယ်သမားတစ်ချို့ကို ကြုံဖူးတွေ့ဖူးပါတယ်။ 

လူသားကောင်းကျိုးကို လုပ်ဆောင်တာဟာ တာဝန်တစ်ရပ်မဟုတ်ပါဘူး။ ဒါဟာ မြင့်မြတ်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ ပျော်ရွှင်ကျေနပ်မှု့တစ်ခုဖြစ်ပါတယ်။ လူသားအကျိုးကို လုပ်ဆောင်ပေးနေခြင်းဟာ မိမိရဲ့ ကျန်းမာခြင်းအတွက် ပျော်ရွှင်ခြင်းအတွက် ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါတယ်……..။ ဆိုပြီး ဇိုရိုအက်စတာ-Zoroaster က ပြောခဲ့ဖူးပါတယ်။

မိမိတို့ရင်ထဲမှာ တိုက်စားနေတဲ့ သောကတွေကို အများအကျိုး လောကအကျိုးကို ဆောင်ရွက်ပေးခြင်းဖြင့်၊ ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ဆေးကြောဖယ်ရှားပစ်နိုင်တယ်ဆိုတာကို သိစေချင်တာပါ။ လူသားအကျိုးကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် မိမိခံစားနေရတဲ့ ပူဆွေးခြင်း သောကတွေကို လျော့ပါးသွားအောင် ဖယ်ရှားပစ်စေချင်တာပါ။ ဟုတ်တာပေါ့ ခံစားနေရတဲ့ သောကကို တွေးတောပြီး လွမ်းဆွေးနေလို့ သောကတွေ ပြေပျောက်သွားမှာ မဟုတ်ဘူး။ စိတ်မချမ်းသာခြင်းတွေ သောကတွေသာ တိုးပွားလာမှာပါ။ 

လူသားတို့ရဲ့ အကျိုးကို တတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးနေစဉ်မှာ မိမိခံစားနေရတဲ့ သောကတွေကို တဒင်္ဂမေ့ပစ်ထားနိုင်ပါလိမ့်မယ်။ တစ်ဆင့်တက်ပြီးတော့ မိမိကူညီလုပ်ဆောင်ပေးလိုက်တဲ့ သူတစ်ယောက် အဆင်ပြေသွားမယ် ကျေနပ်သွားမယ် ကြည်နှုးသွားမယ်ဆိုရင် မိမိလည်းပဲ တူညီတဲ့ရောင်ပြန်ဟပ်မှု့ဆိုတဲ့ ကျေနပ်ခြင်းတွေ ကြည်နှုးခြင်းတွေ ၀မ်းသာခြင်းတွေ အားရခြင်းတွေကို ရရှိလာပါလိမ့်မယ်။ 

ဒါဟာ မိမိခံစားနေရတဲ့ သောကတွေကို သူတစ်ပါးအားကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဖျောက်ဖျက်ပစ်လိုက်တာပါပဲ။ သောကတွေကို ဆေးကြောဖယ်ရှားပစ်လိုက်တာပါပဲ။ ဒီလိုသာဆိုရင် သိပ်ကို ကြည်နှုးပျော်ရွှင်စရာကောင်းတဲ့ ဘ၀တစ်ခုကို ချက်ချင်းခံစားလိုက်မိမှာပါ။

ခံစားနေရတဲ့ ပူဆွေးသောကတို့မှ လွတ်မြောက်ရာလမ်းစဉ်တစ်ခုကတော့ လူသားအားလုံးအတွက် ကောင်းကျိုးဖြစ်စေမယ့် အလုပ်တစ်ခုခု အကူအညီတစ်ခုခုကို မိမိတတ်စွမ်းသလောက် ကူညီလုပ်ဆောင်ပေးခြင်းဆိုတဲ့ လမ်းစဉ်ပဲဖြစ်ပါတယ်။

အဲဒီ လမ်းလေးအတိုင်းသာ လျောက်လှမ်းနေမယ်ဆိုရင်တော့……………………………..

(ဥယျာဉ်မှူးလေး)