Friday, February 3, 2012

ရှေးခေတ်မြန်မာ



ရှေးခေတ်မြန်မာ
ရှေးခေတ်က မြန်မာနိုင်ငံ၌ ရပ်ရွာနယ်ပယ်တိုင်းဝယ် သီလသိက္ခာနှင့်ပြည့်စုံသော ဘုန်းတော်ကြီးကျောင်းများ ရှိခဲ့ကြ၏။ ထိုဘုန်းတော်ကြီးကျောင်းများသည် နေ့စဉ်ကလေးများကို ပညာသင်ပေးတော်မူကြ၍ ယဉ်ကျေးလိမ္မာအောင်လည်း ဆုံးမတော်မူခဲ့ကြသည်။ ကျောင်းမှထွက်၍ လူရွယ်လူလတ်ပိုင်း ရောက်နေသူကိုပင် အသောက်အစားကစားမှုတို့ကြောင့် စာရိတ္တပျက်နေသည်ဟု ကြားလျင်သူ၏ မိဘနှင့်အတူခေါ်ယူဆုံးမတော်မူနိုင်ကြသည်။

ထို့ကြောင့် ရှေးရှေးမင်းများ လက်ထက်၌ မြန်မာနိုင်ငံဝယ် စာရေးစာဖတ်တတ်သူပေါများ၍ စာရိတ္တ ပျက်သူလည်း နည်းပါးခဲ့လေသည်။ အင်္ဂလန်နှင့်ဝေလနိုင်ငံများ၌ အကျဉ်းထောင်များ၏ မင်းကြီးဖြစ်သော မစ္စတာ ပက်တာဆင်သည် မြန်မာနိုင်ငံ၌ရာဇ၀တ် နည်းပါးအောင် ရေးသားထားသော စာတမ်းဝယ် အောက်ပါအကြောင်း အရာများကို ထည့်သွင်း၍ရေးသားထားလေသည်။

၁။ ကြောက်မက်ဘွယ်ကောင်းလှသော ရာဇ၀တ်ဘေးကြီးမှ မြန်မာလူမျိုးတို့အား ကာကွယ်စောင့်ရှောက်လျက်ရှိသော လက်နက်အင်အားသည် ဗုဒ္ဓဘာသာကြီးပင်ဖြစ်သည်။
၂။ ဗုဒ္ဓဘာသာတရားတော်သည် အမှားအမှန်ကို သေချာစွာ ဖော်ပြထားပေသည်။
၃။ မြန်မာလူမျိုးမှန်သမျှ ထိုတရားတော်ကြီးကို သေချာစွာ သင်ယူခဲ့ကြလေသည်။
၎။ မြန်မာလုလင်ပျိုကလေးများသည် ထိုတရားတော်ကြီးကို ငယ်ရွယ်စဉ်ကစ၍ သင်ယူခဲ့ကြသည်။
၅။ ရပ်သူရွာသားများသည် နှိုးဆော်ခြင်း ပညတ်ခြင်းမရှိပါဘဲလျက် တရားတော်ကို ကျိုးနွံရိုသေကြသည်။
၆။ အချို့ရဟန်းတော်များသည် စည်းမဲ့ကမ်းမဲ့ သွားလာနေထိုင်ကြသဖြင့် ရဟန်းတော်များ၏ သြဇာသည် ရှေးကလောက် မစူးရှတော့ ကြောင်းကိုကြားသိရသည်။
၇။ ထိုကဲ့သို့ ရဟန်းတော်များအား လူအချို့က အရိုအသေကင်းမဲ့ကြသဖြင့် ဗုဒ္ဓတရားတော်သည် မှန်ကန်သောတရား ဟုတ်ပါ၏လောဟု သံသယဖြစ်ကြသည် ရှိသော် မြန်မာလူမျိုးတို့ အတွက် အလွန်ဆိုးဝါးသော ဘေးကြီးဟု ဆိုရပေလိမ့်မည်။
၈။ ဤကမ္ဘာ၌ ဘာသားတရားသည် အားအပေါင်းတို့တွင် အကြီးဆုံးသော အားဖြစ်ပေသည်။
၉။ ယခုအချိန်အခါ၌ ဘုန်းတော်ကြီးများက စည်းလုံးညီညွတ်စွာဖြင့် ရာဇ၀တ်လွန်ကျူခြင်း၏ ဘေးအန္တရာယ်များကို ဟောပြတော်မူလျှင် ရာဇ၀တ်မှု ဖြစ်ပွားခြင်းသည် တနှစ်အတွင်း၌ ရပ်တန့်ပါလိမ့်မည်။
၁၀။ ဘာသာတရား၏ တန်ခိုးသတ္တိသည် လူအမျိုးမျိုးအပေါ်၌ အထူးကြီးပါပေ၏။ ဤမြန်မာပြည်တွင်ကား သာ၍ကြီးပါပေသည်။
ဤကား နိုင်ငံခြားသားဖြစ်သော ထောင်မင်းကြီးတယောက်၏ မြန်မာနိုင်ငံအတွက် ကောင်းသော မှန်လည်းမှန်သော ထင်မြင်ချက်တည်း။ ဤထင်မြင်ချက်နှင့်အညီ ယခုအခါ မြန်မာနိုင်ငံ၌ ပြန်၍ စာရိတ္တကောင်းအောင် ရပ်ရွာနယ်ပယ်အပေါ်၌ မေတ္တာ ကရုဏာထားသော ဘုန်းတော်ကြီးများ၏ ကျောင်းတကျောင်းကား ရပ်ရွာတိုင်းမှာ အမှန်ရှိထိုက်ပါသည်။
လိုက်နာရန် သံပေါက်လင်္ကာ
အိပ်ရာ ၀င်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုးကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍ မှန်မှန်မပြတ် ရွတ်ပါ့ကွယ်
ဘေးအန္တရယ် ရန်စွယ်ကင်းလို့ ကောင်းခြင်း သုခ ရလိမ့်မယ်။
ဗုဒ္ဓကြောင်းရာ ကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူက ဟောညွန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်း ကံမြတ်ပြုလိမ့်မည်။
သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။
ကိုယ်ကျင့် သိက္ခာ လုံခြုံကြဘို့ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုတ်တွေ ရှောင်သွေခွဲလို့ သုစရိုတ်လဲ စုံအညီ။
ဆွမ်းပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ် ပြုသင့်သည်။
သိရုံမျှနှယ် တယ်မကောင်းဘူ့၊ လူကောင်းဖြစ်ဘို့ လိုကြတယ်။
လူကောင်းဖြစ်အောင် ဆရာမြတ်သို့ မကြာကပ်လို့ မေးပါ့ကွယ်။
မေးသော် ဖြေရန် ဆရာကောင်းလဲ တရွာတကျောင်း ရှိသင့်တယ်။
တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဘို့ ချိန်တော်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယအေးဆေး ရှိလိမ့်မည်။
(မှတ်ချက်) အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာသာ သင်ခန်းစာ (အမှတ်-၂၆-ကျမ်းစာ)မှ အားလုံးသော အမိမြေ မြန်မာပြည်သားတို့အတွက် ဆရာတော်ကြီး၏ နှလုံးသားကို ထုတ်ဖေါ်ပြသလိုက်ရပါသည်။
အရှင်နာယကာလင်္ကာရ