Monday, February 13, 2012

အပြောကောင်းတာလား၊ အကောင်းပြောတာလား



                                  အပြောကောင်းတာလား၊ အကောင်းပြောတာလား                                   

                                            သုဘာသိတာစ ယာ ၀ါစာ၊
                                                  ဧတံ မင်္ဂလမုတ္တမံ။
                                   ကောင်းသောစကားကို ပြောဆိုခြင်းသည်
                                           မြတ်သောမင်္ဂလာ ဖြစ်၏။

လူသားတို့ နေ့စဉ်နေထိုင်လုပ်ကိုင် ကူးလူးဆက်ဆံနေကြရာ၌ တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်မှုသည် ပဓာနကျ၏။ ထိုနားလည်သဘောပေါက်မှုကို စကားလုံးများက ကိုယ်စားပြုပေးကြ၏။ ပြောဆိုဆက်ဆံ ဆိုသည့်အတိုင်း ဘာသာစကား တစ်ခုခုကို ပြောဆို၍ ဆက်ဆံကြရ၏။ ထိုပြောဆိုသော စကားသည် မှားသည်လည်း ရှိ၏။ မှန်သည်လည်း ရှိ၏။ ကောင်းသည်လည်း ရှိ၏။ မကောင်းသည်လည်း ရှိ၏။

ဘုရားရှင်ကတော့ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း မင်္ဂလာသုံးဆယ့်ရှစ်ပါးတွင် ထည့်သွင်း၍ မိန့်တော်မူခဲ့သည်။ ကောင်းသောစကား ဟူသည် အဘယ်နည်း၊ ကောင်းသောစကား ဟူသည်မှာ ၀စီသုစရိုက်လေးပါး ပင်တည်း၊ လိမ်ညာလှည့်ဖြားသော စကားမျိုးသည် မုသာဝါဒ- မကောင်းသောစကားမျိုး ဖြစ်၏၊ ထိုစကားမျိုးကို ရှောင်ကြဉ်၍ သစ္စ၀ါစာ-မှန်မှန်ကန်ကန် ပြောဆိုခြင်းသည် ကောင်းသောစကား ဖြစ်၏၊

အချင်းချင်း အထင်လွဲအောင်၊ သွေးကွဲအောင်၊ အချစ်ပြယ်အောင်၊ စည်းလုံးမှု ပျက်ပြားအောင် ကုန်းချောခြင်း၊ ခြေထိုးခြင်း၊ သွေးထိုးခြင်း၊ သွေးခွဲခြင်း၊ သပ်လျှိုခြင်း၊ တို့မီးရှို့မီးလုပ်ခြင်း စသော စကားမျိုးသည် ပိသုဏ၀ါစာ-မကောင်းသော စကားမျိုး ဖြစ်၏။ ထိုစကားမျိုးကို ရှောင်ကြဉ်၍
သွေးစည်းညီညွတ်စေသော စကားမျိုးကို ပြောဆိုခြင်းသည် ကောင်းသောစကား ဖြစ်၏။

ဆဲရေးတိုင်းထွာသော စကား ခက်ထန်ကြမ်းတမ်းသော စကား၊ ရင့်သီးမောက်မာသော စကားမျိုးသည် ဖရုသ၀ါစာ မကောင်းသော စကားမျိုး ဖြစ်၏။ ထိုစကားမျိုးကို ရှောင်ကြဉ်၍ သဏှဝါစာ-နူးညံ့သော စကား၊ သိမ်မွေ့သောစကား၊ ချိုသောစကား၊ ယဉ်ကျေးသော စကားကို ပြောဆိုခြင်းသည်
ကောင်းသောစကား ဖြစ်၏။ အနှစ်မရှိ၊ အကျိုးမရှိသော စကားမျိုးကို သမ္ဖပ္ပလာပ၀ါစာ မကောင်းသော စကားမျိုး ဖြစ်၏၊ ထိုစကားမျိုးကို ရှောင်ကြဉ်၍ အနှစ်ရှိ၊ အကျိုးရှိသော စကားမျိုးကို
ပြောဆိုခြင်းသည် ကောင်းသောစကား ဖြစ်၏၊ စကားအရာ အင်္ဂါလေးတန်ဟု သဂါထာဝဂ္ဂသံယုတ် သုဘာသိတသုတ်၌ ဆို၏၊

သုဘာသိတ၀ါစာ- ကောင်းစွာ ပြောဆိုရ၏၊ ပိယ၀ါစာ- ချစ်ဖွယ်သောစကားကို ပြောဆိုရ၏၊ သစ္စ၀ါစာ-မှန်ကန်စွာ ပြောဆိုရ၏၊ ဓမ္မ၀ါစာ-သဘာဝကျ၍ လိုက်နာနိုင်ဖွယ် ရှိသည်ကို ပြောဆိုရ၏၊ အင်္ဂုတ္ထိုရ်ပါဠိ၊ ပဉ္စကနိပါတ်၊ ၀ါစာသုတ်၌ စကားအရာ အင်္ဂါငါးတန်ဟု မိန့်၏၊ အခြေအနေ အချိန်အခါကြည့်၍ ပြောရ၏၊ မှန်ကန်စွာ ပြောရ၏၊ ယဉ်ကျေး သိမ်မွေ့စွာ ပြောရ၏၊ အကျိုးရှိသည်ကို ပြောရ၏၊ မေတ္တာစိတ်နှင့် ပြောရ၏၊

အင်္ဂုတ္တိုရ်ပါဠိ၊ ပဉ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဤသို့ဆို၏၊ သဒ္ဓါတရားနှင့် စပ်သော စကားသည် သဒ္ဓါတရား ရှိသူအတွက်သာ ကောင်းသော စကား ဖြစ်၏၊ သဒ္ဓါတရား မရှိသူ အတွက်မူ မကောင်းသောစကား ဖြစ်၏၊ သီလနှင့်စပ်သော စကားသည် သီလရှိသူ အတွက်သာ ကောင်းသောစကား ဖြစ်၏၊ သီလမရှိသူ အတွက်မူ မကောင်းသောစကား ဖြစ်၏။ ဗဟုသုတနှင့်စပ်သော စကားသည် ဗဟုသုတ ရှိသူအတွက်သာ ကောင်းသောစကား ဖြစ်၏၊

ဗဟုသုတ မရှိသူအတွက်မူ မကောင်းသောစကား ဖြစ်၏၊ အလှူဒါန စာဂနှင့်စပ်သော စကားသည် အလှူဒါနပြုသူ စာဂသမား အတွက်သာ ကောင်းသောစကား ဖြစ်၏၊ ဒါန၀ါသနာ မပါသူ မစ္ဆရိယသမား အတွက်မူ မကောင်းသောစကား ဖြစ်၏၊ အပြောကောင်းသူတိုင်း အကောင်းပြောသူ မဖြစ်နိုင်သကဲ့သို့ အကောင်းပြောသူတိုင်းလည်း အပြောကောင်းသူ မဖြစ်နိုင် ဆိုသည်ကို တွေ့ရပေမည်။ အပြော ကောင်းတာလား၊ အကောင်း ပြောတာလား ဆိုတာကတော့ အလုပ်ကသာ သက်သေပြပေလိမ့်မည်။

ပညာနှင့်စပ်သော စကားသည် ပညာရှိသူ အတွက်သာ ကောင်းသောစကား ဖြစ်၏၊ ပညာမရှိသူ အတွက်မူ မကောင်းသောစကား ဖြစ်၏။ စကားအရာ အင်္ဂါဆယ်ပါးဟုလည်း သရုပ်ပြ အဘိဓာန်၌ ဆို၏၊ ကာလ၀ါဒီ - ပြောချိန်ပြောခွင့်သင့်မှ ပြောရ၏။ ဘူတ၀ါဒီ - ဟုတ်မှန်ရာကိုသာ ပြောရ၏၊ ဓမ္မ၀ါဒီ - တရားနည်းလမ်းကျသည်ကိုသာ ပြောရ၏၊

အတ္ထ၀ါဒီ -အကျိုးရှိသည်ကိုသာ ပြောရ၏၊ ပိယ၀ါဒီ - ချစ်ဖွယ်စကားကိုသာ ပြောရ၏။ မိဟိတပုဗ္ဗဘာဏီ - ပြုံးရွှင်မှု ရှေ့ထား၍ ပြောရ၏၊ မိတဘာဏီ - မတိုမရှည်၊ မပိုမလွန် ချင့်ချိန်၍ ပြောရ၏၊ အတုရိတ၀ါဒီ - အဆောတလျှင် မဟုတ်ဘဲ မှန်မှန်ပြောရ၏၊ ပေါရီ - မြို့ကြီးသူတို့ ဓလေ့ထုံး  အသုံးအနှုန်းကို ယူ၍ ပြောရ၏၊ ၀ိသဒ၀ါဒိ - သန့်ရှင်းသေချာ တိကျပြတ်သားစွာ ပြောရ၏၊

ပါဠိတော်၌ ဆိုသည်မှာ စကားပြောသောအခါ နေလာ - အပြစ်ကင်း ရ၏၊ အပြစ်ဟူသည် စကားလုံးမပီသခြင်း၊ ဗလုံးဗထွေး ပြောခြင်း၊ ပေါ့လျှံလျှံပြောခြင်း၊ အာလေးလျှာလေး ပြောခြင်း စသည်တို့ ဖြစ်၏၊ တစ်ဖက်သားကို ထိခိုက်လျှင်လည်း အပြစ်ရှိ ၏၊ မိမိကိုယ်ကို ထိခိုက်လျှင်လည်း အပြစ်ရှိ၏၊

စကားလုံးသည် မြည်ရ၏၊ ကြည်ရ၏၊ ပီသရ၏၊ အစီအရီ ရှိရ၏၊ စကားတွေက အစီအရီ မဖြစ်၊ ဟိုရောက်သည်ရောက် ဆိုလျှင်လည်း အပြစ်မကင်း၊ စကားလုံးတိုင်းသည် ကဏ္ဏသုခါ - နားချမ်းသာရ၏၊ နားချမ်းသာသော စကားမျိုးကို ပြောရ၏၊ ဟဒယင်္ဂမာ - အသည်းစွဲသော စကားမျိုး ပြောတတ်ရ၏၊ ပေါရီ - မြို့ကြီး သူတို့ကဲ့သို့ နူးညံ့သိမ်မွေ့ရ၏၊ ဗဟုဇနကန္တာ - လူတိုင်းနှစ်သက်သော စကားမျိုး ဖြစ်ရ၏၊ ဗဟုဇနမနာပါ - လူတိုင်း မြတ်နိုးသော စကားမျိုး ဖြစ်ရ၏။ သရုပ်ပြအဘိဓာန်၌ စကားကြီး ၁၀ မျိုး၊ စကားပြောဆိုနည်းထုံး ဥပဒေကြီး ဆယ်မျိုး ဟူ၍ ပြသည်။

(၁)ရေကူး ညာတင်စကား - လိုရာဆိပ်ကမ်းကို ရေညာက တင်ကြို၍ ကူးမှ ရောက်သကဲ့သို့ မိမိလိုရာရောက်အောင် ကြိုတင်၍ စကားပို့ဖြင့် ပြောဆိုခြင်း။

(၂)ကောက်ပင်ရိတ်လှီး စကား - ကောက်ပင်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့သူ ဆိုသော စကားကို မိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင် ပြောဆိုခြင်း။

(၃)ရေစီးဖောင်ဆန်စကား - လိုအင်ဆန္ဒ ရှိသမျှသော အရာဝတ္ထုတို့ကို ဖောင်တွင်တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုရာကိစ္စ ပြီးသကဲ့သို့ ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာပမည်း ဟပ်စပ်၍ ပြီးပြတ်အောင် ပြောခြင်း။

(၄)အိုးတန်ဆန်ခပ်စကား - အိုးနှင့်ဆန် တန်ရုံထည့်၍ ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင် တန်ရုံ မယုတ်မလွန် ပြောဆိုခြင်း။

(၅) ဆန်ပွတ်ကျည်ပွေ့စကား - ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုရာကိစ္စ ပြီးသကဲ့သို့ လိုရာကိစ္စ ပြီးစေခြင်းငှာ ထိုစကားကိုပင် အထပ်ထပ် ပြောဆိုခြင်း။

(၆)ဆင်ဝှေ့ရန်ရှောင်စကား - ဆင်ကတိုးဝှေ့ဖို့လိုက်လျှင် တိမ်ရှောင် ဖဲသွေလွတ်ရာ၌ ပြေးလွှဲကာ နေရသကဲ့သို့ ကိုယ့်ထံသို့ ရောက်လာမည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်း။

(၇)တောင်သူယာခုတ်စကား - တောင်သူလယ်သမား တို့သည် မိမိတို့ တည်ခုတ်မည့် လယ်ယာမြေကွက်၌ ရှေးဦးစွာ ချုံပိတ်ပေါင်းနွယ်သစ်ပင် တို့ကို ခုတ်ထွင် ရှင်းလင်းပြီးမှ သစ်ပင်ကြီး တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကို ပြောပြီးမှ စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း။

(၈) ကြက်ဆုတ်ခွပ်ပစ်စကား -  ကြက်ခွပ်ရာ၌ နောက်ဆုပ်ဟန်ပြု၍ ခွပ်သာမှ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်က လိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။

(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကို ရေတွင်နှစ်ခါ ရေပြည့်မှ အပေါက်ကိုပိတ်၍ ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတပါး ပြောဆိုခွင့် မရအောင် ပိတ်ဆို့၍ ပြောဆိုခြင်း။

(၁၀) စက်တင် မောင်းနင်းစကား - မောင်းနင်းသော သူသည် တစ်ဖက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။

အရဟံအစ ဘဂ၀ါအဆုံး ဘုရှားရှင်၏ ဂုဏ်တော်ကိုးပါး တို့တွင် နံပါတ်လေး၌ သုဂတဂုဏ်တော် ဟူ၍ ရှိသည်။ သုဂတဂုဏ်တော်ဖွင့် အဋ္ဌကထာ၌ စကားခြောက်ခွန်းလူ၌ထွန်း ဟူ၍ စကားကြီးခြောက်မျိုး ပြဆိုသည်။

(၁)မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမကြိုက်သော စကား။
(၂)ဟုတ်မှန်၊ အကျိုးမရှိ၊ သူမကြိုက်သော စကား။
(၃)ဟုတ်မှန်၊ အကျိုးရှိ သူမကြိုက်သော စကား။
(၄)မဟုတ်မမှန် အကျိုးမရှိ၊ သူကြိုက်သော စကား။
(၅)ဟုတ်မှန်၊ အကျိုးမရှိ၊ သူကြိုက်သော စကား။
(၆)ဟုတ်မှန်၊ အကျိုးရှိ၊ သူကြိုက်သော စကား။

အဋ္ဌကထာဆရာက သုဂတဂုဏ်တော်၏ အနက် အဓိပ္ပါယ်ငါးမျိုး ဖွင့်ပြရာတွင် သုဂတော-ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟူသော အနက်တစ်မျိုးပါ ရှိသည်။ သုဂတောကို အနက်အဓိပ္ပါယ် အပြည့်အ၀ အကျယ်ပြန်ဆိုရာ တွင် 'စကားခြောက်ခွန်း လူ၌ထွန်းလည်း ကျိုးရှိဟုတ်မှန်၊ သူနာခံလို၊ မနာလို'ဟု ထိုနှစ်ခွန်းသာ ကောင်းစွာ ဆိုတော်မူတတ်သော မြတ်စွာဘုရားဟု အနက်ပြန်ကြသည်။

ဘုရားရှင်သည် ဟုတ်မှန်၊ အကျိုးရှိ၊ သူကြိုက်သော စကားနှင့် ဟုတ်မှန်၊ အကျိုးရှိ သူမကြိုက်သော စကားနှစ်မျိုးသာ ဆိုတော် မူတတ်သည်။ ဟုတ်မှန်လျှင်၊ အကျိုးရှိလျှင် သူကြိုက်သည် ဖြစ်စေ၊ သူမကြိုက်သည် ဖြစ်စေ ဘုရားရှင်မိန့်တော်မူသည်။

နှုတ်မှုပညာရပ်သည် လွယ်ကူသော ပညာရပ် မဟုတ်၊ ပြောတတ်ဆိုတတ် ဖို့သည် လွယ်ကူသော ကိစ္စမဟုတ်၊ တချို့စာတတ်၊ ပညာတတ်သော်လည်း စကားကို တူတူတန်တန် မပြောတတ်၊ ပြောတတ်ဆိုတတ်သူသည် အနည်းစုသာ ဖြစ်သောကြောင့် ''အပြောအဆိုတတ်ဖို့က အဋ္ဌမ''ဟု ကျေးဇူးရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားက မိန့်တော်မူခဲ့သည်။

မှန်ပေသည်။ တချို့က မနောကောင်း သော်လည်း အပြောကျ မကောင်းပြန်၊ တချို့က အပြောကောင်းသော်လည်း မနောက မကောင်းပေ။ အပြောနှင့်မနောက တစ်ထပ်တည်း မကျတာမျိုး ရှိတတ်သည်။ သို့ဆိုလျှင် အပြောကောင်းသူတိုင်း အကောင်းပြောသူ မဖြစ်နိုင်သကဲ့သို့ အကောင်းပြောသူတိုင်းလည်း အပြောကောင်းသူ မဖြစ်နိုင် ဆိုသည်ကို တွေ့ရပေမည်။

အပြောကောင်းတာလား၊ အကောင်းပြောတာလား ဆိုတာကတော့ အလုပ်ကသာ သက်သေပြပေလိမ့်မည်။ အပြောကောင်းသူတိုင်း အကောင်းပြောသူ မဖြစ်နိုင်သကဲ့သို့ အကောင်းပြောသူတိုင်းလည်း အပြောကောင်းသူ မဖြစ်နိုင် ဆိုသည်ကို တွေ့ရပေမည်။ အပြော ကောင်းတာလား၊ အကောင်းပြောတာလား ဆိုတာကတော့ အလုပ်ကသာ သက်သေပြပေလိမ့်မည်။


ရေးသားသူ - အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)