Thursday, February 16, 2012

ဘ၀နဲ့စိတ်ကောက်နေကြသူများ


ဘ၀နဲ့စိတ်ကောက်နေကြသူများ

  ဘယ်သူမှားတယ်ဆိုတာတော့ ကိုယ်ဟာကိုပဲစဉ်းစားကြည့်ကြပေါ့၊ နောက်ဆုံးမှ ဆုံးဖြတ်ချက် ချကြပါ၊ ဘ၀နဲ့ စိတ်ကောက်နေကြတဲ့သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်ပါတယ်။

ဘ၀ဆိုတာ တိုက်ပွဲတဲ့၊ တိုက်ပွဲဆိုတာက အနိုင်ရှိသလို အရှုံးဆိုတာလည်း ရှိတာပဲလေ၊ အမြဲတမ်းနိုင်နေလို့ကတော့ ဘယ်တိုက်ပွဲခေါ်ပ၊ နိုင်ပွဲလို့ တစ်မျိုးတည်း ခေါ်မှာပေါ့၊ လောကမှာ တိုင်းပြည်အတွင်း အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တိုက်ပွဲ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတို့နဲ့ တိုက်ခိုက်ကြတဲ့ ပြည်ပစစ်ပွဲ စသည်စသည်ဖြင့် တိုက်ပွဲတွေအများကြီးပါပဲ၊ နောက် လူတွေပဲ ပြုလုပ်ကြတဲ့ လူတွေကပဲဖန်တီးပေးနေတဲ့ နွားချင်းတိုက်တဲ့ နွားတိုက်ပွဲ၊ လူချင်းတိုက်တဲ့ လက်ဝှေ့ပွဲ၊ ကြက်ချင်းတိုက်တဲ့ ကြက်တိုက်ပွဲ၊ ကုန်ကုန်ပြောရရင် တွင်းထဲမှာနေတဲ့ ပုရစ်ကလေးတွေကိုတောင် တိုက်ပွဲလုပ်ပေးကြတဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားတတ်တဲ့ လူဆိုတဲ့ လူတွေ … လူသားတွေပေါ့…

 အဲဒီလူသားတွေ သူများတွေကိုသာ တိုက်ပွဲတွေကို ဖန်တီးပေးနေကြတာ၊ ကိုယ်ကိုယ်တိုင် နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှ မိနစ်နဲ့အမျှ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်တိုက်ခိုက်နေကြတဲ့ ကိုယ့်ဘ၀တိုက်ပွဲတွေ ကိုတော့ အမေ့ကြီးမေ့နေကြတယ်၊ ကိုယ့်ဟာကိုယ်ကိုပဲ တိုက်ပွဲဝင်နေကြရတယ်ဆိုတာကို မေ့နေကြတယ်၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်ခုအကြားက တိုက်ပွဲဟာ ကိုယ့်ဘက်က တစ်နေ့ သေမင်းကို အရှုံးပေးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးပေးရမယ်ဆိုတာကို သိသိကြီးနဲ့တစ်ချို့၊ တစ်ချို့ သိပင်သိငြား မသိချင်ယောင်ဆောင်လျက်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ကင်းနေကြတယ်။

ဘ၀မှာ အရှုံးဆိုတာတစ်ခု ရင်ဆိုင်လိုက်ရရင်ပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားတော့သလောက် ခံစားနေကြတယ်၊ စာမေးပွဲရှုံးတဲ့ ကျောင်းသား/ကျောင်းသူလေးဟာ ဘ၀တစ်ခုလုံး ဆုံးသွား သလောက် စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘ၀ကိုစိတ်ကောက် ပစ်လိုက်တတ်ကြတယ်၊ လက်မြောက် အရှုံးပေးလိုက်တတ်ကြတယ်၊ အဲဒါလေးကြောင့်ပင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက် တတ်ကြတယ်၊ တစ်ချို့ အရွယ်ရောက်လာလို့ လူ့သဘာဝ အချစ်တိုက်ပွဲမှာ ဆုံးရှုံးသွားလို့ ဘ၀ကိုပါ စိတ်ကောက်ပြီး အရှုံးပေးကာ အသက်ကိုပါ အဆုံးသတ်ပစ်လိုက်တတ်ကြတယ်၊ 

စီးပွားရေးတွေလုပ် အရှုံးတွေပေါ်လာတဲ့အခါ ဘ၀ကိုစိတ်ကောက် လက်မြောက်အရှုံးပေးပြီး ကိုယ့်ဘ၀ကို ရေစုန်မျောလျက် ဘာတစ်ခုမှ ဆက်လက်ရုန်းကန်လိုစိတ်မရှိတော့ဘဲ အရက်သေစာသောက်၊ မူးရစ်စေတတ်တဲ့ ဆေးဝါးတွေအသုံးပြုလျက် ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်လိုက်တတ်ကြတယ်၊ အမျိုးမျိုး ပါပဲ၊ မအောင်မြင်ခဲ့တာတစ်ခုကို သင်ခန်းစာယူဘို့စိတ်မကူးတော့ဘဲ ဆက်လက်ပြုပြင်မှု မရှိကြတော့ ဘဲနဲ့ အရှုံးပေးတတ်ကြတယ်၊ ဘ၀ကိုစိတ်ကောက်ပြီး ဘာမှမလုပ်တော့ဘဲ မကြိုးစားတော့ဘဲ နေတတ်ကြတော့တယ်။

 တိုက်ပွဲဆိုတာ အနိုင်ရှိသလို အရှုံးလည်း ရှိတာပေါ့၊ အနိုင်ကို အပြုံးနဲ့ရင်ဆိုင်တတ်ရင် အရှုံးဆိုတာကိုလည်း အပြုံးမပျက် လက်ခံနိုင်ရမှာပေါ့၊ ရှုံးခါမှ ရှုံးရော၊ မသေမချင်းတော့ တိုက်ပွဲဝင် နေရဦးမှာပဲဆိုတာကို မကျင့်သုံးကြဘူး၊ စိတ်ခံစားမှုလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပစ်တတ် ကြတယ်၊ အပြစ်ရှိသူတွေကို လိုက်ကြည့်ရအောင်….

မိဘ

သားသမီးတွေကို သိပ်တတ်စေချင်၊ တော်ချင်စေချင်ကြတဲ့ မိဘများ ကိုယ့်သားသမီးရဲ့ မူလ ပင်ကိုယ်စရိုက်၊ ဗီဇ၊ ဥာဏ်ရည်ကို မကြည်ဘဲနဲ့ ဆရာဝန်ကြီးတွေ ဖြစ်စေချင်ကြတယ်၊ အင်ဂျင်နီယာ ကြီးတွေ ဖြစ်လိုကြတယ်၊ ကလေးရဲ့ ဥာဏ်ရည်ဟာ အဲဒီအဆင့်ကို မှီလားမမှီလား ထည့်မစဉ်းစားဘူး၊ ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်ဆိုပြီး ဆရာမျိုးစုံကို ပိုက်ဆံနဲ့ငှါး၊ ကလေးကိုသင်ခိုင်း၊ ကလေးက စာမလိုက်နိုင်၊ ကလေးကလည်း ကိုယ့်စာကိုအလိုမကျဖြစ်၊ မိဘကလည်း သားသမီးကို အလိုမကျဖြစ်၊ တစ်နေ့တစ်နေ့ ကလေးတွေဟာ ကိုယ့်ဘ၀ကို မကျေမနပ်ဖြစ်လာ၊ စိတ်က စာထဲမရောက်၊ လွတ်ပေါက် ထွက်ပေါက်ကိုရှာ၊ စိတ်ညစ်ညူးတာပျောက်တယ်ဆိုပြီး ဆေးလိပ်စီးကရက်ခိုးသောက်၊ မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုနဲ့ အရက်သေစာကိုပါ သောက်စားတတ်လာ၊ မိဘလည်း ဒုက္ခရောက်၊ ကလေးလည်း ဆင်းရဲ၊ ဘ၀နဲ့ နောက်ဆုံးစိတ်ကို၊ ဘ၀ကို အချဉ်ပေါက်ပြီး ပျက်စီးသွားခဲ့တာ ဘယ်လောက်များရှိနေပြီလဲ။   

 သိဘူးခဲ့တဲ့ မိဘသုံးဦးလောက်ရှိတယ်၊ တစ်ဦးရဲ့ သမီးလေးဟာ ပင်ကိုယ်ဥာဏ်ရည် အလွန်ကောင်းတယ်၊ ကလေးလေးဟာ အတန်းတိုင်းမှာလည်း ပထမတွေနဲ့ချည်း အောင်တယ်၊ ကလေးက သိစက လေးတန်း၊ အဲဒီကလေးဟာ ကျောင်းစာလည်း ကျက်ရတယ်၊ ၀ါသနာအရ ကလေးက သီချင်းဆိုလေးကလည်းကောင်းတယ်၊ အဲဒါကို အမေလုပ်တဲ့သူက ခေတ်ပေါ် ဆို က ရေးတီးမှာ သူ့သမီးလေးကို ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိ နည်းပြဆရာမတွေနဲ့ စနစ်တကျသင်တယ်၊ ကလေး မှာ ကျောင်းအတွက် ကျူရှင်မျိုးစုံလည်း တက်ရတယ်၊ အကလည်း သင်၊ အဆိုလည်း သင်နဲ့ ကလေးလေးဟာ အရုပ်လေးလိုပဲ၊ နားချိန်ပင်မရတော့၊ နှစ်စဉ် ဆိုကရေးတီးကိုလည်း ပါဝင်ပြိုင်စေ သင်စေနဲ့ သမီးလေးဟာ ကလေးဘာသာဘာဝ ကစားချိန်ကို မရှိလောက်အောင် နေနေခဲ့ရတယ်၊ တဖြေးဖြေးနဲ့ကလေးဟာ စက်ရုပ်ဆန်လာတယ်၊ ငေးလာ ငိုင်လာ တွေလာ ဝေလာနဲ့ နောက်ဆုံး ကလေးဟာ အတန်းစာတွေမှာ အားနည်းလာခဲ့တယ်၊ ခုဆို ကလေးက ကိုးတန်း ဆယ်တန်းရောက်ရောပေါ။့

 နောက်တစ်ဦးက ကလေးလေးက ခုမှ နှစ်တန်း၊ ကလေးက ပင်ကိုယ်ကကို ဥာဏ်က သိပ်ထက်မြက်လှသည်မဟုတ်ဘူး၊ သို့သော် မအေက သူ့ကလေးကို အရမ်းတော်စေချင် တတ်စေချင်တယ်၊ ကလေးလေးက သူငယ်တန်းတုန်းက အဆင့် ငါး/ခြောက်လောက်မှာ ရှိနေသေးတယ်၊ ပထမတန်းရောက်တော့ ဘာသာစုံသင်ပေးဘို့ ကျူရှင်ဆရာမကို အိမ်မှာခေါ်သင် တယ်၊ ကလေးဟာ ကျောင်းကပြီးတာနဲ့ အိမ်ရောက်တော့လည်း စာဆက်သင်ရတယ်၊ စနေ တနင်္ဂနွေမှာ ကလေးကို ကွန်ပြူတာပါ သင်စေပြန်တယ်၊ ကလေးကတော့ ပိုပြီးတိုးမလာတဲ့အပြင် စာက တဖြေးဖြေး ပိုပိုညံ့ညံ့လာတယ်၊ ဒုတိယတန်းရောက်တော့ ကျောင်းသားကျောင်းသူ ငါးဆယ်ရှိတဲ့  အတန်းထဲမှာ ကလေးဟာ အဆင့် လေးဆယ်ကျော်မှာပဲ အမြဲလိုရှိနေခဲ့တယ်။

 နောက်တစ်ဦးကတော့ ပင်ကိုယ်ဥာဏ်က အသင့်အတင့်ရှိတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာက ဆရာဝန်တဲ့၊ ဆယ်တန်းမှာတွေ့တာ၊ သူ့ဥာဏ်ရည်ကို ကိုယ်တိုင်တွေ့ရတာက အလယ်အလတ်အဆင့် ပဲ၊ လိုချင်စိတ်ကတော့ အားကြီးတယ်၊ ကြိုးစားတယ်၊ စာတွေလည်း တအားသင်တယ်၊ နောက် သူက သူများတွေ တော်သမျှ အကုန်လိုက်တော်ချင်တယ်၊ စီးပွားရေးဝါသနာပါတယ်တဲ့၊ ချမ်းသာချင်လွန်းက လည်း အားကြီးတယ်၊ ကွန်ပြူတာကို ဆရာကြီးတစ်ဆူ ဖြစ်ချင်ပြန်ရော၊ မိဘတွေကတော့ သူ့သား ဘာဖြစ်ဖြစ် ကျေနပ်ပါတယ်ဆိုတဲ့အတန်းစားထဲကပါ၊ ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ခုပဲပါတယ်၊ ဆရာဝန်လိုင်းမရလို့ဆိုပြီး နောက်ပိုင်း ရောင်ပေပေဖြစ်သွားတယ်။

 ဒီနေရာမှာ ကလေးတွေရဲ့အပြစ်ဆိုတာထက် မိဘတွေမှာ ပိုပြီးအမှားများနေတယ်၊ မိဘတွေက ကိုယ့်သားသမီးကို တတ်စေချင်တယ်၊ တော်စေချင်တယ်၊ ကိုယ့်သားသမီး တော်တာတတ်တာထက် မိဘတွေ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာက ပိုများနေတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်၊ အဲဒီကလေးတွေ နောက်ပိုင်း ဘ၀ကိုမကျေမနပ်နဲ့ ဘ၀နဲ့စိတ်ကောက်ပြီး လေလွင့်သွားတတ်တာကို မိဘတွေက အလေးမပြုကြဘူး၊ ဒါဟာ အလွန်ပဲ ကြောက်စရာကောင်းတဲ့ ဒီနေ့ ပိုက်ဆံရှိ သားသမီးတွေရဲ့ဘ၀တွေပါပဲ။            

 ကျောင်းသား

ကိုယ့်ရဲ့ဥာဏ်ရည်ကို ကိုယ်ကိုယ်တိုင်မသိတတ်၊ ကိုယ့်ဝါသနာကို ကိုယ်မဆုံးဖြတ်ရဲ၊ သူများဆရာဝန်ဖြစ်တာကို ကိုယ်က လိုက်ဖြစ်ချင်၊ ကြိုးစားမှုတော့လည်းရှိပါရဲ့၊ သို့သော် အဲဒီကြိုးစားမှု က ပင်ကိုဗီဇ ၀ါသနာနဲ့ မတိုက်ဆိုင်၊ ပင်ကိုယ်ဥာဏ် အဲဒီလောက်ထိ အဆင့်မမီ၊ ကိုယ်လိုချင်တဲ့ လိုင်းဖြစ်တဲ့ ဆရာဝန်မရ၊ အင်ဂျင်နီယာမဖြစ်၊ လိုတာမရတော့ ဘ၀ကိုစိတ်ပျက်၊ ဘ၀နဲ့ မိတ်ပျက်၊ ဘ၀ကိုစိတ်ကောက်၊ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး ဘ၀ကို ရေစုန်မျှောပစ်လိုက်ကြ၊ အရှုံးသံသရာမှာ နစ်မွန်း၊ လူဖြစ်လည်း ရှုံး၊ ဘ၀လည်း ဆုံးတဲ့ထိရောက်၊ ကိုယ့်ကိုယ်ကို မယုံမကြည် အောင် မိမိကိုယ်တိုင်လည်းလုပ်ခဲ့၊ ပတ်ဝန်းကျင်ရဲ့တွန်းအား၊ ဆွဲအားတွေကိုလည်း မတော်လှန်နိုင်ခဲ့၊ စိတ်ကောက်မိတဲ့ ဘ၀ကိုပဲ အပြစ်ပုံချခဲ့၊ စာမေးပွဲတစ်ခါရှုံး/ကျတာကိုပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားသယောင် အတွေးမှာထင်ခဲ့၊ အဲဒီခါမှာ အရင်းနှီးဆုံး ပတ်ဝန်းကျင်ဖြစ်တဲ့ မိဘတွေက ဆူကြ၊ မောင်းကြ၊ ကျေအေးအောင် မနှစ်သိမ့်တတ်ကြတော့ ကလေးဟာ ဘ၀ကို ထိခိုက်ရှနာတွေနဲ့သာ လူဖြစ်လာခဲ့တော့၊ ဘယ်သောအခါမှ မအောင်မြင်တဲ့ လူသားလေးအဖြစ် ရပ်တည်သွားခဲ့ကြရ။

 စီးပွားရှာသူ

ရတာက တစ်နေ့ကို တစ်ရာကျပ်- ကွမ်းယာစားတာက ၂၅-ကျပ်၊ လဘက်ရည်သောက်တာက မနက်ည- ၅၀၊ ဆေးလိပ်ဘိုးက ၂၅-ကျပ်၊ အိမ်ပြန်လာတော့ အိပ်ကပ်က ဗလာဖြစ်၊ ဘယ်မှာလည်း သားကျွေးဘို့၊ ဘယ်မှာလည်း မယားအတွက်၊ ဘယ်မှာလည်း ထမင်းဘိုး၊ ဘယ်မှာလည်း ဟင်းဘိုး၊ မသုံးတတ်ဘဲ အဖြုန်းနဲ့ဘဲ သံသရာလည်၊ ဘယ်လိုလုပ်စီးပွားဖြစ် ချမ်းသာကြတော့မည်လဲ။ နောက်ထပ် အိမ်က မိန်းမဖြစ်သူ အိမ်ထောင်ရှင်၊ အိမ်ကြီးရှင်မ ကျပြန်တော့လည်း ပါသွားတဲ့ဟင်းဘိုး ကို ကလေးတွေမသိအောင် မုန့်ဟင်းခါးခိုးဝယ်စားတာက တစ်မျိုး၊ ခေတ်စားနေတဲ့ နှလုံး သုံးထိုးတာက တစ်ဖုံ၊ အိမ်ပြန်လာတော့ ကစွန်းရွက်စီးတောင်မှ အနိုင်နိုင်၊ ကိုယ့်ရှိတာကို မသုံးတတ်တာ ပြောပါတယ်၊ ဒီလို မိသားစုမျိုး လင်ကဘယ်လောက်ပဲရှာရှာ၊ ဘယ်လောက်ပဲ ငွေရရ၊ စီးပွား မဖြစ်တော့။ အိမ်ထောင်ဟာ ဘယ်သောအခါမှ မတိုးတက်တော့။

 မတိုးတက်တော့ ဖြစ်လာတဲ့ဆိုးကျိုးတွေက အမျိုးမျိုးပေါ့၊ စားဝတ်နေရေး မပြေလည်ဘူးဆိုမှ ဖြင့် လောကကြီးဟာ ဖြစ်ချင်သလိုဖြစ်ကြတော့တာပါပဲ၊ သားသမီးက မိဘကို မရိုသေ၊ မိဘက သားသမီးတွေကို ဂရုမစိုက်နိုင်၊ ပညာသင်မပေးနိုင်၊ သူများဝတ်တာ စားတာတွေကိုမြင်ပြီး အားကျစိတ်ဝင်၊ မိရယ် ဖရယ်ဆိုတာတွေကို အရေးမထားတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငွေရအောင်ရှာကြရော၊ သမီးမိန်းကလေးက ခန္ဓာကိုယ်ကိုရောင်းပြီး ငွေရအောင်လုပ်တယ်၊ သားယောကျာ်းလေးက ခိုးဆိုးလုယက်လာတတ်တယ်၊ မိမနိုင် ဖမနိုင်လေးတွေဖြစ်လာတယ်၊ မအေက လည်း လင်ယောကျာ်းကို မယုံကြည်တော့၊ သူ့နည်းသူ့ဟန်နဲ့ စားဘို့ဝတ်ဘို့ ရှာလာတယ်၊ စရိုက်တွေ ပျက်၊ အကျင့်တွေဖောက်၊ နောက်ဆုံး အိမ်ထောင်ရေးပါ ပျက်ပြားကြ၊ ဘ၀ကို စိတ်နာ၊ စိတ်ကောက်၊ ဖြစ်ချင်ရာတွေ ဖြစ်တော့တာပါပဲ။

 ဆရာနဲ့တပည့်

ဒီနေရာမှာတော့ ဆရာဆိုတာကို စာသင်ပေးတဲ့ ကျောင်းဆရာ/ဆရာမတို့ကိုပဲ ပြောပါမယ်၊ ဒီနေ့ခေတ်ကျောင်းသား ကျောင်းသူအများစုဟာ ဆရာဆိုတဲ့သူတွေကို ဆရာလိုမဆက်ဆံကြတော့ဘူး၊ သူငယ်ချင်းလိုဆက်ဆံနေကြတယ်၊ ဒို့များဖြင့် ဆရာဆိုတာကို ဒီနေ့တိုင်အောင် မြင်တာနဲ့ ကြောက်ရွံ့နေတုန်းပါပဲ၊ တောသားဆိုတော့ ကျွန်တော်ဆိုတဲ့အသုံးကို အဲဒီဆရာရှေ့ကလွဲပြီး မသုံးခဲ့ဘူးဘူး၊ ခုထိလည်း ဆရာနဲ့တွေ့ရင် ကျွန်တော်က သူ့အလိုလို ပါးစပ်ကနေ ခုန်ပေါက်ထွက်သွား တုန်းပါပဲ၊ ရွာမှာက တစ်ရွာလုံး ယောကျားလေးတွေ ကျုပ်ကျုပ်နဲ့ပဲ သုံးခဲ့ကြတာကိုး၊ ခုတော့လည်း ခေတ်တွေပြောင်း၊ နှစ်တွေဟောင်းလာတော့ တိုးတက်လာပြီပေါ့။

 ဘာဖြစ်လို့ အဲဒီခေတ်ကလို ဆရာတွေကို တပည့်တွေက သူငယ်ချင်းလို ဆက်ဆံနေကြ တာလည်း ဆန်းစစ်ကြည့်တော့ ကျူရှင်ဆိုတာတွေက အရင်းအကျဆုံးဖြစ်နေတယ်၊ မိဘတွေက တတ်နိုင်ရင် တတ်နိုင်သလောက် ဆရာတွေအမျိုးမျိုးကို အိမ်ကိုခေါ်၊ ပိုက်ဆံကို မတန်တစ်ဆပေး၊ ကလေးကို စာသင်ခိုင်း၊ ကလေးက ဒီလူ (ဆရာကိုပြောပါသည်) ငါ့မိဘကပိုက်ဆံပေးပြီး ငါ့ကိုစာသင် ခိုင်းတဲ့ အခိုင်းအစေပါပဲလို့ အမြင်တွေဖြစ်၊ ဆရာဟာ ဆရာ့နေရာမှာ မရှိတော့ဘဲ၊ ငွေပေးပြီး ခိုင်းရတဲ့ အခိုင်းအလုပ်သမားဖြစ်သွားရော။ အဲဒီအခါ ဆရာကလည်း သူ့မှာ သူ့အာဏာပါဝါတွေကို ငွေနဲ့ရောင်း ထားသလိုဖြစ်နေလို့ ငွေမျက်နှာကိုကြည့်လျက် တပည့်ကို မဆုံးမရဲ၊ နောက်တော့ အို ငါက သူ့ကိုစာသင်ပေးရတာပဲ၊ သူ စာတတ်၊ ငါ စာသင်ခရ ပြီးတာပဲရယ်ဟု ဆုံးဖြတ်၊ ဆရာလည်း အကျင့်ပျက်၊ တပည့်လည်း အကျင့်ပျက်၊ ဘ၀တွေဟာ နေသားကျမဖြစ်တော့ဘဲ၊ ဖောက်ပြန်ပြီး ဆရာတပည့်ဆိုတဲ့ ဆက်ဆံရေးတွေ ပျောက်ဆုံးကုန်တော့တာပါပဲ။

အဲဒီမှာလည်း ဘ၀ကိုစိတ်ကောက်ပစ်လိုက်ကြတာမို့ ဆရာတပည့်ဆိုတဲ့ ချစ်စရာ ဆက်ဆံရေး ဘ၀လေး ပျက်စီးခဲ့ရ၊ ဆရာတွေ အားလုံးကို သိမ်းကြုံးပြောလိုက်ခြင်းမဟုတ်ပါ၊ ဘ၀ပျက်နေကြသော ဆရာနဲ့တပည့်တို့ကိုသာ ပြောလိုရင်းဖြစ်ပါသည်။
 ဒီလောက်ဆိုရင် အရာရာကိုမြင်တတ်လောက်ပါပြီ၊ နေရာတိုင်းမှာ ဒါမျိုးတွေ အများကြီး ဖြစ်နေပါတယ်၊ ဘ၀ဆိုတာ ကံဇာတ်ဆရာ အကခိုင်းတဲ့အတိုင်း ကနေကြရတာပါ၊ အဲဒီဘ၀ထဲမှာ တစ်ခါ တစ်ခါ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတွေလည်း အများကြီးပါပဲ၊ 

ဘာပဲဖြစ်ဖြစ်ပေါ့၊ က-ရတော့မှာ သေချာနေပြီဆိုမှဖြင့် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်ဘို့က အလိုအပ်ဆုံးလို့မြင်ပါတယ်၊ တစ်ခုရှုံးရင် တစ်ခုနိုင်ရမှာပေါ့၊ စာမေးပွဲကျရှုံးခြင်း၊ စီးပွားကျရှုံးခြင်းတွေက နောက်ထပ်တစ်ခါ ထပ်ပြီးတော့ ပြင်လို့ ကြိုးစားလို့ ရပါသေးတယ်၊ အဲ စိတ်ဓာတ်ကျရှုံးသွားပြီဆိုရင်ဖြင့် ပြင်လို့မရတော့ပါဘူး၊ ခဏခဏ ပြောဖြစ်ပါတယ်၊ ကျရှုံးတာကြီးကို ရင်ဝယ်ပိုက် နှလုံးသားမှာထွေးသိပ်ထားလို့ကတော့ဖြင့် မစားရတဲ့၊ စားလို့မရတော့တဲ့ ထမင်းထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာရိုးလျှောက် ပစ်လည်း မပစ်ရက်၊ စားလည်း စားမရ၊ ဘာမှ အသုံးမကျတော့ပါဘူး၊ ဒီတော့ ဘ၀ဆိုတာရှိနေသေးရင် တိုက်ပွဲတွေကလည်း မပြတ်ရှိနေမှာပါ၊ အမြဲတန်းလည်း တိုက်ပွဲဝင်နေကြရမှာပါ၊ တိုက်ပွဲတော့ အမြဲတန်း ဘယ်နိုင်နေပ၊ အရှုံးဆိုတာလည်း ရှိမှာပေါ့၊ ရှိနေမှာပေါ့။

 အနိုင်ကို အပြုံးနဲ့ဆီးကြိုနိုင်ရင်ဖြင့် အရှုံးကိုလည်း မတုန်မလှုပ်နဲ့ လက်ခံနိုင်အောင် ကြိုးစား ရမှာပေါ့၊ ဘ၀ကိုစိတ်ကောက်မနေကြပါနဲ့၊ ဘ၀ကို စိတ်လည်း ပျက်မနေကြပါနဲ့၊ မသေခင်လေးပဲ ကြိုးစားဘို့အခွင့် အချိန်ရှိတာပါ၊ သေသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး၊ အခွင့်သာတုန်းလေးသာ ရုန်းထားလိုက်ကြစေချင်တာပါပဲ၊ လသာတုန်းလေး ဗိုင်းငင်ထားစေချင်တာပါ…….
 ဒီလိုမှမဟုတ်ရင်ဖြင့်……. သံသရာက အရှည်ကြီး…. ဘ၀တွေက မဆုံးသေး … ဆက်လျှောက်ကြရပေဦးမှာ… ဘယ်လိုလျှောက်ပ….
ခေတ္တ(ဘုံဘေ)