Thursday, February 9, 2012

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ…


ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ…
ရဟန်းတို့ သင်တို့အား နောက်ဆုံးမိန့်မှာတော်မူခဲ့အံ့။
ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”
(ဂေါတမမြတ်စွာဘုရား)

မြန်မာဗုဒ္ဓဘာသာ အတော်များများသည် သင်္ခါရဟု ဆိုလိုက်လျင် မမြဲခြင်းဟု ယေဘုယျ အဓိပ္ပါယ် နားလည်းထားတတ်၏။ ထို့ကြောင့်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံးဟာ သင်္ခါရပါပဲဟု ပြောဆိုလေ့ရှိတတ်ကြ၏။ စင်စစ် မမြဲခြင်းဟူသည် သင်္ခါရမဟုတ်၊ အနိစ္စသာဖြစ်၏။ ဗုဒ္ဓဘာသာအများ ပြောဆိုသုံးနှုန်းကြသည့် ထိုသင်္ခါရဟူသော ပါဠိစကားလုံး၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ပြုပြင်စီရင်ခြင်းဟု အဓိပ္ပါယ်ရ၏။ သက်ရှိသက်မဲ့အားလုံးသည် ပြုပြင်စီရင်ထားသည့် အရာများဖြစ်သဖြင့်လည်း သင်္ခါရဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းဝတ္ထုသည်လည်း ပြုပြင်ပေးရသကဲ့သို့ ပုဂ္ဂိုလ်သတ္တဝါသည်လည်း ပြုပြင်ပေးရ၏။ မပြုပြင်ပေးလျှင် ပို၍ပင် အဆိုးတွင်သွားမည် ဖြစ်သဖြင့် ပြုပြင်ပေးနေရခြင်း ဖြစ်၏။ ထိုသို့ အမြဲမပြတ် ပြုပြင်ပေးနေရသဖြင့် သက်ရှိသက်မဲ့ အားလုံးတို့သည် ပြုပြင်စီရင်ပေးနေရသည့် သင်္ခါရတရားများသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းသင်္ခါရ လူသင်္ခါရဟု ဆိုရိုးပြုကြခြင်း ဖြစ်၏။

သို့သော် မည်မျှပင် ပြုပြင်စီရင်ပေးသော်လည်း ထိုသက်ရှိသက်မဲ့ အရာအားလုံးတို့၏ အဆုံးသည် ပျက်စီးခြင်းလျင် နိဂုံးဖြစ်နေပြန်သဖြင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ - ပြုပြင်စီရင်ထားသည့် သင်္ခါရ တရားမှန်သမျှသည် နိစ္စမဟုတ်၊ အနိစ္စချည်းသာ ဖြစ်သည်”ဟု သူတော်ကောင်းများက မိန့်တော်မူကြခြင်း ဖြစ်၏။ “ပြုပြင်စီရင်ထားသည့် အရာများသည် အမြဲမဟုတ်၊ မမြဲခြင်းသဘောသာ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်၏။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် နောက်ဆုံးအချိန်အထိ သင်္ခါရတရားများ၏ ပျက်စီးခြင်းသဘောကို သတိပေးတော်မူကာ မမေ့မလျော့နေကြဖို့ မိန့်မှာတော်မူသွားခဲ့၏။ “ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ - သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိသဖြင့် မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ကြလော့” ဟု မှာတော်မူခြင်း ဖြစ်၏။

မှန်၏။ ဗုဒ္ဓရှင်တော်မိန့်မှာတော် မူသကဲ့သို့ပင် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများဖြစ်သည့် သက်ရှိသက်မဲ့ အရာအားလုံးတို့သည် မည်မျှပင် အကောင်းဆုံးဖြစ်အောင် ပြုပြင်စီရင်ထားသော်လည်း အဆုံးတွင်ကား ပျက်စီးခြင်းသာ နိဂုံးဖြစ်သွားကြသည်ကို အားလုံးသတိပြုမိကြမည် ဖြစ်၏။ မည်သူက မည်မျှပင် စွမ်းအားရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာများ၏ ပျက်စီးမှု၊ ပုဂ္ဂိုလ်သတ္တဝါများ၏ ပျက်စီးမှုကိုကား မပျက်စီး၊ မပျောက်ပျက်အောင် ဖန်တီးနိုင်စွမ်း မရှိသေးသည်မှာ အသေအချာပင် ဖြစ်၏။ ထိုသို့ ပျက်စီးခြင်း တရားကို မပျက်စီးအောင် ပြုပြင်နိုင်သူသည် အတိတ်ကလည်း မရှိခဲ့၊ ယခုလည်းမရှိသေး၊ နောင်လည်းရှိလာလိမ့်မည် မဟုတ်ပေ။ သဘာဝဓမ္မ ဖြစ်နေသဖြင့် ထိုသင်္ခါရတရားတို့၏ ပျက်စီးမှုကို မည်သူတစ်ဦးတစ်ယောက်မျှ တာဆီးနိုင်စွမ်း မရှိခြင်းလည်း ဖြစ်ပါပေ၏။

သိပ္ပံပညာများ အလွန်တိုးတက် ထွန်းကားပါသည်ဆိုသော ယနေ့ကမ္ဘာကြီးတွင်လည်း သိပ္ပံပညာရှင်များသည် ရုပ်ပိုင်းဆိုင်ရာ အမျိုးမျိုးကို ကောင်းသထက်ကောင်းအောင် တီထွင်ကြံဆ ဖန်တီးကြ၏။ မပျက်စီးအောင် ကြိုးစားကြ၏။ သို့သော် မည်သို့ပင် ကြိုးစားဖန်တီးပါသော်လည်း ထိုရုပ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးမှုများကို ထာဝရ မပျက်စီးအောင် မည်သို့မျှ ဖန်တီးနိုင်စွမ်း မရှိခြင်းပင် ဖြစ်၏။ သေချာသည်မှာ မည်သို့သော သိပ္ပံပညာရှင်မျိုးပင် ဖြစ်ပါစေ သင်္ခါရတရားများကိုသာ ဖန်တီးနေကြခြင်း ဖြစ်သဖြင့် ထိုသင်္ခါရတရားများ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းသဘောကို မလွန်ဆန်နိုင်ကြ၊ မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်း ဖြစ်၏။ သင်္ခါရ၏ သဘောအမှန်သည် အနိစ္စသာ ဖြစ်နေသဖြင့်လည်း နိစ္စဖြစ်အောင် မလုပ်နိုင်ကြခြင်း ဖြစ်၏။

ထို့အတူ ရုပ်နာမ်နှစ်ပါးနှင့် တည်ဆောက်ထားသည့် ပုဂ္ဂိုလ်သတ္တဝါများသည်လည်း ကံတရားများ၊ ခန္ဓာများဖြင့် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်သဖြင့် အမြဲတည်တံ့ခြင်း နိစ္စဖြစ်အောင် ပြုလုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရ၏။ သက်ရှိများဖြစ်သည့် ထိုပုဂ္ဂိုလ်သတ္တဝါဟူသော သင်္ခါရတရားသည်လည်း ပင်ကိုယ်ကပင် အပြုပြင်ခံဖြစ်နေသဖြင့် မပျက်စီး၊ မပျောက်ပျက်အောင် ပြုပြင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်၏။ မည်သူကဖြင့် မည်မျှအကုန်အကျခံကာ မိမိကိုယ်ကို အမျိုးမျိုး ပြုပြင်ခြင်း ပြုကြသည်ဟုဆိုသော်လည်း အဆုံးတွင်ကား ထိုပြုပြင်သူများသည် ပျက်စီးခြင်းဖြင့်သာ နိဂုံးချုပ်သွားကြသည်သာ ဖြစ်၏။

သင်္ခါရ၏ သဘောတရားအမှန်ကို လက်တွေ့အားဖြင့် အမြဲမပြတ် ပြောင်းလဲဖြစ်ပျက်နေသည့် ကမ္ဘာကြီးကို ကြည့်လျှင် အလွယ်တကူ သိနိုင်ပေ၏။ ယနေ့ကမ္ဘာတွင် သိပ္ပံပညာများ တိုးတက်ထွန်းကားသည့်အလျောက် ပညာရှင်များက ထိုနည်းပညာများကို အသုံးပြုကာ သက်ရှိဖြစ်သည့် လူပုဂ္ဂိုလ်များကိုလည်း ခွဲစိပ်ကုသနည်း အမျိုးမျိုး၊ အစားထိုး ကုသနည်း အမျိုးမျိုး၊ ဆွေးဝါးအသုံးအဆောင် အမျိုးမျိုးဖြင့် ပြုပြင်ဖန်တီးကြသကဲ့သို့ သက်မဲ့ဖြစ်သည့် အသုံးအဆောင် ပစ္စည်းများကိုလည်း နည်းပညာအမျိုးမျိုးဖြင့် ကောင်းသထက် ကောင်းအောင်တည်ထွင် ဖန်တီးကြ၏။ သို့သော် ထိုသို့နည်းအမျိုးမျိုးဖြင့် တည်ထွင်ဖန်တီး ပြုပြင်ကြသော်လည်း ထိုပညာရှင်များ မဖန်တီး၊ မပြုပြင်နိုင်သည့် အရာကား ထိုသက်ရှိသက်မဲ့များအား မပျက်စီးအောင်၊ အမြဲတည်တံ့အောင် မဖန်တီး၊ မပြုပြင်နိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။ အဘယ့်ကြောင့် ထို့သို့မဖန်တီး၊ မပြုပြင်နိုင်သနည်းဟုဆိုသော် ထိုသူတို့ပြုပြင်ဖန်တီးနေသည့် အရာများသည် ပင်ကိုယ်သဘောအားဖြင့် အပြုပြင်ခံများ ဖြစ်နေကြပြီး ထိုအပြုပြင်ခံများ၏ အဆုံးသည် ပျက်စီးခြင်းပင် နိဂုံးဖြစ်သောကြောင့်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် ပျက်စီးခြင်းလျှင် အဆုံးရှိသည့် ထိုသက်ရှိသက်မဲ့ အရာများကို ရည်ရွယ်ကာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် လူပုဂ္ဂိုလ်များတွင် ပစ္စည်းဥစ္စာရှိသူများ၊ သြဇာအာဏာရှိသူများ၊ ရာထူးဂုဏ်သိန်ရှိသူများ အများအပြားရှိ၏။ ထိုသူများသည် လိုအပ်လျှင် လက်ညှိုးညွန်ရာ ရေဖြစ်နိုင်သည့် သူများလည်း ဖြစ်နိုင်ပေ၏။ အလိုရှိလျှင် သွားချင်ရာကို သွားနိုင်သကဲ့သို့၊ စားချင်ရာကိုစား၊ လုပ်ချင်ရာကို လုပ်နိုင်သည့် သူများလည်း ရှိနိုင်ပေ၏။ ထိုမျှ အစွမ်းရှိသူများ ဖြစ်သော်လည်း ထိုသူများ မလုပ်နိုင်သည့် အချက်ကား မိမိတို့ ပိုင်ဆိုင်ထားသည့် ရုပ်နာမ်နှစ်ပါး ခန္ဓာများကို လိုသလို မပြုပြင် မဖန်တီးနိုင်ခြင်းပင် ဖြစ်၏။ ထို့အတူ အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကိုလည်း နည်းအမျိုးမျိုးဖြင့် ဆန်းသစ်တီထွင် ဖန်တီးကာ အသုံးပြုနေကြသော်လည်း ထိုရုပ်ဝတ္ထု ပစ္စည်းများကို မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်းပင် ဖြစ်၏။ ဤသည်မှာ သင်္ခါရတရားတို့၏ အနိစ္စသဘောကြောင့်ပင် ဖြစ်ပါပေ၏။

မကြာသေးမီက ယနေ့လူသားတို့ ကမ္ဘာတွင် အကြီးအကျယ် ဖောက်ပြန်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ အဖြစ်အပျက်နှင့် ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရိုက်ခတ်မှုကြောင့် အလွန်စိုးရိမ်ဖွယ် ဖြစ်နေခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို့ ပျက်စီးယိုယွင်းလာသည့် အဖြစ်အပျက်တို့သည် လက်တွေ့ဆန်သည့် သင်္ခါရတရား၏ ပျက်စီးခြင်းသဘောကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေပေ၏။ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီသည် အင်းအားကောင်းပြီး ချမ်းသာသည့် သူတစ်ယောက်ဖြစ်သော်လည်း မိမိကိုယ်ကိုကား ပျက်စီးမှုမှ မကာကွယ်နိုင်ခဲ့ပေ။ ထို့ထက်ပိုဆိုးသည်မှာ ယခုဘဝ ဤစိတ်ဤခန္ဓာကိုယ်ကို မကာကွယ်နိုင်ရုံမျှမက ဘဝသံသရာတွင်လည်း သူလုပ်ခဲ့သည့် လုပ်ရပ်များက သူ့ကိုအကာအကွယ် မပြုနိုင်သည့် အချက်ပင် ဖြစ်၏။ သင်္ခါရကို အဟုတ်ထင်ကာ သတိလက်လွတ်ဖြစ်ခဲ့ရသည့် လူ့အချို့၏ လုပ်ရပ်သည် ယခုဘဝတွင်သာမက ဘဝသံသရာ အထိပင် ပျက်စီးခြင်းဖြင့် အဆုံးသတ်လေ့ ရှိတတ်ကြ၏။ သံဝေဂယူဖွယ်ပင် ဖြစ်ပါ၏။

ဂျပန်တွင် ဖန်တီးထားသည့် ဓာတ်ပေါင်းဖို ပြဿနာသည်လည်း နည်းပညာအမျိုးမျိုးဖြင့် အကောင်းဆုံး တည်ဆောက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သင်္ခါရတရား၏ အဆုံးအတိုင်း ပျက်စီးခြင်းသို့သာ ဦးတည်သွားနေခဲ့သည်မှာ လက်တွေ့ဆန်လွန်းလှ၏။ တစ်ခါတရံ စာရေးသူအပါအဝင် အားလုံးသော စာဖတ်သူများ ဆင်ခြင်နိုင်သည့် အချက်မှာ မိမိတို့ လိုချင်နှစ်သက်၍ ရရှိအောင် ကြိုးစားသဖြင့် ရလာသည့် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းအချို့သည့် မိမိတို့ လက်ထဲရောက်ပြီး မကြာမီမှာပင် ပျက်စီးချို့ယွင်းသွားတတ်သည့် သဘောကို လက်တွေ့အားဖြင့် သတိပြုကြည့်နိုင်မည့် အချက်ပင် ဖြစ်ပါ၏။ လိုချင်နှစ်သက်သဖြင့် ရရှိအောင် ကြိုးစားထားသည့် ပစ္စည်းတစ်ခု မိမိလက်ထဲတွင် ပျက်စီးချို့ယွင်းသွားသည့်အခါ အလွန်နှမျောတသ ဖြစ်မိတတ်ကြသော်လည်း စင်စစ် ထိုသဘောသည် သင်္ခါရတရား၏ ပျက်စီးခြင်းတွင် အဆုံးရှိသည့် သဘောပင် ဖြစ်ပါ၏။

အရင်းစစ်သော် ပြုပြင်စီရင်ခြင်းနှင့် ပျက်စီးခြင်းတို့၏ ဆက်စပ်မှု သဘောပင် ဖြစ်ပါပေ၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်စီးခြင်းတွင် ရုပ်ဝတ္ထုပစ္စည်းစသည့် သက်မဲ့များသည် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဟူသော ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်စီးဖောက်ပြန်တတ်သကဲ့သို့ လူ၊ သတ္တဝါ စသည့် သက်ရှိများသည်လည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိ၏။ မည်သည့်အရာကြောင့်ပင် ဖောက်ပြန်ပျက်စီးသည် ဖြစ်ပါစေ လက်တွေ့ကောက်ချက်ချနိုင်သည့် အချက်မှာ သင်္ခါရ တရားများ ဖြစ်နေခြင်းကြောင့် ပျက်စီးခြင်းတရား ရှိနေခြင်းဟူသည့် အချက်ပင် ဖြစ်ပါပေ၏။


ဆိုလိုသည်မှာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြသည့်အတိုင်း ပစ္စည်းဝတ္ထုများနှင့် ပုဂ္ဂိုလ်သတ္တဝါ အများတို့သည် ပြုပြင်စီရင်ထားသည့် တရားများ ဖြစ်သဖြင့် သင်္ခါရ၏ သဘောသဘာဝအတိုင်း နောက်ဆုံးတွင် သက်ရှိသက်မဲ့ အရာအားလုံးတို့သည့် ပျက်စီးခြင်းသာ နိဂုံးရှိတတ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ပြုပြင်စီရင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတရားပင်ဖြစ်ကာ ပျက်စီးမှုများ၏ နောက်တွင်လည်း ဆင်းရဲမှုများပင် ရောက်နေမြဲ ဖြစ်သဖြင့် ထိုပြုပြင်မှုကို အကြောင်းပြုကာ ဖြစ်ပေါ်တတ်သည့် ပျက်စီးမှု၏နောက် ဆင်းရဲမှုများ မရောက်စေဖို့ သင်္ခါရတရားတို့၏ကုန်ရာ အမှန်သစ္စာတရားကိုသာ အမြန်ရှာကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါပေ၏။


ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အများ ပြောဆိုနေကြသည့် သင်္ခါရ သင်္ခါရဟူသော စကားသည် တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် ပြုပြင်စီရင်ခြင်း သဘောကို ညွန်းဆိုခြင်းဖြစ်ပြီး ပြုပြင်စီရင်ထားသည့် အရာမှန်သမျှသည် ပျက်စီးခြင်းသာ အဆုံးရှိသည့် သဘောကို ဆိုလိုခြင်း ဖြစ်သဖြင့် မည်သူမဆို ရုပ်ဝတ္ထုပစ္စည်းများ၏ သင်္ခါရသဘော၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ သင်္ခါရ သဘောတို့ကို အမှန်အသိဖြင့် မြင်အောင်ကြည့်၍ သင်္ခါရ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းနိဂုံးကိုလည်း ကောင်းစွာသတိပြု ဆင်ခြင်ကာ သင်္ခါရတရားတို့ကို အကြွင်းမဲ့ ချုပ်ပျောက်စေနိုင်သည့် အရဟတ္တမဂ်ဉာဏ်ကိုသာ မနှေးအမြန် အရယူနိုင်ရန် အချိန်ရှိခိုက် ကြိုးစားလိုက်ကြပါဟု တိုက်တွန်းရင်း ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဖြစ်နေကြသည့် သင်္ခါရလောကကြီးတွင် သင်္ခါရနောက်ကိုသာ လိုက်မနေကြဖို့လည်း သတိပေးစကား ပါးလိုက်ရပေတော့၏။

အားလုံး… သင်္ခါရလောကကြီးမှ အမြန်ဖောက်ထွက်နိုင်ကြပါစေ…