Saturday, February 11, 2012

မုသာဝါဒက စားတယ်

မုသာဝါဒက စားတယ်

စားတယ်ဗျာ၊ နားရွက်တွေ စားတယ်။ မျက်လုံးတွေစားတယ်။ ခေါင်းတွေ စားတယ်။ ဟာ…တစ်ကိုယ်လုံးကို စားပါတယ်ဗျာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးအချင်း ချင်းကို လိမ်ညာ ဟန်ဆောင်ခြင်းဟာ မကောင်းဘူးဆိုတဲ့ အကြောင်းဘယ်လိုရှင်းပြ ရမှန်းမသိတာဗျာ။ ဘယ်လိုရှင်းပြပြမရတဲ့ အပြင်၊ ကိုယ်တောင်ပြန်ပြီး အမှုပတ်နေ   သေးတာ။ အများနဲ့ တစ်ယောက်ဖြစ်နေတာကိုး၊ အားလုံးက မုသာဝါဒကို ကြိုက်သွားကြတာလေ။ လူ့ကျင့်ဝတ် လူ့ယဉ်ကျေးမှု တစ်ခုအဖြစ်ကို အသုံးတည့် သွားကြ တာဗျာ။ ဘုရားတောင် မျက်စေ့လည်စရာ၊ ကိုယ်က ဘာတွေ ပြောမလဲ။ 

သူငယ်ချင်း တစ်ယောက်နဲ့ ထမင်းစား ဖိတ်တဲ့ သူ့အသိ အိမ်ကိုလိုက်သွားစားတာ။ မိန်းမကြီးက သူကိုယ်တိုင်ချက်တဲ့ ဟင်းကောင်း ရဲ့လားတဲ့။ ဟာဟိုကောင်က ဘယ်လို ကောင်းမှန်း မသိဘူးဆိုတဲ့အကြောင်း ချဲ့ကား မြှောက်ပင့်ပြီး ပြောတာဗျာ။ တကယ်တော့ ဟင်း ကတော်တော်ကို လိုနေတာဗျ၊ တစ်ခု တစ်ခုထည့်ဖို့တောင် မေ့ကျန်ခဲ့တဲ့ပုံ၊ ကျော်ခွ ပြီးတော့ ချက်ပြုတ်မိတဲ့ ပုံမျိုးဗျာ။ 

ကျွန်တော်လည်း မနေနိုင်တာနဲ့  နောက် ဆုံးတော့    ပြောမိ သွားတာ။ ကျွန်တော်လည်း မတတ်နိုင်ဘူး လေ၊ ပြောကြည့်ရတာပဲ။ သူသိသွားလို့များ တကယ်ပြင်ရင် အခုပြင်အခုစားရတာ အကျိုး ရှိမယ်။ နောက်ပြင်ရင် လည်း  နောက်လူတွေ အတွက် အကျိုးများမယ်။ ဒီသဘော၊ ဒါပေမဲ့ သဲထဲ ရေသွန်ပဲ။ အဘွားကြီးကလည်း ပြင်ဖို့ နေနေသာသာ မောင်းမထုတ်တာ ကံကောင်း၊ သူငယ် ချင်းကလည်း မင်းတော်တော်လူမှုရေး  ခေါင်းပါးတဲ့ကောင် နောက်မင်းကိုမခေါ်ဘူး တဲ့။ ဟောအမှန်အပြောကောင်းလို့။ 

တစ်ခါ လမ်းသွားရင်း အသိနဲ့တွေ့လို့   နှုတ်ဆက် တာ၊ အောင်မလေး ရွှန်းရွှန်းကို ဝေနေတာပဲ။ ဘယ်လို စိုပြည်လှပ၊ ဝလာတဲ့ အကြောင်း၊ ဟာ…ဟေ့ကောင်၊  မင်းခုန တုန်းက ငါ့ကိုပြောတော့ ဘယ်လိုပိန်လိမ်ရှုံ့တွ   နေတယ်ဆို အေများ ကိုက်နေလားတောင် မသိဘူးတဲ့။ မင်းပဲပြောပြီးတော့ လို့ဆိုတော့၊ ဟော သူကလည်း ဒါ လူမှုရေးပဲတဲ့။ နောက်ပွဲစားတစ်ကောင်။ ကိုယ်ရှေ့တင် ကားအစုတ်ကို လိမ်ညာပြီး ရောင်းနေတယ်။ အလုပ်ဖြစ်သွားတယ်။ ကိုယ်ကတင်းလို့ပြော တော့။ စီးပွားရေးဆိုတာ ဒီလိုပဲ လုပ်ရတယ်တဲ့။

နောက်စားသောက်ဆိုင်တွေ ဝင်တိုင်း ကြုံရတာ။ အပေါက်ဝက ဧည့်ကြိုလေးများက ဝင်သမျှ၊ ထွက်သမျှ ဧည့်သည် အပေါင်းကို ‘မင်္ဂလာပါရှင်’ ‘ကျေးဇူးတင်ပါတယ်ရှင်’လှိုက်လှဲပျူငှာ ကြိုဆိုနှုတ်ဆက် တတ်လိုက်ကြတာ ဗျာ။ ဒီက အိုက်တင်သမားတောင် လဲသေချင် လောက်အောင်ပဲ။ မြင်ကြည့်စမ်းပါဗျာ။ အိပ် ချင်မူးတူး၊ ပျင်းရိပျင်းရွဲအသံကို Rec လုပ် ထားပြီး ဘက်ထ ရီဒေါင်းနေတဲ့ ကက်ဆက်နဲ့ ပတ်လည် Play ထားတဲ့ အသံမျိုး၊ အဲ အရုပ် အိုင်တင်ကျတော့၊ လက်အုပ်တော့ချီပါရဲ့။ ခါးတော့ ညွှတ်ပါရဲ့၊ ဒါပေမဲ့ အရုပ်နဲ့အသံနဲ့ က လွဲနေ တာ။ စိတ်က တခြားမှာလေ။ မျက် လုံးက ကြည့်ချင်ရာ ကြည့်နေတာ။ 

တစ်ခါ တစ်ရံများဆို ချီထားတဲ့ လက်အုပ်ကို မေ့ပြီး မဖြုတ်မိသေးဘဲ သူတို့ဟာ သူတို့ အတင်းတုတ်  နေကြတာ ရှိသေး။ မြင်ကြည့်လေ။ လက် အုပ်ကြီးချီပြီး အတင်းတုတ်နေတဲ့ပုံကို၊ ကဲ အဲဒါဘယ်လိုတွေဖြစ်တာလဲ။ သက်ဆိုင် ရာ တာဝန်ခံအကြီးအကဲ၊ ဆိုင်ပိုင်ရှင် များက မပြောကြဘူးလား။ တာဝန်ကျေ ပြီး ပြီးရော လား။ သက်သက်ပဲ လုပ်ခိုင်းထားတာလား။ 

ဒါမှမဟုတ် အဲဒါဟာ ဟန်ဆောင်မှုမှန်း၊ မုသာဝါဒမှန်း၊ လူ့ကျင့်ဝတ်ကို ချိုးဖောက်မှန်း၊ တာဝန်မကျေမှန်း၊ ဆိုင်သိက္ခာကျမှန်း သိကို မသိကြတော့တာလား။ ဘယ်သူကမှလည်း ဒီကိစ္စကို အရေးတယူ မရှိကြတော့ဘူးဆို တော့ ဒါက သာမန် အမှန်တရားဖြစ်သွားပြီ လား။ အဲဒါက ဆိုင်တိုင်းနော်။ စားသောက် ဆိုင်ချည်းပဲတောင် မဟုတ်သေးဘူး။ မြန်မာ နိုင်ငံမှာရှိသမျှ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဟိုတယ်၊ အနှိပ် ခန်းတစ်ခုမကျန်အောင်ပါပဲ၊ အကြီးကြီးစားတယ်။

တကယ်တော့ ဒီ’မင်္ဂလာပါ’ဆိုတဲ့ စကားဟာ ဒီနေ့ခေတ်ရောက်မှပဲ တော်တော်ကြီးကို တွင်ကျယ်လာတဲ့ ဗန်းစကားလို့တောင် ပြောရမလို ဖြစ်လောက်အောင်ပါပဲ။ ကျွန်တော်တို့ ကျောင်းသားဘဝ ဒီအချိန် လောက်တုန်းကဆို အတန်းထဲမှာ ဆရာ၊ ဆရာမအတွက်သာ သုံးကြတာကိုးဗျ။ ဟောခုတော့ ဒီ’မင်္ဂလာပါ’ ဆိုတဲ့စကားက ဟိုအမြင့် ဆုံးမင်းပွဲစိုးပွဲတွေ ကနေ ဟိုးအောက်ဆုံး အဆင့်ယာဉ်စောင့်၊ အိမ်သာစောင့်တွေ အထိတောင်တွင်ကျယ် ကုန်ကြတာကိုး။ သူတို့လည်း မင်္ဂလာပါပဲ။ ရုပ်နဲ့အသံ ကတော့ ခုနအတိုင်းပဲနော်။ မျက်လုံးက ပိုက်ဆံပဲ ကြည့်နေတာပဲဟာ။ 

တစ်ခါက ကျွန်တော် ရွဲ့ပြီးတော့ မေးကြည့် တာ ဟေ့ကောင်လို့ မင်္ဂလာပါဆိုတာ မြန်မာ စကားလား၊ ပါဠိစာသားလားလို့။ အောင်မာ၊ ဒီကောင် ဖင်ကုတ်ခေါင်းကုတ်နဲ့ ပြန်တော့ ဖြေချလိုက်တာပဲ။ ပါဠိစကားတဲ့။ အောင်မာ ကဲ ကောင်းပြီလို့။အဲဒါဆို မြန်မာလိုအနက်က ဘာ လဲဆိုတော့။ အဲဒီကျတော့မှ ဒီကောင် တိုင်ပတ်တာ။ ဒါပေမဲ့ ဒီကောင်ပြန်တော့ ဖြေသေးတာပဲနော်။ မလျှော့ဘူး။ 

အဲ… အဲဒါတော့ သိဘူးဗျာတဲ့။ ကျွန်တော်တို့က တော့ မင်္ဂလာပါဆို ဒါရတာပဲတဲ့ (လက်ကိုဝိုင်း ပြ)၊ ကဲ ဒီကောင်ပြောမှပဲ မင်္ဂလာပါဆိုတာ တောင်းစားတဲ့ စကား ဖြစ်တော့တယ်ဗျာ။ တကယ်တော့ မင်္ဂလာပါဆိုတာ အင်မတန် ယဉ်ကျေးပျူငှာတဲ့၊ ရင်းနှီးချစ်ကြည်တဲ့ နှုတ်ဆက်စကားလေးဗျာ၊ ကြီးသူကို ရိုသေ ငယ်သူကို လေးစား၊ ဘယ်အတန်းအစားမဆို ကြိုက်သလိုသုံးလိုက်တာနဲ့တင်ခုနဂုဏ် သတ္တိ တွေ အကုန်ပြည့်စုံစေတာဗျာ။ 

ဒီလောက် သူ့အလိုလို တန်ဖိုးကြီးနေတဲ့ စကားကို ချက်ချင်းသိမ်ဖျင်းသွားအောင် ပြောတတ် ဖို့ဆိုတာတွေးလို့ကို မရတာဗျာ။ ဒီကောင် တွေဘယ်လောက် မကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်များလဲ ဆိုတော့။ ကိုယ့်ဆိုင်လာအားပေးတဲ့ သူများကို ကျေးဇူးရှင်အဖြစ်ပါဝပ်တွား ကြိုဆိုရမယ့်အစား ပစ်စ လက်ခတ်ကို ပြီးပြီးရော၊ ဆက်ဆံပစ်လိုက်ကြတာ။ 

ဒါပေမဲ့လည်း သူတို့ဟာနဲ့သူတို့တော့ ကိုက်နေကြပြီး သားပဲနော်။ သူတို့နဲ့ထိတွေ့ ပတ်သက် သမျှအားလုံး မန်နေဂျာ လား၊  ဆိုင်ရှင် လား၊ စားသုံးသူလား၊ ဘယ်သူ မှ ဘာမှ သိတောင်မသိဘူးလေ။ ဆိုင်ဘက် ရော စားသုံးသူအတွက်ပါ နစ်နာစရာ ဘာတစ်ခုမှ ရှိမှ မရှိကြတဲ့ဟာ။ အဲဒါကို ကြားကဝင်နာနေတဲ့ တစ်ယောက်တည်းသော ကောင်က ကိုယ့်ကျင်းကိုယ် တူးလိုက် တော့ပေါ့။ အောင်မလေး စားလို့ကောင်း လိုက်တာ။   

အမှိုက်ကစ   ပြာသာဒ် မီးလောင်တဲ့။သေး သေးလေးက စသွားတာပဲလေ။ ရှိသမျှ အကုန်လုံး လိမ်ညာဟန်ဆောင် တောထဲ ပြိုင်တူ ယစ်မူးကုန်ရလောက်အောင် ‘စ’ပြီး ချီ သွားတဲ့ စကားက ‘မုသားမပါ လင်္ကာမချော တဲ့’ ကျွန်တော်တို့ မြန်မာများ အမှားကို တရားဝင် ခွင့်ပြုပေးထားတာ ‘မမှားသော ရှေ့နေ မသေသော ဆေးသမား’တဲ့နော် အဲဒီ ကနေမှ ဆံပင်လေး ဝင်ပါရစေ။ လက်ညှိုး လေးဝင်ပါရစေနဲ့ နောက်ဆုံး တစ်ယောက် ချင်းစီတွေလည်း ဝင်သွားရော ”လူညီလို့ ဤက ကျွဲဖြစ်”သွားရော ဟော…အဲဒီလို အမှားတွေ ညီသွားကြ ပြီဆိုမှဖြင့် သွားပြီပေါ့။ နောက်ဆုံး ‘မိုးခါးရေသောက်’ တဲ့၊ မသောက်မိတဲ့ တစ်ယောက်က သောက်ရူးပဲပေါ့။
မိုက်တီး