Monday, June 30, 2014

လောကဓံတရားနှင့် ထမင်းစားနည်း ဟင်းစားနည်း


လောကဓံတရားနှင့် ထမင်းစားနည်း ဟင်းစားနည်း

တို့သာသနာမှာ သူတော်ကောင်းတစ်ပါးပါးက တစ်ခွန်းပြောရင် အဲဒီတစ်ခွန်းလိုက် လုပ်လိုက်စမ်းပါ။ သူတော်ကောင်းတို့ရဲ့  စကားတစ်ခွန်းကို သဘောပေါက်အောင် နာလိုက် စမ်းပါ။ ကြားရုံနဲ့မပြီးဘဲ နာလိုက်စမ်းပါ။ နာလိုက်စမ်းပါ ဆိုတာ ကြားရုံနဲ့ မပြီးဘဲ လိုက်နာ အားထုတ်လိုက်စမ်းပါလို့ ပြောနေတာနော်။

လောကမှာ ဓမ္မဆိုတာရှိပြီးသား။ လောကနဲ့ ဓမ္မ ပေါင်းလိုက်တော့  "လောကဓ"ံ ဆိုတဲ့ စကား ဖြစ်လာတယ်။ လောကဓံတရား ရှစ်ပါး၊ အကောင်းလေးပါး၊ အဆိုးလေးပါး ကြုံကြရမှာ ပဲ။ လူရယ်လို့ ဖြစ်လာရင်  အကောင်းနဲ့ မကြုံ  အဆိုးနဲ့ကြုံ ရမှာပဲ။ အာရုံတစ်ခုဆိုတာ ကြိုက်ရင်ကောင်းတယ်။ မကြိုက်ရင် မကောင်းဘူး ပြောမှာပဲ။

ဥပမာ အမဲသားဆိုပါတော့ ဟိန္ဒူကို သွားကျွေးရင် မကောင်းဘူး ပြောမှာပေါ့။ မူဆလင် သွားကျွေး တော့ ကောင်းတယ်ပြောမှာပေါ့။ ကောင်းတယ်မကောင်းဘူး ဆိုတာကို အမဲသားက လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်အာရုံက လုပ်နေတာ။ ဒီလိုပဲ ၀က်သားဆိုပါဆို့။ မူဆလင် သွားကျွေးရင် မကောင်းဘူး ပြောမှာပေါ့။ တရုတ်ကြီးသွားကျွေးတော့ ကောင်းတယ်ပြောမှာပေါ့ ။ ကြိုက်လို့ ကောင်းတယ်ပြောတာ လောဘကထွက်ပြောနေတာ ။ မကြိုက်လို့ မကောင်း ဘူးပြောတာ ဒေါသက ထွက်ပြောနေတာ။ ဒီတော့ကောင်းဆိုးလောကဓံ ဆိုတာ အပြင်ကဖန် ဆင်းတာလား? ။ တို့စိတ်က လုပ်နေတာလား?။ "စိတ်ကလုပ်နေတာပါဘုရား"

ပြီးတော့ နောက်ပါ လောကဓံ ဆိုတာ ရှိသေးတယ်။ ဘ၀သံသရာက ပြုကျင့်ခဲ့တဲ့ ကံအကျိုးပေး တွေလေ။ ကိုယ်က ကောင်းခဲ့တဲ့သူနဲ့ ဒီဘ၀ပြန်တွေ့တော့ ကိုယ်ကောင်းကြောင်း ပြောမှာပေါ့ ။ ကိုယ့်အပေါ်ပြန်ကောင်းမှာပဲ ။ ကိုယ်က နာအောင်လုပ်ခဲ့တဲ့သူနဲ့ ပြန်တွေ့တော့ ကိုယ့်အပေါ် ပြန်ဆိုးမှာပဲ။ ထို့နောက်မှာ လိုလားသူနဲ့ မလိုလားသူဆိုပြီး နှစ်ခု နှစ်သင်း ရှိနေ တတ်တယ် ။ အဲဒီ့ အကောင်းအဆိုးတွေက လွတ်ပြီးနေနိုင်ရဲ့ လား။
"မနေနိုင်ပါဘုရား "

အကောင်းအဆိုးလောကဓံ ကရှိနေမှာပဲ ။ သူ့အလုပ် သူလုပ်နေတာ ။ ကိုယ်က လွတ်အောင် သွားနိုင်ဖို့ အရေးကြီးတယ် ။ လောကဓံဆိုလိုက်တာနဲ့ တွန့်တွန့်လူး ဒုက္ခရောက်မှ လောကဓံ လို့ထင်နေကြတယ်။ သုခချမ်းသာလို့ ဆိုတဲ့ အကောင်းနဲ့ တွေ့တုန်းကတော့ ငြိမ်ခံနေပြီး ဒုက္ခနဲ့တွေ့မှ တုန်လှုပ်နေကြတာ။ တကယ်တော့ အကောင်းလောကဓံကို မတုန်လှုပ်ရင် အဆိုးလောကဓံ ကိုလည်း မဖြုံအပ်ပါဘူး ။ ပြောမယ်ဆိုရင် အဆိုးလောကဓံ ဆိုတာ ရန်သူမဟုတ်ဘူး။ မိတ်ဆွေ အကောင်းလောကဓံက တို့ကို ဖျားယောင်းနေတာ ။ သုခဆိုတာ ကောင်းကောင်းလေးနဲ့ တူးဖြို နေတာ။ ဆေးရုံမှာ မေ့ဆေးပေးပြီး ခွဲစိပ်လို မျိုး ။ သုခရော ဒုက္ခပါ ဒဏ်ရာကတော့ ကျန်ခဲ့မှာပဲ။

ဘယ်သူ့ကို မိတ်ဆွေထင်သလဲ ။ ဘယ်သူ့ ကိုရန်သူထင်သလဲ ။ ဒုက္ခနဲ့ သုခကို အတူထား နိုင်ပါ့မလား ။ ဒုက္ခက ဒုက္ခမှန်းသိတော့ တစ်ခါကြုံဖူးရင်ေ၇ှာင်တယ်။ သုခက တစ်ခါနဲ့မပြီးဘူး။ သုခက ဖျက်တာခံ နေရတာ ။ သုခက ရန်သူလား ?။ မိတ်ဆွေလား?။ "ရန်သူပါ ဘုရား " တို့ရှေ့ မို့ပြောတာ နေမှာပါဗျာ ။ ဒုက္ခက မိတ်ဆွေ ၊ ဒုက္ခမှန်းသိောအာင် ပြနေတာကိုး။ သုခကတော့ လိမ်နေတာ ။ ဒုက္ခကိုဖုံးထားပြီး အကောင်းလို့ ထင်အောင် လိမ်နေတာ။

ပြီးတော့ အာဂန္တုလောကဓံခေါ်မှာပေါ့ ။ ရှေ့ မှာ "ဥတု" ကလည်းစောင့်နေတာနော်။ ဥတုကလည်း ဖျက်မလို့စောင့်နေတာ ။ ဥတုကြမ်းနဲ့ တွေ့တော့မယ် ။ လာနေပြီ ။ မေ့မေ့ကြီးနဲ့ သွားရင် ဥတုကြမ်းနဲ့ ၀င်တိုးတော့မှာ ။ ဥတုကြမ်းသလောက် အစာကြမ်းကလည်း ဖျက်မလို့ စောင့်နေတာ ။ အစာတွေကြမ်းလာပြီ ။ "စားရဲ စားကြည့်" စိန်ခေါ်နေပြီ ။ ကိုယ့်ပတ်ဝန်းကျင် မှာလည်း ဆက်ဆံရမှာက လူကြမ်း စိတ်ကြမ်းတွေ။ သွားတတ်မှ မသွားတတ်ရင် ချော်လဲတယ်။ အဆိုးဘက်လည်း လဲနိုင်တယ်။ အကောင်း ဘက်လည်းလဲနိုင်တယ်။ အဆိုးအကောင်းရှောင်ပြီး တည့်တည့်သွားမှ မလဲမှာ ။

လောကဓံဆိုတော့ လူတွေချည်းကြုံရတယ် မထင်လေနဲ့ ဘုရားသော်မှ လောကဓံ ကြုံသွားရတာပဲ ။
လူနတ်ဗြဟ္မာတို့ရဲ့  ပူဇော်အထူးကိုခံရတာက အကောင်းလောကဓံ။ အကောင်းဘက်မှာလည်း ဒို့ထက်ပိုခံရတယ်။ အဆိုးဘက်မှာတော့ မပြောနဲ့တော့ ။ ဘုရားက ပိုခံရတယ် မှတ်လိုက်ပါ ။ မြို့လည်ကောင် ဆင်နဲ့တိုက်သတ်ခံရတာ ဘယ်သူကြုံဖူးလို့လဲ ။ ဘုရားကြုံရတယ်။ လူပုံအလယ်မှာ ဘုရားနဲ့ရတဲ့ ဗိုက်ပါဆိုပြီး စိဉ္စမာနလာပြီး အရှက်ခွဲတာ ကြုံရတယ်။ ဒါကအောင်ခြင်း ရှစ်ပါးထဲပါတာလောက်ပြောတာ။ တစ်ခြားလောကဓံတွေ ရှိသေးတယ်။

ဘုရားရဟန္တာနဲ့ သူတော်ကောင်းကြီးများဟာ အကောင်းလောကဓံနဲ့ ကြုံ ကြုံ အဆိုးလောကဓံနဲ့ ကြုံ ကြုံ မတုန်လှုပ်တတ်ကြဘူး။ သနပ်ခါးလူးပေးလို့လည်း ပြုံးမပြဘူး ။ အိုးမဲသုတ်တော့လည်း မဲ့မပြဘူး ။ အကောင်းအဆိုးလောကဓံ အပေါ်မှာ စိတ်ကို အညီအမျှထားတယ်။ လောကမှာ လောကစစ်နဲ့ လွတ်သူမရှိပါဘူး ။ လူ့ဘ၀ သက်တမ်းတိုလေးမှာ ချမ်းသာအောင် နေတတ်ရမယ်။ မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေ။

တို့မေတ္တာပို့တဲ့အခါ "သုခိ အတ္တာနံ ပရိဟရန္တု" ဆိုတာ ဘာကိုပြောတာလဲ ။ "မိမိကိုယ်ကိုယ်ချမ်းသာအောင် ဆောင်ရွက်နိုင်ကြပါစေ ကုန်သတည်း " လို့ပြောတာ။ ဒီလိုဘာလို့ မေတ္တာပို့ရသလဲ ဆိုတော့ ဒုက္ခပေးမှာက မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။ ရန်သူဟာ မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။ ဒီတော့ ဒုက္ခ ဆင်းရဲ အစားသုခချမ်းသာ ဖြစ်အောင် ဆောင်ရွက်ကြရမယ် ။

ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေတဲ့အထဲမှာ ဒုက္ခ အပေးဆုံးက ''အတွေး ''ပဲ ။ ''အတွေး'' သည် ဒုက္ခ အပေးဆုးံ။ လုပ်စရာရှိတာ လုပ်နေ ဘာမှမဖြစ်ဘူး ။ ရှေ့ ကြိုတွေး နောက်ပြန်ပြီး စမြုံ့ ပြန်နဲ့ အတွေးက ဒုက္ခပေးနေတာ။ ဒုက္ခတွေကိုယ်ဟာကိုယ် ရှာထားကြတာ ။    '' ကြိုက်တာ တစ်ခုရဖို့ မကြိုက်တာ ဆယ်ခုလောက်နဲ့ရင်းပြီး ရှာထားကြတာ'' ။

အတွေးနဲ့ ခံစားသူက မတွေ့ခင်က လှုပ်နေပြီ ။ အရှိအတိုင်း (အတွေးမပါပဲ ) ခံစားသူက မလှုပ်ဘူး။ ဒီတော့ လောကဓံနဲ့ ကြုံဆုံရာမှာ ထမင်းစားသလို ကျင့်လိုက်ပါ။ ဟင်းစားသလို မကျင့်ပါနဲ့ ။ ထမင်းစားတာ ထမင်းမှာ အရသာခံတာ ရှိသလား။
"မရှိပါဘုရား"

ဟင်းမှာသာ အရသာခံစားတာ ။ ချိုချဉ်ဖန်ငန်စပ် စသည်ဖြင့် အရသာခံတာ ဟင်းမှာပဲ အရသာခံစားတာ မဟုတ်လား။ ဒီတော့ ရပ်ရွာထဲမှာ ဘယ်လိုကျင့်နေသလဲ ။ ထမင်းစားသလို ကျင့်နေသလား ။ ဟင်းစားသလိုကျင့်နေသလား။
 "ဟင်းစားသလိုကျင့်နေပါတယ်ဘုရား"

ဟင်းစားသလိုကျင့်တော့ ကောင်းတယ် ဆိုးတယ် ကြိုက်တယ် မကြိုက်ဘူး ဆိုတာတွေ ဖြစ်လာတာပေါ့ ။ ကောင်းဆိုးနဲ့ ကြုံလို့ စိတ်တွေတုန်လှုပ်နေကြတာ ။ ဘုရားရဟန္တာ သူတော်ကောင်းကြီးတွေဟာ ကောင်းဆိုးဘယ်လိုကြုံကြုံ မတုန်လှုပ်တော့ဘူး ။ သုခဖြစ်အောင် မလုပ်လို့ ဒုက္ခလည်းမဖြစ်တော့ဘူး ။ စိတ်ကို ပစ္စုပ္ပန်တည့်တည့် ထားနိုင်လို့ "သုခိအတ္တာနံ ပရိဟန္တု" ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်ဆောင်နိုင်ကြပြီ ။

ဒို့လူတွေမှာတော့ ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင် မဆောင်နိုင်ကြသေးဘူး။ ဆင်းရဲ အောင်ပဲ ပြုကျင့်နေကြတယ်။ အရိပ်မရှိတဲ့ခရီး ကြမ်းကြမ်းနှင်ရဦးမှာနော်။ ဥတုကြမ်း အစာကြမ်း စိတ်ကြမ်း လူကြမ်းတွေကို ကြုံရဦးမှာ ။ ဒီလိုကြုံရင် ခံနိုင်ရည်ရှိအောင် ခုကတည်းက လေ့ကျင့်ထားရမယ်။ ဘာကိုလေ့ကျင့်ရမလဲ ဆိုတော့ ( မတွေးဖို့ တစ်ခု လေ့ကျင့်ပေးစမ်းပါ )။

ဥပုသ်စောင့်ပါ၊ ရိပ်သာဝင်ြ့ပီးအားထုတ်ပါ ။ ပြောနေတာမဟုတ်ပါဘူး ။ အတွေးမရှိပဲ နေတတ်ဖို့ ပြောနေတာပါ။ တွေးမိတာနဲ့ စိတ်သည်အာရုံနောက် ပါသွားပြီး အာရုံလှည့်စားတာ ခံရပါတော့မယ်။
စိတ်ရဲ့ သဘောကတော့ သိပေးရုံပါပဲ ။ အကြိုက်က ကြိုးကိုင်လိုက်တော့ " ကြိုက်သိ" ဖြစ်သွား တယ်။ မကြိုက်နဲ့ ပေါင်းမိတော့ "မကြိုက်သိ" ၀င်လာတယ်။

စိတ်ကိုချယ်လှယ်နေတာက စေတသိက် ၅၂ ပါး ။ အဲဒီ့ ၅၂ ပါးမှာ ခန္ဓာနဲ့  ဓါတ်ကြောင့် ဖြစ်တဲ့ ၂၇ ပါးက ကြိုးကိုင်ချယ်လှယ်နေတာ။ ဒါက ခန္ဓာရလိုက်ကတည်းက  အလိုလိုပါလာတဲ့ ဓါတ်သဘော တွေပဲ။ ဓာတ်ရုပ် ဓာတ်ဥာဉ် ဓာတ်ကောင်ဆိုတာ ဓာတ်သွေးတောင်းတာ လုပ်နေရမှာပဲ။ ဓာတ်သွေးတောင်းလို့ ဓာတ်ဥာဉ်လိုက်ပြီး လုပ်မိသမျှဟာ အကုသိုလ်ပဲ ဦးတည်နေတာပေါ့ ။

ကုသိုလ်တရားဖြစ်တဲ့ သဒ္ဒါ သီလ သုတ စာဂ စတဲ့သူတော်ကောင်းတရားတွေ ဆိုတာက ''ကျင့်ယူရတာ'' ။ ဗုဒ္ဓ ဘာသာဖြစ်မှ လုပ်နိုင်တဲ့ ကုသိုလ်တရားတွေ။ ဒီကုသိုလ်တရားတွေကို ဘုရားရှင်က အမွေပေးသလို ပေးရစ်တော် မူခဲ့ပါတယ။် တို့ဒကာ ဒကာမတွေ ယူပြီးပလား ။ ယူကြဗျ။ မယူကြသေးတာ ကိုယ့်သတ္တိကိုယ် မယုံလို့ပဲ ။

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးမဟုတ်လား ။ ဒီခန္ဓာ ကိုယ်ကြီး ချစ်နေတာ ကြိုက်ချစ်လို့ ခေါ်တယ်။ ခန္ဓာ ကိုယ်ကြီး သနားနေရင် သနားချစ် လေးနဲ့ ပြုပြင်ပေးကြစမ်းပါ ။ ဘယ်လိုပြုပြင်ရမလဲဆိုတော့ ဓာတ်ဥာဉ် ဓာတ်သွေး တောင်းတဲ့ အတိုင်း အတွေးနဲ့လိုက်မလုပ်ဘဲ အတွေးမ၀င်အောင် သတိနဲ့ ပြုပြင်ပေးကြဖို့ ပြောတာပါ ။

ဒီလိုအတွေးမ၀င်အောင် ထမင်းစားတဲ့စိတ်မျိုး ။ အရသာမခံ စိတ်မျိုးကသာ တာဝန် ယူနိုင်ပါတယ်။
ဟင်းစားသလို အရသာခံစားနေရင်တော့ ကောင်းဆိုးလောကဓံတွေ ကြိုက်မကြိုက်လောကဓံတွေ ကြုံရပါလိမ့်ဦးမယ်။ လက်ရှိကြုံနေရတဲ့ လောကဓံနဲ့ သံသရာ ဘေးဆိုးကြီးက လွတ်ချင်တယ် ဆိုရင်တော့ ထမင်းစားတဲ့စိတ်မျိုး ထားရပါလိမ့်မယ်။ ဟင်းစားတဲ့ စိတ်မျိုးနဲ့ဆိုရင်တော့ လောကဓံနဲ့ တွေ့တိုင်း တုန်လှုပ်နေကြမှာဗျ။

ဒီတော့ ဒို့ဒကာဒကာမတွေ ဘယ်လိုစိတ်မျိုးထားကြမှာလဲဗျ။ ထမင်းစားတဲ့ စိတ်မျိုးထားနိုင်အောင် ကြိုးစားကြ ။

သာဓု …. သာဓု …. သာဓု ပါဘုရား ။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားမှ မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)

by Favorite Collections