Sunday, June 15, 2014

နိဗ္ဗာန်


နိဗ္ဗာန်

နိဗ္ဗာန်သည်ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်၏။ နိဗ္ဗာန်အကြောင်းကို မည်သို့ပင် ရှင်းလင်း အောင် သရုပ်ပေါ်အောင် ရေးသားသည်ဖြစ်စေ ၊ နိဗ္ဗာန်၏အကြွင်းမဲ့အေးမြမှု့ကို သရုပ်ဖေါ် ရေးသားသည့် ဝေါဟာရများမည်မျှပင် ပြောင်မြောက်နေပါစေ ၊ စာအုပ်တို့ကိုဖတ်ရှု့ရုံမျှဖြင့် နိဗ္ဗာန်ကို သဘောမပေါက်နိုင်ပေ။

နိဗ္ဗာန်သည် ပုံနှိပ်ဖေါ်ပြအပ်သောအရာ မဟုတ်ပေ။ ဆင်ခြင်တုံဥာဏ်ဖြင့် ဆုပ်ယူ ရမိကောင်းသော အရာလည်း မဟုတ်ပေ။ နိဗ္ဗာန်သည် ထိုးထွင်းသိမြင်မှု့ဥာဏ်အမြင်ဖြင့်သာနားလည်နိုင်သော လောကကို လွန်မြောက်သည့်အခြေအနေတစ်ခု လောကုတ္တရာဓမ္မဖြစ်၏။ ဆင်ခြင်တုံ ဥာဏ် သက်သက်ဖြင့် နိဗ္ဗာန်ကို နားမလည်နိုင်ပေ။

နိဗ္ဗာန်ဟူသည်ယုတ္တိတန်သော ဆင်ခြင်တုံတရားဖြင့် ရအပ်ရောက်အပ်သောအရာ မဟုတ်သော ကြောင့်ဖြစ်၏။ နိဗ္ဗာန်ကို အာရုံခံပသာဒငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ရုံမျှဖြင့် နိဗ္ဗာန်ဟူသည် အ-ဘာဝ သဘော မရှိတရားဖြစ်သည်ဟု ဆိုခြင်းသည် သဘာဝမကျပေ။ မျက်စိအမြင် ကန်းသူသည်အလင်းရောင်ကိုမမြင်နိုင်ရုံမျှဖြင့် အလင်းရောင်မရှိဟု မှတ်ချက်ချသည်နှင့်တူ၏။

ပုံပြင်တစ်ခု၌ ရေနှင့်သာရင်းနှီးကျွမ်းဝင်သော ငါးတစ်ကောင်သည် လိပ်တစ်ကောင်နှင့် ဆွေးနွေးငြင်းခုံပြီးနောက် ကုန်းမြေဟုသည်မရှိဟု ကျေကျေနပ်နပ်အားရပါးရ မှတ်ချက်ချ၏။ ငါးဖြစ်သောကြောင့် တစ်သက်လုံးရေ၌သာနေရ၏။ ရေမှတစ်ပါးတခြားအရာကိုဘာမှမသိပေ။ တစ်နေ့သ၌ ရေကန်တွင်တစ်နေကုန် ကူးခတ်နေစဉ် ကုန်းမြေအလည်အပတ်ခရီးမှပြန်လာသော မိတ်ဆွေလိပ်တစ်ကောင်နှင့်တွေ့၏။

ငါး - ကောင်းသောနေ့ပါကိုရွှေလိပ်။ မတွေ့ရတာကြာပီ။ ဘယ်များသွားနေပါသလဲ။

လိပ် - အိုး… ခြောက်သွေ့တဲ့ကုန်းမြေက အခုပဲပြန်လာပါတယ်။

ငါး - ခြောက်သွေ့တဲ့ကုန်းမြေတဲ့လား။ ခြောက်သွေ့တဲ့ကုန်းမြေဆိုတာ ဘာပြောတာလဲ။ ခြောက်သွေ့တဲ့ကုန်းမြေဆိုတာမရှိပါဘူး။ အဲဒါမျိုး မတွေ့ဖူးပါဘူး။ ခြောက်သွေ့တဲ့ကုန်းမြေဆိုတာ အလကားပါ။(တအံ့တသြဆို၏)

လိပ် - ကောင်းပါပီ။ အဲဒိအတိုင်း သင်ထင်မယ်ဆို ထင်နိုင်ပါတယ်။ တားမြစ်ကန့်ကွက်မဲ့သူ မရှိပါဘူး။ ဒါပေမယ့် အဲဒါ ငါရောက်ခဲ့တဲ့ဒေသပါပဲ။

ငါး - အိုးးး လာပါအုံး။ အဓိပ္ပါယ်ရှိတာပြောစမ်းပါ။ သင့်ရဲ့ကုန်းမြေဆိုတာ ဘယ်လိုဟာလဲ ပြောစမ်းပါ။ ကုန်းမြေတစ်ခုလုံးစိုရွှဲနေတာလား။

လိပ် - ဟင့်အင်း။ မစိုဘူး။

ငါး - ကုန်းမြေဆိုတာ သိမ်သိမ်မွေ့မွေ့ စိုစိုပြည်ပြည်နဲ့ အေးအေးချမ်းချမ်းပဲလား။

လိပ် - ဟင့်အင်း။ မသိမ်မွေ့ဘူး။ မစိုပြေဘူး။ မအေးဘူး။

ငါး - ကုန်းမြေဆိုတာ အလင်းရောင်ဖေါက်ထွင်းနိုင်လောက်အောင် ကြည်လင်နေသလား။

လိပ် - ဟင့်အင်း။ အလင်းဖေါက်ထွင်းနိုင်လောက်အောင် မကြည်ဘူး။

ငါး - ကုန်းမြေထဲမှာ ငါ့ရဲ့ဆုးတောင်တွေနဲ့ ရွေ့လျားကူးခတ်လို့ရအောင် ငါ့နှာခေါင်းနဲ့ တွန်းထိုးလို့ရအောင် နုးညံ့ပျော့ပျောင်းနေသလား။

လိပ် - ဟင့်အင်း။ နူးညံ့ပျော့ပျောင်းမနေဘူး။ ကုန်းမြေမှာ သင် မကူးခတ်နိုင်ဘူး။

ငါး - ကုန်းမြေဆိုတာ ရွေ့လျားစီးဆင်းနေသလား။

လိပ် - ဟင့်အင်း။ ရွေ့လည်းမရွေ့ဘူး ။ စီးလည်း မစီးဘူး။

ငါး - ကုန်းမြေဟာ လှိုင်းထသလား။အဲဒိမြေပြင်မှာ အမြှပ်ဖြူဖြူတွေရှိသလား။ (သည်းမခံနိုင်တော့ပဲ နှာခေါင်းရှုံလျက်မေး၏)

လိပ် - ဟင့်အင်း။ လှိုင်းထတာ မတွေ့ခဲ့ရဘူး။

ငါး - ဒါဆို … ကုန်းမြေဆိုတာ ဘာမှမဟုတ်ပါဘူးလို့ ငါမပြောခဲ့ဘူးလား။ ငါမေးခဲ့ပြီပဲ။ ငါမေးတော့ သင်ဖြေခဲ့တာပဲ။ ကုန်းမြေဆိုတာ စိုလည်းမစိုဘူး။ အေးလည်း မအေးဘူး။ ကြည်လည်း မကြည်ဘူး။ နုးညံ့မှု့လည်း မရှိဘူးတဲ့။ စီးလည်း မစီးဆင်းဘူး။ လှိုင်းလည်း မထဘူးတဲ့။ ဒါတွေတစ်ခုမှ မဟုတ်ရင် တစ်ခြားဘာဖြစ်အုံးမလဲ။ ဘာမှ မဟုတ်ပါဘူးနော်. ။ လာပြောမနေနဲ့။

လိပ် - ကောင်းပါပီ။ ကောင်းပါပီ။ ကုန်းမြေဆိုတာ ဘာမှ မဟုတ်ပါဘူးလို့ သင် ထင်မြင်ဆုံးဖြတ်တယ်ဆိုရင် ဆုံးဖြတ်ရုံပါပဲ။ ဒါပေမယ့် သင် မသိဖူးရုံနဲ့ပဲ သင် မသိဖူးတဲ့အရာကို ဘာမှ မဟုတ်ဘူးလို့ပြောတဲ့အတွက် ရေဆိုတာဘာ ၊ ကုန်းမြေဆိုတာဘာရယ် လို့သိတဲ့သူတွေကတော့ သင့်ကို မိုက်မဲတဲ့ငါးတစ်ကောင်လို့ပြောကြမှာပဲ။

ထို့နောက်လိပ်သည် ငါးကို သူ့ရေအိုင်ငယ်၌ချန်ထားခဲ့ပြီး ဝေးရာသို့လှည့်ထွက်သွား၏။ ဘာမှ မဟုတ်သော ခြောက်သွေ့သောကုန်းမြေသို့ နောက်တစ်ဖန်အလည်အပတ်ခရီး ထွက်သွားလေ၏။


အဓိပ္ပါယ်ပြည့်ဝသောဤပုံပြင်တွင် ကုန်းမြေ ပင်လယ်နှစ်မျိုးလုံးနှင့် အကျွမ်းဝင်သောလိပ်သည် ကုန်းမြေ၏သဘောမှန်ကို ငါး နားလည်အောင်ရှင်းမပြနိုင်သကဲ့သို့ ငါးသည်လည်း ပင်လယ်နှင့်သာ အကျွမ်းဝင်သောကြောင့် ကုန်းမြေဘာဖြစ်သည်ကို နားမလည်နိုင်ဆိုသောအချက်မှာ ထင်ရှား၏။

အလားတူပင် လောကီ လောကုတ္တရာနှစ်မျိုးလုံးကို သိကျွမ်းသောရဟန္တာတို့သည် လောကုတ္တရာ တရားကို လောကသားတစ်ယောက်နားလည်အောင် လောကဝေါဟာရဖြင့် ရှင်းမပြနိုင်ပေ။ လောကသားအနေဖြင့်လည်း လောကီဗဟုသုတမျှဖြင့် လောကုတ္တရာတရားကို နားမလည်နိုင်ပေ။

နိဗ္ဗာန်သည်ဘာမှမဟုတ်သည့် အ-ဘာဝတရားဖြစ်ခဲ့လျင် ဟင်းလင်းပြင်(အာကာသ)နှင့် အတူတူပင်ဖြစ်ရပေမည်။ ဟင်းလင်းပြင်နှင့်နိဗ္ဗာန်နှစ်မျိုးလုံးသည် ထာဝရတည်ရှိနေကြသည်။ မပြောင်းလဲကြပေ။

ဟင်းလင်းပြင်သည် သူကိုယ်တိုင် ဘာမှမဟုတ်သည့်အရာဖြစ်သောကြောင့် ထာဝရတည်ရှိနေ၏။ နိဗ္ဗာန်သည်ကား ဟင်းလင်းပြင်ကင်းမဲ့သောတရားဖြစ်၏။ အချုပ်အားဖြင့် ဟင်းလင်းပြင်သည် နိဗ္ဗာန်မဟုတ်။ နိဗ္ဗာန်သည်သာနိဗ္ဗာန်ဖြစ်၏ဟုဆိုနိုင်ပေသည်။

( ရှင်အာစာရ , The Way to Nibbana’ )