Friday, June 20, 2014

* ဝိပဿနာနှင့်ချမ်းသာဆင်းရဲ*


* ဝိပဿနာနှင့်ချမ်းသာဆင်းရဲ*


လောကရှိ အများစုသော လူသားတို့သည် ချမ်းသာနှင့် ဆင်းရဲ မကွဲပြားကြပါ။ ယင်းသို့ မကွဲပြားကြ၍ ချမ်းသာကို ဆင်းရဲထင်ကာ ရှောင်ရှားနေကြပါသည်။ ဆင်းရဲကိုမူ ချမ်းသာထင်ကာ ကြိုးစားရှာဖွေ ကျင့်သုံးနေကြပါသည်။ ယင်းသို့ဖြင့် အရှာလွဲ, အကျင့်သုံး လွဲနေကြရကား လူသားတို့မှာ အဆင်းရဲကြီး ဆင်းရဲနေကြရပါသည်။

မည်မျှ ဆင်းရဲနေကြပါသနည်း။ သန်းပေါင်းများစွာသော ဥစ္စာ,ရွှေ ,ငွေတွေ ရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက်၊ ပညာတွေ တတ်ပါလျက်၊ ဆင်းရဲလွန်းလို့ ဆင်းရဲဒဏ်ကို မခံနိုင်ရကား မိမိကိုယ်မိမိနည်းအမျိုးမျိုးနှင့် သတ်သေသူပေါင်းမှာ တစ်နှစ် တစ်နှစ် ထောင်ဂဏန်းအထက်မှာရှိသည်ဟု စာစောင်တစ်ခုတွင် မိမိဖတ်ရှုလိုက်ရပါသည်။

သန်းပေါင်းများစွာရှိပါလျက် ရာထူးကြီး ဂုဏ်ထူးကြီးတွေ ရှိပါလျက် ဆင်းရဲလွန်းလိ ဆင်းရဲဒဏ်မခံနိုင်၍ မိမိကိုယ်ကို သတ်သေသူပင် ထောင်ဂဏန်းအထက်ရှိနေပါလျှင် ယင်းတို့အောက် ဥစ္စာရာထူးရှိပြီး ဆင်းရဲလွန်းလို့ မိမိကိုယ်မိမိ နည်းအမျိုးမျိုးဖြင့် သတ်သေသူဦးရေမှာ မည်မျှများမည်ဟု အဘယ်သူ ခန့်မှန်းနိုင်ပါအံ့နည်း။ ထိုထက်များပြားမည်ကား သေချာလှပါ၏။
ယင်းသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါသနည်းဆိုသော် ချမ်းသာနှင့် ဆင်းရဲ မကွဲကြ၍ ဖြစ်ရသည်ဟု အကြောင်းရင်းကို ဖော်ပြနိုင်ပါသည်။

မှန်ပါသည်။ ဗုဒ္ဓတရားတော်အရ ဖော်ပြရပါလျှင်လောက၌ ဖြစ်ပေါ်နေသမျှ အကျိုးတရားမှန်သမျှတို့သည် အကြောင်းတရား မကင်းကြပါ။ အကြောင်တရားကြောင့်ဖြစ်သည့် အကျိုးတရားတွေချည်း ဖြစ်ပါသည်။
သို့ဖြစ်၍ ဘယ်နေရာမှာမဆို ကြောင်း , ကျိုးကို သိမြင်အောင် ရှာပါ။ ကြောင်း , ကျိုးကွဲအောင် ကြိုးစားပါ။ ချမ်းသာနှင့် ဆင်းရဲကိုလည်း ကွဲပါစေ၊ ချမ်းသာနှင့်ဆင်းရဲလည်း ကွဲအောင်ကြိုးစားပါ။ ကြိုးစားသူကား ရှားပါးလှပါသည်။ ရှားပါးသူတစ်ယောက်နှင့် တစ်နေရာ၌ ဆုံခဲ့ရပါ၏။

“အရှင်ဘုရား… ဝိပဿနာတရားဟာ ချမ်းသာလား… ဆင်းရဲလား၊ အားထုတ်တဲ့အခါမှာ ချမ်းသာလား… ဆင်းရဲလား တပည့်တော်ကွဲကွဲပြားပြား သိချင်ပါတယ်။ ရှင်းပြပေးပါဘုရား”
မေးလျှောက်သူမှာ လူငယ်တစ်ယောက်ဖြစ်၏။မြို့ကြီးတစ်မြို့၌ ဆယ်ရက်စခန်း တရားပြခိုက် ကြုံဆုံခြင်းဖြစ်ပါ၏။

“အေး… ဒီအမေးကို ဘုန်းကြီး သိပ်ကြိုက်သွားပြီ၊ လူတွေဟာ ချမ်းသာဆင်းရဲ မကွဲကြတာများပါတယ်။ အဲဒါကြောင့် အဲဒီအမေးကို မဖြေမီ ချမ်းသာခုနစ်မျိုးကို ပြောပြပါ့မယ် မှတ်ထားပါ”
“မှန်ပါ၊ ပြောပါဘုရား”

“ဒီလောကရှိ သက်ရှိသတ္တဝါအားလုံးတို့ဟာ ချမ်းသာ ရှာဖွေနေကြသူတွေချည်းပါ။ ရှာဖွေနေပေမယ့် မိမိတို့ ရရှိခံစားနိုင်သည့် ခံစားရမည့် ချမ်းသာ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိကြသူတွေ များပါတယ်။ ဒါကြောင့်-
၁။ လူတို့ရဲ့ကာမချမ်းသာ၊
၂။ နတ်တို့ရဲ့ကာမချမ်းသာ၊
၃။ ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ၊
၎။ ဝိပဿနာချမ်းသာ၊
၅။ မဂ်ချမ်းသာ၊
၆။ ဖိုလ်ချမ်းသာ၊
၇။ နိဗ္ဗာန်ချမ်းသာ
ရယ်လို့ ချမ်းသာခုနစ်မျိုးရှိကြောင်းကို ဦးစွာမှတ်ထားပါ။ အဲဒီချမ်းသာခုနစ်မျိုးထဲမှာ ‘ဝိပဿနာ’ ရယ်လို့ ပါနေတော့ ‘ဝိပဿနာတရားဟာ ချမ်းသာလား၊ ဆင်းရဲလားဆိုတဲ့ အမေးဟာ အလိုလို ဖြေပြီးသား ဖြစ်မသွားဘူးလား”

''“မှန်ပါ၊ ဖြစ်သွားပါပြီဘုရား၊ ဒါပေမယ့် အားထုတ်တဲ့အခါမှာ ချမ်းသာလား, ဆင်းရဲလား ဆိုတာ မပြေလည်သေးပါဘုရား”
“ဝိပဿနာ တရားအားထုတ်ရာက ပြန်လာသူ အတော်များများက ဆင်းရဲတကာ့ ဆင်းရဲထဲမှာ ဝိပဿနာတရား အားထုတ်ရတာ အဆင်းရဲဆုံး၊ အပင်ပန်းဆုံးလို့ ပြောကြတဲ့ အသံကို ကြားရလို့ပါဘုရား”
“အဲဒါ အားထုတ်ပုံ အားထုတ်နည်း မမှန်ကန်ကန်လို့ပါ။ မြတ်စွာဘုရားရဲ့ တရားဂုဏ်တော်(၆)ပါးထဲက အစဆုံး ဂုဏ်တော်ကို သတိပြုကြည့်ပါလား”

ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။
ဓမ္မော - မဂ်, ဖိုလ်, နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သောတရားတော်မြတ်ကို။
သွက္ခတော - ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးကာလည်း၊ လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာဟောတော် မူအပ်ပါပေ၏” တဲ့။

“အဲဒီ တရားဂုဏ်တော်အရ ဘုရားရှင်ရဲ့ တရားတော်တွေဟာ နာရုံကြားရုံနဲ့ အပူသောကတွေ စင်ကြယ်ပါတယ်။ လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်ရင် ချမ်းသာပါတယ်…
“ချမ်းသာတယ်ဆိုပေမယ့် အားထုတ်ပုံ အားထုတ်နည်းလွဲရင် ဆင်းရဲပင်ပန်းပါတယ်…”
“သြော်… ဒါဖြင့် တပည့်တော် တွေ့တဲ့လူတွေဟာ အလွဲနဲ့တွေ့လာသူတွေနဲ့ တူပါတယ်။ ဆက်ပြီး ရှင်းပြပါဘုရား...”

“အားထုတ်တဲ့အခါမှာ အားထုတ်ခါစ ယောဂီနှင့် အားထုတ်ကြာယောဂီနှစ်မျိုး မတူပါ။ အားထုတ်ခါစ ယောဂီဟာ ဣရိယာပုတ် မပြင်မပြောင်းဘဲ အားထုတ်လျှင်…
(၁) ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်ခြင်း၊
(၂) တည်ကြည်မှုသမာဓိ မရခြင်း၊
(၃) အားထုတ်ဆဲ ကမ္မဋ္ဌာန်းပျက်ခြင်း၊
(၄) တရားထူး မရခြင်း
ရယ်လို့သာ အပြောလေးချက် ဖြစ်တဲ့အကြောင်း ‘သီလက္ခန် အဋ္ဌကထာ’ မှာ အတိအကျ ဆိုထားပါတယ်။ အားထုတ်ခါစ ယောဂီတွေဟာ ဣရိယာပုတ် ပြင်ပြောင်းအားထုတ်ပါက…
(၁) ဒုက္ခဝေဒနာ မဖြစ်ခြင်း၊
(၂) တည်ကြည်မှု သမာဓိရခြင်း၊
(၃) အားထုတ်ဆဲ ကမ္မဋ္ဌာန်းတိုးပွားခြင်း၊
(၄) တရားထူးရခြင်း
ရယ်လို့ အကျိုးထူးလေးချက်ရပါတယ်လို့ အဲဒီ ‘သီလက္ခန် အဋ္ဌကထာ’ မှာပဲ ဆိုထားပါတယ်”

"အေး… ဝိပဿနာ အားထုတ်လို့ ပင်ပန်းဆင်းရဲတယ်ဆိုတာ အဲဒီ ပရိယတ်ကျမ်းဂန်နှင့်အညီ တရားသဖြင့် အားထုတ်မှုမပြုဘဲ မတရားအားထုတ်လို့ ဆင်းရဲတယ်မှတ်ပါ”
“မှန်ပါဘုရား”

“ဝိပဿနာဆိုတာ ပဋိပတ်ပါ။ ပဋိပတ်ကို အားထုတ်ကျင့်ကြံတဲ့အခါ ပရိယတ်နှင့်အညီ အားထုတ်ရပါတယ်။ မညီလျှင် ဆင်းရဲပါတယ်။ ညီလျှင်ချမ်းသာပါတယ်”
“ဝိပဿနာ ချမ်းသာရဲ့ ချမ်းသာပုံကို အားထုတ်ချင်အောင် ပြောပြပါဦးဘုရား”
“အေး… ပြောရရင် ဝိပဿနာချမ်းသာရဲ အောက်မှာ လူတို့ကာမ ချမ်းသာ၊ နတ်တို့ ကာမချမ်းသာ၊ ဗြဟ္မာတို့ ဈာန်ချမ်းသာရယ်လို့ ချမ်းသာ(၃)မျိုးရှိတယ်။

လူ့ချမ်းသာမှာ အချမ်းသာဆုံးဟာ ‘စကြဝတေးမင်းရဲ့ ချမ်းသာ’ ပါ။ အဲဒီ စကြဝတေးမင်းရဲ့ ချမ်းသာဟာ နတ်ချမ်းသာကိုထောက်ရင် အထီးကျန်မွဲ လူဆင်းရဲနှင့် ထူပါတယ်။ စည်းစိမ်ချမ်းသာဟူ၍ မဆိုစလောက်ပါ။
ဟုတ်ပါတယ်၊ စကြာဝတေးမင်းရဲ့ စည်းစိမ်ချမ်းသာဟာ နတ်စည်းစိမ်ချမ်းသာကို အစိတ်အပေါင်း အသိန်း, အသန်း, စိတ်၍ တစ်စိတ်စာမျှ မမီနိုင်အောင် ညံ့ဖျင်းသေးသိမ်လှပါတယ်။

အေး… အဲဒီ လူစည်းစိမ် ချမ်းသာထက် အဆပေါင်း အသိန်း, အသန်းမကသာတဲ့ နတ်စည်းစိမ်ချမ်းသာဟာဗြဟ္မာတို့ရဲ စည်းစိမ်ချမ်းသာကို နှိုင်းဆပြိုင်ထောက်ပါက ပြိတ္တာချမ်းသာကဲ့သို့ အလွန်တရာ ဆင်းရဲဒုက္ခများလှပါတယ်။

အေး… ချမ်းသာလှပါတယ်ဆို့တဲ့ နတ်သား, နတ်သမီးတွေဟာ ပြိတ္တာချမ်းသာကဲ့သို့ ဘယ်လိုဆင်းရဲလဲ မေးရင် ပြိတ္တာတွေဟာ အစားအသောက်ကို အလွန်တရာ ဆာလောင်တောင့်တရ၍ အလွန်တရာ ဆင်းရဲကြရရှာသလို ကာမာဝစရ နတ်တွေဟာလည်း တစ်ကိုယ်တည်း တစ်ယောက်တည်း အဖော်မရှိဘဲ စည်းစိမ်ချမ်းသာကို မခံစားနိုင်ဘဲ အဖော်ရှိမှသာ ခံစားနိုင်ပါတယ်။

ချမ်းသာသုခကို ပေးတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတို့ကို ရှာမှီး တောင့်တကြရပါတယ်။ ခံစားစရာအာရုံကိုမရပါလျှင် ပြိတ္တာအတူ အလွန်ဆင်းရဲရှာကြပါတယ်။
ခံစားစရာ အာရုံရပြန်လျှင်လည်း တစ်နာရီလုံးလုံး ခံစား၍ မနေနိုင်ပါ။ တစ်ညဥ့်, တစ်ရက်, တစ်လ, တစ်နှစ်ပတ်လုံးလည်း ခံစား၍ မနေနိုင်ပါ။

ကောင်းပါတယ်ဆိုတဲ့ ချမ်းသာကို ခံစားရင်း အလွန်တရာ ဆင်းရဲသဖြင့် ရှည်ကြာလေးမြင့် ခံစားခြင်းငှာ မတတ်နိုင်ဘဲ အလွန်တရာ ဆင်းရဲကြရှာပါတယ်။ အဲဒါကြောင့် သတ်သေကြတာပါ။
“ဒီလိုဆိုရင်တပည့်တော်တို့ လူချမ်းသာလည်း ပြိတ္တာချမ်းသာနှင့် အတူတူ ဖြစ်နေတာပေါ့ဘုရား”
“သြော်... နတ်ချမ်းသာတောင် ပြိတ္တာချမ်းသာနှင့်တူပါတယ်ဆိုမှဖြင့် လူ့ချမ်းသာဆိုရင် အဘယ်မှာ ဆိုဖွယ်ရှိပါ့မလဲ၊ သူတောင်းစားချမ်းသာနှင့် တူတာပေါ့”

“ဆိုလှချည်လားဘုရား”
“မဆိုလှပါနဲ့၊ သူတောင်းစားများဟာ သူများပေးမှ ချမ်းသာရသလို လူတွေလည်း အဆင်းစတဲ့ အာရုံတွေကပေးပါမှ ချမ်းသာလို့ သူတောင်းစား ချမ်းသာလို့ ပြောတာပါ”
“နာစရာ ရှက်စရာကောင်းလိုက်တာဘုရား”
“နာရင် ရှက်ရင် ဝိပဿနာချမ်းသာကနေ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အဆင့်ဆင့်ရအောင်ကြိုးစားပါ”
“ကြိုးစားဖို့ရာ အသာထားပါဦးဘုရား၊ ဝိပဿနာဟာ ချမ်းသာလား ဆင်းရဲလား မကွဲပြားလို့ မေးနေရပါတယ်ဘုရား”

“အေး... ဝိပဿနာဟာ ချမ်းသာပါ၊ လူ, နတ် ချမ်းသာထက် သာပါတယ်၊ နတ်ချမ်းသာထက်သာတာက ဗြဟ္မာချမ်းသာပါ။ ဗြဟ္မာချမ်းသာက အဖော်အဖက်မရှိဘဲ တစ်ယောက်ထီးတည်း အလိုရှိတိုင်း ခံစားနိုင်ပါတယ်။
အလိုရှိတဲ့ခဏ၌ ခံစားနိုင်ပါတယ်။ အလိုရှိသမျှကာလပတ်လုံးလည်း ခံစားနိုင်ပါတယ်”
“ခံစားတဲ့အခါမှာလည်း အချိန်ကြာမြင့်စွာ ခံစားပြီးမှ ထကြွရပါသော်လည်း အားရသည် စသည် မုန်းသည် မောသည်ဟူ၍လည်း မရှိနိုင်ပါ။ ညောင်းညာ ပူအိုက်သည်ဟူ၍လည်း မရှိနိုင်ပါ။ အေးအေးမြမြ အလွန်တရာကောင်းမြတ်လှတဲ့ သုခချမ်းသာကို ခံစားမွေ့လျော်ကြရပါတယ်”

“အဲဒီ ဗြဟ္မာ့ချမ်းသာထက် ဝိပဿနာချမ်းသာက အဆပေါင်း အသိန်းအသန်းမက သာလွန်ချမ်းသာလှပါတယ်”
“ဟုတ်ပါတယ်၊ အဲဒီချမ်းသာတွေ ခံစားတဲ့ အခါမှာ အပါယ်မျိုးစေ့ဖြစ်တဲ့ ‘သက္ကာယဒိဋ္ဌိ’ ပါနေတဲ့အတွက် ချမ်းသာခံစားပြီးတဲ့ ဘဝအဆုံးမှာ အပါယ်ကျစေတတ်တဲ့အတွက် တကယ့်ချမ်းသာစစ်မဟုတ်၊ ဆင်းရဲတုန်း ဆင်းရဲခဲမျှသာ ဖြစ်ပါတယ်”

“ဘဝသုံးပါး ဘုံသုံးပါးတည်းဟူသော ဒုက္ခဘေး ဆင်းရဲဘေးကြီးမှ ကျွတ်လွတ်ထွက်မြောက်လိုသော ပညာရှိ သူတော်ကောင်းတို့သည် ဘဝသုံးပါး ဘုံသုံးပါးကို ရဲရဲတောက် သံတွေ, ခဲကဲ့သို့ စက်ဆုပ်ကြောက်ရွံ့နိုင်ခြင်းငှာ ပညာတည်းဟူသော မဂ္ဂင်တရား, ဝိပဿနာတရားကို တစ်နေ့ထက်တစ်နေ့ ကြီးပွားတိုးတက်အောင် နိဗ္ဗာန်ရသည့်တိုင်အောင် အားထုတ်သင့်ပါတယ်”

“ဝိပဿနာတရားဟာ ဣရိယာပုတ်မရွေး၊ အလုပ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ဖြစ်ပါတယ်။ ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်”
“မှန်ပါ၊ ကြိုးစားပါ့မယ်ဘုရား”

* အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်။*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ကြီး၏
ဗုဒ္ဓဓမ္မပြဿနာများ - ၁၁ စာအုပ်မှ ကူးယူပါသည်။