Saturday, June 28, 2014

သားကောင်း သမီးကောင်း ရလိုလျှင်


သားကောင်း သမီးကောင်း ရလိုလျှင်

မိဘနှင့် သားသမီး ရွေးချယ်ခွင့်။ ။

လောကထဲရှိ လူသားတိုင်းသည် မိမိထံသို့ ရောက်ရှိလာမည့် သား သမီး များကို ယဉ်ကျေး လိမ္မာသော သား သမီး၊ ပညာတတ်သော သား သမီးမျိုးကို လိုချင်ကြမည်သာ။ ရွေးချယ် လိုကြမည်သာတည်း။ ထို့အတူ လူလောကထဲသို့ ဝင်ရောက်လာကြမည့် သား သမီးများသည်လည်း အဖေ အမေကို ယဉ်ကျေး လိမ္မာသော အမေအဖေ၊ ပညာတတ်သော အမေအဖေ၊ ချမ်းသာသော အမေဖေတို့ထံ လာရောက်လိုကြမည်သာ။ ရွေးချယ်လိုကြမည်သာတည်း။ သို့သော် ရွေးချယ်ခွင့် ရှိ မရှိ သိလိုကြပေမည်။

ဘုရားအလောင်းနှင့် ကြည့်ခြင်းကြီး(၅)ပါး

မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားဘဝသို့ မရောက်မီ တုသိတာ နတ်ပြည်တွင် သေတကေတု နတ်သား ဖြစ်နေခဲ့သည်။ စကြာဝဠာ တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ သေတကေတု နတ်သားကို လူပြည်မှာ ဘုရားရှင်ဖြစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ဝိုင်းဝန်း တောင်းပန်ကြ၏။ ဘုရား အလောင်းတော် သေတကေတု နတ်သားသည် တောင်းပန်မှုကို လက်ခံကာ လူ့လောကသို့ သွားရန်အတွက် ကြည့်ခြင်းကြီး (၅)ပါးဖြင့် ကြည့်ရှု သုံးသပ် တော်မူခဲ့သည်။
(၁) ကာလ။ (၂) ဒီပ။ (၃) ဒေသ။ (၄) ကုလ။ (၅) မာတုအာယု တို့ဖြစ်ပါ၏။

၁။ ကာလ

လူ့သက်တမ်း နှစ်တစ်သိန်းထက် မပိုသောခေတ်၊ နှစ်တစ်ရာအောက် လည်း မကျသော ခေတ်ကာလကို သေသေချာချာ ရွေးချယ်တော် မူရပါတယ်။ လူ့သက်တမ်း နှစ်တစ်သိန်းထက် မကအသက်ရှည်ကြပါက ထိုသူတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဟောလျှင်လည်း ထိုသူတို့သည် မည်သို့သောနည်းနှင့်မျှ ယုံနိုင်ကြလိမ့်မည် မဟုတ်သောကြောင့် ထိုမျှလောက် အသက် ရှည်လွန်းသော ခေတ်ကာလကို ဘုရားရှင်တို့ မပွင့်ကြပါ။ ထိုကြောင့် လူ့သက်တမ်းနှစ် တစ်သိန်း အောက် ခေတ်ကာလကို ရွေးတော်မူခြင်းဖြစ်ပါသည်။ တဖန် လူ့သက် တမ်း နှစ်တစ်ရာအောက် ရောက်သော ခေတ်ကာလ၌လည်း ဘုရားရှင်တို့ မပွင့်ကြပါ။

နှစ်တစ်ရာအောက် အသက်တိုလွန်းပါက လူတို့သည် မကောင်းမှု ဒုစရိုက်များ လွန်စွာ ထူပြောသော ခေတ်ဖြစ်နေပါ၏။ ထိုခေတ်လူတို့သည် ဘုရားရှင်၏ တရားစကားကို ယုံကြည်နိုင် လက်ခံနိုင်ကြလိမ့်မယ် မဟုတ် သောကြောင့် နှစ်တစ်ရာအောက် ရောက်သောခေတ်ကာလ၊ အသက်တိုသော ခေတ် ကာလ၌လည်း ဘုရားရှင်တို့ မပွင့်ကြပါ။ ထို့ကြောင့် လူ့သက်တမ်း နှစ်တစ်ရာမှစ၍ နှစ်တစ်သိန်း အောက်ကာလ၊ လူ့သက်တမ်း မရှည်လွန်းသော ကာလ မတို လွန်းသော ကာလ၊ အလယ်အလတ် ခေတ်ကာလကိုသာ ရွေးချယ် တော်မူခြင်းဖြစ်ပါသည်။

၂။ ဒီပ (ကျွန်း)

တောင်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကိုသာ ဘုရားပွင့်ရန်အတွက် ရွေးချယ်တော် မူပါသည်။ မြင့်မိုရ် တောင်ကို အလယ်ဗဟို ထားပါက အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်းတို့ ရှိကြ၏။ ထိုတွင် အရှေ့ကျွန်း တွင်လည်း ဘုရားမပွင့်ကြပေ။ အနောက်ကျွန်းတွင်လည်း ဘုရား မပွင့်ကြပေ။ မြောက်ကျွန်းတွင်လည်း ဘုရားမပွင့်ကြပေ။ တောင်ကျွန်းတွင်သာ ဘုရားရှင်တို့ ပွင့်ကြခြင်းဖြစ်ပါသည်။

၃။ ဒေသ (အရပ်)

တောင်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကြီး၏ အလယ်ဗဟိုဒေသ (မဇ္ဈိမ ဒေသ) အရပ်တွင်သာ ဘုရားပွင့်ရန် ထပ်မံ ရွေးချယ်တော်မူသည်။ အစွန်အဖြား ကျသော ဒေသဆိုလျင် ပညာနည်းမည် အသိဥာဏ် နည်းမည် ဖြစ်ခြင်းကြောင့် အစွန်အဖြား ဒေသတွင်လည်း မပွင့်ကြပေ။ အလယ် ဒေသဖြစ်သော မဇ္ဈိမ ဒေသကိုသာ ရွေးချယ်တော်မူပါသည်။ မဟာဗောဓိပင်ကို အလယ်ဗဟို ထားပြီး အရှေ့ ၊အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ယူဇနာ (၉ဝဝ) အကျယ် အဝန်းရှိသော ဒေသသည် မဇ္ဈိမဒေသပင် ဖြစ်ပါ၏။ ဘုရားရှင်တို့သည် အလယ်ဗဟိုကျသော မဇ္ဈိမဒေသမျိုးကိုသာ ဘုရားဖြစ်ရန် လောကအကျိုး စီးပွား ဆောင်ရွက်ရန် ရွေးချယ်တော်မူပါသည်။

၎။ ကုလ (အမျိုး)

မြင့်မြတ်သော ခတ္တိယအမျိုး (မင်းမျိုး)၌သာ ဘုရားပွင့်ရန်၊ လောက အကျိုး စီးပွား ဆောင်ရွက်ရန် ရွေးချယ်တော်မူပါသည်။ ဘုရားရှင် ဖြစ်မည့် အမျိုးသည် သာမာန်အမျိုး၊ မမြတ်မြတ်သော အမျိုးမှာ ဖြစ်ရိုး မရှိပါဘူး။ ဘုရားဖြစ်မည့် အမျိုးသည်.(၁) လူတကာတို့ အလေးအမြတ် ပြုသော အမျိုး ဖြစ်ခြင်း။ (၂) အမျိုးမပြတ်သော အမျိုးဖြစ်ခြင်း။ (အမျိုးစဉ်ဆက်ရှည်သော၊ မျိုးရိုးကြီးသော အမျိုး) အထက်ပါ အချက်အလတ်တို့နှင့် ပြည့်စုံသော သာကီဝင်အမျိုး၌သာ ဘုရားဖြစ်ရန်၊ လောက အကျိုးစီးပွား ဆောင်ရွက်ရန် ရွေးချယ်တော်မူပါသည်။

၅။ မာတုအာယု (မယ်တော့်အသက်)

မိခင်ဖြစ်မည့်သူသည် (၁ဝ)လနှင့် (၇)ရက်သာ အသက်ကြွင်းကျန်မည့် သီလ စင်ကြယ်သော သူကိုသာ ရွေးချယ်တော်မူပါသည်။ မိခင်မယ်တော် ဖြစ်မည့်သူသည် သဘာဝအလျောက် နောက်(၁ဝလနှင့် ၇ရက်)ကြာလျှင် သေမည့်သူသာ ဖြစ်ရပါမည်။ ဘုရားအလောင်းတော် ရောက်လာလို့ သေပေးရသည့် သဘောမျိုး မဖြစ်ရပါ။ မယ်တော်၏ သဘာဝအလျောက် (၁ဝလနှင့် ၇ရက်)ကြာလျှင် သေမယ့် အသက်အရွယ်ရှိသော မယ်တော်ကို သေချာစောင့်ပြီး ရွေးချယ်ခြင်း မျိုးဖြစ်ပါသည်။

ဘုရားအလောင်းတော် မိခင်ဖြစ်မည့် သူ၏ ဝမ်းကြာတိုက်သည် ရှိခိုး ထိုက်လောက်အောင် အလွန်မြင့်မြတ်ပါ၏။ ရှိရှိသမျှ မိခင်များတွင် အမြတ်ဆုံးမိခင်ပင်တည်း။ ထိုသို့ မြင့်မြတ်သော ဝမ်းကြာတိုက်ဝယ် ဘုရားအလောင်းတော်သာလျင် ပဋိသန္ဓေ ယူထိုက်ခြင်းဖြစ်ပါ၏။ အခြားသူ တစ်ယောက်သည် ထိုမိခင်၏ ဝမ်းကြာတိုက် တွင် ပဋိသန္ဓေ ထပ်မံ မကိန်းကောင်းပါ။ မကိန်းနိုင်ပါ။ ထိုကြောင့်သာလျင် ဘုရားအလောင်းတော်ကို ဖွါးမြင်ပြီး (၇)ရက်ကြာလျှင် မယ်တော်မှာ သေရရိုး ထုံးစံ ဓမ္မတာပါတည်း။ သို့ဖြစ်၍ ပဋိသန္ဓေယူရန် မယ်တော်၏ အသက် အပိုင်း အခြားကိုလည်း ရွေးချယ်ခြင်း ဖြစ်ပါသည်။

မိဘက ရွေးချယ်နိုင်ခွင့်

ဤဘုရားအလောင်းတော်၏ ဖြစ်စဉ် ဗုဒ္ဓဝင်ကို သာဓကယူကာ မိဘတိုင်း ကလည်း မိမိထံ ရောက်ရှိလာမည့် သားသမီးကို ရွေးချယ်နိုင်သည်ဟု မှတ်ယူ နိုင်ပါ၏။ သို့သော် မိမိထံသို့ မည်သို့သော ပုဂ္ဂိုလ်သာ လာစေရမည်။ မည်သို့ သောပုဂ္ဂိုလ်မျိုး မလာစေရဟု အမိန့်ပေး ပြောကြား၍ကား ရနိုင်မည် မဟုတ် ပါပေ။ ရွေးချယ်ရမည့် နည်းလမ်းမှာ မိမိကိုယ်ကိုယ်သာ ရှေးဦးစွာ ပြုပြင်ယူရ ပေလိမ့်မည်။

မိမိက သားကောင်း သမီးကောင်း ရလိုလျှင် မိခင်ဖြစ်သူသည် သီလ စင်ကြယ်ရန် အထူး လိုအပ်ပါ၏။ ရတနာ(၃)ပါးကို ရိုသေသူ၊ ကိုင်းရှိုင်းသူ၊ သူတော်ကောင်းတရား လက်ကိုင်ထားသူ၊ သတ္တဝါတိုင်းအပေါ် မေတ္တာ ပွါးများ သူ ဖြစ်ရပါမည်။ (မိမိက ထိုသို့အမြဲပြည့်စုံသူ မဟုတ်ခဲလျှင် သား သမီးကောင်း ရလိုသောအချိန်မှ စ၍ ထိုသူတော်ကောင်းတရားများကို လိုက်နာကျင့်သုံး ပေးလျှင် လည်း သား သမီးကောင်း ရနိုင်သည်သာတည်း။)

မိခင်ဖြစ်မည့်သူက သူတော်ကောင်း ဖြစ်နေမှသာလျှင် ဘုန်းကံရှိသော သား သမီးများ သည်လည်း လာရောက်လိုကြပေလိမ့်မည်။ ဘုန်းကံရှိသူဟူရာ၌ လည်း ဘုန်းကံရှိသောဘဝမှ လာသူဟု ဆိုလိုပါသည်။
ဥပမာ။ ဗြဟ္မာဘဝ၊ နတ်ဘဝ၊ လူဘဝတို့မှာ ရောက်လာခြင်းပင်တည်း။

အကယ်၍ မိခင်ဖြစ်သူက သီလကလည်း မရှိ။ ဘာသာတရားကိုလည်း နားမလည်။ ရတနာ(၃)ပါးကိုလည်း ရိုသေခြင်း ကိုင်းရှိုင်းခြင်း မရှိလျှင် ထိုသို့သော မိခင်ဖြစ်သူထံသို့ ဘုန်းကံ မရှိသော သူတို့သည်သာ ရောက်လာနိုင် ကြပေလိမ့်မည်။ ဘုန်းကံ မရှိသူ ဟူရာ၌ ဘုန်းကံနိမ့်သော ဘဝမှ ရောက်လာ ကြသူများကို ဆိုလိုပါသည်။
ဥပမာ။ ငရဲဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ၊ အသုရကာယ်ဘဝတို့မှ ရောက်လာသူများ ပင်တည်း။

ဆိုလိုသည်မှာ သူတော်ကောင်း မိခင်ထံသို့ လိမ္မာသော၊ ဘုန်းကံရှိသော သားသမီးများ ရောက်လာကြသည်မှာ ဓမ္မတာပင်တည်း။ တရားမရှိသူ မိခင်များထံသို့ မလိမ္မာသော၊ ဘုန်းကံနိမ့်သော  သားသမီးများ ရောက်လာကြ သည်မှာလည်း ဓမ္မတာပင်ဖြစ်ပါ၏။

သား သမီးများက ရွေးချယ်နိုင်ခွင့်

သားသမီးများသည်လည်း မိဘဖြစ်သူကို ရွေးချယ်နိုင်သည်သာ။ သို့သော် တိုက်ရိုက်အားဖြင့် ရွေးချယ်နိုင်သည်ကား မဟုတ်။ မိမိက ဘုန်းကံ ပါရမီ ရှိသောသူဖြစ်အောင်၊ ကုသိုလ် ကောင်းမှုကို များများပြုလုပ်ထားကြရမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါလျှင် ဘုန်းကံရှိသော မိဘမျိုးနှင့် မလွဲမသွေ တွေ့ရှိနိုင် မည်သာတည်း။

ဘုန်းကံ ပါရမီရှိသော နတ်ပြည်၊ ဗြဟ္မာပြည်မှာ လာသူဖြစ်လျှင် အထူး ဆိုဖွယ်မလို၊ ချမ်းသာသူ၊ ပညာတတ်သူ မိဘများနှင့် တွေ့ရမြဲ ဓမ္မတာ ပင်တည်း။ အကယ်၍ အပါယ်(၄)ဘုံမှ လာသူဖြစ်လျှင် မိမိမှာ မူလကပင် ဘုန်းကံ ပါရမီနည်းသူ ဖြစ်သည်အားလျော်စွာ ဘုန်းကံ ပါရမီရှိသော မိဘများ နှင့် တွေ့ဆုံနိုင်ရန် ခဲယဉ်းမည်သာတည်း။

မိဘနှင့် သားသမီးတို့၏ ဘုန်းကံတို့သည် အချင်းချင်း ဆက်သွယ်နေပါ၏။ ဘုန်းကံ ပါရမီရှိသော သား သမီးကြောင့်လည်း မိဘများ၏ ဘဝတို့သည် ပိုမို၍ တိုးတတ်နိုင်၊ ပြောင်းလဲနိုင်သလို ဘုန်းကံ ပါရမီရှိသော မိဘများကြောင့်လည်း သား သမီးတို့၏ ဘဝသည် ပိုမို၍ တိုးတတ်နိုင်၊ ပြောင်းလဲနိုင်သည်သာတည်း။ ထို့အတူပင် ဘုန်းကံ ပါရမီနည်းသော သား သမီးကြောင့်လည်း မိဘများ၏ ဘဝတို့သည် ဆုတ်ယုတ်နိုင်၊ ပြောင်းလဲနိုင်သလို ဘုန်းကံ ပါရမီနည်းသော မိဘများကြောင့်လည်း သား သမီးတို့၏ ဘဝသည် ဆုတ်ယုတ်နိုင်၊ ပြောင်းလဲ နိုင်သည်သာတည်း။

သား၏ အကုသိုလ်ဆိုးကျိုးက မိဘ ပတ်ဝန်းကျင်ကို ထိခိုက်ပုံ

လောလကတိဿ မထေရ်လောင်းသည် ဘဝတစ်ခု၌ တောကျောင်းတွင် ကျောင်းထိုင် ဆရာတော် ဖြစ်ခဲ့၏။ တစ်နေ့တွင် အာဂန္တု ဧည့်သည် ရဟန်း တစ်ပါးကြွရောက်လာကာ တည်းခို နေစဉ် သူဋ္ဌေးဒကာ တစ်ယောက်က အာရုံဆွမ်းစား ပင့်လျှောက်ခဲ့လေသည်။ ကျောင်းထိုင် ဆရာတော်သည် နံနက် အိပ်ယာထချိန်တွက် သက်ကယ်ချောင်း (မြက်ပင်)ဖြင့် ခေါင်းလောင်း ထိုးကာ တစ်ပါးတည်း ဆွမ်းစားကြွသွားခဲ့လေသည်။ ဒကာက “အရှင်ဘုရား၊ ဧည့်သည် ဘုန်းကြီး ရော ကြွမလာဘူးလားဘုရား”ဟု မေးလျှောက်ရာ “ဧည့်သည် ဘုန်းကြီးက အအိပ်ကြီးတယ်နဲ့ တူပါရဲ့၊ ခေါင်းလောင်းထိုးတာတောင်မှ မနိုးဘူးလေ။ ဒါ့ကြောင့် တစ်ပါးတည်း ကြွလာရတာ”ဟု ပြန်ပြောခဲ့လေသည်။ ဒကာက “ခရီးပန်းလို့ ဖြစ်မှာပါဘုရား”ဟု လျှောက်ထားလေ၏။

 ကျောင်းထိုင် ဆရာတော်ကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်း၊ ရေစက်ချခြင်း ပြီးဆုံး၍ ဆရာတော် ပြန်ကြွသောအခါ ဧည့်သည် ဘုန်းကြီးအတွက် ဆွမ်းကို သပိတ်တွင် ထပ်မံထည့်ကာ လှူဒါန်းလိုက်လေ သည်။ ဒကာအိမ်မှ ပြန်လာရာလမ်းတွင် ကျောင်းထိုင် ဆရာတော်က “ဤဆွမ်း ကို စားပြီးလျှင်တော့ ဒီကိုယ်တော် ကျောင်းက ပြန်တော့မှာ မဟုတ်တော့ ဘူး” ဟု တွေးထင်ကာ ဒကာလှူလိုက်သော ဆွမ်းတို့ကို လမ်းဘေးမှာပင် သွန်ပစ်ခဲ့ လေသည်။

ထိုအခြင်းအရာ အလုံးစုံကို ကျောင်းမှာ ကျန်ရစ်ခဲ့သော ဧည့်သည် ရဟန်းက သိမြင်ခဲ့ပြီး “ငါ ဒီမှာ ကြာကြာနေလျှင် ဒီဆရာတော်အတွက် ပို၍ အကုသိုလ် အပြစ်များပေတော့မည်” ဟု တွေးကြံကာ ကောင်းကင် ခရီးဖြင့် ပြန်လည် ကြွသွားခဲ့လေပြီ။ ကျောင်းထိုင်ဆရာတော် ကျောင်းသို့ ပြန်ရောက် လာချိန်တွင် ဧည့်သည် ရဟန်းမှာ မရှိတော့ပြီ။ ထိုအခါတွင်မှ “ငါ့ရဲ့ မကောင်းတဲ့ စိတ်အကြံကို သိပြီး ပြန်ကြွသွားတာကို ထောက်ဆကြည့်လျှင် ဒီဧည့်သည် ရဟန်းသည် တရားထူးရပြီးသော ရဟန္တာ ဖြစ်ပေလိမ့်မည်”ဟု သိရှိကာ နောင်တ ရခဲ့လေသည်။ သို့သော် ကုလမစ္ဆရိယ (ဒကာနှင့်ပတ်သက်၍ နှမြော ဝန်တိုခြင်း)ဟူသော အကုသိုလ် အပြစ်ကိုကား ပြုမိခဲ့လေပြီတည်း။ ထိုအကုသိုလ် အပြစ်ကြောင့်ပင် ဘဝတိုင်းဝယ် ဆင်းရဲ ငတ်ပြတ်ကာ ဒုက္ခကြီးစွာ ခံစားခဲ့ရလေသည်။

ဂေါတမဘုရားရှင် လက်ထက်တော်တွင် အိမ်ခြေ တစ်ထောင်ရှိသော ရွာကြီး၌ လောလက တိဿ  ပဋိသန္ဓေ တည်သောနေ့က စပြီး တစ်ရွာလုံး ငါး မရတော့ပေ။ တစ်ရွာလုံး မီးလည်း လောင်ခဲ့လေသည်။ ထို့ကြောင့် ရွာကို ထက်ဝက်ခွဲသောအခါ ကိုယ်ဝန်ရှိသော မိခင်ပါသည့် ဘက်က ငါး မရတော့ ပြန်ပါ။ ထိုသို့ အကြိမ်ကြိမ် ထပ်ခွဲလာလိုက်ရာ လောလကတိဿ မိဘ တစ်အိမ်သာ ကျန်ပါတော့သည်။ လောလကတိဿ ကလေးကို မွေးဖွားပြီး သွားနိုင်လာနိုင်သော အခါ သားဖြစ်သူ၏ အကုသိုလ် အကျိုးပေးဒဏ်ကို မခံနိုင်သည့်အဆုံး  အမေဖြစ်သူက သားကို ခွက်ကလေးပေးပြီး တောင်းစား ခိုင်းကာ စွန့်ခွါ ထွက်ပြေးပါတော့သည်။

ထို့သို့ဖြင့် လောလကတိဿလေးသည် ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြင့် တောင်းစားကာ မိဘမဲ့နေလာခဲ့ရာ တစ်နေ့သောအခါ အရှင်သာရိပုတ္တရာ နှင့် တွေ့ပြီး အရှင်မြတ်က လောလက တိဿကို ရှင်ပြုပေးခဲ့သည်။ လောလက တိဿသည် ပါရမီပါ ပြည့်သူဖြစ်၍ တရား အားထုတ်လိုက် လျှင်ပင် ရဟန္တာ ဖြစ်သွားခဲ့ပါသည်။ ရဟန္တာဖြစ်သော်လည်း အတိတ်က ပြုခဲ့သော အကုသိုလ်ကံ ကြောင့် တစ်နေ့မှ ဆွမ်းကို ဝအောင်မဘုဉ်းခဲ့ရပေ။ အရှင်သာရိပုတ္တရာ အရှင်မြတ်က ခေါ်သွားပြီး ဆွမ်းခံအတူထွက်လျှင် အရှင် သာရိပုတ္တရာသည်ပင် ဆွမ်းမရတော့ပေ။ ထိုအခါ လောလကတိဿ မထေရ်ကို ပြန်လွှတ်ပြီး အရှင်မြတ် တစ်ပါးတည်း ဆွမ်းခံမှ ဆွမ်းရပါတော့၏။

ဘုန်းကံကြီးမားသော အရှင်သာရိပုတ္တရာသော်မှ လောလက တိဿမထေရ်နှင့် ဆွမ်းခံ အတူကြွလျှင် ဆွမ်းမရတော့ဟု ဆိုလျှင် ထိုလောလကတိဿ မထေရ်၏ အကုသိုလ်ကံ အကျိုးပေး က သူတစ်ယောက်တည်းထင်မက ပတ်ဝန်းကျင်ရှိသူတို့ကိုပါ ဆင်းရဲဒုက္ခ ဖြစ်စေတတ်ကြောင်း အကုသိုလ်ကံတို့၏ ဆိုရွားကြောက်ဖွယ် ကောင်းပုံကို နားလည်ရန်ဖြစ်ပါသည်။ ဤသာဓကကို ကြည့်ပြီး အကုသိုလ်ကံ ကြီးသောသူကို ရှောင်ရပါမည်။ သူ၏ အကုသိုလ်ကံ ဆိုးကျိုးများက မိမိကို လာပြီး အဖျားခတ်တတ်ကြောင်း သဘောပေါက်ကာ ဆင်ခြင်ရပေလိမ့်မည်။

သား၏ ဘုန်းတန်ခိုးကြောင့် မိဘများပါ ချမ်းသာရ

ရှင်သီဝလိအလောင်း ပဋိသန္ဓေတည်မိသည်နှင့် တပြိုင်နက် ဝမ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့ ဟိုမှ သည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ   နေ့စဉ်အမြဲ ည နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပဝါသာ မင်းသမီး၏ ဘုန်းကံကို စမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။

သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည် အံ့သြ ယူရ လောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင် ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်း အစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရ လောက် အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။ စပါးကျီထဲသို့ စပါးများကို သွင်းသည့် အခါမှာ လည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ဝမ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲ သီးနှံများမှာ (ထုတ်ယူသယ်ဆောင် သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ် ကာ ‘ဒီဟာက မင်းသမီး၏ ဘုန်းကံပါပဲ’ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်း လှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သောဟူ၏။

ရှေးက ပြုခဲ့သော ကုသိုလ် တောင်းခဲ့သောဆု

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်၌ လာဘ်လာဘ အရာတွင် ဧတဒဂ်ဘွဲ့ ပေးခဲ့သော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင် ဖြည့်ခဲ့လေသည်။

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက် ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ အလှူဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ ဒါနပွဲတွင် လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုအခိုက် တောမှ မြို့သို့တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း (၂)မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က မတန်တဆဈေးဖြင့် ပေး၍ ဝယ်ယူကြ၏။

တောသားလုလင်က အကျိုးအကြောင်း မေးမြန်း ၍  “မြတ်စွာဘုရား လှူရန် ဝယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ် ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်”ဟု ပြောကြားရာ အားလုံကပင် သဘောတူ လက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်း ခွင့်ပေးလေသည်။ တောသား လုလင်က “လာဘ်လာဘ ပေါများရပါလို၏”ဟု ဆုတောင်းရာ ဝိပဿီ မြတ်စွာဘုရားက “သင် ဆုတောင်း သည့်အတိုင်း ဖြစ်စေသတည်း” ဟု မိန့်တော် မူခဲ့လေသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘဝဝယ် ဒါန၏အကျိုးကို ကောင်းမွန်စွာ ခံစားစံစားရပြီး၊ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့် အရာ၌ အသာဆုံး၊ အမြတ်ဆုံးဖြစ်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်လာခဲ့လေသည်။

ရှေးက ကျူးလွန်ခဲ့သော အပြစ်နှင့် အကျိုး

အတိတ်ဘဝ တစ်ခုဝယ် သီဝလိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တစ်ခါသော် စစ်ဖြစ်နေချိန်တွင် မယ်တော်ကြီး အကြံ ပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အဝင် အထွက်မရှိအောင် (၇)နှစ်ကြာမျှ ပိတ်ဆို့ထားရာ တိုင်းသူပြည်သားတို့မှာ အစာ ရေစာ ပြတ်လတ်ကာ ဆင်းရဲဒုက္ခ ရောက်ကြရလေသည်။

ဤမကောင်းမှု အကုသိုလ် ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီ မင်းသားမှာ ငရဲ၌ ခံရပြီး၊ ယခုဘဝဝယ် မယ်တော် သုပ္ပဝါသာနှင့် ရှင်သီဝလိ အလောင်းအလျာ ဖြစ်လာခဲ့သည်။ ရှင်သီဝလိသည် ကျပ်တည်း ကျဉ်းမြောင်း သော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် (၇)နှစ်ကြာမျှ ဒုက္ခကြီးစွာ ဝဋ်ဆင်းရဲ ကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇ လေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိဝတွင် ကန့်လန့်ခံနေ၍ (၇)ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

နောက်ဆုံးတွင် ဘုရားထံ သွားရောက်လျှောက်ထား၍ အိမ်သို့ ပင့် လျှောက်ရာ “သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိ ချမ်းသာစေသ တည်း။ ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း”ဟု မေတ္တာဓာတ်ဖြင့် မြတ်စွာဘုရား မိန့်ကြားတော်မူလိုက် သည်နှင့် တပြိုင်နက် မရှေးမနှောင်းမှာပင် နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာ မင်းသမီးသည် မီးမဖွားနိုင်ဘဲ အခက်အခဲ ကြုံနေရသော သန္ဓေသား ကို လွယ်ကူ ချောမောစွာ ဖွားမြင်လေ၏။ မိဘ ဆွေမျိုးတို့၏ ပူပန်မှု စိတ် သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာသောကြောင့် သူငယ်၏ အမည်ကို (သီဝလိ)ဟု အမည် ပေးကြသည်။ သီဝလိ သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။

မွေးဖွားစသူငယ် စကားပြောခြင်း။ ။

သုပ္ပဝါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်း အမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ (၇)ရက် တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ (၇)နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်လာချိန်တွင် (၇)နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိ သူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေ ဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ် မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ဝမ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။

မြတ်စွာဘုရားက “ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်ဝန်ဒုက္ခကို (၇)နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား” ဟု မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက “မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် (၇)ခါ ပဋိသန္ဓေလွယ်ပြီး (၇)ယောက်တိတိ ဖွားလို ပါသေးကြောင်း” မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက် ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။ လိမ္မာသော သားကို တွေ့မြင်ရသော မိခင်တို့၏ မေတ္တာကြောင့် ဤသို့ပြောခြင်းဟုလည်း မှတ်ယူနိုင်ပါသည်။

သီဝလိ သင်္ကန်းဝတ်ကာ ရဟန္တာဖြစ်ခြင်း

အလှူကြီး (၇)ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က အမိ ဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ (၂)ပါးက ခွင့်ပြုပါ လျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက် ထားလေ၏။ ခွင့်ပြုချက်ရသောအခါ အရှင်သာရိပုတ္တရာက ကျောင်းတော်သို့ ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချ ပေးလေ၏။ ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်ခဲ့လေသည်။

ဘုန်းကံကို စုံစမ်းခြင်း။ ။

မြတ်စွာဘုရားသည် ပစ္စည်းလေးပါး ခက်ခဲသော မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီဝလိပါလျှင် စားဝတ် နေရေး ခက်ခဲမှုမရှိ။ အားလုံး ပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေ မရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိ ကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။ ရှင်သီဝလိက “မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်တော်နှင့်အတူ သံဃာအပါး (၅ဝဝ)ထည့်ပေးတော်မူပါ ဘုရား”ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိ နောက်သို့ သံဃာအပါး (၅ဝဝ)ထည့်ပေးလိုက်လေသည်။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမဝန္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိမထေရ် အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေ သည်။ ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ (၅ဝဝ)တို့ပင် သုံးစွဲ၍ မကုန်၊ ပြည့်စုံ လုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိ ဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြ သောကြောင့် လာဘ်လာဘ ပေါများသောအရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူးပေး၍ ချီးမြှင့်တော်မူလေသည်။

ဤဝတ္ထုသာဓကလေးတွေကို ထောက်ပြီး ကုသိုလ် ပါရမီရှင်နှင့် ပေါင်း လျှင် ထိုသူ၏ ဘုန်းကံပါရမီ အကျိုးတို့သည် ပတ်ဝန်းကျင် ရှိသူတို့ကိုပါ မျှဝေခံစားရနိုင်ကြောင်း တွေ့မြင်နိုင် ပါသည်။ (အံ၊ဋ္ဌ၊၁၊၁၉၄)

 သို့ဖြစ်၍ သားကောင်း သမီးကောင်းရလိုသော မိဘများနှင့် မိမိထံ ရောက်ရှိလာသူ သား သမီးတိုင်း လိမ္မာသူများ ဖြစ်လိုသော မိဘတိုင်းသည် ကိုယ်တိုင် ဘုန်းကံမြင့်အောင် ကြိုးစားကာ မိမိတို့၏ ပါရမီအဆင့်ကို ရင့်သထက်ရင့်အောင် ကြိုးစားနိုင်ကြပဟာဓမ္မါစေ..ဟု ဆန္ဒပြု လိုက်ပါသည်။ ။

ကျမ်းကိုး။ ။
ဓမ္မ၊ ဋ္ဌ၊ ပ၊ ၅၃။ အဘိ၊ ၁၊ ဋ္ဌ၊ ၇၆။ ပဏ်၊ ၃၊ ပါ၊ ၁၆၁။ ဋ္ဌ၊ ၁၂၂။ ဥဒါန၊ ဋ္ဌ၊ ၂၅၂။ ဗုဒ္ဓ္ဒ၊ ဋ္ဌ၊ ၃၇၊ ၃၁၈။ဇာတက၊ ဋ္ဌ၊ ပ၊ ၅၇။ အပ၊ ပါ၊ ၁၄၉။ ဋ္ဌ၊ ၂၄၉။ အံ၊ ဋ္ဌ၊ ၁၊ ၁၉၄။ အံ၊ ၅၊ ပါ၊ ၂၂၅။ ဋ္ဌ၊ ၈၁။ ပါ၊ ၂၃၈။ ဋ္ဌ၊ ၂၃၉။
ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ဘဝမြင့်ကြောင်း တစေ့တစောင်း

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)