Thursday, June 5, 2014

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ


ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ

စာရေးသူသည် မိတ်ဆွေတစ်ယောက် လာပေးသော မြတ်သတိဝါဒီ မဂ္ဂဇင်းစာအုပ်ကို လှန်ကြည့်ရင်း စာရေးဆရာ ဇော်ရန်နောင်၏ “ပျော်ဝင်မြစ်တစ်စင်း” ဆောင်းပါးကို ဖတ်မိသည်။ မေတ္တာနှင့် ပတ်သက်သော အကြောင်းဖြစ်ပါသည်။ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ အကြောင်းနှင့် ငါးရာ့ခြောက်ဆယ့်တစ်ပါး မေတ္တာ အကြောင်းတို့ကို တင်ပြထားခြင်းဖြစ်သည်။

သူ၏ ဆောင်းပါးတွင် ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာဖြစ်ပုံ အကျဉ်းချုပ်ရေတွက်ပြီး အများ သုံးနေကျ ထင်ရှားသောနည်းဖြစ်ကြောင်း တင်ပြထားသည်။ ၄င်းကောင်းအပြင် မေတ္တာဗျူဟာ အသင်း စသည်တို့ သုံးစွဲ နေသော မေတ္တာသုတ်လာ ၅၆၁-ပါး မေတ္တာပွားပုံ၌ ၅၆၁-ပါး ရေတွက်ပုံ သင်္ချာထားပုံ သင့် မသင့် မှန် မမှန် စစ်ဆေးသင့်ကြောင်း ပညာရှင်များထံ ချဉ်းကပ် မေးမြန်းသင့် ကြောင်း ခိုင်မာမှန်ကန်မှုအတွက် ကြိုးစားသင့်ကြောင်း လည်း တင်ပြထားသည်။

သင်္ချာ ကန့်သတ်ချက်

၅၂၈-သွယ် မေတ္တာ ဟူသော သင်္ချာကန့်သတ်ချက်ကို ဘုရားဟော ပါဠိတော် များ၌ တိုက်ရိုက် မတွေ့မိ။
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌-
၁။ မရည်စူးသော ပုဂ္ဂိုလ် ၅ ဦး (သဗ္ဗေ သတ္တာ-စသည်)
၂။ ရည်စူးသော ပုဂ္ဂိုလ် ၇ ဦး (သဗ္ဗာ က္ကတ္တိယော- စသည်)
၃။ အရပ်ဆယ်မျက်နှာ မေတ္တာပို့ပုံများ ပြထားသည်။

သို့သော် ၅၂၈-ဟု သင်္ချာကန့်သတ်ချက် အတိအကျမပြ။ ထိုပဋိသမ္ဘိဒါမဂ် ပါဠိတော်နည်းကို အခြေခံ၍ “ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ”ဟု ပညာရှင် အစဉ်အဆက် ရေတွက်ပြောဆိုကြသည်။ မေတ္တာပွားကြသည်။

၅၂၈-သင်္ချာကို မည်သည့်အချိန်က စတင်သတ်မှတ်ခဲ့သည်၊ မည်သူက မည်သည့်ကျမ်း၌ စတင်သုံးစွဲခဲ့သည်- ကို အတိအကျ မပြောနိုင်သော်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ် ပထမအုပ် ၃၀၄-၌ တွေ့ရသည်ကို ထောက်ဆလျက် ရှေးအဋ္ဌကထာများလက်ထက်ကပင် သတ်မှတ်ခဲ့ကြောင်း သိနိုင်သည်။

၅၆၁-ပါး သင်္ချာကိုလည်း ပရိတ်ကြီး မေတ္တာသုတ်တွင် လာသောနည်းကို အခြေခံ၍ ရေတွက်သုံးစွဲနေကြသည်။ မေတ္တာသုတ် ပါဠိတော်၌ကား သင်္ချာ အတိအကျ သတ်မှတ်ထားချက် မရှိ။

သင်္ချာသုံးစွဲပုံများ

ပါဠိကျမ်းဂန်များ၌ သင်္ချာ သုံးစွဲပုံများကို အမျိုးမျိုး တွေ့ရသည်။
၁။ အပိုအလိုမရှိ တိကျသောသင်္ချာ
(သစ္စာ ၄-ပါး၊ သတိပဋ္ဌာန် ၄-ပါး ၊ ခန္ဓာ ၅-ပါးစသည်)
၂။ သတ်မှတ်ချက်ထက်ပိုသော အနေကသင်္ချာ
(သတံ- တစ်ရာမက၊သဟဿံ- တစ်ထောင်မက စသည်)
၃။ သတ်မှတ်ချက်ထက် အနည်းအငယ် အပိုအလို ရှိသောသင်္ချာ
(ဇာတ်တော် ၅၄၇ - ဇာတ်ကို ၅၅၀- ဇာတ်တော် ဟု ခေါ်ခြင်း စသည်)
၎။ ကာလ ဒေသ ပုဂလ -စသည်ပေါ် မူတည် သော သင်္ချာ
(မေတ္တာ-အကျိုးကို အဂ်ုတ္တိုရ် ပါဠိတော် အဋ္ဌက နိပါတ်-၌ ၈မျိုး သတ်မှတ်ပုံ စသည်)

ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ

ဖော်ပြပါ သင်္ချာသုံးစွဲပုံများကို ကြည့်လျှင်-
၁။ သစ္စာ ၄-ပါး၊ ခန္ဓာ ၅-ပါး စသည်တို့ကဲ့သို့ အပိုအလို နှုတ်ပယ်ဖြည့်စွက်၍ မရသောသင်္ချာများ။
၂။ အခြေအနေအရ အလျော့အတင်း ပြုလုပ်၍ ရသောသင်္ချာများ ဟု နှစ်မျိုး နှစ်စား တွေ့နိုင်သည်။
အခြေအနေအရ သတ်မှတ်သင့်သော သာသနာ ၅၀၀၀-စသော သင်္ချာမျိုးကို မူသေသင်္ချာ ယူခြင်း ကြောင့် ဝါဒအမျိုးမျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။ ဘုရားရှင်က သာသနာ ၅၀၀၀ အတိအကျ မသတ်မှတ်ခဲ့။ “ကောင်းစွာ ကျင့်သုံးနေသမျှ ဤလောက၌ ရဟန္တာ မဆိတ်သုဉ်း” ဟု (ဒီ-၂၊ ၁၂၅)၌ မိန့်ဆိုခဲ့သည်။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ-စသော သတ်မှတ်ချက်သည်လည်း ဘုရားရှင်၏ အလိုတော်ကျ မဟုတ်ပါ။ မင်္ဂလသုတ်ပါဠိတော်ကို မူတည်၍ အခြေအနေ အရ သတ်မှတ်ခဲ့ကြသည်။
အလျော့အတင်း ရနိုင်သည့် ၃၈-သင်္ချာကို တရားသေ ဆုပ်ကိုင်ထားခြင်း ကြောင့်ပင်- မာတာပိတု ဥပဋ္ဌာနံ၊ အာရတီ ဝိရတီ ပါပါ-တို့ ၌ ၁-ပါး ယူသော နည်း ၂-ပါး ယူသောနည်း စသည်ဖြင့် အငြင်းပွါး ရသည်။

ဘုရားရှင်က-
ဧတာဒိသာနိ ကတွာန- စသည်ဖြင့်သာ သာမန်ဟောခဲ့သည်။
ဧတာဒိသာနိ (ဤကဲ့သို့ ရှုအပ်သော အမှုများ) ဟုသာ သာမန်ဟောကြားခဲ့ သောကြောင့် ထင်ရှား သော မင်္ဂလာတရားတော် များကိုသာ ဆောင်လွယ် မှတ်သားလွယ်အောင် ဤမျှဟောကြားခဲ့သည်။ ဆောင်လွယ် မှတ်သားလွယ်အောင် ဤမျှဟောကြားခဲ့ခြင်းကိုလည်း ခုဒ္ဒက ပါဌ (သူငယ်များဖတ်စာ) ပါဠိတော်၌ သင်္ဂါယနာ တင်ထားခြင်းဖြင့် သိနိုင်သည်။ အခြားဤနှင့် အလားတူသည့် မင်္ဂလာ အမှုများလည်း ရှိနိုင်သေးသည်- ဟု ဧတာဒိသာနိ- ဟူသော စကားက ညွန်ပြနေသည်။ သက်သေခံ နေသည်။

 မှန်ပါသည်။ မဇ္ဇပါနာစ သံယမော (မူးယစ် သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း) ဟုသာ ဟောထားသော်လည်း ပါဏာတိပါတ-စသည်မှ ရှောင်ကြဉ်ခြင်း စသည်သည်လည်း မင်္ဂလာ ဖြစ်သေးသည်။ ၄င်းအပြင် ကာလေန ဓမ္မဿဝနံ (သင့်လျော်သော အခါ တရားနာခြင်း) ဟုသာ ဟောထားသော်လည်း တရားဟောခြင်း သာဓုခေါ်ခြင်း အမျှဝေခြင်း စသော ပုညကိရိယ အမှုများသည်လည်း မင်္ဂလာအမှုပင် ဖြစ်ပါသည်။

“ကြီးပွားချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာ ဟုခေါ်” (အခြေပြု မင်္ဂလသုတ်) ဆိုသည့်အတိုင်း ကြီးပွားချမ်းသာကြောင်း မှန်သမျှကို မင်္ဂလာဟု ခေါ်နိုင် သည်။ ဘုရားရှင်က- မင်္ဂလာကို သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ (ကြီး ပွားချမ်းသာကြောင်း) စံဖြင့် တိုင်းတာ သတ် မှတ်ပေးခဲ့သည်။ အဋ္ဌတိံသ ၃၈-ပါး စံဖြင့် မတိုင်းတာ မသတ်မှတ်ခဲ့ပါ။

မေတ္တာသင်္ချာ သတ်မှတ်ရာ၌လည်း ၅၂၈ (သို့မဟုတ်) ၅၆၁-ဟု ဘုရားရှင်က အတိအကျ သင်္ချာသတ်မှတ်ထားသည် မဟုတ်ပါ။ ပညာရှင်များ သတ်မှတ် ထားသလို- ၅၂၈(သို့) ၅၆၁-လည်း ဖြစ်နိုင်သည်။ ဤထက်မကလည်း ဖြစ် နိုင်သည်။

ဘုရားရှင်က မေတ္တာသုတ်၌-
အသမ္ဗာဓံ (မကျဉ်းမြောင်းသော မေတ္တာ) အပရိမာဏံ (အတိုင်းအရှည် မရှိသော ဝါ- ပမာဏ ကန့်သတ်ချက် သင်္ချာ မရှိသော မေတ္တာ) ဟု ဟောထားသည်။
(အံ-၃-၅၀၄) စသည်၌လည်း- ဝိပုလေန (ကျယ်ပြန့်သော မေတ္တာ)
အပ္ပမာဏေန (အတိုင်းအဆ ပမာဏ ကန့်သတ်ချက် မရှိသော မေတ္တာ)ဟု ဟောထားပြန်သည်။
ထိုကဲ့သို့ ဘုရားရှင်ကိုယ်တိုင် ဟောထားချက်များကို ထောက်ရှုလျှင် မေတ္တာ သင်္ချာ ၅၂၈ (သို့) ၅၆၁ ကန့်သတ်ချက်များမှာ ဘုရားရှင် အလိုတော်ကျ “အတိအကျ” မဟုတ်ကြောင်း သိသာသည်။

သင်္ချာသတ်မှတ်ရကျိုး

မင်္ဂလာ အရေအတွက် သင်္ချာ၊ မေတ္တာ အရေအတွက် သင်္ချာများကို ဗုဒ္ဓကိုယ်တော်တိုင် မသတ်မှတ် ခဲ့သော်လည်း ရှေးပညာရှင်များက မင်္ဂလာ သင်္ချာကို ၃၈၊ မေတ္တာသင်္ချာကို ၅၂၈(သို့) ၅၆၁ဟု သတ်မှတ်ခဲ့ခြင်းကြောင့် ဗဟုသုတ ဖြစ်ဖွယ်ရာ စိတ်ဝင်စားဖွယ်ရာ နည်းယူဖွယ်ရာ စသော အကျိုးများ ရရှိနိုင်ပါသည်။ ဆရာ့ဆရာ ရှေးပညာရှင်များ၏ ကျေးဇူးကား ကြီးမားပါပေစွ။

ယောနိသော မနသိကာရ

ပညာရှင်များ ကျေးဇူးကြောင့် ၃၈-ဖြာ မင်္ဂလာ ၅၂၈-သွယ်မေတ္တာ သင်္ချာများ ရေတွက်ပုံ ခွဲစိတ်ပုံ နည်းပေးလမ်းပြခဲ့ပုံများကို သိရသလို ဦနာဓိကာနိ- အယုတ်အလွန်တို့သည် န သိယုံ- မဖြစ်ကုန် ဟု ဆိုသကဲ့သို့ မင်္ဂလာကို ၃၈-ပါးထက် မပိုရ ၃၈ပါးအောက် မလျော့ရ၊ မေတ္တာကို ၅၂၈-ပါးထက် မပိုရ ၅၂၈အောက် မလျော့ရ ဟု ပညာရှင်များ မသတ်မှတ်ခဲ့သည် ကိုလည်း သတိပြုရမည်။

ဤသို့ ယောနိသော မနသိကာရဖြင့် သင့်လျော်အောင် ယူဆမှသာလျှင်- ဘုရားရှင်၏ အနန္တဥာဏ် တော်ကိုလည်းကောင်း ရှေးပညာရှင်များ၏ ကြီးမားသော စေတနာကိုလည်းကောင်း ကျေးဇူး ဆပ်ရာရောက်မည်၊ ကတညုတ ကတဝေဒီ မင်္ဂလာနှင့်လည်း ပြည့်စုံနိုင်ပေသည်။

မေတ္တာလက်ဆောင်

မေတ္တာပို့ပုံများကို “အဝေရာ ဟောန္တု” စသည်ဖြင့် လည်းကောင်း “ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ” စသည်ဖြင့်လည်းကောင်း “ဥပါဒ်ရန်ဘေး ကင်းစင် ဝေး” စသည်ဖြင့်လည်းကောင်း အမျိုးမျိုးအဖုံဖုံ မေတ္တာပို့ကြသည်။ မည်သည့် နည်းနှင့် ပို့သည်ဖြစ်စေ မေတ္တာ၏ ဦးတည်ချက်မှာ လိုရင်း နှစ်မျိုးသာဖြစ် သည်။

၁။ မကောင်းကျိုးများ မဖြစ်စေလိုခြင်း
၂။ ကောင်းကျိုးများသာ ဖြစ်စေလိုခြင်း ဟူ၍ ဤ ၂-မျိုးသာ ဖြစ်သည်။
ထိုတွင် ဘေးရန်ကင်းကြပါစေ၊ ဆင်းရဲနှင့် ငရဲကင်းကြပါစေ၊ မကောင်းသော နိမိတ်များ အမင်္ဂလာ များ ကင်းကြပါစေ ဤသို့ စသည်ဖြင့် မေတ္တာပို့ခြင်း များသည် “မကောင်းကျိုးများ မဖြစ်စေလိုခြင်း” ၏ ဦးတည်ချက်များဖြစ်သည်။

ချမ်းသာပါစေ၊ တိုးတက်ပါစေ၊ အောင်မြင်ပါစေ၊ ရေလိုအေးလို့ ပန်းလိုမွှေးကြ ပါစေ၊ သွားလမ်း သာလို့ လာလမ်းဖြောင့်ကြပါစေ၊ ရောင်းပန်းဝယ်ပန်း ပွင့်လန်းကြပါစေ ဤသို့ စသည်ဖြင့် မေတ္တာပို့ခြင်းများသည် ကောင်းကျိုးများ ဖြစ်စေလိုခြင်း၏ ဦးတည်ချက်များပင်ဖြစ်သည်။ မေတ္တာ ပို့ရာတွင် ပါးစပ်က ဆိုရုံမဟုတ်ပဲ နှစ်နှစ်ကာကာ စိတ်ရောက်ဖို့က လိုရင်းဖြစ်သည်။

လွယ်ကူထိရောက်သော မေတ္တာပို့နည်း

၁။ ကျန်းမာပါစေ
၂။ ချမ်းသာပါစေ
၃။ ဘေးရန်ကင်းပါစေ
၎။ လိုရာဆန္ဒ ပြည့်ဝပါစေ
ဤ ၄-ချက်သည် ရှေးရိုးစဉ်လာ လွယ်ကူသော မေတ္တာပို့နည်းဖြစ်သည်။

ဤ ၄-ချက်ကို ပေါင်း၍ ကျန်းမာ ချမ်းသာ၊ ဘေးရန်ကွာ၍၊ လိုရာဆန္ဒ ပြည့်ဝ ပါစေဟု ချုံး၍လည်း မေတ္တာပို့နိုင်သည်။ သို့သော် တစ်ချက်ချင်းခွဲ၍ မေတ္တာ ပို့ခြင်းက ပို၍ ထိရောက်စူးရှစေသည်။ မိမိမေတ္တာပို့သလိုသော ပုဂ္ဂိုလ်တစ်ဦး ဦးကို စဉ်းစား၍ ထင်ထင်ရှားရှား ထပ်တလဲလဲ မေတ္တာပို့ပါ။
ဥပမာ- အမေကို မေတ္တာပို့လိုလျှင် အမေ့မျက်နှာပေါ်လာအောင် စဉ်းစားလိုက်ပါ အမေ့မျက်နှာ ထင်ထင်ရှားရှား ပေါ်လာသောအခါ အမေ… ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေ လိုရာဆန္ဒပြည့်ဝပါစေ ဟု သုံးခါထက်မနည်း ထပ်တလဲလဲ မေတ္တာပို့ပါ။

အမေကဲ့သို့ ကျေးဇူးရှင်များ ရင်းနှီးသော ပုဂ္ဂိုလ်များ သီးခြားလိုအပ်သူများကို ဆိုခဲ့ပြီးသော နည်း အတိုင်းမေတ္တာ ပို့ကြည့်ပါ။ မကြာမီ မေတ္တာအကျိုး ခံစားရပေလိမ့်မည်။ မေတ္တာအကြောင်းကို ပညာရှင် အသီးသီးက ရှုထောင့်မျိုးစုံမှ တင်ပြဖွင့်ဆို ထားပြီးဖြစ်ပါသည်။

စာရေးသူအနေဖြင့် မေတ္တာအကြောင်း ကျယ်ကျယ်ပြန့်ပြန့် တင်ပြစရာလို မည်မထင်ပါ။ ဇော်ရန်နောင် ဆောင်းပါးကို အခြေခံ၍ မေတ္တာသင်္ချာ အကြောင်းသာ တင်ပြလိုရင်းဖြစ်ပါသည်။
ထိုကြောင့် မေတ္တာနှင့် ပတ်သတ်၍
၅၂၈- သင်္ချာမှန်သည်၊
၅၆၁- သင်္ချာမှန်သည်ဟု ငြင်းခုံခြင်းဟူသော
သင်္ချာ အရေအတွက်ပေါ်မှာ တင်နေခြင်းထက် မေတ္တာရှင်ပီသအောင် မေတ္တာထိရောက်အောင် ပို့သခြင်းက ပို၍ အရေးကြီးကြောင်း တင်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက် အင်းစိန်)
(၂၀၀၃-ခု၊ မတ်လထုတ်၊ မြစ်မခ ဓမ္မစာသဝဏ်၊ အတွဲ ၁၃ အမှတ်၉- စာစောင်မှ)