Thursday, November 17, 2011

Digital လူသား


Digital လူသား

ယနေ့ IT ခေတ်တွင် ကြီးပြင်းလာသော လူငယ်များအဖို့မြတ်ဗုဒ္ဓ၏သစ္စာ ၄ ပါးမြတ်တရားတွင်ပါသော ဝေါဟာရများနှင့် အတန်ငယ်စိမ်းနေနိုင်ပါသည်။ သို့ရာတွင် ကွန်ပျူတာ ဘာသာရပ်နှင့်မူ အကျွှမ်းတ၀င်ရှိကြမည်ဖြစ်ပါသည်။ ထို့ကြောင့်မြင်သာထင်သာစေရန် ကွန်ပျူတာ ဝေါ်ဟာရများနှင့် မြတ်ဗုဒ္ဓ၏ ရုပ်နာမ်ဓမ္မဘာသဘာဝ အနှစ်သာရများကို ပေါင်းစပ် တင်ပြရသော် သက်ရှိ လူသားမှန်သမျှ မည်သည့် ဖန်းဆင်ရှင်ကမျှ မဖန်းတီးနိုင်သော သက်ရှိ Digital လူသားများဟု တင်စားခေါ်ဆိုနိုင်ကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်ကင်မရာ တစ်ခုကို တွေ့လျှင် “ဘယ်လောက် Pixels ရှိလဲ” ဟု မေးဖူးကြမည် ထင်ပါသည်။ Pixels များလေ သဘာဝကျကျ အရောင်မှန်လေ ဆိုသည်ကို သိကြပြီး ဖြစ်ပါသည်။ ထို Pixel လေး တစ်ခုအကြောင်း ကွန်ပျူတာ ဗဟုသုတရှိသူများ သိပြီးဖြစ်သလို မသိသေး သူများအတွက် အနည်းငယ် ရှင်းပြလိုပါသည်။ Pixel တစ်ခု၏ အရောင်ကို 8 bits သို့ 16 bits စသဖြင့် ဖွဲ့စည်းထားပါသည်။ 8 bits ဆိုသည်မှာ သုည(သို့မဟုတ်) တစ် ဂဏန်း နှစ်လုံးသာ ပါသော ၈ လုံးတွဲ တစ်တွဲကို ဆိုလိုပါသည်။ တစ်တွဲကို အရောင်တစ်မျိုး သတ်မှတ်သဖြင့် အမျိုးမတူ ၈ လုံးတွဲပေါင်း(၂၅၆) ရှိမည်။

ထို့ကြောင့် 8 bits ဆိုလျှင် အရောင် ( ၂၅၆)မျိုးရှိပြီး 16 bits ဖြစ်လျှင် အရောင် (၆၅၅၃၆)မျိုး ကို ကိုယ်စားပြုနိုင်ပါသည်။ ဥပမာ pixel နံပါတ် ၁၀၁၁၀၁၀၁ သည် ၂၅၆ ရောင်အနက် တစ်ခုကို ကိုယ်စား ပြုပါသည်။ ထို Pixel လေးများကို LCD ဖန်သားပြင်ပေါ်တွင် အတိုင်လိုက် အတန်းလိုက် အကွက်ဖော်ထားပြီး Pixel တစ်ခု အရောင် တစ်မျိုး ပုံဖော်ခြင်းဖြင့် မိမိအလိုရှိရာ ရောင်စုံဓါတ်ပုံတစ်ခု ဖြစ်လာပါသည်။ ထို Pixel လေးတစ်နေရာမှာပင် အရောင် အမျိုးမျိုး ပြောင်းလိုက်ပါက ဖန်သားပြင်ပေါ်မှ အရုပ်များ လှုပ်ရှားသယောင်ဖြစ်သွားပြီး ရုပ်သေဓါတ်ပုံမှ ရုပ်ရှင်ဖြစ်သွားမည် ဖြစ်သည်။ 

ထိုသို့ Pixel အရောင်ပြောင်းနေခြင်းသည် နောက်ကွယ်မှ သုညနှင့် တစ် တို့ကို တစက္ကန့်လျှင် 3.2 GHz (Processor speed) နှုန်းဖြင့် ပြောင်းပေးလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖန်သားပြင်ပေါ်ရှိ မိန်းမ/ယောက်ျား အရုပ်သည် တစ်ယောက်တည်း မပြောင်းလဲဟု ထင်ရသော်လည်း အကယ်စင်စစ် တစက္ကန့်ကို 3.2 GHz နှုန်းဖြင့် သုညနှင့် တစ် များ ပြောင်းလဲနေသည်။ ယင်းတို့သည် ပရိုဂရမ်ပေးထားသည့်အတိုင်း ဖန်သားပြင်ပေါ်တွင် အရုပ်များ လှုပ်ရှားနေမည်။ မြတ်ဗုဒ္ဓ၏ဟောကြားချက်နှင့် နှိုင်းယှဉ်ရလျှင် ဖန်သားပြင်ပေါ်မှ အရုပ်သည် ပညတ်၊ မမြင်ရသည့် သုညနှင့် တစ် တို့သည် ပရမတ်သဘော ဖြစ်နေပါသည်။ ဖန်သားပြင်ပေါ်တွင် မြင်ရသော မိန်းမ ယောက်ျား တိုက်တာ အိမ်ကား စသည့် အရုပ်များသည် အရင်းစစ်သော် သုညနှင့် တစ် ချည်း ဖြစ်နေသည်ဆိုလျှင် မှားအံ့မထင်။ 

ထိုနည်းတူ မြတ်ဗုဒ္ဓဟောကြားသော ရုပ်နာမ်ဓမ္မ သဘာဝသည်လည်း အပြင်ပန်း မိန်းမ/ယောက်ျား မြင်နေရသော်လည်း အကယ်စင်စစ် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတနဲ့ ပသာဒရုပ် သို့မဟုတ် ဘာဝရုပ် စသည့် အခြေခံရုပ်ပေါင်း ၁၀ မျိုး (သဘောသဘောဝ ၁၀ မျိုး) ပါဝင်သော မျက်စိဖြင့် မမြင်နိုင်သော ကလပ်စည်းလေးများ သိန်းသန်းချီ ပေါင်းစုထားသည့် အစုအပုံပင် ဖြစ်ပါသည်။ 

၎င်းကလပ်စည်း(Fundamental Particle) တစ်ခုတိုင်းတွင် အခြေခံရုပ် ၁၀ မျိုးတိှု့ တစ်မျိုးစီ ပေါင်းစပ်ပါဝင်မှု အနည်းအများကို 10 bits Particle လေးများအဖြစ် ပုံဖော်ကြည့်သည် ဆိုပါစို့။ နံပါတ်မတူလျှင် သဘာဝ မတူသော Particle လေးများ များစွာရှိလာမည်။ အရိုး Particle၊ အသား Particle၊ အရေ Particle၊ အကြော Particle စသဖြင့် ဖြစ်လာသလို ယင်း particle လေးများ စုဖွဲ့မှုအရ လူ နတ် ဗြဟ္မာ သတ္တ၀ါမျိုးစုံ ဖြစ်လာရပြန်သည်။ 

သို့ရာတွင် အပြင်ပန်းအရ မည်သည့် သတ္တ၀ါ ဖြစ်စေကာမူ ယင်း Particle လေးများမှာ တစက္ကန့်လျှင် 58 G Hz (ရုပ်သက်တမ်း)ဖြင့် ပုံမှန် အသစ်အသစ် အစားထိုးနေသည်။ ကွန်ပျူတာ၏ ပရမတ်ဖြစ်သော သုညနှင့် တစ် တို့ကို 3.2 G Hz ဖြင့် ပြောင်းလဲပေးနေမှုကြောင့် ဖန်သားပြင်ပေါ်မှ 2-Dimension ပညတ်အရုပ်များ လှုပ်ရှားနေသလို သက်ရှိတို့၏ ပရမတ်ဖြစ်သော ပထ၀ီ အစရှိသော ဓါတ်ကြီး ၄ ပါးတို့ကို 58 G Hz ဖြင့် ပြောင်းလဲနေသောကြောင့် 3-Dimension ပညတ်အရုပ်များ လှုပ်ရှား သက်ဝင် နေသည်။

ထိုသို့ ပညတ်အရုပ်များ လှုပ်ရှားစေရန် မည်သည့် ပရိုဂရမ်က ထိမ်းချုပ်နေပါသနည်း။ ကံ စိတ် ဥတု အဟာရ ဆိုသည့် ရုပ်ဖြစ်စေသော အကြောင်းတရားလေးပါး ဖြစ်ပါသည်။ ကမ္မသတ္တိကြောင့် အတိတ်က ကောင်းမှုအကျိုး လူရုပ် Particle လေးများ (ကမ္မဇရုပ်များ) ဖြစ်လာစေပြီး၊ ထို ကမ္မဇရုပ်များနှင့် ပြင်ပ အာရုံရုပ်များ ရိုက်ခတ်ရာမှ နာမ်သိစိတ်များ ဖြစ်ပေါ်လာကာ စိတ္တဇ၀ါယောရုပ်များ ဖြစ်လာရပြန်သည်။ စိတ်ကြောင့်ဖြစ်သော Particle များ၊ ဥတုကြောင့် အဟာရကြောင့် ဖြစ်သော particle များ တိုးခြင်းလျော့ခြင်းကြောင့် သက်ရှိများ ရှင်သန်သက်ဝင်နေ ပါသည်။

ကံသတ္တိ၊ နာမ်သတ္တိတို့ကို မည်သည့် ပညာရှင်ကမျှ မဖန်တီးနိုင်ပါ။ ကမ္မသတ္တိ သည် ယနေ့သက်ရှိ သတ္တ၀ါတို့၏ အတိတ် ဘဝေဘ၀ါက ပြုခဲ့သော အမှုကိစ္စတို့၏ အသီးအပွင့် မဟုတ်ပါလား။ မိမိစိုက်သော အပင်၏ အသီးကိုစားရခြင်း မည်ပါသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ ဇီဝိတဟူသော ကမ္မဇရုပ်များ ဖြစ်မလာပါက သက်ရှိတစ်ဦးဟု မခေါ်ဆိုနိုင်ပေ။ 

ဤကား ဗုဒ္ဓမြတ်စွာ ဟောကြားမှသာ သိခွင့်ရသော သက်ရှိတို့၏ ထူးခြားချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် သိပံ္ပပညာရှင်များ မည်သို့ပင် ကြိုးစားဖန်တီးစေကာမူ ပရိုဂရမ် ပေးထားသော စက်ရုပ် လူသား သာရမည်။ သက်ရှိ လူသားကိုမူ ဘယ်သော်အခါမျှ ဖန်တီးလို့ မရနိုင်ပေ။ 

ချမ်းသာစစ်နှင့် ပြည့်စုံပါစေ။
ပြေဇော်