Monday, November 7, 2011

ရိပ်သာနှင့် ရိက္ခာ


'တောင် . . . တောင် . . . တောင် . . .တောင်'
နံနက် အရုဏ်မတက်မီ ဝေလီဝေလင်းအချိန်ကတည်းက တတောင်တောင်မြည်အောင် ခေါက်နေသော သံချောင်း သံကြောင့် ကျွန်မ၏ အသိစိတ်များက နိုးထ ရှင်သန်လာခဲ့ရ၏။ 
 
တစ်ဆက်တည်းမှာပင် နံနက်ချိန်ခါ တေးသံသာအလား နေ့စဉ်ကြားနေရသည့် 'သုဓမ္မစာရီ' အဆောင်မှူး အဘွား ဒေါ်တင်တင်မြင့်၏ အသံကြီးက တစ်ဆောင်လုံးရှိ အခန်းများဆီသို့ ဖုံးလွှမ်းသွားပေသည်။ 'သမီးတို့ရေ . . .ထကြတော့လေ၊ မနက်(၃)နာရီ ထိုးနေပြီနော်၊ ထကြတော့ . . တရားအားထုတ်ဖို့ ပြင်ဆင်ကြတော့ဟေ့' ကြည်လင်ပြတ်သားသော အသံကြီးဖြင့် တစ်ဆောင်လုံး ဟိန်းနေအောင် အိပ်ရာနှိုးနိုင်စွမ်းရှိသော အဘွား ဒေါ်တင်တင်မြင့်၏ နှိုးဆော်သံက ကျွန်မတို့ ယောဂီငယ်အတွက် တန်ဖိုးကြီးသော နှိုးစက်နာရီသံအလား . . . လန်းဆန်းတက်ြ<ွကနေသော အသိစိတ်ဖြင့်နိုးထလာခဲ့ခြင်းကြောင့်'ယင်း နိုးထလာသောစိတ်ကို 'နိုးတယ်၊ နိုးတယ်' ဟုမှတ်ယူပြီး ရေချိုးခန်းရှိရာသို့ 'ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်'အမှတ်သတိဖြင့် ဆက်လက်လျှောက်လှမ်းလာခဲ့လိုက် ၏။ 
 
ဤအဆောင်သို့ရောက်ခါစ ပထမရက်က ကြိုးစားအားထုတ်စ အချိန်ဖြစ်တာကြောင့် ရှေးဦးစွာနိုးထလာ သောစိတ်ကို မှတ်သိနိုင်သေးသဖြင့် သတိရသောအချိန်အခါမှစကာ စိတ်၌ပေါ်ရာများကို မပြတ်မှတ်ရင်း 'စဉ်းစားတယ်' 'စဉ်းစား တယ်'ဟုမှတ်ယူခဲ့ရသေး၏။ ရေချိုးခန်းအတွင်းသို့ အမှတ်သတိဖြင့် ရောက်ရှိလာပြီး ချိန်မှာတော့ မျက်နှာသစ်သောအခါ ကြည့်ခြင်း၊ မြင်ခြင်း၊ လက်လှမ်းခြင်း၊ ရေခွက်ကိုင်ခြင်း၊ ရေခပ်ခြင်း၊ သွားပွတ်တံယူခြင်း၊ အေးမြခြင်း၊ ပွတ်တိုက်ခြင်း၊ ဆေးကြော သန့်စင်ခြင်း စသည်တို့ကို မလစ်ဟင်းရလေအောင် အစဉ်အတိုင်းမှတ်ယူ ရသည်မှာ ယောဂီသက်တမ်းနုလှသော ကျွန်မအတွက် ကနဦးမှာ လွန်စွာခက်ခဲလှပေသည်။

ထို့နောက်ယောဂီအဝတ်ကို ပြင်ဆင်ကာဝတ်မှု၊ အဝတ်အထည်ကို မှန်ကန်စွာခြုံမှု၊ အခန်းတံခါးကိုဖွင့်မှု၊ ပြန်ပိတ်မှု၊ အခန်းသော့ကို အဆောင်မှူး သတ်မှတ်ထားသော Box အတွင်း စနစ်တကျထည့်မှု စသည်တို့ကိုလည်း မလစ်လပ်ရ အောင် မှတ်ယူ၍ ဖလ်ယာဉ်ဓမ္မာရုံရှိရာသို့ 'ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်'၊ 'ကြွတယ်၊ ချတယ်'ခြေလှမ်းသတိဖြင့် ရှေ့လေးတောင်ခန့်မြင်အောင် မျက်လွှာချပြီး စိတ်က ခြေထောက်ကိုအာရုံပြုထားကာ လျှောက်လှမ်းရပြန်သည်။ ရံဖန်ရံခါ လွတ်ထွက်သွားသောစိတ်ကို အမိအရ ပြန်လည်ဖမ်းဆုပ်ရင်း ကျွန်မ၏အတွေးများက ပြန်လည်ငြိမ်သက် သွားပြန်၏။ သို့ပေမယ့် ဒါသည်လည်း မိနစ်ပိုင်းအတွင်းသာ တောင့်ခံနိုင်၍ တစ်ချက်တစ်ချက် ထပ်မံလွတ်ထွက်သွားသော စိတ်နောက်ကို ပျော်ရွှင် စွာလိုက်ပါသွားမိပြန်သည်။

ကျွန်မ၏ စိတ်အာရုံ များက ရုံးသို့ရောက်သွားလိုက်၊ အိမ်ပြန်ပါသွား လိုက်၊ သူငယ်ချင်း အပေါင်းအသင်းများဆီ အလည်သွားလိုက် စိတ်အာရုံဖြင့် Face Book မှ Comment များကိုဝင်ဖတ်လိုက်၊ ဓာတ်ပုံတွေ လျှောက်ကြည့်လိုက်၊ နှစ်သစ်ကူး အစမှာ ပျောက် ဆုံးသွားခဲ့ရသည့်လက်ကိုင်ဖုန်းလေးဆီသို့ နှမြော တသအတွေးများဖြင့် ဖြန့်ကြက်သွားလိုက်၊ နေမွန်း လွဲချိန်ကတည်းက အစားအသောက် စားသုံးခြင်း ကို(၈)ပါးသီလဖြင့် ထိန်းချုပ်ထားရသဖြင့် ဝမ်းဗိုက် အတွင်းမှ ဆာလောင်မွတ်သိပ်သံများကို သတိရ သွားလိုက်၊ ငိုက်မှေးအိပ်ချင်စိတ်ကို အလိုလိုက်မိ လိုက်စသဖြင့် တစ်နေရာမှတစ်နေရာသို့ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ရွေ့လျားသွားလာလှုပ်ရှားနေခဲ့၏။

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ သြဝါဒစရိယနှင့် နာယက ကမ္မဋ္ဌာ နာစရိယများ၏ သဘောတူညီချက်ဖြင့်သတ်မှတ်ထားသော ရှုမှတ် နည်းများအတိုင်း နေ့စဉ်(၈)ကြိမ်၊(၈)နာရီထိုင် မှတ်သလို စင်္ကြံ(၇)ကြိမ်၊ (၇)နာရီ လျှောက်ကာ တရားအားထုတ်ရ၊ လှမ်းရသည်မှာ နေ့စဉ် စုစုပေါင်း(၁၅)နာရီတိတိပင်ဖြစ်သည်။ 
 
မဟာ စည်သို့ရောက်ခါစက 'မဟာစည်မှာ တရား ထိုင် ခိုင်းတာ အရမ်းကြမ်းတယ်'်'ဟူသော ရိပ်ဖမ်းသံဖမ်းစကားသံများကို ကြားသိခဲ့ ရပြီးသည့် ကျွန်မမှာ လက်တွေ့ထိုင် မှတ်ချိန်တွင် မျက်စိကိုမှိတ်၊ စိတ်ကို ဝမ်းဗိုက်မှာ အာရုံပြု၍ 'ဖောင်းတယ်၊ ပိန်တယ်'နှစ်ချက်၊ 'ဖောင်းတယ်၊ ပိန် တယ်၊ ထိုင်တယ်(ထိုင်ပုံ) သုံးချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ် (ထိတဲ့ နေရာ)လေးချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာတင်ပါးထိတယ်'၊ 'ဖောင်းတယ်၊ ပိန် တယ်၊ ထိုင်တယ်၊ ဘယ်တင်ပါးထိတယ် အထိ(၃)ချက်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ လက်ချင်းထိတယ်'၊ တစ်ဆက်တည်းမှာပင် 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာတင်ပါးထိတယ်'၊'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ဘယ်တင်ပါး ထိတယ်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ညာခြေမျက်စိထိတယ် အထိ(၅)ချက်'မှတ်ယူကာ'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ဘယ်ခြေမျက်စိထိတယ်'၊ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ လက်ချင်းထိတယ်'စသဖြင့် အမှတ်သတိ မပြတ်တမ်း ရှုမှတ်နိုင်ရန် လက်တွေ့သဘောတရားကို တန်ဖိုးရှိစွာ ခက်ခဲနက်နဲစွာ သိရှိခဲ့ရပေသည်။
 
ထိုသို့ရှုမှတ်ရာတွင်လည်း ပဆစ်တုပ်ထိုင်၊ တစ်ဖက်ခွေထိုင်တို့၌ အထိကို ထိချက်၊ နာသောနေရာများကို သင့်တော်သလို မှတ်ခိုင်းနိုင်ကြောင်း ဒွါရ (၆)ပါးအာရုံထင်ရှားရာလည်း မှတ်ယူနိုင်ကြောင်း လမ်းညွှန်ပြသထားခြင်း ကြောင့် တရားအားထုတ်စ၊ ယောဂီအသစ် ကျွန်မအတွက် မှတ်သားနာယူစရာများပင်။ 'ဖောင်းတယ်၊ ပိန်တယ်'စသဖြင့် ကိုယ်တွင်းအမူအရာများကို ဂရုစိုက်၍မှတ်နေဆဲမှာပင် ဇွတ်တိုးဝင်ရောက် လာသည့် အိပ်ချင်စိတ်ကို ပင်ပန်းခက်ခဲစွာ ပယ်ဖျက်ရင်း'ဖောင်းတယ်၊ ပိန်တယ်၊ အိပ်ချင်တယ်'ဟု ထပ်မံမှတ် ယူခဲ့ရခြင်းမှာ နှစ်ညခန့်၊ သုံးညခန့်ရှိလာသောအချိန်အထိ ရှုမှတ်ရန် မလွယ်ကူခဲ့သေးပေ။ ထိုသည်မှာလည်း 'အိပ် ပျော်ခြင်း'ဟူသော ဘဝင်စိတ်သက်သက်မျှ ကြာမြင့်စွာဖြစ်ပေါ်နေခြင်းကြောင့်ပင်။

'ဘဝင်စိတ်'ဟူသည်မှာ ဘဝ၏အစ မှာ ဖြစ်ပေါ်ခဲ့သောစိတ်၊ နောက်ဆုံးသေသော'စုတိစိတ်'တို့နှင့် အလားတူနေသော စိတ်ဖြစ်နေခြင်းကြောင့် သာယာစွာရှေ့တိုးမိသည့် ကျွန်မအတွက် ထိတ်လန့်ဖွယ်ရာအတိပင်။ 'အိပ်ချင်တယ်၊ အိပ်ချင်တယ်'ဟု မှတ်နေစဉ်အတွင်း မျက်လုံးကငိုက်မှေး လာသဖြင့် 'မှေးတယ်၊ မှေးတယ်' ဟုမှတ်ယူပြန်သည်။ ဘာဝနာရင့်သန်သူ များအတွက်မူ ထိုကဲ့သို့မှတ်ယူလိုက်သည့်အခါ အိပ်ချင်စိတ်ကင်းလျက် တစ်ဖန် စိတ်အာရုံက ကြည်လင်လာတတ်ကြောင်း၊ ထိုအခါများတွင်'ကြည်တယ်၊ ကြည်တယ်'ဟုမှတ်ယူပြီး'ဖောင်းတယ်၊ ပိန်တယ်'ဟူ၍မှတ်ယူနေကျကိုသာ ပြန်၍မှတ်ယူရမည်ဖြစ်ကြောင်း နေ့စဉ်အချိန်မှန်နံနက်(၇)နာရီတွင် တရား စစ်ဆေးမေးမြန်းလေ့ရှိသော ဆရာတော်မှ မိန့်ကြားသွန်သင်တော်မူခဲ့လေသည်။

ကျွန်မကတော့ ရှုမှတ်နေစဉ်အတွင်း အိပ်ချင်စိတ်မပြေကြောင်း၊ အမှတ် သတိဖြင့် မအိပ်တော့သော်လည်း 'ဖောင်းတယ်၊ ပိန်တယ်'မှတ်နေကျ ပြတ်သွားတတ်ကြောင်း ရှုမှတ်နေစဉ်အတွင်းမှာလည်း ညောင်းမှု၊ ပူမှု၊ နာကျင် မှု၊ ယားယံမှုအစရှိသော ဝေဒနာအထူးများကို စူးစိုက်ကာ ကြည့်ရှုမှတ်သားပြီး အစမှတစ်ဖန် 'ဖောင်းတယ်၊ ပိန်တယ်' မှတ်ယူနိုင်ရန်မှာ လွန်စွာခဲယဉ်းနေသေးကြောင်း ပြန်လည်လျှောက်ထားရပေသည်။ နေ့စဉ်နှင့်အမျှ စင်္ကြံ(၇)နာရီလျှောက်ရ၊ တရားထိုင် ချိန်(၈)နာရီအမီ အားထုတ်ကြိုးပမ်းရသည်များအတွက် ကြာမြင့်လာသောနေ့ရက်များသို့အရောက်တွင် 'မတိုးဘူး' ဟုထင်ရသည့်အခါ 'ပျင်းရိမှု'ကတွယ်ကပ်လာပြန်သေး၏။
 
ထို့ကြောင့်'ပျင်းတယ်၊ ပျင်းတယ်'ဟု ရှုမှတ်နေရင်းမှာပင် သတိ၊ သမာဓိ၊ ဉာဏ်အထူးများ မဖြစ်သေးသည့် ကျွန်မမှာ 'မှတ်နေရတာ ရက်ကြာလာပြီ၊ ဘာမှလည်း မထူးဘူး၊ စိတ်ညစ်လိုက်တာ၊ ငါဖြစ်မှဖြစ်ပါတော့မလား၊ ဟုတ်ရောဟုတ်ရဲ့လား'ဲ့လား'ဟူသော ယုံမှားမှုများက နေရာယူကြီးစိုးလာပြန်သည်။ တစ်ဖန်ပြန်ပြီး ¤င်းစိတ်အတွေးကို 'ယုံမှား တယ်၊ ယုံမှားတယ်'ဟု မှတ်ယူလိုက်သဖြင့် 'တရားထူးဖြစ်ပေါ်လာမည်၊ ရှုမှတ်ကောင်းရမည်'ဟု မျှောင်လင့် ချက်ရောင်ခြည်တန်းသွားပြန်ရ၏။

အဆိုပါ စိတ်အတွေးကို 'မျှော်တယ်၊ တောင့်တတယ်၊ လိုချင်တယ်'ဟု မှတ်သားပြီး ဆင်ခြင်နိုင်ရန် ကြိုးစားကာ၊ မှတ်ရသောအာရုံကို ရုပ်လား နာမ်လားစသဖြင့် ဆင်ခြင်မိတတ်၍ 'ဆင်ခြင်တယ်၊ ဆင်ခြင်တယ်'ဟု မှတ်သားခဲ့ရပြန်သည်။ ကျွန်မ၏စိတ်အာရုံ၌ အမှတ်မကောင်းဘဲ အာရုံလွင့်ပျံ့နေသည့်အချိန်က ပိုများနေလေ၏။ ထိုသည်မှာ လည်း သောကပရိဒေဝအပူမီးများကို ကိုယ်တိုင်လည်း မွှေးယူတတ်သလို သူတစ်ပါးအပူမီးကိုလည်း လက်ဆင့် ကမ်းသယ်ဆောင်တတ်လေ့ရှိသော ကျွန်မအတွက် စိတ်ပျက်ခြင်းကရောက်ရှိလာပြန်သဖြင့်'စိတ်ပျက်တယ်၊ စိတ် ပျက်တယ်'ဟုသာမှတ်သားရမည်ဖြစ်ကြောင်း ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုမှတ် နည်းစနစ်အရ လေ့လာသိရှိခဲ့ရသည်။

တရားအားထုတ်ခါစအချိန်အခါ၌ 'အိပ်စက်နားနေချိန်(၄)နာရီ'တည်းဟူသော တိုတောင်းလှသည့် သတ်မှတ်ချိန် ကြောင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရသော်လည်း အချိန်ပိုမအိပ်တော့ဘဲ 'တစ်မှတ်တည်းသာ ရှုမှတ်နေရမည်'ဟူ၍ နှလုံးသွင်းနိုင်ပါက ဉာဏ်ရင့်ကျက်လာသောအခါ အလိုလိုမအိပ်ချင်တော့ဘဲ အမြဲကြည်လင်နေပေလိမ့်မည်ဟု ဆရာတော်ဘုရားကြီးက လမ်းညွှန်ပြသသွားခဲ့ပေသည်မှာ ဝိပဿနာဉာဏ်ထူးများ၏ အကျိုးရလဒ်ကောင်းပင် ဖြစ်ပေမည်။ 
 
မိုးကုတ်ယောဂီအဟောင်း မဟာစည်ယောဂီအသစ်ကျွန်မ၏ ဝိပဿနာရှုမှတ်ခဲ့သော နေ့ရက်များတွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ကူးကြံစည်တိုင်း၊ စဉ်းစားဆင်ခြင်တိုင်း စိတ်အမူအရာကို အမှတ် သတိဖြင့် ခဲခဲယဉ်းယဉ်းမှတ်သားခဲ့ရသလို ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေပြုပြင် လှုပ်ရှားတိုင်း၊ ကိုယ်အမူအရာကိုမှတ်သားရသည်မှာလည်း တခဏတာမျှပင်မှတ်သားနိုင်ခဲ့၏။ 
 
တစ်ဖန်မှတ်ဖွယ် အထူးများမရှိသည့် စိတ်အတွေးကို ရက်သတ္တပတ်၊ တစ်ပတ်ကြာမြင့်ပြီးချိန်၌ ပေါ်ထွက်ရရှိ သွားသောအခါ 'ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်'ဟူသော မူလအစမှတ်နေကျကိုသာ မပြတ်တမ်းမှတ်သားနေမိပြန်သည်။
 
စင်္ကြန်လမ်းလျှောက်လှမ်းရာတွင်လည်းြ<ွကတယ်၊ လှမ်းတယ်၊ ချတယ် စသဖြင့်သာ မပြတ်မှတ်ယူရင်း မဟာစည်သာသနာ့ရိပ်သာ ကြီးတွင် ယောဂီဖြစ်ခွင့်ရခဲ့သည့် (၁ဝ)ရက်တာမျှသော အချိန်ကာလအတွက် ကျွန်မမှာပီတိဖြစ်၍ မဆုံးနိုင်အောင်ပင်။ ဆက်လက်ပြီး ဖြစ်ပျက်တိုင်းသော ရုပ်၊ နာမ်အလုံးစုံကို ပစ္စုပ္ပန်ကျအောင် မှတ်သိနိုင်ရန် ကြိုးပမ်းအားထုတ်သွားသင့်သည်ဟု ခံယူထားသလို ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာဉာဏ်ထူးများ အစဉ်အတိုင်း ဖြစ်ပေါ်လာသည်ကို ဒိဋ္ဌတွေ့မြင်နိုင်ချိန်မှာ ကျွန်မအတွက် ဘယ်ဆီဘယ်ဝယ် မသေချာသေးသော်လည်း တရားကြိုးစားအားထုတ်၍ ဝိပဿနာရှုမှတ် နည်းလမ်းမှန်ကို ရောက်ရှိအောင် လမ်းပြနိုင်ခဲ့ သော 'ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး'၏ကျေးဇူးဂုဏ်ကို အစဉ်အမြဲဦးထိပ်ထားကာ လိုက်နာကျင့်သုံးနိုင်ရန် ကြိုးစားရပေဦးမည်။ 
 
ကျွန်မတို့ယောဂီများအတွက် နေ့စဉ်နေ့လယ်(၂)နာရီမှ(၃)နာရီအချိန်အထိ တရားထူး၊ တရားမြတ်များကိုနာကြားခွင့် ရခဲ့ခြင်းကြောင့် 'ဆင်းရဲကိုအရင်းခံပြီးမှ ချမ်းသာရာရကြောင်း' အခြေခံသဘောတရားကို 'နိဗ္ဗာန်တံခါးကြီး ဖွင့်တော် မူပါ'တရားတော်၌ ကြားနာသိရှိခဲ့ရသည်။ မဟာစည်တရားရိပ်သာသို့ ဝိပဿနာရှုမှတ်ရန် စတင်ရောက်ရှိလာခဲ့စဉ်က သုည၏သဘောတရားကို တန်ဖိုးထားမှုနည်းပါးခဲ့ပြီး နေ့လယ်(၁၂)နာရီကျော်သည်နှင့် အစာမစားရန်၊ သီလ စောင့်ထိန်း ထားခဲ့ခြင်းကြောင့် အစားအသောက်ဆင်းရဲမည်ကို လွန်စွာတွေးပူ မိခဲ့၏။ 
 
ထို့အတွက်ကြောင့်လည်း ကော်ဖီထုပ်၊ အချိုရည်ဘူးများမှသည် ခေါက်ဆွဲခြောက်နှင့် ပန်းသီး၊ လိမ္မော်သီးအဆုံး ရိက္ခာမျိုးစုံကို ရိပ်သာသို့ အလျှံအပယ် သယ်ဆောင်လာခဲ့မိသည့် ကျွန်မအတွက် တရားတော်ကောင်းများကို နာကြားပြီးသည့်အခါ ရှက်ဖွယ်တည်းတည်းပင်။ 
 
''အိုးကလေးလို၊တို့ရဲ့ကိုယ်'' တရားတော်ထဲကအတိုင်း ဆံပင်မှစ၍ ခန္ဓာကိုယ်မှ (၃၂)စုသောအပုပ်ကောင် ရုပ်ဆောင်မှုများအပြင်၊ နေ့စဉ်စားသုံးနေသော အစာအာဟာရများမှာ ဝမ်းဗိုက်အတွင်းရောက်ရှိသွားသည့်အခါ ကျွန်မတို့မြင်တွေ့ဖူးနေသော ခွေးအန်ဖ အန်ဖတ်ထက်ထက် သုံးဆဆိုးရွားလှသည့် ဥပမာဖြင့် တရားဟောဆရာတော်က ဟောကြားသွားရာ ရိပ်သာသို့ သယ်ဆောင်လာသည့် ကျွန်မ၏ရိက္ခာထုပ်များက ကျွန်မအား လှောင်ပြောင်ဟားတိုက်နေသည့်အလား . .. 
 
မိမိသေဆုံးသွားသည့်အခါ ပင်ပန်းကြီးစွာရှာဖွေဖန်တီးထားရသော ရာထူ၊ စည်းစိမ်၊ နာမည်ဂုဏ်သတင်း ရိက္ခာ များက ကိုယ့်နောက်မပါနိုင်ဘဲ မိမိပြုလုပ်ထားသော ကောင်းမှုကုသိုလ်ကံများနှင့် ဝိပဿနာတရားများကိုသာ 'မွန်မြတ် သောရိက္ခာ'အဖြစ်အပါရယူသွားနိုင်ကြမည်သာဖြစ်ပြီး 'တစ်နေ့တော့ရောက်လာမည်မလွဲသည့် အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်းဒုက္ခများအတွက် ရိက္ခာထုပ်ထမ်း၍စောင့်ကြိုရမည်ဆိုပါက မည်သည့်ရိက္ခာကိုသင်တို့ထုပ်ပိုးသယ်ဆောင်ထား ကြပါမည်နည်း။ 
 
ကျွန်မကတော့ ရိပ်သာ၌သင့်တော်မည့်ရိက္ခာရှာဖွေခွင့်ကိုအခွင့်သာတိုင်းကြိုးစားသွားမည်ဖြစ်သည်။
 
ဆုကဗျာ