Tuesday, November 29, 2011

ငိုက်မျဉ်းခြင်းကို ဖြေဖျောက်နည်း

မနေ့က (23/5/11) စာရေးသူ၏ သူငယ်ချင်း အမျိုးသမီးတစ်ယောက်က Online မှာတွေ့တော့ “တပည့်တော် အခုတလော တရားထိုင်ဖြစ်တယ်၊ မထိုင်တာကြာတော့ အိပ်ငိုက်ချင်တယ်၊ သတိနဲ့ ထိမ်းနေရတယ်……”လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူက ငိုက်မျဉ်းခြင်းကို ဖြစ်စေတဲ့ ထိန မိဒ္ဓကို ကျော်လွှားနည်းများကို ဗုဒ္ဓရဲ့ ဒေသနာအရ သူ့ကို အကျဉ်းမျှ ပြောပြလိုက်မိသေးတယ်။ စာဖတ်သူကိုတော့ ဒီဒေသနာကို ဗုဒ္ဓမြတ်စွာက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ  ဘာကြောင့် ဟောကြားခဲ့တာဆိုတာလေးကို အကျယ်သဘောအားဖြင့် ပြောပြချင်မိလို့ စာတစ်စု ပြုလိုက်တာပါ။
မြန်မာမှု့ ပြုထားသော ငိုက်မျဉ်းခြင်းဟူသော စကားဟာ ထိန မိဒ္ဓ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာပါ။ တကယ်တော့ ဒီ ငိုက်မျဉ်းခြင်းဆိုတဲ့ ထိန မိဒ္ဓ တရားနှစ်ပါးဟာ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ခြောက်ပါးသော နီဝရဏထဲက တတိယမြောက် နီဝရဏတရားပဲ ဖြစ်ပါတယ်။ ဒီ (ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း) ထိန မိဒ္ဓ နီဝရဏ လွှမ်းမိုးခြင်းကို ခံနေရတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်များဟာ ဈာန် မဂ် ဖိုလ် တို့ကို ရရှိခြင်းမှ ဝေးကွာလှပါတယ်။ 

မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်မှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်ကိုရရှိတော်မူခဲ့ပါတယ်။ 
မဟာသက္ကရာဇ် ၁၀၃ခုနှုစ် ပြာသိုလ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ရာဇဂြိဟ်ပြည်သိုရောက်ရှိပါတယ်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်ကို ရောက်ရှိပြီး ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးစံနေတော်မူခိုက် အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း ကောလိတတို့ မြတ်ဘုရားထံသို့ နောက်ပါတပည့်ပရဗိုဇ် ၂၅၀နဲ့အတူ ရောက်ရှိလာကြပြီး ဧဟိဘိက္ခူ ရဟန်းအဖြစ်ကို ခံယူကြပါတယ်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓထံတော်သို့ရောက်ရှိပြီး သောတာပန်အဖြစ်ဖြင့် ဧဟိဘိက္ခူရဟန်းအဖြစ်ကို ခံယူကြတဲ့နေ့ကတော့ တပိုတွဲလဆန်း ၁ ရက်နေ့ဖြစ်ပါတယ်။
အဲဒီ မဟာသက္ကရာဇ် ၁၀၃ခုနှုစ် တပိုတွဲလဆန်း ၁ရက်ကနေစပြီးတော့ ၇ ရက်ပတ်လုံးတိုင်အောင် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက အိပ်စက်ခြင်းမပြုဘဲ  စင်္ကြံသွားပြီးတော့   ရာဇဂြိုဟ်ပြည်အတွင်းက တစ်ခုသော  “ကလ္လ၀ါဠပုတ္တ” ခေါ်တဲ့ရွာရဲ့အနီး တောအုပ်ကြီးထဲမှာ မအိပ်ဘဲ တရားအလုပ် အားထုတ်တော်မူနေရင်းနဲ့  ၇ ရက်တောင်မှ မအိပ်မနေ အားထုတ်ခဲ့ရတာဆိုတော့ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တော်မူပြီး စင်္ကြံဦးမှာ ထိုင်လျက်သား ငိုက်မျဉ်းသွားပါတယ်။ တပိုတွဲလဆန်း ၈ ရက်ဆိုတာ မမေ့စေချင်ပါ။
အဲဒီ မဟာသက္ကရာဇ် ၁၀၃ခု တပိုတွဲလဆန်း ၈ရက်မှာ မြတ်စွာဘုရားက မဂဓတိုင်း ရာဇဂြိုဟ်ပြည် သုသုမာရဂိရမြို့၏ အနီးမှာရှိတဲ့ ဘေသကဠာအမည်ရှိတဲ့ တောအုပ်ထဲမှာ သီတင်းသုံးနေရင်းနဲ့ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် စင်္ကြံဦးမှာ ငိုက်မျဉ်းနေတာကို ဒိဗ္ဗစက္ခု အဘိဉာဏ်ဖြင့် မြင်တော်မူလိုက်ပါတယ်။ မြင်တော်မူပြီးတော့ ဗုဒ္ဓမြတ်စွာက ဣဒ္ဓိဝိဓ အဘိဉာဏ်နဲ့ (စိတ္တဂတိ-စိတ်၏သွားခြင်းကဲ့သို့ လျင်မြန်စွာ) သွားရောက်ပြီးတော့ စင်္ကြံဦးမှာ ငိုက်မျဉ်းနေတဲ့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဆီကို ဘွားခနဲ ရောက်ရှိသွားတော်မူပြီးတော့ အရန်သင့် ခင်းထားတော်မူတဲ့ နေရာမှာထိုင်တော်မူကာ…………"ချစ်သား မောဂ္ဂလာန်……၊ သင်ချစ်သား ငိုက်မျဉ်းနေတာလား……"လို့ မေးမြန်းလိုက်ပါတယ်။ 

ဒီတော့မှ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်က…."မှန်လှပါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…….။ တပည့်တော် တဒင်္ဂငိုက်မျဉ်းသွားပါတယ် ဘုရား….။" လို့ လျောက်ထားလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးရဲ့ အဖြေစကားကို ကြားပြီးတဲ့နောက် ဗုဒ္ဓမြတ်စွာက ချစ်သား မောဂ္ဂလာန် ထိန မိဒ္ဓဆိုတဲ့ ငိုက်မျဉ်းခြင်းကို ပယ်ဖျောက်ကြောင်းတရား ခုနှစ်ပါးရှိတယ်…….ချစ်သား မောဂ္ဂလာန်…..ဆိုပြီးတော့ အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

 ၁။         အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့  အမှတ်သညာကိုပယ်ဖျောက်ခြင်း။
“ချစ်သား….၊  ဒီလို  သင်ချစ်သား ငိုက်မျဉ်းနေတယ်ဆိုရင်  အဲဒီအငိုက်ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့  မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းနဲ့၊ ကြိမ်ဖန်များစွာ မလေ့လာနှင့်၊ ပယ်ဖျောက်လိုက်ပါ။ အဲဒီလို မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းဘဲနေမယ်ဆိုရင်  သင်ချစ်သားရဲ့ သန္တာန်မှာ  အဲဒီငိုက်မျဉ်းခြင်း မိဒ္ဓတရားကို ပယ်ဖျောက်ပြီးသား ဖြစ်လိမ့်မယ်။”လို့  ဟောကြားပါတယ်။
ဆိုလိုရင်းကတော့   ဥပမာ  မအိပ်ငိုက်ခင်က နှလုံးသွင်းခဲ့တဲ့ အနိစ္စသညာကို ပယ်ဖျောက်ရပါမယ်။ အဲဒီအနိစ္စသညာကို ပယ်ဖျောက်ပြီး ဒုက္ခသညာ သို့မဟုတ် အနတ္တသညာကို ပြောင်းနှလုံးသွင်းရပါမယ်။ ဒီလိုပဲ မိမိက ဒုက္ခသညာကို နှလုံးသွင်းနေတယ်ဆိုရင် ငိုက်မျဉ်းလာတဲ့အခါ အဲဒီ ဒုက္ခသညာကို ပယ်ဖျောက်ရပါမယ်။ အနာပါနသညာကို နှလုံးသွင်းခဲ့တယ်ဆိုရင်လည်း ဒီသညာကိုပယ်ရပါမယ်။ အသုဘသညာကို နှလုံးသွင်းရှုမှတ်ခဲ့တယ်ဆိုလည်း ဒီငိုက်မျဉ်းကြောင်းဖြစ်စေတတ်တဲ့ ဒီသညာကို ပယ်ဖျောက်ရပါမယ်။
အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့  အမှတ်သညာကိုပယ်ဖျောက်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၂။         မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်း။
ချစ်သား……အဲဒီလို ဒုက္ခသညာအစရှိတဲ့  မူလနှလုံးသွင်းသညာကို ပယ်ဖျောက်ပြီးပေမယ့် ငိုက်မျဉ်းခြင်း  မပျောက်သေးဘူးဆိုရင် ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းပါ။ အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။
မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၃။         မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်း။
အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့  ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းဆင်ခြင်နေလို့မှ ငိုကမျဉ်းခြင်း မပျောက်သေးဘူးဆိုရင် မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်ပါ။ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်းဖြင့်လည်းပဲ ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၎။         နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း။
ချစ်သား မောဂ္ဂလာန်…….၊ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်နေပေမယ့်လို့ ထိုငိုက်မျဉ်းခြင်းတရား မပယ်ရှား မပပျောက်သေးဘူးဆိုရင် မိမိရဲ့ နားပျဉ်း နားရွက်နှစ်ဘက်ကို လက်နဲ့ဘယ်ပြန်ညာပြန်ဆွဲပါ။ ဒါမှ ငိုက်ချင်သေးတယ်ဆိုရင် ညာလက်ဖြင့် ဘယ်ဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို ပွတ်သပ်ပေးပါ။ လက်ဖြင့် ကိုယ်ကိုလည်း ပွတ်သပ်ပေးလိုက်ပါ။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၅။         မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်း။
ချစ်သား  မောဂ္ဂလာန်…..။ ။နားနှစ်ဘက်ကို လက်နဲ့ဆွဲလို့မှ၊ လက်ဖြင့်ကိုယ်ကိုပွတ်သပ်လို့မှ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင် ထိုင်ရာကထပြီးတော့ မျက်နှာသစ်လိုက်ပါ။ မျက်နှာသစ်ပြီးတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုတဲ့ တူရှုအရပ်၊ လေးထောင့်ဆိုတဲ့ ဖီလာအရပ်လေးပါး၊ အထက်၊ အောက်ဆိုတဲ့ အရပ်နှစ်ပါးအားဖြင့် အရပ်ဆယ်မျက်နှာကို ဟိုဟိုဒီဒီ ကြည့်ပေးပါ။ ကောင်းကင်မှာရှိတဲ့ နက္ခတ်တာရာတို့ကို မော်ကြည့်ပေးပါတဲ့။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၆။         အလင်းရောင်ကို နှလုံးသွင်းခြင်း။
ချစ်သား…မောဂ္ဂလာန်…….။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးပေမယ့်လို သင် ချစ်သားရဲ့ သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင် အလောကသညာပွားပါ။ အလင်းရောင်ကို နှလုံးသွင်းလိုက်ပါ။ ဆိုလိုတာက နေ့ဘက်မှာ အိပ်ချင်ငိုက်မျဉ်းချင်တယ်ဆိုရင် နေ့ဘက်ဆိုရင် နေရဲ့အလင်းရောင်ကို နှလုံးသွင်းကြည့်ရှုပေးရပါမယ်။ ညဘက်မှာ အိပ်ငိုက်ချင်သေးတယ်ဆိုရင် ကြယ်ရောင် လရောင်ကို နှလုံးသွင်းကြည့်ရှု့ပေးရပါမယ်။ အဲဒီလို ကြည့်ရှုပြီးတော့ “အလောကော……အလောကော…”ဆိုပြီးတော့ အလောကကသိုဏ်းကို ၊အလောကသညာကိုပွားများရပါမယ်။ အဲဒီလို အလောသညာကို နှလုံးသွင်းပွားများလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
အလင်းရောင်ကို နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။

၇။         စင်္ကြံလျောက်ခြင်း။
ချစ်သား……..မောဂ္ဂလာန်.. အလောကသညာကို ပွားများဆောက်တည်ပါသော်လည်း သင် ချစ်သားရဲ့သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓတရားတွေ ကျန်သေးတယ်ဆိုရင်၊မပျောက်သေးဘူးဆိုရင် မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးပါ။ အဲဒီလို လူးလားခေါက်ပြန် ဣနြေ္ဒခြောက်ပါးကို ချူပ်တည်းပြီး စင်္ကြံလျှောက်ပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ချစ်သား……..ဒီတရားခုနှစ်မျိုးဟာ ထိန မိဒ္ဓ ငိုက်မျဉ်းခြင်းတရားတွေကို ပယ်ဖျောက်နည်းများ ဖြစ်ပေတယ်…….ချစ်သား မောဂ္ဂလာန်………ဆိုပြီးတော့ဗုဒ္ဓမြတ်စွာက ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်းကို မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပိုတွဲလဆန်း ၈ရက်နေ့မှာ အရှင်မဟာမောဂ္ဂလာန်ကို ဟောကြားခဲ့ပါတယ်။
မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။ ချစ်သား…………မောဂ္ဂလာန်………..။
ဒီ ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း တရား(၇)ပါးဟာ ယောဂီသူတော်စင်များအဖို့ မှတ်မိထားရမယ့် ဆောင်ထားရမယ့်တရား ဖြစ်ပါတယ်။ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓတရားကို ပယ်ရှားတွန်းလှန်ဖို့ လိုအပ်ပါတယ်။ ဒီခုနှစ်နည်းထဲက တစ်နည်းနည်းနဲ့ တွန်းလှဖယ်ရှားလို့ရပါတယ်။
ဒီ ထိန မိဒ္ဓ ငိုက်မျဉ်းကြောင်းတရား ၇ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက မှတ်သားဆောင်ထားလို့လွယ်အောင် လင်္ကာလေး ဖွဲဆိုထားပါတယ်။ စာဖတ်သူတို့ မှတ်ထားလိုက်ပါဦး………..။
“ပယ်ဖျောက်သညာ၊ စာ နှလုံးသွင်း၊ စာအံလျှင်းတည့်၊ နားပျဉ်း+ကိုယ်+သပ်၊ အရပ်ကိုမျှော်၊ အလောကပွား၊ စင်္ကြံ့သွား၊ ခုနှစ်ပါး ငိုက်မျဉ်းပျောက်ကြောင်းတည်း…………..။”
ဗုဒ္ဓမြတ်စွာက ဒီ(၇)ပါးသောနည်းနဲ့မှ ငိုက်မျဉ်းခြင်း မိဒ္ဓတရား မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ရမလဲဆိုတော့ ချစ်သား……မောဂ္ဂလာန်……အိပ်စက်အနားယူတဲ့အခါမှာ (ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်း) ညာဘက်လက်ကို လဲလျောင်းပြီးတော့ ညာဘက်ခြေကို ခပ်ဆန့်ဆန့်တန်းတန်းထားပါ။ ညာဘက်ကိုစောင်းအိပ်ပါ။ ပြီးတော့ ဘယ်ဘက်ကဒူးကို အဲဒီညာဘက်ခြေရဲ့အပေါ် ရှေနားရောက်အောင်တိုးထားပြီးတော့ အိပ်စက်ပါ။ မအိပ်စက်ခင်မှာလည်းပဲ နံနက် ၄:၀၀နာရီကျရင် ငါအိပ်ရာမှထမယ်။ အဲဒိလို အချိန် နာရီသတ်မှတ်ပြီး ဘယ်ချိန် ဘယ်မိနစ်မှာ ငါအိပ်ရာကထမယ်လို့ နှလုံးသွင်းပြီးမှ သင်ချစ်သား အိပ်စက်ပါ။ လဲလျောင်းပါ။
ချစိသား…….မောဂ္ဂလာန်….အဲဒီလို သင်ချစ်သား…အချိန် နာရိသတ်မှတ်ပြီး ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်းပြုပြီး အိပ်စက်ခြင်းမှ နိုးထာလာတဲ့အခါရောက်ရင်လည်း သင် ချစ်သား….”သေယျသုခ” လို့ခေါ်တဲ့ ပက်လက်လှန်ပြီးတော့ ဖြေပစ်လက်ပစ်ပြုပြီး လဲလျောင်းရတဲ့ ချမ်းသာကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ “ပဿသုခ” လို့ခေါ်တဲ့ ဗယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ဗယ်ပြန် ညာပြန်လှည့်ပြီး တအိအိနဲ့ နေလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ “မိဒ္ဓသုခ” လို့ခေါ်တဲ့ အိပ်ရာကနိုးပြီတဲ့နောက်မှာ ပြန်ပြီးအိပ်စက်လိုက်ရလို့ မှိန်းလိုက်ရလို့၊ ငိုက်လိုက်ရလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။ 
အဲဒီလို ကျင့်ကြံလိုက်နာမယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
ပုထုဇဉ်ဖြစ်တဲ့ စာရေးသူတို့ဟာ အိပ်ရာမှနိုးထပြီးတဲ့အခါမှာ ဒီချမ်းသာသုခ သုံးမျိုးကို ခံစားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ စာရေးသူတို့ရဲ့သန္တာန်မှာ ထိန မိဒ္ဓဆိုတဲ့ နီဝရဏတရားကိန်းအောင်းနေလိုပဲဖြစ်ပါတယ်။ ဒီ ငိုက်မျဉ်းခြင်း မိဒ္ဓတရားကို မြတ်ဗုဒ္ဓရဲ့ ဟောပြထားတဲ့ နည်းတွေနဲ့ ပယ်ဖျောက်ပစ်ရပါမယ်။
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဟာ ဒီ မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပိုတွဲလဆန်း ၈ ရက်နေ့မှာ ဒီမြတ်ဗုဒ္ဓဟောကြားတဲ့ ပစလာယမာနသုတ္တန်ကို နာကြားပြီးတော့ အရဟတ္တဖိုလ်ပေါက် ရောက်ပြီး ရဟန္တာဖြစ်တော်မူခဲ့တာပါ။ အရှင်မဟာမောဂ္ဂလာန်သည် အရှင်သာရိပုတ္တရာထက် ခုနှစ်ရက်စောပြီး ရဟန္တာဖြစ်တော်မူပါတယ်။ တကယ်တော့ ဒီငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်းတင် ဒီပစလာယမာနသုတ်တော်မှာ ဟောကြားထားတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီနေရာမှာ အဓိကဖြစ်တဲ့ ငိုက်မျဉ်းခြင်းတရား ဖြေဖျောက်နည်းကိုပဲ ပြောပြပြီး ကျန်တဲ့တရားတွေကို ချန်လှပ်ထားခဲ့ရတာပါ။
စာဖတ်သူတို့အနေနဲ့ ဒီနေ့ ဒီရက်မှာ ဒီသုတ္တန်ဒေသနာကို နာကြားပြီိးတော့ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်တော်မူတယ်ဆိုတာ သိထားသင့်သလို ဒီငိုက်မျဉ်းခြင်း ဖြေဖျောက်နည်းတရားတော်ကို နာကြားပြီး လိုက်နာပြီး ကျင့်ကြံအားထုတ်မှုကြောင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်တော်မူရတယ်..တို့ ယောဂီသူတော်စင်များလည်းပဲ ဒီငိုက်မျဉ်းခြင်း ဖြေဖျောက်နည်းတရားတော်ကို နာကြားပြီး ဖတ်ရှု့ပြီးတော့ လိုက်နာကျင့်ကြံခြင်းဖြင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးကဲ့သို့ ဒုက္ခအားလုံးရဲ့ အဆုံးကိုပြုတတ်တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို ရရှိအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ အားမာန်များ အဓိဌာန်များကို ချမှတ်ပြီးတော့ ကြိုးစားအားထုတ်ဖို့ပါ။ 

မိမိရဲ့သန္တာန်မှာ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓ နီဝရဏတရား မရှိတော့ဘူးဆိုရင် ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာမြတ်တို့ကို ရရှိနိုင်မှာ သေချာပါတယ်။
စာရေးသူ၏ ဤစာစုကို သိခီမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ပညာဧတဒဂ်ရ အဂ္ဂသာဝကြီးဖြစ်တဲ့ အရှင်အဘိဘူမထေရ်မြတ်သည် ဗြဟ္မာပြည်မှ ရပ်တည်လျှက် လောကဓာတ်တိုက်ပေါင်းတထောင်က ကြားနာရအောင် မိမိ၏တန်ခိုးတော်ဖြင့် ဟောကြားတော်မူခဲ့တဲ့ အရုဏ၀တီသုတ်တော်မှ နှစ်ပုဒ်သောဂါထာကို မြန်မာစကားပြေဖြင့် ရွတ်ဆိုပူဇော်ကာ နိဂမန ပြုလိုက်ပါတယ်။ စာဖတ်သူတို့အတွက်လည်း ဤဂါထာဖြင့် ဥယျောဇဉ်ပြုလိုက်ပါ၏………….။
“မြတ်စွာဘုရား သာသနာတော်၌ သူတော်ကောင်းတရားတို့ကို ထထကြွကြွ ကြိုးစားအားထုတ်ကြကုန်လော့………..။ မဆုတ်မနစ် အားသစ်ကြကုန်လော့……..။ ဆထက်ထမ်းပိုးပိုးတိုး၍ ရှုမှတ်အားထုတ်ကြကုန်လော့……..။ ဆင်ပြောင်ကြီိးသည်. ကျူထရံအိမ်ကို နင်းချေဖျက်ဆီးသကဲ့သို့ ကိလေသာရန် မာရ်စစ်သည်အပေါင်းကို ထောင်းထောင်းချေမွ တိုက်ဖျက်ကြကုန်လော………။”
အကြင်သူသည် ဤဓမ္မ၀ိနယခေါ် မြတ်စွာဘုရား၏ သာသနာတော်၌ အပ္ပမာဒသတိရှိသော ယောဂီသည်သာလျှင် ဘ၀သံသရာကို ဖယ်လွှဲ၍ ဆင်းရဲခြင်း၏ အဆုံးကို ပြုနိုင်လတ္တံ့ …………။
(ဥယျာဉ်မှူးလေး)
ကျမ်းကိုး…………။
အင်္ဂုတ္တရပါဠိတော်၊ သတ္တနိပါတ်၊ ပစလာယမာနသုတ်
သဂါထ၀ဂ္ဂပါဠိတော်၊ ဒုတိယ၀ဂ်၊ အရုဏ၀တီိသုတ်
မင်းကွန်းဆရာတော်ဘုရားကြီး၏ ချိန်ခွင်ကြီးလေးလက် တရားတော်
ဓမ္မာစရိယ ဦီိးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ၊ နှာ ၃၆၈-၃၆၉