Thursday, November 24, 2011

နှိုင်းရ အမှန်တရားလား ၊ ပကတိအမှန်တရားလား


နှိုင်းရ အမှန်တရားလား ၊ ပကတိအမှန်တရားလား

ကိုအောင်ကျော်မိုးပြောခဲ့တဲ့
  1. -ဗုဒ္ဓဘာသာ ရဲ့ စကြ၀ဠာ အယူအဆ (မြင့်မိုရ်တောင် ယုဂန်ဓိုရ်တောင်ကျွန်းကြီးလေးကျွန်း အယူအဆ )
  2. -စကြ၀ဠာ ဖြစ်ပေါ်လာပုံ
  3. -ကမ္ဘာ မြေထု ရဲ့ အတိုင်းအတာ
  4. -ရေထု ရဲ့ အတိုင်းအတာ
  5. -နေ လ စတာတွေ ရဲ့ အတိုင်းအတာ
  6. -နေကြတ် လကြတ် ဖြစ်ပေါ်လာပုံ
  7. -သတ္တလောက ဖြစ်ပေါ်လာပုံ
  8. -လူသား စတင် ပေါ်ပေါက်လာပုံ                                                                                                                                စတာတွေ  ဗုဒ္ဓဘာသာ ရဲ့ အယူ အဆတွေ က သိပ္ပံ ရဲ့ တွေ့ ရှိချက်တွေ နဲ့ကြည့် ရင်တလွဲကြီးတွေ လို့ ပြောရမယ်။ ဆိုတဲ့ စကားလေးက အတော်လေးကို တာသွားပါတယ်။

ပကတိအမှန်တရား

ဒီနေရာမှာ ရေးသူရဲ့ဆိုလိုရင်းက ဘာသာတရားတစ်ခုရဲ့ အယူအဆကို သိပ္ပံရဲ့ အယူအဆနဲ့ နှိုင်းယှဉ် လိုက်တယ်။
ယှဉ်တဲ့အခါမှာ သိပ္ပံကို ပကတိအမှန် လို့ သတ်မှတ်ထားကြောင်း ရေးသားချက်က ထင်ရှား နေတယ်။  ဒီနေရာမှာ သတိပြုရမှာ က ပကတိ အမှန်တရား ဆိုတာ ဘာလဲ။
ယနေ့ တိုင်းထွာတွက်ချက်ထားတဲ့ သိပ္ပံဆိုင်ရာ အမှန်တရားတွေကို ပကတိအမှန်လို့ ကိုယ်တိုင်က သက်မှတ်လိုက်မှ ဗုဒ္ဓဘာသာရဲ့ အယူအဆ ဆိုတာဟာ မှားတယ်လို့ ပြောလို့ရမှာဖြစ်တယ်။
ဒီလိုမှ မသတ်မှန်ရင် ဘယ်ဟာက အမှန်လဲဆိုတာ ပြောလို့မရနိုင်ဘူး။ [ကျနော် ဒီလိုဆိုတဲ့ နေရာမှာ စောစောက ကိုအောင်ကျော်မိုး ရေးခဲ့တဲ့ စကြ၀ဠာ ဖြစ်ပေါ်......ပုံ  စတာတွေကို ဗုဒ္ဓဘာသာကတင်ပြတဲ့ နေရာမှာ ဗုဒ္ဓကိုယ်တိုင်အမှန်တကယ်ပြောခဲ့သည်၊ ဖြည့်စွက်ထားသည်၊..အမှန်ဖြစ်သည် စတဲ့ အချက်တွေကို လျစ်လျုရှုပါမယ်-ဖယ်ထားပါမယ်]


အမှန်လို့ပြောဖို့အတွက် အမှန်ဆိုတာကို အများသဘောတူ အရင် သတ်မှတ်ရတယ်

ရူပဗေဒရဲ့ အခြေခံမတ္တာတွေကို သတ်မှတ်တဲ့အခါ မူလ စံတစ်ခုကို အများသဘောတူ သတ်မှတ်ရပါတယ်။
အဲ့ဒီမှာ အခြေခံ မတ္တာ တွေ ( အလျှား၊ ဒြပ်ထု၊ အချိန်)ဆိုတာတွေ ရလာတယ်။ ဒါတွေကို လူတွေက သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ မူလပကတိ သဘောကို လူသားတွေက ပြုပြင်ဖန်တီးလိုက်တဲ့သဘောပါ။ ဒါတွေကို အခြေခံပြီး ဆင့်ပွားလိုက်တဲ့ အခါမှာ အခု ပြောနေတဲ့ ကမ္ဘာ ဒြပ်ထုတွေ၊ ဆွဲအားတွေ ၊ ရူပဗေဒဆိုင်ရာ နိယာမတွေ၊ အစီအရီထွက်ပေါ်လာပြီး ဒီကနေမှတဆင့် စောစောကအမှန်တရားလို့ ကိုအောင်ကျော်မိုး
သတ်မှတ်လိုက်တဲ့ သိပ္ပံပညာကနေပြီးတွက်ချက်ထားတဲ့ အတိုင်းအတာတွေ၊ Hypothesis တွေ၊ ရဲ့ရလဒ်ကို စံထားပြီးတော့မှ ဗုဒ္ဓဘာသာရဲ့ အတွေးအမြင်နဲ့ယှဉ်ပြောတဲ့အခါမှာ ဗုဒ္ဓဘာသာရဲ့ အဆိုဟာ လွဲနေတယ်၊မှားနေတယ်လို့ ပြောလို့ရလာတာဖြစ်ပါတယ်

ဆာအိုက်ဇ်နူတန်ရဲ့ ကျေးဇူးတော်ကြောင့် အစောပိုင်းကာလမှာ သိပ္ပံတစ်ခေတ်ကို ပြောင်းလဲစေခဲ့သလို သူနောက်ပိုင်းမှာ သိပ္ပံပညာရပ်ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ သီအိုရီတွေလဲ အစီအရီတိုးတက်လာခဲ့ သလို သိပ္ပံဟာ အရာရာကို ဖန်တီးနိုင်သလို မျိုး ဖြစ်လာခဲ့တယ်။ သိပ္ပံမှရလာသော ရလဒ်သည်သာလျင် ပကတိအမှန်ဖြစ်တယ်လို့သာ ယုံမှတ်လာကြပါတယ်။


အမှန်တရားသည် ပြောင်းပြန်လန်သွားပြီ

၂၀ ရာစုရောက်တဲ့အခါမှာ သိပ္ပံပညာ ရှင်တို့နဲ့ သူတို့လက်ခံထားတဲ့ ပညာရပ်တစ်ခုလုံးကို ဂျွန်းထိုးမှောက်ခုံဖြစ်သွားစေတဲ့၊ လူတစ်ဦး(သို့မဟုတ်)သီအိုရီတစ်ပုဒ်ပေါ်ထွက်လာခဲ့ပါတယ်။
အဲ့ဒါကတော့ ဆာအဲဘက်အိုင်းစတိုင်းရဲ့ ရလေတစ်ဗီတီ (Theory of Relativity)ပါဘဲ။    သူက

''ခင်ဗျားတို့ယနေတိုင်းထွာတွက်ချက်ပြီးရလာတဲ့ အမှန်တရားတွေဟာ ပကတိအမှန်တရားတွေ မဟုတ်ကြဘူး။ တကယ်တော့ ဒီရလဒ်တွေဟာ နှိုင်းရအမှန်တရားတွေသာ ဖြစ်တယ်။ ''တဲ့ ။

ကဲ  ..ဘယ်လို လုပ်မလဲ။ ဒီလိုပြောတေ့ တချိုတွေက အကြောက်အကန်ငြင်းကြတယ်။ တချိုကသူကို အရူးလို့ပြောကြတယ်။ ဒါမဖြစ်နိုင်ဘူးလို့ တချို့ကကန့်ကွက်တယ်။ အနည်းစုကတော့ နှိုင်းနှိုင်းဆဆ လက်ခံပေးကြတယ်။

ဒါပေမဲ့ အိုင်းစတိုင်းက ခေသူမဟုတ်ပါဘူး။ သူပြော တဲ့ သီအိုရီမှန်ကြောင်း အကြိမ်ကြိမ်အလီလီ သက်သေပြခဲ့တယ်။ အခါခါတိုင်းလဲ မှန်ခဲ့တယ်။ ပကတိအမှန်လို့ယူဆထားတဲ့ သိပ္ပံရဲ့ ဖြေရှင်းလို့မရတဲ့ အချက်တွေကို အိုင်းစတိုင်းရဲ့ ရလေတီဗီတီက ရှင်းရှင်းလင်းလင်း ဖြေဆိုပေးနိုင်ခဲ့တယ်။

အရင်က သိပ္ပံပညာက
အလင်းသည် အမြဲတမ်းတစ်ဖြောင်တည်းသွားသည် ဆိုတာမျိုးကို အိုင်းစတိုင်းကချေဖျက်တယ်။ အလင်းက အမြဲတစ်ဖြောင့်တည်းမသွားဘူး။ နေနဲ့တစ်တန်းထဲ ရောက်တဲ့အခါမှ ကမ္ဘာရဲ့ Curvature ကြောင့် အလင်းဟာ အနည်းငယ် ယိုင်ကွေးသွားတယ်ဆိုပြီး ထုတ်ပြခဲ့ပြီး ဘယ်လောက် ကွေးသွားလဲ ဆိုတာကို ခန့်မှန်းတွက်ချက်ပြတယ်..

တကယ်တန်း နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ အိုင်းစတိုင်းပြောခဲ့တာ မှန်ကြောင်း လက်တွေ့သိခဲ့ရသလို အိုင်းစတိုင်းရဲ့ ခန့်မှန်းကိန်းဟာလည်းအတော်နီးစပ်တူတယ်ဆိုတာ သိလာရတယ်။

 
Einstein

ပကတိအမှတ်တရား

ဒါဟာ နှိုင်းရသဘောပါဘဲ။ လူသားတွေက နှိုင်းရ အမှန်တရားကို ပကတိသဘောလော့ မှားယွင်းယူဆခဲ့ မိကြတယ်။ ပကတိ အမှန်တရားကို မသိမှု အ၀ိဇ္ဇာက ဖုံးပြီး အမှန်နဲ့ဝေးခဲ့ကြတယ်။ အိုင်းစတိုင်း ပြောမှဘဲ အားလုံးကဂျွန်းထိုးမှောက်ခုံ ပြောင်းပြန်လန်ပြီး တက်တက်စင်အောင် လွဲကုန်တော့တယ်။

ကမ္ဘာပေါ်က သိပ္ပံကတွက်ချက်ထားတဲ့ အလေးချိန် ဟာ လကမ္ဘာပေါ်ရောက်တဲ့အခါ လျော့သွားတယ်။ မမှန်တော့ဘူး။
အလင်းက လဲ အမြဲတန်းတဖြောင့်တည်းမသွားတော့ဘူး၊ အခြေအနေတစ်ခုမှာ ကွေးသွားပြီ။

သီအိုရီတွေပြောင်းပြန်လန်ကုန်ပြီ။ သီအိုရီတွေမှာကန့်သတ်ချက်တွေရှိလာကုန်ပြီ။ဒီတော့ သီအိုရီတွေမှာ စာကြောင်းတွေ ပိုလာတယ်။ ဘောင်တွေ ကန့်သတ်ချက်တွေ ဖြစ်လာရတယ်။ ဒီအခြေအနေမျိုးမှာ၊ ဒီအချိန်မှာ မှာ ဒီလိုဖြစ်မယ်၊ဒီလိုမှန်မယ် ဆိုတာမျိုးတွေ ဖြစ်လာကုန်တယ်။ အားလုံးဟာ နှိုင်းရ အမှန်တရားတွေ ဖြစ်လာကြတယ်။

ဒီလို သိလိုက်တဲ့အခါ မှာ သိပ္ပပညာဟာ ၂၀ ရာစုမှာ ဘယ်ခေတ်ဘယ်ကလာကမနဲ့မတူအောင် တမဟုတ်ချင်းတိုးတက် လာခဲ့တာ လက်တွေ့ပါဘဲ။
နေကြတ် ခန့်မှန်းတာကို အိုင်းစတိုင်းရဲ့ သဘောအရ သူတို့အတိအကျတွက်တက်သွားခဲ့တယ်။ အရာအားလုံးဟာ ဇောက်ထိုးဖြစ်ပြီး အမှန်တရားကို မြင်သွားခဲ့လိုပါဘဲ။ ဒီနေရာမှာ သိပ္ပံဆိုတဲ့အစွဲ ၊ တိုင်းတာမှုကိုအချေခံတဲ့ ရုပ်ပိုင်းဆိုင်ရာကို မူတည်ပြီး အမှန်ထင်ပြီး အယူစွဲခဲ့အလွဲံဟာ အိုင်းစတိုင်းခေတ်မှာ ပျောက်သွားခဲ့တယ်။

တကယ်တော့ အိုင်းစတိုင်းဟာ သိပွံပညာရှင်အားလုံးရဲ့ ဥသျောင်၊ အမှန်ကို ပြသူ။ အလင်းရောင်ပေးသူပါဘဲ။ဒီလိုဘဲ အားလုံးကသူကို ၂၀ရာစုရဲ့ ဥသျောင်လို့ သတ်မှတ်ခဲ့ကြတယ်။ သူပြခဲ့တဲ့ အလင်းရောင်ဟာ တန်ဘိုးရှိလွန်းလို့ ကနေ့သိပ္ပံပညာရှင်တွေရဲ့ ရာစုနှစ်ပေါင်းများစွာ ပိတ်နေတဲ့ အ၀ိဇ္ဇာ အမှောင်တိုက်ဟာ သူဖယ်ပေးလိုက်တာနဲ့ကို တမဟုတ်ချင်း ထွန်းလင်းခဲ့ပါပြီ။


မြန်မာပြည်သားတွေ သိစေချင်

ဒါကိုဘာကြောင့်ပြောရသလဲဆိုရင် အဓိကသိစေချင်တာက သိပ္ပံရဲ့အတိုင်းအထွာ ရလဒ်တွေဟာ ပကတိအမှန်သဘောတွေ မဟုတ်ဘူး၊ နှိုင်းရအမှန်တရားတွေ ဖြစ်တယ်ဆိုတာကို ကမ္ဘာသူကမ္ဘာသားအားလုံး သိပြီးကြပေမဲ့ မြန်မာပြည်က မသိသေးတဲ့ လူတွေအတွက် ရည်ရွယ်ပြီး ရေးပေးခြင်း ဖြစ်ပါတယ်။


ဈာန်လျောတဲ့ ပလူတို

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်အထိ အတန်းကျောင်းတွေမှာ သင်ခဲ့ကြရတယ်။ နေကိုဂြိုလ်ကိုးလုံးက ၀န်းရံလှည့်ပတ်နေသည်။ တဲ့ ။ ပြောမှာ ပေါ့ ။

အဲ့ဒီအချိန်တုန်းက မေးရင် ဘယ်နှလုံးပတ်နေလဲဆို ဂ လုံးပတ်နေသည် ဆိုလဲ မှား၊ ဆယ်လုံးပတ်သည်ဆိုလဲ မှား၊ ၉ လုံး ပေးမှ အမှန် ရမည်။
ရှင်းတယ်။ ပကတိအမှန်ကို မှ နားမလည်သေးဘဲ ကိုး။
မကြာသေးတဲ့ နှစ် တွေက နာဆာက ပလူတိုရဲ့အလွန်မှာ ဂြိုဟ်တစ်လုံးထပ်တွေ့တယ်။ ဒီတော့ နေကို ပတ်နေတာ ၉ လုံးမဟတ်ုဘဲ ဆယ်လုံး ဖြစ်သွားတယ်။

ဒီတော့ တချို့သိပ္ပံပညာရှင်တွေက မကျေနပ်ကြဘူး။ ဒီလိုသာ နေကိုပတ်တိုင်း ဂြိုလ်ပေးရကြေးဆိုရင် အနာဂတ်မှာ ဂြိုဟ်တွေ ဘယ်လောက်တောင် ထပ်ထည့်ရမှန်း မသိဘူးဆိုပြီး ဆိုတော့ ဂြိုဟ်တစ်လုံးရဲ့ ရှိရမည့် ၀ိသေသ လက္ခဏာတွေ သတ်မှတ်ကြပြန်တယ်။
ဒါတွေရှိမှ ၊ ဒါတွေ ပါမှ ဂြိုဟ်လို့ပြောရမယ်ဆိုတော့ အဲ့ဒီအသစ်လုပ်လိုက်တဲ့ သတ်မှတ်ချက်နဲ့ ချိန်လိုက်တဲ့အခါမှာ နဂိုက နံပတ် ကိုးက ပလူတို က ဂြိုဟ်သတ်မှတ်ချက်နဲ့မညီလို့ ဈာန်လျောပြီး ဂြိုဟ်ပုဘ၀ရောက်သွားတယ်။
ဒီတော့ ဒင်ပြည့်ကျပ်ပြည့် ၈ လုံးဘဲ ကျန်တော့တယ်။

 

ယနေ့သိပ္ပံပညာသည် နှိုင်းရအမှန်သာ

ဆိုလိုချင်တာက သိပ္ပံပညာမှာ အကန့်အသတ်ရှိနေတယ်ဆိုတာရယ် ၊ ရလဒ်ဟာ ပကတိအမှန်တရား မဟုတ်ဘဲ နှိုင်းရအမှန်တရားဖြစ်တယ်ဆိုတာရယ်ကို သိသာစေချင်တာပါ။ဒါတွေအားလုံးဟာ အချိန်နဲ့အမျှပြောင်းလဲသွားမှာပါ။ ပကတိမမှန်ပါဘူး။

နောက်နှစ် သန်း ၁၀၀ မှာ ကမ္ဘာရဲ့ ထုထည် ၊ အလေးချိန်၊ ရေထုမြေထု စတာတွေဟာ ဒီအတိုင်း ရှိ မနေနိုင်တော့ပါဘူး။ ပြောင်းလဲသွားမယ်ဆိုတာ အသေအခြာပါဘဲ။

ဒီနေရာမှာ တစ်ခုသတိပြုစေလိုတာက ကျနော်က စောစစောက ယူဆချက်တွေနဲ့ ပက်သက်ပြီး ဗုဒ္ဓဘာသာရဲ့ တင်ပြချက်သည်သာလျင် အမှန်ဖြစ်တယ်လို့ လည်း ကျနော်တယူသန်ပြီး မဆိုလိုပါဘူး။

နှိုင်းရအမှန်တွေအကြောင်းကိုတော့ နားလည်ထား၇မယ်။
နောက်တစ်ခုက ကိုအောင်ကျော်မိုးပြောသွားခဲ့တဲ့အထဲမှာ အသွင်မတူတာလေးတွေ ရှိနေပါသေးတယ်။

အသွင်မတူပါ

စကြ၀ဠာဖြစ်ပေါ်လာပုံ ၊ လူသားစတင်ဖြစ်ပေါ်လာပုံ၊ သတ္တလောက စတင်ဖြစ်ပေါ်လာပုံက ဆိုတာက ကျန်တဲ့ ခေါင်းစဉ်တွေနဲ့ သွင်ပြင်ကွဲပါတယ်။
ဒီအကြောင်းကို ယနေ့အထိ ဘယ်သိပ္ပံပညာရှင်ကမှ ကျန်သိပ္ပံပညာရှင်အားလုံးကို လက်ခံနိုင်လောက်တဲ့အထိ မရှင်းပြနိုင်သေးပါဘူး။ ဒီအတွက် ဒါဝင်အပါအ၀င် အမျိုးမျိုးကြံဆတင်ပြခဲ့တဲ့ ပညာရှင်တွေအထဲမှာမှ Hypothesis (ကျိုးကြောင်းဆင်ချင်ယူဆချက်)၁၀ မျိုး ၊ မျိုး ၂၀ လောက်ကိုဘဲ လူကြိုက်များပါတယ်။

ဒါတွေကို ပကတိအမှန်တရားလို့ သတ်မှတ်လို့မရသလို ဘယ်တော့မှလဲ ဒီအကြောင်းကို ဂဃနဏ သိမှာ မဟုတ်လို့  ဒါတွေနဲ့ယှဉ်ပြီး နှိုင်းလို့ ရမှာ မဟုတ်ပါဘူး။


ယူဇနာပေါင်း ရှစ်သောင်းလေးထောင်သည် ပကတိအတိုင်းအတာလား

မြင်းမိုတောင်နဲ့ပက်သက်ပြီး စောစောက ပြောသလို ဘဲ
အတိုင်းအတာဆိုတာကလဲ ပကတိ အတိုင်းအတာမဟုတ်ပါဘူး။
အလျားကို ဗြိတိသျတွေက ပေ နဲ့တိုင်းတယ်၊ မြန်မာတွေက တစ်တောင် ၊နှစ်တောင် ၊ ဒီတော့ ကိုယ်သတ်မှတ်ချင်သလို သတ်မှတ်ပြီးတိုင်း တဲ့အခါ မတူညီတာတွေရှိလာတယ်။

ဒီတော့ အားလုံးက SI ယူနစ်တစ်ခု တီထွင်ပြီး အလျားကို မီတာနဲ့ တိုင်းပါတယ်တဲ့။

ဒါတွေက လူတွေ သတ်မှတ်လိုက်တာပါဘဲ။
ဒီတော့ ဒါတွေအားလုံးဟာပကတိမဟုတ်သလို အိုင်းစတိုင်းရဲ့ ရလေတီဗီတီသဘောအရ သူဟာ အချိန်နဲ့ နေရာကို လိုက်ပြီး ပြောင်းလဲမှာ ဖြစ်ပါတယ်။

တစ်တောင်နှစ်တောင်ဆိုတာကလဲ ဘယ်သူရဲ့တစ်တောင်မှန်းမသိသလို အတိုအရှည်ရှိနေတာက ရှင်းပါတယ်။


ရှစ်သောင်းလေးထောင် မြင်းမိုရ်တောင်

မြင်းမိုရ်တောင်ကို ယူဇနာရှစ်သောင်းလေးထောင်လို့ဆိုတဲ့နေရာမှာ သိရမှာ က
  • ကမ္ဘာပေါ်မှာ ဘယ်တောင်ကမှ အခုလို ၈၄၀၀၀ ဆိုပြီး ဂဏန်းအတအတိအကျ  မြင့်နေတဲ့ တောင်ဆိုတာလဲ မရှိပါဘူး။ 
  • ဘယ်တောင်ကမှလဲ တိုင်းတာသတ်မှတ်ထားတဲ့ ဂဏန်းအတိုင်း အမြဲ မတည်နေပါဘူး။                                              

လောလောဆယ် ဂျပန်ကျွန်းက ဆူနာမီ ထိပြီး ၁ ပေရွှေ့သွားပါပြီ။


ယျေဘုယျသဘောကို ညွန်းတယ်

ဗုဒ္ဓဘာသာက စောစောကပြောခဲ့တဲ့ အတိုင်း အတာတွေဟာ ယျေဘုယျ သဘောကိုဘဲ ညွန်းလိမ့်မယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ တစ်စုံတရာကို သိသာစေချင်လို့ လူတချို့ ရဲ့ ဥာဏ်စဉ်ကိုလိုက်ပြီး အနှိုင်းသဘောမျိုး ပြခဲ့ပုံရပါတယ်။


မြင်းမိုရ်တောင်သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့မဟုတ်

သေချာတာကတော့ ဗုဒ္ဓ ကိုယ်တော်တိုင်နဲ့ ရှေးဆရာများဟာ ချစ်သားတို့ သင်တို့မြင်းမိုတောင်ရဲ့ အတိုင်းအတာကို အတိအကျသိရမယ်..ဒါကိုသိမှ နိဗ္ဗာန်ရမယ် ..ဒါကို မြင်အောင်ရှာကြဆိုပြီးတော့ တော့ ဖန်တီးပေးခဲ့တာမဟတ်ုဘူးဆိုတာပါဘဲ...

နိဗ္ဗာန်အတွက် မြင်းမိုရ်တောင် က အထောက်အပံ့ ပေးကြောင်း ဗုဒ္ဓကိုယ်တိုင်ရော၊ ရှေးပညာရှိများကပါ မည်သူကမှ မဟောခဲ့ကြောင်း သိသာစေလိုပါတယ်။

၁၈၇၉ မှာ မွေးခဲ့တဲ့ ၈ျူးတစ်ယောက်ဖြစ်တဲ့ အိုင်းစတိုင်း ဟာ ရလေတီဗီတီဖြင့် သိပ္ပံကို တစ်ခေတ်တွန်းလှန်ခဲ့ပြီး နှိုင်းရအမှန်တွေ ဖြစ်ကြောင်း သိစေခဲ့ပါတယ်။


ဗုဒ္ဓက ပထမ

တကယ်တော့ ဒါဟာ သိပ်နောက်ကျနေပါပြီ။ ဒီသဘောကို ဗုဒ္ဓက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ထုတ်ဖော်ခဲ့ပြီးသားဖြစ်ပါတယ်။

သတ္တ၀ါတွေဟာ မသိမှု အ၀ိဇ္ဇာကြောင့် ၊ သံသရာလည်နေရပုံ ၊ မသိမှုကြောင့် နှိုင်းရအမှန်တရားတွေကို တကယ်ပကတိ အမှန်တရားလို့ ထင်မှတ်မှားနေပုံကို သေချာကျနစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်နေပါတယ်။

ဒါကို တုတ်ချောင်းနှစ်ချောင်းနဲ့ ဥပမာပေးပြီး ဟောခဲ့ပါတယ်။ ပထမတုတ်ကို တိုတယ် သတ်မှတ်မှ ဒုတိယ ဒုတ်သည် ရှည်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အချေအနေကိုလိုက်ပြီး ကွဲပြားပါသေးတယ်။

အကြောင်း ရှိလို့ အကျိုးဖြစ်တယ် ဆိုတဲ့ သဘောဟာ အိုင်းစတိုင်းရဲ့ ရလေတစ်ဗီတီထက် ရှေးစောပြီး ဗုဒ္ဓက ပဋိစ သမုပ္ပါဒ်မှာ တစ်ပါတည်း ဟောခဲ့ပြီးသား ဖြစ်ပါတယ်။ [ရလေတီဗီတီ နဲ ဗုဒ္ဓဟောကြားချက်သည် တစ်ထပ်တည်းဖြစ်တယ်လို့တော့ မဆိုလိုပါဘူး။]


 
ဗုဒ္ဓ

မူလပန်းတိုင်သည် နိဗ္ဗာန်

တကယ်တန်း နိဗ္ဗာရောက်ကြောင်းသည်သာလျင် ဗုဒ္ဓဘာသာအားလုံးရဲ့ မူ လပန်းတိုင် ဖြစ်ပါတယ်။  ဒါက ယနေ့ထင်မှတ်နေတဲ့ အသိမှား ကို ပထမဆုံး ချေဖျက်ပစ်ရတဲ့အကြောင်းပါ။ အသိမှားနေရင် ၊ အယူမှားနေရင် ဘယ်လောက်ကျင့်ကျင့် နိဗ္ဗာန်ကိုမရောက်နိုင်ပါဘူး။

ဒီအတွက် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးကို လမ်းပြ ပေးခဲ့ပါတယ်။
အဲ့ဒါတွေကတော့

၁။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော အသိအမြင်။ (ပညာမဂ္ဂင် ၂-ပါး၊)
၂။ သမ္မာသင်္ကပ္ပ၊ မှန်ကန်သော အကြံအစည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (သီလမဂ္ဂင် ၃-ပါး၊)
၎။ သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။
၅။ သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း။ (သမာဓိမဂ္ဂင် ၃-ပါး၊)
၇။ သမ္မာသတိ၊ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ၊ မှန်ကန်သော တည်ကြည်ခြင်း။ တို့ ဖြစ်ပါတယ်။

ထို့ပြင်
 သစ္စာလေးပါး
၁။ဒုက္ခသစ္စာ၊
၂။သမုဒယသစ္စာ၊
၃။နိရောဓသစ္စာ၊
၎။မဂ္ဂသစ္စာ သည် နိဗ္ဗာန်သွားရာ အထောက်အပံ့ ကြောင်း ဗုဒ္ဓကိုယ်တောင်တိုင် သေချာကျနစွာ ဟောခဲ့ပြီး လည်း ဖြစ်ပါတယ်။

ကိုယ်တိုင်ကျင့်မှ ရမည်

ဗုဒ္ဓဘာသာဝင်တို့သည် သံသရာဖြစ်ကြောင်းလည်း သိပြီ၊ သံသရာလည်ကြောင်းလည်း သိပြီ ၊ သံသရာ လွတ်မြောက်ကြောင်းလည်း သိပြီး ဖြစ်ပါသောကြောင့် လွတ်မြောက်ရာ နိဗ္ဗာန်အား ရောက်ကြောင်းအားထုတ်ရမယ်ကား မိမိတို့ကိုယ်တိုင်ပင်ဖြစ်ပါကြောင်း တိုက်တွန်းရပါတယ်..။


ကိုနိုင်ဦး/ဒေါက်တာမင်းမဟော်
ဗုဒ္ဓဘာသာ/အတွေးအမြင်



မှတ်ချက်။ ။ ဗုဒ္ဓဘာသာ/အတွေးအမြင်  http://www.facebook.com/Thoughts.Buddhism တွင် ကိုယ်တိုင်ရေးသားခဲ့ သော ဆောင်းပါးအား ပြန်လည် တင်ဆက်ပါသည်။