Thursday, April 4, 2013

လူတော်နှင့် လူကောင်း


လူတော်နှင့်လူကောင်း

မြတ်စွာဘုရားရှင်လက်ထက်တော်က "ဧကူဒါန"လို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဧကူဒါန ကို ပုဒ်ခွဲရင် ဧက-ဥဒါန ပါ။ အဓိပ္ပာယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး အဲဒီဂါထာ တစ်ပုဒ်ကိုပဲ
အမြဲရွတ်ဆိုလေ့ရှိသူ လို့ အဓိပ္ပာယ်ရပါတယ်။

✿ ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲ ရပေမယ့် အဲဒီ ဂါထာတစ်ပုဒ်က ပြောတဲ့
အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။ နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ အတိအကျ လိုက်နာကျင့်
သုံးသူပါ။ အဲဒီလို အသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း မကြာခင်ကာလမှာပဲ ရဟန္တာမထေရ်တစ်ပါး
ဖြစ်သွားခဲ့ရပါတယ်။

ဧကူဒါနမထေရ်ဟာ တောထဲမှာ တစ်ပါးထဲနေပြီး သူရတဲ့ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့
ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ ရှိပါတယ်။

✿ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင် တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ ဧကူဒါနမထေရ် ဂါထာလေး ရွတ်ပြီးလို့ဆုံးတာနဲ့ တောထဲမှာနေကြတဲ့ နတ်အားလုံးက ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့သာဓုခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ ရှိပါတယ်။

ဒီအစီအစဉ်လေးက ဥပုသ်နေ့တိုင်း ပြုမူနေကျ အစီအစဉ်လေးပါ။

ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ဂါထာလေးကိုလည်း ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

✿"အဓိစေတသော အပ္ပမဇ္ဇတော ၊
မုနိနော မောနပထေသုသိက္ခတော ။
သောကာ နဘ၀န္တိ တာဒိနော ၊
ဥပသန္တဿ သဒါ သတီမတော ။"✿

ဒီလိုနဲ့ တစ်နေ့မှာတော့ ပိဋကတ်သုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ တပည့်အခြံအရံ
ငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာကြပါတယ်။

တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ ဧကူဒါနမထေရ်က တော်တော်လေး ၀မ်းမြောက်
သွားပါတယ်။ နေရာထိုင်ခင်းပေးပြီး ဧကူဒါနမထေရ်က ဘာစလျှောက်သလဲဆိုတော့ -

" အရှင်ဘုရားတို့ .... တပည့်တော်ကို တရားဟောပါဦး ဘုရား၊ တပည့်တော် တရားနာ
ချင်လို့ပါဘုရား " လို့ လျှောက်ထားလိုက်ပါတယ်။

တိပိဋက ဆရာတော်နှစ်ပါးက " တရားနာမယ့်သူက အရှင်ဘုရား တစ်ပါးပဲလား " လို့ ပြန်
မေးလိုက်ပါတယ်။
ဧကူဒါနမထေရ်ကလည်း " တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူး ဘုရား၊ တောထဲက
နတ်တွေလည်း လာနာလေ့ ရှိပါတယ် ဘုရား၊ တရားဆုံးရင် သူတို့က သာဓုခေါ်လေ့ရှိပါတယ် ဘုရား " လို့
ပြန်ဖြေလိုက်ရပါတယ်။

✿ ဒီလိုနဲ့ တိပိဋကဆရာတော်နှစ်ပါး တစ်လှည့်စီ တရားဟောရော ဆိုပါတော့။
တိပိဋက ဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲက တကယ့်အနှစ်တွေကိုရွေးပြီး ဟောပြောကြ
ပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်၊ ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။
ဒီတော့ တိပိဋက ဆရာတော်နှစ်ပါးက မေးခွန်းထုတ်ပါတော့တယ်။

" အရှင်ဘုရားပြောတော့ နတ်တွေက သာဓုခေါ်တယ်ဆို၊ အခု ဘာသံမှမကြားရပါလား၊
တပည့်တော်တို့မှာ ဟောလိုက်ရတာ ဖတ်ဖတ်ကိုမောရော "

" တပည့်တော် ဟောရင်တော့ အမြဲသာဓုခေါ်လေ့ရှိတယ် ဘုရား "

" ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး "

" မှန်ပါ့ ဘုရား "

"အဓိစေတသော အပ္ပမဇ္ဇတော ၊
မုနိနော မောနပထေသုသိက္ခတော ။
သောကာ နဘ၀န္တိ တာဒိနော ၊
ဥပသန္တဿ သဒါ သတီမတော ။"

ဧကူဒါန မထေရ်က သူရွတ်ဆိုနေကျ ဂါထာလေးကို ရွတ်လိုက်ပါတယ်။ ဂါထာဆုံးတာနဲ့

✿ နတ်တွေက တစ်တောလုံး ညံသွားအောင် ၀ိုင်းပြီး သာဓုခေါ်ကြပါတယ်။
နတ်တွေရဲ့သာဓုခေါ်သံကြားတော့ တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက ဘယ်လို
ပြောသလဲဆိုတော့ " နတ်တွေက မျက်နှာလိုက်တာ " တဲ့။

ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီး
မကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေမျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာ
ဘုရားရှင်ကို လျှောက်ပြကြပါတယ်။

မကျေနပ်တဲ့စကား ဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက
ဘယ်လိုရှင်းပြသလဲဆိုတော့ -

♠♠♠ " ချစ်သားတို့ .. သင်လည်းသင်ပါရဲ့၊ သိလည်းသိပါရဲ့၊ ဟောလည်းဟောပါရဲ့၊ ဒါပေမယ့်
အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်လို့ မခေါ်သေးဘူး၊ သိရုံတင်မကဘူး၊ ကျင့်လည်းကျင့်ပါမှ တရား
ဆောင်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ် " လို့ ဟောပြလိုက်ရပါတယ်။ ♠♠♠

မြတ်စွာဘုရားရှင်ရဲ့အဓိကဆိုလိုချက်ကတော့ သိရုံတင်မလုံလောက်သေးဘဲ အသိနဲ့အကျင့်
တွဲပါနေမှ၊ အသိနဲ့အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။

× × × × × × × × × ×

ဘာရယ်တော့မဟုတ်ပါဘူး၊ ဒီအတောအတွင်း အသိနဲ့အကျင့် အကြောင်းလေး စဉ်းစားနေမိ
လို့ ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာပါ။

ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့် သိသလောက်ကို ကျင့်သူပါ။ ကျင့်ပြီး မြတ်စွာ
ဘုရား မျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း ရောက်နေသူပါ။

တိပိဋကဆရာတော်နှစ်ပါးကတော့ အသိနဲ့ပတ်သက်လို့ ပိဋကသုံးပုံတောင် ဆောင်ထား
တာဆိုတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။ အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။

လောကမှ ဘယ်လောက်ပဲ သိသိ၊ မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါ တွဲမပါနိုင်သေးဘူး
ဆိုရင် ဘ၀က အဓိပ္ပာယ်မရှိသေးပါဘူး။ အကျင့်ဟာ လူတစ်ယောက်ရဲ့ဘ၀ကို သိပ်ပြီး ပြဋ္ဌာန်းပါတယ်။

ဒီနေရာမှာ အသိနဲ့အကျင့်ကို အခြေခံပြီး "လူတော်နဲ့လူကောင်း" ဆိုပြီး ထပ်ခွဲလို့ရပါသေး တယ်။

♦ လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ်
ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာပါ။

♦ လူကောင်းဆိုတာ ကိုယ့်ရဲ့ကံသုံးပါး အမူအရာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း
အကုသိုလ်မဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး အကုသိုလ်မဖြစ်အောင်နေတယ်။
နောက်..ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးကတော့ လူကောင်းပေါ့။

ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကိုလည်း နားထောင်နေဖြစ်ပါတယ်။ လူတော်နဲ့လူကောင်း ခွဲတဲ့နေရာမှာ ဆရာမ ပြောပြတာလေးက ပိုရှင်းပါ
တယ်။  ဆရာမက

♦" လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊
♦ လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊
♦အသိနဲ့ပြည့်စုံရင်လူတော်၊
♦ အကျင့်နဲ့ပြည့်စုံရင်လူကောင်း " ပါတဲ့။

တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်း တိတ်ခွေပါ တွဲနားထောင်ဖြစ်တော့ တော်တော်လေး
အဆင်ပြေသွားပါတယ်။ လောကမှာ လူတော်နဲ့လူကောင်း၊ ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင် အထူးဖြေစရာ မလိုတော့ပါဘူး။

ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှု ပညာကို
 အခြေခံပြီး လူကောင်းတစ်လှမ်းစာ လုပ်နိုင်ရင် သူက ငါးလှမ်းဆယ်လှမ်းစာ ပိုလုပ်နိုင်ပါတယ်။

ထပ်ပြီး ဒါပေမယ့် ရရင်တော့ ၊

♦တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်။ ဥပမာ - အထူးကု
ဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ သိပ်တော်တယ်။ နိုင်ငံခြားကလည်း ဘွဲ့တွေ
အများကြီးရထားတယ်။ ဒါပေမယ့် မကောင်းဘူး။ ဆေးခန်းကို လူနာများများလာဖို့ပဲ
မျှော်လင့်နေမယ်။ ပိုက်ဆံကို ပုံမှန်ထက်ပိုပိုယူမယ်။ ငါးမိနစ်ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်။
ဆေးကုမ္ပဏီကြီးတွေနဲ့ ပေါင်းပြီး 

" ဆရာရေ .... ဒါ ကျွန်မတို့စမ်းဖော်ထားတဲ့ဆေး၊ ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ။
ဒါက ဆရာ့အတွက် မာစီဒီးကား " ဆိုပြီး ပေးလာတဲ့လာဘ်ကိုယူပြီး လူနာတွေကို ဆေးအစမ်းသပ်ခံ ပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့ လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။

♦ လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်း ဆိုင်ပါတယ်။ ပြည့်ပြည့်စုံစုံ ပြောရရင်တော့
ကံ ၊ ဥာဏ် ၊ဆန္ဒ ၊ လုံ့လ ၊ ကျန်းမာ ၊ ဆရာမိဘ အားပေးမှုတွေနဲ့ ပြည့်စုံမှပါ။
 
ဒီအချိန်ကျမှ ဆရာဝန် ၊ အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။

► အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့် လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်။

✿အဲဒါကတော့ 〝လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး″ ရှိလိုက်ဖို့ပါပဲ။

အဲဒီ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ ကံသုံးပါးကို အထူးစောင့်
စည်းလိုက်ရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ဘ၀ကို ကံသုံးပါက အဓိက ပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို ဂရုစိုက်လိုက်ရင်ပဲ အားလုံး ပြည့်စုံသွားပါတယ်။

ချဲ့ပြောရရင်တော့ ရှင်ရာဟုလာ ကို ဆုံးမတဲ့အတိုင်းပါပဲ။

✿အတွေးတစ်ခု တွေးတော့မယ်ဆိုရင် မတွေးခင် စဉ်းစားလိုက်ပါဦး။ ကိုယ်တွေးမယ့်အတွေး
ဟာ မိမိကော ၊ သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား ။ ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့။ ဒီလိုပါပဲ။

✿စကားတစ်ခွန်းပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာစဉ်းစားလိုက်ပါဦး၊ ကိုယ်ပြောလိုက်မယ့် စကားဟာ မိမိကော သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့။

✿အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင် စဉ်းစားလိုက်ပါဦး။ ကိုယ်လုပ်မယ့်အလုပ်ဟာ
မိမိကော ၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား။ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့။

✿တကယ်လို့ အမှတ်တမဲ့တွေးမိ ၊ ပြောမိ ၊ လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့ အတွေး ၊
အပြော ၊ အလုပ် တွေဟာ မိမိ ၊ သူတစ်ပါး ထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့ ပြန်ပြန်စဉ်းစား
ရပါတယ်။

✿ ဒီ တွေး ၊ ပြော ၊ လုပ် ကံသုံးပါးလေးကို မတွေးခင် ၊ မပြောခင် ၊ မလုပ်ခင် ကြိုကြိုစဉ်းစား
တတ်တဲ့ အကျင့်လေးကို စွဲသွားအောင် အကျင့်လေး လုပ်လုပ်သွားဖို့ပါပဲ။ စွဲသွားရင် နောက်ပိုင်း အထူး
ကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

အဲဒီကတစ်ဆင့်တက်ပြီး သူတစ်ပါး အကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ် ၊
သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ် ၊ သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်ကလေးတွေလုပ်သွားမယ် ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူကောင်း ဖြစ်လာမှာပါ။

တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ် ဆိုရင်လည်း (ကိုယ့်စိတ်ကိုယ်ပဲ အသိ
ဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက
တော်ပြီးသားဆိုတော့ ကောင်းဖို့ပြုပြင်တဲ့နေရာမှာ သိပ်ပြီး ခက်မယ်မထင်ပါဘူး။

✿ လူ့ဘ၀ဆိုတာ ခဏလေးပါ။ သေတော့လည်း ထားခဲ့ရတာပါပဲ။ မသေခင်လေးမှာ
 ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက ကတော့ ကောင်းချင်တဲ့ စိတ်ကလေးရှိဖို့ပါပဲလေ။

× × × × × × × × × ×

ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်း သူများမကြားအောင် စိတ်ထဲကနေ အသာလေး
 ပြန်မေးကြည့်မိပါတယ်။

" ရဝေနွယ် ရယ် သူများသာ အသိတွေ ၊ အကျင့်တွေ ၊ လူတော်တွေ ၊ လူကောင်းတွေ ပြော
နေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့် ထပ်တူကျပြီလား ၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်းဖြစ်ပြီလဲ "

" . . . . . . . . . . . . . . . . . . . . . . . . . . . "

အဖြေက ထွက်မလာပါဘူး။ အဖြေအစား သက်ပြင်းရှည်ပဲ ထွက်လာပါတယ်။ ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့် လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးတော့ ရှိနေတာဆိုတော့ " လူကောင်းဖြစ်ချင်တဲ့စိတ်ကလေး ရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ ခွင့်အလမ်းတစ်ခုပဲလေ .. " လို့ ကိုယ့်ကိုယ်ကို ဖြေဆည်ရင်း အတွေးမေးခွန်းကို ခပ်မြန်မြန်ရပ်လိုက်ရပါတော့တယ်။


Future Light မဂ္ဂဇင်း ဇွန် ၊ ၂၀၀၅

ကျမ်းကိုး -
၁။ ဓမ္မပဒအဋ္ဌကထာ (ဒုတွဲ) ၊ ဧကူဒါနမထေရ်ဝတ္ထု ။
၂။ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်၏ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေများ။

ဤဆောင်းပါးသည် ရဝေနွယ် (အင်းမ) ၏ "အတွေးများနှင့်မိတ်ဖွဲ့ခြင်း ..စာအုပ်မှ" 
 ပြန်လည်ရိုက်ကူးဖော်ပြခြင်းဖြစ်ပါသည်။


Honey Lay
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …_/|\_