Monday, April 1, 2013

အလိုအလျောက်ပရဟိတနဲ့ တကူးတက ပရဟိတ



                              "အလိုအလျောက်ပရဟိတနဲ့ တကူးတက ပရဟိတ"

မြင့်မြတ်သူတွေရဲ့  သန္တာန်မှာသာ ပရဟိတ စိတ်ဓါတ်ရှိနိုင်သလို ပရဟိတ စိတ်ဓာတ်ရှိမှလည်း လူတစ်ယောက်ဟာ မြင့်မြတ်သူ ဖြစ်လာနိုင်ပါတယ်။ ပြောရစတမ်းဆိုရင် “ပရဟိတ စိတ်ဓာတ်မရှိတဲ့သူဟာ စိတ်နေစိတ်ထား နိမ့်ကျတဲ့သူ၊ စိတ်ဓာတ်သေးသိမ်တဲ့သူပါပဲ။”

“ပရဟိတက အလိုအလျောက်ပရဟိတနဲ့ တကူးတက ပရဟိတလို့နှစ်မျိုးရှိပါတယ်။” ကိုယ်ကျိုးကိုယ့်စီးပွားအတွက် စိတ်ကောင်းစေတနာကောင်းထားပြီး အရည်အသွေးအကောင်းဆုံးဖြစ်အောင် လုပ်တာကို “အလိုအလျောက်ပရဟိတ” လို့ခေါ်ပြီး ကိုယ်ကျိုးကိုယ့်စီးပွားနဲ့ လုံးဝမပက်သက်တဲ့ သူတစ်ပါးကိစ္စ၊ သူတစ်ပါးအလုပ်ကို သူတစ်ပါးအကျိုးသက်သက်အတွက် ရည်စူးပြီး မေတ္တာကရုဏာ အပြည့်အ၀နဲ့ တကူးတက ကြောင့်ကြစိုက်ပြီး လုပ်ပေးတာကိုတော့ “တကူးတကပရဟိတ” လို့ခေါ်ပါတယ်။

လူတိုင်းမှာ အသက်မွေးဝမ်းကျောင်းအလုပ် ကိုယ်စီ ရှိကြပါတယ်။ ဘယ်အသက်မွေးဝမ်းကျောင်းအလုပ်မဆို သူတစ်ပါးနဲ့ ဆက်စပ်နေတာချည်းပါပဲ။ “ကိုယ့်အလုပ်ကြောင့် ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတဲ့သူတစ်ပါးတွေ စိတ်ချမ်းသာကြပါစေ ဆိုတဲ့စေတနာနဲ့ ကိုယ့်အလုပ်ကို အရည်အသွေး အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုရင် ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ် ကိုယ်လုပ်နေရင်းနဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ပြီးသား ဖြစ်သွားပါတယ်။”

ကိုယ့်ရဲ့  အတ္တဟိတအလုပ် လုပ်ရင်း မေတ္တာစေတနာကြောင့် အလိုအလျောက် ပရဟိတဖြစ်သွားတာမို့ အဲလိုမျိုး ပရဟိတကို “အလိုအလျောက်ပရဟိတ” လို့ခေါ်ပါတယ်။ ကိုယ်ကျိုးကိုယ့်စီးပွား လုံးဝမပါတဲ့ တကူးတကပရဟိတမျိုး မလုပ်နိုင်တောင် ကိုယ်ကျိုး ကိုယ့်စီးပွားနဲ့ ဆက်စပ်နေတဲ့ အလိုအလျောက်ပရဟိတ မျိုးတော့ လူတိုင်း လုပ်သင့်ပါတယ်။ “စိတ်ကောင်းနှလုံးကောင်း” ဆိုတဲ့ အရင်းအနှီးလေးသာရှိရင် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။

ပရဟိတကိစ္စမှာ “ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်” လို့ယုံကြည်တဲ့ သဒ္ဓါတရားလောက် အခိုင်အမာရှိရင်ကိုပဲ အတိုင်းအတာတစ်ခုအထိ လုံလောက်ပါတယ်။

သဒ္ဓါအဖော် လုံးဝမရှိရင် ပရဟိတနှစ်မျိုးလုံး မလုပ်ဖြစ်ပါဘူး။ သဒ္ဓါအဖော် နည်းနည်းရှိရင်တော့ အလိုအလျောက်ပရဟိတ တစ်မျိုးလုပ်ဖြစ်ပါတယ်။ သဒ္ဓါအဖော်အများကြီးရှိရင်တော့ အလိုအလျောက်ပရဟိတကော၊ တကူးတကပရဟိတပါ နှစ်မျိုးလုံးလုပ်ဖြစ်ပါတယ်
သဒ္ဓါအဖော်မှာ သူ့မိတ်ဆွေမေတ္တာလည်း အဖော်ပါတာမို့ “တကူးတကပရဟိတ”မှာသဒ္ဓါအဖော်နဲ့အတူ မေတ္တာအဖော် လည်း အရေးတကြီး လိုအပ်ပါတယ်။ သဒ္ဓါအဖော်အားကောင်းပေမယ့် မေတ္တာအဖော် အားနည်းနေရင် တကူးတကပရဟိတကို နည်းနည်းပဲ လုပ်ဖြစ်ပါတယ်။ သဒ္ဓါအဖော်လည်းအားကောင်း၊ မေတ္တာ အဖော်လည်းအားကောင်းမှ တကူးတကပရဟိတကို အများကြီး လုပ်ဖြစ်တာပါ။

လောကမှာ ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ၊ ကိုယ့်လောက်မပြည့်စုံတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ လိုအပ်ချက်ကို ကိုယ်စွမ်းနိုင်သလောက် ကရုဏာမေတ္တာစိတ်နဲ့ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် သူတို့ဘယ်လောက်များ ၀မ်းသာလိုက်ကြမလဲ၊ ကိုယ်အဆင်မပြေနေခိုက် သူတစ်ပါးကူညီလိုက်လို့ ကိုယ်ဝမ်းသာခဲ့ဘူးတာနဲ့ ကိုယ်ချင်းစာကြည့်တတ်မယ်ဆိုရင် မပြည့်စုံသူတွေအပေါ် ကရုဏာရှေ့ ထား မေတ္တာပွားဖို့ မခက်ခဲလောက်ပါဘူး။

လောကမှာ ကိုယ့်ထက် အဆင်ပြေတဲ့သူ၊ ကိုယ့်ထက် ပြည့်စုံတဲ့သူတွေ အများကြီးရှိပါတယ်။ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ အခြေအနေအားလျော်စွာ၊ လုပ်ငန်းသဘောအားလျော်စွာ လိုအပ်ချက်ဆိုတာ ရှိစမြဲမို့ သူတို့ရဲ့  လိုအပ်ချက်ကို ကိုယ်တတ်စွမ်းနိုင်သလောက် မုဒိတာမေတ္တာစိတ်နဲ့ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် သူတို့ဘယ်လောက်များ ၀မ်းမြောက်လိုက်ကြမလဲ။ ကိုယ့်ကို ပြည့်စုံသထက်ပြည့်စုံအောင် သူတစ်ပါးချီးမြောက် လိုက်လို့ ကိုယ်ဝမ်းမြောက်ဖူးတာနဲ့ ကိုယ်ချင်းစာကြည့်တတ်မယ်ဆိုရင် ပြည့်စုံသူတွေအပေါ် မုဒိတာရှေ့ ထား မေတ္တာပွားဖို့ လွယ်ကူသွားမှာ သေချာပါတယ်။

နောက်ဆုံးတော့ ပရဟိတစိတ်ဓာတ်ဆိုတာ “ကိုယ်ချင်းစာစိတ်”ပါပဲ။ ကိုယ်ချင်းစာစိတ်ရှိမှ ပရဟိတစိတ်ဓာတ် ရှိနိုင်ပါတယ်။ ကိုယ်ချင်းစာစိတ်မရှိရင် ပရဟိတစိတ်ဓာတ် မရှိနိုင်ပါဘူး။ “ကိုယ့်မှာ ကိုယ်ချင်စားစိတ် ဘယ်လောက်ရှိသလဲဆိုတာ သိချင်ရင် ကိုယ့်မှာ ပရဟိတလုပ်ချင်စိတ်ဘယ်လောက်ရှိသလဲ ပရဟိတအလုပ်တွေကို ကိုယ်ဘယ်လောက် လုပ်နေသလဲ ဆိုတာနဲ့တိုင်းတာကြည့်နိုင်ပါတယ်။”

ပရဟိတစိတ်ဓာတ်ဆိုတာ ဘုရားချီးမွမ်းတဲ့ စိတ်ဓာတ်ပါ။ ပရဟိတအလုပ်ဆိုတာ ဘုရားအားပေးတဲ့ အလုပ်ပါ။ ပရဟိတလူသား ဆိုတာ ဘုရားလိုလားတဲ့ လူသားပါ။

မြတ်စွာဘုရား ချီးမွမ်း၊ အားပေး၊ လိုလားသော ပရဟိတလူသားများ ဖြစ်နိုင်ကြပါစေ။


ဆရာတော် အရှင်ဆန္ဒာဓိက "ပရဟိတစိတ်ဓာတ် " မှ ကူးယူဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်