Saturday, April 20, 2013

ဘာတွေပေးခဲ့မှာလဲ

 
ဘာတွေပေးခဲ့မှာလဲ

  
တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို မေးမြန်းလျှောက်ထားသည်၊ “ မြတ်စွာဘုရား …..ခွန်အားကို လှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ အဆင်းကို  ပေးလှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ မျက်စိအလင်းကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ၊ ချမ်းသာသုခကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ဆိုခဲ့တဲ့ အရာအားလုံးကို ပေးလှူချင်ပါတယ် ဘာကိုပေးလှူရပါမလဲ “

ထိုအခါ မြတ်စွာဘုရားက “ ခွန်အားကိုပေးလှူချင်လျှင် အစားအစာကို ပေးလှူရမည်။ ရုပ်အဆင်းကို ပေးလှူချင်လျှင် အ၀တ်အထည်ကောင်းကောင်းမွန်မွန်ကို ပေးလှူရမည်၊ မျက်စိအလင်းကို ပေးလှူချင်လျှင် မီးစသည် အလင်းရောင်ကို  ပေးလှူရမည် ၊ ချမ်းသာသုခကို ပေးလှူချင်လျှင် သွားလာစရာယာဉ်ကို ပေးလှူရမည် ၊ ဆိုခဲ့သည့် ကောင်းကျိုးလေးမျိုးလုံးကို တစ်ပြိုင်နက်တည်း  ပေးလှူချင်လျှင် အဆောက်အအုံကို ပေးလှူရမည်။နိဗ္ဗာန်ကို ပေးလှူချင်လျှင် တရားဓမ္မကို ပေးလှူရမည် “ ဟု ကိ`ံဒဒသုတ္တန်၌ မိန့်ခဲ့သည်။

သတ္တလောကကြီးသည် အပေးအယူနှင့် တည်ဆောက်ထားခြင်းဖြစ်သည်၊ ရာသီဥတုသည် အအေးအပူမျှဖို့လိုသည်၊ လူ့ဝန်းကျင်လူ့လောကမှာလည်း အပေးအယူမျှဖို့လိုသည် ၊ အနိမ့်ဆုံးအဆင့် အပေးအယူမျှနေကြရမည်၊ ပုထုဇဉ်အများစုမှာ အတ္တက ပြဋ္ဌာန်းလေတော့ မိမိက အယူကိစ္စသာပို၍ ယူချင်ကြသည်။အပေးကိစ္စတွင် ပို၍ မပေးချင်ကြ ၊ လူသားသတ္တ၀ါတွေကြားပြဿနာတွေများပြားနေရခြင်းသည် အပေးအယူမမျှတခြင်းက မြစ်ဖျားခံသည်၊အပေးအယူမျှတနေလျှင် မည်သည့်ပြဿနာမျှ ဖြစ်ပေါ်လာစရာ အကြောင်း မရှိ။

လူသား၏ အခြေံကျင့်ဝတ်က တစ်ခုခုကို ယူချင်လျှင် တစ်ခုခုကို ပေးရမည်ဟု သိရှိလက်ခံဖို့ဖြစ်သည် ၊ မည်သည့်အရာကိုမျှ အချောင် မလိုချင်ရ ၊ အချောင်လိုချင်သူသည် အချောင်သမားသာဖြစ်မည်၊ မည်သည့် အရာကိုမျှ အလကားမယူချင်ရ ၊ အလကား ယူချင်သူသည် အလကား လူသာဖြစ်မည် ၊ အချောင်ယူနေသူသည် အလကားယူနေသူတွေရှိခဲ့လျှင်လည်း ထိုသူတို့သည် အချောင်သမား အလကားလူသာ ဖြစ်မည်၊ လူ့ဘောင်လူ့လောကကို  လက်ဆောင်ပေးခြင်း ၊ ပူဇော်ပသခြင်းစသည်တို့ကား ခြွင်းချက်ဟု နားလည်ရပါမည်။ ဒါကတော့ ရသင့်ရထိုက်လို့ ရခြင်းဟု ဆိုရမည်။

ကိုယ်က ဘာမျှ မပေးဘဲနှင့် ဘာမျှမယူချင်ရ ၊ ပစ္စည်းတစ်ခုခုကို ကောက်ရထားလျှင်သော်မှ ပိုင်ရှင်ရှိလျှင် ပိုင်ရှင်တွေ့က ပြန်ပေးရမည် ၊  ပစ္စည်းတစ်ခု ခေတ္တငှားရမ်းသုံးလျှင် အချိန်တန်က ပြန်ပေးရမည်။ယခုခေတ်မှာ ချေးငှားသုံးပြီး ပြန်မပေးသူတွေ ၊ ကြွေးယူပြီး ကြွေးပြန်မဆပ်တာတွေ များများလာသည်ဟု ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည် ၊ ဘာလို့ ပြန်မပေးချင်ရတာလဲ ၊ ပေးစရာ မရှိလို့ ၊မပေးနိုင်လို့ မပေးတာလား ၊ မပေးချင်လို့ကို မပေးတာလား ။
လူတိုင်းမှာ ထားရှိရမည့် သဘော ထားသုံးခုရှိသည်၊

 နံပါတ်တစ်- ကိုယ်က ဘာမျှမပေးနိုင်ဘဲနှင့် သူတစ်ပါးဆီက ဘာကိုမျှအလကားမယူချင်ရ ၊ အချောင်မယူချင်ရ ၊ နံပါတ် နှစ် – လူခပ်သိမ်းနှင့် အပေးအယူမျှရမည် ၊ မျှအောင်လုပ်ရမည် ၊ နံပါတ် သုံး – တတ်နိုင်လျှင် ကိုယ်က အပေးဘက်က သာနေရမည်၊အပေးဘက်မှာသာ ရှိစေရမည် ၊ ဤသုံးချက်ကို သဘောပေါက်လိုက်နာလျှင် လူသည်လူကို နှောင့်ယှက်မည့်သူမဖြစ်နိုင်တော့ ၊ကူညီမည့်သူသာ ဖြစ်လိမ့်မည် ၊လူကို ဒုက္ခပေးမည့်သူ မဖြစ်နိုင်တော့ ၊ သုခပေးမည့်သူသာဖြစ် လိမ့်မည်။

လူသည် ပထမတော့ ယူရသည်။နောက်တော့ ပြန်ပေးရသည် ၊ယူခြင်း ၏ အဓိပ္ပါယ်က ပြန်ပေးဖို့အတွက် ယူခြင်းဖြစ်သည် ၊ ပေးနိုင်အောင်လို့ ပေးစရာ ရှိဖို့ ယူခြင်း ဖြစ်သည်။သားသမီးသည် မိဘထံက ယူရသည်၊လူငယ်သည် လူကြီးထံက ယူရသည် ၊ ကိုယ်က မိဘဖြစ်သည့်အခါ ပြန်ပေးရသည် ၊ ဆရာဖြစ်သည့်အခါ ပြန်ပေးရသည် ၊ လူကြီး ဖြစ်သည့် အခါ ပြန်ပေးရသည်၊ ပထမပေးစရာရှိဖို့ ၊ ပေးနိုင်အောင်လို့ ယူထားကြရသည် ။ ဒုတိယ ကိုယ်က ပေးသည့် အလှည့်ရောက်တော့ ပြန်ပေးကြရသည်။ လူသား မျိုးနွယ်က ထိုသို့ အယူအပေး ၊ အပေးအယူနှင့် ဆက်စပ်ရှင်သန်လာခဲ့ကြရသည်။

ပုတ္တသုတ္တန်၌ မိဘတို့၏ မျှော်လင့်ချက်ငါးပါး ဘုရားရှင်မိန့်ကြားတော်မူသည့် ငါတို့ ပြုစု စောင့်ရှောက်ထားသော သား သမီးတွေက ငါတို့အသက်ကြီးရင့်သော အခါ ပြန်လည်၍ စောင့်ရှောက်ကြလိမ့်မည်။ ငါတို့၏ ကိစ္စကြီးငယ်အသွယ်သွယ်ကို ဆောင်ရွက်ကြလိမ့်မည် ၊ ငါတို့ ၏ မျိုးနွယ်ကို ရှည်ကြာအောင် စောင့်လိမ့်မည် ၊ ငါတို့၏ အမွေကို လည်း ခံယူရစ်လိမ့်မည်၊ ငါတို့ကွယ်လွန်သော အခါ ကောင်းမှုပြု၍ အမျှအတန်းပေးဝေကြလိမ့်မည် ။ မိဘတိုင်းက သား သမီးတို့အပေါ်ထိုသို့ မျှော်လင့်ထားကြသည်ဟု ဆိုသည်။မိဘတို့သည် စုန်ရေဟု ဆိုသော်လည်း အဆန်ကို လုံးဝ မျှော်လင့်မထားသည်တော့ မဟုတ်ချေ။

အထက်ပါ မိဘတို့ မျှော်လင့်ချက်ငါးပါးကိုပဲ “ ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ် ၊ကျင့်ဖွယ်သားတို့တာ “ ဟု သားသမီးဝတ္တရားငါးပါးအနေနှင့် မြန်မာတို့ နားလည်ထားကြသည်။
 ငယ်စဉ်က မိဘတို့ ထံက အစစအရာရာ အားလုံးယူခဲ့သော သားသမီးတို့သည် ကြီးရင့်သော အခါ မိဘတို့ကို ပြုစုပေးကြသည်။ မိဘတို့၏  ကိစ္စ၀ိစ္စဟူသမျှကို ဆောင်ရွက်ပေးကြသည်။မိဘတို့၏ မျိုးနွယ်ကို စောင့်ရှောက်ပေးကြသည်။မိဘတို့၏ ကောင်းမွေ ၊ ဆိုးမွေ ၊လောကီ အမွေ ၊ လောကုတ္တရာ အမွေကို လည်း ခံယူပေးကြသည်၊မိဘတွေ ကွယ်လွန်သည့်အခါကုသိုလ်ကောင်း မှု ပြုပြီး အမျှအတန်းတွေ ပေးကြသည်၊ ထိုသို့ မိဘတွေကို ပေးရင်းနှင့် သားသမီးတွေကိုလည်း ပေးကြရပြန်သည်။


ကြွေးဟောင်းဆပ်ခြင်း ၊ ကြွေးသစ်ချခြင်း ၊ ရွှေအိုးမြှုပ်ခြင်း ဆိုသော အလောင်းတော် ကေဒါရကျေးမင်း မိန့်ကြားခဲ့သည့် လူ့လောက၀ယ် ကျင့်ဖွယ်သုံးဖြာကို ဗုဒ္ဓဘာသာဝင် တိုင်းနားလည်ကြသည်။ ကျင့်သုံးကြသည်။ မိမိတို့ သည် ကိုယ်နီးစပ်ရာ ၊ ကိုယ်လက်လှမ်းမီရာ ၊ ကိုယ်တာဝန်ရှိရာတို့အား ပေးသင့်ပေးထိုက်သည်ကို စွမ်းနိုင်သလောက်၊ ပေးနိုင်သလောက်ပေးတာတော့ ပေး နေကြရမည် ၊စားစရာ ၊ ၀တ်စရာ ၊ နေစရာ ထိုင်စရာ ဆေးဝါးဓာတ်စာ ၊ အတတ်ပညာ၊ အသိပညာ ၊ ဗဟုသုတလိုအပ်ရာရာ ကိုယ်စွမ်းနိုင်ရာ ကိုယ်တတ်နိုင်ရာ ပေးနေကြရမည်။

ပေးဟူသော ကိစ္စ၌ ပေးကောင်းတာနှင့် မပေးကောင်းတာကို ခွဲခြား၍ နားလည်ထားသင့်သည်။ကူညီခြင်းနှင့် နှောင့်ယှက်ခြင်း နှစ်မျိုးအနက် အကူအညီသာ ပေးကောင်းသည်။ အနှောင့် အယှက်ကား မပေးကောင်း ၊မည်သို့သော အခါမျှ မည်သူကိုမျှ မည်သို့သော အကြောင်းနှင့် မျှ တစ်ဖက်သားကို အနှောင့်အယှက် မဖြစ်စေရ ၊စေတနာနှင့်ပဲ ဖြစ်စေ ၊ ဝေဒနာနှင့်ပဲ ဖြစ်စေ မိမိကြောင့် မည်သူမျှ စိတ်အနှောင့်အယှက် လေးသော်မျှ မဖြစ်စေရ ၊ဒါအခြေခံအကျ ဆုံးလူ့ယဉ်ကျေးမှု ၊ လူ့ကျင့်ဝတ်ဖြစ်သည်။

လူတချို့ က အကြံဥာဏ်အလွန်ပေးချင်သည်။ မတောင်းဘဲနှင့် မပေးသင့်သည်အထဲမှာ အကြံပေးခြင်း ၊ လောကွတ်လုပ်ခြင်းကလည်း တစ်ခါတစ်ခါ သူ့အတွက် အနှောင့် အယှက် ဖြစ်တတ်သည်။
ဒုက္ခပေးခြင်းနှင့် သုခပေးခြင်း နှစ်ခုအနက် သုခကိုသာပေးရမည်။ဒုက္ခကို မပေးရ ၊ မပေးကောင်း ၊မိမိ ၏ ကံသုံးပါး ပယောဂကြောင့် မည်သူမျှ ဒုက္ခမဖြစ်စေနှင့်  ၊ ဒုက္ခမရောက် စေနှင့် ၊စေတနာနှင့်ပဲ ဖြစ်စေ ၊ဝေဒနာ နှင့်ပဲ ဖြစ်စေ ၊ တိုက်ရိုက်ပဲ ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ မိမိကြောင့် သူတစ်ဖက်သား မည်သို့သော အကြောင်းကြောင့် မျှ  ဒုက္ခမရောက်စေရ ၊မိမိက လူမိုက်မဟုတ်သော်မှ လူမိုက်အား ပေးအလုပ်မျိုး မလုပ်ရ ၊ မုသားနှင့် သစ္စာနှစ်ခုမှာ ကြားနေဟူ၍ မရှိ ၊ သစ္စာတရားကို  မော်၍ မကြည့်ရဲလျှင် မုသားအရိပ်ခိုသည်နှင့် ဘာမျှ မထူးခြား ။

ကုသိုလ်နှင့် အကုသိုလ် နှစ်မျိုးရှိသည့်အနက် ကုသိုလ်သာပေးကောင်းသည် ၊ အကုသိုလ်ကို မပေးကောင်း ၊ အကုသိုလ်ပေးခြင်းသည် ငရဲပေးခြင်းဖြစ်သည် ။ ထို့ကြောင့် မိမိကြောင့် သူတစ်ဖက်သားအကုသိုလ် မဖြစ်စေနှင့် ၊ ငရဲ မရောက် စေနှင့်၊ လွမ်းစရာနှင့် နာစရာ နှစ်မျိုးရှိသည့်အနက် လွမ်းစရာသာပေးရမည် ၊နာစရာကို မပေးကောင်း ၊ နာစရာကို မပေးရ ။

သူသူငါငါ အများစုက ယူချင်စိတ် ရချင်စိတ်သာ များနေသည် ၊ အပေးကိစ္စ၌ ပေးကောင်း မပေးကောင်းရှိသလို အယူကိစ္စမှာလည်း ယူကောင်း မယူကောင်း ဟူ၍ ရှိသည်။ ကုသိုလ်ကိုသာယူရမည်၊ အကုသိုလ်က မယူကောင်း ၊မိမိတို့ တစ်သက်လုံး သူများကို ဘာတွေပေးခဲ့သလဲ ၊ ပေးကောင်းတာတွေလား ၊ မပေးကောင်းတာတွေလား ၊ ပေးကောင်းတာတွေ ပေးခဲ့လျှင် မိမိတို့လည်း ယူကောင်းတာတွေ ယူသွားရလိမ့်မည် ၊မပေးကောင်းတာတွေ ပေးခဲ့လျှင် မိမိတို့လည်း မယူကောင်းတာတွေ ယူသွားရလိမ့်မည်။ ဒါက သေချာသည်။

အောင်မြင်မှုဟူသော သဘောကို သုံးသပ်ကြည့်ရာ၌ အောင်မြင်မှုဟူသည် အယူပေါ်၌ မတည် ၊ အပေးပေါ်၌သာ တည်သည် ။ ထိုအပေးက လည်း ပေးသင့်ပေးထိုက်တာတွေကို ပေးခြင်းဖြစ်သည်။ ပေးကောင်းတာတွေကို ပေးခြင်းဖြစ်သည်။မိမိတို့ဘာတွေ ပေးခဲ့မှာလည်း ၊ ဘာတွေ ယူသွားမှာလဲ ၊စဉ်းစားဖို့ အချိန်ရှိပါသေးသည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)