Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Monday, January 5, 2015

လက်သည်းခွံပေါ်က မြေတစ်မှုန့်


လက်သည်းခွံပေါ်က မြေတစ်မှုန့်

 (က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ် ယုံကြည်လျက်ရှိကြသည်။ တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင် မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့် အဒေါ်များအားလုံး ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ သူမ ငယ်စဉ်က အဖွား၏ သမ္မာကျမ်းစာ ပါဇာတ်တော်များ နားထောင်ပြီး အိပ်ရာဝင်ခဲ့ဖူးသည်။

အဖွားတို့မြို့က အပတ်စဉ်ဝတ်ပြုဆုတောင်းသော ဘုရားရှိခိုး ကျောင်းမှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသည်။ သူမ မိခင်နှင့်လည်း ရန်ကုန်မြို့ထဲက ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ဝတ်ပြုခဲ့ဖူးသည်။ သူမအစ်ကိုဝမ်းကွဲက လက်ဆောင် ပေးသော ဓမ္မသစ်ကျမ်းစာလည်း ဖတ်ရှုခဲ့ဖူးသည်။ သူမ မှတ်မိသလောက် သူမ၏ မိခင်နှင့်ဖခင်ဖြစ်သူ နှစ်ဦးစလုံးက သူမကို ဘယ်သာသာဝင်ရမည်ဟု တိုက်တွန်းဆွယ်ယူခြင်း လုံးလုံး မပြုခဲ့ပါ။ သူမ အဖေဘက်မှအဖွား အိမ်မှာညအိပ်အလည်အပတ်ရောက်လာသည့်အခါ သူမတို့မောင်နှမကို ဘုရားစင်ရှေ့မှာ အတူဘုရားရှိခိုးစေပြီး ဘုရားစာများကို ရွတ်ဆိုသင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သြကာသကန်တော့ခန်းမှစသော အခြေခံဘုရားစာများကို အလွတ်ရနေခဲ့ပြန်သည်။

သူမ အလယ်တန်းရောက်သောအခါ ခရစ်ယာန်ဘာသာ၌ လွန်စွာယုံကြည်ကိုးစားသော သူငယ်ချင်း တစ်ယောက်နှင့် ခင်မင်မိသည်။ ထိုသူငယ်ချင်းက သူမအား ခရစ်ယာန်ဘာသာသို့ လုံးလုံး ကူးပြောင်းရန် တိုက်တွန်းပြီး သူ့အစွမ်းအစနှင့် ရသလောက်ကြိုးစားအားထုတ်ခဲ့သည်။ သူမက လည်း ညစဉ်အိပ်ရာမ၀င်မီ သူငယ်ချင်းပေးသော ၀ိညာဉ်ရိပ်သာ စာအုပ်များဖတ်ပြီး ဘုရားသခင် ထံပါး ဆုတောင်းခဲ့သည်။ သူမ၏ အမေဘက်မှ အဖွားက သူမအား အသက်ဆယ့်ရှစ်နှစ် ပြည့်သောအခါ ဘာသာတစ်ခုခုကို ဆုံးဖြတ်ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်သင့်ကြောင်း သူမကို မကြာခဏ မှာကြားခဲ့ဖူးသည်ကို သတိရသည်။

သူမကိုယ်တိုင်လည်း အေးချမ်းလှသောအဖွားနှင့်ဦးလေးတို့ကိုကြည့်ပြီး ခရစ်ယာန်ဘာသာဝင် တို့သည် အစဉ်အေးချမ်းပြီး စိတ်သဘောထားကောင်းမွန်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့မှာ သူတို့နှင့်ယှဉ်လျှင် ပူလောင်ကာ သဘောထားမပြည့်ဝကြောင်း စိတ်မှာစွဲထင်နေပြီး တစ်နေ့ သူမ ယုံကြည်ကိုးကွယ်ရမည့် ဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမ သတ္တမတန်းသို့ရောက်ချိန်တွင် သူမမိခင်သည် ဖခင်၏တိုက်တွန်းမှုလုံးလုံးမပါဘဲ ကိုယ်ပိုင် ယုံကြည်မှုဖြင့် ဗုဒ္ဓဘာသာ၌ သက်ဝင်ဆည်းကပ်မှု ပြုခဲ့သည်။

ခရစ်ယာန်ဘက်သို့ စိတ်ယိုင်နေသော သူမအား ဘုရားသောက်တော်ရေများ လဲလှယ်ကပ်ယူ ခိုင်းခြင်း၊ ဘုရားပန်းအိုးများ ဆေးကြောစေခြင်းတို့ကို လုပ်ဆောင်ခိုင်းသောအခါ သူမ စိတ်ထဲ သိပ် အလိုမကျခဲ့။ သို့သော် မိခင်ကို ချစ်ကြောက်ရိုသေလေးစားသူပီပီ မိခင်ညွှန်ကြားသမျှ သူမ လုပ်ဆောင်ပေးခဲ့သည်။ သူမတို့ ဆယ်တန်းအောင်ပြီးချိန်တွင် သူမ အသက် ၁၇နှစ် ပြည့်ခဲ့ပြီ။ အသက် ၁၈နှစ်တွင် ဘာသာတစ်ခုခုကို ဆုံးဖြတ် ရွေးချယ်ရမည်ဟူသော အဖွား၏စကားကို ကြားယောင်ကာ သူမ ဘယ်သာသာကို ယတိပြတ် ယုံကြည်ကိုးကွယ်ရမည်လဲဟု တွေဝေစဉ်းစား ခဲ့သည်။ သူမ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ ခရစ်ယာန်ဘာသာက အလေးသာနေခဲ့သည်။

ထိုနှစ်များအတွင်း သူမ၏မိခင်သည် ဗုဒ္ဓတရားတော်များအပေါ် အဆတိုး၍ ထဲထဲဝင်ဝင် သက်ဝင် ယုံကြည်လာပြီး အိမ်၌ရဟန်းသံဃာများကို နေ့စဉ်ဆွမ်းပင့်လောင်းလှူခြင်း၊ သဒ္ဓါတရား ကြီးမားစွာ ဖြင့် အမျိုးမျိုးသော အလှူဒါနများကို ကိုယ်တိုင်ပြုလုပ်လှူဒါန်းရုံသာမက မိသားစုဝင်မိတ်ဆွေ များကိုလည်း လှူဒါန်းရန် တိုက်တွန်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ သူမကိုလည်း မနက်စဉ် သံဃာအပါး နှစ်ဆယ်ကျော်အတွက် ဆွမ်းချက်ပြုတ်ပေးရန်၊ ဈေးဝယ်သွားရန် အလှည့်ကျ စီမံဆောင်ရွက်စေခဲ့သည်။

သူမ မိခင်၏ဆန္ဒအရကူညီလုပ်ဆောင်ပေးရသော်လည်း ထိုအချိန်ထိ သူမကိုယ်သူမ ဗုဒ္ဓဘာသာဝင် တစ်ဦးဟု မမှတ်ယူမိသေး။ သို့သော် ဘုရားရှိခိုးခြင်း၊ ဘုရားစာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များ ကို (ဟိုးယခင်က ရှိခိုးရန် ၀န်လေးခဲ့ဖူးသော်လည်း) ရှိခိုးကန်တော့ခြင်းများတော့ သူမ လုပ်ဆောင်ခဲ့သည်။ သူမအသက်လည်း နှစ်ဆယ်ပြည့်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်အကြာတွင် သူမ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် အစီအစဉ်တွေရှိနေခဲ့ပြီ။ သူမစိတ်ထဲ တွေးနေခဲ့သည်မှာ သူမ အိမ်မှဝေးရာနိုင်ငံခြားရောက်သည်အခါ သူမဆန္ဒရှိသော ဘာသာဝင်အဖြစ် တစ်ဦးတည်း လွတ်လွတ်လပ်လပ် ခံယူနိုင်ပြီဟူ၍ဖြစ်သည်။

(ခ)
သူမအား ကိုယ်ဝန်ဆောင်ထားစဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော မိခင်က အိပ်မက်တစ်ခု မက်သည်။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ပါးက အထုပ်ဖြူဖြူလေး တစ်ခု လာပေးခဲ့သည်။ ထိုအထုပ်လေးထဲမှ ကလေးငယ်သည် သူမဖြစ်သည်။ ထိုအိပ်မက်ကြောင့်လား မသိ၊ သူမငယ်စဉ်က မွေးနေ့ရောက်တိုင်း မိခင်က ဘုရားမကန်တော့သော်လည်း သူမကို ရွှေတိဂုံ ဘုရားသို့ခေါ်သွားလေ့ရှိသည်ကို အမှတ်ရသည်။ တစ်ခါက သူမတို့အိမ်ကို လာရောက် လည်ပတ်သော အသိ မယ်သီလရှင်ကြီးတစ်ဦးက သူမကို ဘာသာရေးနှင့်ပတ်သက်ပြီး အကျိုးပြု ဆောင်ရွက်ရသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဗေဒင်ဟောသောအခါ သူမ စိတ်ထဲသိပ်ဘ၀င်မကျခဲ့။ ဒီလိုကိစ္စရပ်မျိုးဖြစ်လာနိုင်စရာအကြောင်းမရှိဟုသာ သူမ ယုံကြည်ခဲ့သည်။ သို့သော် သူမ နိုင်ငံရပ်ခြားသို့ မထွက်မီက ကြုံခဲ့ရသော သင်္ကြန်ကာလတစ်ခုသည် သူမ၏ အတွေးအမြင် ယုံကြည်ချက်များကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့သည်။
(ဂ)
သင်္ကြန်ရက်များအတွင်း တစ်ဖက်ခန်းမှ အန်တီအပျိုကြီးနှင့်အတူ မှော်ဘီရှိ သဲအင်းဂူ တရား ရိပ်သာ၌ ရက်သတ္တပတ်တရားစခန်းဝင်ရန် မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည်။ အစပိုင်းက သိပ်စိတ်မပါခဲ့သော်လည်း နိုင်ငံရပ်ခြား၌ မိမိထက်တစ်နှစ်စောပြီးရောက်ရှိနေသော ချစ်သူ ရည်းစားကို လွမ်းမိသည်ကတစ်ကြောင်း၊ အများပြောပြောနေသော တရားစခန်းဝင်သည်ဟူသော အတွေ့အကြုံကို သိလိုရယူချင်သည်ကတစ်ကြောင်းမို့ မိခင်၏တိုက်တွန်းချက်ကို လက်ခံပြီး ထိုအန်တီနှင့်အတူ တရားစခန်းဝင်ခဲ့သည်။

ထို့ယခင်က တရားတစ်ခါမျှ မထိုင်ဖူးသော သူမအတွက် သဲအင်းဂူ၏တရားက ပြင်းလွန်းလှသည်။ တရားထိုင်ချိန် နှစ်နာရီကြာအတွင်း နေရာအနေအထားမပြောင်းဘဲ ၀င်လေထွက်လေကို အာရုံ စူးစိုက်ရှူမှတ်ရချိန်သည် သူမအတွက် ဒုက္ခဆင်းရဲ အကြီးအကျယ်ခံစားခဲ့ရချိန်ဖြစ်သည်။ တရားပြ ဆရာတော်များက ယောဂီအသစ်များ တစ်နာရီကြာသာထိုင်လိုကထိုင်နိုင်ပြီး ဝေဒနာပြင်းလွန်း၍ မခံမရပ်နိုင်ဖြစ်လာလျှင် အနေအထားပြောင်းချင် ပြောင်းလို့ရကြောင်း၊ သို့သော် မကြာခဏ ပြောင်းခြင်းမျိုးတော့ မပြုလုပ်သင့်ကြောင်း ပြောပြပေးသောအခါမှသာ သူမအတွက် အနည်းငယ် အဆင်ပြေသွားခဲ့သည်။ လေးရက်မြောက်နေ့တွင် သူမ၏သမာဓိများလွန်စွာကောင်းလာပြီး နှစ်နာရီကြာသည်အထိလည်း ထိုင်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တွင် သူမသည် ၀င်လေထွက်လေပေါ်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် သတိကပ်နိုင်သွားကာ ၀င်လေ ထွက်လေကြောင်းကို စိတ်ဖြင့် သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ သူမ၏ စိတ်များ ခန္ဓာနှင့် တဒင်္ဂကင်းကွာသွားပြီး သူမသည် အသက်မှန်မှန်ရှူနေသော ခန္ဓာကြီးကို အပေါ်စီးမှ ပြန်ငုံ့မိုး၍ ကြည့်နေသည့်အလား မြင်နေရသည်။

ထိုအခိုက်အတန့်မှာ ပေးစွမ်းသော စိတ်နှလုံး၏ငြိမ်းအေးမှုသည် ဘယ်အရာနှင့်မျှမတူကြောင်း သူမ သိရှိခံစားလိုက်ရသည်။ သူမ၏ အေးချမ်းမှုအပေါ်သာယာလိုက်သော ပီတိက သတိကို ဆွဲချလိုက်သလိုဖြစ်ပြီး သူမစိတ်နှင့် ခန္ဓာတစ်သားတည်း ပြန်ဖြစ်သွားသည့်အခါ ထိုအေးချမ်း ငြိမ်သက်မှုသည်လည်း ပျောက်ဆုံး သွားတော့သည်။ သူမ ထိုအနေအထားရောက်အောင် ပြန်လည်ကြိုးစား ရှူမှတ်သော်လည်း ပြန်မရတော့။ သို့သော်… သူမ ငယ်စဉ်ကတည်းက သိချင်ခဲ့သော တစ်စုံတစ်ခုကို သိလိုက်ရပြီဖြစ်၍ သူမ အလွန်အမင်းကျေနပ်သွားခဲ့သည်။

သူမ သုံးနှစ်သမီးအရွယ်ကပင် အသက်ရှူခြင်းနှင့်အတွေးအာရုံကြား ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဘာကြောင့်ရယ်တော့မသိ ကလေးပီပီ သူမ အသက်ရှူလိုက်အောင့်လိုက် မကြာခဏ လုပ်ကြည့်ဖူးသည်။ အသက်ရှူနေလျှင် တွေးနိုင်ပြီး၊ အသက်အောင့်လိုက်လျှင် ဆက်တွေး၍မရတော့သည်မှာ ဘာကြောင့်လဲဟု သူမ စဉ်းစားမိခဲ့သည်။ ထိုစဉ်က သက်ရှိ သတ္တ၀ါ မှန်သမျှ အသက်ရှူသွင်းရှူထုတ်သည့်အခါတိုင်း ဖြစ်ပေါ်လာသည့် ၀င်လေထွက်လေ၏ အရေးပါပုံ အကြောင်းကိုတော့ သူမ၏ ဦးနှောက်ငယ်ငယ်ဖြင့် မသိနိုင်စွမ်းခဲ့။ ပြီးတော့ သူမ ဆယ်ကျော်သက် အရွယ်မှာဖြစ်ပေါ်ခဲ့သော စိတ်အလိုမကျမှုတွေနှင့် လူ့ဘ၀မှာ အသက်ရှင် နေထိုင်ရခြင်း၏ အဓိပ္ပာယ်ကဘာလဲဆိုသော မေးခွန်းမျိုးအပေါ် မကြာခဏ စမ်းစစ် အဖြေရှာခဲ့သည်။

လူ့ဘ၀ဟာ ပညာတွေသင်ရင်း၊ စီးပွားတွေရှာရင်း ဒီလိုပဲ ကုန်ဆုံးလွန်မြောက်သွားရတော့မှာလား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့ တရားရှာဆိုတာကရော ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ… စသည့် အတွေးမေးခွန်းများကို အနီးအနားမှာ ဖြေပေးနိုင်မည့်သူ မရှိခဲ့။ သူမ၏ ဖခင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးမျှသာ၊ မိခင်ကလည်း ဘာသာခြားအဖြစ်မှ ကူးပြောင်းလာ သူမို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတွင်းကျနက်နဲသော တရားတော်များကိုသိမြင်ဖို့ အချိန်ကာလ တစ်ခုတော့ ဖြတ်သန်းရဦးမည်။ သူမကလည်း အတွေးထဲမှာသာမေးပြီး လက်တွေ့အပြင်မှာ မည်သူ့ကိုမျှ မမေးမြန်းမိခဲ့။

သဲအင်းဂူတရားစခန်းမှ ခေတ္တခဏမျှ အာရုံစုစည်းငြိမ်အေးမှုသည် သူမ သိချင်ခဲ့သော မေးခွန်းများအားလုံးကို ဖြေဆိုပေးသွားခဲ့သည်။ သတိသမာဓိဖြင့် စိတ်မပျံ့လွင့်ဘဲ အတွေးအာရုံကို ခေတ္တမျှစုစည်းလိုက်နိုင်သော အခိုက်အတန့်သည် ထိုမျှငြိမ်းချမ်းရလျှင် ရုပ်ခန္ဓာချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သည် မည်မျှငြိမ်းအေးလိုက်မည်လဲဟု သူမ တွေးဆဆင်ခြင်မိလိုက်သည်။ ၀င်လေ ထွက်လေသည် တရားထူးနှင့်မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းရောက်ကြောင်း၏ မူလအစ လွန်စွာ အခြေခံကျအရေးပါသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ကြောင်း၊ အသက်ရှင်ခိုက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများ နည်းပါးကင်းဝေးအောင် ဒါနနှင့်သီလသာမက ဘာဝနာနှင့်ပါ အားထုတ် ကြိုးစားသင့်ကြောင်း တရားရှာခြင်း၏ အဓိပ္ပာယ်ကိုလည်း သူမ အထိုက်အလျောက် နားလည် သဘောပေါက်သွားခဲ့သည်။

 ချစ်သူခင်သူမိသားစုများနှင့်ဝေးရာ တရားစခန်းဝင်ချိန်ရက်များအတွင်း အရာရာပေါ် ပူပန်စိုးရိမ် ကြောင့်ကြတတ်သော သူမ၏စိတ်နှလုံးသည်လည်း သိသိသာသာ လျော့ပါးအေးချမ်းနေသည်ကို တွေ့သိခံစားခဲ့ရသည်။ မှော်ဘီသဲအင်းဂူမှ အပြန်တွင် သူမသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ် ခံယူသတ်မှတ်လိုက်တော့သည်။ ထိုစဉ်က သူမအသက် ၂၂နှစ်ပြည့်ရန် လပိုင်းအလို။

(ဃ)
အသက် ၂၂နှစ်မှ ၂၇နှစ် ပြည့်ပြီးသည်အထိ သူမသည် သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေထိုင်ခဲ့သည်။ မမျှော်လင့်သော ဘ၀အချိုးအကွေ့အပြောင်းအလဲတစ်ခုသည် သူမအား ဗုဒ္ဓဘာသာအပေါ် ပိုမိုလေးနက်ကျွမ်းဝင်ယုံကြည်ရန် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာ ခဲ့သည်။ သူမ၏ချစ်သူ ကားအက်ဆီးဒင့်ဖြင့် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် သူမ ဆောက်တည် ရာမဲ့ခဲ့သည်။ ပူလောင်လှသော သောကဗျာပါဒ ဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး မတွေးမိအောင် ရုံးအလုပ်များဖိလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်း စသည့် လောကီနည်းလမ်းများဖြင့် ကြိုးစားဖြေဖျောက်ခဲ့သော်လည်း ခေတ္တခဏမျှသာ အာရုံ လွှဲနိုင်ခဲ့သည်။ စိတ်နှလုံးဆင်းရဲပူလောင်မှုသည် ပကတိ ပပျောက်မသွားခဲ့ဘဲ ဆယ်လတိုင်တိုင် ကြာမြင့်ခဲ့သည်။

တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက မေတ္တာရှင် (ရွှေပြည်သာ) ၏ တရားတော်များကို အွန်လိုင်းမှာ တင်ထားပေးပြီး နာယူကြည့်ရန် တိုက်တွန်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဆရာတော်၏ “မြန်မာတို့၏အသက်” ဟူသော စာအုပ်ကို ဖတ်နေချိန်ဖြစ်ပြီး “မျက်ရည်မကျခင် သိစေချင်” စာအုပ်ကိုလည်း ရှာဖတ်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဆရာတော်၏စာအုပ်များနှင့် တရားတော်များ က သူမကို သာမန်ဗုဒ္ဓဘာသာဝင်မှသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ထောက်ပံ့ပေးခဲ့သည်။ တရားတော်များနာယူရခြင်းကို နှစ်ခြိုက်ပျော်မွေ့လာသောသူမ၏ စိတ်နှလုံးသည် ငြိမ်းအေးစ ပြုလာခဲ့သည်။ ပူလောင်မြိုက်ကျွမ်းနေသော စိတ်နှလုံးကို တရားဓမ္မကသာ အစဉ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သူမ လက်တွေ့ခံစားခွင့်ရလိုက်သည်။

(င)
ထိုစဉ်မှစ၍ စင်္ကာပူတစ်ကျွန်းလုံးမှာ တစ်နှစ်ပတ်လုံးကျင်းပသော တရားပွဲတိုင်းလိုလို သူမ သွားရောက်နာယူခဲ့သည်။ ယခင့်ယခင်က မြန်မာပြည်မှာနေပြီး မဖူးခဲ့ရသော၊ ဖူးခွင့်မကြုံခဲ့ရသော ဓမ္မကထိကအကျော်အမော် ဆရာတော်ကြီးများကိုလည်း ကိုယ်တိုင်ဖူးမြော်ခွင့်ရခဲ့သည်။ အပတ်စဉ် စနေနေ့တိုင်း တိုပါးရိုး ဘုန်းတော်ကြီးကျောင်းမှာ ဓမ္မစကြာသွားရွတ်သည်။ တရားပွဲများမှာတစ်ဆင့် ဓမ္မမိတ်ဆွေများတိုးပွားလာပြီး တရား သတင်းများ ဖလှယ်ရာမှ ဆရာကြီး မင်းတင်မွန်၏ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ်သင်တန်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် တစ်ကြိမ်မက တက်ရောက် သင်ယူခွင့်ရခြင်းသည် သူမ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်လေးနက်မှုကို အဆပေါင်း များစွာ ပို၍ ခိုင်ကျည်စွဲမြဲသွားစေခဲ့သည်။

အဘိဓမ္မာကိုလေ့လာသင်ယူခြင်းဖြင့် ကိုယ်တိုင် ဆန်းစစ်သိမြင်ခွင့်ရသော စိတ်၊ စေတသိတ်၊ ကုသိုလ်၊ အကုသိုလ်တို့၏ ကြောင်းကျိုးတရားသည် သူမဘ၀အတွက် အဖိုးမဖြတ်နိုင်သော၊ လောကီပညာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးကြီးမားသော လောကုတ္တရာဆိုင်ရာ ဗဟုသုတကို တွေးဆသိမြင်ရရှိစေခဲ့သည်။ ဆရာကြီး၏ တိုက်တွန်းမှုဖြင့် ဖားအောက်တောရကျောင်းသို့ ရောက်ရှိပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရန် ကျင့်ကြံအားထုတ်ရမည့် တရားလမ်းကြောင်းကို သေချာ ကျနစွာ ရှင်းရှင်းလင်းလင်း နားလည်သိမြင်ခွင့်ရခဲ့သည်။ အချိန်အားရခိုက်မှာ တရားစခန်းတွေ ၀င်ဖြစ်ခဲ့သည်။ သူမ လူဖြစ်ရကျိုး၊ လူ့ဘ၀တွင် အသက်ရှင်နေထိုင်ရကျိုးနပ်ပြီဟု စိတ်ကျေနပ်စွာ သိလိုက်ရသည့်နှင့်တပြိုင်နက် သူမ အတိုင်းမသိ ကြည်နူးသွားခဲ့သည်။

(စ)
ရခဲလှသော လူ့ဘ၀မှာ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြပေးနိုင်သော၊ စစ်မှန်သော ဘာသာတရားကို ယုံကြည်ဆည်းကပ်ခွင့်ရဖို့အတွက် ယခုအချိန်ထိ အသက်ရှင် နေထိုင်ခွင့်ရသော သူမ လွန်စွာ ကံကောင်းလှသည်ဟု မကြာခဏ တွေးတောဆင်ခြင်မိသည်။ အဂုင်္တ္ထိုရ် ပါဠိတော်၌ မြတ်ဗုဒ္ဓဟောကြားထားသော ရခဲခြင်းတရားငါးပါးမှာ - ဘုရားရှင် ပွင့်တော် မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊ ရဟန်းဘ၀ကို ရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်၍ သူမသည် ယခုဘ၀တွင် ငါးပါးလုံး မရသော်လည်း သဒ္ဓါတရားရှိသော လူအဖြစ်နှင့် သူတော်ကောင်းတရား နာကြားခွင့် ရသည်နှင့်မျှပင် ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

ဆရာတော်အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ မြန်မာတို့၏အသက် စာအုပ်ကို ဖတ်နေစဉ်က သူမ ဖျတ်ကနဲ အတွေးဝင်ခဲ့သေးသည်။ ရခဲလှသော လူ့ဘ၀ဆိုပေမယ့် ကမ္ဘာမှာ တစ်နေ့တစ်နေ့ မွေးဖွားလာတဲ့သူတွေ မနည်းပါလား၊ လူဦးရေ ဘီလျံနဲ့ချီပြီးမွေးဖွားလာတဲ့သူအားလုံးက လူ့ဘ၀ထဲ ရောက်လာကြသူတွေပဲ။ ဒါကို ခက်ခဲတယ်လို့ ဆိုနိုင်မလား…။ ထိုသို့ အတွေးဝင်ပြီး နောက် တစ်မျက်နှာအရောက်မှာတော့ ရခဲလှသော လူ့ဘ၀ဆိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းစွာ သဘော ပေါက်ခဲ့ရသည်။ ဆရာတော်က ဗုဒ္ဓဟောကြားခဲ့သည့် သံယုတ်ပါဠိတော်၊ နခသီခူပမ သုတ်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းပေးထားသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက “ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေကြီး ဘယ်ဟာက များသနည်း”
“အောက်မှာရှိသည့် မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်”

သူမ ထိုတရားတော်ဖတ်အပြီးမှာ ခဏရပ်ပြီး စဉ်းစားကြည့်လိုက်မိသည်။ ဟုတ်သားပဲ… ငရဲ၊ တိရိစ္ဆာန်၊ ပြိတာ၊ အသူရကာယ် အပါယ်လေးဘုံသားထဲက တိရိစ္ဆာန် အရေအတွက်ကိုပဲ ကြည့်လိုက်ပါဦး၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်၊ ခြ၊ ကြမ်းပိုး အကောင်ပေါက်ဖွားနှုန်းက နည်းမှမနည်းဘဲ၊ သမုဒ္ဒရာထဲက အမျိုးအစားမြောက်မြားလှစွာသော ငါးတွေ၊ ရေသတ္တ၀ါတွေ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေ… သူတို့အရေအတွက်အားလုံးနဲ့ယှဉ်လိုက်ရင် လူဖြစ်တဲ့ဦးရေက နည်းနည်း လေးပါလား။ အဲဒီ့ထဲကမှ ရခဲခြင်းတရားငါးပါးကြုံဖို့ဆိုတာ ပိုပြီးတော့တောင် ခဲယဉ်းသေးတယ်။

အပါယ်ဘုံသားတို့ လူ့ဘ၀ပြန်ရဖို့ ခဲယဉ်းကြောင်းကိုလည်း ဆရာတော်မှ မြတ်ဗုဒ္ဓ၏ ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်ပါအတိုင်း ဖွင့်ဆိုရေးသားထားပေးသည်ကို သူမ တစ်ဆက်တည်း ဖတ်မှတ် လိုက်ရသည်။

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော် မူမယ်၊ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။

အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်၊ ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျောချင်ရာ မျောနေမယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။

တိုက်တိုက်ဆိုင်ဖြစ်ပေးရမှာက လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့ အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့်နေရာ ရောက်နေရမယ်။

ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသာ ဖောက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”

“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ကျနေသူများ လူ့ဘ၀ပြန်ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေတယ်”

ထိုဥပမာကို ဖတ်ပြီးသောအခါ သူမ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။ အကယ်၍များ ယခုနေ ကုသိုလ်၊ အကုသိုလ်ကို မသိလိုက်ဘဲ သူမ ရုတ်တရက်ကွယ်လွန်သွားပါလျှင် အပါယ်ကျရ တော့မည်။ အပါယ်ဘ၀မှနေပြီး လူ့ဘ၀ပြန်လည်ရရှိဖို့ဆိုတာ လွန်စွာခဲယဉ်းလှသည်။ ထိုအသိသည် သူမအား ဘယ်နေရာရောက်ရောက် ကုသိုလ်တရားများ ဆက်ကာဆက်ကာ ပွားများပြုလုပ်စေဖို့ ကြီးစွာသော အထောက်အပံ့ပေးခဲ့ပါသည်။

(ဆ)
ယခုအချိန်တွင် ဖြတ်သန်းခဲ့သော သူမဘ၀ကို နောက်ပြန်လှည့်ကြည့်တော့ ကုသိုလ်၊ အကုသိုလ် များနှင့် တစ်လှည့်စီ ဒွန်တွဲနေသော စိတ်အစဉ်ကို မြင်ရသည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပီပီ သူမစိတ်တွေမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် အကုသိုလ်တရားများက ကြီးစိုးနေသေးသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တရားတို့ကို ပြန်လည်အောက်မေ့သတိရမိသောအခါ သူမ စိတ်ကြည်နူးသွားရသည်။ သူမ ဖြစ်တည်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများသည် အစပိုင်းတွင် လွဲချော်မှုများ ရှိခဲ့သော်လည်း စစ်မှန်သော ဘာသာတရားကို ယုံကြည်ကိုးကွယ်ခွင့်ရအောင် လမ်းကြောင်း တည်ပေးခဲ့သည့်အတွက် သူမ ၀မ်းသာမိသည်။

သူမ၏ လူ့ဘ၀ဖြစ်တည်မှုကို လက်သည်းခွံပေါ်မှ မြေတစ်မှုန့်နှင့် ကိုယ်စားပြုခဲ့ပါလျှင် ယနေ့တွင် ထိုမြေမှုန့်၏ သက်တမ်း ၃၄နှစ်ရှိပြီဖြစ်သည်။ နောင်အနှစ်ဘယ်လောက်ကြာသည်အထိ ထိုမြေ တစ်မှုန့်၏ သက်တမ်း ရှည်ကြာခွင့်ရမည်ကို ကြိုတင်မသိနိုင်သော်လည်း ယခုရှင်သန်နေသော ပစ္စုပ္ပန်တည့်တည့်မှာ စိတ်စေတနာ ကောင်းနှင့် ကုသိုလ်များ တတ်အားသရွေ့ ကြိုးစားပွားများ အားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီ စပ်ကြားကာလများ၌ လက်သည်းခွံပေါ်မှ မြေတစ်မှုန့် အဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ကြောင်း သူမ တွေးဆဆင်ခြင်မိပါသည်။

ဇွန်မိုးစက်
(၉.၆.၂၀၁၃ တွင် ကျရောက်သော မွေးနေ့အမှတ်တရ)


Monday, December 9, 2013

တုံ့လှည့် ကျေဇူး ဆပ်နိုင် ထူးစေ


တုံ့လှည့် ကျေဇူး ဆပ်နိုင် ထူးစေ


မနက်မိုးလင်းထဲက ကျင့်ကြံအားထုတ်နေတဲ့ ဘာဝနာကမ္မဌာန်းကို ခေတ္တနားကာ လိုဏ်ဂူတော်အတွင်းကနေ ပတ်ဝန်းကျင်ကို ကြည့်မိသည် နောက်များမကြာမှီမှာ နေ့ခင်းဆွမ်းစားချိန်ရောက်တော့မည်မို့ ဆွမ်းခံကြွရန် ပြင်ဆင်လိုက်၏။ ကျေးဌက် တိရစ္ဆာန်များ၏ တွန်ကျူးသံများ၊ စမ်းရေစီးကျသံများဖြင့် သာယာ ရှုမောဖွယ်ကောင်းတဲ့ တောအုပ်လေး မှ တောလမ်းလေးကနေ ရွှာငယ်လေးဆီသို့ ကမ္မဌာန်း စီးဖြန်း၍ ဆွမ်းခံကြွလာခဲ့ ၏။ ရွှာအ၀င် ရောက်ခါနီး အသံ တိုးတိုးလေးတစ်ခုကို မိမိနားဖြင့် ကြားမိသည်၊ ပိုသေချာအောင် ဒိဗ္ဗသောတအဘိဥာဏ်နားဖြင့် စိုက်ပြီးကြည့်လိုက်လေတော့ ဆွမ်းလောင်းနေကျ အလှူရှင် ဒါယိကာမ အမယ်အိုကြီး နှင့် သူ့သမီးတို့ စကားပြောသံ လေးတွေဘဲဖြစ်၏။ 

    ရွှာလယ်အတွင်းရှိ တဲအိုလေး တစ်အုံးတွင် သားအမိ နှစ်ဦး အေးချမ်းစွာ နေထိုင်ကြပါသည်။ အသက်အရွှယ်ကြီးရင့်သော်လည်း ဘာသာတရား ကိုင်းရှိုင်းမှု၊ မေတ္တာဘာဝနာ ပွားများပြီး နေထိုင်သော ဖြစ်သည်ကြောင့် ရုပ်အဆင်းမှာ တည်ငြိမ်တင့်တယ် နေကြ၏။ အလှူအတန်း၊ စေတနာ သဒ္ဒါအားကြီးသော သူတို့ကို ရပ်မိ ရပ်ဖများကလည်း လေးစား ကြင်နာကြ၏။ မိခင်ကြီး၏ ချစ်လှစွာသော ခင်ပွန်းလည်း ဘ၀တပါးသို့ တိမ်းပါးသွားသည်မှာ ကြာလေပြီ သို့သော် သူ့မှာ အလွန်တရာမှ ယဉ်ကျေးလိမ္မာသော သမီးငယ် တစ်ယောက်တော့ ရှိချေသေးသည်။ သို့သော်လည်း သားငယ် တစ်ဦးလောက် လိုချင်တောင့်တ မိသည့် ဆန္ဒတစ်ခုတော့ရှိသည်။ ထိုဆန္ဒတစ်ခုက သူ့ခင်ပွန်းလောင်း ရှိကတည်းမှာ ဖြစ်တည်လာသည်မှာ အမှန်၊ သူဖြစ်ချင်သော လိုအင် ကိုဖြေသိမ့်နိုင်လိုက်သည့်နေ့ ထူးကို သူကြုံတွေ့ခဲ့၏။ ထိုနေ့က မှတ်မှတ်ရရပင် 

" မေကြီးရေ ဒီမှာ ကိုယ်တော်လေး တစ်ပါး အိမ်ရှေ့ မှာ ဆွမ်းခံရပ်တော် မှုနေတယ် " ဟု အိမ်အပြင်မှာ ဆန်ဖွတ်နေတဲ့ သမီးငယ်ရဲ့  အော်သံလေးကို ကြားမိ၏်။ ဒီအရပ် ဒေသက ခေါင်တော့ သာသနာပြုပုဂိုလ်မျိုးတွေ့ရဖို့က ခက်သည်မဟုတ်လား။ အိမ်ရှေ့ လေးကို ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်မိသည်။ ဟုတ်ပါ့ ကိုယ်တော်လေး တစ်ပါးပါလား ကိုယ်တော်လေးကို အဝေးကနေ မြင်မြင်ခြင်း လှူချင်တန်းချင်စိတ် ချက်ချင်း ဖြစ်ပေါ်မိသွားသည်.။ ဒါနဲ့ ချက်ထားတဲ့ ဟင်း၊ ထမင်းကို ခူးခပ်ပြီး ကိုယ်တော်လေးဆီသို့ သမီးကိုပါ ခေါ်ကာ လှမ်းလာခဲ့တော့၏။ ကိုယ်တော်လေးကို ဦးခိုက်ဖူးမော်ပြီး ဆွမ်းဟင်း များကို ဆပ်ကပ်လှူဒါန်းပြီးနောက် ကိုယ်တော်လေး၏ သာဓုအနုမောဒနာတရား ကိုနာယူပူဇော်နေမိသည်။

ကိုယ်တော်လေးကလည်း ထိုနေ့အတွက် ဆွမ်းဟင်းပြည့်စုံပြီမို့ ကြွလာရာလမ်းအတိုင်း ပြန်ကြွဖို့ပြင်လိုက်သည်။ ထိုအချိန် တွင် " အရှင်ဘုရား ခေတ္တဆိုင်းငံတော်မှုပါအုံး ဘုရား၊ တပည့်တော်မ မှာ အရှင်ဘုရားကို မြင်မြင်တွေ့ခြင်း မိမိသားတော် တစ်ဦးကဲ့သို့ ခံစားမိရုံမျှမက၊ အရှင်ဘုရားရဲ့ တည်ကြည်တင့်တယ်သော အမှုအရာ အကျင့်မြတ်တို့ကိုလည်း ကြည်ညိုမိပါသည် ဘုရား၊ ထို့အတွက်ကြောင့် တပည့်တော်မရဲ့  နေအိမ်မှာ နေ့စဉ် ဆွမ်းအလှူခံပေးတော်မှုပါ ဘုရား" မိမိနှုတ်ကနေ ဖွင့်လျှောက်ထားလိုက်၏။

ကိုယ်တော်လေးထံမှ " ဒါယိကာမကြီး ဆန္ဒအတိုင်း ပြည့်မြောက်အောင် နေ့တိုင်းဆွမ်းခံကြွတော် မှုမယ်" ဟု မိန့်ဆိုသံကို ကြားလိုက်ရရင် ရင်တွင် ကြည်နှုးပီတိ ဖြစ်ရသည်မှာ ပြောမပြ တက်အောင်ပင်။ သားတော်လေးတစ်ပါး ရလိုက်ပြီဟု စိတ်ထဲက အသိနဲ့ တကွ လောင်းလှူခွင့် ရလိုက်သော ဒါနကုသိုလ် ပီတိအရှိန်တို့ကြောင့် မိမိအိမ်ထဲကို မည်သို့ လျှောက်လှမ်းလာမိမှန်းကို မသိတော့ ပေ။ အိမ်ထဲရောက်တော့ သမီးငယ်မျက်နှာကို လှမ်းကြည့်မိတော့ သူလည်း ပြုံရွှင် ပျော်မြူးကျေနပ်နေသည်ကို တွေ့မြင်ရတော့ ထိုနေ့အတွက် နှစ်ဦးသား ထမင်းစားဖို့တောင် သတိမရချင်တော့ ကြည်နှုးပီတိတွေက သူတို့ရင်ထဲမှာ အပြည့်ဖြစ်နေသည်မို့..။ 

    တစ်နေ့တော့ သူ တောထဲကိုသွားခါနီးလေးကို အိမ်ထဲမှာရှိနေတဲ့ သမီးငယ်ဖြစ်သူကို လှမ်းပြောလိုက်တယ်။ " ချစ်သမီး ဟိုနေရာမှာကတော့ နှစ်ချို့ ဆန် ဆန်ဟောင်းကလေး တွေရှိလေရဲ့ ၊ ဟိုနေရာမှာကတော့ နွားနို့ တွေ့ရှိတယ်၊ ဟိုနေရာမှာ ထောပတ်ရှိတယ်၊ ဟိုမှာတော့ တင်လဲခဲတွေရှိတယ်။ သင်၏မော်တော်ကြီး ဆွမ်းခံကြွလာတဲ့ အချိန်မှာ ဆွမ်းကို ချက်ပြီး နွားနို့ ထောပတ် တင်လဲတို့ဖြင့် ရောစပ်ပြီးတော့ လှူဒါန်းပူဇော်လိုက်နော်၊  သမီးလည်း လှူဒါန်းပြီး ပိုတာကို စားလိုက်နော် " ဟု မှာကြားလိုက်တယ်။ ဒီလို ဒါယိကာမကြီးပြောတဲ့ စကားသံလေးကို ကိုယ်တော်လေးကြားမိခြင်းပါ။ 

    မိမိကြားမိတဲ့ နေရာက ရဟန်းတော်များအတွက် သင်္ကန်းရုံဖို့ ထားရှိထားတဲ့ ရွှာအ၀င်နေရာလေးမှာပါ။ သင်္ကန်လေးရုံပြီးတော့ သင်္ကန်းရုံပြီးစမှာ သပိတ်အိတ် အတွင်းကနေ သပိတ်ကို ထုတ်ပြီးတော့ ဆွမ်းခံဖို့ရန် ပြင်လိုက်တဲ့ အချိန်အခါမှာ လှမ်းပြီးကြားမိတာပါ။ ဆက်ပြောမည့် စကားလေးကို ဆက်ပြီးတော့ စူးစိုက် အာရုံခံလိုက်မိတယ်။ " အမေရော ဘာစားမလဲ။ အမေ့အတွက် ဘာပြင်ဆင်ထားလိုက်ရမလဲ " ဟု သမီးငယ် ဖြစ်သူက မေးလိုက်၏။ 

"ငါကတော့ မနေ့တုန်းက ကျန်တဲ့ ထမင်းကြမ်းလေးကို ပအုန်းရည်နဲ့ ခုစားပြီးပြီ " လို့ အမေကြီးကလှမ်းပြောပြန်တယ်။ ဒီအခါ သမီးကထပ်ပြီး "နေ့အခါကျရင်ကော အမေဘာစားမလဲ " လို့မေးလိုက်တဲ့ အချိန်အခါကျတော့ "နေ့အခါတော့ကွယ် ဟင်းရွှက်ကလေးနဲ့ ဆန်ကွဲလေးနဲ့ ရောပြုတ်ထားတဲ့ ချဉ်စပ်စပ်ရှိနေတဲ့ ယာဂုလေးကိုပဲ ငါ့အတွက် စီစဉ်ထားလိုက်ပေတော့ " လို့ ဒီလိုပြောလိုက်ပြီး တောလမ်းလေးဆီသို့ ထွက်ခွာသွားတာကို မြင်လိုက်တယ်။ 
   
.    .ဒီပြောနေတဲ့ စကားသံကို မိမိ ကြားလိုက်မိလေတော့ စိတ်ထဲမှာ တော်တော်လေး မကောာင်းဖြစ်သွားမိတယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း အတွေးထဲ ၀င်လာတာကတော့ " ဥပါသိကာမကြီးက မအုန်းရည်နဲ့ ရောထားတဲ့ ယမန်နေ့က ကျန်နေတဲ့ ထမင်းကြမ်းကိုတော့ စားပြီး၊ နေ့အခါကျတော့လည်း ဆန်ကွဲလေးနဲ့ ဟင်းရွှက်နဲ့ရေပြုတ်ထားတဲ့ ချဉ်စပ် အရသာရှိနေတဲ့ ယာဂုလေးကို စားမယ်လို့ပြောနေတယ်၊ သင့်အတွက်ကျတော့ ဆန်ကောင်းတွေ ထောပတ်တွေ တင်လဲတွေ ပျားတွေ ဒါတွေနဲ့ ရောစပ်ပြီးတော့ ဆွမ်းကို ကျကျနန လှူခိုင်းနေပြီ။

ဘာအတွက်လှူနေတာလည်းလို့ ဝေဖန်ဆန်းစစ်တော့လည်း ဒီ ဒါယိကာမကြီးက သင့်ကို အမှီပြုပြီးတော့ လယ်တွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်လည်း မရှိဘူး။ ယာတွေ ထမင်းတွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်တွေလည်း မရှိပြန်ဘူး ဘာကိုမျှော်လင့်သလဲ ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ နိဗာန်ချမ်းသာ ဆိုတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို မျှော်လင့်တောင့်တ ပြီးတော့ လှူဒါန်းပူဇော် နေပါသကောဟု သုံးသပ်မိလိုက်တယ်။

ထပ်ပြီးတော့ " သင်သည် ဒီဒကာမကြီး မျှော်လင့်တောင့်တနေတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာ တွေကို သမ္ပတိတွေကို ပေးဖို့ရန်အတွက် စွမ်းအားရှိပါရဲ့ လား စွမ်းအားမရှိ ဖြစ်နေလေရော့ သလားလို့ " မိမိကိုယ်ကို မေးကြည့်တယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း စိတ်ထဲကနေပြီး " ဤဆွမ်းကို ရာဂတန်းလန်းနဲ့ ဒေါသတန်းလန်းနဲ့ မောဟ တန်းလန်းနဲ့ သင်ကဲ့သို့သော ပုဂိုလ်မျိုးကတော့ မစားသုံးထိုက်တော့ဘူး" ဟု နှလုံးပိုက်ပြီးတော့ သပိတ်ကို သပိတ်အိပ်ထဲထည့်၊ နားပတ်ကွင်းအိမ်ထဲမှာ တပ်ထားတဲ့ နားပတ်သီးကို ဖြုတ်လိုက်တယ်၊ ဖြုတ်ပြီး သင်္ကန်းရုံကို ဖျက်ပြီး ပြန်လှည့်လာခဲ့တော့တယ်။

မိမိ သီတင်းသုံး ကျင့်ကြံရာ ကဿကလိုဏ်ဂူကို ပြန်ကြွလာလိုက်တော့တယ်။ လိုဏ်ဂူအတွင်း ရောက်တဲ့ အချိန်အခါမှာတော့ သပတိကို ကုဋ္ဋင်ညောင်စောင်းအောက်မှာ ထားလိုက်တယ်။ အပေါ်ရုံ ဧကသီကိုလည်း သင်္ကန်းတန်းပေါ်မှာ တင်ထားလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက့်တယ်။ အရဟတ္တဖိုလ် မရောက်မချင်း ဒီလိုဏ်ဂူအတွင်းမှ ငါဘယ်တော့မှ မထွက်တော့ဘူးလို့ စိတ်ကနေ ဆောက်တည်လိုက်တယ်။ ဒီလိုဆောက်တည်ပြီးတော့ တကယ်လက်တွေ့ သမထ-၀ိပဿနာ ဘာဝနာတွေကို ပွားများအားထုတ်တော်မှုလိုက်တယ်။

နောက်ဆုံး ကျင့်ကြံအားထုတ်လိုက်တာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့  အာသဝေါကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ကို ဆိုက်ရောက်တော်မှုပြီး လိုဏ်ဂူတော်ထဲမှာဘဲ ထိုင်ပြီးတော့ သီတင်းသုံး နေတော်မှုလိုက်တယ်။ အဲ့ဒီအချိန်မှာ လိုဏ်ဂူတံခါးဝ သစ်ပင်မှာအုပ်စိုးပြီး နေထိုင်တဲ့ နတ်က မိမိရှေ့မှောက်မှာ လာရောက်ဖူးမြော်လာတာကို တွေ့လိုက်၏။ ပြီးတော့ ထိုနတ်သားက လျှောက်ထားလေရဲ့  " ယောက်ျားမြတ်၊ ယောက်ျား အာဇာနည် ဖြစ်တော်မှုပါပေသော အရှင်ဘုရားအား တပည့်တော် ရှိခိုးပါတယ်။

ဆင်းရဲခြင်း ကင်းတော်မှုသော အရှင်မြတ်ဘုရား ၊ အရှင်မြတ်ဘုရား၏ သန္တာန်မှာ အာသဝေါတရားတွေ ကုန်ခန်းသွားပြီ ဖြစ်တယ်။ ဒါကြောင့် အရှင်ဘုရားသည် ကံ နှင့် အကျိုးတရားကို မျှော်လင့်တောင့်တပြီးတော့ လှူဒါန်းပူဇော်နေတဲ့ အလှူကောင်း အလှူမှန်ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မှုထိုက်တဲ့ ဒက္ခိဏေယျပုဂိုလ်အစစ် ဖြစ်တော်မှုပါပေတယ် " လို့ ဒီလိုလျှောက်ထားပြီး ထပ်ပြီး တိုက်တွန်းပြန်သေးရဲ့ ။

" အရှင်ဘုရား…ဆွမ်းအလို့ဌာ ရွှာအတွင်းသို့ ကြွဝင်တော်မှုကြတဲ့ အရှင်ဘုရားကဲ့သို့သော ရဟန္တာပုဂိုလ်တွေကို ဆွမ်းလှူဒါန်းပူဇော်ရခြင်း တည်းဟူသော အကြောင်းကြောင့် အသက်အရွှယ် ကြီးရင့်နေတဲ့ အိုမင်းမစွမ်းဖြစ်တဲ့ အမျိုးသမီးကြီးတွေသည် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ပြီး သွားနိုင်ကြပါတယ်။ ဒါကြောင့် အရှင်ဘုရား ဆွမ်းကို ကြွရောက်ပြီး ချီးမြှင့်အလှူခံပေးတော်မှုပါ" ဆိုပြီးတော့ လျှောက် ထားတိုက်တွန်းခြင်းပါ။

ထိုလျှောက်ထားပြီး အပြီးမှာတော့ မိမိလည်း ဆွမ်းစားချိန် မှီသေးသည့် အတွက်ကြောင့် ဆွမ်းအလှူခံ ကြွလာလိုက်တော့တယ်။ ဒါယိကာမကြီး သမီးလောင်းလှူသည့် ဆွမ်းအလှူကို ခံယူပြီးနောက် သာဓု အနုမောဒနာ တရားဟောကြားက တည်ငြိမ်ရင့်ကျက်သော ခြေလှမ်းများဖြင့် မိမိသီတင်းသုံးရာဆီသို့ ကြွလှမ်းတော်မှုခဲ့လိုက်တော့၏်။ 

    မထေရ်မြတ်ကြီး ဆွမ်းအလှူခံပြီးနောက် ဒါယိကာမကြီးလည်း တောထဲကနေ ပြန်ရောက်လာတယ် ပြီးတော့ သူ့သမီးကို " ချစ်သမီး အမေပြောတဲ့အတိုင်း လောင်းလှူလိုက်လား သမီး" ဟု ခရီးရောက်မဆိုက်မေးလိုက်တယ်။ ထိုအခါမှာ သမီးက " ဟုတ် မေကြီး သမီးလောင်းလှူပြီးပါပြီ ဒီနေ့ အကိုတော်ကို ဖူးရတာ ခါတိုင်းနေ့တွေနဲ့ မတူဘူးအမေ ပိုပြီး ရွှင်ပြ တင့်တယ် တည်ငြိမ်သွားသလိုဘဲ အမေ၊ သမီးတောင် ဖူးဖော် ကြည်ညိုလို့ မ၀နိုင်အောင်ဘဲ အမေရယ်" ဟုပြောလိုက်တယ်။ ထိုအခါမှာ မိမိလည်း " သမီးရဲ့  အကိုတော်ကတော့ ရဟန်းကိစ္စပြီးမြောက် သွားပြီ ထင်တယ်၊ ကြည်နှုးပီတိ ဖြစ်လိုက်တာ သမီးရယ်" ဟုဆိုကာ မြေပြင်တွင် ပဆစ်တုပ်ကွေး ထိုင်ချလိုက် ကာ တလှမ်းခြင်း တရွှေ့ ရွှေ့ ပြန်ကြွသွားတော်မှုသော ကိုယ်တော်မြတ်ကို ဖူးမော်ရှိခိုး ပူဇော်လိုက်လေတော့၏………………..။။။။။။။။။။။။။။။  

စာကြွင်း။ ။ ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ (သေရာညောင်စောင်း လျောင်းစက်သောအခါ) တရားတော်မှ ဆွမ်းကို တုံ့လှည့် တဖန် ပူဇော်တဲ့ လုပ်ငန်းရပ်မှာ စံပြဖြစ်တဲ့ မဟာမိတ္တ (အယျမိတ္တ) မထေရ်မြတ်ကြီးအကြောင်းကို ဟောပြထားသည်ကို ၀တ္တုသဖွယ် ခံစားတင်ပြထားခြင်းဖြစ်ပါသည်။ တော်တော်များများကို ဆရာတော် ဘုရားကြီး၏ တရားတော်မှ မှုရင်းအတိုင်း ကောက်နှုတ် တင်ပြထားပါသည်။ တချို့ အမှားအယွင်းများ ရှိပါက မိမိတွင် မှုတည်ပါသောကြောင့် နားလည် ခွင့်လွတ် ပြင်ဆင်ပေးကြဖို့လည်း တောင်းဆိုပါသည်။ မိမိအနေနဲ့တော့ ကိုယ်တော်မြတ်ကြီး၏ မိမိဆွမ်းဒါယိကာမ တို့အပေါ်ထားရှိသော စေတနာ၊ သုံးသပ်နားလည် သိမြင်တက်သော ခံယူချက် နှင့် ဥာဏ်ပညာ၊ မလျော့သော လုံ့လ ၀ီရိယ ရှိမှုတို့အား လေးစားပူဇော် ဦးခိုက်မိပါတော့သည်။

 ပြီးတော့ " ငါကော ငါလုပ်နေရတဲ့ အလုပ်နဲ့၊ ရနေတဲ့ လစာနဲ့  ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးတွေ ပေးစွမ်းနိုင်ပြီလား " ဆိုတာကို မိမိကိုယ်ကို ထပ်ခါထပ်ခါ ပြန်မေးကြည့်မိ၏။ တုံ့လှည့်တဖန် ကျေးဇူးဆပ်ဖူးချင်စိတ်တို့ ဖြစ်ပေါ်လာမိသည်တော့ အမှန်။ မိတ်ဆွေအေပါင်းအသင်းတို့လည်း မိမိတို့ ရပ်တည်နေသောအသင်းအဖွဲ့ ၊ မိမိတို့ အပေါ်တွင် ထားရှိခဲ့ကြသော မိတ်ဆွေ အပေါင်းအသင်းတို့များ၏ မေတ္တာစေတနာ ကျေးဇူးတရားများကိုလည်း ပြန်လည်ပြီးတော့ တုံ့ပြန် ကျေးဇူးဆပ်နိုင်ကြစေကြောင်း ဆုမွန် ကောင်းဖြင့် နှစ်သစ်မှာ တောင်းဆုချွေလိုက်မိပါတော့သည်.။ 
 
 ငြိမ်းအေးထွန်း

Monday, February 4, 2013

ချစ်သော မေမေ ချစ်မေမေ


 ချစ်သော မေမေ ချစ်မေမေ
ဥသြ …ဥသြ…ဥသြ….
အရုဏ်ဦးရဲ့ အလင်းရောင် နဲ့ အတူ ပေါ်ထွက်လာလေ့ရှိတဲ့ ဒီ အသံလေးကို လူတိုင်းလိုလို ကြားဖူးနေကြမယ် ထင်ပါရဲ့နော်… နွေကြို တေးကို ဆိုလေ သလား ဆောင်းလွမ်းတွေးကို ဆိုညည်း သလား မတွေးတတ်ပေမဲ့ ငှက်ကလေးရဲ့ ဒီတေးသံကတော့ အလွမ်းဓါတ်ခံ ရင့်သန်သူရဲ့ နှလုံးသားကို ညို့ယူသွားသလိုလို ခံစားလိုက်ရပါတယ်..။

ဥသြ ဥသြ ဥသြ လို့ အခါခါ တွံသံပေးတတ်ပါတဲ့ ငှက်ကလေးရဲ့ ဒီတေးသံဟာ ခေတ္တ ခဏ မှာတော့ နားဝင်ပီယံ ဖြစ်သလို ခံစားလိုက်ရပါရဲ့ ။ ဒါပေမဲ့လည်းလေ.. ကြိမ်ဖန်များစွာ ကြားလာရတဲ့ အခါမှာတော့ အမေ ပျောက်လို့ အမေ ရှာပုံတော်ဖွင့်နေတဲ့ ကလေးတစ်ယောက်ရဲ့ ငိုသံလိုလို ခံစားရပြန်ပါတော့တယ်…။
 အော် ဥသြ ငှက်လေးရယ် .. အမေ နဲ့ ဝေးပြီး တကိုယ်တည်း အထီးကျန်နေလို့ ဒီ အကျည်းတန် တေးကို ဟစ်ကြွေးနေတာ ဆိုရင်လဲ ဒို့ကို တလှည့်ပေးပါအုံးလို့ တောင်းဆိုပါရစေနော်… ဘာလို့ လဲ ဆိုတော့ ငါလဲ မင်းလိုပဲ အမေ ဝေးရာ ရောက်နေပြီး အမေကို တမ်းတ သတိရနေလို့ပေါ့ ဥသြလေးရယ် ..။

ဒီအတွေးလေးတွေ ဝင်လာချိန်မှာတော့ ဥသြငှက်လေးရဲ့ အသံ ကို လေးနက်စွာ အဓိပ္ပါယ်ဖေါ်တွေးထားတဲ့ ရှေးကဖတ်ခဲ့ဘူးတာလေးက ခေါင်းထဲမှာ အလည်ရောက်လာပါတော့တယ်။ ကျီးကန်းတစ်သားပေါက်တဲ့အခါ ဥသြတစ်ကောင် ပါဝင်ပါသတဲ့။ ဥကနေ အကောင်ဘဝ အရောက် ပေါက်ဖွားလာတဲ့အခါ ကျီးကန်းပေါက်စလေးတွေကတော့ သူတို့အမေကို အမေမှန်း သိပါသတဲ့..။ ဥသြလေးကတော့ ကျီး ကန်းနဲ့အသွင် သဏ္ဌာန်ချင်းတူပေမဲ့ အကောင်အရွယ်အစား ကွာခြားတာရယ်.. ဟစ်ကျွေးအော်ပြန် အသံကွားခြားတာရယ်ကြောင့် ကျီးမကြီးကို သူ့မိခင် မထင်နိုင်ပါဘူး တဲ့..။

ကျီးကန်းလေးတွေ အမိရင်ခွင်ထဲ ခိုလှုံနေချိန်မှာတော့ ဥသြငှက်လေးကတော့ အမေပျောက်လို့ လိုက်ရှာနေလေသတဲ့ လေ။ အဲ ဒီ ဥသြ ငှက်ကလေးရဲ့ မေရော အမေရော ဆိုတဲ့ မိခင်မေးတဲ့ စကားသံကို လူသားတို့ နားမှာတော့ ဥသြ ဥသြလို့ … ကြားကြတယ်လို့ မှတ်သားရဘူးပါတယ်။
ဘာပဲ ပြောပြော ဥသြငှက်ကလေးရဲ့ ဒီတေးသံဟာ သူ့ရင်ကို ခွဲပီးမှ ရင်ကွဲထွက်သလား ထင်မိပါရဲ့ နော် အနုပညာရှင်တွေက အမေ သီချင်းတွေကို ရင်ဘတ်နဲ့ ရင်းပြီး ဆိုသွားကြပါသတဲ့ … ဒီဥသြ ငှက်ကလေးရဲ့ အမေပျောက်တေး ဆိုဟန်ကိုသာ စင်တင်ခွင့် ရခဲ့ရင်… သူ့ရင်ကွဲသံလေးကိုများ အကယ်ဒမီ ပေးကြမလား လို့ တွေးမိပါရဲ့နော် ..။

စာရေးသူကတော့ ဥသြငှက်လေးရဲ့ အသံသာသာ တွန်ကျူးသံကို ကြားရလေတိုင်း အမေကို တမ်းတ သတိရစိတ်လဲ ပိုဖြစ်မိသလိုလိုပါပဲ
အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ ဥသြငှက်ကလေးသည်ပင် အမေကိုတမ်းတ အမေကို သတိရလို့ အမေပျောက်တေးကို အစဉ်အဆက် ဟစ်ကြွေးနေပါသေးရင် ကိုယ်လိုလူသား တစ်ယောက်အနေနဲ့ အမေ့ရုပ်သွင် နဲ့ တုနှိုင်းမမှီတဲ့ အမေ့ဂုဏ်ရည်ကို သတိရသင့်ပါကလားလို့လဲ တဆက်ထဲ တွေးမိလိုက်ပါရဲ့ ပေါ့…။

အို စာရှူသူ… အမေ ရဲ့ အသက်နဲ့ ရင်းပြီးး လူလောကအတွင်း ချဉ်းနင်းရောက်လာခဲ့ကြရတဲ့ ဒို့တစ်တွေဟာ အမေနဲ့ဝေးရာ ပြေးခွာနေနေကြရသော်မှ အမေ့မေတ္တာ ငွေလမင်းနဲ့ မကင်းနိုင်တာကို စဉ်းစားကြည့်သင့်ကြတယ်နော်… အနေဝေး ပေမဲ့ သားသမီးတို့ နဲ့ ဝေးဝေး မနေတတ်ကြတဲ့ အမေ့ရုပ်လွှာ မှာ အမေ့မေတ္တာကို ရှာကြည့်တတ်ရင် အဝေးကပင် မြင်နိုင်တာပဲ မဟုတ်လား ..။
စာရေးသူကတော့ ဆောင်းလေအေးထက် ဆ ..ရာပြန်တက်အောင် အေးလှပါတဲ့ အမေ့မေတ္တာကို… ဆီးနှင်းမြူတိမ် သူရိန် မီးခိုး ညစ်မျိုးမထင် ထက်ကောင်းကင်မှာ သာချင်တိုင်းသာနေတဲ့ လစန္ဒာရဲ့ အလင်းရောင်နဲ့ နှိုင်းယှဉ်ပြီး အမေဂုဏ်ရည်တွေကို ပို တွေးတတ်နေပြီလေ။

အမေရေ..ဥသြလေးရဲ့ တွန်သံကို ဗဟိုလ်ပြုလို့ အတွေးထုမှ စိုးမိုလာတဲ့ အမေနဲ့ အမေ့ကျေးဖူး ..ဘယ်လိုပင် ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ရေးနေဦးတော့ ကုန်နိုင်မယ် မထင်ဘူးအမေ ..ဒါကြောင့် အတွေးလေးကို ဒီမှာ ရပ်ပြီး ပြာသိုလ်လပြည့် အမေနေ့မှာ အဝေး က အမေ ၊ အတွေးထဲ က အမေ ၊ သွေးထဲက အမေ ၊အမေ လို အမေ ၊ အမေ နဲ့တူသော အမေ … အားလုံးသော မေမေတွေ ကျန်းမာ ပါစေ ချမ်းသာပါစေလို့ ဆန္ဒချွေဆုတောင်းလိုက်ပါတော့တယ် အမေ…။

အမေ့ မေတ္တာ..၊ပန်းရွှေကြာနှင့် ၊ပမာ နှိုင်းဆို ၊မပြောလိုဘူး ၊ထိုပန်း နေမှာ ၊ နွမ်းတတ်လို့…
အမေ့မေတ္တာ ၊စမ်းရေပြာ နှင့် ၊ ပမာနှိုင်းဆို ၊မပြောလိုဘူး ၊ ထိုစမ်း နွေမှာ ခမ်းတတ်လို့..
အမေ မေတ္တာ ၊စန်းစန္ဒာနှင့် ၊ပမာနှိုင်းဆို ၊ မပြောလိုဘူး…၊ထိုစန်း တိမ်လွှာ ဖုံးတတ်လို့…
နှိုင်း တု မမြင် ၊… မြတ်မိခင်ကို ၊ကျွန်လျှင်မြတ်နိုး ၊လက်စုံမိုး၍ ၊ ရှိခိုးကန်တော့လိုက်ပါသည် အမေ….။ ။

ဇေယျသုခ အရှင်နန္ဒဝံသ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃

Thursday, January 31, 2013

သားနှင့်အမေ


သားနှင့်အမေ

“ဟေမာရေ၊ မင်းတော့ သားအစား ရပြီပေါ့ကွယ်”
 ကျောင်းမှ ပြန်လာသော ဦးသိင်္ခသည် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ချင်းပင် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေဟန်ရှိသော ဒေါ်ဟေမာအား အော်၍ ပြောလိုက်လေသည်။ 
“ဘယ်လိုတုံး ကိုသိင်္ခရဲ့” ဒေါ်ဟေမာက နောက်သို့ လှည့်မကြည့်နိုင်သေးဘဲ အလုပ် လုပ်နေရာမှ အသံပြုလိုက်သည်။

“အခုပဲ ငါ ကျောင်းရောက်ခဲ့သလေ၊ ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်တယ်။ ဒီဝါတွင်း ဒီကျောင်းမှာ ၀ါဆိုမယ် ဆိုပဲ။ ဒါနဲ့ တိုက်အုပ်ကိုယ်တော်က ငါရောက်သွားတော့- 
“ဒကာကြီး ကျောင်းမှာ ဒီဝါတွင်း အာဂန္တုကိုယ်တော်တစ်ပါး ဝါကပ်လိမ့်မယ်၊ ဒကာကြီး သွားတွေ့ပါဦး” ဆိုလို့ ငါ အာဂန္တုကိုယ်တော်ကို သွားတွေ့ခဲ့တယ။် အမယ် ရှင်မရေ... တို့သားဦးပဉ္ဇင်း အရွယ်လောက်ပဲကွဲ့။  အလုံးအရပ်လည်း တို့သားနဲ့ ခပ်ဆင်ဆင်ပဲ။ မင်းတွေ့ရင် ကြည်ညိုမှာပါ။ ကိုယ်တော်လေးက ကြည်ညိုစရာလည်း ကောင်းပါတယ်။ မင်းတော့ သားအစား ရပြီပေါ့ကွယ်“

          ဦးသိင်္ခက အားတက်သရော ပြောဆိုနေသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာသဖြင့် ဦးသိင်္ခသည် စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်၏။
          ဦးသိင်္ခ ရိပ်မိလိုက်ပြီ။ ဒေါ်ဟေမာ သားဦးပဉ္ဇင်းကို သတိရ၍ မျက်ရည်ကျလေပြီ။ အမှန် ဤသို့ပင် ဒေါ်ဟေမာသည် လွန်ခဲ့သော ၁ဝ- နှစ်ခန့် ရဟန်းဖြစ်စကတည်းက ရောဟဏမြို့ စာသင်တိုက်ကြီးသို့ စာသင်ရန်ကြွသွားသော သားဦးပဉ္ဇင်းအတွက် တစ်နေ့မျှ မငိုသောနေ့ မရှိ။

          ဦးပဉ္ဇင်းကလည်း နေနိုင်သည်။ သွားကတည်းက ၁ဝ- နှစ်တိုင်တိုင် တစ်ခါတစ်ခေါက် ပြန်ရောက် မလာရုံမျှမက သတင်းမျှပင် ပေးဖေါ်မရ။ သားဦးပဉ္ဇင်းထံမှ မည်သည့် သတင်းမျှ မကြားရ၍ လိုက်သွားပေးရန် မိမိအား ပူဆာခဲ့သည်မှာ ခဏခဏ။ အလုပ်ကလည်း မအား။ လက်ခွဲမရှိရသည့်အထဲ ခရီးကလည်း ဝေးသဖြင့် မိမိ လိုက်မသွားနိုင်၍ သူ့အစ်ကို တော်ဘုန်းကြီး ဦးပဉ္ဇင်းဆရာ ကောရဏ္ဍက ဆရာတော်အား လိုက်သွားပေးပါရန် လျှောက်ထားခဲ့သည်မှာလည်း အတန်တန်။

          ဒေါ်ဟေမာကိုလည်း အဆိုးမဆိုသာ။ တစ်ယောက်တည်းသော သားဖြစ်၍ ချစ်မဝ ခင်မဝ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေရဆဲ ရဟန်းပြုချင်လှချေရဲ့ ဆို၍ ဒေါ်ဟေမာ မျက်ရည်နှင့်မျက်ခွက်။ ဖျက်ခဲ့သော်လည်းမရ။ နောက်ဆုံး သားအလိုအတိုင်း လျှော့ပေးပြီး အစ်ကို ဘုန်းတော်ကြီးထံ အပ်နှံ၍ ရဟန်းခံပေးရသည်။ ရဟန်းဘဝ ရောက်သည်နှင့် တစ်ပြိုင်နက် မိမိတို့ဆောက်ပေးသော ကျောင်းမှာ မနေ၊ စာသင်သွားတော့မည်ဆိုကာ ရောဟဏသို့ ကြွသွားခဲ့သည်။

          ထိုအချိန်ကစ၍ ဒေါ်ဟေမာ ငိုမဆုံးယိုမဆုံး အပူသည်လုံးလုံးဖြစ်ခဲ့ရသည်။ ကြည့်ပါဦး၊ တစ်နှစ်လည်းမဟုတ်။ နှစ်နှစ်လည်း မဟုတ်။ ၁ဝ- နှစ်လုံးလုံး။ ထို့ကြောင့် ဒေါ်ဟေမာသည် လင်သည်ကို သွားခေါ်ပေးရန် တိုက်တွန်းမရသောအခါ အစ်ကို ဘုန်းတော်ကြီးကို အပူကပ်ပြန်တော့သည်။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်။

          ယခင် ယခင် အကြိမ်တွေက ဒေါ်ဟေမာ ပူဆာလျှင် ဘုန်းတော်ကြီးသည် သူ့နှမအား တရားဟော၍ မာန်မဲ၍ ပြန်လွှတ်လေ့ရှိ၏။
          ” သားတစ်ယောက်လုံး သာသနာတော် လှူထားမှတော့ ဒီလောက် သံယောဇဉ်ကြီးမနေပါနဲ့ ဟေမာရယ်” ဟု ဆိုတော်မူလေ့ရှိသည်။
          သို့သော် ဒေါ်ဟေမာ အားမလျှော့။ နေ့စဉ်နေ့စဉ် တစ်ရံတစ်ခါ ရက်ခြား ဘုန်းတော်ကြီးအား သွား၍ သွား၍ နားပူလေ့ရှိသည်။

          ” တပည့်တော်မသား ဒီလောက်တောင် သတင်းမကြားဘဲ ကြာနေတာ သေများ သေနေလို့လားဘုရား။ အသက်ရှိရင်တော့ ပြန်မလာတောင် သတင်းကြားမှာပါ။ ခုတော့ သေလို့ မကြားတာ ဖြစ်မှာပေါ့။ သေရင်လည်း ကွဲကွဲပြားပြား သိရအောင် ကြွသွားပြီး သတင်းလေး ဘာလေးမေးပါဦး ဘုရား၊ သေလို့သာ သတင်းမကြားတာပါ ဘုရား” ဟူသော ဒေါ်ဟေမာ၏ စကားကို ကောရဏ္ဍကဘုန်းတော်ကြီးမှာ -

          ”မသေပါဘူးဟဲ့” ဆိုရုံနှင့် မဖြေသိမ့်နိုင်တော့ပေ။ ”အင်း ဒီတစ်ခါတော့ ကိုယ်တိုင်သွားတွေ့၊ သူ့သားကို ခေါ်လာပြီး ပြလိုက်မှပင် အေးတော့မယ်” ဟု စဉ်းစားမိသည် ထင်၏။
          “ကဲ... မိဟေမာ၊ ဒီဝါမဆိုမီ ငါကိုယ်တိုင် ရောဟဏကို လိုက်သွားပေးမယ်။ ဒီဝါ နင့်သား ဒီမှာ ၀ါဆိုဖြစ်ဖို့ ငါ့တာဝန် ထားပေတော့” ဟု မိန့်ကြားကာ ကြွသွားခဲ့လေသည်။ သို့သော် ၀ါဆိုရန် နီးကပ်နေလေပြီ။ သားလည်း ကြွမလာ။ ဘုန်းတော်ကြီးလည်း ပြန်မရောက်။ ၀ါနားနီးလေ ဒေါ်ဟေမာတစ်ယောက် ပျာလောင်ခတ်လေ၊ ကျောင်းနှင့်အိမ် ခဏခဏကူး၍ သတင်းမေးရလေနှင့်။ 

          ဒီနေ့ သူ အလုပ်ရှုပ်နေသဖြင့် သူ့အစား မိမိကိုလွှတ် အမေးခိုင်း၍ သွားမေးရာ သားတို့ ဆရာတပည့်အကြောင်းတော့ မကြားရ။ အာဂန္တုကိုယ်တော် ရောက်ကြောင်းသာ ကြားရ ဖူးတွေ့ခဲ့ရသည်။ ဤသတင်းကို မိမိက အားတက်သရော ပြောသော်လည်း ဒေါ်ဟေမာထံမှ စကားသံ ထွက်မလာ။ သြော်... မိဟေမာတစ်ယောက်တော့ သားအတွက် တရားမဖက်နိုင်ဘဲ အလကားသက်သက် ငိုပြန်ချေဦးတော့မည်ပေါ့။ ဦးသိင်္ခသည် ဦးခေါင်းတညိတ်ညိတ်နှင့် အတွေးနယ်ချဲ့မိရာမှ ဒေါ်ဟေမာရှိရာသို့ လှမ်းကြည့်နေမိသည်။ ဒေါ်ဟေမာထံမှ စကားသံတို့အစား ရှိုက်သံတို့ကသာ တုံ့ပြန်ပေးပို့၍ နေပေတော့သည်။


(၂)
          “ဟေမာရေ... ထွက်ခဲ့ပါဦး ဟေ့”
          ဝါတော်ဝင်နေ့ ဖြစ်၏။ ဤနေ့ ဤအချိန်မှာမှ သားနှင့်မောင်ကြီး ပြန်မရောက်လျှင် မျှော်လင့်ချက် ဆုံးလေပြီဟုသာ ဒေါ်ဟေမာသည် နေ့လယ်ကတည်းက ငိုပွဲဆင်၍ နေလေတော့သည်။ ဟုတ်ပါပြီ၊ ငါ့သား ဦးပဉ္ဇင်းသေလို့သာ အပြောရခက်လို့ မောင်ကြီး ဘုန်းကြီးလည်း ပြန်မလာတာပေါ့။ ကံဆိုးတဲ့သားရယ်၊ သေတာတောင် ဆွေဝေးမျိုးဝေး တစ်မြို့တစ်ရွာမှာ သေရလေခြင်း၊ ငါ့သား ဦးပဉ္ဇင်းအလောင်းကိုမှ ကျကျနန သဂြုင်္ိဟ်သူ ရှိပါ့မလား။

          “ဟေမာရေ... ထွက်ခဲ့ပါဦး ဆိုမှကွာ...”
          အပြင်ခန်းမှ ဦးသိင်္ခ ခဏခဏ ခေါ်နေသဖြင့် ဒေါ်ဟေမာသည် မနေသာ၍ မျက်ရည်သုတ်ကာ အပူရုပ်ကို မပူရုပ်ဆင်လျက် ထွက်လာခဲ့ရသည်။
          သြော်... တို့ကျောင်းမှာ ၀ါဆိုမယ်ဆိုတဲ့ အာဂန္တုကိုယ်တော်လေး ထင်ပါရဲ့။ အပြင်ခန်း ခေါင်းရင်းကျကျတွင် ဣနြေ္ဒရရ ထိုင်နေသော ရဟန်းတော် တစ်ပါးကို ဖူးတွေ့လိုက်ရသည်။

          “ဟုတ်ပါရဲ့ သားအရွယ်။ နည်းနည်းပိန်တာရယ်၊ ညိုတာရယ်ပဲ ကွာတယ်။ အားလုံး အရပ်အရွယ်တူပါပဲ။ ဒါကြောင့် သားအစားရတယ်လို့ ဟိုတစ်ယောက်က ပြောတာပေါ့။ သြော်... ဒီဦးပဉ္ဇင်း မြင်ရမှပဲ ငါ့သားကို ပိုပြီး သတိရလိုက်ပါဘိ”

          “ကဲ... မဟေမာ၊ လာထိုင်၊ ဒီဝါတွင်း တို့ကျောင်းမှာ ၀ါဆိုမယ့် အာဂန္တုကိုယ်တော်ပေါ့။ မနေ့ကပဲ ငါ လျှောက်ခဲ့တယ်။ “အရှင်ဘုရား၊ တပည့်တော်တို့ ဆောက်တဲ့ကျောင်းမှာ ၀ါကပ်ရင် ဝတ္တရားတစ်ခုကို လိုက်နာရမယ်လို့။  ဝတ္တရားကတော့ ၀ါတွင်းသုံးလပတ်လုံး တပည့်တော်တို့အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး ဝါကျွတ်လို့ ပြန်ကြွရင်လည်း တပည့်တော်တို့ကို အသိပေးပြီးမှ ကြွရပါတယ်ဘုရား” လို့ လျှောက်ခဲ့တယ်လေ။ ဒါကြောင့် ဒီနေ့ကစပြီး တို့အိမ်ကို နေ့တိုင်းကြွပြီး ဆွမ်းဘုဉ်း ပေးလိမ့်မယ်ကွဲ့၊ မင်း ကြိုးစားပြီး ဆွမ်းဝတ်ပြုပေရော့”

          ဒေါ်ဟေမာသည် မိမိသားအရွယ်ဖြစ်သော အာဂန္တုကိုယ်တော်အား ရှိခိုးဦးချရင်းက-
          “အရှင်ဘုရား၊ တပည့်တော်မတို့ရဲ့ ကျောင်းမှာ ၀ါဆိုမယ်ဆိုလို့ ဝမ်းသာပါတယ်ဘုရား၊ အဲဒီ အရှင်ဘုရား ဝါဆိုတဲ့ကျောင်းဟာ တပည့်တော်တို့သား ရဟန်းခံမယ့်နှစ်မှာ ဆောက်တာပေါ့ ဘုရား။ သားရဟန်းတစ်ပါးတည်း အေးအေးချမ်းချမ်းနေဖို့ဆိုပြီး ဆောက်ပါတယ်။ သားရဟန်းက ရဟန်းဖြစ်တဲ့ဝါမှာပဲ စာသင်ရအောင်ဆိုပြီး ဟိုရောဟဏဆိုတဲ့ မြို့အဝေးကြီးကို ကြွသွားပါတယ် ဘုရား။ 

အခု ၁ဝ- နှစ်တောင် ကြာပြီပေါ့။ သတင်းလည်း မကြားရ။ ပြန်လည်းမလာနဲ့။ ဒီဒကာကြီး လိုက်သွားပါဆိုလည်း ခိုင်းမရတာနဲ့ တပည့်တော်မမှာ သားအတွက် တစ်နေ့မှ မငိုရတဲ့နေ့ မရှိပါဘူး ဘုရား။ မောင်ကြီး ဘုန်းတော်ကြီးကိုလည်း ခဏခဏ သွားပူဆာပါတယ်။ ဒီမှာမှ တပည့်တော်မသား သေလို့သာ ပြန်မလာတာ ထင်ပါတယ်ဘုရားဆိုပြီး ငိုလျှောက်တာနဲ့မနေသာတော့လို့ ထင်ပါရဲ့၊ ဒီနှစ်ဝါ ဒီမှာဆိုဖို့ သွားခေါ်မယ်ဆိုပြီး ထွက်သွားတာ၊ အခု ဝါသာ ၀င်သွားပါရော၊ သားရော မောင် ဘုန်းကြီးပါ ပြန်မလာဘူးဘုရာ့။ ဧကန် တပည့်တော်မ ထင်တာ မှန်နေပြီနဲ့ တူပါတယ်ဘုရား”” ဟု လျှောက်ရင်း ငိုပြန်လေသည်။

          “ဟယ်... ဟေမာရယ်၊ ဦးပဉ္ဇင်းရှေ့မှာ မငိုပါနဲ့။ ဦးပဉ္ဇင်း စိတ်မကောင်း ဖြစ်နေပါ့မယ်။ ကဲ... ဆွမ်းပြင်ချေပါ” ဦးသိင်္ခက ဒေါ်ဟေမာ အငိုရပ်ရန် စကားဆက်ပေးသည်။
          “ဒကာမကြီး၊ လောကဓမ္မတာ နာနာဘာဝ, ၀ိနာဘာဝ, အညထာဘဝ ဆိုတဲ့ တရားမျိုးဆိုတာ ကင်းနိုင်ကောင်းတာမျိုး မဟုတ်ဘူး။ သားရှိရင် သားနဲ့ ရှင်ကွဲ ကွဲရမယ်။ သေကွဲ ကွဲရမယ်။ စည်းစိမ်ချမ်းသာတွေ ရှိရင်လည်း ပျက်ပြား၍ မွဲတေသွားရမယ် ဆိုတာမျိုးဟာ ဓမ္မတာတရားတွေပါ။ ဒီတရားတွေကို မြင်အောင် ရှုပြီး ဒီတရားတွေကင်းရာကင်းကြောင်း နိဗ္ဗာန်ချမ်းသာကိုသာ တောင့်တပြီး တရားအားထုတ်ဖို့ အရေးကြီးပါတယ်”

          “တင်ပါ့ဘုရား၊ မောင် ဘုန်းကြီးလည်း ဒီလိုပဲ ခဏခဏဟောပါတယ်။ တပည့်တော်မမှာသာ သားအတွက် တရားပျက်တယ်လို့ဆိုဆို နေ့တိုင်း ငိုနေရတယ် ဘုရား။ သေတာတောင် မတွေ့ရတဲ့သားမို့ မဖြေနိုင်တာပါ ဘုရား”
          “တော်ပါတော့ ဟေမာရယ်၊ နင့်မလဲ ဒီသေစကားပဲ ပြောပြောနေ သေတာဟုတ်ချင်မှ ဟုတ်မှာပါ။ နင့်သားက ရဟန်းမို့ သံယောဇဉ်ဖြတ်ထားတာလားမှ မသိတာ။ ကဲ-ဆွမ်းပြင်ချေပါ”

          အာဂန္တုကိုယ်တော်ကား ဦးသိင်္ခစကားကို အမှတ်မထင်နားထောင်ရင်း မျက်လွှာကိုသာ ချထားလေ၏။ ဒေါ်ဟေမာသည် နေရာမှ ထသွားပြီး ဆွမ်းပြင်နေလေသည်။
          “ဒီလိုပါပဲ ဦးပဉ္ဇင်းရယ်၊ ဒီဒကာမကြီးတော့ သူ့သားအတွက် ဘယ်တော့မှ မျက်ရည်ခြောက်မှာ မဟုတ်ပါဘူး။ ဦးပဉ္ဇင်းလည်း ဒီဝါတွင်းကြိုးစားပြီး တရားဟောပေးပါဦး” ဟု ဦးသိင်္ခက ဆက်လက်လျှောက်နေလေရာ ဦးပဉ္ဇင်းမှာ ဦးခေါင်းကို ငုံ့လျက်သာ တစ်မျှော်တစ်ခေါ်ကြီး စဉ်းစားနေဟန် ရှိလေ၏။

မဟာပ၀ါရဏာနေ့

သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခံချိန်တွင် ၀ါတွင်းသုံးလပတ်လုံး ကြွနေကျအတိုင်း အာဂန်္တုကိုယ်တော်သည် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့အိမ်သို့ ကြွရောက်လာ၏။ ဒေါ်ဟေမာသည် ကိုယ်တော်ကို မြင်တိုင်း သား ဦးပဉ်္စင်းကို အမှတ်ရ၍ မျက်ရည်ကျနေကျပင်ဖြစ်ရာ ယနေ့လည်း မျက်ရည်ကို သုတ်၍ ရှိခိုးဦးချလျက် ဆွမ်းပြင်၍ နေလေ၏။
          “ဒကာမကြီး၊ ဦးပဉ္ဇင်း ဒီနေ့ ပြန်ကြွတော့မယ်လို့”
          “ဘုရား... ပြန်ကြွတော့မယ်”
          ဒေါ်ဟေမာသည် ဆွမ်းပြင်နေရာမှ အလန့်တကြားပင် မေးလိုက်မိသည်။

          ““ဟုတ်တယ်... ဒကာမကြီး၊ ၀ါကျွတ်လို့ ပ၀ါရဏာလည်း ပြုပြီးသွားပြီ။ အခု ဆွမ်းကိစ္စပြီးရင် ဒီကောရဏ္ဍကက ပြန်ကြွတော့မလို့ အခု လာနှုတ်ဆက်တာပါပဲ””
          ““သြော်””
          ဒေါ်ဟေမာသည် မျက်ရည်ဝိုင်း၍ သွားပြန်လေသည်။
          “ဟင်း... ငါ့သား ဦးပဉ္ဇင်း မရှိလို့ ငါ့သားနဲ့ ရွယ်တူ အာဂန္တုဦးပဉ္ဇင်းကို ငါ့သားအမှတ်နဲ့ ပြုစုနေရတာ၊ အခု ဦးပဉ္ဇင်းကတောင် ခွဲသွားတော့မှာပါကလား”

          ထိုစဉ်တွင် ဦးသိင်္ခ ရောက်၍လာပြီး ဦးပဉ္ဇင်းကို ရှိခိုးဦးချရင်းက-
          “ကြွတော့မလို့လား ဘုရား”” ဟု လျှောက်လေ၏။
          “ဟုတ်တယ် ဒကာကြီး””
          “ဒါဖြင့် ပင့်လျှောက်ပါရစေ ဘုရား၊ ဒီတစ်နေ့ ဆိုင်းတော်မူပါဦး၊ နက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးတော်မူပါဦးဘုရား၊ တပည့်တော်တို့ သင်္ကန်း လှူဒါန်းလိုပါသေးတယ် ဘုရား” ဟု ဦးသိင်္ခက လျှောက်ထားလေ၏။

          “ဟုတ်ပေသားပဲ၊ ငါဖြင့် ဒါလျှောက်ဖို့ သတိမရဘူး” ဟု ဒေါ်ဟေမာသည် မိမိ၏ ၀မ်းနည်း စိတ်အားငယ်တတ်မှုကို အပြစ်မြင်လိုက်ပြီးမှ-
          “ဟုတ်ပါတယ်ဘုရား၊ နက်ဖြန် သည်အိမ်မှာ ဆွမ်းဘုဉ်းပေးပြီး သင်္ကန်း အလှူခံပါဦးဘုရား”
ဟု ထပ်ဆင့် လျှောက်ထားလိုက်လေ၏။ ဦးပဉ္ဇင်းသည် မည်သို့မျှပြန်လည်မမြွက်ကြားဘဲ ဆိတ်ဆိတ် ၀န်ခံလိုက်ပြီးလျှင် ဆွမ်းအကပ်ခံ၍ ဆွမ်းဘုဉ်းပေးတော်မူလေ၏။ နောက်တစ်နေ့တွင် ဦးသိင်္ခ၊ ဒေါ်ဟေမာတို့ အိမ်၌ ဦးပဉ္ဇင်းအား ဆွမ်းဆက်ကပ်၍ သင်္ကန်းအတွက် ပိတ်ဖျင်ကိုးတောင်ကိုလည်းကောင်း၊ ဆေးအတွက် ထန်းလျက်နှင့် နှမ်းဆီတို့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းလေသည်။

          “အရှင်ဘုရား ဒီကကြွရင် ရောဟဏကို ရောက်မှာလား ဘုရား” ဒေါ်ဟေမာ၏ လျှောက်ထားသံ။
          “ရောက်မှာပါ ဒကာမကြီး”
          “ရောက်ရင်တော့ တပည့်တော်မသား ဦးပဉ္ဇင်းအကြောင်း စုံစမ်းပြီး တွေ့ရင် ဒကာမကြီး နေ့တိုင်း ငိုနေရကြောင်း၊ ဆက်ဆက်ပြန် လာဖို့အကြောင်း မိန့်ကြားပေးပါ ဘုရား၊ အရှင်ဘုရားအရွယ်လောက် ပါပဲ။ အရှင်ဘုရားထက် နည်းနည်းဖြူပြီး နည်းနည်းဝတာပဲ ထူးပါတယ်။ ကောရဏ္ဍကက ဦးပဉ္ဇင်းဆိုရင် သိကြမှာပါ။ အဲလေ သေသွားပြီဆိုရင်တော့လည်း...”
           ဒေါ်ဟေမာ ပြောရင်း မျက်ရည်ကျလာပြန်၏။

          “အို... တော်ပါတော့ မဟေမာ၊ ကဲ- ဆွမ်းကပ်ပြီး ရေစက်မိုးစက်ကလေး ချကြရအောင်ပါ””
          ဦးပဉ္ဇင်းသည် ဆွမ်း, သင်္ကန်း အလှူနှင့်ဆိုင်သော အနုမောဒနာ တရားကို အတန်ငယ် ဟောကြားပြီးမှ ရဟန်းတော်များသည် ကုလပလိဗောဓဟူသော ဆွေမျိုးမိဘဆိုင်ရာ ကြောင့်ကြမှုများကို ထင်ရှားအောင် အားထုတ်ကြရကြောင်း၊ မိဘမျက်မှောက်မှာ နေသည့်တိုင်အောင် ပလိဗောဓကင်းအောင် နေကြရကြောင်း၊ သို့မှသာ လိုအပ်သော တရားထူး၊ တရားမြတ်တို့ကို ရနိုင်ကြောင်း ဟောပြော၍ ရေစက်ချပေးကာ ကြွတော်မူရန် ပြင်ဆင်လေ၏။

          ဦးသိင်္ခသည် ဦးပဉ္ဇင်း သပိတ်အတွင်း၌ ထန်းလျက်ထုပ်နှင့် ဆီကျည်ဘူး စသည်တို့ကို စနစ်တကျ ထည့်၍ သင်္ကန်းလျာ ပိတ်ကိုးတောင်ကို ခေါက်၍ သပိတ်ပေါ်၌တင်ကာ ဦးပဉ္ဇင်းလက်သို့ ဆက်ကပ်လိုက်လေ၏။
          ဦးပဉ္ဇင်းသည် သပိတ်ကို ပခုံး၌ လွယ်ကာ ဖြည်းညင်းစွာ အိမ်ပေါ်မှ ဆင်းကြွသွားလေသည်။ ဒေါ်ဟေမာကား မိမိသားဟူသော အမှတ်ဖြင့် ဦးပဉ္ဇင်း ကြွသွားတော်မူရာသို့ မျက်စိတစ်ဆုံး လက်အုပ်ချီရင်း ယိုဆင်းလာသော မျက်ရည်တို့ကို အသာအယာ သုတ်ရလေ၏။

          “ဗျို့ ဦးသိင်္ခ၊ ဒေါ်ဟေမာ ရှိရဲ့လားဗျို့၊ ဒီမှာ ကောရဏ္ဍကက ဘုန်းတော်ကြီး ကြွလာပြီ””
          အိမ်ရှေ့မှ တစ်စုံတစ်ယောက်က အော်၍ပြောသဖြင့် ဒေါ်ဟေမာ အိမ်ပေါ်အမှ အပြေးဆင်းလာ၍ ကြိုဆိုလေရာ ၀ါဆိုဦးက သားကိုခေါ်ရန် ကြွသွားသော မောင် ဘုန်းတော်ကြီး တစ်ပါးတည်း အိမ်သို့ ကြွလာသည်ကို တွေ့ရလေ၏။
          ““အရှင်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်းလား ဘုရား။ သား ကော၊ သားမောင်ပဉ္ဇင်းဘယ်မှာလဲ ဘုရား””

          ဒေါ်ဟေမာသည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း တစ်ပါးတည်း ကြွရောက်လာသော ဘုန်းတော်ကြီးအား အငမ်းမရ မေးလေသည်။ ဟိုဟိုသည်သည် ကြည့်၍ မမြင်တိုင်း တတွတ်တွတ် မေး၍ ဒေါ်ဟေမာ ချုံးပွဲချ ငိုကြွေးလေ၏။
          “သေပြီ၊ သေပြီ။ သားဦးပဉ္ဇင်း သေပြီ မဟုတ်လား ဘုရား။ ကိုယ်တော်တစ်ပါးတည်း ကြွလာတာ သားဦးပဉ္ဇင်း သေလို့ မဟုတ်လား ဘုရား၊ သေပြီလို့သာ ရဲရဲကြီး မိန့်တော်မူပါတော့ ဘုရား”
          “ဟဲ့-ဟဲ့ ဟေမာ၊ သတိထားဦးလေ၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ နင့်ဟာ တစ်ခုမှ မဟုတ်ဘူး”
ဟု ဘုန်းတော်ကြီးသည် လှိမ့်၍ငိုနေသော ဒေါ်ဟေမာအား မိန့်တော်မူ၏။

          “ဟဲ့ ဟေမာရဲ့၊ နင့်သားကို နင်တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတာ မဟုတ်လားဟဲ့”
          ”ဟင်-ဘာ ဘုရာ့၊ သားကို တစ်ဝါတွင်းလုံး ဆွမ်းကျွေးနေတယ်”
          ဒေါ်ဟေမာ အငိုရပ်ကာ တအံ့တသြ မေးလျှောက်လိုက်သည်။
          ”အေးလေ၊ နင့်ကျောင်းမှာ နင့်သား ဦးပဉ္ဖင်း တစ်ဝါလုံး နေသွားပြီး နေ့တိုင်း နင့်အိမ်မှာ နင်ကပ်တဲ့ဆွမ်း စားသွားတာကပဲ။ ပြီးတော့ နင်ပဲ ပဝါရဏာသင်္ကန်း ပိတ်ကိုးတောင်တောင် လှူလိုက်သေးတယ် မဟုတ်လား”
          ဒေါ်ဟေမာ အူကြောင်ကြောင် ဖြစ်၍သွားသည်။

          ”ဟင် - မိန့်တော်မူပါဦး ဘုရား၊ ဝါတွင်းက အာဂန္တုကိုယ်တော်က တပည့်တော်မ သားလား” မေးသာ မေးရသည်။ စိတ်က မယုံနိုင်သေး။
          ”ကြည့်ပါဦး၊ ငါ့သားဆိုရင် ဒါယိကာမကြီး၊ ဦးပဉ္ဖင်းဟာ ဒါယိကာမကြီးသားလေ လို့ ဘာကြောင့် မပြောပါလိမ့်၊ ဟုတ်ရင် ပြောရမှာပါ
          ”သြော်- ဟေမာ၊ ဟေမာ။ ခက်ပဲ ခက်လှချည့် ဟေမာရယ်၊ ဝါဆိုဦးက ငါ ဒီကသွားတော့ နင့်သားကို လမ်းတစ်ဝက်မှာ တွေ့တယ်ဟဲ့၊ နင့်ကို ချီးမြှောက်ရင်း ဝါဆိုရအောင် ပြန်လာတာတဲ့။ ဒါနဲ့ ငါကလည်း ကောင်းသကွယ်၊ သွား သွား၊ မယ်တော်ကို တရားလေး ဘာလေး ဟောပြီး ချီးမြှောက်ချေဦးတော့ လို့ လွှတ်လိုက်သလေ

          ”သြော-သြော်.. သားဦးပဉ္ဖင်းကိုး”
          ”အေးလေ၊ နင့်သား နင့်ကျောင်းမှ နေပြီး နင့်အိမ် တစ်ဝါတွင်းလုံး ဆွမ်းစားနေတာ မဟုတ်လား။ အခု ငါပြန်လာတော့ လမ်းတစ်ဝက်မှာ တွေ့ပြန်ရော။  ”ဟော- မောင်ပဉ္ဖင်း၊ မင်းပြန်လာပလား။ မင်း မယ်တော်ကို တွေ့ခဲ့ရဲ့လား” လို့ မေးတော့ ”တွေ့ခဲ့ပါတယ်။ တစ်ဝါတွင်းလုံးလည်း ချီးမြှောက်ခဲ့ပါတယ်” လို့ လျှောက်ပြီး နင်တို့လှူလိုက်တဲ့ ထန်းလျက်နဲ့ အဖျော်ရည်တောင် လုပ်ကပ်ပြီး ပိတ်ကိုးတောင်ကို ငါ့ပြန်လှူလိုက်လို့ အလှူခံလာရသေးတယ်။ ဟိုမှာ မြင်ရဲ့လား၊ ပြီးတော့မှ ”တပည့်တော် ရောဟဏမှာပဲ ဆက်နေပါရစေတော့” လို့ ငါ့ကိုလျှောက်ပြီး လမ်းခွဲသွားတယ်လေ” 

          ဆရာတော်ကြီး စကားကား အဆုံးသတ်၍ သွားလေ၏ ။ ဒေါ်ဟေမာကား စကားပြန်ကြား လျှောက်ထားခြင်း မရှိတော့ပေ။ ဦးပဉ္ဖင်း ဆင်းသက်ကြွသွားရာ လမ်းဆီသို့သာ ငေးမော မျှော်ရည်လျက် လက်အုပ်ချီ၍ အကြိမ်ကြိမ် ဦးချလေ၏။ မျက်ရည်များမှာ ယိုစီးမြဲ ယိုစီး၍ နေသော်လည်း ငိုယိုနေခြင်းကာ မရှိ။ ပကတိ ကြည်လင်၍ နေကာ နှုတ်မှလည်း- 

          ”သြော်- င့ါသား၊ ငါ့သား။ ငါ့သားလို ရဟန်းမျိုး ဒီဘုရား သာသနာမှာ များစွာ ရှိနေသေးကလား။ ကုလပလိဗောဓကို ဖြတ်ပြီး မိဘရပ်ထံကို မပြန်ဘဲ နေနိုင်ရုံမက မိဘမျက်မှောက် တစ်ဝါတွင်းလုံး နေသွားတာတောင်မှ ဦးပဉ္ဖင်းက သားဦးပဉ္ဖင်းပဲ လို့မှ အသိမပေး၊ အေးအေးမြမြ သီတင်းသုံးနိုင်ပါလေရဲ့၊ သားတော်မြတ် ဦးပဉ္ဖင်းဘုရား၊ အမေ မွေးရကျိုးနပ်ပါပေရဲ့။ အရတော်ပါပေရဲ့။

 သားလို ရဟန်းမျိုးတွေကိုပဲ သက်သေပြုပြီး မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက ရထဝိနိတသုတ်မှာ လာတဲ့ အကျင့်တွေ၊ မောနေယျအကျင့်တွေ၊ တုဝဋ္ဋကသုတ်မှာလာတဲ့ အကျင့်တွေ၊ မဟာအရိယာဝံသအကျင့်တွေကို ဟောတော်မူခဲ့ပေတာပဲ။ သြော်-သား... သား၊ အံ့ဖွယ်ကောင်းတဲ့ ယောက်ျားမြတ်ပါပေတကား” ဟု တတွတ်တွတ် ပြောဆိုရင်း သွားရာသို့ မျှော်မှန်းကာ ပူဇော်ရိုကျိုး ရှိခိုးဦးချ၍ပင် မဝနိုင်အောင် ရှိနေလေသတည်း။

(ဝိသုဒ္ဓိမဂ် အဌကထာ ၁- ၈ဝ)

                                                ရဝေနွယ် (အင်းမ)

Sunday, October 28, 2012

ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း


ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း

ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ 

ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို မုန်းတီးမိသည်။ သို့သော် ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ 

အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ 

 အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည် အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ 

အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။ ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။

အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။ အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ 

ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင် ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ” ဆိုပြီး ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ 

ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး … သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”…. ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ 

သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။ ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်… ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။

Copied it from the www.missgreenlady.com