Showing posts with label မိဘမေတ္တာ. Show all posts
Showing posts with label မိဘမေတ္တာ. Show all posts

Tuesday, January 6, 2015

အနှိုင်းမဲ့ မေတ္တာ"မေမေ"ကဗျာ


အနှိုင်းမဲ့ မေတ္တာ"မေမေ"ကဗျာ


ငါတို့ စား၊၀တ်၊နေရေးအတွက် ..

ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။
သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။
ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။
သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ
သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။
ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ
ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။
စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။
သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။
သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ
အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်
နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။
အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တဝေေ၀
လင်ဆိုးမယား တဖားဖား
သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ
အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။
ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။
အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမြေ့ပုံးနိုင်ပါစေ ။ ။

(လမင်း)


Monday, January 5, 2015

အနှိုင်းမဲ့ မေတ္တာရှင်သို့


အနှိုင်းမဲ့ မေတ္တာရှင်သို့

မိဘမေတ္တာ အကြောင်း ပြောကြ ဆိုကြ၊ ရေးဖွဲ့ကြပြီဆိုလျှင် ဗုဒ္ဓစာပေ ပိဋကတ်တော်လာ အကြောင်းအရာ အချက်အလတ်တို့ကို အများဆုံး ကိုးကား ကြရ၊ အထောက်အထား ပြုကြရသည်ချည်းပင် ဖြစ်ပါ၏။ ဗုဒ္ဓစာပေနှင့် မိဘ မေတ္တာ၊ မိဘမေတ္တာနှင့် ဗုဒ္ဓစာပေ ခွဲခြား၍ မရစကောင်းပေ။ “မိဘများသည် အနန္တ ကျေးဇူးရှင်များ ဖြစ်ကြ၏။ ထိုကျေးဇူး တရားတို့ကို သားသမီးများ အနေဖြင့် သိလည်း သိရမည်။ ကျေးဇူး ဆပ်နိုင်အောင်လည်း ကြိုးစားရမည်။ အကယ်၍ မစွမ်းနိုင်၍ မဆပ်နိုင်လျှင်သော်မှ ကျေးဇူးကန်းသူ မဖြစ်အောင် ကြိုးစားရမည်”ဟု ဆိုလိုက်လျှင်ပင် ဤအရာသည် ဗုဒ္ဓဘာသာ အဆုံးအမ၊ ဗုဒ္ဓဝါဒ လမ်းညွှန်ချက် ဖြစ်သည်ဟူ၍ နားလည် သဘောပေါက်ကြသည် အထိပင် ဖြစ်ပါ၏။

အခြားဘာသာများသည် မိဘတို့၏ မေတ္တာတရားကို ဗုဒ္ဓဘာသာလောက် ဂုဏ်တင် ချီးမွမ်းမှု မရှိခဲ့ပေ၊ ဗုဒ္ဓဘာသာကမူ မိဘတို့၏ ဂုဏ်ကျေးဇူးကို အနန္တ အနှိုင်းမဲ့ အတုမရှိအဖြစ် ဖွင့်ဆိုကာ ဘုရားနှင့် တန်းတူထား၍ပင် ချီးမွမ်း ဂုဏ်ပြုခဲ့ကြ၏။

ရေးဖွဲ့မကုန် မိဘဂုဏ်
မြတ်စွာဘုရားရှင်က “ဗဟုပကာရော ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ” ဟုဟောတော်မူ၏။ အနန္တမေတ္တာရှင် မိခင်ဖခင်တို့၏ မေတ္တာတရားနှင့် ဂုဏ် ကျေးဇူးတရားတို့ကိုသာ ရေးသားဖွဲ့နွဲ့ကာ ဖော်ကျူးပြရမည်ဆိုလျှင်ပင် ကုန်နိုင်ဖွယ် မမြင်ပေ။

      ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တစ်ဘဝလုံး အခြားသော တရား စကားကို မပြောကြားဘဲ၊ မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာတရား သက်သက်ကိုသာ ဟောကြားမည် ဆိုလျှင်သော်မှ ကုန်စင်အောင် မဟောကြား နိုင်ပေ။ ဗြဟ္မာပေါင်း ကုဋေကုဋာက တစ်ဦးလျှင် လျှာပေါင်း ကုဋေကုဋာ ဖန်ဆင်းပြီး မိဘတို့၏ ကျေးဇူးတရားနှင့် မေတ္တာ တရားကို သီကြူး ဖွဲ့နွဲ့ကာ ပြောကြားလျှင်သော်မှလည်း ကုန်နိုင်ဖွယ် မရှိပါပေ။

လင်္ကာ။ ။တစ်ကမ္ဘာလျှင်၊ မဟာဗြဟ္မေ၊ လျှာကုဋေဖြင့်၊ ဆန်းနေဂိုဏ်းညီ၊ ဂါထာစီ၍၊ ချီးကြူးမြွတ်ဖော်၊ ဆိုလှည့်သော်လည်း၊ နှစ်ဖော်မိဘ၊ ဂုဏကဲလွန်၊ အနေကန်ကို၊ ဝေဖန်ချီးမြောက်၊ ပြီးမရောက်လိမ့်။ (မဃဒေဝ)

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော ဤလောက

အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလု အယက် ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနား ကရုဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်။ အမေမရှိသူတို့သည် အမေကို သတိရ တမ်းတကာ အလွမ်းပိုမိကြ၏။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ..အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။

အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ် အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်းကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည် သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျားအမေ၊ သူ့အမေ၊ တစ်ခြား သူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေ အားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်း နေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။

အမေ့မေတ္တာတို့ဖြင့် လွှမ်းခြုံကာ ဖွဲ့စည်းထားသော မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန် ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက်သွားမြဲပင်။ ကမ္ဘာလောကထဲဝယ် လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေ စေဦးတော့ လူသားတိုင်း၏ အမေ့ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာ လောကကြီးသည်လည်း အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့ နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေ အားလုံးက မွေးသော သားသမီးများက ဤကမ္ဘာ လောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ် နေကြ၊ ဆက်လက် တည်တံ့အောင် ဆောင်ရွက် နေကြသောကြောင့် ဤကမ္ဘာ လောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက် ထားသည်၊ အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။

အနှိုင်းမဲ့မေတ္တာရှင်

အဖေက သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသော ကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ အမေက အေးမြ သောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကို လည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။

*အမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်သာတည်း။
*အဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်သာတည်း။

မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်း သည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာ အလေင်းရောင်သည်ကား သားသမီးတို့ အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီး တစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင် မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ။

အမေအဖေသည် အနန္တော အနန္တ(၅)ပါးတွင် ပါဝင်၏။ အမေအဖေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြား လွန်းသောကြောင့် “အနန္တ”ဟု စကားလုံး တစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အနန္တ” တစ်လုံး ဖြည့်စွက်သုံးကာ ပါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တော အနန္တ” ဟု သုံးနှုန်း ခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ် တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ မဟာ- ကြီးသည်၊ မဟာ့မဟာ- အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြား မရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့ မေတ္တာရှင်”ဟု အမေကိုတင်စားကာ ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါ၏။ ထိုမိဘများသည် အနန္တောအနန္တ (၅)ပါးတွင် တစ်ပါး အပါအဝင် ဖြစ်ကြပါသည်။

အဘယ့်ကြောင့် ‘အနှိုင်းမဲ့မေတ္တာရှင်’ဟုဆိုသနည်း။ မိဘများသည် အနှိုင်းမဲ့ မေတ္တာရှင်များ ဖြစ်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မိဘများသည် သား သမီးများအပေါ်ထားသော မေတ္တာ အတိုင်းအဆသည် နှိုင်းပြ၍ မရနိုင်ပေ။ လွန်စွာ ကြီးမား ကျယ်ပြန့်လှပါ၏။ ထိုသို့ တိုင်းတာပြစရာ၊ နိုင်းပြစရာ ကင်းမဲ့ နေသောကြောင့် မိဘမေတ္တာသည် ‘အနှိုင်းမဲ့’ ဖြစ်ပါ၏။ မိဘနှင့် သားသမီး အနေဝေးနေသော်လည်း မိဘမေတ္တာ၏ အစွမ်းကား ထိုအဝေး တစ်နေရာမှာ ရောက်ရှိနေသော သားသမီးများအပေါ် မေတ္တာအကျိုး သက်ရောက်နိုင်သည် သာတည်း။

ထိုကြောင့် မိဘမေတ္တာသည် အနီး အဝေး နေရာ ဒေသကိုလည်း ကျော်လွန်နိုင်သည် သာတည်း။ မိဘမေတ္တာသည် နံနက် နေ့ည မရွေး အကျိုးသက်ရောက်နိုင်ပါ၏။ သား သမီးများသည် အိပ်ပျော်နေလျှင်သော်မှ မိဘအနားမှာရှိလျှင် သူတို့၏ စိတ်တွင် လုံခြုံ စိတ်မှုကို ခံစားရ၏။ မည်သို့သော စိုးရိမ်သောကမျှ မရှိပေ။ ဘေးန္တရာယ် ကင်းသည်ဟုလည်း ယုံကြည်နေ၏။ ဤသည်မှာ မိဘမေတ္တာ၏ အစွမ်းကြောင့်ပင် ဖြစ်ပါ၏။

ဤသည်ပင် မိဘ မေတ္တာသည် နံနက် နေ့ ညဟူသော အချိန်ကာလကိုလည်း ကျော်လွန်နိုင် သည်သာတည်း။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင်များဟု ဆိုခြင်းဖြစ် ပါသည်။ အမှန်မူ မိဘမေတ္တာသည် ဗြဟ္မာကဲ့သို့ပင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာရှင်များ ဖြစ်ကြပါ၏။ ထို့ကြောင့် မိဘများကို အနှိုင်းမဲ့ မေတ္တာရှင် ဟုဆိုလျှင် အနှိုင်းမဲ့ ကရုဏာရှင်၊ အနှိုင်းမဲ့မုဒိတာရှင်၊ အနှိုင်းမဲ့ ဥပေက္ခာရှင် ဟုလည်း ဆိုရာရောက်သည်သာတည်း။

အစားထိုး၍ မရနိုင်သော အရာ

လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ စသည်အားဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ အစားထိုး၍ ရကောင်း ရနိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါ လိမ့်မည်။ အမေ တည်းဟူသော မိဘမေတ္တာကိုမူ ဘယ်သော အခါမျှ အစားထိုး၍ ရနိုင်မည်မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေ လျှင်လည်း မယားအစား ရနိုင်ပါ၏။ သားသမီး သေလျှင်သော်မှ သားသမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ အမေ သေသွားလျှင် အမေ့နေရာကိုကား အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေ မရှိတော့လျှင် အမေနေရာကို မည်သို့သော နည်းနှင့်မျှ အစားထိုး အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။

အမေ့မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ အမေ့ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ အမေ့မေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့်ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စား ဝင်ယူနိုင်၏။ အမေနေရာကိုကား မည်သူမျှ ကိုယ်စားမဝင် နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။

အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်

တစ်ခါတစ်ခါ အမေ့ကို သတိရ တမ်းတမိတဲ့အခါ ကဗျာဆရာ တင်မိုး၏ ‘လမင်းမေမေ’ ကဗျာလေးကို ဆိုညည်း ညည်းမိလေသည်။
“သံသရာတစ်ကွေ့၊ ပြန်ကာတွေ့ရင်ဖြင့်၊
အမေ့ကို ဖူးမဝ၊ ဦးချလို့ ကန်တော့မယ်။
နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ၊
အမေ့အနားမှာပဲ တစ်ဖဝါးမကွာ နေချင်တယ်။
ခွင့်လွှတ်တော့ အမေရယ်၊ဝေးနယ်က မေ့သား။
အမေက တစ်နေရာ၊ သားရဟန်းက အဝေးမှာ ခွဲခွါနေခဲ့ကြရ၏။ ထို့ကြောင့် အမေ့ ဆန္ဒကို သားရဟန်း သိသော်လည်း ဖြည့်စွမ်းခြင်းငှါ မတတ်နိုင်ခဲ့ပါပေ။ ခွင့်လွှတ် နားလည်ပေးပါတော့ အမေ။

မိမိသည် ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်ပါ၍ အမေ၏ အနန္တ ကျေးဇူး တရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့ပေ။ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေး နိုင်ရှာခဲ့ပေ။ သို့သော် သားရဟန်းသည် အမေ့အတွက်ရေးသော၊ အမေ မသေခင်က ရေးရန်တိုက်တွန်းခဲ့သော “အမေ့မေတ္တာ ဤသည့်စာ” ဖြင့် အမေနှင့် အမေများအတွက် မိဘများ၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ အဖေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ ကာ ကန်တော့လိုက်ပါသည်။

အမေနှင့် အမေများသို့

အမေအကြောင်းကို ကြားရ၊ ဖတ်ရလျှင် သားရဟန်းသည် လောကထဲဝယ် အမေ မရှိတော့ သော်လည်း အမေကို သတိရမြဲ။ မည်သို့သော အကြောင်း နှင့်မျှ မျက်ရည်ကျလေ့မရှိသော သားရဟန်းသည်ပင် အမေဇာတ်လမ်း ကြည့်မိ တိုင်း၊ အမေ့မေတ္တာဘွဲ့ ဇာတ်လမ်း ဖတ်မိတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် အမေ မသေခင်က အမေ ရေးစေချင်သော အမေ့မေတ္တာ အကြောင်းကို အမေ့အတွက် ရေးမိပြန်ပါကောလေ။ ဒါပေမဲ့ သားရဟန်း ရေးသော “အမေ့မေတ္တာ ဤသည့်စာ”ကို တမလွန်ဘဝသို့ ရောက်နေပြီ ဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။

သို့သော်လည်း မပြီးဆုံးသေးသော အမေ့မေတ္တာဘွဲ့ကို လောကထဲရှိ အမေများနှင့် အမေကိုချစ်သော သားသမီးများအတွက် သားရဟန်း ဆက် လတ်ကာ ရေးနေပါဦးမည်။ အမေအတွက် သားရဟန်း လုပ်ရမည့် တာဝန်တစ် ရပ်ဟု ခံယူကာ လုပ်နေပါဦးမည်။ ရှိပါစေတော့ အမေအတွက် သားရဟန်း၏ နှလုံးသွေးနှင့် ရေးသော အမေ့မေတ္တာ ဤသည့်စာကို အမေ မဖတ်နိုင်လျှင် သော်မှ လောကထဲမှာ ရှိနေကြသော သူ့အမေ၊ ခင်ဗျားအမေ၊ တစ်ခြားသတို့၏ အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါသေး၏။ ထိုအမေများသည် ဤစာကို ဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဟန်း၏ ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင် ခံစားရပါလိမ့်မည်။

သားရဟန်းသည်လည်း အမေကမွေး၍ လူ့လောကထဲသို့ ရောက်ခဲ့ရ၏။ အမေက ကျွေးး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏ လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ သားရဟန်းဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ သားရဟန်းသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော ဇာတ်၊ နိပါတ်တော်၊ ပုံပြင် သာဓက အဆုံးအမများသည် လည်း သားရဟန်း နှလုံးသားတွင် ထာဝစဉ် စွဲထင် လျက် ရှိခဲ့ပါပြီ။ သားရဟန်း ဘဝ တစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့ မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည် မထင်ပါလေ။

ထာဝရမေတ္တာရှင်

လောကထဲတွင် လူသားဟူ၍ တည်ရှိနေသမျှကာလပတ်လုံး အမေများ သည်လည်း ဆက်လက်တည်ရှိ နေဦးမည်သာ။ အမေများရှိနေသ၍ သား သမီးများ အပေါ်ထားသော အမေ့မေတ္တာတို့သည်လည်း ဆက်လက် ရှင်သန် တည်ရှိ နေဦးမည်သာတည်း။ ထိုသို့ဆိုလျှင် အမေ့မေတ္တာသည် ကမ္ဘာလောက ထဲတွင် ထာဝရတည်ရှိနေသောကြောင့် ထာဝရမေတ္တာဟု ခေါ်ဆိုနိုင်သလို ထိုမေတ္တာမျိုး ပိုင်ဆိုင်သော အမေများကိုလည်း ထာဝရ မေတ္တာရှင်များဟု ခေါ်ဆိုနိုင်သည်သာတည်း။

သားရဟန်း၏ အမေသည် လောကထဲတွင် မရှိ တော့သော်လည်း လောကထဲတွင် ထိုသို့သော ထာဝရ မေတ္တာရှင် အမေများ ဆက်လက်ကာ တည်ရှိနေသောကြောင့် လည်းကောင်း၊ အမေ သေသော်လည်း အမေ၏ မေတ္တာ ကရုဏာတရားတို့သည် သားသမီးများ အပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်သောကြောင့်လည်ကောင်း၊ သားသမီးတို့၏ ရင်ထဲ နှလုံးသားထဲဝယ် အမေနှင့်ပတ်သက်သော အရာအားလုံးတို့သည် မည်သည့် အခါမျှ ပျောက်ပျက်၍ မသွားဘဲ၊ ထာဝရ တည်ရှိနေဆဲဖြစ်သောကြောင့် လည်းကောင်း “အမေ ဘယ်တော့မှ မသေ”ဟု ဆိုနိုင်သည်သာတည်း။

ထိုထိုသို့သော ထာဝရ မေတ္တာရှင် အမေနှင့် လောကထဲရှိ အမေများ အားလုံးအတွက် သားရဟန်းသည်လည်း ဓမ္မ တရားနည်းလမ်းအားဖြင့် ကျေးဇူး ဆပ်ခြင်းဟူသော သာသနာပြု လုပ်ငန်းများကို အသက်ရှင်နေသမျှ ကာလ ပတ်လုံး ကိုယ်အား ညာဏ်အားရှိသမျှ ကြိုးစား လုပ်ဆောင်ရင်း အမေ၏ ကျေးဇူးကြွေးကို ဆက်လက်ကာ ပေးဆပ်နေဦးမည်သာ။ သားရဟန်း၏ ရင်ထဲ နှလုံးသားထဲတွင် အမေ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားတို့သည် လည်း ဆက်လက် ရှင်သန်နေဦးမည်သာ။ သားရဟန်း နေ့စဉ် နေ့တိုင်း ပြုလုပ်သမျှ ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကိုလည်း အမေ အဖေနှင့် လောကထဲမှ ထွက်ခွါ သွားကြသော အမေ အဖေ အားလုံးအတွက် အမျှပေးဝေ နေဦးမည် သာတည်း။

အရှင်ဥက္ကံသ
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)
အမေများနေ့ အမှတ်တရ


Thursday, September 4, 2014

“ဖျတ်ခနဲမြင်လိုက်မိတဲ့ မြင့်မိုရ်ဦး”

 
“ဖျတ်ခနဲမြင်လိုက်မိတဲ့ မြင့်မိုရ်ဦး”

အမေရိကန်နိုင်ငံမှာ ကိုရွှေမြန်မာတွေအများဆုံးနေထိုင်ကြတဲ့ အရှေ့ပိုင်း အင်ဒီယားနားပြည်နယ်က ဖို့ဝိန်းမြို့ဆိုတာ အဆိုတော်ကြီး ဒေါ်မာမာအေးပြောသလို အမေရိကန်ရဲ့ တောမြို့ကလေးဆိုတာ အမှန်ပါပဲ။ ဖို့ဝိန်းမြို့ရဲ့ Down-Town လို့ခေါ်တဲ့ အစည်ကားဆုံးနေရာဟာ မဟာရန်ကုန်မြို့ရဲ့ မီးရထား ရုံးကြီးရှေ့က တစ်ဘလောက်စာလောက်ပဲရှိမယ်ထင်တယ်။

       အဲဒီမြို့သေးသေးလေးကို မြို့ကြီးတွေကနေသွားရတဲ့အခါ အဓိကပြဿနာက တိုက်ရိုက်လေယာဉ် မရှိ တာပါပဲ။ အနဲဆုံး နှစ်ထောက်လောက်နားပြီးသွားမှရတယ်။ တစ်ထောက် နားလောက်နဲ့ အမြန်ရောက် ချင်တယ်ဆိုရင် ဖို့ဝိန်းနဲ့ မိုင်တစ်ရာကျော် (ကားနဲ့၂-နာရီခရီး) လောက်ဝေးတဲ့ အင်ဒီယာနာပူးလစ်ဆိုတဲ့ ပြည်နယ်မြို့တော်လေဆိပ်ကိုစီးမှရတယ်။ ဆန်ဖရန်စစ္စကိုကနေ ဖို့ဝိန်းကိုအသွားတုန်းက နှစ်ဆင့်ပြောင်းလေယာဉ်နဲ့သွားလိုက်တာ ဆန်ဖရန်က မနက်(၉)နာရီလောက်ကနေ စစီးပြီး တစ်ထောက်နားလိုက်၊ ဆက်စီးလိုက်နဲ့ ည(၁ဝ) နာရီကျော်မှပဲ ရောက်တော့တယ်။

     ခရီးရှည်ကားစီးရတဲ့အခါ မိမိရဲ့ ခါးဒဏ်ရာဟောင်းက နာလာတတ်တဲ့အတွက် အပြန်မှာတော့ ဖို့ဝိန်း လေဆိပ်ကနေ ချီကာဂိုလေဆိပ်မှာတထောက်နားပြီး ဆန်ဖရန်ကိုဆိုက်တဲ့လေယာဉ်နဲ့ စီစဉ်လိုက်တယ်။ လက်မှတ်ထဲမှာရေးထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဖို့ဝိန်းကနေ နံနက်(၆)နာရီထွက်တဲ့ လေယာဉ်ကိုစီး၊ (၁)နာရီကျော်စီးလိုက်ရင် (ချီကာဂိုမြို့က စံတော်ချိန် (၁)နာရီ နောက်ကျတဲ့အတွက်) ဒေသစံတော်ချိန် (၆:၁၅)နာရီမှာရောက် ၊ (၇)နာရီခရီးဆက် ၊ဆန်ဖရန်ကို (၁ဝ)နာရီရောက်မယ်လို့ဆိုတယ်။ ချီကာဂိုနဲ့ဆန်ဖရန်ဆိုတာ အမေရိကန်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဖြစ်လို့ လေယာဉ်ခရီး ငါးနာရီလောက် ကြာတာဖြစ်ပေမယ့် အနောက်ပိုင်း ဖြစ်တဲ့ ဆန်ဖရန်က ချီကာဂိုထက် စံတော်ချိန် နှစ်နာရီနောက်ကျတာဖြစ်လို့ ထွက်ချိန်နဲ့ ရောက်ချိန်ဟာ နာရီကြည့်လိုက်ရင်တော့ သုံးနာရီပဲကွာသလိုဖြစ်နေတာပေါ့။

      အခုပြောခဲ့တာတွေက စာရွက်မှာရေးထားတဲ့သဘောတရားတွေပါ။ လက်တွေ့မှာတော့ ဖို့ဝိန်း လေဆိပ်ကို ကြိုကြိုတင်တင် နံနက်(၅)နာရီလောက်ရောက်သွားတဲ့အခါ လေယာဉ်က Delay (ထွက်ချိန် နောက်ကျ) ဖြစ်တယ်တဲ့။ နောက်ထပ် လေးနာရီလောက်စောင့်ပြီး (၉)နာရီလေယာဉ်နဲ့မှ အစောဆုံး စီးနိုင်မယ်ဆိုတော့ ချီကာဂိုမှာပြောင်းစီးရမယ့်ခရီးစဉ်တွေပါ သူတို့အစီအစဉ်နဲ့ ပြောင်းလဲ ပေးပြီး လက်မှတ် အသစ်နဲ့လဲပေးပါတယ်။ သူတို့ ချို့ယွင်းချက်ကြောင့် ပြောင်းလဲရတာဖြစ်လို့ ဘာမှတော့ ထပ်မပေးရပါဘူး။ ကိုယ်ကနောက်ကျလို့ လေယာဉ်ပြောင်းစီးရရင်တော့ အနည်းဆုံး ၂၅ဒေါ်လာ ထပ်ပေးရပါသတဲ့။

       ဖို့ဝိန်းလေဆိပ်မှာ မနက်စောခရီးစဉ်တိုင်း ဒီလိုပဲ Delay ဖြစ်လေ့ရှိသတဲ့။ ဘာကြောင့်လဲ ဆိုတော့ စီးမယ့်ခရီးသည်က လေးငါးယောက်ထက်မပိုလှလို့ နောက်တစ်စီးနဲ့ပေါင်းပြီးမှတင်တာလို့ ဆိုပါတယ်။ ကဲ … ထားပါတော့လေ။ ခရီးစဉ်အခက်အခဲကိုပြောမနေတော့ပဲ အဓိကအကြောင်းကိုပဲ ပြောရမယ် ဆိုရင် အဲဒီနေ့က တကယ်လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာ နံနက်(၁ဝ) နာရီကျော်နေပါပြီ။ ချီကာဂို ရောက်တော့ (၁၁)နာရီကျော်။ နောက်ထပ်ပြောင်းစီးရမည့်လေယာဉ်က ညနေသုံးနာရီခွဲမှဆိုတော့ ဆန်ဖရန်ကို ည(၆)နာရီကျော်မှရောက်တော့မှာပေါ့။ ဒါကြောင့် ကြိုပေးမယ့် မုဒိတာရွှေကျောင်းဆရာတော်ဆီကို ဖြစ်ကြောင်းကုန်စင်အချိန်မီ ဖုန်းဆက် လိုက်ရပါတယ်။

      ချီကာဂိုလေဆိပ်ရောက်တော့ မိမိခါးဒဏ်ရာဟောင်းက နဲနဲပြန်နာလာတဲ့အတွက် ခရီးဆောင်အိတ် နှစ်ခုထပ်ကို ဖြည်းဖြည်းချင်းဆွဲလာနေရတယ်။ နောက်စီးရမည့်လေယာဉ်က အချိန်အကြာကြီးလိုသေးလို့ သိပ်လဲအရေးမကြီးလှပါဘူး။ ချီကာဂိုလေဆိပ်က ကြီးလဲကြီး၊ ရှုတ်လဲနဲနဲရှုတ်တယ်။ မြို့သေးကလာတဲ့ လေယာဉ်ငယ်တွေ ဆိုက်ကပ်တဲ့ဂိတ်နဲ့ မြို့ကြီးတွေ သွားမယ့် လေယာဉ်ကြီးတွေဆိုက်ကပ်တဲ့ ဂိတ်ကလည်း အတော်လေး ဝေးပါတယ်။ ရန်ကုန် လေယာဉ်ကွင်း သုံးပြန်စာလောက်တော့ ကွာမယ်ထင်တယ်။ အပေါ်ထပ် အောက်ထပ် စက်လှေခါး နဲ့ အဆင်းအတက်သွားရတာလဲပါသေးတယ်။

      အတော်လေးသွားမိလို့ စက်လှေခါးနဲ့ ရွေ့လျားစီးတက်ရတဲ့ နေရာရောက်တော့ မိမိနဲ့ ကပ်လျက် ပါလာတဲ့ တောင်အမေရိကနွယ်ဖွားဖြစ်ပုံရတဲ့ လူရွယ်တစ်ဦးက မိမိရဲ့အခြေအနေ ကြည့်ပြီး “ဘာကူညီပေး ရမလဲ” လို့မေးပါတယ်။ မိမိက ပြောင်းစီးရမယ့်လေယာဉ်လက်မှတ်ကို ထုတ်ပြလိုက်တော့ “ဂိတ်ကဝေးတယ်၊ Terminal (လေယာဉ်ဆိုက်ကပ်တဲ့ ဂိတ်များရှိရာ) တစ်ခုကျော်ပြီးသွားရမယ်၊ သူကူညီပေးမယ်” ဆိုပြီး မိမိစီးရမည့်လေယာဉ်ကုမ္ပဏီ ဝန်ထမ်း အကြီးအကဲဖြစ်ပုံရသူတစ်ဦးကို သွားတွေ့တယ်။ သူလဲ ဒီကုမ္ပဏီက ဝန်ထမ်းဖြစ်ပုံရပါတယ်။

Wheel-Chair တစ်ခုယူလာပြီး မိမိကိုတက်ခိုင်းတယ်။ ဓာတ်လှေခါးနဲ့ တစ်ဆင့် တက်ပြီး အတော်လေးသွားတော့မှ မိမိပြောင်းစီးရမယ့် ဂိတ်ကိုရောက်တယ်။ မိမိကို ခုံလွတ်တဲ့နေရာမှာ ချပေးပြီးတော့မှ၊ “အခုထွက်မည့်လေယာဉ်က မီယာမီကိုသွားမှာ၊ နောက်တစ်စီးကျမှ ဆန်ဖရန်သွားမယ့် လေယာဉ်ဖြစ်မယ်၊ သုံးနာရီလောက်ဒီမှာစောင့်ပါ” လို့ပြောပြီး ပြန်မယ်လုပ်တော့ မိမိက Wheel-Chair တွန်းသူများကို “Tip” ပေးလေ့ရှိတဲ့ထုံးစံအတိုင်း ငါးဒေါ်လာတန်တစ်ရွက် ထုတ်ပြီး ပေးမယ်လုပ်တော့ “No … No …” ဆိုပြီးလက်ကာရင်း “Thank you, have a good trip.” ဆိုပြီး လှည့်ထွက်သွားပါတယ်။

      အချိန်က ဒေသစံတော်ချိန် (၁၁)နာရီခွဲလောက်ရှိပြီ။ မနက်စောက ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတစ်ခွက် သာသောက်ခဲ့လို့ နဲနဲဆာသလိုလဲဖြစ်လာပြီ။ မိမိကနာရီကိုထုတ်ကြည့်ပြီး ဟိုဟိုဒီဒီ စားသောက်ဆိုင် ရှိမည့်နေရာကို ဝေ့ပြီးကြည့်နေတဲ့အချိန်မှာပဲ မျက်နှာချင်းဆိုင်ခုံက အသက် သုံးဆယ်ခန့်လောက်ရှိတဲ့ တရုတ် အမျိုးသမီး(နောက်တော့ ထိုင်ဝမ်က၊ ဗုဒ္ဓဘာသာ တရုတ် အမျိုးသမီး၊ ဒီအမေရိကားမှာကျောင်းတက်ပြီးလို့ အလုပ်လုပ်နေသူလို့ သိရပါတယ်) ကလဲ သူ့နာရီ ငုံ့ကြည့်ပြီး မိမိကို နေ့လည်စာစားပြီးပြီလားဆိုတာ မေးပါတယ်။

မိမိကဆိုင်ကို ရှာကြည့်နေတာ ဆိုတော့ သူက “ခဏစောင့်ပါ၊သူသွားယူပေးပါမယ်”တဲ့။ မိမိက “Red Meat (အသားကြီးတွေ) မစားဘူး”လို့ပြောလိုက်တော့ သူက ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ သက်သတ်လွတ် စားတယ်လို့ ထင်ပုံရပါတယ်၊ “I see, I see” ဆိုပြီးထသွားတယ်။ အပြန်မှာ ပေါင်မုန့်နဲ့ ဆလပ်ရွက် သုတ်ရယ်၊ ကော်ဖီတစ်ခွက်ရယ်ယူလာပြီး သေသေချာချာဖိနပ်ချွတ်ပြီး ကပ်ပါတယ်။ မိမိစားပြီး ရေသောက်ရင်း သူ့ကိုကြည့်လိုက်တော့ သူကပြုံးပြီး “Are you OK?” တဲ့။ မိမိက ခေါင်းငြိမ့်ပြလိုက်တော့ သူကလှူပါတယ်ဆိုတဲ့အကြောင်း ပြောပြီးပြုံးနေပါတယ်။ မိမိကလည်း “Thank you” ဆိုပြီးခေါင်းငြိမ့်ပြုံးပြလိုက်တယ်။ အင်း … ဒီနေရာတွေမှာတော့ ဗုဒ္ဓဘာသာရဲ့ပုံရိပ် (Image) ဟာ မငြိုးနွမ်းသေးဘူးဟဲ့ဟု တွေးလိုက်မိသေးရဲ့။

        နောက်လေယာဉ်က အကြာကြီးစောင့်ရတာဆိုတော့ ဟိုဟိုဒီဒီစဉ်းစားနေရင်းက မိမိကိုကူညီခဲ့တဲ့ အမျိုးသားကိုရော၊ မျက်နှာချင်းဆိုင်ကနေ့လည်စာကပ်လှူတဲ့ အမျိုးသမီးကိုရော စိတ်ထဲကအထူးကျေးဇူး တင်ပြီး မေတ္တာပို့နေမိတယ်။ သူတို့ကို “ဘာလေးများပြန်ပြီး ပေးလိုက် ရပါ့”လို့ ပါလာတဲ့လွယ်အိတ်ကို ဟိုစမ်းဒီစမ်း လိုက်ရှာကြည့်တဲ့အခါ ဓမ္မဒူတအရှင်ဆေကိန္ဒ ယဉ်ကျေးလိမ္မာ သင်တန်းသားကလေးတွေကို ပေးတဲ့ ပဋ္ဌာန်းကျောက်စိမ်းဆွဲပြားလေးတွေ ပါလာတာကို သတိရပြီး အဲဒီအမျိုးသမီးကို ပေးလိုက်တော့ သူကဝမ်းသာအားရနဲ့ ယူပြီး အသေအချာကြည့်နေပါတယ်။ မိမိက “အဲဒိမှာအစိတ်ကလေးတွေ (၂၄)ခုပါတယ်၊ ပဋ္ဌာန်းလို့ ခေါ်တယ်၊ အန္တရာယ်ကင်းတယ်၊ လာဘ်ကောင်းတယ်” ဆိုတဲ့အကြောင်းပြောပြတော့ သူက “Very lucky. Thank you so much.” ဆိုပြီး အတော်လေးဝမ်းသာနေပါတယ်။

       သူ့အပေါ်ကျေးဇူးတင်နေမိတာ၊ သူ့ကိုကျေးဇူးတုံ့အမှတ်တရပစ္စည်းလေး ပေးလိုက်လို့ သူကျေနပ် ဝမ်းသာနေတာကိုကြည့်ရင်း အတွေးတွေအမျှင်တန်းလာရာက အခု(၁ဝ)မိနစ်စာ လောက် ခရီးတိုလေးကို ကူညီလိုက်သူ၊ နေ့လည်စာဆွမ်းတစ်နပ် ကပ်လှူခဲ့သူတို့အပေါ်မှာ ဖြစ်ပေါ်မိတဲ့ ဝမ်းသာကျေနပ်မှု၊ သိမှတ် လိုက်မိတဲ့ သူတို့ရဲ့ ကျေးဇူးလေးကတောင် ဒီလောက် အများကြီးလို့ ထင်လိုက်မိတယ်ဆိုရင် … စာသင်သား ဘဝတစ်လျှောက်လုံး သင်ကြားဆုံးမပေးခဲ့တဲ့ ဆရာသမားတွေ၊  နေ့စဉ်မပြတ်ဆွမ်းလောင်းလှူနေသူတွေ၊ ပစ္စည်းလေးပါးလိုလေသေးမရှိအောင် နှစ်ရှည်လများထောက်ပံ့လှူဒါန်းကြတဲ့ ရဟန်းဒကာ၊ ဒကာမတွေနဲ့ မြန်မာပြည်အနှံ့က  ပစ္စည်း လေးပါး ဒကာ၊ ဒကာမတွေ၊ တရားနာပရိတ်သတ်၊ စာဖတ်ပရိတ်သတ်တွေရဲ့ ကျေးဇူးတွေဟာ … ။
အဲဒီလိုအမျှင်တန်းမိရာက “နီးလွန်းလို့မမြင်၊ ကြီးလွန်းလို့မမြင်” ရှိရတတ်တဲ့ အမေတွေရဲ့ ကျေးဇူးတွေဆီ စိတ်ရောက်မိတယ်။ ကိုယ့်အမေဟာလဲ … သြော် …  အမေ … အမေ ။

    မိမိဇာတိဖြစ်တဲ့ နတ်မောက်မြို့နယ်အရှေ့လက်၊ အလယ်ရိုးမရဲ့ အနောက်ဖက်ခြမ်း ဥယျာဉ်ရွာဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ အလယ်ရိုးမစခန်းလို့ခေါ်တဲ့ မယ်ဇလီပင် စခန်းနဲ့ (၁ဝ)မိုင်ဝန်းကျင်အတွင်း မှာရှိလို့ အဲဒီခေတ်ကတော့ “အမဲရောင်နယ်မြေ” လို့ သတ်မှတ်ထားတဲ့နယ်ပါ။ ဗကပ တင်မကပါဘူး၊ ရဲဘော်ဖြူတို့၊ ပြူစောထီးတို့ ဆိုတာတွေလဲရှိလို့ ရောင်စုံသူပုန်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဒေသပေါ့။ အဖေကရှင်လူထွက်အရွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခိုင်းလို့ ဗိုလ်ဖိုးကွန်းက စည်းရုံးဖွဲ့စည်းခဲ့တဲ့ ရဲဘော်ဖြူတပ်မှာ လိုက်ခဲ့ဖူးတယ်။ အခု ဗကပတွေ ကြီးစိုးလာတော့ သူ့ပါတီဝင်ရမယ်၊ ငါ့ပါတီဝင်ရမယ် ဆိုတာတွေ ရှုတ်လာသတဲ့။

အဲဒီလိုအခြေအနေမှာ အဘိုး (အဖေ့ရဲ့အဖေ)က အမေ့ကိုခေါ်ပြီး “ငါ့တူမ … ခုလိုကာလ ဗရုတ်ဗရက် ကြီးထဲမှာ နင့်အိမ်သားအခြေအနေကတော့ ငါ့တူမ မုဆိုးမဖြစ်ချင်သလား၊ ရဟန်းအမ ဖြစ်ချင်သလား၊ ဒီနှစ်ခု ကြိုက်ရာရွေးမှဖြစ်တော့မယ်” ဆိုတဲ့အကြောင်း ပြောပြသတဲ့။ အမေ့ရဲ့အဖြေက လိုတိုရှင်းပါပဲ။ “ဦးတို့သားရဲ့ ဆန္ဒအတိုင်းပါ” လို့ပဲ ပြန်ပြောလိုက်သတဲ့။ ဒါနဲ့ပဲ အဖေက အသက်(၃၃)နှစ် အရွယ်မှာ ရဟန်းပြုပြီး မိမိတို့ရွာနဲ့ (၇)မိုင်လောက်ဝေးတဲ့အရပ်က တောရွာစာသင်တိုက်တစ်ခုမှာ သွားနေ ပါတယ်။ အဲဒီတုန်းက မိမိအသက် (၃)နှစ်သားလောက် ဆိုတော့ အပြည့်အစုံတော့ မသိပါဘူး။ အဘိုးအဘွားတွေ ပြန်ပြောပြတာ လောက်ပဲ မှတ်လိုက် ရတာပါ။ အဘိုးကတော့ “ကိုရင်တို့အမေက သတ္တိလဲကောင်းတယ်၊ စိတ်လဲ ပြတ်သား တယ်” တဲ့။

အမေက … အဲ … ဘယ်လိုပြောရမလဲ။ မုဆိုးမလဲမဟုတ်ဘူး၊ တစ်ခုလပ်လဲမဟုတ်ဘူး၊ လင်ပစ်မလဲ မဟုတ်ဘူး၊ လင်ကို သာသနာ့ဘောင်ဝင်ဖို့ ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ပြီးတော့မှ သားနှစ်ယောက်ကို လုပ်ကိုင် ရုန်းကန် စောင့်ရှောက် ကျွေးမွေးနေရတဲ့ မိခင်တစ်ဦးပါ။ အမေက အလုပ်သိပ်ကြိုးစားတယ်။ ရွာနဲ့ (၁ဝ)မိုင်လောက်ဝေးတဲ့ ပျော်ဘွယ်နယ်ထဲက တောင်ညောင်ကုန်း ဆိုတဲ့ ငါးရက်တစ်ဈေး လက်လီလက်ကားပေးတဲ့ဈေးကို ဈေးနေ့တိုင်း မနက်အစောကြီး လှည်းနဲ့သွားပြီး ကုန်တွေဝယ်တယ်။ ညအတော်ညဥ့်နက်မှ အိမ်ပြန်ရောက်တယ်။ နောက်နေ့မနက် အစောထပြီး ရိုးမတောင်ခြေကရွာတွေဆီ လှည်းနဲ့၊ တခါတလေ ခေါင်းရွက်၊ ဈေးလှည့်ရောင်းတယ်။

အမေက ဈေးရောင်းရုံတင်မဟုတ်ဘူး၊ တောင်သူလဲလုပ်သေးတယ်။ အမေ ခဏခဏပြောတဲ့ စကား တခုရှိတယ်၊ “ငါကဈေးရောင်းနေပေမယ့် တို့အမျိုးက ဈေးရောင်းစားတဲ့အမျိုးမဟုတ်ဘူး၊ သူကြီးမျိုး” တဲ့။ အမေ့အဘိုး ဖိုးထွန်းကျော်ဆိုတာ နတ်မောက်မှာ သူကြီးဦးမင်းရောင် တန်ခိုးထွားချိန်က လက်အောက်ခံ သူကြီးဖြစ်လို့ သူ့နယ်တစ်ဝိုက်မှာ ငါးကျပ်တန်အမှုကို စီရင်ခွင့်ရတဲ့ အထူးအာဏာရ သူကြီးဆိုလားပဲ။ ဒီနယ်တစ်ဝိုက်မှာတော့ သူကြီးဦးထွန်းကျော်ဆိုရင် တစ်နယ်လုံး ဖိန့်ဖိန့်တုန်လို့ ပြောတာပဲ။ ဟုတ်တော့ဟုတ်မယ်ထင်တယ်။ မိမိတို့ရွာမှာတော့ အမေတို့ မောင်နှမတွေရဲ့ မြေယာတွေက များလဲများသလို မြေကောင်း ယာကောင်းတွေ အရပ်လေးမျက်နှာလုံးမှာရှိတယ်။

အမေ့ရဲ့ အကိုအကြီးဆုံးက လူပျိုကြီးဆိုတော့ အမေနဲ့ပဲအတူတူနေတယ်။ အမေလှည့်လည် ဈေးရောင်းနေနိုင်တာကလည်း မိမိတို့ကို ဦးကြီးက စောင့်ရှောက် ချက်ပြုတ် ကျွေးနေလို့ပါပဲ။ မောင်နှမ နှစ်ဦးရဲ့ အမွေရမြေယာတွေကများတော့ ဝမ်းကွဲဆွေမျိုးတွေကို ထက်ဝက်စား အဖက်ပေးခိုင်းတာလဲရှိသလို ရွာနဲ့နီးတဲ့ လယ်ယာတွေမှာ အမေက လူငှားနဲ့ ကျဲလှဲ စိုက်ပျိုးတာလဲ ရှိပါတယ်။ အလုပ်ကို ကြိုးစားသလောက် အစားအသောက် အသုံးအစွဲကျတော့ အမေဟာ ကပ်စေးနည်းသူလို့ သူများကပြောလောက်အောင်ကို ချွေတာတယ်။ အမေ့လက်သုံးစကားကတော့ “ငါဒီလောက်ကြိုးစားနေတာ ငါသုံးချင်၊ စားချင်လို့မဟုတ်ဘူး။ ငါ့သားတွေ မျက်နှာ မငယ်ရအောင်လို့” တဲ့လေ။

သူ့အတွက် ဖွယ်ဖွယ်ရာရာ ဝယ်မစားပေမယ့် မိမိတို့အတွက် ဈေးသွားတိုင်း ဈေးတပတ်စာ မုန့်ပဲ သွားရည်စာရော၊ အိမ်မှာ ချက်စားဖို့ ငါးခြောက်ငါးခြမ်း၊ အာလူး၊ ကော်ဖီထုတ်ဆိုတာတွေရောတော့ အမြဲ ပါလာတတ်ပါတယ်။ အဲဒီခေတ်က ကျေးလက်ကလေးတိုင်း သွားရည်စာဆိုလို့ ထန်းလျက်ခဲနဲ့ ပဲကြီးလှော် လောက်ပဲ စားနိုင်ကြချိန်မှာ မိမိတို့ ညီအကိုက “ဈေးမုန့်” လို့ခေါ်တဲ့ မုန့်မျိုးစုံ တော်တော်များများကို နံနက် စောတိုင်း စားခဲ့ရတယ်။
အရင်က အိမ်အောက်ယက်ကန်းစင်မှာသာ အလုပ်လုပ်လေ့ရှိတဲ့အမေဟာ နေပူစပ်ခါးမရှောင်၊ အစားပျက်၊ အအိပ်ပျက် အလုပ်ကြိုးစားလွန်းတဲ့အတွက်  ခုနစ်နှစ်၊ ရှစ်နှစ်လောက်အတွင်းမှာ ကျန်းမာရေးက သိသိသာသာကြီး ယိုယွင်းလာတယ်။ မိမိအသက် (၁၁)နှစ်ထဲအရောက်မှာတော့ အမေ အလုပ်မလုပ်နိုင် လောက်အောင် အိပ်ယာထဲလဲနေရတဲ့အဆင့် ရောက်လာပါတယ်။ ခုခေတ်လိုပြောရရင်တော့ အစာအိမ် ရောဂါပဲဖြစ်မယ်ထင်တယ်။ လေတွေ ပျို့အန်ပြီး မစားနိုင် မသောက်နိုင်ဖြစ်ရာက အိပ်ယာထဲလဲတော့တာပဲ။ အမေက ဆေးသောက်ရမှာလဲ အလွန်ကိုကြောက်တယ်။

၁၃၁၉ခုနှစ်၊ မိမိအသက် (၁၁)နှစ်ကျော်၊ အကိုက (၁၃)နှစ်ကျော်အရွယ်လောက်မှာပါ။ အမေ့ အသက်က (၄၅)နှစ်ထဲ ရောက်ရုံပဲ ရှိပါသေးတယ်။ အရွယ်ကတော့ အသက်နဲ့မမျှအောင် အိုစာနေပါတယ်။ အဲဒီနှစ်မှာ မိမိတို့ကို ရှင်ပြုပေးပါတယ်။ အမေနေမကောင်းချိန်ကစပြီး စာသင်တိုက်သွားနေတဲ့ အဖေဦးဇင်းလဲ ရွာကျောင်းမှာ ခန်းနေအဖြစ်နဲ့ ပြောင်းရွှေ့လာပါတယ်။ အမေလဲ နေကောင်းတဲ့အခါ ဆွမ်းပို့တာတို့၊ အကျိုးအကြောင်းတိုင်ပင် လျှောက်ထား တာတို့ လုပ်ပါတယ်။ ရှင်ပြုပေးဖို့ကိစ္စမှာလဲ တိုင်ပင်ပြီးဆောင်ရွက်ကြတာလို့ မှတ်မိပါတယ်။

ရှင်ပြုတဲ့ရက်တုန်းကတော့ အမေဟာ စိတ်ကဆောင်နေလို့ပဲလားမသိဘူး၊ ထူထူထောင်ထောင်နဲ့၊ သင်္ကန်းဗန်းတွေ ဘာတွေရွက်ပြီး အလှူဝတ်လှည့်တောင် လိုက်နိုင်သေးတယ်။ အလှူရေစက် ချချိန်မှာလည်း ကိုယ်တိုင်ပဲ လုပ်နိုင်သေးတယ်။ အလှူပြီးမကြာခင် အိပ်ယာထဲ ပြန်လဲတော့ တာပါပဲ။ ဒီတကြိမ်ဟာ သေရာ ညောင်စောင်း လဲတယ်လို့ပဲ ဆိုရမှာပါ။ ထုံးစံအရဆိုရင် မိမိတို့ငယ်ဆရာတော်က ရှင်ပြုပြီးရင် သုံးဝါမပြည့်မချင်း လူဝတ်လဲခွင့် မရှိပါဘူး။ မိမိတို့ကိုတော့ ခုနှစ်ရက်ပြည့်တဲ့အခါ အမေကို ပြုစုဖို့ဆိုပြီး လူဝတ်လဲစေပါတယ်။ အမေ့ကျန်းမာရေးက တစ်နေ့တခြားဆိုသလို ဆိုးဝါးလာတယ်။

အိပ်ယာထဲလဲပြီး လပိုင်းလောက်ရောက်တဲ့အခါမှာတော့ အမေက ညနေ ပရိတ်နာချင်လို့ဆိုပြီး ရွာဦးကျောင်းဘုန်းကြီးကို အပင့်ခိုင်းပါတယ်။ ညနေမှာ တောင်ကျောင်း၊ မြောက်ကျောင်းဆရာတော် နှစ်ပါးရော၊ မိမိတို့ဖခင် ဦးဇင်းအပါအဝင် ခန်းနေသံဃာတွေရော အားလုံး ငါးပါးလောက် ကြွလာပါတယ်။ အမေ့ကို ကြီးတော်ဝမ်းကွဲနှစ်ယောက်က တွဲထူဖေးမပေးထားလို့ ကြီးတော်တွေကို မှီရင်းထိုင်ပြီး အမေ တရားနာနိုင်သေးတယ်။ ရေစက်ချတာတော့ ဦးကြီးက ဆောင်ရွက်ပါတယ်။ ရေစက်ချပြီးတဲ့အချိန် ရောက်တော့ အမေ သိသိသာသာကို အသံမာမာနဲ့ (မာတယ်ဆိုတာ မာရေ ကျောရေ ဆိုတာမျိုး မဟုတ်ပါဘူး၊ အသံ ပီပီပြင်ပြင် ရှိလာတာ ပြောတာပါ) မိမိတို့ နှစ်ယောက်ကို သူ့နားခေါ်ပါတယ်။ အဲဒီကျတော့မှ အမေ ပရိတ်နာပွဲလုပ်တဲ့ ရည်ရွယ်ချက်ကို သိရတော့တယ်။

ပထမဆုံး မိမိတို့နှစ်ယောက်ကို “ကဲ … ငါ့သားတို့ … အမေတိုတိုပဲ ပြောမယ်၊ နားထောင်ကြနော်၊ အမေမရှိတဲ့နောက်မှာ ငါ့သားတွေ ဘယ်ဆွေမျိုးအိမ်မှ မနေပါနဲ့၊ မင်းတို့အောက်ကျနောက်ကျ မဖြစ်အောင် အမေ လုပ်ကျွေးစောင့်ရှောက်ခဲ့တယ်၊ မင်းတို့ကို ရှင်ပြုပေးရာမှာလဲ သားကြီး ရှင်ဖြစ်၊ ဖြစ်ကတတ်ဆန်း မဟုတ်ဘူး။ သူများနည်းတူ ရှင်ပြုပေးခဲ့တာပဲ။ ဘယ်လောက်ဆွေမျိုးတော်နေနေ၊ သူများအိမ်ဆိုတာ ကိုယ့်အမေအိမ်မဟုတ်ဘူး၊ သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာ မဟုတ်ဘူး။ ငါ့သားတွေ သူများ မျက်နှာမော့ကြည့်ပြီး စားရ၊ နေရတဲ့ဘဝကို အမေမလိုချင်ဘူး။ အမေ့မျက်နှာထက်သာတာဆိုလို့ ဘုရား မျက်နှာပဲ ရှိတယ်။ ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို မော့မကြည့်နဲ့။

ကဲ … ငါ့သားတို့ နှစ်ယောက်လုံး အမေအသေဖြောင့်အောင် အခုရွာဦးကျောင်းဆရာတော်ရှေ့မှာ အမေ့ကို ကတိပေးကြပါ။ အမေမရှိတဲ့နောက်မှာ သာသနာ့ဘောင် အမြဲနေမယ်လို့ ကတိပြုပါ။ သားတို့ဆီက ဒီကတိကိုရမှ အမေ အသေဖြောင့်မယ်” ဆိုပြီး ပြောပါတော့တယ်။ မျက်နှာကလဲ တက်တက်ကြွကြွ၊ အသံကလဲ ပီပီသသ၊ ခပ်မာမာ။ နှစ်ကျောင်းလုံးဆရာတော်တွေကလည်း “ဒါဟာ အမေ့ကျေးဇူးဆပ်တာပဲ၊ မင်းတို့အမေတောင်းတဲ့ ကတိကို ပေးလိုက်ကြလေ” ဆိုပြီး တိုက်တွန်းကြပါတယ်။ မိမိတို့လဲ ဘာရယ်လို့မဟုတ်ပါဘူး၊ ထုံးစံ အတိုင်းလဲ အမေ့စကားရော၊ ဆရာသမားစကားရော ငြင်းဆန်ဝံ့ခဲ့ကြတာမဟုတ်တော့ “အမေဖြစ်စေ ချင်သလို နေပါမယ်” ဆိုပြီး ကတိပေးလိုက်ကြပါတယ်။ အမေက သာဓုလဲခေါ်၊ မျက်ရည်လဲကျလို့။

ပြီးတော့မှ ရွာဦးကျောင်းဆရာတော်ကို “တပည့်တော်မ မရှိတဲ့နောက်မှာ သားနှစ်ယောက်လုံးကို သင်္ကန်းဝတ်ပြီး စောင့်ရှောက်ပေးပါဘုရား” လို့ လျှောက်ထားမှာကြားပါတယ်။ မိမိတို့နှစ်ယောက်လုံး ကိုလည်း လက်နဲ့ သိမ်းပွေ့ပြီး “ငါ့သားတွေအတွက် အမေ မွေးကျိုးလဲနပ်ပါတယ်၊ ကျွေးကျိုးလဲ နပ်ပါတယ်” ဆိုပြီး တုန်တုန်ယင်ယင်ပြောရင်း အမေမောသွားပုံရပါတယ်။ ကြီးတော်တွေက “ကဲ … တောင်းတဲ့ကတိရပြီပဲ၊ ဆရာတော်တွေကို ဝတ်ပြုပြီး ပြန်နားတော့နော်” လို့ပြောရင်း အိပ်ယာထဲ ပြန်လှဲပေးလိုက်ကြတယ်။ သိပ်မကြာလိုက်ပါဘူး၊ လပိုင်းတောင်မပြည့်မီပဲ အမေ ကွယ်လွန် သွားတယ်။

 အမေရက်လည် ဆွမ်းသွတ်ပြီးတဲ့နေ့မှာပဲ ရွာဦးကျောင်းဆရာတော်ကရော၊ ဖခင်ဦးဇင်းကရော မိမိတို့ကို သင်္ကန်းပြန်ဝတ်ပေး လိုက်တာ ခုထိပါပဲ။ စိတ်ကတော့ ပျော်လိုက်၊ ပျင်းလိုက်၊ ဆုတ်နစ်လိုက်၊ တက်ကြွလိုက်နဲ့ ဖြတ်သန်း လာခဲ့တာ ခုဆိုအမေ့ကျေးဇူးကြောင့် ရဟန်းဝတ်အဖြစ်နဲ့နေခဲ့လို့ အမေမမျှော်မှန်းခဲ့တဲ့ နိုင်ငံတွေ အထိတောင်  လှည့်လည်ပြီး တရားဓမ္မတွေ ဟောပြောပို့ချနေမိပါရောလား … ။

အတွေးထဲမှာ နစ်မျောနေစဉ်မှာပဲ … “Are you OK?” ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ မိမိကို Wheel-Chair နဲ့ တွန်းပို့ကူညီခဲ့တဲ့ စောစောကပုဂ္ဂိုလ်၊ အခြားခရီးသည်တစ်ဦးကို လာပို့ရင်း မိမိကို နှုတ်ဆက်နေတာပါ။ မိမိကလဲ သူ့အမူအယာအတိုင်း လက်မတချောင်းထောင်ထားတဲ့ လက်သီးဆုပ်ကို လှုပ်ပြပြီး “OK, thank you.” ပြန်လုပ်လိုက်မိတယ်။ မျက်နှာချင်းဆိုင်က တရုတ်အမျိုးသမီးကလဲ မိမိတို့ နှုတ်ဆက်နေတာကို ကြည့်ရင်း ပြုံးပြနေပါတယ်။ တအောင့် တခဏခရီးတို၊ တနပ်စာအစားအသောက်နဲ့ ကူညီခဲ့တဲ့ သူတို့ကျေးဇူးကို မိမိစိတ်ထဲမှာ မှတ်မှတ်ရရ အလေးထား တုံ့ပြန်မိသလို ဘဝတစ်လျှောက်လုံးအတွက် သူ့ဘဝနဲ့ရင်းပြီး စောင့်ရှောက်ခဲ့တဲ့ အမေ့ကျေးဇူးတွေကိုရော ငါဒီလောက်အလေးအနက်ထားပြီး ကျေးဇူးတုံ့ပြုခဲ့ မိရဲ့လား ဆိုတာကိုလဲ ပြန်လည် စစ်ဆေးကြည့်နေမိတယ်။

မှတ်မှတ်ရရ ပိဋကတ်တစ်ပုံ အာဂုံပြန်ဆိုပြီးတဲ့နေ့ကတော့ မင်းကွန်းဆရာတော်ကြီးကို အားကျပြီး တစ်ခါအမျှဝေခဲ့ဖူးတယ်။ အမေဆုံးမခဲ့တာတွေထဲက “ခလုတ်မထိ၊ ဆူးမငြိပဲ ဘေးအန္တရာယ် ကင်းဖို့” ဆိုပြီး လမ်းသွားလမ်းလာ ထိခိုက်စေနိုင်တဲ့ ခလုတ်ဆူးငြောင့်တွေ ဖယ်ရှားတဲ့ အလေ့အထ သိပ်မမေ့လှဘူး။ အဲဒါတွေ လုပ်ဖြစ်မိတဲ့အခါတိုင်းလည်း အမေ့ကို ဖျတ်ခနဲ သတိရမိခဲ့လိုက်တယ်။
အမေပြောခဲ့တဲ့ စကားတွေထဲကတော့ “သူများအိမ်ဆိုတာ ကိုယ့်အမေအိမ်မဟုတ်ဘူး၊ သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာမဟုတ်ဘူး၊ အမေ့မျက်နှာထက် သာတာဆိုလို့ ဘုရားမျက်နှာပဲ ရှိတယ်။ ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို မော့မကြည့်နဲ့” ဆိုတာကိုလဲ စွဲစွဲမြဲမြဲ မှတ်မိနေတယ်။

အခု မိမိကျေးဇူးတင်နေမိတဲ့ “တစ်ခဏပြုဖူး၊ သူ့ကျေးဇူး” တို့၊ “တစ်နပ်ကျွေးဖူး၊ သူ့ကျေးဇူး” တို့ရဲ့ ကျေးဇူးရှင်ကလေးတွေက မိမိနဲ့မျက်နှာချင်းဆိုင်မှာပါ။ သူတို့မျက်နှာကို တန်းတူပဲ ကြည့်နေမိတာပါ။ မော့မကြည့်ရပါဘူး။ သူတို့လေးတွေရဲ့ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်ရင် အမေ့ကျေးဇူး တွေက … တဖြည်းဖြည်း တွေးရင်းတွေးရင်း မျက်နှာက အလိုလို အပေါ်ကို တဖြည်းဖြည်း မော့သွားမိတာ ခေါင်းပေါ်တည့်တည့်  ရောက်တဲ့အထိ … အဆုံးတိုင်ကို ခန့်မှန်းလို့ မရသေးပါဘူး။ အော် … “မြင့်မိုရ်တောင်ဦး၊ မကကျူး၊ ကျေးဇူးကြီးလျက်၊ မိဘစက်” ဆိုတာ ဟုတ်ပေမှာပဲ။

တွေးရင်း၊ မော့ရင်းက လက်အစုံဟာ အလိုလိုနဖူးပေါ်ရောက်သွားတယ်။ ဘာမှ ကြိုတင်စဉ်းစား ထားခြင်းမရှိပဲ ပါးစပ်ကလည်း “အခုအထိပြုခဲ့သမျှကုသိုလ်ကောင်းမှုများနဲ့ အမေ့ကျေးဇူးတွေကို အတုံ့ပြု ပေးဆပ်ပူဇော်ပါတယ်၊ အမေ သာဓုခေါ် ဝမ်းမြောက်ပါစေ” လို့ အသံတိုးတိုးနဲ့ ဆိုလိုက်မိပါတယ်။ ဘာကြောင့်ရယ်မသိ၊ မျက်ဝန်းတွေက စိုစွတ်လာခဲ့တယ်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း ဘေးဘီအသာကြည့်ကာ လွယ်အိတ်ထဲကTissue စကို ထုတ်လိုက်မိတယ်။ Tissue စနဲ့ ပါးပြင်ထိတွေ့ ခိုက်မှာတော့ ဟိုး … နောက်ဆုံးနေ့ ပရိတ်နာစဉ်က ထွေးပွေ့လိုက်တဲ့ အမေ့လက်ကလေးတွေလိုလို … ။
အမေ … နှစ်ဝ နတ်နား ကြားပါစေ … ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) 07/07/2014
ဓမ္မစက္ခုဓမ္မာရုံ
San Gabriel, Los Angeles, U. S. A


Thursday, May 22, 2014

မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး


"မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး" 

သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ် လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။ 

ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေး ကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေ လေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။

သို့သော်…သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။

ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။

သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။

သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။

သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။

တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။

နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။

အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။

ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။

အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။

အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။

မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။


တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကား ခဲ့ကြသည့် တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမ တစ်ယောက်ဟာ အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည်ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့ သူတွေဆိုတာ သိပ်သေချာပါတယ်။ တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ်။

ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။

ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။

လူဗိုလ်ဟူသည် မှ.....

Wednesday, March 26, 2014

အချိန်လွန်မှ ရတတ်သည့် မိဘတန်ဘိုး


အချိန်လွန်မှ ရတတ်သည့် မိဘတန်ဘိုး

"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။) အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။


"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "

ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...

"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "

ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်

"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "

ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။

ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ

"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "

"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "

အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။

ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မ မွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး သွားခဲ့ပါတယ်။

ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်း ကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်လာတယ်။

အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်းထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။

အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေ မှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။

ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သမီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်း အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။

 အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။

ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။

________________

သို့

အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်

သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...

ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....

အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...

ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...

ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...

အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...

အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...

တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....

ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။

ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...

အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....

အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။

သိန်း၂၀၀လောက်ရှိမယ်...

ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...

သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ

________________

ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။

အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ၀မ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "

အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့ အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို သတိရစေဘို့ ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ၀ထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။


Monday, January 20, 2014

ပြာသိုလပြည့် အမေနေ့


ပြာသိုလပြည့် အမေနေ့ 


ယခင်ကဆို ပြာသိုလမှာ တရားပွဲစီစဉ်သူများက "အမေနေ့" အထူးတရားပွဲဆိုပြီး သတ်မှတ်ကာ ပင့်ကြတယ်။
  
ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ပြောပြီး ဟောပြောပွဲတွေနဲ့ လမ်းဖောက်ခဲ့လို့ "အမေနေ့" ဆိုတာဖြစ်လာခဲ့တာ။
  
ဆရာကြီးက အေးချမ်းတဲ့ရာသီမို့ အမေ့မေတ္တာကို ကိုယ်စားပြုပြီး အမေနေ့လို့သတ်မှတ်ကာ မိဘဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရလျက် ကျေးဇူးဆပ်ကြဖို့၊ မပြစ်မှားကြဖို့ ခေတ်လူငယ်တွေကို အသိပေးချင်ပုံရပါတယ်။
ဗုဒ္ဓဒေသနာတော်မှာတော့ ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ တသီးတသန့် ဟောထားတာမရှိပါ။
  
မိဘကျေးဇူးကို သိတတ်ခြင်းကား လူသာဓုခေါ်၊ နတ်သာဓုခေါ် ကောင်းတဲ့ကိစ္စပါ။ မြန်မာတို့ရဲ့လူမှုနယ်ပယ်မှာ မိဘဆိုတာအိမ်ဦးခန်းမှာ အပိုင်စားနေကြရသူတွေ၊ စားဦးစားဖျားကိုလည်း ဦးချခံစားကြရသူတွေ ဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းမှာ မိဘကိုဦးချပြီးမှ စားကြရတဲ့ဓလေ့ အမှန်ရှိခဲ့ပါတယ်။ ကြက်သားဟင်းချက်ရင် မိဘဟာ အလေးအမြတ်ထားဦးချခံဖြစ်လို့ အသည်းအမြစ်ကို စားကြရသူတွေဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းနဲ့ ကြက်သားဟင်း သူစိမ်းပြင်ပြင် အလှမ်းဝေးကွာလှတဲ့ ယနေ့ခေတ်မှာတော့ မိဘတို့ ဦးချခံ စားဦးစားဖျား ယဉ်ကျေးမှုရှိနိုင်ကြသေးရဲ့လားမသိ။

မင်္ဂလသုတ်မှာ "မာတာပိတုဥပဋ္ဌာနံ- မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းသည် စီးပွားချမ်းသာကို ပြီးစေတတ်သဖြင့် ကောင်းမြတ်တဲ့မင်္ဂလာ" လို့ ဟောကြားတော်မူပါတယ်။ မိဘကိုမပြုစု၊ မလုပ်ကျွေးတဲ့ သားသမီးကို ၀သလ-လူယုတ်မာလို့လည်း မိန့်တော်မူပါတယ်။ (၃၈) ဖြာ မင်္ဂလာတရားနဲ့ ယဉ်ပါးနေတဲ့ မြန်မာလူမျိုးတို့အဖို့ မိဘကိုပြုစုလုပ်ကျွေးခြင်းဟာ တသီးတသန့်ရယ်လို့ ပြောနေစရာကို မလိုပါ။ (၃၈) ဖြာမင်္ဂလာနဲ့ ဝေးကွာလာတဲ့အပြင် ကျပ်တည်းဆင်းရဲလှတဲ့ ယနေ့ခေတ်မှာတော့ မိအိုဖအိုတို့လမ်းပေါ် ကိုယ့်ဝမ်းစာကိုယ်ရှာပြီး တောင်းရမ်းစားသောက်နေကြတာကို ဂျာနယ်တို့၊ သတင်းစာတို့မှာ တွေ့နေရပါတယ်။
  
အမေဆိုတာ သားသမီးကို နို့ချိုတိုက်ကျွေးသူ၊ သားသမီးကို မြတ်နိုးယုယသူဖြစ်ပါတယ်။ အဖေဆိုတာကတော့ သားသမီးကို စောင့်ရှောက်တတ်သူဖြစ်ပါတယ်။
  
အလှပျက်မှာစိုးလို့ သားသမီးကို နို့မတိုက်တဲ့အမေနဲ့၊ သားသမီးကို မစောင့်ရှောက်တဲ့အဖေတို့ကို မိဘဆိုတဲ့အသိနဲ့ ကျေးဇူးသိတတ်တဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေ အမြောက်အမြားရှိကြသလို ကျကျနန မွေးမြူစောင့်ရှောက်ပါလျက်နဲ့ ကျေးဇူးမသိတတ်တဲ့ သားဆိုးသမီးမိုက်တွေလည်း ပေါမှပေါရယ်။
  
မိဘကို ပြုစုလုပ်ကျွေးခြင်းဆိုတာ ခြေဆေးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ရေချိုးပေးခြင်း၊ စားသောက်ဖွယ်ရာ၊ နေထိုင်စရာ၊ ဆေးဝါးကုသပေးခြင်း၊ အ၀တ်အထည်ဆင်မြန်းပေးခြင်းတို့ ဖြစ်ပါတယ်။
  
မိဘတို့ကို ပြုစုစောင့်ရှောက်လုပ်ကျွေးခြင်းဖြင့် ဘေးရန်ကင်းပုံ၊ အကျိုးခံစားရပုံကို ဟောကြားခဲ့တဲ့ ဇာတ်တော်တွေ ပိဋကတ်တော်မှာ များစွာတွေ့ရပါတယ်။
  
ဆော့ကစားတဲ့အရွယ်မှာ ဖုန်များ အညစ်အကြေးများနဲ့ ပေကျံနေဦးတော့ မြတ်မြတ်နိုးနိုးနဲ့ သားသမီးကို ပွေ့ပိုက်နမ်းရှုပ်တတ်တာ အမေများသာဖြစ်ပါတယ်။
  
"မြင်းမိုရ်တောင်ဦး၊ မကကြူးသား" ဆိုတာဟာ မိဘတို့ဂုဏ်ကို အမှန်တကယ်မြင်သူတို့ ချီးကျူးခဲ့တာပါ။ ရုပ်ဝတ္ထုတို့ အဆန်းတကြယ် တိုးတက်ခေတ်မီလာတဲ့ ယနေ့ခေတ်မှာ ခေတ်ကိုလိုက်ပါရင်းနဲ့ မိဘတို့အပေါ် မေတ္တာစေတနာ အားပျော့လာတာတွေကိုလည်း ရိပ်စားမိကြမယ်ထင်ပါတယ်။
  
"မြစ်ရေမှန်သမျှ ရေချိုများသာဖြစ်ပြီး အမြဲစီးဆင်း၏။ ပင်လယ်သမုဒ္ဒရာသို့ရောက်သွားသော် သောက်မရဖြစ်သွား၏။ မိဘဂုဏ်ကျေးဇူးသည်လည်း ကျေးဇူးတရားနားလည်သူများမှာသာ အမှန်ဂုဏ်ဖြစ်၏။ ကျေးဇူးဂုဏ်ကို မသိသူများသို့ရောက်ပါက အပြစ်သာဖြစ်ရတော့သည်" ဟု နီတိမှာဆိုပါတယ်။
  
သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ်မှစ၍ ရှင်သန်ကြီးထွားစေရန် နည်းမျိုးစုံနဲ့ ပြုစုစောင့်ရှောက်ကြတယ်။ မိခင်က နို့ချိုတိုက်ကျွေးတယ်။ ၀ါးဖတ်ကလေးတွေ ခွံ့ကျွေးတယ်။ အမေရဲ့နှလုံးသားမှ စီးဆင်းတဲ့သွေးဟာ အမေ့မေတ္တာကြောင့် အရောင်နဲ့အရသာပြောင်းလျက် နို့ရည်ဖြစ်တာလို့ ဆိုပါတယ်။
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်။
  
ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး မကင်းကွာဘဲနဲ့ နေကြသလို မိဘများကလည်း သားသမီးတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး မကင်းဆိတ်ဘဲနဲ့ အမြဲနေနိုင်ကြပါသတဲ့။ ထို့ကြောင့် မိဘတို့ကို "ဗြဟ္မစိုရ် နှလုံးသားပိုင်ရှင်များ" လို့လည်း ဆိုပါတယ်။
  
ကိုယ်ဝန်ဆောင်ထားရပြီလို့သိကတည်းက မိဘတို့ဟာ "သားကလေး၊ သမီးကလေးတွေကို ခြေလက်အင်္ဂါပြည့်စုံ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာဖို့ကို မေတ္တာစိတ်နဲ့ ကြိုတင်မျှော်တတ်ကြသတဲ့။ အင်္ဂါခြေလက်ပြည့်စုံစွာနဲ့ မွေးဖွားလာပြီဆိုတော့ မိဘတို့ရဲ့မေတ္တာစိတ်ဟာ တိုင်းဆမဲ့ဖြစ်ကြရသတဲ့။ အကယ်၍ အင်္ဂါခြေလက်မပြည့်စုံတဲ့ သားသမီးဖြစ်ခဲ့ရင်လည်း မေတ္တာမပျက်၊ ကရုဏာဖက်လျက် အသနားပင် ပိုကြရပြန်ရောတဲ့။
  
မွေးကင်းစအရွယ်၊ ပက်လက်စောင်း ယိုင်မထနိုင်တဲ့ နုနယ်မွေးကင်းစအရွယ်မှာ မှက်၊ ခြင်၊ ယင် မသန်းရလေအောင်၊ အအိပ်အနေ မဆင်းရဲရလေအောင်၊ ဆာလောင်မှုမဖြစ်ရလေအောင်၊ ချေးသေးတို့ စိုရွှဲမနေရလေအောင် ကရုဏာနဲ့ စောင့်ရှောက်ကြသတဲ့။ သားသမီးငိုသံကြားတယ်ဆိုရင်ပဲ ကြားတဲ့နေရာကပြေးလာတာ အမေပါ။ ကရုဏာက တိုက်တွန်းလို့ဖြစ်ပါတယ်။
  
ပြေးနိုင်၊ လွှားနိုင်၊ ဆော့ကစားနိုင်တဲ့အရွယ်၊ အတတ်ပညာ ပြည့်စုံတတ်မြောက်၊ စီးပွားဥစ္စာလည်း ကုံလုံကြွယ်ဝတဲ့ သားသမီးတို့ကို မုဒိတာနဲ့ကြည့်ပြီး ကြည်နူးကျေနပ်နေကြတာကလည်း မိဘများသာ ဖြစ်ပါတယ်။ သားသမီးတို့ ပြည့်စုံခြင်းကို မရှုဆိတ်တဲ့မိဘဆိုတာ လောကမှာမရှိပါ။
  
တစ်အိုးတစ်အိမ်ထူထောင်ပြီး၊ တသီးတခြားဖြစ်သွားတဲ့ သားသမီးတို့ကိုကြည့်ကာ "ငါ့သားကလေး၊ ငါ့သမီးကလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပေပြီ အသက်မွေးဝမ်းကျောင်းနိုင်ပေပြီ" လို့ ကျေနပ်စွာနဲ့ ကြည့်ရှုတဲ့သဘောလည်းဖြစ်ကြသတဲ့။ ဒါကြောင့် "မိဘဆိုတာ ဗြဟ္မာကြီးတွေနဲ့တူတယ်လို့" ဟောခဲ့တာပါ။
  
သားသမီးတို့က အသက်ကြီးသွားတဲ့မိဘတို့ကို ပြန်လည်တုံ့ပြန်ကျွေးမွေးရမယ်။ မိဘတို့ရဲ့ကိစ္စကြီးငယ်အသွယ်သွယ်ကို စိတ်ပါဝင်စားစွာနဲ့ လိုက်ပါဆောင်ရွက်ကြရမယ်။ မိဘတို့ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်ကို ခံစားထိုက်တဲ့သားလိမ္မာ။ သမီးလိမ္မာလေးများဖြစ်ကြရမယ်။ မိမွေဖမွေတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စွမ်းရှိကြရပါမယ်။ (မိဘက ဒါန၀တ်ရှိခဲ့ရင် အဲဒီဒါန၀တ်ကိုမပျက်စေရပါဘူး။) ကွယ်လွန်သွားတဲ့ မိဘတို့ကို ရည်ညွှန်းပြီး ကုသိုလ်ပြု၊ အမျှပေးဝေကြရပါမယ်။
  
မသေခင်မိဘကို ကျွေးရမယ်။ သေမှငိုနေလို့ အကျိုးမထူးဆိုတာကို သိကြပါတယ်။ အိမ်ဦးခန်းမှာ အိမ်မှာမိဘရှိနေတာကိုက ကျက်သရေရှိတယ်လို့ လက်ခံထားကြတဲ့ လူမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်ဒုံးယိမ်းကသလိုမျိုး တစ်မိသားစုလုံး လှုပ်ရှားနေကြရတဲ့ ဒီခေတ်ကြီးမှာ မိဘကိုစိတ်တိုင်းကျပြုစုဖို့ရာမှာ အခွင့်မသာ၊ အခါမသင့်ဖြစ်နေကြရရှာပါတယ်။ အမေကိုရှိခိုးပြီးမှအိပ်၊ အဖေကိုရှိခိုးပြီးမှအိပ်၊ မိဘရှေ့မှာ အနေအထိုင် ဂါရ၀ရှိပါစေ။ ကုန်းပြီးတော့သွား၊ ရိုသေနှိမ်ချပြောဆိုကြဆိုတဲ့ အလေ့အကျင့်ကောင်းတွေ ဒီကနေ့ခေတ်မှာ မတွေ့ရသလောက်ဖြစ်လာပါတယ်။ "အမေနေ့" တရားပွဲများပင် ယခုမရှိတော့၊ အထူးတရားပွဲဆိုပြီး လုပ်နေကြလေရဲ့။
  
အခြေအနေအရ မိဘကို ကျေးဇူးမဆပ်နိုင်ကြသေးပေမယ့် ကျေးဇူးတော့ မကန်းကြနဲ့၊ မိဘကို မျက်ရည်တစ်စက်ကျစေခြင်းဟာ သားသမီးတစ်သက်လုံး ဆင်းရဲစေဖို့ဖြစ်ပါသတဲ့။ မိဘကိုစော်ကားတဲ့သားသမီး မြေမျိုတတ်တယ်လို့ပင် ရှေးက အယူအစွဲရှိကြပါတယ်။
  
မိတ္တ၀ိန္ဒကအမည်ရသူဟာ ပင်လယ်ခရီးကို မသွားရန်တားနေတဲ့ အမေ့ရင်ဝခြေထောက်နဲ့ စုံကန်ထွက်ခဲ့လို့ ပင်လယ်ပြင်မှာပင် မုန်တိုင်းမိပြီး ဒုက္ခရောက်ခဲ့ရတယ်။ အဆုံးမှာတော့ ဦးခေါင်းကိုခွဲတဲ့ငရဲပန်းကို ရွှေပန်းထင်ပြီး ခေါင်းပေါ်ကို ကိုယ်တိုင်တင်ထားတာ သွေးစိမ်းရှင်ရှင်ထွက်ပြီး ပြင်းထန်စွာခံစားရပါတယ်။
  
သားသမီးဘ၀မှာ သားကောင်းသမီးမွန် မဖြစ်ခဲ့သူများဟာ မိဘဖြစ်တဲ့အခါ သားဆိုးသမီးဆိုးနဲ့ ကြုံရတတ်ပါတယ်။ ကာလ၀ိပါက် နောက်ပိုးတက်လို့ ဆိုတယ်မို့လား။
  
မိဘရဲ့မေတ္တာကို အေးမြတဲ့ရေစင်နဲ့နှိုင်းယှဉ်ဖွဲ့ဆိုသလို ဂုဏ်ကျေးဇူးကို ခြေဖျက်တတ်တဲ့ သားသမီးဆိုးတို့အတွက် မိဘတို့ဟာ မီးနဲ့လည်း ဥပမာပေး ဆုံးမတော်မူခဲ့ပါတယ်။ မီးဟာ ရိုသေစွာသုံးစွဲသူတို့အတွက် အကျိုးပြုသလို မရိုမသေပေါ့ဆစွာ သုံးစွဲသူများအဖို့ လောင်ကျွမ်းခြင်းကို ဖြစ်စေပါတယ်။ သို့နှယ် မိဘတို့အပေါ် ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း စော်ကားရင်တော့ ပစ္စုပ္ပန်မှာ ကသိကအောက် ဒုက္ခရေက်ကြရသလို သံသရာမှာလည်း ငရဲစတဲ့ဆိုးရွားတဲ့ ဘ၀တို့၌ ကျရောက်စေနိုင်ပါတယ်။
  
အရှင်မောဂ္ဂလာန်ဟာ ဘ၀တစ်ကွေ့မှာ မိဘကို ကိုယ်တိုင်ရိုက်သတ်ခဲ့တဲ့ပြစ်မှုကြောင့် နောက်ဆုံးတန်ခိုးရှင် ရဟန္တာအဖြစ်ရောက်သည့်တိုင်အောင် လူအရိုက်ခံရပြီး ပရိနိဗ္ဗာန် စံဝင်ခဲ့ရပါတယ်။ ငရဲကျရုံမျှမက သံသရာတစ်လျှောက်လုံး လူအရိုက်ခံရပြီး သေခဲ့ရပါတယ်။ ကံကြီးထိုက်ရင် ပရိတ်ရဲ့စွမ်းရည်ကိုပင် မခံစားရပါဘူး။
  
ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါးကို ဆွမ်းခံကျွေးနေတဲ့ ရဟန်းတစ်ပါးကို ရဟန်းအများစုက ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ ဆွမ်း၊ ဆွမ်းဟင်းကို မိဘတို့ကို ကျွေးရသလားလို့ ကဲ့ရဲ့ကြပေမယ့် မြတ်စွာဘုရားက သာဓုခေါ်တော်မူပြီး ဗုဒ္ဓကိုယ်တော်တိုင် မိဘကိုမြတ်မြတ်နိုးနိုးနဲ့ ပြုစုစောင့်ရှောက်တဲ့အကြောင်း သုဝဏ္ဏသျှံဇာတ်တော်ကို ဟောကြားခြင်းဖြစ်ပါတယ်။
  
သုဝဏ္ဏသျှံ ဇာတ်တော်မှာ မြားဆိပ်သင့်နေတဲ့ အလောင်းတော်ကို လာရောက်ကူညီတဲ့ ဗဟုသုန္ဒရီနတ်သမီးဟာ လွန်ခဲ့တဲ့ ခုနစ်ဘ၀က အမေတော်ဆပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သေအံ့မူးမူးဖြစ်နေတဲ့ အလောင်းတော်ရဲ့ ကိုယ်အနှံ့ပျံ့နှံ့နေတဲ့ မြားဆိပ်ကို သစ္စာဆိုခြင်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မိခင်ဟောင်းနဲ့ မိဘနှစ်ပါးတို့ သစ္စာဆိုကြတဲ့ စကားတွေထဲမှာ "သုဝဏ္ဏသျှံဟာ မိဘကို အမှန်ပြုစုလုပ်ကျွေးနေသူ ဖြစ်ပါတယ်။ ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တက်နေတဲ့ အဆိပ်လျှောကျပါစေ" လို့ ဆိုကြခြင်းဖြစ်ပါတယ်။ ဇာတ်တော်အလို မိဘကို ပြုစုလုပ်ကျွေးခြင်းနဲ့ မိဘတို့သစ္စာပေါင်းစပ်ပြီး အဆိပ်သင့်ခြင်းကို ဖယ်ရှားဖျောက်ဖျက်နိုင်စွမ်းရှိတာကို မှတ်သားရပါတယ်။ မေတ္တသုတ်မှာ မေတ္တာကို အမေ့နဲ့တူတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
  
မိဘမေတ္တာနဲ့ နှိုင်းယှဉ်ရင် မြေကြီးရဲ့ကျယ်ပြန့်ခြင်းဟာ ၀ါးရွက်လောက်ပဲရှိသတဲ့။ မြင်းမိုရ်တောင်ရဲ့ မြင့်မားခြင်းဟာ နွားဦးချိုမျှဖြစ်သတဲ့။ မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ နွားခြေရာခွက်ထဲက ရေလောက်သာရှိသတဲ့။ မိဘတို့ရဲ့ မေတ္တာဟာ ရေထုမြေထုတို့ထက်မက ကြီးကျယ်သတဲ့။ အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ခြင်း ဖြစ်ပါသတဲ့။
  
မိဘများရဲ့ကျေးဇူးကို ကျေအောင်ဆပ်ဖို့ရာမှာတော့ မိဘတို့ကို သီလဆောက်တည်ဖြစ်အောင်၊ လှူဒါန်းဖြစ်အောင်၊ ရတနာမြတ်သုံးပါးကို ဆည်းကပ်ဖြစ်အောင်၊ ပညာတိုးစေဖို့ တရားနာ၊ တရားအားထုတ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ကြရပါမယ်။ သို့မှသာ ကျေးဇူးအကျေအမြတ်ဆုံး ကျေးဇူးဆပ်နည်း ဖြစ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးဂုဏ်ကို သိမြင်ကြတဲ့ သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းနဲ့ ကျေးဇူးဆပ်ကြပါတယ်။ အဲလိုကျေးဇူးသိခြင်းကို ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းကြပါတယ်။ ဒါ့အပြင် သေရင်လည်း အာရုံကောင်းတွေနဲ့ ပေါင်းစုရတဲ့ အထက်တန်းဘ၀တို့သို့ ရောက်ကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့ပါတယ်။ သားသမီးတိုင်း မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိကြတဲ့သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ-ဟူ၍သာ။

အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)