Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, January 6, 2015

အနှိုင်းမဲ့ မေတ္တာ"မေမေ"ကဗျာ


အနှိုင်းမဲ့ မေတ္တာ"မေမေ"ကဗျာ


ငါတို့ စား၊၀တ်၊နေရေးအတွက် ..

ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။
သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။
ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။
သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ
သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။
ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ
ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။
စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။
သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။
သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ
အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်
နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။
အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တဝေေ၀
လင်ဆိုးမယား တဖားဖား
သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ
အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။
ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။
အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမြေ့ပုံးနိုင်ပါစေ ။ ။

(လမင်း)


Friday, March 14, 2014

သာသနာ့ကျွန်


သာသနာ့ကျွန်


ငါသည် ………………
သံသရာအဆက်ဆက်
ဘဝအဆက်ဆက်မှ စ၍
ဇနီး မယားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
သမီး သားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ပစ္စည်း ဥစ္စာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
တဏှာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကိလေသာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကာမဂုဏ်ကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။

ယခု ဘဝဝယ်……….
ဇနီး မယားကျွန် မဖြစ်လို
သမီး သားကျွန် မဖြစ်လို
ပစ္စည်း ဥစ္စာကျွန် မဖြစ်လို
တဏှာကျွန် မဖြစ်လို
ကိလေသာကျွန် မဖြစ်လို
ကာမဂုဏ်ကျွန် မဖြစ်လို။
ဘုရားကျွန်သာ ဖြစ်လို၏။
တရားကျွန်သာ ဖြစ်လို၏။
သံဃာ့ကျွန်သာ ဖြစ်လို၏။
ရတနာသုံးပါးကျွန်သာ ဖြစ်လို၏။
သာသနာ့ကျွန်သာ ဖြစ်လို၏။

ဇနီး မယားဝန်ထမ်း မဖြစ်လို
သမီး သားဝန်ထမ်း မဖြစ်လို
ပစ္စည်း ဥစ္စာဝန်ထမ်း မဖြစ်လို
တဏှာ ဝန်ထမ်း မဖြစ်လို
ကိလေသာ ဝန်ထမ်း မဖြစ်လို
ကာမဂုဏ် ဝန်ထမ်း မဖြစ်လိုတော့
ဘုရား ဝန်ထမ်းသာ ဖြစ်လို၏။
တရား ဝန်ထမ်းသာ ဖြစ်လို၏။
သံဃာ့ ဝန်ထမ်းသာ ဖြစ်လို၏။
ရတနာသုံးပါး ဝန်ထမ်းသာ ဖြစ်လို၏။
သာသနာ့ ဝန်ထမ်းသာ ဖြစ်လို၏။

သာသနာ့ ဝန်ကို ထမ်းသော သာသနာ့ဝန်ထမ်းဟူသည်
ကိုယ်ကျိုးစွန့်လျှက် သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်ရခြင်းဖြစ်၏။
သာသနာတော် အကျိုးအတွက်လည်းကောင်း၊ သာသနာကို ယုံကြည်ကိုးကွယ်ကြသော လောကလူများအကျိုးအတွက်လည်းကောင်း ထမ်းပိုး ရွက်ဆောင်ခြင်း ဖြစ်၏။
သာသနာ့ ဝန်ထမ်းခြင်းသည် မေတ္တာဝန်ထမ်းဖြစ်၏။
မေတ္တာဝန်ကို ထမ်းရခြင်းသည် မလေး။ ပေါ့ပါး၏။
မေတ္တာဝန်ထမ်းသည် အကျိုးအမြတ်ကို မမျှော်ကိုး။
မေတ္တာဝန်ထမ်းရခြင်းကြောင့် မောပန်းခြင်းလည်း မရှိ။ မောပန်းရမှန်းလည်း မသိပေ။
မေတ္တာဝန်ထမ်းနေရသည်ကိုပင် ပျော်ရွှင်နေ၏။ ဆုထူးဆုမြတ်ကြီး ရသည့်နှယ်တည်း။

ထို့ကြောင့်…ငါသည်
လူတို့နေရာ ကာမဂုဏ်တောမှ ထွက်ခွါ၍ (ကာမဂုဏ်မှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
အိမ်ယာတည်ထောင် လူတို့ဘောင်မှ ထွက်ခွါ၍ သာသနာတော်မှာ အခြေချပါမည်။
တဏှာတောမှ ထွက်ခွါ၍ (တဏှာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
ကိလေသာတောမှ ထွက်ခွါ၍ (ကိလေသာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
သာသနာတော်မှာ နေထိုင်ပါမည်။ သာသနာတော်မှာ ရဟန်းဘဝဖြင့် ထာဝရ ပေးဆပ်နေပါမည်။
ရဟန်းဘဝဖြင့် သာသနာ့တာဝန်ကို ဦးလည်မသုန် ထမ်းရွက်ပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပရိယတ်တာဝန်ကို တတ်စွမ်းသမျှ ပို့ချပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပဋိပတ်တာဝန်ကို စွမ်းအားရှိသမျှ အားထုတ်ပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။

အမေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
အဖေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
ညီ အစ်ကို မောင် နှစ်မ တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ဆွေမျိုး တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
သီရိဂေဟာ တည်းဟူသော အိမ်သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ကာမဂုဏ် အပျော်အပါးတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
တဏှာ ရမ္မက်တည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
မသိမှု အဝိဇ္ဇာတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။

ကိလေသာမိုးများ အဆက်မပြတ်ရွာနေသော လူတို့ နေရာ “ရွာ”မှ ထွက်ခွါ၍
ထိုကိလေသာများကို အမြဲထိန်းကျောင်းနေသော “ကျောင်း”မှာ ထာဝရ နေထိုင်ပါမည်။
ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် ရစ်ပတ်နှေင်ဖွဲ့ကာ ဘောင်ခတ်ထားသောကြောင့် အိမ်ဟူသော ထောင်ကို (အိမ်ထောင်ပြုခြင်းကို) ကျောခိုင်းကာ ဆန့်ကျင်ဘက်ဖြစ်သော ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် နှောင်ဖွဲ့ခြင်းမှ လွတ်အောင် ရုန်းထွက်ပါမည်။
“အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘဝ ဝဋ်ဘောင် အလွတ်ရှောင်သူတို့၏ ဘဝသည် လွင်တီးခေါင်လို ကျယ်ဝန်း၏"တဲ့။
ထို့ကြောင့် ငါသည် အနှောင်အဖွဲ့များသော လူ့ဘဝ ဝဋ်ဘောင်ကို ခွါရှောင်၍ လွတ်လပ်သော လွင်တီးခေါင်နှင့် တူသော ရဟန်းဘောင်မှာ ထာဝရ အခြေချပါမည်။

သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ကျော်ကြားလို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် အောင်မြင်လို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ဂုဏ် ပကာသနကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရွှေငွေစသော လာဘ်လာဘတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် လူအများ၏ အကြည်ညို အပူဇော်ခံလို၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရာထူး အာဏာတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်၏ အံ့ချီးဖွယ်ရာ အကျိုးတရားကိုမြင်၍ အရာရာကိုစွန့်လွှတ်ကာ ကျောခိုင်းကာ သာသနာ့ကျွန်အဖြစ် ကျေကျေနပ်နပ် ခံယူခြင်းပါတည်း။

ငါသည် သာသနာကျွန်အဖြစ် ခံယူကာ……
နိစ္စ (မြဲခြင်း)ကို ရှောင်ခွါ၍ အနိစ္စ(မမြဲခြင်း)ကို တွေ့အောင် ကြိုးစားပါမည်။
သုခ (ချမ်းသာ)ကို ကျောခိုင်း၍ ဒုက္ခ (ဆင်းရဲ)ကို သိအောင် ကြိုးစားပါမည်။
အတ္တ (ငါ)ကို စွန့်ခွါ၍ အနတ္တ (ငါ မဟုတ်ခြင်း)ကို နှလုံးသွင်းကာ ပွါးများ အားထုတ်ပါမည်။
ငါ(အတ္တ) အများဆုံးမှ ငါ(အတ္တ) အပါးဆုံးဖြစ်အောင် ကြိုးစားပါမည်။
လောဘ (အလိုကြီးခြင်း)ကို ပယ်ခွါ၍ အလောဘ (လိုနည်းခြင်း)နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
ဒေါသ (ကြမ်းတမ်းခြင်း)ကို ပယ်ခွါ၍ အဒေါသ (အေးမြခြင်း) (မေတ္တာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
မောဟ (မသိခြင်း)ကို ပယ်ခွါ၍ အမောဟ(အသိဉာဏ်) (ပညာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။

သင်္ခတ တရားတို့မှ လွတ်မြောက်ရာ အသင်္ခတ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ဝဋ်သုံးပါးမှ ကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ရာဂကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
အိုခြင်းမရှိသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သေခြင်းကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာကင်းဝေး ငြိမ်းအေးသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာမှ စင်ကြယ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
လောကသုံးပါး၏ ကုန်ဆုံးရာ နိဗ္ဗာန် ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကာမဂုဏ်မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။
သံသရာဝဲသြဃမှ ထွက်မြောက်၍ ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။

ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဖြန့်ဝေပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ရေးသားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် သင်ကြားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဟောပြောပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။

အရှင်ဥက္ကံသ 
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)




Sunday, May 5, 2013

တို့တိုင်းပြည်


တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။


ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း၊

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။

ဆရာဇော်ဂျီ

မိမိဘာသာ၊ သာသနာ အဓွန့် ရှည်တည်တံ့စေဖို့ 
အားလုံးကိုယ်စီ ကြိုးစားကြပါစို့ ။
photo - Artist U Ba Khine

မေတ္တာဖြင့် 
အနှိုင်းမဲ့စာတိုပေစများ

Tuesday, March 12, 2013

မိဘဆွေသို့ တိုင်တည်ခြင်း


မိဘဆွေသို့ တိုင်တည်ခြင်း

ဇာတိဋ္ဌာနေ ၊ မွေးရပ်မြေရှိ
မေမေ ဖေဖေ ကိုကို မမ မောင် ညီမတို့
သာမာစေကြောင်း ဆုပန်တောင်းရင်း သမီးရင်မှ ခံစားရသည့်
သောကဆိုပါ ဝေဒနာကို ကြေငြာပါရစေ ချစ်မေမေ
တပြည်တစ်ရွာ ငွေရှာကြောင်းပြ သွေခွာရမှ
မိဘမေတ္တာ ရင်မှနားလည် အသိကြွယ်သွား သမီးသားမှာ
မေမေ့ရှုမငြီး ဒီသမီးလဲ ..ပါပြီးခဲ့ပါပြီ မေမေ..

ချစ်သောမေမေ ချစ်မေမေရေ…
သမီးရောက်နေ တပါးမြေသည် မိုးထိမြင့်မား တိုက်ကြီးများနဲ့
လွန်အားကျဖွယ် လောကလယ်မှာ ဂုဏ်မြင့်ကြွယ်သလောက်
သမီးတို့ မြေ သမီးတို့ ပြည်က အခြေနိမ့်ကျ ဂုဏ်ငယ်ရတာ
ဘာကြောင့်ဘယ်လို သိချင်ပိုမိပါတယ် မေမေ

သူ့ပြည်သူတွေ ဘယ်လိုနေနေ ဘာတွေလုပ်လုပ် ဟုတ်နေချိန်မှာ
မြန်မာကလာ သမီးတို့မှာတော့ မျက်နှာငယ်ငယ် ရှက်စဖွယ်ပါ
သူ့နိုင်ငံသား သွားထိပါးရင် ကျီးများလိုပြုံ ဝိုင်းစုအုံကာ
ရန်ပြုလာသလို …ရဲဆိုတာလဲ သူ့ဘက်ပဲလေ ..
တစ်စုံတရာ ရေးကြုံလာ၍ ရဲမှာကူညီ တောင်းပြီဆိုလဲ
ဒီရဲ ဒဏ်ပါ …ပိုခံရပြန် ဒါလောကဓံလားမေမေ
ဥပဒေ ဥပဒေ ဆိုကြလေလဲ သူ့နိုင်ငံသား အကျိုးများသာ ကွယ်ကာမှုပေး
အဝေးမှသူ ကိုယ့်လိုလူကို ဘယ်မူနဲ့မှ မကာကွယ်ပေးကြဘူးမေမေ ..

တခုခုဆို  ဘယ်ကိုအားကိုး ဘယ်လူမျိုးကို
မှီခိုနေရင်း ဘယ်လိုရှင်းရမယ်ကို မသိတာပါ မေမေ
အလုပ်အားရက် အပြင်ထွက်လဲ ၊ကိုယ့်လက်ထဲမှာ၊ ဘာတွေပါစေ
ရဲဆိုတာတွေ ၊ ကြောက်နေရတယ် မေမေ ၊
တရားဝင်စာအုပ် ၊ သူတို့ထုတ်ပေး ၊ ကဒ်ကလေးပြ ဖြေရှင်းပါ့လဲ
အနဲနဲ့အများ ငွေစလေးကတော့ ပေးခဲ့လိုက်ရတာပဲ မေမေ

တစ်ချို့ဆိုလေ ငွေပေးမရ ရှင်းမရနဲ့ ၊
ရုန်းရင်းကန်ရင်း ၊မာယာပြင်းသည့်
ရဲ လက်တွင်းထိ ၊သက်ဆင်းရတာတွေလဲ ၊မနဲပါဘူးမေမေ
ရဲနဲ့ တွေ့လို့ ၊ ကိုယ့်အဖို့မှာ ၊ပေးစရာငွေ၊
မပါလေတော့၊ ပါတာ ယူထား၊ ဒီအကျင့်များဟာ ၊
ဥပဒေလို့ ပြောရမှာလား  မေမေ။

အလုပ်ရှင်ဘက် တချက်လှည့်ကြည့်
ငွေပဲ သိကာ ညှာတာမှုကင်း သနားခြင်းဝေး မေတ္တာပေးသှူရှားတယ် မေမေ..
မြန်မာသို့ကဲ့  လူမှုရေးငဲ့
ကူတဲ့ သူဋ္ဌေး ..အတော်လေး ရှားတယ် မေမေ ၊
နေ့ရက်ခါကြီး အများနည်းတူ လုပ်ပိတ်မူလဲ
အိမ်ထဲမှာသာ ချိန်ကုန်ရတာ များပါတယ်မေမေ ..

ပြင်ပသွားလာ သုတရှာဖို့ ၊ နွမ်းနေ လန်းစေ ၊ အပန်းဖြေဖို့ ၊
ကျောင်းတွေ သွားလာ ကုသိုလ်ရှာဖို့ ၊ သမီးတို့မှာ မရှိပါဘူး ၊
နေထွက်နေဝင်  လုပ်ငန်းခွင်မှာ ၊
ချိန်ကုန်လူနွမ်း ကြိုးပမ်းနေရ ၊ ဘဝဆိုတာ ဒါပဲလား မေမေ
တခါတလေ အားရက်တွေမှာ
မြို့ထဲလှည့်ပြီး ကုန်တိုက်ကြီးများ မောကြီးများဆီ
ရောက်ခဲ့သည်ရှိ ဒါပေမည့်လည်း ရှိသည့်ငွေအား
လွန်နဲပါးတော့ ၊ ငေးခါ မောခါ ၊ ပြန်ခဲ့ရပါတယ် မေမေ

ဖြူ ပြာ နီ ဝါ ၊ ရောင်စုံဖြာနေ၊ လူငယ်တွေရဲ့  ၊သုံးဆောင်ပစ္စည်း
အသီးသီးကြည့် တွေးသိမိတယ်၊ ခေတ်နဲ့အညီ ၊ ပေါ်လာ ပစ္စည်း ၊
အသီးသီးဟာ ၊ သမီးတို့လို၊  ဘဝသမား ၊အလုပ်သမားတို့အတွက် ၊
အိမ်မက်လေးတောင် ၊ မဟုတ်ခဲ့နိုင်ဘူးလား မေမေ ..
သူများတွေမှာ၊ တိုက် တာ အိမ် ကား ၊စီးစိမ်များနဲ့ ပျော်ပါးမော်ကြွား
 ကုသိုလ်ပွားနေ အချိန်တွေဆို  ၊ငယ်စဉ်ကာလ ၊ကလေးဘဝက
 ပျင်းနေခဲ့မိတာကို ၊ နောင်တရလိုက်မိတာ ၊ အလွန်ပါပဲ မေမေ

သူ့တို့ဋ္ဌာနေ ၊သူတို့မြေမှာ ၊သူစေရာသွား၊ သူထားရာနေ  ၊
သူပေးမှ ရ ၊ သူတို့  ခ နေရလို့ ..သမီးတို့ဘဝ  ဒီကာလမှာ  ၊မာနဆိုတာ
ဘာမှန်းကို မသိရတော့ပါဘူးမေမေ `
မိဘအိမ်မှာ ၊နေချိန်ခါက ၊သွားလိုရာသွား စားလိုစားပြီး ၊
အချိန်တွေပို  ၊ နေချင်သလို နေ၊ ဖေမေ စကား ၊
နားမှာမထောင် ၊ ယောင်ခဲ့မိသမျှ ၊ ခုတော့ နောင်တတွေပေါ့ မေမေ

ဒါပေမဲ့လည်း ၊သမီးနဲ့ မတူ ၊
တချို့မူကား ၊ရမ်းးကြွားတာကြိုက် ၊ဆန်းပြားကြိုက်နဲ့ ၊
လမ်းသလားကြိုက်ပြီး၊ လမ်းမှားလိုက်နေတာတွေလဲ ရှိတယ် မေမေ ။
ချစ်သောဖေဖေ ချစ်မေမေရေ ..
သမီးတို့သင်ထား ၊ ပညာများဖြင့် ၊ ရှိသည့်ခွန်အား ၊ စွမ်းပကားဖြင့် ၊
သမီးတို့မြေ    ၊ ပြည်သူတွေကို ၊လုပ်ကျွေးနိုင်ခွင့် ၊ရနိုင်သင့်လျှက်၊
ခုဖြင့်တောမူ၊ တပါးသူကို ၊ ကြည်ဖြူနေရ ကိုယ့်ဘဝကို ၊ ဘယ်လို ကျေနပ်ရမလဲ မေမေ

ကိုယ့်ကိုမွေးထား တိုင်းပြည်အားလျှင်
ကိုယ်အား ညာဏ်အား စွမ်းပကားနဲ့ တုန့်အား မရှိ ..
တိုင်းတပါးတွေ လုပ်ကျွေးနေရ  ၊ ဒါ သဘာဝကျသလားလေ …မေမေ
ကိုယ်မွေးဖွားရာ ၊ စာ သင်ရာနှင့်
များစွာကျေးဇူး ရှိခဲ့ဖူးသည့်  မွေးမြေကိုကျော်
တိုင်းတပါး ပျော်ဖို့ဆိုတာ ၊ မလွယ်ပါလား မေမေ

အစိုးရမင်း ၊ လူကြီးမင်းတို့ ၊ ဒီချင်းရာတွေ ၊ တွေးသိလေပြီး ၊
ကိုယ့်ပြည်ကောင်းရေး ၊ဦးစားပေးကာ၊ ပြင်သင့်တာပြင် ၊ ပြောင်းသင့်တာပြောင်း ၊၊
တစ်စ တစ်စကောင်းရင် ၊ ချိန်မနှောင်းသေးလို့
သမီးတို့ဆန္ဒ ၊ ဘဝအလှည့်အပြောင်း ကောင်းထက်ကောင်းမယ် ထင်ပါရဲ့ မေမေ။
ကိုယ့်ပြည်မြန်မာ  ကိုယ့်ရပ်ရွာမှာ ၊ ငွေရှာဖို့လွယ် လုပ်ပေါမယ်ဆို
မိဘဝေးရာ တပြည်ရွာကို ဘယ်မှာ ပျော်မလဲ .. ရင်ထဲလွမ်းတယ် မေမေရယ်
သမီးတို့အဖြစ်  ရင်ဖွင့်လစ်လို့  စိတ်ညစ်တာများ ဖြစ်မသွားနဲ့
အားသာချက်တွေလဲ အများကြီးပါ မေမေ

ကိုယ့်ဒေသမှာ  ဘယ်မျှအားထုတ် အလုပ်လုပ်လဲ ရာသီမကောင်း လုပ် မကောင်းတော့
ငွေလဲ မမြင် ရွှေမကြင်ရ ..ဒီမှာကတော့ ရနိုင်ပါတယ် မေမေ
ကိုယ့်ဆီမှာလေ မီးရေခက်ခဲ လမ်းခက်ခဲနဲ့ ခက်ခဲမျိုးစုံ ဘယ်သို့ကြုံလဲ
သူ့ပြည်မှာတော့ မီးလဲ မပျက် ၊ ရေမခက်ဘူး ၊ လမ်းဘက်ကြည့်လိုက်
ခွက်ချိုင့်မရှိ ၊ ချောမောဘိခြင်း ၊  တွေးမိလျှင်းစဉ်
ရင်မှာနာကျဉ်း၊ မျက်ရည်စီးတယ် …သောက မီးတွေ ပေါ့ မေမေ

သမီးတို့ရဲ့  အဖြစ်ငဲ့ပြီး  ၊ ကျန်ခဲ့သူတွေ ၊ မှာချင်ပေရဲ့
ငယ်စဉ်အခါ  ၊မသင်ပညာ ၊ ယောင်ချာချာသည် ၊ နောင်ခါ ဘဝ ခက်ခဲရပြီး
ဘယ်ဆီရောက်ရောက် ၊ သူများနောက်နား နေရညားမယ်
အခက်ခဲအောက် ဒူးထောက်ရှုံးပေး ချမ်းသာဝေးမယ် တွေးသိကွယ်လို့…
သမီးတို့ကြုံ  ၊အဖြစ်စုံ သည်  သင်ခန်းစာအသွင် ပြေားနိုင်ရင်ဖြင့်
နောက်လူကောင်းရေး ပညာပေးမို့  မောင်လေးညီမ
ငယ်ခါကပင် အပျင်းမယှဉ် ပညာသင်ဖို့ ပြောပြလို့ပေးပါ ချစ်မေမေ

နောက်ဆုံးမှာတော့ ၊ သမီးနေရာ ၊ တိုင်းတပါးမှာသို့ ၊ 
ကိုယ့်ပြည်ကိုယ့်ရွာ ၊ သာယာစေကြောင်း ၊ ဆုပန်တောင်းရင်း ၊ 
ရင်တွင်းဝေဒနာ ..ရင်ဖွင့်လွှာကို ၊ နိဂုံးချုပ်ပါရ စေ မေမေ…

အဝေးတနေရာ မှ မေမေ ဖေဖေတို့ရဲ့  ချစ်သမီး
ဇေယျသုခ အရှင်နန္ဒဝံသ
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃

(အမေရိကန်မှ အပြန် ဒူဘိုင်းနှင့် ဘန်ကောက်သို့ ခေတ္တရောက်ရှိစဉ် ကြားသိမြင်ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ခံစားရေးဖွဲ့ပါသည်။  မေမေ ဆိုတဲ့ နေရာလေးမှာ ကိုယ်ချစ်သော ဘိုးဘိုးဘွားဘွား မေမေ ဖေဖေ ကိုကိုမမ စသည်ကိုလဲ ကိုယ်စားပြု ဖြည့်သွင်း ခံစားပေးပါရန် ……….)
နောက်ဆုံးမှာတော့ သမီးတို့ကို  ထောက်ပြဆိုကာ နောက်လာနောက်သား ညီ ညီမများကို သင်ခန်းစာပေး ပညာပေးပါ။

Thursday, April 26, 2012

အဖေ ဆိုတာ.....


                                                                      အဖေ ဆိုတာ...

အသက် ဆယ့်တစ်နှစ်အရွယ်ရှိတဲ့ ကောင်မလေးတစ်ယောက်က တစ်နေ့မှာ သူ့ အဖေကိုမေးတယ် ။
“ ဖေဖေ သမီး ရဲ့ ဆယ့်ငါးနှစ်မြောက်မွေးနေ့မှာ
သမီးကို ဖေဖေ ဘာလက်ဆောင်ပေးမလဲဟင် ”
သူ့အဖေကပြန်ပြောတယ် ။
“ အချိန်အများကြီးကျန်ပါသေးတယ်သမီးရယ် ”

ကောင်မလေး အသက် ၁၄ နှစ်ရောက်တဲ့အခါမှာ
ကျန်းမာရေးမကောင်းလို့ သတိလစ်ပြီး ဆေးရုံတင်လိုက်ရတယ် ။
ဆရာဝန်က ကောင်မလေးအဖေကို ကောင်မလေးရဲ့
ဆိုးရွားတဲ့ နှလုံးအကြောင်းနဲ့ မကြာခင် သေဆုံးတော့မှာဖြစ်ကြောင်းပြောပြလိုက်တယ် ။
ကောင်မလေးက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေရင်း သူ့အဖေကိုပြောတယ်။
“ ဖေဖေ ....သူတို့ပြောသလိုပဲ သမီးတကယ်သေမှာလားဟင် ”
ကောင်မလေးအဖေက ငိုကြွေးနေရင်းနဲ့ပြန်ပြောတယ်။
“ မဟုတ်ပါဘူးသမီးရယ် သမီးက အသက်ဆက်ရှင်သန်မှာပါ ”
ကောင်မလေးကပြန်မေးတယ် ။
“ ဖေဖေက ဘာလို့အဲဒီလိုပြောနိုင်တာလဲဟင် ”
ကောင်မလေးအဖေက တံခါးဖက်ကို မျက်နှာမူလိုက်တယ် ပြီးတော့ ပြောတယ်
“ ဖေဖေ သိတာပေါ့ကွယ် ”

ကောင်မလေး အသက် ၁၅ နှစ်ရောက်ရှိလာခဲ့တယ် ။
သူမ နေလည်းပြန်ကောင်းလာခဲ့တယ် ။
ပြီးတော့ သူမ ခေါင်းအုံးအောက်မှာထားတဲ့ စာတစ်စောင်ကိုရှာဖို့အတွက် ဆေးရုံကနေအိမ်ကိုပြန်လာခဲ့တယ် ။
စာထဲမှာရေးထားတာကတော့
“ ချစ်လှစွာသော သမီးရေ သမီးဒီစာဖတ်နေတဲ့အချိန်မှာ အရာအားလုံးဟာ ဖေဖေ ပြောခဲ့သလိုကောင်းမွန်စွာ ဖြစ်ခဲ့တယ်မဟုတ်လား
ဟိုး လွန်ခဲ့သော နှစ်တွေရဲ့ တစ်ရက်က သမီးဖေဖေ့ကိုမေးခဲ့တယ် ဆယ့်ငါးနှစ်မြောက်မွေးနေ့ပွဲမှာ ဖေဖေ ဘာပေးမလဲလို့လေ ။
အဲဒီတုန်းက ဖေဖေ မသိခဲ့ဘူး အခုတော့ ဖေဖေ သိသွားပါပြီ
သမီးအတွက် အဖေ့လက်ဆောင်ကတော့ ဖေဖေ့ နှလုံးသားပါ သမီးရယ် ”
ဟုတ်ပါတယ် ။ ကောင်မလေးအဖေသေဆုံးသွားခဲ့ပါပြီ ။
သူ့သမီးလေးအသက်ရှင်ဖို့အတွက်သူ့ဖေဖေက သူ့ နှလုံးသားကို သမီးလေးဆီ လှူခဲ့ခြင်းဖြစ်ပါတယ် ။
#######################################################

အဖေ ---
သားသမီးအတွက်ဆို လိုအပ်ရင် နှလုံးသားပါ စတေးရဲ တဲ့ဖေဖေ-- ဖေဖေ ကောင်းရာမွန်ရာဘုံဘ၀မှာ သမီးကို အမြဲစောင့်ရှောက်နိုင်ပါစေ ---
ကမ္ဘာပေါ်ရှိ သားသမီးများကိုယ်စား အဖေသို့ . . . .


by သက်တန့်ချို .
  

အဖေ့ ပျိုးခင်း


လောကထဲ ခြေချ
ကျွန်တော် ဘ၀ကို မိတ်ဆက်တုန်းက
အပြုံးစတွေ အထပ်ထပ်နဲ့
ရင်ခွင်ထဲ ပွေ့ဖက်
မျက်ရည်တွေကို အပြုံးဖက်အောင် သူချြော့မူ
ကျွန်တော့် ဘ၀ကို
နွေးထွေးတဲ့ မေတ္တာတွေနဲ့
ဖေးကူခဲ့ သူ…..

နေ့ရက်တွေကို ကျော်ဖြတ်
ကျွန်တော့်ဘ၀ကို လှမ်းခဲ့စဉ်က
စကားသံတွေ အထပ်ထပ်ကို
မာနတွေနဲ့ ကျောခိုင်း
ကျွန်တော့် စိတ်တွေ ရိုင်းခဲ့ပေမယ့်
ဂရုဏာ မပြတ်
ပဲ့ကိုင်ကာ လမ်းညွန်ခဲ့သူ….

ဆိုးလွန်းတဲ့  ဘဝ
အတိဒုက္ခရောက်တဲ့ ခဏ
သူ့ရင်တွင်း ကျွန်တော်ဝပ်ဆင်း
မေတ္တာပျိုးခင်းလေးကို မြင်မှ
အတွေးတွေ ပြန်ပြောင်း
ကျွန်တော့် အသိတွေ မနှောင်းခင်
ခြေအစုံကို ကျွန်တော် ဖက်
မျက်ရည်တွေ အထပ်ထပ်နဲ့
အပြစ်တွေ ဆေးရင်တောင် မကျေ
သားမောင် မိုက်ခဲ့ပါတယ် အဖေ…

ကျခဲ့မျက်ရည် ချွှေးစက်တွေ
သားမောင် တစ်သက်ဆပ်မကျေပေမယ့်
အဖေမွေးတဲ့သား
အဖေ့ရင်ကို ခွဲတဲ့ဓါး မဖြစ်ရအောင်
အဖေ့ မျှော်လင့်ခြင်း သားမောင် ဘ၀နဲ့ ရင်းပြီး
ကြိုးစားခွင့်ဆပ်ခွင့်ပြုပါ….အဖေ….
  
by  rainmaker

  

Thursday, September 22, 2011

Meaningful poem and it's translation



Meaningful poem and it's translation

မူရင်း ကဗျာ ကို 1895 ခုနှစ်တွင် အင်္ဂလိပ် ကဗျာနဲ့စာရေးဆရာ Rudyard
Kipling က ရေးသားခဲ့ပါသည်။

IF

IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!

Rudyard Kipling [30 December 1865 – 18 January 1936]

ဤကဗျာကို ဒေါ်အောင်ဆန်းစုကြည် က မူရင်းအတိုင်း အနှစ်သာရပြည့်ဝစွာဖြင့်မြန်မြာ
ပန်ဆိုထားပါသည်။

အကယ်၍

အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ချေက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့်
ရင်ဆိုင်နိုင်မယ်ဆိုရင်၊
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ
ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်၊
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လဲ မမောမပန်း
နေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ မင်းကလဲ
အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်၊
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ မင်းကလဲ အမုန်းတွေ
ပြန်မပွားဘူး ဆိုရင်၊

အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်၊
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်၊
အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်၊
အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့်
နာကြားနိုင်မယ် ဆိုရင်
အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ
အရာရာနှင့် ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်၊

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ
တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်၊
အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့်
ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မာန်နှင့်
ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်၊

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ ကိုယ်ကျင့် သိက္ခာကို
စောင့်ထိန်းနိုင်မယ် ဆိုရင်၊
ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျှောက်နေရပေမဲ့ မာန် မာန သွေး
မကြွဘူး ဆိုရင်၊
အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်
အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည် [born 19 June 1945]




Blog :   http://htikethura.weebly.com

Please a) don't print this e-mail unless you really need to, b) please
re-cycle papers. Thank you.



Htike Htike

မှတ်ချက်။ ။forward mail ကို ပြန်လည်မျှဝေခြင်းပါ။ ။

Monday, March 21, 2011

အနော်မာကမ်းကို လှမ်းခဲ့ပါ

အနော်မာကမ်းကို လှမ်းခဲ့ပါ

တချို့က ဘတ်(စ်)ကားပေါ်မှာ

ဖင်တစ်ထိုင်စာ နေရာလေးတစ်ခုအတွက်

အလုအယက်။

တချို့က ရပ်ကွက်ထဲမှာ

တစ်ညတာ အိပ်ယာလေးတစ်နေရာအတွက်

အိမ်ဝယ်နဲ့ အိမ်ငှါး အလုပ်များ။

တချို့က နိုင်ငံခြားမှာ

နေစရာ၊ စားစရာ၊ ၀တ်စရာ၊ အလုပ်တစ်နေရာအတွက်

ဟိုဝင်ဒီထွက် ဟိုပြေးဒီပြေး

သွေးအေးသူလည်း သွေးဆူ

ဘေးလူကိုတွန်းချ တရားဓမ္မဆိုတာ

စာအုပ်ထဲက စာမျက်နှာမှာ

ဘာမှမသိ ရင်ထဲမှာဗလာနတ္ထိ။

တစ်ချို့က ရာထူး၊ တစ်ချို့အာဏာ တစ်ချို့က ပါဝါ၊

ဘာပဲလာလာ အရင်းစစ်လို့ မမြစ်လှန်လိုက်ရင်

လိုချင်မှုလောဘ၊ အတောမသတ်တဲ့မာနနဲ့ အတ္တတွေ

အထွေထွေလို့ရှုမြင်ရပါ့။

နောက်ဆုံးတစ်နေ့ သေဘေးတွေ့ရင်

သုသာန်တစ သင်္ချိုင်းဝမှာ မြှုပ်နှံဖို့နေရာ

အတောင်နှစ်ဆယ်သာသာ မြေတွင်းဟာ

ကိုယ့်အတွက်ပိုင်နက်ပါ

ခုတော့---------

ကျွန်ုပ်ရော သူပါ

တရားမေ့ ဘုရားမေ့ အမှားတွေ့ အငွေ့ဝေ

လောဘ၊ ဒေါသ၊ မောဟတွေကိုရင်မှာရစ် ထိပ်မှာထား

သိက္ခာတရားကျတော့ ခြေဖ၀ါးအောက်

နေ့တိုင်းပျောက်။

တစ်ချက်လောက်တော့ သတိရကြစမ်းပါ

အနော်မာသောင်ကမ်းမှာ

မြတ်ဘုရားဘဂ၀ါ

သျှောင်ကိုပယ် တွယ်တာမှုကိုလွှတ်

တစ်ကမ္ဘာလုံးပိုင်စိုးမဲ့ စကြာဝတေးမင်းအဖြစ်ကြီးကိုတောင်

မမက်မောဖယ်ခွါ၊ မယ်ယသော်နဲ့ သားတော်ရာဟုလာပါ အဆစ်ထည့် လက်ရှိပစ္စက္ခအရာအားလုံးကို

မမက်လောက်တဲ့ ပရိက္ခရာရှစ်ကုံးနဲ့

လုံးလုံးလဲခဲ့တာ

ဟောဒီ အနော်မာသောင်ကမ်းမှာ။

အော်-- တကယ်လို့ ခင်များဟာ ဗုဒ္ဓဘာသာ

ဟုတ်ကဲ့------- ခင်များဟာ ဗုဒ္ဓဘာသာ တကယ်စစ်တယ်ဆိုရင်

ခင်များကိုယ်ခင်များ တကယ်ချစ်မယ်ဆိုရင်

လိုအပ်တာထက် လိုချင်မှုတွေများလာတဲ့အခါ

လောဘ၊ ဒေါသ၊ မောဟတွေနဲ့

နပမ်းလုံးချွေးပြန် မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့

မေ့နေခဲ့ရင်

အနော်မာသောင်းကမ်းကို အရောက်လှမ်းကာ

မြတ်ဘုရားဘဂ၀ါကို

တစ်ခဏလောက်တော့ သတိရကြည့်ပါ၊

ရွှေမန်းသား ( ဦးဇင်းအင်္ကုရ)

ခေတ္တကိုလံဘို၊ သီရိလင်္ကာ

Tuesday, October 5, 2010

သံဝေဂ တေးထပ်များ


တဦးမှ မခင်တွယ်ပေါင်၊

ဆယ့်လေးနှစ် ဖူးစတောင်၊
ဘီလူးမ ထင်တယ်၊
တဦးမှ မခင်တွယ်ပေါင်၊
စင်ကြယ်တဲ့စိတ်ဇော၊
မိန်းမက လက်ကုတ်လာတောင်၊
စက်ဆုပ်တာ များတဲ့သဘော။

ပုဂ္ဂိုလ်မြတ် တောင်ဖီလာလို၊
ချောင်မှီကာ စုံတော၊
မောင်သည်ခါ ဘုံလျှောလို့၊
တုံဏှဘော နေချင်၊
နတ်ကညာ လာ၍စီးသော်လည်း၊
သဘက်ကြီး မောင့်စိတ်ကထင်။

မ တလို့ ဘဝကိုခင်ပေါင်၊
မ ဆိုလျှင် ရွှေဓါးမနှင့်၊
ခြေမ လက်မ ကိုပယ်၊
သိမ်းဖြတ်တော့မယ်၊
ပိန်းကောမ လှေငယ်ကိုတောင်
ဖေတကယ် စီးချင်ဘူးပလေး။ ။

(ဦးပုည)

ပန်းဟေဝန့်ဗိမာန် မှာ

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေဝန့်ဗိမာန် ‘မှာ’၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာ ‘တယ်’၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာ ‘မှာ’၊
လည်လကျာ်ခွေမြန်း၊
စည်မျက်နှာ မြေကြငှန်း ‘ငယ်သို့’၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ ‘ပါလို့’၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာ ‘ဝယ်’၊
နိဗ္ဗိန္ဒာကြည်ဇော ‘နှင့်’၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူ ‘မှာ’၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။

(အချုပ်တန်းဆရာဖေ)

Thursday, August 5, 2010

မြတ်ဆရာ



မတ်ဆရာ


ပျက်အစဉ် ပြင်ခဏဆိုပေမယ့်

ပြင်မရတာတွေက အများသား

အမှားများမကြုံခင်

ပြင်ရအောင်

သင်ပြတဲ့ မြတ်ဆရာ။

အလှတွင် အယဉ်ဆင့် ဆိုပေမယ့်

အရမ်းပြင် အယဉ်ပျက်တာလည်း ခဏ ခဏ

သံသရာအစဉ်လှအောင်

သင်ပြတဲ့ မြတ်ဆရာ။


ပြင်တတ်မှ လှ ကြင်တတ်မှ လှဆိုပေမယ့်

ပေးကား ပေး၏ မရခဲ့တာလည်း အကြိမ်ကြိမ်

အချိန်မီချုပ် အစုတ်သက်သာအောင်

အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ။


အာစရိယဂုဏော အနန္တော ဆိုပေမယ့်

အသိခေါက်ခက် အ၀င်နက်ခဲ့တာလည်း အခါခါ

သံသရာအပြစ်မသင့်ရလေအောင်

အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ။


အောင်ချမ်းမြေ့

(၂၉၊၉၊၂၀၀၃)

ဆုံးမစာ သုတပဒေသာ



ကျေးဇူးတော်ရှင်မဟာဗောဓိတထောင်ဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တနာရဒ၏
ဆုံးမစာ သုတပဒေသာ………….

ဥစ္စာရှိမှ မှီခိုရာ အရံအတားရှိမှ ပြည့်စုံရာ၊
ဝယ်တတ်မှ ရသည်၊ ရောင်းတတ်မှ မြတ်သည်၊
လာဘ်ရှိမှ ပေးနိုင်သည်၊ အထိန်းရှိမှ ဥစ္စာပွားသည်၊ အရင်းကြီးမှအမြတ်များသည်၊
အသွင်အပြင်လှမှ လူရိုသေသည်၊ အနေအထိုင်ကျစ်လစ်မှ ချစ်ခင်သနားသည်၊
အရည်အသွေးရှိမှ အောင်သည်၊ အခွဲအခြမ်းရှိမှ စေ့စပ်သည်၊
သဒ္ဓါလွန်လျှင် ဆွံ့သည်၊ ပညာလွန်လျှင် ကွန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်၊
ဝီရိယလွန်လျှင် ပျံ့သည်၊ သတိရှိတာလွန်သည်မရှိ၊
မခင်သော်လည်း မမုန်းစေနှင့်၊ မမြတ်သော်လည်း မရှုံးစေနှင့်၊
စိတ်ကောင်းရှိမှ မိတ်ကောင်းရမည်၊
အထင်သေးက အမှားဆုံး၊ မယဉ်ကျေးက အများမုန်း၊ အကြံတူ ရန်သူဖြစ်၊
ကိုယ်ဘယ်လိုပန်းပန်း စိတ်မနွမ်းစေနဲ့၊
မနာလိုကင်း ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်၊
အောင်မြင်သူကဲ့သို့ ပြုမူပါ သင်အောင်မြင်ပါလိမ့်မည်၊
ကုသိုလ်နည်းမှာကို မကြောက်ကြ၊ စီးပွားနည်းမှာကြောက်ကြသည်၊
စိုးရိမ်သောက ရောဂါရ ဖျောက်မှလွတ်ချမ်းသာ၊
စိတ်ထောင်းတော့ ကိုယ်ကြေသည်၊ စိတ်နွမ်းတော့ လူပန်းသည်၊
ဥပါဒါန်စွဲလမ်းမှုကြောင့် ဥပါဒ်ရောက်သည်၊
စေတနာကောင်းလျှင် ကံကောင်းသည်၊ စေတနာဆိုးလျှင် ကံဆိုးသည်၊
ကုသိုလ်ဥစ္စာ ကျန်းမာရေးနှင့် ပညာတန်ခိုး အမျိုးမျိုးမှအကျိုးမထွက်၊
ထိုနေ့တွက် သက်သက်ဝမ်းနည်းဘွယ်။
Posted by သစ်သစ်

Tuesday, May 25, 2010

ထိပ်ဆုံးသို့


ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်

တောင်အမြင့် ပတ်ခြံရံ။

တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား။

စခဲ့မိမှတော့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

(ဆရာ ဇော်ဂျီ)

သူတော်ကောင်း


သူတော်ကောင်း

သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်းလေး ဖြစ်စေချင်
စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။ ။

(အမည်မသိ)

Saturday, April 10, 2010

ဆုံးမစာ နီတိကဗျာများ



အတိတ်ကိုတွေး မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။ ။
(ဆရာတော် ဒေါက်တာ နန္ဒာယလယဘိဝံသ)

သူတစ်ဖက်သား မျက်မာန်ပွါးသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာရှချိမ့်နည်း။
(မင်းကွန်း တိပိဋက ဆရာတော်ကြီး)

ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။
ကျေးဇူးပျောက်လျှင် မာနပေါ်သည်။
(ပိုင်းလော့ ဆရာတော်)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုး အကန့်အသတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက်
အကန့်အသတ်မရှိ ပေးဆပ်ရတာမျိုးပါ။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ပါးစပ်မှာဓါး၊ သတိထားစကားဆင်ခြင်ပြော။
အကျိုးရှိ မရှိ၊ ဆင်ခြင်ကြည့်အကျိုးရှိမှပြော။
ပြောသင့် မသင့်၊ အခါချင့်ပြောသင့်ခါမှပြော။
(ထိုင်ဝမ်ဆရာတော် )

ငါသာငါထက် မာန်မတတ်နဲ့
အထက်နေမင်း လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏။
(ရှင်မဟာရဋ္ဌသာရ)

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊
ရလင့်ဧကန်သာ။
(မိုးကုတ်ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မကထိက အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သောအညစအကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဓမ္မပဒ)

အသက်ရှင်ဖို့ စားပါ။
စားဖို့သက်သက်အတွက်တော့
အသက်မရှင်ချင်ပါနဲ့
လောကအတွက် သာသနာအတွက်
လုပ်စရာတွေ အများကြီးပါ။
(ထိုင်ဝမ် ဆရာတော်)

ချိန်ခါတိကျ၊ မသိရလည်း
သေရမည်မှာ မလွဲပါ။
ချိန်ခါမလင့်၊ မဂ္ဂင်ဖြင့်
တရားကျင့်၍စောင့်နေပါ။
()

အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်၊ တံဆိက်မှတ်ကား
မပြတ်မစဲ၊ အိုးပင်ကွဲလည်း
အမြဲတစေ၊ တည်ရှိနေသို့
ထွေထွေသွေးသား၊ ကလေးများ၌
ဘုရားတံဆိတ်၊ ဘသသာစိတ်ကို
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊ စွဲမှတ်တည်မည်
ကိုယ်စီခပ်နှိပ်နိုင်စေသတည်း။ ။
(တောင်မြို့ မဟာဂန္ဓာရုံဆရတော်)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို
တရားကပြန်လည်စောင့်ရှောက်ပေး၏။
(ဗုဒ္ဓ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ်တွက် သင်ခန်းစာ။

မေတ္တာခြုံလို့ လုံပါစေ။
သစ္စာဆောင်လို့ အောင်ပါစေ။
မင်္ဂလာကျင့်လို့ မြင့်ပါစေ။
အရှင်ဥက္ကံသ M.A (Buddhism)