Showing posts with label ဇာတ်တော်. Show all posts
Showing posts with label ဇာတ်တော်. Show all posts

Saturday, July 19, 2014

အဟောင်းစားသူ


အဟောင်းစားသူ

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာ ဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။

 ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။

သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။

ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ်  ရွေးချယ် ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သာကေတမြို့က ဓနဉ္စယ သူဌေးကြီးရဲ့ သမီး ၀ိသာခါနဲ့ သာဝတ္ထိပြည်က မိဂါရသူဌေးကြီးရဲ့ သားတို့ ဖူးစာဆုံဖြစ်ခဲ့ကြတာပေါ့။

နှစ်ပြည်ထောင် သူဌေးကြီးတွေရဲ့ မိတ်ဆွေတွေ၊ ဓန အင်အားတွေနဲ့ မင်္ဂလာပွဲဟာ ခြိမ့်ခြိမ့်သဲသဲ  ဖြစ်ခဲ့ပြီး  ကောသလမင်းကြီးကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးခဲ့ပါတယ်။ ဓနဉ္စယ သူဌေးကြီးဟာ ယောက္ခမအိမ် ပါမယ့်သမီးအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေ လိုက်နာရမယ့် အချက်တွေကို သေချာသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ သာဝတ္ထိပြည်ကနေ မင်္ဂလာပွဲကျင်းပရာကို လိုက်လာတဲ့ သူဌေးကြီးရှစ်ယောက်ကိုလည်း သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။

မိဂါရသူဌေးအိမ်ကို ရောက်တဲ့ ချွေးမ ၀ိသာခါဟာ ရောက်တဲ့နေ့ကစပြီး ချွေးမ၀တ္တရားကို ကျွေးပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ တာဝန်ကျေကျေ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါမှာ တော့ ခုနစ်နှစ်သမီး အရွယ်ကတည်းက သောတာပန်ဖြစ်ခဲ့တဲ့ ၀ိသာခါဟာ ယောက္ခမကြီးတွေရဲ့ တိတ္တိကိုးကွယ်မှုအပေါ်မှာတော့ ဟန်ဆောင်ပန်ဆောင်တောင် တာဝန် မကျေနိုင်ခဲ့ပါဘူး။

အိမ်ကိုကြွလာ ကြတဲ့ အရှက်မရှိတဲ့ မလုံမခြုံ ပုံစံတွေနဲ့ တိတ္ထိတွေကို အမြင် ၀ိသာခါဟာ ချာခနဲ အိမ်ထဲလှည့်ဝင် သွားခဲ့ပါတယ်။ ဒီအမူအရာကို တိတ္တိရော  ယောက္ခမကြီးတွေရောက သေချာ မြင်ခဲ့တာမို့ ဒေါသထွက်ကုန် ကြတော့တာပေါ့။ ဒါပေမယ့်လည်း သမီးယောက္ခမဖြစ်တာ မကြာသေးဘူးဆိုတော့ ယောက္ခမကြီးတွေဟာ သူတို့အမျက်ဒေါသကို ချုပ်ထိန်းထားခဲ့ပါတယ်။


ဒီလိုနဲ့ နောက်တနေ့အရောက်မှာ ၀ိသာခါတို့အိမ်ရှေ့ကို ရဟန်းတပါး ဆွမ်းခံရပ်လာခဲ့ပါတယ်။ ဒါကို ၀ိသာခါရဲ့ ယောက္ခမကြီးက ထမင်းစားနေရင်းနဲ့ လှမ်းမြင်နေသော်လည်း မမြင်ယောင်ပြုနေခဲ့ ပါသတဲ့၊ ၀ိသာခါက ဒီအဖြစ်ကို မြင်ပြီးလက်အုပ်ချီလို့--

ဝိသာခါ။ ။ ခွင့်လွှတ်ပါ အရှင်ဘုရား၊ တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာ စားသုံးသူ တယောက်မို့ ကန်တော့ဆွမ်းပါဘုရား။

ယောက္ခမ။ ။ ဟယ်--ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့် အသက်အရွယ်ကလေးနဲ့ ငါ့ကို အဟောင်းစားသူလို့ ပြောတာ အစွမ်းကုန် စော်ကားလိုက်တာပဲ၊ နင် ခုချက်ချင်း အိမ်ပေါ်က ဆင်းသွားစမ်း။

ဝိသာခါ။ ။ ကျွန်မမှာ အပြစ်မရှိပါ အဖေ၊ အဖေ မကျေနပ်ရင် ကျွန်မဖခင် အပ်လိုက်တဲ့ သူကြွယ် ရှစ်ယောက်ရှေ့မှာ ကျွန်မကို စစ်မေးနိုင်ပါတယ်။

ဒီလိုနဲ့ ချွေးမနဲ့ ယောက္ခမ အခြေအတင်ဖြစ်ပြီး သူကြွယ်ရှစ်ယောက်ပါ ကြားဝင်ရတဲ့အနေအထား ဖြစ်ကုန်တာပေါ့။ သူကြွယ်ရှစ်ယောက်က ၀ိသာခါကို အကျိုးအကြောင်းမေးကြတဲ့ အခါမှာ ၀ိသာခါ ဒီလိုဖြေရှင်းခဲ့ပါတယ်။

ဝိသာခါ။ ။ ဦးကြီးတို့၊ အဟောင်းစားသူဆိုတဲ့ အဓိပ္ပါယ်ဟာ မိုက်ရိုင်းတဲ့သဘောနဲ့ ပြောခြင်းမဟုတ်ပါဘူး။ ကျွန်မယောက္ခမဟာ ဒီဘ၀မှာ သူကြွယ်တဦး ဖြစ်နေပါလျက်နဲ့ ဘုရား ရဟန်းတို့ကို ဆွမ်းတလုတ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘ၀ဟောင်းက ကောင်းမှုအကျိုးကိုပဲ ခံစားပြီး၊ ခုဘ၀မှာ ဘာကောင်းကျိုးမှ မလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်။

ဝိသာခါရဲ့ ဖြေရှင်းချက်ဟာ ရဲရင့်မှန်ကန်နေတဲ့အတွက် သူကြွယ်ရှစ်ယောက်က မိဂါရသူဌေးကို အမျက်ပြေဖို့ ၀ိုင်းဝန်းနားချကြပါတယ်။ ၀ိသာခါကလည်း သူမ ဒီအိမ်မှာ ဆက်နေရမယ်ဆိုရင် ဗုဒ္ဓရှင်တော်ကို အတိအလင်း ကိုးကွယ်ခွင့်ရမှ နေမယ်လို့ ပြန်တောင်းဆိုတဲ့အတွက် ဒေါသဖြစ်မိတဲ့ ယောက္ခမကြီးလည်း လိုက်လျောဖို့ ဖြစ်ရတော့တာပေါ့။

 ဒီလိုနဲ့ နောက်တနေ့မှာ ၀ိသာခါဟာ ဘုရားရှင်ရနဲ့ သံဃာတော်တွေကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်ခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတဲ့အခါမှာ ၀ိသာခါက ယောက္ခမကြီးကို တရားထွက်နာဖို့ အလိမ္မာနဲ့ ခေါ်ခဲ့ပါသတဲ့။

အများရှေ့မှာဆိုတော့ ယောက္ခမကြီးဟာ ငြင်းလို့လည်း မကောင်းတာနဲ့ ကန့်လန့်ကာ နောက်ကွယ် မှာ ခပ်ကွယ်ကွယ်လေးထိုင်ပြီး ဘုရားရှင်ကို မကြည့်ဘဲ တရားနာခဲ့ပါတယ်။ ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်က မိဂါရသူဌေးဟာ ဘုရားရှင်ရဲ့ တရားကို နာရင်းနာရင်းနဲ့ သစ္စာလေးပါး တရားမြတ်ကို သိမြင်နားလည်ပြီး သောတာပန်တည်ခဲ့ပါတယ်။

 ဒီတော့မှ သူဟာ ကန့်လန့်ကာနောက်ကွယ်က ထွက်လာပြီး ဘုရားရှင်ကို ရိုသေစွာ ကန်တော့လို့ ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် စိတ်ရောကိုယ်ပါ ခံယူခဲ့ပါသတဲ့။ ဒါတွေအားလုံးဟာ ချွေးမအလိမ္မာ ၀ိသာခါရဲ့ စွမ်းဆောင်ချက်လို့ ပြောရမှာပါပဲ။

ရေးသားသူ : Buddhism Beams


Thursday, June 26, 2014

မာယာ - သာဌေယျ


မာယာ - သာဌေယျ 

မာယာသည် မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏။ သာဌေယျကား မိမိ ၌ ထင်ရှားမရှိသောဂုဏ်ကို ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏။ ဤမာယာနှင့် သာဌေယျအရ တဏှာလောဘ ကိုပင် တရားကိုယ် ကောက်ယူရ၏။

    မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံးရွှေခဲ ထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ်သုံးစွဲနေသော စိတ်ဓာတ် တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာ ပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။

    မိန်းမတို့မာယာ သဲကိုးဖျာ --- ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့် တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြား သောနေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏၊ မဖောက်ပြားရသောနေ့၌ကား ကျွန်ကဲ့သို့ သဘော ထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက မိန်းမတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။

    ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောက်ျားနှင့်  ဖောက်ပြားသောနေ့ဝယ် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ = တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် ဖြစ်ပေါ်လာသော ဉာဏ်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ် မဟုတ်ပါ။ မာယာပင် ဖြစ်သည်။

    ရသေ့ မာယာ --- အမျိုးသမီးတို့၌သာ မာယာရှိသည် မဟုတ်။ ယောက်ျားယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာတစ်ယောက် ကိုယ်းကွယ် ဆည်းကပ်ထားသော ဆရာရသေ့ တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင်နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထား ပြီးလျှင် ''အရှင်ဘုရား ...သတိပြုလိုက်ပါ''ဟု မှာထားသွား၏။ ထိုအခါ ဆရာရသေ့က ''ဟဲ့ ဒါယကာ ... ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကောင်းဖူး။ ငါတို့အဖို့ကား သူတစ်ပါး၏ ဥစ္စာ၌ လောဘမည်သည် မရှိပါ။'' --- ဟု မိန့်ကြားလိုက်လေသည်။

    ထိုနောက် ရသေ့ အကြံဖြစ်သည်မှာ --- ''ရွှေစင်နိက္ခတစ်ရာလောက်ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင် လယ်လယ် ရှိပြီ။'' --- ဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့နံနက် ဆွမ်းစားအပြီးတွင် --- ''ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော် ကြာညောင်းခဲ့လေပြီ။ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်။ သို့ဖြစ်၍ တစ်ခြားအရပ်သို့ သွားဦးမည်'' ဟု ပြောပြလေရာ, ဒါယကာကလည်း အခါခါ တားတော်မူလေရှာသည်။ ဘယ်လိုပင် အခါခါတားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။

    ထိုနောက် အတန်ကြာအောင် တော်တော်ကလေး ခရီးသွားရောက်ပြီးကာမှ တစ်ဖန်ပြန်လာ၍ --- ''ဒါယကာ သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်။ ရသေ့ရဟန်း ဆိုတာ ပိုင်ရှင်တို့က မပေးမလှူအပ်သောအရာကို မြက်တစ်ပင်မျှ သော်လည်း မယူကောင်းပါ'' --- ဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ''ငါ၏ ဆရာရသေ့သည် သိပ်ပြီး သီလရှိတာဘဲ'' --- ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။

    သို့ရာတွင် ထိုအခါ၌ ထိုဒါယကာ၏အိမ်ဝယ် အလောင်းတော်ပညာရှိ ဖြစ်သည့် အတော်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က --- '' မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာ့ထံမှာ ဘာများ အပ်နှံထားပါသလဲ။ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါ။'' --- ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများ နှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉။ ကုဟကဇာတ်။)

    ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ဤ မာယာပင် ဖြစ်၏။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်းအချို့သို့တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုကဲ့သို့ ''ပရိယာယ်တစ်ထောင် မာယာတစ်သိန်း, အပလိန်းအနန္တ သဲကိုးဖျာ မလောက်လို့ ရှားကိုးပင်က ရှား ရွက်တွေကို ရောနှောက်၍ ရေတွက်ရသည်။'' ဟူသော ဉာဏ်နီ ဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော မာယာတွေ ရေလိုလေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာစက် ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။

    သာဌေယျ --- အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန် ဆောင်တတ်သော လောဘ တစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား ရှိသောအပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးချည်းတည်း။ သီလ မရှိဘဲ သီလရှိဟန်,  သမာဓိ မရှိဘဲ သမာဓိရှိဟန်, ပညာ မရှိဘဲ ပညာ ရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန် မတတ်ဘဲ စာပေကျမ်းဂန်တတ်ဟန် ဟန် ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။

    လူလောက၌လည်း သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့ မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာ အထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်း ဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန် ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။

ဗိဠာရဝတ ဇာတ်တော်

    သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန်ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါ ဘဲလျက် ရှိနေဟန်ဆောင်သော ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်း တစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။

    အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေ တည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ် တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။

    တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ ရ၍ --- ''ဤကြွက်တို့ကို လှည့်ပတ်ဖြားယောင်းလျက် စားပေအံ့'' --- ဟု စိတ်အကြံ ဖြစ်၍ ကြွက်တို့၏ နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်သို့ မျက်နှာမူလျက် လေကိုသောက်လျက် ခြေတစ်ဘက်တည်းဖြင့် ရပ်တည် နေ၏။

    ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည်လတ်သော် ထိုမြေခွေးကို တွေ့မြင် သောအခါ --- ''ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည်'' --- ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ - ''အရှင်ဘုရား ...အရှင်ဘုရားသည် အဘယ်အမည်ရှိပါသနည်း'' --- ဟု လျှောက်ထားကြည့်သောအခါ ''ဓမ္မိက'' အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏။

ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထား ဘဲ အဘယ်ကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ  ''ငါ၏ အခြေ လေးချောင်းတို့ကို မြေကြီးပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင် ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက် တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်နေရပါ၏'' --- ဟု ပြန် ပြောလေ၏။

    ''ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်း''ဟု မေးကြည့်သောအခါ --- ''ငါသည် အခြား သော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏'' --- ဟု အဖြေပေးပြန်၏။
    ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးသောအခါ ''နေကို ရှိခိုးပါ၏''ဟု ဖြေဆိုပြန်၏။

    ဘုရားအလောင်းတော်ကြွက်သည် ထိုမြေခွေး၏ စကားကို ကြား၍ ''ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်''ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ ညဥ့် နံနက် ထိုမြေခွေးအား ဆည်းကပ်ခစား၏။

    ထိုအခါ မြေခွေးအား ကြွက်အပေါင်းက ဆည်းကပ်ခစားလာသောအခါဝယ် မြေခွေးသည် နောက်ဆုံးဘိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကိုသုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏ --- ''ရှေးယခင်အခါတုန်းက ငါတို့၏ ဤနေရာသည် မဆန့် ဖြစ်နေ၏။ အကြားအလပ်မရှိ တည်နေကြ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေ ကြရ၏၊ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာသည် (= ကြွက်တွင်းသည်) မပြည့် ဖြစ်နေ၏၊ ဤ အကြောင်းကား အသို့နည်း''ဟု စဉ်းစားမိကြ၏။

    ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော် သည်လည်း စဉ်းစား ဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက် ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ရှေ့က သွားစေ၍ မိမိက နောက်မှ လိုက်သွား၏။ မြေခွေးသည် ထိုဘုရား လောင်းကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားလောင်း ကြွက်ထံသို့ ပြေးလာ၏၊ ဘုရားလောင်း ကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ပြန်ဆုတ်ကာ ---

    ''အိုမြေခွေး ...သင်၏ ဤကျင့်ဝတ်ကို ဆောက်တည်ထားခြင်းသည် တရားတော်၏ ကောင်းသော တရား ဓမ္မ ဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလို သည့်အတွက် တရားကို တံခွန်အလံ ပြု၍ လှည့်လည်ကျက်စားဘိ၏။'' --- ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---
ယော ဝေ ဓမံ္မ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။

ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာ၊ဋ္ဌ၊၁၊၄၈၆။)
    အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁ဝ)ပါးတည်းဟူသော တရားတံခွန် အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ''ဤသူကား သီလ ရှိသူတည်း''ဟူသော အမှတ် သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏၊ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ် ရာ၌  မကောင်းမှုတို့ကို ပြုနေသောသူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသောအကျင့် ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)

    ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ သမာဓိ ပညာ စသည် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခု ခေါ်သော ရဟန်းတော် ပင် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံ ကျင့်သုံးခဲ့သော ဓာတ်ငွေ့တို့ကား အရှိန်အဝါ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။

    ဤ မာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် လောက၌ သာလွန်၍ ဆိုးဝါး၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ လူအများကို ဖြစ်စေ, တစ်တိုင်းတစ်ပြည်လုံးကို ဖြစ်စေ ဘုရား မဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိကြီးများတို့ကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးဝါးသောတရားဟု ဆိုထိုက်ပေသည်။

ထိုမျှလောက် ဆိုးဝါးသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက် ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများ တွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးဝါးသောတရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူ များ၌လည်း မဖြစ်စေရအောင် အထူးသတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။

နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ-5

Friday, June 13, 2014

ညီအကိုပင် ဖြစ်သော်လည်း

ညီအကိုပင် ဖြစ်သော်လည်း

တခါတုန်းက သေတဗျမြို့မှာ မဟာကာဠ မဇ္ဈိမကာဠ စူလကာဠဆိုတဲ့ ညီအကိုသုံးယောက်ရှိပါတယ်။ အကိုကြီးနဲ့ ညီအငယ်ဆုံးဟာ ကုန်သည်အလုပ်ကို လုပ်ကိုင်ကြပြီး ညီလတ်ကတော့ ညီအကိုတွေ နယ်တကာလှည့်ပြီး ၀ယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်မှာ ဒိုင်ခံရောင်းဝယ်ဖောက်ကားတဲ့ အလုပ်ကို လုပ်ရသတဲ့။ ညီအကိုတွေ စီးပွားရှာရာမှာ တက်ညီလက်ညီ ရှိကြတဲ့သဘောပါ။

တနေ့မှာ အကိုကြီးနှင့် ညီငယ်ဟာ အရောင်းအ၀ယ်ကိစ္စနဲ့ ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်ကို ရောက်ခဲ့ပါတယ်။ အကိုကြီး မဟာကာဠဟာ သာဝတ္ထိကို ရောက်နေတုန်း ဘုရားရှင်ရဲ့တရားကို နာယူမိပြီး မမြဲတဲ့ သဘောတရားကို ဆင်ခြင်မိသွားသတဲ့။ သူရှာဖွေစုဆောင်းနေသမျှဟာ သေရင်သူ့နောက်ကို ဘာမျှမပါဘူးဆိုတာကို ကောင်းကောင်းသိသွားတဲ့အတွက် ဘုရားရှင်ထံမှာ ရဟန်းဝတ်ခွင့်တောင်းပြီး ရဟန်းပြုသွားခဲ့ပါတော့တယ်။ ညီငယ်လေးဟာ ခရီးသွားရင်း၊ စီးပွားရှာရင်းတန်းလန်းမို့ အကိုကြီးကို ရဟန်းမ၀တ်ဖို့ တားဆီးခဲ့ပေမယ့် ဘယ်လိုမှ တားဆီးလို့မရတဲ့အတွက် အကိုကြီးသွားရာလမ်းကို ငါလည်းလိုက်မဟဲ့ဆိုပြီး သူပါ ရဟန်းလိုက်ဝတ်ခဲ့ပါတော့တယ်။

အကိုကြီးနှင့်ညီငယ် ရဟန်းဝတ်သွားတဲ့သတင်းက သူတို့မြို့ သူတို့မိသားစုကို ပေါက်ကြားရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့ ဇနီးသည်တွေဟာ ၀မ်းနည်းပက်လက် ဖြစ်ကုန်ကြတော့တာပေါ့။
အကိုကြီး မဟာကာဠဟာ ပင်ကိုယ်စိတ် အားသန်ပြီး ရဟန်းပြုခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရဟန်းဘ၀ရောက်တဲ့အချိန်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာဟာ မကြာခင်ကာလမှာပဲ ရဟန္တာအဖြစ်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။ ညီငယ်လုပ်တဲ့ စူလကာဠကတော့ နဂိုကတည်းက အကိုကြီးဝတ်လို့ လိုက်ဝတ်ခဲ့သူဆိုတော့ စိတ်ကမပါ။ များမြောင်တဲ့ရဟန်းသိက္ခာပုဒ်တွေကို စိတ်ပျက်ပြီး လူထွက်ဖို့အခွင့်အလမ်းကိုသာ ချောင်းနေပါတော့သတဲ့။ တနေ့မှာတော့ ဘုရားရှင်ဟာ နောက်ပါရဟန်းများနှင့်အတူ ဒေသစာရီကြွဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီခရီးမှာ နောက်ဆုံးကြွရောက်မယ့် မြို့ဟာ ညီအကိုရဟန်းတို့ရဲ့ ဇာတိချက်ကြွေ သေတဗျမြို့ပဲ ဖြစ်ပါတော့တယ်။

မဟာကာဠရဟန်းနဲ့ စူလကာဠရဟန်းတို့ ပါလာတယ်လို့လည်း ကြားရော ဇနီးဟောင်းတွေက ၀မ်းသာအားရ ဖြစ်ကုန်ကြတော့တာပေါ့။ သူတို့က နဂိုကတည်းကမှ ရဟန်းဝတ်တာ သဘောမတူခဲ့ကြသူတွေဆိုတော့ ခင်ပွန်းဟောင်းတွေကို လူဝတ်ပြန်လဲအောင် လုပ်ရမယ်ဆိုပြီး စိတ်ကူးယဉ်ကြတော့တာပါပဲ။ သူတို့စိတ်ကူးတဲ့အတိုင်း ဖြစ်အောင် အစီအစဉ်ကျကျနဲ့ပဲ ဘုရားရှင်နဲ့သံဃာတော်တွေကို ဆွမ်းစားပင့်ဖိတ်ခဲ့ပါတော့သတဲ့။ ဖြစ်ချင်တော့ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေအတွက် နေရာထိုင်ခင်း အစီအစဉ် အဆင်ပြေမပြေ ကြိုတင်ကြည့်ရှု နေရာချလုပ်ဆောင်ရတဲ့တာဝန်ကို မြို့ခံဖြစ်တဲ့ စူလကာဠရဟန်းက တာဝန်ကျခဲ့တာနဲ့ ကွက်တိသွားတိုးတော့ပါပဲ။ ဇနီးဟောင်းက ခင်ပွန်းဟောင်းကို လူဝတ်မလဲချင် လဲချင်အောင် မူယာမာယာတွေ ပိုပိုသာသာလုပ်ပြတဲ့အခါမှာတော့ နဂိုကတည်းကမှ စိတ်ကမခိုင်တဲ့ စူလကာဠရဟန်းဟာ ခါးမတို့ခင်က ယားပါတယ်-ဆိုတဲ့ စကားပုံလိုပဲ တခါတည်း လူဝတ်လဲခဲ့တော့တာပေါ့။

စူလကာဠဟာ လူဝတ်လဲပြီးတဲ့အချိန်မှာလည်း မျက်နှာမပူ၊ မရှက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်ဖို့ ကျောင်းကိုရောက်လာခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေဟာ ထုံးစံအတိုင်း ပင့်ဖိတ်တဲ့ ဒကာရဲ့အိမ်ကို ဣနြေ္ဒသိက္ခာပြည့်စုံစွာနဲ့ ကြွရောက်ခဲ့ပါတယ်။ နောက်ပါရဟန်းတချို့ထဲက ရဟန်းငယ်တွေကတော့ လူဝတ်လဲသွားတဲ့ စူလကာဠကို အပြစ်တင်ပြောဆိုချင်ကြတာပေါ့။ ဘုရားရှင်ကတော့ ဆွမ်းဘုဉ်းပေး၊ အနုမောဒနာတရားကိုဟောပြီး ပြန်ကြွသွားခဲ့ပါတယ်။

နောက်နေ့မှာတော့ မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းက ဆွမ်းစားပင့်ဖိတ်ခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ နေရာထိုင်ခင်း အစီအစဉ် ကြိုတင်သွားရောက်ကြည့်ရတဲ့ကိစ္စကို မဟာကာဠရဟန်း တာဝန်မကျတဲ့အတွက် မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းဟာ သူကြိုတင်စိတ်ကူးထားသလိုတော့ ဆွဲဆောင်ဖို့ အခွင့်အရေး မရတော့ဘူးပေါ့။ ဒါပေမယ့် သူက လက်မလျှော့ဘဲ ဘုရားရှင်နဲ့ရဟန်းတွေ ဆွမ်းစားကြွရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးသွားတဲ့အခါမှာတော့-

ဇနီးဟောင်း-----အရှင်ဘုရား၊ အရှင်မဟာကာဠဟာ တပည့်တော်တို့ကို တရားဟောဖို့အတွက် နေရစ်ခဲ့မှာဖြစ်ပါတယ်။ အရှင်ဘုရားတို့ အရင်ပြန်ကြွနှင့်ပါဘုရား။
ဗုဒ္ဓဘုရားရှင်ဟာ ဒကာမပြောတဲ့အတိုင်းပဲ မဟာကာဠကို ချန်ခဲ့ပြီး ပြန်ကြွသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် ရဟန်းငယ်တွေ အချင်းချင်း တီးတိုးတီးတိုး ပြောကြပြန်တော့တာပေါ့။

ရဟန်းများ-----အရှင်မဟာကာဠကတော့ ကျန်ခဲ့ပြီ။ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ ဟုတ်ပါရဲ့ ဒီတခါ အရှင်မဟာကာဠပါ လူထွက်သွားမယ်ဆိုရင် ရဟန်းကောင်းတပါး ဆုံးရှုံးတော့မှာပဲ။
ဘုရားရှင်က ဘာလို့များ ချန်ခဲ့ပါလိမ့်။ တပါတည်း အပါခေါ်ခဲ့ရမှာ

ဘုရားရှင်-----ရဟန်းတို့ သင်တို့စိတ်ထဲမှာ မဟာကာဠကို စူလကာဠလိုပဲ ဖြစ်မယ် ထင်နေကြသလား။
ရဟန်းများ-----ဟုတ်ပါတယ်အရှင်ဘုရား၊ ဒီအရှင်ရဲ့ ဇနီးဟောင်းကလည်း အကြံကြီးပါတယ်ဘုရား။ ဒီအရှင်ကို လူဝတ်လဲချင်အောင် ပြုမူတော့မှာ သေချာပါတယ်ဘုရား။

ဘုရားရှင်-----ရဟန်းတို့ သင်တို့ ဒီလိုမထင်ကြလေနဲ့။ ညီအကိုချင်းပင် ဖြစ်လင့်ကစား တရားဓမ္မကို အမှန်တကယ် ယုံကြည်နားလည်သူနဲ့ နားလည်ချင်ယောင် ဆောင်သူဟာ လွန်စွာကွာခြားပါတယ်။ စူလကာဠဟာ ကမ်းနားသစ်ပင်လိုပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆွဲဆောင်လိုက်ရုံနဲ့ အလွယ်တကူ ယိမ်းယိုင်ပြိုလဲသွားတယ်။ မဟာကာဠကတော့ ကျောက်တောင်ကြီးနဲ့ ပမာတူပါပေတယ်။ ကာမဂုဏ်အာရုံနှင့် ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင် ဘယ်လိုမှ ပြိုယိုင်လဲစရာအကြောင်း မရှိပေဘူး။

ဘုရားရှင်အမိန့်ရှိတဲ့အတိုင်းပါပဲ၊ တပါးတည်း ကျန်ရစ်ခဲ့တဲ့ မဟာကာဠဟာ ဇနီးဟောင်းရဲ့ ဆွဲဆောင်မှုမျိုးစုံကို စိတ်ဓာတ်သမာဓိ ကြံ့ခိုင်စွာနဲ့ ရှောင်ဖယ်နိုင်ခဲ့ပါတယ်။ ဇနီးဟောင်းဒကာမက ဆွဲဆောင်မှုတွေ ပိုလာချိန်မှာတော့ အရှင်မဟာကာဠဟာ သူ့ရဲ့ဈာန်အဘိညာဉ်တန်ခိုးနဲ့ ကောင်းကင်ကို ပျံတက်ပြီး ကျောင်းတော်ကို ပြန်လည်ကြွရောက်လာခဲ့ပါတော့တယ်။

ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ကလေးတို့အနေနဲ့ ညီအကိုဆိုပေမယ့် တရားဓမ္မကို အမှန်တကယ် ယုံကြည်သက်ဝင် ကိုးကွယ်ဆည်းကပ်သူနဲ့ အပေါ်ယံ သူများယောင်လို့ လိုက်ယောင်တဲ့သူ နှစ်ဦးရဲ့ လုပ်ရပ် အဆိုးအကောင်းကွာခြားမှုကို သဘောပေါက်နိုင်ကြပါစေကွယ်။

( မိုးမိုးစောဝင်း ) 

Sunday, June 8, 2014

နတ်သမီးနဲ့ မျောက်အိုမ


နတ်သမီးနဲ့ မျောက်အိုမ 

တခါတုန်းက ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဓနနဲ့ ဂေါတမီမိဖုရားတို့မှာ နန္ဒမင်းသားဆိုတဲ့ သားတော်တပါး ရှိပါတယ်။ ဘုရင်ကြီးသုဒ္ဓေါဓနဟာ သားတော်ကြီး သိဒ္ဓတ္ထက ထီးနန်းစွန့်ခွါပြီး တောထွက်သွားတာမို့ နန္ဒမင်းသားကိုပဲ အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပါတယ်။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ လက်ထပ်ပွဲ နဲ့ ဘိသိက်ပွဲဟာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့တာပေါ့။

နန္ဒမင်းသား လက်ထပ်ပြီး မင်းလုပ်မယ့်အချိန်မှာ အကိုဖြစ်သူ သိဒ္ဓတ္ထမင်းသားက ဘုရားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဆွေတော်မျိုးတော်တွေကိုတွေ့ဖို့ ကပိလ၀တ်ပြည်ကို ရောက်ရှိလာခဲ့ပါသတဲ့။ ဒီတော့လည်း နန္ဒမင်းသားအနေနဲ့ သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်ဆီမှာ ဆက်ကပ်ခဲ့တော့တာပေါ့။ နန္ဒမင်းသားဟာ ငယ်စဉ်ကတည်းက အကိုသိဒ္ဓတ္ထကို ချစ်ကြောက်ရိုသေခဲ့သူမို့ အမြဲ ဂါရ၀တရားရှေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီမှာတွင်မပြီးဘဲ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ပြဿနာစတော့တာပါပဲ။ နန္ဒမင်းသားက ဘုရားရှင်ကို ရိုသေတဲ့အနေနဲ့ နန်းတော်ပေါက်ဝအထိ သပိတ်ကိုကိုင်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။

သူ့စိတ်ထဲမှာလည်း အကိုဘုရားက အပေါက်ဝထိပဲ သူ့ကို သပိတ်ကိုင်ခိုင်းမယ်ထင်တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကလည်း ညီတော်ကို ချွတ်ချင်တော့ နန်းတော်ပေါက်ဝမှာ သပိတ်ကို ပြန်မယူဘဲ ကျောင်းတော်အထိ လိုက်ပါစေခဲ့ပါတယ်။ နန္ဒမင်းသားဟာ ဘုရားနောက်က သပိတ်ကိုင်ပြီး ပါသွားတယ်လည်းကြားရော ဇနပဒကလျာဏီဟာ ချက်ချင်းကို လေသာပြတင်းကထွက်ပြီး-
( ဇနပဒကလျာဏီက )-မောင်တော် မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါနော်။
နန္ဒမင်းသားလည်း အသံကြားလို့ လှည့်ကြည့်တဲ့အခါ ဇနီးသည်ရဲ့ စိုးရိမ်တဲ့မျက်ဝန်း၊ ကြောင့်ကြပုံစံကို မြင်လိုက်ရတော့ ချက်ချင်းတောင် ပြန်လှည့်ပြေးချင်တော့တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကို ကြောက်ရ၊ ရိုသေရတာမို့ ကြိတ်မှိတ်ပြီး ကျောင်းအထိ လိုက်သွားခဲ့ပါတယ်။

ကျောင်းကိုရောက်တဲ့အခါမှာ ဘုရားရှင်က -
( ဘုရားရှင် )-ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလား။
( နန္ဒမင်းသား )-မှန် မှန်ပါ့ဘုရား၊ ပြု ပြုပါ့မယ်ဘုရား။
နန္ဒမင်းသားဟာ စိတ်ထဲက အကြိမ်ကြိမ် ငြင်းမိပေမယ့် ပါးစပ်ကတော့ ဒီလိုပဲ ထွက်သွားခဲ့ပါတယ်။ မပြုချင်ပါဘူးလို့ သူဘယ်လိုမှ မပြောရဲခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ နန္ဒမင်းသားဟာ ရဟန်းပြုဖြစ်သွားခဲ့ပါတယ်။ ကြောက်လို့သာ ရဟန်းပြုခဲ့ရသူဆိုတော့ သာသနာ့ဘောင်မှာ ဘယ်လိုပျော်နိုင်မှာတဲ့လဲ။ စိတ်ထဲမှာလည်း ဇနီးသည်ရဲ့ အမှာစကားနဲ့ မှာလိုက်ပုံလေးကို တမ်းတနေတာပေါ့။ အရှင်နန္ဒ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်က ရှင်နန္ဒရဲ့စိတ်ကို ဒီလိုအနိုင်ယူခဲ့ပါတယ်။

အဲဒါကတော့ လမ်းခုလတ်မှာ မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြပြီး-
( ဘုရားရှင် )-ရှင်နန္ဒ-ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ
( ရှင်နန္ဒ )-ဘယ်လိုမေးလိုက်တာလဲ ဘုရား၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။
( ဘုရားရှင် )-ဟုတ်ပါပြီလေ။
ဘုရားရှင်က ဒီတခွန်းပဲပြောပြီး တာဝတိံသာနတ်ပြည်ကို ဆက်လက်ကြွချီသွားတဲ့အချိန်မှာတော့ နတ်ပြည်မှာ အင်မတန်ချောမောလှပတဲ့ နတ်သမီးတွေ တပုံတပင်မို့ ရှင်နန္ဒမှာ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
( ဘုရားရှင် )-ရှင်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော။
( ရှင်နန္ဒ )-နတ်သမီးတွေရဲ့အလှက တပုံကြီး သာတာပေါ့ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ကလျာဏီဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ်။
( ဘုရားရှင် )-ဒါဆို-ညီတော်နန္ဒ-ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်နေပါ။ သူတို့ကို ရစေရပါ့မယ်။

ရှင်နန္ဒဟာ တခါတည်းငြိမ်ကျသွားပါတော့တယ်။ ဘုရားရှင်စကားကို ယုံပြီး သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းတွေကြားထဲမှာတော့ ပြောစရာကြီးတခုလို ဖြစ်တော့တာပေါ့။ ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့အတွက် နတ်သမီးတွေနဲ့ မျှားထားရတယ်ဆိုပြီး သတင်းတွေ ပြန့်ကုန်ပါတော့တယ်။ ရှင်နန္ဒကို တွေ့တဲ့အခါမှာလည်း စ,သလို နောက်သလိုနဲ့ ဒီအကြောင်းက အမြဲလိုလို ပြောလာကြတဲ့အခါ ကြာလာတော့ ရှင်နန္ဒစိတ်ထဲမှာ ရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်လိုက်တာဟာ မကြာခင်အချိန်မှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။ ဒီတော့မှ သူဟာ စိတ်လက်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး-

( ရှင်နန္ဒ )-အရှင်ဘုရား-ဒီနေ့မှစ၍ နတ်သမီးငါးရာကို ရရှိလိုခြင်းမှ ကင်းပါပြီဘုရား။
( ဘုရားရှင် )-သာဓု သာဓု သာဓု။
ပြောင်းလဲသွားတဲ့ ရှင်နန္ဒကိုကြည့်ပြီး ရဟန်းတွေက ဒီကိုယ်တော် ထူးခြားတယ်လို့ ထင်လာကြတယ်။ ရဟန္တာဖြစ်သွားတဲ့ ရှင်နန္ဒအကြောင်းကို မသိကြသေးဘဲ အရင်ကလို စကြ နောက်ကြတဲ့အခါ ရှင်နန္ဒက ဣနြေ္ဒသိက္ခာကြီးမားစွာနဲ့ သာသနာ့ဘောင်မှာ တကယ်ပျော်မွေ့သွားပါပြီ ငါ့ရှင်တို့။ လူ့ဘ၀မှာ တောင့်တမှု မရှိတော့ပါဘူး-လို့ ပြန်ဖြေပါတယ်။ ရှင်နန္ဒရဲ့ စကားကို မယုံကြည်ကြတဲ့ ရဟန်းတွေဟာ ဒီအကြောင်း ဘုရားရှင်ဆီ လျှောက်ထားမေးမြန်းခဲ့ကြပါသတဲ့။

ဘုရားရှင်ဟာ ညီတော်နန္ဒ ရဟန္တာဘ၀ကို ရောက်ရှိသွားပြီးမှန်း သိနေခဲ့တာမို့ ရဟန်းများ သံသယမပွားစေရန် ဒီလိုဟောကြားခဲ့ပါတယ်။
( ဘုရားရှင် )-ရဟန်းတို့ အိမ်တလုံးမှာ အိမ်ခေါင်မိုး မလုံလျှင် မိုးရေပေါက်တွေ အိမ်ထဲ ၀င်မှာပဲ။ ထို့အတူ ရဟန်းတရားကို ကောင်းစွာ မကျင့်ကြံ မပြီးစီးဘူးဆိုရင်လည်း မကောင်းသော အတွေးစိတ်ကူးတွေ ၀င်မှာပဲ။ အခု ရှင်နန္ဒကတော့ လုံသောအိမ်ခေါင်မိုးကဲ့သို့ ဖြစ်သွားပြီ။
ရဟန်းအပေါင်းဟာ ဘုရားရှင်ရဲ့တရားအဆုံးမှာ သာဓုခေါ်ဆိုပြီး ၀မ်းမြောက်သွားခဲ့ကြပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်လေးကို ဖတ်ပြီးတဲ့အချိန်မှာ ရှင်နန္ဒရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ထားကို ကြည်ညိုအားကျနိုင်ကြပါစေ။

( မိုးမိုးစောဝင်း ) 

Monday, January 6, 2014

မြင့်မြတ်သူတို့ရဲ့အလုပ်

မြင့်မြတ်သူတို့ရဲ့အလုပ်

တစ်ခါတုန်းကဗာရာဏသီပြည်ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွားပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာမျက်စိလည်သွားပါတယ်။ ကြာလာတော့ မောလာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည် ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွားပါတယ်။ ချောက်တွင်းထဲ ကျသွားတော့ အစာကပိုငတ်သွားပါတယ်။

အဲဒီ အချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာ ဖြစ်နေပါတယ်။ အစာရှာထွက်ရင်း ချောက်တွင်းထဲ ကျနေတဲ့ ပုဏ္ဏားကို တွေ့သွားပါတယ်။ ဘုရားအလောင်း မျောက်အနေနဲ့ ချောက်တွင်းထဲဆင်းပြီး ကယ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ ရတော့မှာ မဟုတ်ပါဘူး။

ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့ ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချလိုက် ပုဏ္ဏားက ခြေထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက် သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏ္ဏားလည်း အပေါ်တက်လို့ ရသွားပါတော့တယ်။ ဒါပေမယ့် ဘုရားအလောင်း မျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချ ပေးလိုက်ရတော့ တော်တော်လေး မောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဆိုပြီး အိပ်ပျော်သွားပါတယ်။

ထိုအခါ ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး “ ဒီမျောက်ကိုသတ်ပြီး အိမ်ကိုသယ်သွားရင် မိသားစု စားလို့ရမှာပဲ ” လို့ တွေးမိပါတယ်။ ဒါကြောင့် အနီးမှာရှိတဲ့ ကျေက်ခဲနဲ့ မျောက်မင်းရဲ့ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမယ့် ချောက်ထဲကျပြီး အစာငတ် ရေငတ်နဲ့ အားပျော့နေတာဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ေ မျာက်မင်းလည်းအထုခံလိုက်ရတာနဲ့သစ်ပင်ပေါ်
ပြေးတက်လိုက်ရပါတယ်။ပုဏ္ဏားရဲ့လက်ချက်ကြောင့်ပဲ ခေါင်းမှာသွေးတွေ တစ်စက်စက် ကျလာပါတယ်။

ပုဏ္ဏားဟာ သူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲကထွက်ပြီး ရွာကိုရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း မျောက်မင်းက “ ပုဏ္ဏား.. ဒီတောဟာ သိပ်ထူထပ်တယ်၊ငါက သစ်ပင်ပေါ်က လမ်းပြမယ်၊ သင်က အောက်က လိုက်ခဲ့ပါ ” လို့ ပြောပြီး တောအုပ် အပြင်ဘက် ရွာအနီးအထိ လိုက်ပို့ပေးပါတယ်။

လယ်တီဆရာတော်ဘုရားကြီးက ဒီဝတ္ထုလေးကို ထုတ်ပြပြီး ပါရမီဆယ်ပါး ပါပုံကို ဖွင့်ပြပါတယ်။
၁။ ပုဏ္ဏားရဲ့ အသက်ကို ကယ်လိုက်တာက ဒါနပါရမီပါ။

၂။ ပုဏ္ဏားက ခေါင်းကို ကျောက်ခဲနဲ့ထုပေမယ့် ပြန်ပြီး လက်တုံ့မပြန်တာ၊ ကြမ်းကြုတ်တဲ့စကား
တွေကို မပြောမိအောင် ထိန်းသိမ်းတာက သီလပါရမီပါ။

၃။ တစ်စုံတစ်ရာ လောကီအကျိုးကို မတောင့်တဘဲ ပုဏ္ဏားကို ကယ်တင်လိုက်တာက နေက္ခမ္မပါရမီပါ။

၎။ ပုဏ္ဏားကို ချောက်တွင်းထဲကနေ အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲလို့ သိတာကပညာပါရမီပါ။

၅။ သိတဲ့အတိုင်း နောက်မဆုတ်ဘဲ ကြိုးပမ်းအားထုတ်တာက ၀ီရိယပါရမီပါ။

၆။ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံတာ၊ နာကျင်တဲ့ ဝေဒနာကို သည်းခံနိုင်တာတွေကခန္တီပါရမီပါ။

၇။ သင့်ကို ငါကယ်မယ်လို့ ပုဏ္ဏားကို ပြောကြားထားတဲ့ “ နှုတ်ပဋိညာဉ် ”ကို မဖျက်တာက သစ္စာပါရမီပါ။

၈။ ပုဏ္ဏားရဲ့ အကျိုးကို အဆုံးတိုင်အောင် ငါ ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ “ စိတ်ပဋိညာဉ် ”ကို မရွှေ့မပြောင်းတာက အဓိဌာန်ပါရမီပါ။ ( နှုတ်နဲ့ စိတ် ကွာပါတယ်)

၉။ ချောက်တွင်းထဲကျနေတဲ့ ပုဏ္ဏားကိုကြည့်ပြီး ငါ မကယ်ရင်တော့ သေတော့မှာပဲလို့ ပုဏ္ဏား
ရဲ့အကျိုးကို လိုလားတောင့်တစိတ်၊ ပုဏ္ဏားအပေါ် သနားကြင်နာစိတ် ၀င်လာတာက မေတ္တာ
ပါရမီပါ။

၁၀။ သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီး ပြုပေမယ့် ငါ့ကို ဒီလိုကျောက်ခဲနဲ့ ခေါင်းကို ထုရက်
လေခြင်းလို့ ပုဏ္ဏားရဲ့အပေါ်မှာ စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။

ဒီသာဓက ဖြစ်စဉ်ဝတ္ထုလေးကို အာရုံပြုပြီး ကိုယ့်ရဲ့စိတ်ကလေးတွေ ထားတတ်ရင် ထား
တတ်သလို ပါရမီဆယ်ပါးလုံး ဖြစ်သွားပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘ၀မြင့်
မြတ်သထက် မြင့်မြတ်ကာ နိဗ္ဗာန်ချမ်းသာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။


ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့အလုပ် စာအုပ်မှ

Thursday, December 26, 2013

အမေ ကျေနပ်ပါပြီ သားရယ် (၂)


အမေ ကျေနပ်ပါပြီ သားရယ် (၂)
ဘိက္ခုနီသာသနာ
မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှု တို့ကြောင့် ဘိက္ခုနီ သာသနာခေါ် ရဟန်း အမျိုးသမီး သာသနာ ပေါ်ပေါက် လာခဲ့တယ်။ အမျိုးသမီး ရဟန်းမ သာသနာသို့ အရင် ၀င်ရောက် လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင်မင်းသမီး ငါးရာတို့ ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။

ရတ္တညူဧတဒဂ်
ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။
ရတ္တညူ ဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာ သာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသား ရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမ သာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။
သီတင်းသုံးနေထိုင်ရာ

တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့ အနီး မဟာဝုန် တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင် ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမ ကျောင်းတိုက်တာမှာ သီတင်းသုံး နေထိုင်တယ်။
စဉ်းစားမိပြီ

အဲဒီလို အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။ သြော်… သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂ သာဝကကြီးများ ဖြစ်တဲ့ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမ သာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မှာ မဟုတ်ဘူး… လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီ မြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင် သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီး ကလည်း ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။

(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေး ရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာ မောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။)
နတ်တွေက ငိုတယ်

မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနား တစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ (သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။ မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံ မှာတော့ အတုယူစရာ ကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘ အထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂ မကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။
အဲဒါ တို့ကြောင့်ပါ

ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်း အမျိုးသမီး ငါးရာလည်း ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန် ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။

အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီး တုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများ အကြောင်းထူးလို့ ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။

“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။
လိုက်ပါရစေ

မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော် မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြ ပါပြီဘုရား”လို့ လျှောက်ထား ကြတယ်။

ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက် လာကြတုန်းကလည်း အတူတူ၊ မြတ်ဗုဒ္ဓ ထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလည်း အတူတူ၊ တရား အားထုတ်ကြ တော့လည်း အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မှာကို တပည့်တော် မတို့လည်း အတူတူ လိုက်ပါရ စေတော့ဘုရား”လို့ လျှောက်ထား တောင်းပန်ကြတယ်။
ခွင့်တောင်းကြဦးစို့

ရှင်မတို့ရယ်… တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင် ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော် ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။
သည်းခံကြပါကွယ်

အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမ ငါးရာတို့က ကျောင်းကြီး ပေါ်ကဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို

(ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)

တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့… တို့များဟာ ဒီဘိက္ခုနီမ ကျောင်းတိုက်တာ ကြီးကို ကြည့်ရှုခွင့် ရခြင်းဟာ နောက်ဆုံး ကြည့်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။
*အမေ ကျေနပ်ပါပြီ သားရယ်(၂)*

မိတ်ဆွေများကို မပြစ်မှားရ

မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)

သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။

ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့ မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရ ရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံ ရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည် ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။
လမ်းမခွဲခင် ဆုံးမစကား

မိထွေးတော်ကြီးနဲ့ သာကီဝင် အမျိုးသမီး ရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။

(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။)

တို့တတွေ အခုသွား ရမှာက နိဗ္ဗာန် ခရီးဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏ လက်တွင်း သက်ဆင်းရတဲ့ သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ် မနှစ်သက်တဲ့ သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီ အရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီး သွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက် လိုက်တယ်။

“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန် သွားတော့မယ့် အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက် တတစ်ချက်မှာ မိထွေးတော်ကြီး အပေါ် သံယောဇဉ် တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂ မကင်းနိုင် ကြသေးတဲ့ ပရိသတ်တွေ ကလည်း ငိုကြွေးကြ ပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။

“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော် ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံ နဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။

ဟုတ်တာပေါ့ မိထွေးတော် ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်း တာတွေ မလုပ်ဖို့၊ မိမိ စိတ်ကလေးကို ဖြူစင်အောင် ထားဖို့ မကြာခဏ ဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့ တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေး နေကြတာပေါ့။

ငိုကြွေးတယ်ဆိုတာ

အမှန် တကယ်တော့ ငိုတဲ့သူများဟာ ကိလေ သာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော် ကြီးကတော့ အေးအေး ဆေးဆေးပဲ။ ရဟန္တာ ဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့ တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့ စိတ်နဲ့ကို ထာဝရ နှုတ်ဆက်သွားတာ။

မိထွေးတော် ကြီးကတော့ ထာဝရ နှုတ်ဆက် သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော် ကြီးနဲ့ ရဟန္တာ ထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ်လို့ တဆင့်စကား တဆင့်နား ကြားတော့ သဒ္ဓါတရား သိပ်ကောင်းတဲ အမျိုးကောင်း သား၊ အမျိုးကောင်း သမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော် ကြီးတို့ သွားရာလမ်းမှာ ဖူးမြော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။

စည်းစိမ်ရှင် မကြီး စိတ်အေးအေး ထားပါဘုရား။ ကိုးကွယ်ရာ မဲ့နေတဲ့ တပည့်တော် တပည့်တော်မ တို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်း တော့မယ် ဆိုတာက အခွင့်မလျော် မသင့်တော် ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထား ကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂ တရားတွေက နှိပ်စက် ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထား တောင်းပန်ကြတာ။

လျှောက်ထား တောင်းပန် သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့ စကားပါတယ်။ ဟုတ်တယ် မိထွေးတော် ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက် နေတဲ့ဘ၀။ လူ့ဘောင် လောကမှာ ရှိစဉ်တုန်း ကလဲ ထီးနန်း စည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ် ဆိုတာ မရှိလောက် အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခ ဆိုတာ ချိုနဲ့လား၊ ဘယ်လို ဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။

ရဟန်းမ အဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေ ငြိမ်းလို့ နိဗ္ဗာန် ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီး ဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော် ကြီးကို စည်းစိမ်ရှင် မကြီးလို့ ခေါ်တာဖြစ်မှာ။
တရားဟောရပြန်

အဲဒီလို ရင်ဘတ် စည်တီး ငိုကြွေးပြီး နေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြ ရတာတွေကို ငြိမ်းအေး စေနိုင်ဖို့ အတွက် တရား ဟောရပြန်တယ်။

အို… သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညည်း နေရမယ့် အချိန် မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ… သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်း တွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်း မွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယ တဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင် နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန် ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာ တွေကိုလဲ သေသေ ချာချာကို ပွားများပြီး သွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော် ကြီးလေ… မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တွေကို သင်ယူခြင်း ပရိယတ္တိ သာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိ သာသနာ၊ သုံးဆောင်း ခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒ သာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။

အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ ၀န်ထုပ် ၀န်ပိုးကြီးကို အကုန်လုံး ပစ်ချပစ် လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယ တဏှာကို မိထွေးတော်ကြီးက အမြစ်ပါ မကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော် ကြီးတို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
လိုရာခရီး သွားနိုင်ကြ

လောကကြီးမှာ မိဘတွေဟာ ခရီး ထွက်တော့မယ် ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့် လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်း အေးရတဲ့ သားသမီးမျိုး ရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။
စိတ်ချလို့ နေပါပြီ

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန် စံတော့မယ် ဆိုတာက မိထွေးတော် ကြီးလဲ လုပ်သင့် တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။

နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော် ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံး သိနှင့်တဲ့ အရှင် ကောဏ္ဍည၊ သားတော်အရင်း အရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင် ရာဟုလာတို့ ကလည်း ရှိနေပြီကွယ့်။

သာသနာတော်ကို မကြည်ညိုသူ၊ အယူမှား တွေကိုသာ ဟောပြောလေ့ ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံး ကြီးကလည်း ရှိနေပြီလေကွယ်…။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများ ရှိသေးလို့တုန်း။

ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်း ရတော့မယ့် မိထွေးတော်ကြီး တို့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်နေရမဲ့ အချိန်အခါ ကာလကြီးပါကွယ်။
အမေ့ဆုတောင်း

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။

အတိတ်ကို ပြန်ကြည့်ရင် ဟိုး… လွန်ခဲ့တဲ့ ဘ၀တစ်သိန်း ကာလအထက် မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော် မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီး ဆိုတော့ တို့က သူဌေး သမီးပေါ့။ အဖေက မြတ်စွာ ဘုရားကို အရမ်း ကြည်ညိုတာ သိလား။ မြတ်ဗုဒ္ဓရဲ့ ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လည်း စိတ်ပါလက်ပါနဲ့ နေ့တိုင်းကို လိုက်ခဲ့တာကွယ့်။

အဲ… တစ်နေ့တော့ ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်က ပရိသတ် လေးပါးရဲ့ အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူ ဧတဒဂ်ဘွဲ့" ပေးတော့ တို့လေ အရမ်း အားကျတာပဲ သိလား။ ဘာရမလဲ တို့လည်း တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့ အတိုင်း အဖေက လိုက်လျော တယ်လေ။ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပြန်၊ အဖေ ကိုယ်တိုင်က ရတနာမြတ် သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန် ဆိုတော့ နှစ်ခါ မတောင်းဆို ရပါဘူးကွယ်။

အဲဒါနဲ့ ပဒုမုတ္တရ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော် အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားကို အားရ ပါးရကြီးကို လှူဒါန်း ပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့ တာပါပဲ။ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတယ် ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ… ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်း ပစ်လိုက်တာ။
ဗျာဒိတ်စကား မြွက်ကြား

ပဒုမုတ္တရ မြတ်စွာ ဘုရားကလည်း အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ဘူးကွယ့်။ သူ့ရဲ့ အနာဂတံသ ဉာဏ်တော်နဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့မှ "နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစု စောင့်ရှောက်ခွင့် ရပြီး၊ နောင်အခါ ဘုရား သာသနာတော်ထဲ ၀င်ရောက် လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီ မကြီးလည်း ဖြစ်ပြီး အမျိုးသမီး သာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူ ဧတဒဂ် ဘွဲ့ထူးကြီး ကိုလည်း ပရိသတ် အလယ်မှာ ပေးအပ် ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်း အကြောင်းကို ရည်ညွှန်း၍ မိန့်မြွက် အပ်သော ဘုရား စကားတော်) မြွက်ကြား ခဲ့တယ်လေ။
အမေ့ဆုတောင်းတွေ ပြည့်ပါပြီ

(စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)

ဒါနဲ့ မြတ်စွာ ဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလ အတိုင်းအတာဟာ သာမန် လူတွေ အတွက်တော့ တမျှော် တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေ သိပ်ဖြစ်ချင် နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့် လောက်ပဲ ထင်ခဲ့တာ။

အဲဒီဘ၀ ကနေ နတ်ပြည် ရောက်လိုက် လူ့ပြည် ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ ရတယ်။ အဲဒီ ဘ၀တွေမှ ကုသိုလ်လုပ်ခွင့် ရတာနဲ့ ဘုရားမယ်တော် ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလည်း ပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ် ထူးကိုလည်း ဘုရားအမေ ဖြစ်ဖို့ပဲ ဆုတောင်း လိုက်တာပေါ့ကွယ်။

အို… သားတော် သမီးတော်တို့ မငိုကြွေး ကြပါနဲ့ကွယ်။ အမေလေ… ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေး ကြပါနဲ့ကွယ်။ ဆုတောင်း ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော် သမီးတော်တို့ရယ်။

*အမေ ကျေနပ်ပါပြီ သားရယ်(၃)*

အမျိုးသမီးလူထု ကိုယ်စား

အို… သားတော် သမီးတော်တို့၊ နားထောင်ကြ အုံးကွယ်။

သားတော် သမီးတော်တို့ အတွက် လောက အလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟိုး ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင် လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား မဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော် ဗုဒ္ဓကို အမေကလေ ကိုယ့်အသက်ထက် ပိုတန်ဖိုး ထားပြီးတော့ စောင့်ရှောက်ခဲ့တာ။

ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး) သာသနာ တော်ကြီး ပေါ်ပေါက် လာဖို့အတွက် အမေလေ သားတော် အရှင်အာနန္ဒာရဲ့ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော် ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ (အမျိုးသမီး) သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီး လူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။

အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်

သားတော် သမီးတော်တို့ရဲ့ သောက ပင်လယ်ကြော၊ ဆင်းရဲ ဝေဒနာတော ထဲကနေ အမေက တတ်နိုင်သလောက် သားတော် သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူး ဂုဏ်တွေကို သားတော် သမီးတော်တို့က ပြန်ပြောင်း သတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီ ကျေးဇူးဂုဏ် တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ…
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)

အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီး ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိ သာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိ သာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓ သာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်)။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောက မျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြ ထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစား အားထုတ် ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေး နေရမယ့် အချိန် မဟုတ်တော့ပါဘူး။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး

သုံးကြိမ် လျှောက်လဲခွင့်မပြု

သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တော်ကြီးကို သားတော် မြတ်စွာ ဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။

သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ် နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။

အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ် ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တည်ထောင်ခွင့် ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ ဘူးကွယ့်။ နှစ်ကြိမ် လျှောက်လည်း ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ

အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင် မင်းသားငါးရာ သားတော် ဘုရားရဲ့ထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြ ဘူးလေ၊ သူတို့လေးတွေ ကလည်း အမေနဲ့ အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့

မဟာ သက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော် ဘုရားရဲ့ အသက်က (၄၀)အရွယ်၊ အဲဒီအချိန် မှာပေါ့။ သားတော် မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန် တောကြီးထဲက ကူဋာဂါရ သာလာ ကျောင်းတော်မှာ သီတင်းသုံးတယ် လို့ကြားတော့ သားတော် ဘုရားနဲ့ ရဟန်း သံဃာတွေကို အတုယူ အားကျပြီး အမေနဲ့ အတူ သာကီဝင် မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေ ကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော် ဘုရားရဲ့ ကျောင်းတော်ကြီး ဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ

အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့ တတွေက အဲဒီလိုသွားရင် သားတော် ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော် ဘုရားရှိရာ မဟာဝုန် တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက် ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့

သားတော်ဘုရားရဲ့ ကျောင်းပရ၀ဏ် အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော် ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာ ဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။

ဒါနဲ့ အမေလည်း အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော် ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေး မှာပေါ့။ အထဲဝင်ရ ကောင်းနိုး မ၀င်ရ ကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနည်း စိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့

သိပ်မကြာလိုက် ပါဘူး၊ ကံကောင်းချင်တော့ သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့ တယ်လေ။ သားတော် အာနန္ဒာလည်း တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့် ကပ်ပြီး မျက်ရည် ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်း မေးတော့ အမေလည်း ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖော်ထုတ်လိုက် တာပေါ့။

သားတော် အာနန္ဒာက အားကိုးရ ပါတယ်။ အမေ့ကိုလေ “မယ်တော်ကြီးရယ် ဒီလောက်လည်း စိတ်သောက ရောက်မနေပါနဲ့၊ သားတော် လျှောက်ပေး ပါ့မယ်”လို့ ပြောပြောဆိုဆိုနဲ့ သားတော် ဘုရားရဲ့ ကျောင်းတော်ရာထဲ ၀င်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ

သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီး တဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော် ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့ တာပါပဲ။

သားတော် ဘုရားက နှစ်ကြိမ်မက သုံးကြိမ် တိုင်အောင် ပယ်မြစ် လိုက်တော့ သားတော်လေး အာနန္ဒာလည်း ပရိယာယ် စကားနဲ့ လျှောက်ထား ပြန်တယ်။

ဘုန်းတော် နေ၀င်း ထွန်းလင်း တောက်ပတော် မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေ အတွက် အိမ်ယာ တည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ ၀တ်ပြီး တရား အားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် တွေကို အမျိုးသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြု ခွင့်များ ရှိနိုင်ပါ့မလား ဘုရား”။

ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့…

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင်… မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာ ဘုရား၏ မိထွေးတော်ပါ ဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေ စည်ကား ကြီးပွားခြင်းသို့ ရောက်အောင် စောင့်ရှောက် ပေးခဲ့တဲ့ မယ်တော်ကြီးပါ ဘုရား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေး ခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။

အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက် သေးသည့် အချိန်မှ စ၍ အရွယ်တော် ရောက် လူလား မြောက်သည် အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။ ထို့ကြောင့်… ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီး အမှူးရှိသော သာကီ အမျိုးကောင်း သမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါ ဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့…

သားတော် မြတ်စွာဘုရားက…

ဂရုဓမ် တရား ရှစ်ပါး (မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ် ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော် အာနန္ဒာလည်း စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလည်း ဦးလည်မသုန် လေးစား လိုက်နာပါ့မယ် ဆိုလို့ ဘိက္ခုနီမ သာသနာ တော်ကြီး ပေါ်ပေါက်လာတာ။ အစဉ်တစိုက် ကြိုးစားလိုက် ကြစမ်းပါ…။

အို… သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန် မဟုတ်တော့ဘူး။

(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)

ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော် ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်း အလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော် ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမ သာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်… လို့

လမ်းဘေး ၀ဲယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော် ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း… မိထွေးတော်ကြီးတို့ သားတော် ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။

ဆက်ရန် -
ဝန်ခံချက်

ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။