ရှင်အာစာရ
Saturday, January 10, 2015
လူငယ်နှင့် ဓမ္မ
ရှင်အာစာရ
Monday, August 18, 2014
ထေရ၀ါဒ သာသနာမှာ ဘိက္ခုနီတွေ ရှိသေးလား...?
Friday, August 15, 2014
အမျှဝေမှု
၂၊၊ နတ်ပြည်ရောက်သူ၊
၃၊၊ တိရစ္ဆာန်ဖြစ်သူ၊
၎၊၊ အချို့ပြိတ္တာများတို့သည် အမျှမရ၊၊
သူတပါးပေးကမ်းသည်ကို မှီ၍ အသက်မွေးရကုန်သော ပရဒတ္တူပဇီဝီ ပြိတ္တာမျိုးများသာ အမျှ ရသည်ဟု ဆိုပါသည်၊၊
အချို့ပြိတ္တာ အမျှမရဟု ဆိုရာ၌
၁၊၊ အစာကို အန်သော ဝန္တာသိက ပြိတ္တာမျိုး၊
၂၊၊ စား၍ စားမဝင် ငတ်မွတ်သော ခုပ္ပိပါသ ပြိတ္တာမျိုး၊၊
၃၊၊ ဝမ်းခေါင်ပြောင်ပြောင် တောက်လောင်နေသော နိဇ္ဈာမတဏှိက ပြိတ္တာမျိုး ဤသုံးဦးသော ပြိတ္တာတို့ အမျှ မရနိုင်ပါ၊၊ ( မိလိန္ဒပဉှာ ၂၈၄ )
အင်္ဂုတ္တိုရ်ပါဠိတော် တတိယအုပ် ဇာဏုေဿာဏိသုတ် ( ၄၇၈၊ ၄၇၉ ) ၌
၁၊၊ ငရဲ
၂၊ တိရစ္ဆာန်
၃၊၊ လူ
၎၊၊ နတ်ဘဝတို့သည် အမျှပေးဝေ၍ မရသော ဌာနဖြစ်သည်၊၊
ပြိတ္တာဘဝသည်သာ အမျှပေးဝ၍ ရသော ဌာနဖြစ်သည် ဟု မိန့်ဆိုပါသည်၊၊
( ခုဒ္ဒပါဒ တိရောကုဋ္ဋသုတ် အဋ္ဌကထာ ၁၇၇ ၌လည်း အင်္ဂံ္ဂုတ္တိုရ်နှင့် တူသည်၊၊)
သုတ်မဟာဝါ မဟာပရိနိဗ္ဗာနသုတ် (၇၅) ၌ကား
၁၊၊ အိမ်စောင့်နတ်များကို အမျှပေးဝေကြောင်း၊
၂၊၊ အမျှရကြသော အိမ်စောင့်နတ်များ၏ ပြန်လည် စောင့်ရှောက်မှုကို ရရှိသူ အိမ်ရှင်များ ချမ်းသာ သုခ ရရှိကြောင်းကို ဟောတော်မူထားသည်၊၊
ဆိုခဲ့ပြီးသော ကျမ်းဂန်အရပ်ရပ်တို့ကို ကောက်ချက်ချလျှင်
၁၊၊ မိလိန္ဒပဉှာ၊ အဂ္ဂုင်္တ္တိုရ်၊ ခုဒ္ဒပါဌ အဋ္ဌကထာတို့ အဆိုအရ နတ်ကို အမျှပေးဝေလို့မရ ဟု ဆိုလိုသည်၊၊
၂၊၊ သုတ်မဟာဝါမဟာပရိနိဗ္ဗာနသုတ်အလိုကား နတ်ကို အမျှပေးဝေလို့ ရကြောင်းဆိုထားသဖြင့် ကျမ်းဂန် အချင်းချင်း ဆန့်ကျင်သလိုဖြစ်နေသည်၊၊
နတ်များ လူများ အမျှ ပေးဝေလို့မရ ဆိုရာ၌ ပြိတ္တာများကဲ့သို့ ဘဝပြောင်းသွားအောင် အမျှပေးဝေလို့ မရဟု ဆိုလိုရင်းဖြစ်သည်၊၊
အမျှဝေ၍ လုံးဝမရသည်ကား မဟုတ်ပါ၊၊ အမျှရပါသည်၊၊ အမျှရသော အချို့နတ်များ အရှိန်အဝါ တိုးတက်နိုင်ပါသည်၊၊ ရေစက်ချ အမျှဝေသောအခါ ကိုယ်စောင့်နတ်စသော နတ်များကိုလည်း အမျှဝေလေ့ရှိပါသည်၊၊
ဤသည်မှာ နတ်များကို အမျှဝေ၍ ရခြင်း၏ သက်သေပင်ဖြစ်သည်၊၊ တရားနာ ပရိတ်သတ် အပါအဝင် လူအများကိုလည်း အမျှဝေလေ့ရှိပါသည်၊၊ သူများ အမျှဝေသည်ကို ဝမ်းမြောက်နုမော် သာဓုခေါ်ခြင်း ပတ္တာနုမောဒန ပုညကိရိယဝတ္ထု ကုသိုလ်သည် လူနင့် နတ်နှစ်မျိုးလုံးပင် ရနိုင်သည်၊၊ နတ် ဟုဆိုရာ၌ သတ္ထာဒေဝမနုဿာနံ ၌ ကဲ့သို့ ဗြဟ္မာလည်း ပါဝင်ပါသည်၊၊
မိလိန္ဒပဉှာ မြန်မာပြန် (၃၀၄)၌ သိမှ အမျှရသည်ဟု ဆိုခြင်းကြောင့် အမျှဝေသည်ကို မသိလျှင် အမျှ မရဟု မှတ်ရမည်၊၊ တိရစ္ဆာန်နှင့် ငရဲသားများကား လုံးဝ မသိနိုင်သောကြောင့် အမျှဝေ၍ လုံးဝ မရနိုင်ပါ၊၊
(အမေရိကန်ဆရာတော် ဦးဇောတာလင်္ကာရ မေး၍
Sunday, June 29, 2014
ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း
၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။
၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် ( ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့် ) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။
( မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့ )
( ဖြေ )။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ
၁-မဟုတ်မမှန်သော ၀တ္ထုလည်းဖြစ်စေ၊
၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊
၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊
၎-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-
ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။
သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။
လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။ သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။
သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊
ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘ၀တွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။
၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။
ဆရာတော် တိလောကသာရ (ရဝေထွန်း)
Wednesday, October 30, 2013
ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် ပြဿနာ
အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ် ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်း ကြောင့်ပါနည်း။ (ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်ဝင်း)
အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]
♦ မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍
ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊
"စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ- ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌"ဟု သရုပ်ဖော်ကြသည်၊ ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအ
♦ ♦ ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင်အဘယ်မျှလောက
"ကောသလမင်းကျောင်းတိုက်တွင်
အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသ
မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များ
♦ မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝို
မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့
♦ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊
♦ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊
♦ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊
♦ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။
♦ ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင်
အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။
"တကယ်ရိုသေခြင်း"
ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ"
ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။
မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့
♦ ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါ ဖြစ်လောက်အောင်
အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊
ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။
- (အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ကူးယူ ဝေငှပါသည်။)
Thursday, October 3, 2013
ကံတူသော်လည်း အကျိုးပေးမတူခြင်းအကြောင်း
မလ္လိကာ မိဖုရားကြီးသည် ကြီးကျယ်သော အသဒိသဒါန ( အတုမရှိသော အလှူဒါန ) ကြီးကို ပေးလှူခြင်းစသော များစွာ သော ကုသိုလ်များပြုခဲ့ပါလျက် သေခါနီးကာလတွင် ပြုခဲ့ဖူးသော အကုသိုလ် အပြစ်အနည်းငယ်ကို မပြုလုပ်ပါ ဟု ကောသလမင်းကြီး အား မုသားစကားပြောကြားခဲ့သည်ကို အမှတ်ရ၍ (၇) ရက် ငရဲဒုက္ခ ခံရခြင်း၊
တိဿရဟန်းသည် သေခါနီးကာလ၌ မိမိသင်္ကန်းကို စွဲ၍ (၇) ရက် သန်းပြိတ္တာဖြစ်ရခြင်းတို့တွင် သေးငယ်သော အပြစ်ချင်း တူပါလျက် အဘယ့်ကြောင့် မြက်ပင်နှုတ်မိသော ရဟန်းက အချိန်ကြာမြင့်စွာ တိရိစ္ဆာန်ဖြစ်ရပါသနည်း ….
အဖြေ - ဒါက ဘ၀မှာ ဖြစ်စေတဲ့ အကြောင်းလေးတခုသာ ရည်ညွန်းပြောတာ၊ ဒီပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းက မတူဘူး၊ ပတ်ဝန်းကျင် အခြေအနေတွေချင်းက မတူညီကြဘူး၊ ပုဂ္ဂိုလ်တယောက်နဲ့ တယောက်ဟာ တိုင်းတာလို့ မရနိုင်ဘူး၊ အခု ဒီသင်တန်း တက်နေကြတဲ့ သူတွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊ သဘောထားချင်းက တူလို့ မရဘူးလေ၊ ကွဲပြားခြားနားမှုတွေ အမြဲတမ်း ရှိနေတတ်တယ်၊
အဲဒီ မတူညီတဲ့ သဘောတွေကို တူတယ်လို့ သွားပြီး ယူဆလို့ ရှိရင် မှားသွားမှာပေါ့၊ မတူတဲ့ အခြားအခြေအနေတွေကို ထည့် သွင်းပြီးတော့ စဉ်းစားရမယ်၊ ခုနတုန်းက အနှစ်နှစ်သောင်းရဟန်းတရား အားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက် သွားတယ် ဆိုတာက နဂါးဘ၀က အသက်ရှည်တဲ့ ဘ၀မျိုးကို ရောက်သွားသည့်အတွက်ကြောင့်ပဲ၊ ပြီးတော့ နဂါးဘ၀ကလဲ တပိုင်းက နတ်နဂါး ဆိုတော့ စည်းစိမ်ချမ်းသာက တစ်ဖက်ရှိနေတဲ့ အနေအထားတခုပေါ့၊ အဲဒီလို အနေအထားရှိတဲ့ ဘုံဘ၀ရောက် သွားတော့ သူ့သက်တမ်း life span အတိုင်း သွားတော့တာ၊ သူက ကံတင် မကဘူး၊ စိတ်၊ ဥတု၊ အာဟာရ တွေရော ဖန်တီး လာတာ၊
သန်းဖြစ်တဲ့ ကိုယ်တော်ကျတော့ သန်းဆိုတာက သက်တမ်းရှည်တဲ့ ဘ၀မဟုတ်ဘူး၊ တိုတောင်းတဲ့ ဘ၀၊ သူ့ရဲ့ဗီဇ ရောက်လာတဲ့ ဘ၀ရဲ့အခြေအနေတွေကလည်း ထည့်ပြီး စဉ်းစားရအုံးမယ်၊
ပြီးတော့ မလ္လိကာ မိဖုရားကြီး ငရဲကျတယ်၊ ငရဲ ဆိုတဲ့သဘောက ငရဲပြည်မှာသက်တမ်းသက်သက် မရှိဘူး၊ ကံသည်ပင် သူတို့ရဲ့ သက်တမ်းပဲ၊ သူ့ကံရဲ့ အရှိန်ကုန်တာနဲ့ ချက်ချင်းလွတ်တယ်၊ ကံအရှိန် မကုန်သေးသမျှတော့ ဆက်သွားနေမှာပဲ၊ ဘယ်တော့ မှ သေတယ် လို့ မရှိဘူး၊
“ န စ တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပကမ္မံ ဗျန္တီ ဟောတိ ” ကံမကုန်သေးသမျှ ဘယ်ငရဲသားမှ ဘယ်တော့မှ သေတယ် လို့ မရှိဘူး၊ ဘယ်လောက် ညှင်းဆဲ ညှင်းဆဲ၊ ဘယ်လောက် ဒုက္ခတွေ ရောက်ရောက်၊ ကံမကုန်သေးလျင် မသေ ဘူး လို့ ဆိုတယ်၊ အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ ကံသည်ပင် ငရဲပြည်ရဲ့ life span ပဲ၊ သက်တမ်းတစ်ခုပဲ၊
အဲဒီတော့ လူမှာ အကြောင်းတခုထဲကို မကြည့်ပဲနဲ့ အခြား အခြေအနေကောင်းတွေ၊ အခြေအနေ မကောင်းတာတွေ အများ ကြီး ရှိသေးတယ် ဆိုတာ ထည့်သွင်းပြီးတော့ စဉ်းစားရမယ်၊
သူလည်း ကောင်းတာလုပ်တာပဲ၊ ငါလည်း ကောင်းတာလုပ်တာပဲ၊ သူလည်း မကောင်းတာလုပ်တာပဲ၊ ငါလည်း မကောင်း တာ လုပ်တာပဲ၊ အကျိုးပေးခြင်းကျတော့ တူတယ်၊ မတူဘူး လို့သွားပြောလို့ မရဘူး၊ ရာဇ၀တ်မှုတစ်ခု ကျူးလွန်တာ တောင်မှ လွတ်တဲ့သူက လွတ်သွားတာပဲ၊ ခံရတဲ့သူက ခံရတယ်လေ၊ ဘာဖြစ်လို့တုန်းဆိုတော့ အခြေအနေချင်း မတူညီလို့၊ ၀ဋ်ကြွေးပါ လာရင် အကုသိုလ်အကျိုးပေးချိန်ကျလာရင် ခံရတာပဲ၊ မလွတ်နိုင်ဘူး၊ ဒါကိုတော့ အခြေအနေလို့ ခေါ်တယ်၊
လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲ ဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တခုထဲမှာ ရှိတဲ့ ရေထဲကို ထည့်လိုက်လို့ရှိရင် အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်၊ သို့သော် အဲဒီ ဆားခဲကိုပဲ ရေကန်ကြီး တစ်ခုထဲ၊ မြစ်ထဲမှာ ထည့်လိုက်မယ် ဆိုရင် ဘာအရသာမှ မပေါ်ဘူး၊ ဘာမှကို ထူးခြားမလာဘူး၊
အဲဒီလိုပဲ လူတွေမှာလဲ တစ်ချို့ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေ လုပ်ထားတာတွေက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိအုံး၊ သူကျတော့ ပျောက်သွားတယ်၊ အကုသိုလ်က အကျိုးမပေးဘူး ၀င်မလာတော့ဘူး၊
တစ်ချို့ကျတော့ ကောင်းတာက မရှိဘူး၊ မကောင်းတာတွေက များနေတယ် ဆိုလျင် ခုနက ဆားခဲကို ဖန်ခွက်ထဲက ရေထဲ ထည့်လိုက်သလိုပဲ၊ သူ့ကျတော့ ပိုခံရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူး၊ အဲဒီသဘော တွေကို ထည့်စဉ်စားကြည့်လိုက်မယ် ဆိုရင် ကံက အကျိုးပေးတယ် ဆိုတဲ့ နေရာမှာလည်း အခြေအနေတွေပေါ်မှာ မူတည် တယ်၊
တစ်ဦးနဲ့ တစ်ဦးဟာ အခြေအနေတွေချင်း မတူဘူး၊ မတူလျင် အကျိုးပေးတာချင်းလဲ မတူညီနိုင်တော့ဘူး၊ အဲဒီသဘောကို နားလည်မှသာ ကံအကြောင်းတရားတွေကို လက်ခံ ယုံကြည်နိုင်မှာ ဖြစ်ပါတယ်။
Rf. ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ၏ ဓမ္မဗျူဟာ သင်တန်းသားများ၏ အမေးကို ဖြေဆိုခြင်း မှ ကောက်နှုတ် ဖော်ပြပါသည်။
ပန်ကမ္ဘာ
Saturday, September 21, 2013
ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်
မေး။ ။ ဘုရားဟော သုတ္တန်၊ ဇာတ်၊ နိပါတ်တော်များတွင် “ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်စိုးတော်မူစဉ်” စသည်ဖြင့် တရားစာပိုဒ် တော်တော်များများ တွေ့ကြရသည်။ ထိုအခါ တစ်ယောက်သော မိတ်ဆွေက “ဒါကတော့ဗျာ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့ ဆိုရိုးရှိတယ်လေဗျာ၊ ဇာတ်တော်တိုင်း ဒီလိုချည်း ပြဆိုရတာပေါ့” ဟု ဆိုလာပါသည်။
ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ
ဖြေ။ ။ ရှေးဦစွာ ဗာရာဏသီ-ဟု အမည်ရခြင်းအကြောင်းများကို ဗဟုသုတ အဖြစ်ဖော်ပြချင်ပါသည်။
၁။ ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ (ဗာရဏသာ+ဏ+ဤ)
၂။ ၁၂-ဦးသော ရသေ့မုနိတို့ သက်ဆင်းဝင်ရောက်ရာ ဌာနဖြစ်သော ကြောင့် ဗာရာဏသီ၊ (ဒွါဒသဣသိ+ဤ)
၃။ အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာဟောတော်မူရန် သက်ဆင်းရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊
၎။ မျောက်ဦးခေါင်းရှိရာ (သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရဏသီ၊ (ဝါရဏသီသ+ဏ+ဤ)
၅။ မြို့တည်စအခါ၌ မင်းနှစ်ပါးတို့ စစ်ထိုးရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ (ဒွိ+ရဏ+သ+ဤ)
၆။ ဝရဏာမြစ် အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီ-ဟု ခေါ်၏။
ဗာရာဏသီပြည်အနီး မိဂဒါဝုန်၌ ဘုရားရှင် ဟောတော်မူအပ်သော သုတ္တန်များမှာ--
၁။ ဓမ္မစကြာသုတ်၊
အခြားသော အရှင်သာရိပုတ္တရာ- စသော သာဝကဘာသိတသုတ်များ လည်း အနည်းငယ် ရှိသေး၏။
ဗာရာဏသီပြည်သည် အမြဲပင် ဗာရာဏသီ အမည်ရှိနေခဲ့သည် မဟုတ်ပါ။
“အယဉှိ ဗာရာဏသီ ဥဒယဇာတကေ သုရုန္ဓနဂရံ နာမ ဇာတာ။ စူဠသောမဇာတကေ သုဒဿနံ နာမ၊ သောဏနန္ဒဇာတကေ ဗြဟ္မဝဍ္ဎနံ နာမ၊ ခဏ္ဍဟာလဇာတကေ ပုပ္ဖဝတီနာမ ၊ ဣမသ္မိံ ပန ယုဓဉ္စယဇာတကေ ရမ္မနဂရံ နာမ အဟောသိ။ ဧဝမဿ ကဒါစိ နာမံ ပရိဝတ္တတိ။” (စရိယာ၊ဋ္ဌ၊ ၁၇၇)
ဗာရာဏသီ-ဟု အမည်ရသည့်အခါ၌လည်း အမြဲတမ်း ဗြဟ္မဒတ်- အမည်ရှိသော မင်းချည်း မဟုတ်ပါ။ ဂိရိဒတ္တဇာတ်တွင် ဗာရာဏသီပြည်၌ သာမ- မည်သော မင်း ထီးနန်းစိုးစံကြောင်း လာ၏။
ဗြဟ္မဒတ်မင်း ဟူရာ၌လည်း တစ်ဦးတည်းကို ဆိုလိုသည်မဟုတ်၊ ဗြဟ္မဒတ္တ- ဟူသည် မျိုးနွယ်အမည်၊ သို့မဟုတ် မင်းဆက်အမည်-ဟု ပညာရှင်များ ယူဆကြ၏။ ဘုရားရှင်ကို သိဒ္ဓတ္ထ-ဟု ခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ ဂေါတမဟု မျိုးနွယ်အမည်ကို ခေါ်ဝေါ်သကဲ့သို့၊ သို့မဟုတ် ဂျော့ဘုရင် ဟူရာ၌ စတုတ္ထမြောက် ဂျော့ဘုရင်၊ ပဉ္စမမြောက် ဂျော့ဘုရင် စသည်ဖြင့် တစ်ဦးတစ်ယောက်တည်း မဟုတ်သကဲ့သို့ မှတ်ယူသင့်ပါသည်။
“မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ” ဟူသော ဆိုရိုးစကားကား အတွေ့ရများသဖြင့် ဇာတ်တော်များကို ပြန်လည်ပြောပြသည့်အခါ မင်းအမည်ကို မမှတ်မိလျှင် ဗြဟ္မဒတ်၊ ပြည်ကို မမှတ်မိလျှင် ဗာရာဏသီဟု ပြောလိုက်လျှင် မှန်ကန်ဖို့ ရာခိုင်နှုန်းများသဖြင့် “မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့သာ ပြောလိုက်ကွာ” စသည်ဖြင့် ပြောဆိုကြရာမှ ဆိုရိုးစကားသဖွယ် ဖြစ်လာသည်ဟု ယူဆပါသည်။
အရှင်ကောဝိဒ (ယော)
Friday, September 13, 2013
အသုရကာယ် ဟူသည်
(မေး) (အသုရကာယ် ဟူသည်)
အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)
(ဖြေ)
အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။
ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။
(အသုရာ ၅-မျိုး ရှိသည်)
၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)
မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။
၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။
၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)
သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။
၃။ ဝေမာနိက အသုရာ
ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)
၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)
စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။
၅။ ပြိတ္တာ အသုရာ
ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။
ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။
အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။
(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
Friday, April 27, 2012
ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ
ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
လူမှာ သဒ္ဓါတရားဖြစ်ဖို့ အရမ်းအရေးကြီးသလို ဒီသဒ္ဓါ လွန်ပြန်တော့လည်း တဏှာကျွန်ပြန်ဖြစ်တယ်ဆို အဲဒါလေးကို သေသေချာချာလေး သိချင်လို့ပါဘုရား။ ထိပ်ဆုံးကနေ အောက်ဆုံးကိုပြန်ကျသွားတော့ ဘာတွေက မညီတာလဲ ဘာတွေနဲ့ ညှိရမလဲဆိုတာနဲ့ ဘယ်လို သာဓကတွေ ရှိခဲ့သလဲ ဆိုတာ သိချင်ပါတယ် ဘုရား။
မကြည်ပြာ(စင်္ကာပူ)
ဟုတ်ပါတယ် ဒကမလေးရေ.. သဒ္ဓါတရားဖြစ်ဖို့ အရေးကြီးသလို သဒ္ဓါလွန်လို့ကွန့်တာ သဒ္ဓါလွန်လို့ တဏှာဖြစ် တတ်တယ်ဆိုတာ ဟုတ်ပါတယ်။
သဒ္ဓါဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှု လို့ခေါ်တဲ့သဒ္ဓါတရား မရှိရင် ဒီလူဟာ ကောင်းတာလုပ်လုပ် မကောင်းတာဘဲ လုပ်လုပ် ဘာမှမထူးပါဘူးကွာ..ဆိုတဲ့ စိတ်ဝင်သွားပါမယ်။ ဒီလိုစိတ်ဝင်သွားရင် မကောင်းတာမှန်သမျှ မလုပ်ရဲတာ မရှိတော့ပါဘူး။ မကောင်းတာမှန်သမျှ လက်ရဲ ဇက်ရဲ လုပ်လာတဲ့ ဒီလူမှာ မကောင်းမှုတွေ ဆက်တိုက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်၊မကောင်းမှုတွေဆက်တိုက်လုပ်ရင် အကုသိုလ်တွေ တပုံတပင်နဲ့ အပါယ်ငရဲကို တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် သဒ္ဓါတရားဖြစ်ဖို့အရေးကြီးပါတယ်။
သဒ္ဓါတရားဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုရင်
၁။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့သူတစ်ပါးကို လှူဒါန်းပါ၊ကူညီပါ(စိတ်မကြည် မလင်မဖြစ်ရပါဘူး)၊
၂။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါ၊
၃။ယုံကြည်ချက်အားလျော်တဲ့ ဥပုသ်သီလ စောင့်ထိန်းပါ၊
၎။ဂုဏ်တော်ပွားပါ တရားထိုင်ပါ(အဘိ၊ဋ္ဌ၊၁၊၁၆၂)-ဒါဆိုရင် ကိုယ့်ရဲ့ သဒ္ဓါတရားတွေ ပြန်ဖြစ်လာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။
သဒ္ဓါလွန်ရင် ကွန့်-တဲ့၊ သဒ္ဓါလွန်လို့ တဏှာဖြစ်ခဲ့တာတွေ ဘုရားလက်ထက်မှာရော ယနေ့ခေတ်မှာပါ ရှိခဲ့ ရှိနေပါတယ်၊ သူ့နာမည်က သုပဗ္ဗာ.တဲ့၊ သံဃာတော်တွေကို သိပ်ကြည်ညိုပါတယ်၊ ကြည်ညိုလွန်း သဒ္ဓါဖြစ်လွန်းတော့..သူစဉ်းစားတာက..သံဃာတော်တွေကို ဒကာ ဒကာမတွေက လှူနေတဲ့ပစ္စည်းတွေ အများကြီးပဲ၊ မလှူတာ တစ်ခုပဲရှိတယ်၊ လူများတွေ မလှူတဲ့ အဲဒီအလှူကို လှူရင် အမြတ်ဆုံးဒါန ဖြစ်လိမ့်မယ်လို့ တွေးပြီး သံဃာတော်များကို မေထုန်အလှူ လှူတယ်၊ (ပါ။၁။နှာ၄၉) ၊ဘုရားရှင်က သံဃာတော်များအတွက် စည်းကမ်းချမှတ်ရသလို သုပဗ္ဗာရဲ့ သဒ္ဓါတရားကိုလဲ အကျိုးမရှိတဲ့ သဒ္ဓါတရားလို့ မိန့်တော်မူပါတယ်။ ပုဂံခေတ်မှာ ပန်းဦးဆက်ရတဲ့ လုပ်ရပ်ကလဲ သဒ္ဓါလွန်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါမယ်။
ဟုတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီတဲ့ သဒ္ဓါတရား ငြိမ်းချမ်းမှုရှိတဲ့သဒ္ဓါ၊ ပြတ်သားတဲ့ သဒ္ဓါတရားဖြစ်ဖို့ ပညာနဲ့ ညှိရပါမယ်။ သဒ္ဓါတရား အားကောင်းပြီး ပညာမပါရင်လဲ တလွဲဖြစ်တတ်တယ်။ နည်းလမ်းမကျဖြစ်လိမ့်မယ်၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်၊ ပညာအားကောင်းပြီး သဒ္ဓါတရားမပါရင်လဲ ဘာကိုမှ မယုံကြည်တော့ပဲ လူချော်ကြီး ဖြစ်သွားပြန်ပါတယ်။
မြန်မာပြည်မှာထင်ရှားခဲ့တဲ့ လူသေလူဖြစ်ဝါဒ ကို လေ့လာနိုင်ပါတယ်။ ပညာပဲဦးစားပေးပြီး ယုံကြည်မှု သဒ္ဓါတရားမရှိတော့.. ဘုရားဟောတဲ့ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် ၂၀ ဆိုတာ မရှိဘူး..လူသေရင် လူပဲပြန်ဖြစ်မယ်..တိရိစ္ဆာန် နတ် ဗြဟ္မာ ဆိုတာ မဖြစ်နိုင်ဘူး၊ သုံးဆယ့်တစ်ဘုံဆိုတာ မရှိနိုင်ဘူးတွေ ဖြစ်ကုန်ပါတော့တယ်။
ဒါကြောင့် မကြည်ပြာရေ.. သဒ္ဓါတရားကို ပညာနဲ့ ညှိပါ၊ ပညာကိုလဲ သဒ္ဓါနဲ့တိုင်းတာပါ သဒ္ဓါ ပညာမျှတဲ့ ဘ၀ဟာ ငြိမ်းချမ်းသာယာပါလိမ့်မယ်လို့ ဖြေလိုက်ပါရစေ။
ယုံကြည်မှု သဒ္ဓါတရားကလဲ အဆင့်လေးဆင့်ရှိပါသေးတယ်. ဘုရားလောင်းတွေရဲ့ ယုံချက် အာဂမသဒ္ဓါ၊တရားထူးရပြီးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ အဓိဂမသဒ္ဓါ၊ ရတနာသုံးပါးအပေါ်မှာ တကယ့်ကို သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါနဲ့ ရတနာသုံးပါးအပေါ်မှာ အစဉ်အလာယုံကြည်တဲ့ ပသာဒသဒ္ဓါဆိုပြီး လေးမျိုးရှိသလို ပညာမှာလဲ သူ့အဆင့်နဲ့သူရှိတယ်ဆိုတာကိုပါ ပူးတွဲမှတ်ထားစေချင်ပါတယ်။
သဒ္ဓါ ပညာ ဟန်ချက်ညီညီဖြင့် အတ္တဟိတ ပရဟိတ.ကို ဆက်လက် လုပ်ဆောင်နိုင်ပါစေ။
by http://tknn.org
Tuesday, June 28, 2011
အကုသိုလ်တိုး အလှူမျိုး

အရှင်ဘုရား
တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဟူသော စကားရှိပါသည်။ ယခုခေတ် ဘုရားပွဲတို့သည် ကုသိုလ်မရ၊ အပြစ်သာရှိ ပါသည် ဟု ပြောကြရုံမက အလှူလုပ်သော်လည်း အလှူမမည်၊ အကုသိုလ်ဖြစ်သည်ဟု လူအများပြောနေကြသော အလှူမမည်သော အလှူများအကြောင်း စာလာပေလာအတိုင်း သိလိုပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတဖြစ်စေ ရန် ဖြေကြားစေလိုပါသည်။
မောင်စောလှိုင်
လမ်းမတော်၊ရန်ကုန်။
ပဉ္စဒါနာနိ အပုညသမတာန
လောကသ္မိံ မဇ္ဇဒါနံ၊ သမဇ္ဇဒါနံ၊ ဣတ္ထိဒါနံ
ဥသဘဒါနံ၊ စိတ္တကမ္မဒါနန္တိ။
ယခုခေတ်၌ ကုသိုလ်ကောင်းမှုဟု ပြောဆိုသတ်မှတ်၍ လှူဒါန်းနေကြသော်လည်း ကုသိုလ်ကောင်းမှုမဟုတ်၊ အကုသိုလ် အလုပ်သာဖြစ်ကုန်သော အလှူငါးမျိုးတို့ သည် ရှိကုန်၏။
၎င်းတို့မှာ ယစ်မျိုးတို့ကို လှုဒါန်းခြင်း၊
ပွဲလမ်းသဘင် ကချေသည် ပျော်ရွှင်ပွဲတို့ကို ခင်းကျင်း လှူဒါန်းခြင်း၊
မိန်းမပျို အိုတို့ကို ကာမကိစ္စအတွက် ပေးလှူခြင်း၊
နွားမအလယ်၌ နွားငယ်များ ပေါက်ဖွားစေရန် နွားလား၊ နွားထီးတို့ကို လွှတ်ပေးလှူဒါန်းခြင်း၊
မိန်းမရုပ် ယောက်ျားရုပ်တို့ကို မက်မောကြည်နူးစေရန် ရေးဆွဲလှူဒါန်းခြင်း၊ ယခုခေတ်တွင် မိန်းမရုပ် ပြက္ခဒိန်လှလှပပ ကလေးများ ၀ယ်၍ လှူဒါန်းခြင်း၊
ဤငါးပါးသောအလှူတို့သည် အလှူဟုသာခေါ်ရသော်လည်း ကောင်းကျိုးမရ၊ ဒါနမဟူ၊ အလှူဟု မဆိုရကုန်၊ အကုသိုလ်တရားပွားများအံ့သော အကြောင်းသာ ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောတော်မူ၏။
အနည်းငယ်ချဲ့ပါဦးမည်
ထိုငါးပါးတို့တွင်
မဇ္ဇဒါန ဟူသော သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို လှူဒါန်းခြင်းဖြစ်၏။ သေရည်သေရက် မူးယစ်ဆေးဝါးသည် လှူဖွယ်ဝတ္ထုပစ္စည်း မဟုတ်ပေ။ မိမိ သောက်စားသုံးဆောင်လျှင်ပင် သူရာမေရယသိက္ခာပုဒ်အရ ငါးပါးသီလ ပျက်ပြက်ပျားကာ ငရဲသို့ ကျရောက်နိုင်ပါသည်။
ငါးပါးသီလတွင် သေရည်သေရက် သောက်စားခြင်းမှာ အပြစ်အကြီးဆုံးပင်ဖြစ်သည်။ အခြားသီလပျက်ပြားမှုမှာ ငရဲကျ၍ ငရဲသက်ကုန်လျှင် ငရဲမှ လွတ်မြောက်နိုင်သော်လည်း သေရည်သေရက် မူးယစ်သောက်စားမှုကား ငရဲမှ လွတ်မြောက်လာသည့်တိုင်အောင် ခွေးရူး၊ နွားရူးစသော အရူးပေါင်းများစွာ၌ ကျင်လည်ကြရပေဦးမည်။
ထိုသို့ အပြစ်ကြီးလှသော သေရည်စသည်ကို မိမိသောက်စား၍ အပြစ်ကြီးရုံသာမက သူတစ်ပါးအားလှူဒါန်း၍လည်း ကုသိုလ်မရ အပြစ်သာရလေတော့သည်။
ထို့ကြောင့် ကိုယ်တိုင်လည်း ရှောင်ကြဉ်ပါ။ သူတစ်ပါးအားလည်း ကုသိုလ်ဖြစ်လိမ့်မည်အထင်နှင့် ၀ယ်၍ မတိုက်ပါနှင့်။
ဣတိ္ထဒါနံ ဟူသည်မှာ မိန်းမအလှူဟူ၏။ ကာမဂုဏ် အတွက် အခြားသူအား မိန်းမလှူဒါန်းမှုမျိုး ဖြစ်သည်။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအလှူဟူ၍ ရှိခဲ့သော်လည်း ဤ ဣတိ္ထဒါနအရ မပါဝင်ချေ။ ဣတိ္ထဒါနကား ကိလေသာကိစ္စမျိုးသာ ဖြစ်သည်။ ဤတွင် နွားလားအုပ်၌ နွားမများ, လွတ်ပေးခြင်းမျိုးလည်း ပါသည်ဟု ဆိုပေသည်။ အကျယ်မရေးတော့ပေ။ ဤတွင် ပါရှိသည့် ဥဿာဒါနနှင့်လည်း အလားတူပေသည်။
စိတ္တကမ္မဒါန ဆိုသည်မှာ မိန်းမရုပ်၊ ယောက်ျားရုပ် လှလှပပများ တစ်ရုပ်စီ သီးခြား လည်းကောင်း၊ ပူးတွဲ၍လည်းကောင်း မြင်ရသူတို့ မက်မောနှစ်သက်စဖွယ် ရေးခြယ်၍ ဖြစ်စေ၊ ဓာတ်ပုံ, စက်ရိုက်ပန်းချီ, ပန်းပု ရုပ်လုံးရုပ်ကြွများပြုလုပ်ထုဆစ်၍ ကျောင်း, ဇရပ်, ဘုရား, တန်ဆောင်းတို့၍ ဆန်းဆန်းကြယ်ကြယ် ချိတ်ဆွဲ၍ အောက်မေ့ဖွယ် လှူဒါန်းမှုမျိုးဖြစ်သည်။
ယခုကာလ ပြက္ခဒိန်လှလှကလေးများ ရုပ်ရှင် မင်းသမီးပုံများ ကို ကျောင်းဘုရားများ၌ လှူဒါန်းခြင်းမျိုး ဖြစ်သည်။ ၎င်းမှာ မြင်ရသူတို့က ကုသိုလ်ဖြစ်မှုထက် ကာမရာဂ ပွားတိုးမှုသာ ဖြစ်စေသဖြင့် ကုသိုလ်ထက် အကုသိုလ်ဖြစ်ပွားမှုက ပိုပေသည်။
ကျောင်း၊ တန်ဆောင်းတို့တွင် ဆန်းကြယ်သော ပန်းနွယ် ပန်းညွန့် ခြူးပန်းခြူးနွယ် ဆန်းဆန်းပြားပြား ထုလုပ်လှူဒါန်းမှု မျိုးကား အပုညဒါနမဖြစ် ကုသိုလ်သာဖြစ်ကြောင်း မှတ်သားရာ၏။ တခြားဒါနများ၌လည်း အလားတူမှတ်ရာ၏။
သမ္မဇဒါန ကချေသဘင်အလှူ ဆိုရာ၌ ပြဿနာရှင်၏ စာတွင်ပါသော တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲတို့တွင် ဘုရားအား အတီးအကတို့ဖြင့် ပူဇော်သည်ထက် ခပ်သိမ်းသောသူတို့အား ကြည့်စေပျော်စေ၊ ရွှင်စေခြင်းငှာတီးစေမှုတ်စေ ကစေခြင်းမျိုးသာဖြစ်၍ ဘုရားအား ကြည်ညိုရှိခိုးမှုထက် အပျော်အပါး ရွှင်အားတရ လောဘ၊ ဒေါသ၊မောဟတို့သာ တိုးတက် ဖြစ်ထွန်းစေ၍ ကုသိုလ်ရမှုထက် အကုသိုလ်တိုးပွားမှုက ပိုတော့သည်။
ဘုရားကျောင်းကန်အတွင်း ပွဲလင်သဘင်ခံခြင်းဖြင့် ဘုရား ကျောင်းကန် ညစ်ညမ်းပေရေခြင်း၊ လာရောက်ပျော်ရွှင်သူတို့အနေဖြင့် ဘုရားမြေ၊ ကျောင်းမြေတို့အတွင်း နှပ်တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်တို့ စွန့်ခြင်းတို့ဖြင့် ဘုရားကျောင်းကန်၏သန့်ရှင်းမှုလည်း ပျက်ပြား၊ သွားလာသူတို့လည်း ငရဲများလှသဖြင့် လုံးဝ မသင့်လျော်သည်ကား အမှန်ပင် ဖြစ်ပေသည်။
ထိုသို့ အပျော်အပါး မဟုတ်ဘဲ ဧတ္ထစပူဇနတ္ထာယ ကတဿ နဋသမဇ္ဇဿ အာယတိံ သုခ၀ိပါကော အရဘုရား အစရှိသော ရတနာသုံးပါးအား မိမိတက်သော အတီး၊ အမှုတ် ကခုန်ဖြင့် ဂုဏ်ပြုပူဇော် ကော်ရော် လှူဒါန်းမှုမျိုးကားကုသိုလ် ဖြစ်ပါသည်။
လှူပါရှောင်းလည်း ဖျင်းသောင်းဖတ်သပ်၊
မအပ်စွာလှ၊ ဒါန အလှူ
ဟူသားစေတနာ မမည်ပါတည့်
သေရာထိုးလွှား ငါးပါး ပေါ့ပြက်
ကျိုးမနက်ကို စွန့်ရက်စဲက၊
မရနောင်ဖန်၊ မရှိတန်ဟု၊
မျက်မာန်ရှေးရှေး၊ ပေး၍လည်းကောင်း၊
လှူပါရှောင်းလည်း ကောက်နှောင်းမျိုးပဲ၊ ကြက်ဝက်ကြဲသို့။
ပါရမီ(၁၁၃)
မြတ်သတိဝါဒီမဂ္ဂဇင်း၊
ဖေဖော်ဝါရီလ၊ ၂၀၀၂ ခုနှစ်
Friday, December 3, 2010
သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး

သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး
မေး။ ။အရှင်ဘုရား၊ အမျှဝေ လင်္ကာ ဘုံသုံးဆယ့်တစ် စသောအပိုဒ်ပါ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ
တည်ရှိခုနစ်ပါး-ဆိုသည်ကို အဓိပ္ပါယ်သိလိုပါသည်၊ ရှင်းလင်းပေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။
( ဦးနေ၀င်း-ကျောက်တန်းရွာ၊ ပဲခူးမြို့နယ် )
( ဖြေ ) ဆရာတော် ဦးတိလောကသာရ (ရဝေထွန်း)
လွယ်ကူစွာမှတ်သားနိုင်ရန် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးမှစ၍ ဖြေကြားပါမည်၊
၎င်းမှာ ပဋိသန္ဓေ၀ိညာဉ်၏ တည်ရာခုနစ်ပါး ဖြစ်သည်။
၁။ လူ့ပြည်၊ နတ်ပြည် ခြောက်ထပ်၊ ဤခုနစ်ရပ်သည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန်လည်း အထူးထူး၊ ပဋိသန္ဓေလည်း အထူးထူးရှိ၍ နာနတ္တကာယ နာနတ္တသညီ မည်၏။
၂။ ပထမဈာန်သုံးဘုံ၊ အပါယ်လေးဘုံ၊ ဤခုနစ်ဘုံသည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်ကား အထူးထူး၊
ပဋိသန္ဓေကား ပထမဈာန်သုံးဘုံ၌ ပထမဈာန် ၀ိပါက်စိတ်၊
အပါယ်လေးဘုံ၌ အကုသလ၀ိပါက် သန္တီရဏစိတ် တခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ မည်၏။
၃။ ဒုတိယဈာန် သုံးဘုံသည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန် အရောင်အ၀ါကား တူ၏၊
ဒုတိယဈာန် ၀ိပါက်၊ တတိယဈာန် ၀ိပါက် ပဋိသန္ဓေ ထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ မည်၏။
၎။ တတိယဈာန်သုံးဘုံ , ဝေဟပ္ဇိုလ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်လည်း တူသည်၊
ပဋိသန္ဓေလည်း စတုကနည်းအားဖြင့် စတုတ္ထဈာန် ၀ိပါက်စိတ်တပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီ မည်၏။
၅။ အာကာသာနဉ္စာယတန။
၆။ ၀ိညာဏဉ္စာယတန။
၇။ အာကိဉ္စညာယတန
ဤအရူပ သုံးဘုံသည် သညာတပါးစီဖြစ်၍ တဘုံစီယူလျှင် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သည်။
ယင်းတွင် သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သော နေ၀သညာနာသညာဘုံနှင့်
လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံကို မထည့်ဘဲ ထားရသည်။
သတ္တာဝါသ ဘုံကိုးဝ ယူရာ၌ကား
နေ၀သညာနာသညာဘုံကို တရပ်၊
အသညသတ်ဘုံကို တရပ် ထည့်၍ ကိုးပါးယူရသည်။
ဤသို့ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးကို မှတ်သားသင့်ပါသည်။
ယင်းနှင့်ပတ်သက်၍ ရှေးဆောင်ပုဒ်လင်္ကာမှာ-
လူ့ပြည်နှင့်နတ်၊ သတ်လျှင်နာနာ၊ ပထမာဈာန်၊ လေးတန်ပါယ်ခွင်၊ သတ်လျှင် နာဧ၊
ဒွေဈာန် နှစ်ရပ်၊ ဧ နာဟတ်၊ အသညသတ်ပြည်၊ အသညီ၊ ကြွင်းပြည် န၀ါ၊ ဧဧသာ၊
အရူပါမှ၊ ဘုံလေးဝ၊ သတ္တ၀ါသာ၊ ဘုံကိုးရွာ။
ဟူ၍ ဖြစ်ပါသည်။






