Showing posts with label ဘာသာစာပေ. Show all posts
Showing posts with label ဘာသာစာပေ. Show all posts

Monday, January 19, 2015

ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း


ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း

ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျမ စသည်ဖြင့် ပြောဆိုခြင်း မပြုရ။
မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်” ဟုသုံးနှုန်းပြောဆိုရမည်။
“မင်း၊ သင်၊ ခင်ဗျား၊” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။
ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား” ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။

ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ “ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား” စသည်ဖြင့် မပြောရပါ။
ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ဝိနည်း သိက္ခာပုဒ်အရ ဘုဉ်းပေးသုံးဆောင် ခွင့် မရှိတော့ပေ။
ထမင်းအစား “ဆွမ်း” ဟုသုံးနှုန်းရမည်ဖြစ်ပါသည်။ “ဆွမ်းဘုဉ်းပေးပါဦး ဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရမည်ဖြစ်သည်။

ရဟန်းသံဃာတော်များ ခရီး သွားနေစဉ် မိမိက ခဏခေတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် “ရပ်တော်မူပါဦးဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရပါသည်။ ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက “ရပ်တော်မူပါဦးဘုရား” ဟုလျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့် ဆွမ်းဟင်းများကို လောင်းလှူရသည်။ မလောင်းလှူနိုင်ပါကလည်း “ကန်တော့ပါသေးရဲ့ဘုရား ကန်တော့ဆွမ်းပါဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။

လမ်းမှာ ခဏ ခေတ္တရပ်၍ ရဟန်း သံဃာတော်များနှင့်လည်း စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။ ရဟန်း သံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော်အား ရှေးဦးစွာ ရှိခိုးဦးချရသည်။ မြတ်စွာဘုရားဆင်းတုတော်များ ရှိသောနေရာဖြစ်ပါက ရှေးဦးစွာ မြတ်စွာဘုရား ဆင်းတုတော်အား ရှိခိုးပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။

ရှိခိုးဦးချနည်း

စေတီတော်၊ ရုပ်ပွားဆင်းတုတော်များနှင့် ရဟန်းသံဃာတော်များကို ရှိခိုးဦးချသောအခါ စနစ်ကျရန် လိုပါသည်။
(က)။ အမျိုးသားဖြစ်ပါက ရှေးဦးစွာ ဆောင့်ကြောင့်ထိုင်ပါ။ (အမျိုးသမီးဖြစ်က ကြုံ့ကြုံ့ထိုင်ရန်)
(ခ)။တံတောင်နှစ်ခုကို ဒူးနှစ်ဖက်ပေါ်သို့တင်၍ လက်နှစ်ဖက်ကို (လက်ငါးချောင်း အချင်းချင်း ညီညီညာညာ ဖြစ်စေလျက်) ယှက်မိုးပြီး နဖူးအလယ်တည့်တည့်ကို ရောက်အောင်ထားပါ။ ထိုအခါ လက်နှစ်ဖက်ယှက်မိုး ထားခြင်းသည် ကြာငုံဖူးကလေးကဲ့သို့ တင့်တင်တယ်တယ် ရှုစဖွယ်လေး ဖြစ်ပါလိမ့်မည်။

(ဂ)။ သုံကြိမ် ရှိခိုးဦးချပါ။
(၁)။ ပထမအကြိမ် ဗုဒ္ဓံ ပူဇေမိ။
(၂)။ ဒုတိယအကြိမ် ဓမ္မံ ပူဇေမိ။
(၃)။ တတိယအကြိမ် သံဃံ ပူဇေမိ။
ဤ “ဗုဒ္ဓံ ပူဇေမိ” စသည်တို့ နှုတ်ဖြင့် အသံထွက်အောင် ရွတ်ဆိုရန် မလိုပါ။ စိတ်ထဲက အဓိပ္ပါယ်ပေါက်အောင် နှလုံးသွင်း၍ ရှိခိုးဦးချရန်ဖြစ်သည်။ ရှေးဦးစွာ ပါဠိကို အသံထွက်ပီသအောင် လေ့လာကျက်မှတ်ထားပါ။ အနက် အဓိပ္ပာယ်ကိုလည်း ရအောင်သိအောင်ကြိုးစားထားပါ။

အနက်
(၁)။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၂)။ ဓမ္မံ၊ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၃)။ သံဃံ၊သံဃာတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။


(ဃ)။ထိခြင်းပါးမျိုး
ရှိခိုးဦးချရာ၌ ထိခြင်းငါးမျိုးနှင့် ညီညွတ်အောင် ရှိခိုးဦးချရပါသည်။ မြေပေါ်မှာ ရှိခိုးက မြေနှင့်ထိအောင်၊ ကြမ်းပေါ်မှာ ရှိခိုးက ကြမ်းနှင့်ထိအောင် ၊ ဖျာပေါ်မှာရှိခိုးက ဖျာနှင့်ထိအောင်၊ ကော်ဇောပေါ်မှာ ရှိခိုးဦးချရသည်။ ယင်းထိခြင်းငါးမျိုးဆိုသည်မှာ ဒူးနှစ်ဖက်၊ တံတောင်နှစ်ဖက်နှင့် နဖူးဟူသော ငါးမျိုးတို့ကို ကြမ်းပြင်သို့ထိအောင် ရှိခိုးဦးချခြင်းဖြစ်သည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်(သာသနာရေးဝန်ကြီးဌာန)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


Saturday, January 10, 2015

လူငယ်နှင့် ဓမ္မ

 လူငယ်နှင့် ဓမ္မ

မေး။ ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။

ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။

သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ 

ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။ ကလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဘာသာ သန္ဓေတည်လာအောင် အိမ်မှာ စပြီး လုပ်ပေးသင့်ပါတယ်။ 

အိမ်မှာ ဘုရားစင် ရှိတယ်ဆိုရင် ကလေးတွေ ဘုရားစင်နဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ခွင့် ရတာပေါ့။ ဘုရားဦးချပုံ၊ ဆွမ်းကပ်ပုံ၊ ပန်းကပ်ပုံ၊ ရေချမ်းကပ်ပုံတွေ သင်ပေးနိုင်တာပေါ့။ ကလေးတွေနဲ့အတူ ဘုရားဝေယျာဝစ္စ ဆောင်ရွက်သင့်ပါတယ်။ ကလေးတွေ ငယ်ငယ်ကတည်းက မိဘနဲ့ သားသမီး ဘာသာရေးအရ ဆက်စပ်နေသင့်ပါတယ်။ ငယ်ငယ်ကတည်းက အလေ့အကျင့် ရထားရင် အရွယ်ရောက်တဲ့ အခါမှာ အလားအလာ ကောင်းတာပေါ့။

ကလေးတွေဟာ ဂီတကို မြတ်နိုးတတ်ကြပါတယ်။ ဂီတသံနဲ့ ရွတ်တာဖတ်တာကို ကလေးတွေ သဘောကျတတ်ပါတယ်။ ခံစားမှုသီချင်းတွေနဲ့ သားချော့တေးတွေအပြင် ဓမ္မဂီတကိုပါ ကလေးတွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ပင်ပန်းနေတာ၊ အလိုမကျ ဖြစ်နေတာ သတိထားမိရင် ကလေးအတွက် ဂါထာမန္တာန် ရွတ်ပေးကြည့်ပါ။ ကလေးရဲ့ အပြုသဘော တုံ့ပြန်မှုကို တွေ့ရပါလိမ့်မယ်။

အသိမိတ်ဆွေ မိသားစု တစ်ခုမှာ ထမင်းမစားခင် မိသားစုလိုက် ဆွမ်းတော်ကပ်ကြတာ တွေ့ဖူးပါတယ်။ ဒီထက် ပိုပြီး ထူးခြားတာက ဆွမ်းတော်ကပ် ၀တ်ရွတ်စဉ်ကို ငါးနှစ်သား ကလေးက ရှေ့ကတိုင်ပေးသွားပါတယ်။ ဒါဟာ ရိုးတယ်ထင်ရပေမယ့် ကလေးနဲ့ မိဘကြားက လေးနက်တဲ့ ဓမ္မဆက်ထုံးတစ်ခု ဖြစ်ပါတယ်။

တစ်ပတ်တစ်ခါ တစ်လတစ်ခါ နီးစပ်ရာ မိသားစုတွေ စုဆုံပြီး ဘာသာရေးကိစ္စ ဆောင်ရွက်ကြတာတွေလည်း တော်တော်များများ တွေ့ဖူးပါတယ်။ ဒီလို ပုံမှန်လုပ်နေတာဟာ ကလေးတွေကို ဓမ္မသင်တန်း အတက်ခိုင်းပြီး သင်တန်းပြီးတာနဲ့ ကိစ္စပြီးသွားတာထက် အများကြီး သာပါတယ်။ မိသားစုကို ပစ်ထားခဲ့ပြီး၊ မိတ်ဆွေတွေကိုလည်း သတိမရနိုင်ဘဲ အချိန်လု စီးပွားရှာကြရတဲ့ ခေတ်ကြီးထဲမှာ ဒီလို ပုံမှန်လေး လုပ်သွားနိုင်ရင် မိသားစုတွေ စုစည်းပျော်ရွှင်မှု လောကီအကျိုးလည်း ရရှိသလို ဘာသာရေးကို ကျင့်သုံးပြီးလည်း ဖြစ်သွားပါတယ်။ မိတ်ဆွေမိသားစုတွေ အချင်းချင်းလည်း အပြန်အလှန် ကူညီခွင့်တွေ ရလာတာပေါ့။ 

ကလေးငယ်တွေအနဲ့အတူ ဘာသာရေးကိစ္စ တစ်ခုခု သဘောလောက် ခပ်ကျဉ်းကျဉ်း လုပ်လိုက်ပြီး ပျော်ပွဲစားကြတယ်၊ ကစားကြတယ် ဆိုရင်ကိုပဲ တော်တော်လေး ထိရောက်ပါတယ်။ ပျော်ပွဲစာထွက်ရင်း၊ ကစားခုန်စားလုပ်ရင်း ဘာသာရေးကိစ္စ ဆောင်ရွက်သင့်သလားလို့ မေးချင် မေးနိုင်ပါတယ်။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ လုပ်ရမှာ ကြောင်တယ်လို့ ထင်မိသလား။ မထင်ပါနဲ့။ သူတစ်ပါးက ငကြောင်လို့ အထင်ခံရမှာ ကြောက်သလား။ ထင်ချင်သလို ထင်ကြပါစေ။ 

ကိုယ့်ဘာသာရေး ကိုယ်လုပ်တာပဲ။ မိဘနဲ့ သားသမီး အတူတူ တရားထိုင်နိုင်ပါတယ်။ ကလေးတွေအတွက် အချိန် သိပ်ကြာစရာ မလိုပါဘူး။ ကလေးတွေကို အားစိုက်သတိထားပြီး အသက်ရှူဖို့ သင်ပေးပါ။ ဘယ်လိုခံစားလိုက်ရတယ် ဆိုတာကို သတိထားမိအောင် အသက်ရှူခိုင်းပါ။ တရားထိုင်တာကို ကြီးလေးမွန်မြတ်တဲ့ ကိစ္စကြီး၊ ကလေးတွေနဲ့ မဆိုင်တဲ့ ဘာသာရေး လုပ်ငန်းကြီးလို့ မသတ်မှတ်ပါနဲ့။ မွန်မြတ်တဲ့ ကိစ္စတိုင်း ကြီးလေးစရာ မလိုပါဘူး။ လွယ်လွယ်လေးနဲ့လည်း မွန်မြတ်လို့ ရပါတယ်။ 

အာနာပါန ကမ္မဋ္ဌာန်းက ကလေးတွေအတွက် ခက်နေရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အပွားခိုင်းပါ။ ကမ္မဋ္ဌာန်းဆိုပြီး စကားလုံးကသာ ကြီးနေတာ လုပ်ရတာက ရိုးရိုးလေးပါ။ ဘုရားဂုဏ်ကို အာရုံပြုလိုက်ရုံပဲ မဟုတ်လား။ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်ထဲမှာ ပုံဖော်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီလောက်တော့ ကလေးတွေအတွက် မခက်ပါဘူး။ မေတ္တာပွားတာလည်း ကလေးတွေ လုပ်နိုင်တာပေါ့။ 

တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်တာဟာ ဘ၀မှာ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ ဒီစွမ်းရည်ကို မေတ္တာပွားခြင်းအားဖြင့် တည်ဆောက်နိုင်ပါတယ်။
မိဘတွေနဲ့ သားငယ်သမီးငယ်တွေ စုပေါင်းတိုင်ပင်ပြီး ဇာတ်လမ်းဇာတ်ကွက်လေးတွေ ကစားနိုင်ပါတယ်။ ဆိုပါစို့ ဇာတ်ကောင်တွေ အားလုံးက အတ္တစိတ်နဲ့ သူတစ်ပါးကို မငဲ့ဘဲ ကိုယ်ချမ်းသာဖို့ ကိုယ်ပျော်ဖို့ပဲ ဦးစားပေးကြတဲ့ ဇာတ်လမ်းမျိုး။

 နောက်တစ်ခါ ဒီဇာတ်ကောင်တွေကပဲ သူတစ်ပါးကို ငဲ့ညှာပြီး ကိုယ်ကျိုးစီးပွားထက် သူတစ်ပါးရဲ့ အကျိုးစီးပွားကို ငဲ့ကွက်ပြီး သူတစ်ပါး ချမ်းသာပျော်ရွှင်အောင် လုပ်ပေးတဲ့ ဇာတ်လမ်းမျိုး။ ဒီလို ကစားတာဟာ ကလေးတွေကို ပြဿနာ ဖြေရှင်းနည်း သင်ပေးတာပါပဲ။ ကလေးတွေဟာ မတူကွဲပြားတဲ့ အပြုအမူတွေကနေ ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေကိုလည်း သိမြင်နိုင်ကြမှာပါ။
 
မိသားစုလိုက် ကျောင်းကန်ဘုရား စေတီပုထိုးတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘိုးဘွားရိပ်သာလို လူမှုရေး ဆောင်ရွက်တဲ့ နေရာဌာနတွေလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ လည်ပတ်ရာက ပြန်လာရင် ဘာတွေ မြင်တွေခဲ့ရတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ချင်စိတ် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်။
ကလေးတွေအတွက် ထုတ်ဝေထားတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေကို ကလေးနဲ့မိဘ အတူဖတ်သင့်ပါတယ်။ ဗုဒ္ဓ၀င် ဗီဒီယိုတွေ အတူ ကြည့်သင့်ကြပါတယ်။ မိဘက ကလေးတွေကို လမ်းပြသွန်သင်နိုင်တာပေါ့။ ကလေးတွေအတွက် ထုတ်ဝေတဲ့ ဓမ္မစာအုပ်တွေ အများကြီး ရှိပါတယ်။ 

ဗုဒ္ဓ၀င် ကာတွန်းဇာတ်လမ်းတွေလည်း ပေါပါတယ်။ စာတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး ကလေးတွေနဲ့ မသိမသာ ဆွေးနွေးကြည့်ပါ။ ကလေးတွေ ပျော်အောင် ပေါ့ပေါ့ပါးပါး ဆွေးနွေးပါ။ လမ်းညွှန်မှုနဲ့ ဆွဲဆောင်ပြီး ဆွေးနွေးပါ။ ကလေးတွေဟာ နက်နဲတဲ့ ကံတရား၊ ဘ၀သံသရာ သဘောတရားတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ တိရစ္ဆာန်တွေ၊ နိမ့်ကျသူတွေကို သနားတတ်လာတာကိုလည်း တအံ့တသြ တွေ့ရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေမှာ ကာယိနြေ္ဒကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး စောင့်ထိန်းထားတတ်ကြပါတယ်။ ရဟန်းသံဃာတွေ လူကြီးမိဘတွေရှေ့မှာ ငြိမ်ငြိမ်သက်သက် နေတာဟာလည်း ဗုဒ္ဓဘာသာရဲ့ အလေ့အထ တစ်ခုပါပဲ။ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပါဘူး။ ကာယိနြေ္ဒ ထိန်သိမ်းခြင်းကို တော်တော်များများက လိုလားကြပါတယ်။ ဒီအလေ့အထနဲ့ ပတ်သက်လို့ “ကလေးတွေ အငြိမ်ကို မနေနိုင်ကြဘူး”လို့ ညည်းညည်းညူညူ ပြောကြတဲ့ မိဘတွေ အများကြီး တွေ့ဖူးပါတယ်။ ကလေးတွေ ဂနာမငြိမ်တာဟာ မိဘတွေဆီက သင်ယူခဲ့တာ ထင်ပါတယ်။ 

အဲဒီလို မိဘတွေ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သူတို့ကလေးတွေ တွေ့ရခဲ မြင်ရခဲမယ် ထင်ပါတယ်။ လူကြီးတွေ ဣနြေ္ဒရရ ထိုင်နေတာကို မြင်ရတဲ့ ကလေးတွေဟာ ဣနြေ္ဒရရ ငြိမ်ငြိမ်သက်သက် ထိုင်နေချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တိတ်ဆိတ်အေးချမ်းမှုကို ကလေးနဲ့မိဘ အတူတူ အလျဉ်းသင့်သလို မျှဝေခံစားသင့်ပါတယ်။ ဥပမာ ကလေးက မိဘရင်ခွင်မှာ ထိုင်နေမယ်၊ မိဘက ဘုရားစာ တရားစာ ရွတ်ဖတ်နေမယ်ပေါ့။ 

တစ်ချို့ မိဘတွေက တရားထိုင်တဲ့ အခါမှာ ကလေးတွေ လာနှောင့်တာ မခံချင်ကြပါဘူး။ မိဘဆန္ဒကို ကလေးတော်တော်များများက လေးလေးစားစား နားလည်တတ်ကြပါတယ်။ ကလေးက နားမလည်နိုင်လို့ တရားထိုင်နေတုန်း ရင်ခွင်ထဲ လာထိုင်တယ် ဆိုရင်လည်း ပြဿနာလို့ မယူဆသင့်ပါဘူး။ ကလေးကို ရင်ခွင်မှာထားပြီး တရားအားထုတ်လို့လည်း ရတာပါပဲ။

ဆယ်ကျော်သက်တွေနဲ့ စုဖွဲ့ပြီး ဆွေးနွေးတဲ့ နည်းကလည်း ထိရောက်ပါတယ်။ ဖော်ရွေရင်းနှီးမှုအကြောင်း၊ အတင်းအဖျင်း စကားတွေအကြောင်း၊ ချိန်းဆိုတွေဆုံတဲ့အကြောင်း စသည်ဖြင့် ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ယူပြီး လူကြီးက ဦးဆောင်ဆွေးနွေးပေါ့။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ အကြောင်းအရာ အဖြစ်အပျက်နဲ့ ကိုက်ညီအောင် ဗုဒ္ဓဘာသာကို ဘယ်လို အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ဆွဲယူပြပေါ့။ 

အကြမ်းမဖက်ခြင်း မေတ္တာ၊ အရေးကိစ္စ ကြုံရတဲ့အခါ ထည့်ဝင်လှူဒါန်းခြင်း ရက်ရောမှု ဒါန အစရှိတဲ့ ဗုဒ္ဓဘာသာ အလေ့အကျင့်တွေကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ပြောပြပေါ့။ ကမ္ဘာကြီးအကြောင်း၊ တစ်ခြားနိုင်ငံက လူသားတွေအကြောင်း လူငယ်တွေ သိနားလည်ခွင့် ရရှိမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ 

တရားတော်ကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အလှတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရား တန်ဖိုးတွေ၊ အကြင်နာ မေတ္တာတွေ ရှိနေတယ်၊ ဗုဒ္ဓဘာသာဟာ ဘ၀အတွက် အသုံးဝင်တယ်လို့ လူငယ်တွေ သိနိုင်ကြလေလေ သူတို့ရဲ့ ဘာသာတရားကို သူတို့ ပြန်ပြီး လေးစားနိုင်ကြလေလေ ဖြစ်ပါလိမ့်မယ်။

တစ်ခါတုန်းက အသက်နှစ်ဆယ်အရွယ် ကလေးတွေ “ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးကြတာကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အပြန်အလှန် ပြောကြတယ်။ သူတို့ဘ၀၊ သူတို့ခံစားချက်တွေအကြောင်း ပြောကြတာ ဖြစ်ပေမယ့် တရားဓမ္မနဲ့ သက်ဆိုင်တဲ့ သဘောတရားတွေ အများကြီး ပါနေပါတယ်။

 ဗုဒ္ဓဘာသာ တရားတော်ကိုက သဘာဝတရားကို ဖော်ထုတ်ပြထားတာကိုး။ ဆိုပါစို့ ကိုယ်ကျင့်သိက္ခာ ပြည့်ပြည့်၀၀နဲ့ နေထိုင်ရှင်သန်ဖို့ အရေးကြီးတယ်၊ အမှန်ကိုသာ ပြောကြဖို့ အရေးကြီးတယ်၊ ဘယ်လိုအချိန်မှာ ဘယ်လို ယုံကြည်မှု ရှိသင့်တယ်ဆိုတာ လေ့လာရမယ် ဆိုတာတွေကို ကလေးတွေ ပြောကြဆွေးနွေးကြပါတယ်။ သူတို့ ပြောဆိုဆွေးနွေးတာကို ဦးဆောင်ပေးသူ တစ်ယောက်အနေနဲ့ ဘာမှ ၀င်မပြောခဲ့ပါဘူး။ သူတို့ ပြောကြတာတွေကို လေးလေးစားစား နားထောင်ပေးခဲ့တာပါပဲ။

 ဆွေးနွေးပွဲပြီးတော့ တစ်ချို့ ကောင်လေးတွေ ကောင်မလေးတွေ လာပြောကြတယ်။ “အံ့သြစရာပဲ။ ဘာသာရေး ခေါင်းဆောင်တစ်ယောက်ရှေ့မှာ ဒီလို ပြောရတာ ဒါ ပထမဆုံးပဲ”တဲ့။ ကလေးတွေဟာ အထိအခိုက် အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာ တစ်ခုကို လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေဟာ လူငယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားကြပါလား၊ စာနာတတ်ကြပါလားလို့လည်း သတိထားသွားမိကြပါတယ်။ သူတို့ဘ၀နဲ့ တရားဓမ္မ ဆက်စပ်မှု ရှိနေပါလားလို့လည်း သဘောပေါက်သွားကြပါတယ်။

တရားဓမ္မက ကလေးတွေရဲ့ ဘ၀ကို ထောက်ပံ့ပေးနိုင်တယ်၊ ကလေးတွေကို နည်းမျိုးစုံနဲ့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီးတော့တစ်မျိုး နည်းအမျိုးမျိုးနဲ့ တရားဓမ္မတွေ သင်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။
:)
ရှင်အာစာရ

Monday, August 18, 2014

ထေရ၀ါဒ သာသနာမှာ ဘိက္ခုနီတွေ ရှိသေးလား...?

ဘိက္ခုနီသာသနာ၊ ယခုခါ၊ သေချာ ရှိနိုင်ပါသလော?

ဒါယကာကြီး သန်းထွန်း၊ လပွတ္တလုပ်မြောက်ဖက်ရွာ (လပွတ္တာမြို့နယ်) လျှောက်ထားသော မေးခွန်းမှာ---
မေး။ ။ မေးမြန်းလျှောက်ထားစာပါဘုရား---
ဆရာတော်အရှင်မြတ်ဘုရား--- သာသနာတော်တွင် ဘိက္ခု, ဘိက္ခုနီ- ရဟန်း ၂-မျိုး ရှိရာတွင် ဘိက္ခုနီမများ သာသနာတွင် ယခုအချိန်မှာ ရှိနိုင်ပါသလားဘုရား? (ယိုးဒယား) ထိုင်းနိုင်ငံတွင် ဘိက္ခုနီမများ ပေါ်ပေါက်နေသည်-ဟု သိရပါသည်ဘုရား၊ ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ဒါယကာ ဦးသန်းထွန်းရဲ့မေးခွန်းနှင့် ပတ်သက်၍---

ဘိက္ခုနီမများ သာသနာတွင် ယခုအခါမှာ ရှိနိုင်, မရှိနိုင်-ကျမ်းဂန်အထောက်အထား ကြည့်ရှုရာဝယ် ပါရာဇိကကဏ္ဍအဋ္ဌကထာ (ဝိ၊ ဋ္ဌ၊ ၁၊ ၂ဝ၆), ကင်္ခါဝိတရဏီအဋ္ဌကထာ (၁ဝ၄), အင်္ဂုတ္တရနိကာယ် ဒုကနိပါတ် အဋ္ဌကထာ (အံ၊ ဋ္ဌ၊ ၂၊ ၆၆), သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ ဋ္ဌ၊ ၂၊ ၃၁၆), သာရတ္ထဒီပနီဋီကာ (သာရတ္ထ၊ ဋီ၊ ၂၊ ၅၇)တို့အရ

(၁) ဧဟိဘိက္ခူပသမ္ပဒါ- ဧဟိဘိက္ခု (ရဟန်း လာလော့) လို့ ဘုရားရှင် ခေါ်တော်မူတဲ့ စကားတော်ကြောင့် ရဟန်းဖြစ်ခြင်း၊
(၂) သရဏဂမနူပသမ္ပဒါ- သရဏဂုံဖြင့် ရဟန်းဖြစ်ခြင်း၊
(၃) သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ- သြဝါဒခံယူခြင်းကြောင့် (အရှင်မဟာကဿပ) ရဟန်းဖြစ်ခြင်း၊
(၄) ပဥှဗျာကရဏူပသမ္ပဒါ- ပြဿနာဖြေဆိုခြင်းကြောင့် (သောပါကသာမဏေ) ရဟန်းဖြစ်ခြင်း၊
(၅) ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ- ဂရုဓမ်ကို ခံယူဝန်ခံခြင်းကြောင့် (မိထွေးတော် ဂေါတမီ) ရဟန်းဖြစ်ခြင်း၊

(၆) ဒူတေနူပသမ္ပဒါ- (အဍ္ဎကာသီပြည့်တန်ဆာမ) တမန်ဖြင့် ခွင့်ပြုအပ်သော ရဟန်းဖြစ်ခြင်း ၊
(၇) အဋ္ဌဝါစီကူပသမ္ပဒါ- ကမ္မဝါစာရှစ်ကြိမ်ဖတ်ခြင်းဖြင့် ရဟန်းဖြစ်ခြင်း၊ (=ဘိက္ခုနီသံဃာမှ ဉတ္တိစတုတ္ထကမ္မဝါစာ တစ်ကြိမ်, ဘိက္ခုသံဃာမှ ဉတ္တိစတုတ္ထကမ္မဝါစာတစ်ကြိမ်- ဤသို့ ဉတ္တိစတုတ္ထကမ္မဝါစာ နှစ်ကြိမ်ဖတ်ခြင်းဖြင့် ရဟန်းဖြစ်ခြင်း)၊
(၈) ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ- ဉတ်လျှင် လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖတ်ခြင်းဖြင့် ရဟန်းဖြစ်ခြင်း။ (ကမ္မဝါစာ ၃-ကြိမ်+ ဉတ် ၁-ကြိမ် ရွတ်ဆိုမှုကို ဉတ်လျှင် လေးကြိမ်မြောက် ကမ္မဝါစာဖတ်ခြင်း-ဟု ဆိုလို၏။) ဟူသော ရဟန်းဖြစ်ခြင်း ဥပသမ္ပဒါ ၈-မျိုးတွင် ဘိက္ခုနီဆိုင်ရာ ဥပသမ္ပဒါများမှာ---

၁။ ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ၊
၂။ ဒူတေနူပသမ္ပဒါ၊
၃။ အဋ္ဌဝါစိကူပသမ္ပဒါ၊
၎။ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ- လေးမျိုးတို့သာ ဖြစ်၏၊
   ကျန် ၄-မျိုးတို့ကား ဘိက္ခုနီတို့နှင့် မသက်ဆိုင်ပါ။

ဘိက္ခုနီတို့နှင့် သက်ဆိုင်သော ဥပသမ္ပဒါ ၄-မျိုးတို့တွင်---

၁။ ဂရုဓမ္မပရိဂ္ဂဟဏူပသမ္ပဒါသည် မိထွေးတော် ဂေါတမီတစ်ဦးတည်းအတွက်သာ ခွင့်ပြုအပ်တဲ့ ဥပသမ္ပဒါ ဖြစ်တယ်။
၂။ ဒူတေနူပသမ္ပဒါသည် အဍ္ဎကာသီတစ်ဦးတည်းအတွက်သာ ခွင့်ပြုအပ်တဲ့ ဥပသမ္ပဒါဖြစ်တယ်။
၃။ အဋ္ဌဝါစိကူပသမ္ပဒါသည် ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပန္နဖြစ်တဲ့ မိထွေးတော် ဂေါတမီ, ဘိက္ခုဧကတောဥပသမ္ပန္န ဖြစ်တဲ့ မိထွေးတော် ဂေါတမီရဲ့ နောက်ပါ သာကီဝင်မင်းသမီး ရဟန်းမငါးရာ, အဍ္ဎကာသီ ရဟန်းမတို့မှ တပါးသော ကျန် ဘိက္ခုနီအားလုံးတို့အတွက် ခွင့်ပြုအပ်တဲ့ ဥပသမ္ပဒါဖြစ်တယ်။

၎။ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါသည်ကား ရဟန်းယောက်ျားတို့ရဲ့ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ, ရဟန်းမတို့ရဲ့ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ-ဟူ၍ ၂-မျိုး ကွဲပြားပါတယ်။
ထို ၂-မျိုးတွင် ရဟန်းမတို့ရဲ့ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါကိုသာ ဤနေရာ၌ ရည်ရွယ်ပါတယ်၊ အဲဒီရဟန်းမတို့ရဲ့ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ- ဟူသည် မိထွေးတော်ဂေါတမီရဲ့ နောက်ပါ သာကီဝင်မင်းသမီး (ဘိက္ခု ဧကတောဥပသမ္ပန္နာ) ငါးရာတို့အတွက် ခွင့်ပြုအပ်တဲ့ ဥပသမ္ပဒါဖြစ်တယ်။

သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ ဋ္ဌ၊ ၂၊ ၃၁၆)၌---

“ယာ ဣမာ ဧဟိဘိက္ခူပသမ္ပဒါ သရဏဂမနူပသမ္ပဒါ သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ ပဥှာဗျာကရဏူပ သမ္ပဒါ ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ ဒူတေနူပသမ္ပဒါ အဋ္ဌဝါစိကူပသမ္ပဒါ ဉတ္တိစတုတ္ထ ကမ္မူပသမ္ပဒါတိ အဋ္ဌ ဥပသမ္ပဒါ ဝုတ္တာ၊ တာသံ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ, ဒူတေနူပသမ္ပဒါ, အဋ္ဌဝါစိကူပသမ္ပဒါတိ ဣမာ တိေဿာဝ ထာဝရာ၊ သေသာ ဗုဒ္ဓေ ဓရမာနေယေဝ အဟေသုံ”

ဧဟိဘိက္ခူပသမ္ပဒါ- ဧဟိဘိက္ခူပသမ္ပဒါလည်းကောင်း၊ သရဏဂမနူပသမ္ပဒါ- သရဏဂမနူပသမ္ပဒါ လည်းကောင်း၊ သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-သြဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ လည်းကောင်း၊ ပဥှာဗျာကဏူပ သမ္ပဒါ- ပဥှာဗျာကဏူပသမ္ပဒါ လည်းကောင်း၊ ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ- ဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါ လည်းကောင်း၊ ဒူတေနူပသမ္ပဒါ- ဒူတေနူပသမ္ပဒါ လည်းကောင်း၊ အဋ္ဌဝါစိကူပသမ္ပဒါ- အဋ္ဌဝါစိကူပ သမ္ပဒါ လည်းကောင်း၊ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ- ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ လည်းကောင်း၊ ဣတိ- ဤသို့၊ အဋ္ဌ-ရှစ်ပါးကုန်သော၊

 ယာ ဣမာ ဥပသမ္ပဒါ- အကြင် ဥပသမ္ပဒါတို့ကို၊ ဝုတ္တာ- ဟောတော်မူအပ်ကုန်ပြီ၊ တာသံ- ထိုဥပ သမ္ပဒါတို့တွင်၊ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ- ဉတ္တိစတုတ္ထ ကမ္မူပသမ္ပဒါလည်းကောင်း၊ ဒူတေနူပသမ္ပဒါ- ဒူတေနူပသမ္ပဒါ လည်းကောင်း၊ အဋ္ဌဝါစိကူပသမ္ပဒါ- အဋ္ဌဝါစိကူပသမ္ပဒါ လည်းကောင်း၊ ဣတိ- ဤသို့၊ ဣမာ တိေဿာဝ- ဤသုံးပါးတို့သည်သာလျှင်၊ ထာဝရာ-ခိုင်မြဲကုန်၏၊ သေသာ- ကြွင်းသော ဥပသမ္ပဒါတို့သည်၊ ဗုဒ္ဓေ- မြတ်စွာဘုရားသည်၊ ဓရမာနေဝ-သက်တော်ထင်ရှား ရှိတော်မူစဉ်သာ လျှင်၊ အဟေသုံ-ဖြစ်ကုန်ပြီ။ [ဘုရားရှင် ပရိနိဗ္ဗာန်စံလျှင်ကား ထိုဥပသမ္ပဒါများ မရှိနိုင်တော့ပါ။]

ဥပသမ္ပဒါ ၈-မျိုးတို့တွင် ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ, ဒူတေနူပသမ္ပဒါ, အဋ္ဌဝါစိကူပသမ္ပဒါ-ဤ ၃-မျိုးတို့သည် ခိုင်မြဲကုန်၏၊ ကြွင်းသော ဥပသမ္ပဒါ ၅-မျိုးတို့သည် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်ပြီးနောက် မရှိနိုင်တော့ပါ-ဟု မိန့်ဆိုအပ် သောကြောင့် အကြောင်းအတ္ထုပ္ပတ္တိ မပေါ်ပေါက်ခဲ့၍ အဍ္ဎကာသီမှတပါး အခြား ဒူတေနူပသမ္ပဒါ ရဟန်းမများ မရှိခဲ့ကြသော်လည်း အကြောင်းအတ္ထုပ္ပတ္တိ ပေါ်ပေါက်ပါက အခြား ဒူတေနူပသမ္ပဒါ ရဟန်းမများ ဖြစ်နိုင်ဖွယ်ရှိသည်။

ဘိက္ခုနီသံဃာ၌ ရဟန်းမခံရသေးသော  မာတုဂါမကို ဘိက္ခုသံဃာက ရဟန်းခံပေးခြင်းငှါ မအပ်

သာကီဝင်မင်းသမီးငါးရာတို့ ရဟန်းမ ပြုပြီးရာအခါမှနောက် ဘိက္ခုနီ(ရဟန်းမ) ပြုလိုတဲ့ မာတုဂါမ များကို ဥဘတောဥပသမ္ပန္နပညတ်တော်အတိုင်း ရှေးဦးစွာ ဘိက္ခုနီသံဃာ၌ ရဟန်းခံပြီးမှသာ ဘိက္ခုသံဃာ၌ ရဟန်းခံရိုး အစဉ်အလာရှိခဲ့ပါတယ်၊ သာကီဝင်မင်းသမီး ငါးရာတို့မှတပါး ဘုရားရှင် လက်ထက်တော်မှစ၍ သာသနာတော်နှစ် ၂၅ဝဝ-ကျော်သည့်တိုင်အောင် ဘိက္ခုသံဃာ တစ်ဖက်၌သာ ရဟန်းခံရိုး အစဉ်အလာ ထေရဝါဒဗုဒ္ဓြွသာသနာတော်၌ ‘လုံးဝ’မရှိတော့ပါ။

သီဟိုဠ်ကျွန်းဝယ် ဘုရင်က သူရဲ့မိဖုရား အနုဠာဒေဝီကို ရဟန်းပြုပေးရန် လျှောက်ထားရာ မဟိန္ဒမထေရ်က “ငါတို့ အား မာတုဂါမကို ရဟန်းမ ပြုပေးခြင်းငှါ မအပ်၊ ပါဋလိပုတ်ပြည်၌ ငါရဲ့နှမ သံဃမိတ္တာထေရီ ရှိတယ်၊ အဲဒီထေရီကို ပင့်ခေါ်ချေလော့”လို့ ပါရာဇိကကဏ္ဍအဋ္ဌကထာ (ဝိ၊ ဋ္ဌ၊ ၁၊ ၆၇)၌ လာရှိပါတယ်။

တသ္မိံ ခေါ ပန သမယေ အနုဠာ ဒေဝီ ပဗ္ဗဇိတုကာမာ ဟုတွာ ရညော အာရောစေသိ။ ရာဇာ တဿာ ဝစနံ သုတွာ ထေရံ ဧတဒဝေါစ “အနုဠာ ဘန္တေ ဒေဝီ ပဗ္ဗဇိတုကာမာ၊ ပဗ္ဗာဇေထ န"န္တိ။ န မဟာရာဇ အမှာကံ မာတုဂါမံ ပဗ္ဗာဇေတုံ ကပ္ပတိ၊ ပါဋလိပုတ္တေ ပန မယှံ ဘဂိနီ သံဃမိတ္တတ္ထေရီ နာမ အတ္ထိ၊ တံ ပက္ကောသာပေဟိ။

တသ္မိံ ခေါ ပန သမယေ-ထိုအခါ၌၊ အနုဠာ ဒေဝီ-အနုဠာ မိဖုရားသည်၊ ပဗ္ဗဇိတုကာမာ- ရှင်ရဟန်းပြုလိုသည်၊ ဟုတွာ- ဖြစ်၍၊ ရညော- မင်းအား၊ အာရောစေသိ-သံတော်ဦးတင်ပြီ၊ ရာဇာ- မင်းသည်၊ တဿာ- ထိုအနုဠာဒေဝီ၏၊ ဝစနံ သုတွာ-စကားကို ကြား၍၊ ထေရံ-မဟိန္ဒမထေရ်ကို၊ “ဘန္တေ- အရှင်ဘုရား၊ အနုဠာဒေဝီ-အနုဠာဒေဝီသည်၊ ပဗ္ဗဇိတုကာမာ- ရှင်ရဟန်းပြုလိုပါ၏၊ နံ- ထိုအနုဠာဒေဝီကို၊ ပဗ္ဗာဇေထ- ရှင်ရဟန်းပြုပေးတော်မူပါကုန်၊" ဣတိ- ဤသို့၊ ဧတံ ဝစနံ- ဤစကား ကို၊ အဝေါစ-လျှောက်ထားပြီ၊ “မဟာရာဇ-မင်းမြတ်၊ အမှာကံ-ငါတို့အား၊ မာတုဂါမံ- မာတုဂါမကို၊ ပဗ္ဗာဇေတုံ-ရှင်ရဟန်းပြုပေးခြင်းငှါ၊ န ကပ္ပတိ-မအပ်၊ ပါဋလိပုတ္တေ ပန- ပါဋလိပုတ်ပြည်၌ကား၊ မယှံ- ငါ၏၊ ဘဂိနီ- နှမ ဖြစ်သော၊ သံဃမိတ္တတ္ထေရီ နာမ-သံဃမိတ္တထေရီ မည်သည်၊ အတ္ထိ- ရှိ၏၊ တံ- ထိုသံဃမိတ္တထေရီကို၊ ပက္ကောသာပေဟိ-ပင့်ခေါ်စေလော့။

“ငါတို့အား မာတုဂါမကို ရဟန်းမ ပြုပေးခြင်းငှါ မအပ်- ဆိုတဲ့စကားက ဘိက္ခုနီသံဃာ၌ ရဟန်းမ မပြုရသေးတဲ့ မာတုဂါမကို ရှေးဦးစွာ ရဟန်းမ ပြုပေးခြင်းငှါ မအပ်သည်ကို ရည်ရွယ်၍ မိန့်တော်မူ သည်၊ ဘိက္ခုနီသံဃာ၌ ရဟန်းမ ပြုပြီးတဲ့ ဧကတောဥပသမ္ပန္န ဘိက္ခုနီကိုမူ ဘိက္ခုသံဃာက ထပ်မံ၍ ရဟန်းမ ပြုပေးရမည်၊ ဒါ့ကြောင့် ပါဋလိပုတ်ပြည်၌ ငါရဲ့နှမတော် သံဃမိတ္တာထေရီရှိသည်၊ သူမကို ပင့်ခေါ်စေလော့”လို့ မိန့်တော်မူခြင်းဖြစ်တယ်။

“ဘိက္ခုသံဃာတစ်ဖက်၌ ရဟန်းမ ပြုခွင့်ရတဲ့ ဧကတောဥပသမ္ပန္နပညတ်ကို ဘုရားရှင် ပယ်မြစ်တော် မမူခြင်းကြောင့် ထိုပညတ်ချက်သည် မပျက်”ဟု အချို့ပုဂ္ဂိုလ်တို့ ထင်မြင်ယူဆကြသော်လည်း ယင်း ဧကတောဥပသမ္ပန္န ပညတ်ချက်ကို ပယ်မြစ်ပြီးဖြစ်ကြောင်းကို ဝဇိရဗုဒ္ဓိဋီကာအရ သိအပ်ပါတယ်။

ဥဘတောသံဃေ ဥပသမ္ပန္နာတိ ဘိက္ခူနံ သန္တိကေ ဥပသမ္ပဒါယ ပဋိက္ခိတ္တတ္တာ တဒနုပ္ပသင်္ဂဘယာ ဧဝံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (ဝဇိရဗုဒ္ဓိဋီကာ၊ ၂၇၃။)

ဥဘတောသံဃေ ဥပသမ္ပန္နာတိ - ဥဘတောသံဃေ ဥပသမ္ပန္နာ ဟူသည်ကား၊ ဘိက္ခူနံ-ရဟန်းတို့၏၊ သန္တိကေ-အထံ၌၊ ဥပသမ္ပဒါယ-ပဉ္စင်းခံခြင်းကို၊ ပဋိက္ခိတ္တတ္တာ-ပယ်မြစ်အပ်ပြီးသည်၏အဖြစ်ကြောင့်၊ တဒနုပ္ပသင်္ဂဘယာ- ထိုဘိက္ခု သံဃာတစ်ဖက်၌ ပဉ္စင်းခံခြင်းဝယ် လျဉ်းပါးဖွယ်မှ စိုးရိမ်ခြင်းကြောင့်၊ ဧဝံ-ဤသို့ “ဥဘတောသံဃေ ဥပသမ္ပန္နာ" ဟူ၍၊ ဝုတ္တံ-ဘုရားရှင် ဟောတော်မူအပ်ပြီ၊ ဣတိ- ဤသို့၊ ဝေဒိတဗ္ဗံ-သိအပ်၏။

ဘိက္ခုဧကတောဥပသမ္ပန္နဘိက္ခုနီကို ဖွင့်ပြရာဝယ် ပါရာဇိကကဏ္ဍအဋ္ဌကထာလာ--
“ဘိက္ခူနံ သန္တိကေ ဥပသမ္ပန္နာ နာမ ပဉ္စသတာ သာကိယာနိယော” (ဝိ၊ ဋ္ဌ၊ ၂၊ ၂၄၂) အရလည်းကောင်း,

သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီဋီကာတို့လာ---
“ဘိက္ခူနံ သန္တိကေ ဥပသမ္ပန္နာ နာမ ပရိဝတ္တလိင်္ဂါ ဝါ ပဉ္စသတသာကိယာနိယော ဝါ” (သာရတ္ထ၊ ဋီ၊ ၃၊ ၄၃။ ဝိမတိ၊ ဋီ၊ ၂၊ ၂၁)အရ လည်းကောင်း,

သာရတ္ထဒီပနီဋီကာလာ---
“ယာ တာ မဟာပဇာပတိဂေါတမိယာ သဒ္ဓိံ နိက္ခန္တာ ပဉ္စသတာ သာကိယာနိယော၊ တာ ဧကတော ဥပသမ္ပန္နာ ဘိက္ခုသံဃတော ဧဝ လဒ္ဓူပသမ္ပဒတ္တာ၊ ဣတရာ ဥဘတောဥပသမ္ပန္နာ ဥဘတောသံဃေ ဥပသမ္ပန္နတ္တာ” (သာရတ္ထ၊ ဋီ၊ ၃၊ ၁၁၁။)အရ လည်းကောင်း---

“မိထွေးတော်ဂေါတမီနှင့်အတူတကွ ထွက်လာကြသော သာကီဝင်မင်းသမီး ရဟန်းမငါးရာနှင့် ရဟန်းယောက်ျား အဖြစ်မှ ဣတ္ထိလိင်ပြန်သော ရဟန်းမတို့ကိုသာ ဘိက္ခုဧကတော ဥပသမ္ပန္န ဖြစ်သည်”ဟု ဖွင့်ပြကြသောကြောင့် သာကီဝင် မင်းသမီး ရဟန်းမငါးရာနှင့် ရဟန်းယောက်ျား အဖြစ်မှ ဣတ္ထိလိင်ပြန်သော ရဟန်းမတို့မှတပါး ဘိက္ခုဧကတောဥပသမ္ပန္န ဘိက္ခုနီ မရှိ, အခြားရဟန်းမများသည် ဥဘတောဥပသမ္ပန္နဘိက္ခုနီတို့သာ ရှိသည်၏အဖြစ်ကို သန္နိဋ္ဌာန်ကျ မှတ်သား အပ်ပါသည်။

ရဟန်းယောက်ျားများသည် မာတုဂါမကို ရဟန်းမ ပြုပေးဖို့မဆိုထားနှင့်  ရှင်ပင် ပြုမပေးကောင်း

ရဟန်းယောက်ျားများက ဘိက္ခုနီသံဃာ၌ ရှေးဦးစွာ ရဟန်းမခံရသေးတဲ့ မာတုဂါမကို ရဟန်းခံပေးခြင်းငှါ မအပ်ရုံသာမကသေး, ရှင်ပြုပေးခြင်းငှါပင် မအပ်ကြောင်းကို ဝိနည်းမဟာဝါ အဋ္ဌကထာ, မဟာခန္ဓက, ပဗ္ဗဇ္ဇကထာ၌---

“ဧဝံ ဘိက္ခုနာဝ ပဗ္ဗဇိတော ဟောတိ၊ ပုရိသံ ဟိ ဘိက္ခုတော အညော ပဗ္ဗာဇေတုံ န လဘတိ၊ မာတုဂါမံ ဘိက္ခုနိတော အညော” (ဝိ၊ ဋ္ဌ၊ ၃၊ ၂၄ဂ)၌ မိန့်အပ်သည်။ ဧဝံ- ဤသို့၊ ဘိက္ခုနာဝ- ရဟန်းသည်သာ၊ ပဗ္ဗဇိတော- ရှင်ပြုပေးအပ်သည်၊ ဟောတိ- ဖြစ်၏၊ ဟိ- မှန်၏၊ ပုရိသံ- ယောက်ျားကို၊ ဝါ-ယောက်ျားဖြစ်သော ရှင်လောင်းကို၊ ဘိက္ခုတော- ရဟန်းမှ၊ အညော- တပါးအခြား သူသည်၊ ပဗ္ဗာဇေတုံ-ရှင်ဖြစ်စေခြင်းငှါ၊ ဝါ-ရှင်ပြုပေးခြင်းငှါ၊ န လဘတိ-မရ။ မာတုဂါမံ-မာတုဂါမကို၊ ဝါ-မာတုဂါမဖြစ်သော ရှင်လောင်းကို၊ ဘိက္ခုနိတော-ရဟန်းမမှ၊ အညော-တပါးတခြားသူသည်၊ ပဗ္ဗာဇေတုံ-ရှင်ဖြစ်စေခြင်းငှါ၊ ဝါ-ရှင်ပြု ပေးခြင်းငှါ၊ န လဘတိ-မရ။

သမိုင်းကြောင်းအရ ကြည့်လျှင်လဲ “ဘိက္ခုနီသာသနာသည် သီဟိုဠ်ကျွန်း (ယနေ့ သီရိလင်္ကာနိုင်ငံ) တွင် အရှည်ကြာဆုံး ဖြစ်သည်၊ သာသနာနှစ်လေးရာကျော်တွင် သီဟိုဠ်ကျွန်း၌ ၁၂-နှစ်တိုင် သူပုန် ဘေးကြီးဖြစ်ခြင်း, ဒုဗ္ဘိကန္တရကပ်, ရောဂန္တရကပ်ကြီးများ ဆက်လက်ဖြစ်ပွါးခြင်းအပြင် ရဟန်းများပင် အတည်မကျ ပြေးလွှားရှောင်နေကြရ၍ ရဟန်း များကိုအမှီပြုကာ နေထိုင်ရရှာသော ဘိက္ခုနီများ အနေအထိုင် ပျက်ပြားရခြင်း, ဝိနည်းသိက္ခာပုဒ် ကျပ်တည်းခြင်း, ဘုန်းကံနည်းပါး လာဘ်သပ္ပကာ ရှားပါးခြင်း စသောအကြောင်းများကြောင့် သာသနာနှစ်ငါးရာအတွင်းမှာပင် ဘိက္ခုနီသာသနာ အဆက်ပြတ်သွားရသည်ဟု မှတ်သားရပါသည်။ [ရဝေထွန်း ဘာသာရေးပြဿနာများ (၁)။]

အထက်ဖော်ပြပါ ပါဠိတော်, အဋ္ဌကထာ, ဋီကာ, သမိုင်းစာတို့၏အဆိုအမိန့်များကို ထောက်ဆပါက---
(၁) ဘိက္ခုဧကတောဥပသမ္ပန္နပညတ်သည် ဘိက္ခုနီသံဃာ မပေါ်မီက သာကီဝင်မင်းသမီးငါးရာတို့ အတွက်သာ ပညတ်အပ်တဲ့ အနုပညတ်ဖြစ်သောကြောင့် လည်းကောင်း၊
(၂) ထိုဘိက္ခုဧကတောဥပသမ္ပန္နပညတ်ကိုလည်း ပယ်အပ်ပြီးသည်အဖြစ်ကို ဝဇိရဗုဒ္ဓိဋီကာ ပြဆိုထားသောကြောင့် လည်းကောင်း၊
(၃) သာကီဝင်မင်းသမီးငါးရာနှင့် ဘိက္ခုလိင်ပြန် ရဟန်းမမှတပါး အခြား ဘိက္ခုဧကတောဥပသမ္ပန္န ဘိက္ခုနီများ မရှိသည်၏ အဖြစ်ကို အဋ္ဌကထာ, ဋီကာကြီးများက တညီတညွတ်တည်း ဖွင့်ပြကြသောကြောင့် လည်းကောင်း၊

(၄) ဘိက္ခုနီသံဃာ၌ ရဟန်းမပြုရသေးတဲ့ မာတုဂါမကို ဘိက္ခုသံဃာက ရဟန်းမ ပြုပေးခြင်းငှါ မအပ်-ဟု အဋ္ဌကထာ၌ ပြဆိုထားသောကြောင့်လည်းကောင်း၊
(၅) အယုတ်ဆုံးအားဖြင့် ဘိက္ခု (ရဟန်း)က မာတုဂါမကို ရဟန်းမ ပြုပေးဖို့ မဆိုထားနှင့် ဘိက္ခုနီမှ တပါး အခြားသူက ရှင်ပြုပေးခွင့်ပင် မရှိ- ဟု ဝိနည်းမဟာဝါ အဋ္ဌကထာ၌ ပြဆိုသောကြောင့် လည်းကောင်း၊
(၆) ရှေးဦးစွာ ရဟန်းမ ပြုပေးမည့် ဘိက္ခုနီအဆက်ပြတ်ခဲ့ပြီ ဖြစ်သောကြောင့်လည်းကောင်း “စစ်မှန်သော ဘိက္ခုနီများ ထေရဝါဒသာသနာတွင် ယခုအချိန်မှာ မရှိနိုင်ကြတော့ပါ။"

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့


Sunday, June 29, 2014

ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း

ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း 


၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။
၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် ( ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့် ) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။
( မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့ )


( ဖြေ )။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ
၁-မဟုတ်မမှန်သော ၀တ္ထုလည်းဖြစ်စေ၊
၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊
၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊
၎-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-
ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။
သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။

လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။ သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။
သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊


ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘ၀တွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။

၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။


ဆရာတော် တိလောကသာရ (ရဝေထွန်း)

Tuesday, April 22, 2014

အရှင်ဇနကာဘိဝံသ၏ ဘာသာအမြင် သာသနာအမြင်

                  
             အရှင်ဇနကာဘိဝံသ၏ ဘာသာအမြင် သာသနာအမြင် 
                             (အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏စာအုပ် အညွန်း)


အမျိုးကောင်းဟူသည် ဆွေမျိုးအသိုင်းအဝိုင်း ကြီးမား၍ ပစ္စည်းဥစ္စာလည်း ပြည့်စုံ၊ အကျင့် စာရိတ္တလည်း ပြည့်စုံသော အမျိုးတည်း။ ထိုအမျိုး၌ လူဦးရေ နည်းသော်လည်း ပစ္စည်းနှင့်စာရိတ္တကောင်းနေလျှင် အမျိုးကောင်းမပျက်သေးချေ။ ပစ္စည်းဥစ္စာကို တည် တံ့အောင် မလုပ်နိုင်သောအခါ မျိုးရိုးစာရိတ္တကို မထိန်းသိမ်းနိုင်ဘဲ သောက်စားမှု၊ ကစားမှု၊ အပျော်အပါး လိုက်စားမှု ပြုသူတွေ များ လာသောအခါ ထိုအမျိုးကောင်းသည် ပျက်ပြား၍ အမျိုးညံ့ ဖြစ်သွား၏။ ထိုသို့ အမျိုးကောင်းကို ဖျက်သူသည် အပြင်ဘက်က လူတွေ မဟုတ်။ အမျိုးအတွင်းက လူတွေသာ ဖြစ်သကဲ့သို့ ထို့အတူ ဗုဒ္ဓမြတ်စွာ၏ မွန်မြတ်လှစွာ သာသနာဘာသာကိုလည်း အပြင် ဘာသာဝင်တွေက  မဖျက်နိုင်ပါ။ အတွင်းကျသော ရဟန်းရှင်လူတို့ကသာ ဖျက်နိုင်ပါသည်။

ဘာသာသွေးကျမ်းစာမှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်က ကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗုဒ္ဓ ဘာသာကို ယုံကြည်သူတွေဟာ ဗုဒ္ဓတရားတော်အတိုင်း ဒါနသီလ၊ဘာဝနာကို ကြိုးစားမှု၊ ဗုဒ္ဓဘာသာကို ဂုဏ်ရှိအောင် နေထိုင်ပြော ဆို ပြုလုပ်မှု၊ ဗုဒ္ဓဘာသာနဲ့ဆိုင်ရာကိစ္စတွေမှာ မိရိုးဖလာမဟုတ်ဘဲ အကျိုးအပြစ် စိစစ်ဝေဖန်တတ်တဲ့ ဥာဏ်ရှိပြီး အကျိုးကို သာ ဆောင်ရွက်လိုမှု၊ ဘာသာထိလျှင် မချိအောင် နာတတ်မှုတွေနဲ့ ပြည့်စုံမှသာ ဘာသာသွေးကောင်းသူလို့ ဆို ထားပါတယ်။

ဘာသာရေးမှာ အတုအယောင်တွေကလည်း များလှပါတယ်တဲ့။ လောကမှာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကောင်းဆုံးဥစ္စာဟာ သဒ္ဓါ တရား ဖြစ်ပါသတဲ့။ ထိုသဒ္ဓါအစစ် ဥစ္စာဟာ ရဟန်းရှင်လူခပ်သိမ်းတို့မှာ တစ်စတစ်စနည်းပါးလာတာနဲ့အညီ တရားတု၊ ကမ္မဋ္ဌာန်းတု နဲ့ တရားစစ်၊ ကမ္မာဋ္ဌာန်းစစ်တို့ကို ယှဉ်ပြီးဟောတဲ့အခါ အတုက ပြုလွယ်၊ အစစ်က အပြုခက်တာကြောင့် သဒ္ဓါဥစ္စာ နည်းပါးသူတွေ ဟာ အတုကိုသာ လိုက်စားနိုင်ကြပါတော့တယ်တဲ့။ ဒါနအမှု ပြုရာမှာလည်း ပကာသနဒါနကိုသာ အပြုများကြပြီး သီလစောင့်ရာမှာ လည်း ငါးပါးသီလကိုမျှ လုံခြုံအောင် မစောင့်ချင်ကြဘဲ ပျော်ပျော်ပါးပါး စားကြသောက်ကြ လည်ကြ ပတ်ကြနဲ့ စောင့်ကြ တာကြောင့် အစစ် အမှန်ဥပုသ်ကို မစောင့်နိုင်ကြပါဘူးတဲ့။

ဒါကြောင့် မိမိတို့ရဲ့ ဒါန၊ သီလ၊ ဘာဝနာပြုမှုနဲ့ စာပေသင်မှု၊ ပို့ချမှုတွေကို အတုအစစ် ခွဲခြားသိရပါမယ်။ အစစ်ကိုဖယ်ပြီး အတု ကိုသာ လိုက်စားနေကြရင် ဗုဒ္ဓ သာသနာတော်ဟာ သံကိုသံဖျက် သံချေးတက် ဆိုသလို အတွင်းလူ ဖျက်လို့ ပျက်ရတော့ မှာ ဖြစ်ကြောင်း ဆရာတော် ကြီး အရှင်ဇနကာဘိဝံ သ ဆုံးမမိန့်ကြားခဲ့တာတွေကို ပြန် လည်ကောက်နုတ် တင်ပြထားပါ တယ်။

အနာဂတ်သာသနာရေးကျမ်းစာမှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်မှာတော့ သာသနာ ကွယ်ကြောင်း အကြောင်းတရားတွေကို ဖော်ပြထားပြီး ဘယ်လိုပြုပြင် ကာကွယ်သင့်တယ်ဆိုတာတွေကို ဆုံးမ သြဝါဒ ပေးထားပါတယ်။ ဗုဒ္ဓဝါဒ ဟာ လောက ကြီးပွားရေးကို မနှောင့်နှေးစေတဲ့အပြင် အပြည့်အစုံ လိုက်နာသူတို့အတွက် အမြန်ဆုံး ကြီးပွားရေးကို လမ်း ညွှန်ပေးနိုင်ကြောင်း၊ ဗုဒ္ဓဝါဒဟာ ကံကိုသာ အားကိုးရ မှာမဟုတ်ဘဲ ဥာဏ်၊ ဝီရိယကို လည်း အားကိုးရမှာဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

မြန်မာပြည် လွတ်လပ်ရေး အောင်ပွဲနေ့က 'ဒါတို့ပြေ၊ ဒါတို့ မြေ'၊ 'ပြည်ထောင်စုကို အသက်ပေးလို့တို့ကာကွယ်မလေ' ဆိုတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကြွေးကြာ်သံတွေကို ကြက်သီးထဖွယ် ကြားရပါသတဲ့။ အမျိုးသား၊ အမျိုးသမီးတို့ဟာ မိမိတို့ ပိုက်ဆံ အိတ်ကို နှိုက်ကြည့်စေချင်ပါတယ်တဲ့။ ဘာနဲ့ကာကွယ်ကြမှာလဲ၊ လက်နဲ့ကာကွယ်လို့လုံမှာမဟုတ်ပါဘူး။ အမျိုးသား အမျိုးသမီးတွေ ဟာ အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြ၊ အနေအထိုင် ပက်စက်ကြ ကြောင်း ဆရာတော်က ဆုံးမသတိ ပေးထားပါတယ်။

ပဋ္ဌာန်းတရားတော်မှ ဆရာတော်၏ ဘာသာအမြင်၊ သာသနာအမြင် ခေါင်းစဉ်အောက်မှာတော့ အလှူဒါန ပြုသူတွေအနေနဲ့ အကုသိုလ် မဖြစ်အောင် လှူဒါန်းနိုင်ကြဖို့လိုကြောင်း၊ ကုသိုလ်တရားလေးနည်းနည်းက အကုသိုလ်တွေ အနှံ့ဖြစ်နိုင်ကြောင်း၊ အလှူ အတန်း ပြုပုံတွေ ပြင်ဖို့လိုပြီဖြစ်ကြောင်း ဖော်ပြထားတဲ့အပြင် ဘုရားစစ်ကို ရုပ်ပုံကကွယ်၊ တရားအစစ်ကို ဟောတရားကကွယ်၊ သံဃာစစ်ကို ဘုန်းကြီးကကွယ်၊ ရတနာသုံးပါးကို ဝိဇ္ဇာဂိုဏ်းကကွယ် စတဲ့ ခေါင်းစဉ်ငယ်လေးများနဲ့ဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေ လိုကြောင်း တွန်းအားပေး ရေးသား ထားတဲ့ ဆုံးမသြဝါဒတွေ ပါဝင်ပါ တယ်။

ဒီစာအုပ်ဟာ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားခဲ့တဲ့ ဘာသာသွေးကျမ်းစာ၊ အနာဂတ် သာသနာရေးကျမ်းစာ၊ ဗုဒ္ဓါနုဿတိ ဘာဝနာကျမ်းစာ၊ ဓမ္မစကြာ တရားတော်၊ ပဋ္ဌာန်းတရားတော်၊ ရှင်ကျင့်ဝတ်ကျမ်းစာ၊ ရတနာ့ဂုဏ် ရည်ကျမ်းစာ၊ ဗုဒ္ဓဘာသာ သင်ခန်း စာကျမ်းစာ၊ တစ်ဘဝသံသရာ ကျမ်းစာ၊ တစ်ဘဝ သာသနာကျမ်းစာ၊ ဘုရားဥပဒေတော်ကြီးကျမ်းစာ၊ နံနက်ခင်း သြဝါဒများ စာအုပ်တွေထဲက ကောက်နုတ်ပြီး အရှင် သံဝရာလင်္ကာရ ဓမ္မပိယဆရာ တော်က စုစည်းပြုစုတင်ပြထား ခြင်း ဖြစ်ပါတယ်။

လင်းလွန်းခင်စာပေ

ကိုဝိုင်း

Wednesday, April 2, 2014

ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ


ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ

ပါရမီတော်အစုအဝေး
ဗုဒ္ဓဟူသည် ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည် ပါရမီတော်များ၏ အစုအဝေးဖြစ်သည်။ အောင်မြင် ထူးခြားသည်က သာသနာပြု သက်တမ်း ၄၅-နှစ် တာအတွင်း သူ့(ဟောပြောချက်) စကားလုံးအားလုံးကို လုပ်ငန်း အသွင်သို့ ပြောင်းလဲစေခဲ့သည်။ (သက်ဝင်လှုပ်ရှားစေခဲ့သည်) လူ့သမာဓိအားနည်းမှု (သို့မဟုတ်) ယုတ်ညံ့ သည့်တပ်မက်မှုကို ထွက်ပေါက်ပေးသည့် နေရာမရှိပေ ။ ဗုဒ္ဓ၏လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း (ဂီဟိဝိနယ) သည် ကမ္ဘာကပင် သိရှိထားသည့် အပြည်စုံဆုံး စည်းမျဉ်းဖြစ်သည်။ ( ဂျာမန်ပညာရှင် ပါမောက္ခ မက်ခ်စ်မူလာ)

အမြင့်မြတ်ဆုံးလူသား
လူသားထုတစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံးလူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာစကာ အ၀တ်အဆင် နှင့်ရှင်ဘုရင်တစ်ပါးကို ရှုကြည့် လိုက်ပါ။ သူသည် လူသားထု အတွင်းတွင် အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။ ( မူစလင်ကဗျာဆရာ အဗ္ဗဒူအတဟိယ)

ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခု ရှိပြီးဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်လုံး ရင်ကိုအေးမြစေသည် ။လူမှုဒုက္ခ သူက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပိုပြီးလိုအပ် ပေသည်။ (နေရူး)

သမားတော် ဗုဒ္ဓ
ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့်တူ၏။ သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါဇစ်မြစ်၊ ကုသရန် ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့ ဗုဒ္ဓသည် ဆင်းရဲဒုက္ခ အဆင့်ဆင့်၊ ဒုက္ခ၏မူလဘူတ အကြာင်း၊ (သမုဒယ) ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူသော အရိယသစ္စာ ၄-ပါးကိုဟောကြားတော် မူခဲ့သည်။ (ဒေါက်တာအက်ဒွပ်ကွန်ဇ်)

တောက်ပသည့် နေတစ်ဆူ
ကျူးကျော်တိုက်ခိုက်ခြင်း ၊ အမျက်သိုခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည့် ဒီကမ္ဘာဝယ် ဗုဒ္ဓ၏အဆုံး အမသည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေပေသည်။ ဗုဒ္ဓ၏အဆုံး အမတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများရှိနေသည်ထက်ပိုပြီး လိုအပ်သောအချိန် ဖြစ်သည်။ ထိုအဆုံးအမ၏ မှန်ကန်မှုသည် နှစ်ပေါင်း ၂၅၀၀- အထိ သက်တမ်းရျည်ရှင်သန်နေခဲ့သည်။ ထာဝစဉ် တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော် အလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို့။ အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သော သမာဓိတရားဖြင့် ရင်ဆိုင်ပြီး ဟုတ်သောအကြံ မှန်သောအလုပ်တို့ကို တိုးမြှင့်ခြင်းဖြင့် အနည်းငယ်မျှ အကူအညီရနိုင်ကောင်းပေမည်။(နေရူး)

ဗုဒ္ဓ၏မူလဒေသနာများ
တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက် တည်ကြည်မှု ၊ ကရုဏာထားမှုမည်သည့်တို့ကား အရှေ့တိုင်းဗုဒ္ဓဘာသာ၏ မူလပင်မဖြစ်သော သင်ပြချက် ဒေသနာများဖြစ်သည်။ (အီးအေ-ဘာထ်)

ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကသို့ဦးမတည်ပါ

ဗုဒ္ဓ၀ါဒသည် လောကနှင့်ဘ၀၏ တကယ့်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝအတိုင်း ရှုမြင်သောဝါဒဟုဆိုရပေမည်။ ၄င်းဝါဒသည် အကြောင်းအရာ ဟူသမျှကို ယထာဘူတကျအောင် လေ့လာ သုံးသပ်သည်။ ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကတွင် မေ့လျော့ပျော်ပါးနေစေရန် မှောက်မှားသော နှစ်သိမ့်မှုကို လည်းမပေး ၊ အပြစ်များ အန္တရာယ်များကို တွေးတောပြီး စိုးရိမ်သောကရောက်နေအောင် ချောက်လှန့် နှိပ်စက် မှုလည်းမပြု ။ မိမိ၏ ပကတိအစစ်အမှန်၊ ပတ်ဝန်းကျင်လောက၏ အခြေအနေအဖြစ်သနစ်အမှန်ကို အတိအကျ ယထာဘူတကျကျပြောပြပြီး လွတ်လပ်ရေးတည်ငြိမ်ရေးနှင့်ချမ်းမြေ့ပျော်ရွင်ရေးကို ရရှိနိုင်ရန် လမ်းညွှန်ပြသပေး ပေသည်။ (ဆရာတော် ဒေါက်တာ ၀ါပိုလာရာဟုလာ)

စကြာဝဠာဘာသာတရား
အနာဂတ်ဘာသာရေးသည် စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သည့် ဘာသာတရား ဖြစ်လာလိမ့်မည်။ ပုဂ္ဂိုလ် ရေးဆိုင်ရာများကို ဖုံးကွယ်လျက် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစပ်မှုအဖြစ် စိတ်ပိုင်းဆိုင်ရာ အရာအားလုံး ၏ အတွေ့အကြုံမှ ထွက်ပေါ်လာသည့် ဘာသာရေးအသိဥာဏ်ကို အခြေခံ လိမ့်မည်။ (အဲလဘတ် အိန်စတိန်း)

ဗုဒ္ဓဘာသာတွင်ဟန်ဆောင်မှုမရှိ
အသိပညာအလင်းကို လွတ်မြောက်မှု၏ အနှစ်သာရ အဖြစ်အနေ ဆောင်ရွက်ပေးခြင်းသည် ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သီလနှင့်ပညာကို တစ်ခုစီခွဲခြားလို့ မရပေ။ မြင့်မားသောဘ၀ အခြေခံကို သီလက ပြုပြင်ပေးလျှင် အသိပညာက ဘ၀ကို ပြီးပြည့်စုံ စေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်၀၀နားမလည်ဘဲ လိုအပ်သည့် ၀ိပသနာပညာကို မပိုင်ဆိုင်ခဲ့ လျှင် မည်သူ့ကိုမျှအမှန်တကယ် စာရိတ္တ ပြည့်ဝသူဟု မဆိုနိုင်ပေ။ ယင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးနှင့် ကွဲပြားသည်။

ဘုရား တစ်ဆူတည်းသာရှိ၏ဟု ယူဆကြသော ဘာသာတရားအားလုံးပင် တစ်စုံတစ်ရာသော ဟန်ဆောင်မှုဖြင့် အစပြုကြ ပေသည်။ ယင်းဟန်ဆောင်မှုများကို အသိပညာ တိုးတက်မှုက ဆန့်ကျင်မိသည့်အခါ ၀မ်းနည်းမှု(သောက) ဖြစ်ရပေတော့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည်ဟန်ဆောင်မှုဖြင့် အစမပျိုးပါ။ ကျောင်တောင်အလား ခိုင်မာသည့် အကြောင်းအရာပေါ်တါင် ရပ်တည်ပါသည် ။ ထို့ကြောင့်အသိပညာအလင်း သက်သက်ကို မည်သည့်အခါမျှ မရှောင်လွှဲ နိုင်ပါပေ။ (ပါမောက္ခ လက်္ခရှ် နာရာဆု)

မှတ်ချက်။ ။ ကိုရွှေသောင်းဝင်း ၏ ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ စာအုပ်မှ တစ်ချို့ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


by ခေတ်သစ် 

Sunday, October 6, 2013

"စကြာမင်းကြီး စိတ်ကူးပုံ"


"စကြာမင်းကြီး စိတ်ကူးပုံ"

ရှေးလွန်လေပြီးသောအခါ ငါတို့ ၏  ဘုရားအလောင်းတော်သည် တစ်ခုသော ဘ၀၀ယ် "တိလောက ၀ိဇယ" မည်သော စကြာမင်း ဖြစ်ခဲ့ဖူး၏။ ထိုမင်းသည် သံဃာတော်အများနှင့် တကွ ရှေးရှေးသော
ဗုဒ္ဓရှင်တော်မြတ်တို့ ကို လည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင်
စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း  ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍  ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညို
ရိုသေစွာ ရှိခိုးဦးချ၏။ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော ဝေဇယန္တာမည်သော ရတနာဗိမာန် ပြဿာဒ်တော်ကြီးကို  အထပ်ပေါင်းများစွာ ဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏။

ထိုဗိမာန်ကြီးဝယ် တင့်တယ် သားနားသော အခင်းအမျိုးမျိုးကိုလည်း စိတ်ကူးဖြင့် ခင်းထား၏။
သူ့ နေရာနှင့် သူ ရေပြည့်အိုး၊ ပန်းပြည့်ရေတဂေါင်းများကိုလည်း တည်ထား၏။ ထို့ နောက် ကျယ်ပြန့် သော တံခါးကြီးများမှ နောက်ပါ သံဃာတော်များနှင့်တကွ ဘုရားရှင်များစွာ
ပစ္စေကဗုဒ္ဓါ များစွာတို့ မှာ မိမိ၏ ပင့်ဖတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။

ထို့ နောက် လူ့ ပြည် နတ်ပြည်၌ ရှိသမျှ အထည်ကောင်းတို့ ကို စုပေါင်းဆောင်ယူလျက် ထို ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ၊ သံဃာတော်တို့ အား ၃ ထည်သော (တိစီဝရိတ်) သင်္ကန်းကို လှူဒါန်း၍
မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာ အဖြာဖြာတို့ ဖြင့်  သပိတ်အသီးသီးတို့ ၌ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်။ အသီးသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ
ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည်  ဗိမာန်ကြီး၌ အသီးသီးသော ရတနာတိုက်ခန်းသို့  ၀င်ကာ ခေတ္တခဏမျှ  ကိန်းအောင်းတော်မူပြီးနောက် ကိန်းအောင်းရာမှ ထ၍ တချို့ က ဈာန်ဝင်းစားနေပုံ ၊ တချို့ က ပြဿနာ မေးပုံ ဖြေပုံများကိုပါ  စိတ်ကူးလေသည်။

ဘုရား ပစ္စေကာ အရိယာ သံဃာတော်တို့ သည် ဈာန်ဝင်းစားမှု စသော အလိုတော်ရှိရာ ကိစ္စဖြင့် မွေ့ လျော်တော်မူနေကြစဉ်  ထိုအရှင်မြတ်တို့ ၏ အထက်တွင် ရတနာထီးဖြူဆောင်းလျက်  မွှေးကြိုင်သော ပန်းမျက်နှာကြက်တွေ တဝေေ၀နှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျနေပုံ၊ ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့ ၌  ကြာမျိုးငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ၊ ပတ်ဝန်းကျင်ဝယ် တည်ရှိနေသော ပန်းဥယျာဉ်၏
ပန်းပင်များမှ ပန်းဝတ်မှုံတို့ သည် အထက်သို့  လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ၊ ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြ၀ဠာအနှံ့ စိုက်၍ ညှိထွန်းထားပုံ၊ သစ်ပင်ဖျားနှင့်
တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူထားပုံတို့ ကိုပါ စိတ်ကူးလေးသည်။

ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏  အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့ လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသော စိတ်ဖြင့် ကကြ၊ သီဆိုကြ၊ တီးမှုတ်ကြပုံ၊
လူ နတ် သိကြား နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗ မကျန် သူတော်ကောင်းမှန်သမျှလည်း အသီးအသီး လက်အုပ်ချီကာ အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ၊ ထိုပရိတ်သတ်အား စကြာမင်းကြီးက မိမိပြုအပ်သော ကုသိုလ်၏ အဖို့ ကို အမျှဝေစကား ပြောကြားနေပုံ၊ ဤနေရာသို့ မရောက်လာသေးသူတို့ အား နတ်များကတဆင့် ပြောပြနေပုံတို့ ကိုပါ စိတ်ကူးလေသည်။

ထိုကဲ့သို့  အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူသော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထိုကောင်းမှုကြောင့် တာဝတိံသာ၌  ဖြစ်ရလေသည်။ ထိုကောင်းမှုစေတနာစုကြောင့် နတ်ပြည်မှ လူ့ ပြည်သို့ လည်းကောင်း ၊ လူ့ ပြည်မှ နတ်ပြည်သို့ လည်းကောင်း စုတေ ရွှေ့ ပြောင်း၍ ဖြစ်လေရာ၌ ပညာအရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်း သာလွန် ၊ လူချင်းလည်း သာလွန်သူသာ ဖြစ်ခဲ့ရလေသည်။

ထို့ ကြောင့် ယခုအခါ သူတော်ကောင်း စိတ်ဓါတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီး သူမတို့ သည် သန့် ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ၊ အခြားတစ်နေရာမှာ ဖြစ်စေ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးလျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်း ပွားများ၍ ပန်း ဆီမီး အမွှေးတိုင် စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ၏
ရတနာ့ဂုဏ်ရည် မှ မျှဝေပူဇော်ပါသည်)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

Tuesday, March 12, 2013

(၉)ပါးသီလ Nine Precepts 九戒

 (၉)ပါးသီလ  န၀င်္ဂသီလ Navanga Sīla  Nine Precepts 

Requesting 請求 သီလတောင်း


 အဟံဘန္တေ တိသရဏေန သဟ န၀င်္ဂ သမ္ပန္နာဂတံ ဥပေါသထ သီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
Aham, bhante, tisaraena saha navanga samampamnagatam uposathasīlam dhammam yācāmi, anuggaham katvā sīlam detha me, bhante.
May I, Venerable Sir, observe the Nine Precepts  together with the three  Refuges, Venerable Sir, please have compassion on me and grant me the Precepts. 
尊者,我乞求三歸和法。尊者,在攝受後請把戒授給我!
ဒုတိယမ္ပိ

အဟံဘန္တေ တိသရဏေန သဟ န၀င်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ
 Dutiyam'pi,
Aham, bhante, tisaraena saha navanga samampamnagatam uposatha sīlam dhammam yācāmi, anuggaham katvā  sīlam detha me, bhante.
For the second time,

May I, Venerable Sir, observe the Nine Precepts  together with the three Refuges, Venerable Sir, please have compassion on me and grant me the Precepts. 
尊者,我第二次乞求三歸和法。尊者,在攝受後請把戒授給我!
တတိယမ္ပိ- 
အဟံဘန္တေ တိသရဏေန သဟ န၀င်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
Tatiyam'pi,
Aham, bhante, tisaraena saha navanga samampamnagatam uposatha sīlam dhammam yācāmi, anuggaham katvā sīlam detha me, bhante.
For the third time,
May I, Venerable Sir, observe the Nine Precepts together with the three Refuges, Venerable Sir, please have compassion on me and grant me the Precepts. 
尊者,我第三次乞求三歸和法。尊者,在攝受後請把戒授給我!
(ရဟန်း)-ယမဟံ ၀ဒါမိ တံ ၀ဒေထ။
Bhante: Yamaham vadāmi tam vadehi (vadetha).
Monk: What I recite you (your) follow.
尊者:我念什麼你(們)也跟著念。
(လူ) အာမ ဘန္တေ၊
Upāsakā: Āma, bhante. 
Laity: Yes, Venerable Sir.
居士:是的,尊者。
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
Namo tassa Bhagavato, Arahato Sammā-sambuddhassa. (3 times)
Homage to that Blessed One, the Arahant and Perfect Self-Awakened One.

禮敬世尊, 阿羅漢, 圓滿自覺者

 

Tisaraa  Three Refuges 
         သရဏဂုံ (၃)ပါး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
Buddham saranam gacchāmi.
I take refuge in the Buddha.
我皈依佛,
ဓမ္မံ သရဏံ ဂစ္ဆာမိ။
Dhammam saranam gacchāmi.
I take refuge in the Dhamma .
我皈依法,
သံဃံ သရဏံ ဂစ္ဆာမိ။
Samgham saranam gacchāmi.
I take refuge in the Samgha.
我皈依僧;
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
Dutiyam'pi Buddham saranam gacchāmi.
For the second time, I take refuge in the Buddha.
第二次 我皈依佛,
ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။
Dutiyam'pi Dhammam saranam gacchāmi.
For the second time, I take refuge in the Dhamma.
第二次我皈依法,
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
Dutiyam'pi Samgham saranam gacchāmi.
For the second time, I take refuge in the Samgha.
第二次我皈依僧;
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
Tatiyam'pi Buddham saranam gacchāmi.
For the third time, I take refuge in the Buddha.
第三次 我皈依佛,
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
Tatiyam'pi Dhammam saranam gacchāmi
For the third time, I take refuge in the Dhamma.
第三次我皈依法,
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
Tatiyam'pi Samgham saranam gacchāmi.
For the third time, I take refuge in the Samgha.
第三次我皈依僧;
(ရဟန်း) တိသရဏဂမနံ ပရိပုဏ္ဏံ။
 Bhante: Tisarana gamanam paripunnam.
Monk: The Three Refuges are complete.
尊者:三歸依已經圓滿。
(လူ) အာမ ဘန္တေ၊
Upāsakā: Āma, bhante. 
Laity: Yes, Venerable Sir.
居士:是的,尊者。

 

()ပါး သီလ The Nine Precepts Nava-sila

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

1.Panatipata veramani sikkhapadam samadiyami
 
I undertake the precept to refrain from destroying living creatures. (Not to kill.)
我承諾戒不要破壞生物。
၂။ အဒိန္န္န္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
2.Adinnadana veramani sikkhapadam samadiyami
I undertake the precept to refrain from taking that which is not given. (Not to steal.)
我承諾戒不採取認為這是沒有得到。 
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
3.Abrahmacariya veramani sikkhapadam samadiyami
I undertake the precept to refrain from sexual activity. (Not to engage in sexual intercourse.)
我承諾戒避免性活動。
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မဟုတ်မမှန် လိမ်လည် ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

4.Musavada veramani sikkhapadam samadiyami
I undertake the precept to refrain from incorrect speech.(Not to speak lies.)
我承諾戒 以避免不正確的發言
.၅။ သုရာမေရယ မဇ္ဖပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သေရည်အရက် သောက်ခြင်း၊ မူးယစ်ဆေး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။

5.Suramerayamajja pamadatthana veramani sikkhapadam samadiyami 
 I undertake the precept to refrain from intoxicating drinks and drugs which lead to carelessness. (Not to take intoxicants.)
我承諾戒不要陶醉的飲料和藥品而導致粗心大意。

၆။ ၀ိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
နေလွဲ ညစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

6.Vikalabhojana veramani sikkhapadam samadiyami
 
I undertake the precept to refrain from eating at the forbidden time .(i.e., after noon) (Not to eat food between noon and the following dawn.)
我承諾戒不吃飯時禁止時間(即過了中午)。(不在禁食期間進食,過午不食)

၇။ နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒသဿန မာလာဂန္ဓ ၀ိလေပန ဓါရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ အမွှေးနံ့သာတိုဖြင့် တင့်တယ်ပြေပြစ်အောင် လိမ်းကျံ ချယ်သ ခြင်းမှ ရှောင်ကြဉ်ပါ၏။

7.Nacca-gita-vadita-visukkadassana mala-gandha- vilepana-dharana- mandana- vibhusanathana veramani sikkhapadam samadiyami
 
I undertake the precept to refrain from dancing, singing, music, going to see entertainments, wearing garlands, using perfumes, and beautifying the body with cosmetics

(Not to sing, dance or watch entertainments, and not to use ornaments, cosmetics or perfumes.)
我承諾戒不要跳舞,唱歌,音樂,會看到娛樂 戴著花環,使用香水和美化身體用化妝品
ဂ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မြင့်သောနေရာ၊ မြတ်သောနေရာတို့ကို နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။

8.Uccasayana-mahasayana veramani sikkhapadam samadiyami
I undertake the precept to refrain from lying on a high or luxurious sleeping place.  (Not to sit or lie on a large or high seat or bed.)
我承諾戒不要躺在沙發上睡覺的地方高或豪華
  


၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ။

အလုံးစုံသော သတ္တ၀ါတို့၏ အပေါ်၌ မေတ္တာစိတ် ဖြန့်ကျက်၍ နေထိုင်ပါမည်။ (သတ္တ၀ါအားလုံးအပေါ် မေတ္တာပွါးပါမည်။)
 
9. Metta Saha gatena cetasa, sabba pana bhutesu manasam pharitva viharanam samadiyami


I undertake the rule of training to stay with a tranquil mind infused with volition of love unto all living creatures.

我承擔的戒律一個寧靜的心態,對所有生物的愛與意志的注入。

ဣဒံမေပုညံ အာသ၀က္ခယာ ၀ဟံဟောတု။
Idam me puñña āsavakkhayāvaham hotu.
May this merit of mine be conducive to the destruction of the [mental] effluents.
願我這功德,導至諸漏滅盡。
ဣဒံမေပုသီလံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
Idam me sīlam nibbānassa paccayo hotu.
May this merit of observing precepts a condition [for the realization] of Nibbāna.
願我這戒(功德),成為(證悟)涅槃的助緣。 

(ရဟန်း) တိသရဏေန သဟ န၀င်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ သုရက္ခိတံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
Bhante: Tisaraena saha Navanga samannagatam uposatha sīlam dhammam sādhukam surakkhitam katvā appamādena sampādetha.

Monk: Maintaining well these Nine Uposatha Precepts, together with the three refuges, strive on with diligence.
尊者:在完全地守護了三歸和九布薩戒法後,當不放逸地努力(成就)。

 (လူ) အာမ ဘန္တေ၊
Upāsakā: Āma, bhante.
Laity: Yes, Venerable Sir.
居士:是的,尊者。