Saturday, September 21, 2013

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်


ပြည်မသိ ဗာရာဏသီ ၊ မင်းမသိ ဗြဟ္မဒတ်

မေး။ ။ ဘုရားဟော သုတ္တန်၊ ဇာတ်၊ နိပါတ်တော်များတွင် “ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်စိုးတော်မူစဉ်” စသည်ဖြင့် တရားစာပိုဒ် တော်တော်များများ တွေ့ကြရသည်။ ထိုအခါ တစ်ယောက်သော မိတ်ဆွေက “ဒါကတော့ဗျာ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့ ဆိုရိုးရှိတယ်လေဗျာ၊ ဇာတ်တော်တိုင်း ဒီလိုချည်း ပြဆိုရတာပေါ့” ဟု ဆိုလာပါသည်။
ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ

ဖြေ။ ။ ရှေးဦစွာ ဗာရာဏသီ-ဟု အမည်ရခြင်းအကြောင်းများကို ဗဟုသုတ အဖြစ်ဖော်ပြချင်ပါသည်။
၁။ ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ (ဗာရဏသာ+ဏ+ဤ)
၂။ ၁၂-ဦးသော ရသေ့မုနိတို့ သက်ဆင်းဝင်ရောက်ရာ ဌာနဖြစ်သော ကြောင့် ဗာရာဏသီ၊ (ဒွါဒသဣသိ+ဤ)
၃။ အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာဟောတော်မူရန် သက်ဆင်းရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊
၎။ မျောက်ဦးခေါင်းရှိရာ (သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရဏသီ၊ (ဝါရဏသီသ+ဏ+ဤ)
၅။ မြို့တည်စအခါ၌ မင်းနှစ်ပါးတို့ စစ်ထိုးရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ (ဒွိ+ရဏ+သ+ဤ)
၆။ ဝရဏာမြစ် အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီ-ဟု ခေါ်၏။

ဗာရာဏသီပြည်အနီး မိဂဒါဝုန်၌ ဘုရားရှင် ဟောတော်မူအပ်သော သုတ္တန်များမှာ--
၁။ ဓမ္မစကြာသုတ်၊
၂။ အနတ္တလက္ခဏသုတ်၊
၃။ ပဉ္စသုတ်၊
၎။ (ပထမ+ ဒုတိယ) မာရပါသသုတ်၊
၅။ ဓမ္မဒိန္နာသုတ်၊
၆။ အာဒိတ္တပရိယာယသုတ်၊
၇။ သစ္စဝိဘင်္ဂသုတ်၊
၈။ ရထကာရသုတ်၊
၉။ သမယသုတ်၊
၁၀။ သစေတနသုတ်၊
၁၁။ ကဋုဝိယသုတ်၊
၁၂။ မေတ္တေယျပဉှာတို့ ဖြစ်၏။
အခြားသော အရှင်သာရိပုတ္တရာ- စသော သာဝကဘာသိတသုတ်များ လည်း အနည်းငယ် ရှိသေး၏။

ဗာရာဏသီပြည်သည် အမြဲပင် ဗာရာဏသီ အမည်ရှိနေခဲ့သည် မဟုတ်ပါ။
“အယဉှိ ဗာရာဏသီ ဥဒယဇာတကေ သုရုန္ဓနဂရံ နာမ ဇာတာ။ စူဠသောမဇာတကေ သုဒဿနံ နာမ၊ သောဏနန္ဒဇာတကေ ဗြဟ္မဝဍ္ဎနံ နာမ၊ ခဏ္ဍဟာလဇာတကေ ပုပ္ဖဝတီနာမ ၊ ဣမသ္မိံ ပန ယုဓဉ္စယဇာတကေ ရမ္မနဂရံ နာမ အဟောသိ။ ဧဝမဿ ကဒါစိ နာမံ ပရိဝတ္တတိ။” (စရိယာ၊ဋ္ဌ၊ ၁၇၇)

ဟူသော စရိယာပိဋက အဋ္ဌကထာအတိုင်း “ဥဒယ(ဘဒ္ဒ) ဇာတ်တော်တွင် သုရုန္ဓနမြို့-ဟု ခေါ်၏။ စူဠသုတသောမဇာတ်တော်တွင် သုဒဿနမြို့ဟု ခေါ်၏။ သောဏနန္ဒ ဇာတ်တွင် ဗြဟ္မဝဍ္ဎနမြို့ဟု ခေါ်တွင်၏။ (စန္ဒကုမာရ) ခဏ္ဍဟာလဇာတ်တော်တွင် ပုပ္ဖဝတီ အမည်ရ၏။ ယုဓဉ္စယဇာတ်တော်တွင် ရမ္မမြို့ဟု ခေါ်တွင်၏။

ဗာရာဏသီ-ဟု အမည်ရသည့်အခါ၌လည်း အမြဲတမ်း ဗြဟ္မဒတ်- အမည်ရှိသော မင်းချည်း မဟုတ်ပါ။ ဂိရိဒတ္တဇာတ်တွင် ဗာရာဏသီပြည်၌ သာမ- မည်သော မင်း ထီးနန်းစိုးစံကြောင်း လာ၏။

ထိုဗာရာဏသီပြည်၌ပင် ဓမ္မဓဇဇာတ်တွင် ယသပါဏိမင်း၊ မဟာပိင်္ဂလဇာတ်တွင် မဟာပိင်္ဂလမင်း၊ ဂါမဏိ စန္ဒဇာတ်တွင် ဇနသန္ဓမင်း၊ ဒူတဇာတ်တွင် ဘောဇနသုဒ္ဓိကမင်း၊ ခန္တီဝါဒီဇာတ်တွင် ကလာဗုမင်း၊ ကာဠဗာဟုဇာတ်တွင် ဓနဉ္စယမင်း၊ စူဠဓမ္မပါလဇာတ်တွင် မဟာပတာပမင်း၊ သုယောနန္ဒီဇာတ်တွင် တမ္ဗမည်သောမင်း၊ သတ္ထုဘသ္တဇာတ်တွင် ဇနကမင်း၊ ကုမ္ဘကာရဇာတ်တွင် သေနကမင်း၊ ဒဠှဓမ္မဇာတ်တွင် ဒဠှဓမ္မမင်း၊ ဂိဇ္ဈဇာတ်တွင် သေနကမင်း၊ မဟာကဏှဇာတ်တွင် ဥသိနကမင်း၊ ဘလ္လာတိယဇာတ်တွင် ဘလ္လာတိယမင်း၊ ဟတ္ထိပါလဇာတ်တွင် ဧသုကာရီမင်း၊ မဟာဟံသဇာတ်တွင် သံယမမင်း၊ တေမိဇာတ်တွင် ကာသိမင်း မင်းပြုကြောင်း အသီးသီးလာရှိ၏။

ဗာရာဏသီပြည်တွင် ဘုရားလောင်း မင်းပြုသည်ရှိသော် စသည်ဖြင့် အမည်နာမ အထူးမပြုဘဲ ဖော်ပြထားသော ဇာတ်တော်များလည်း များစွာရှိသေး၏။

ဗြဟ္မဒတ်မင်း ဟူရာ၌လည်း တစ်ဦးတည်းကို ဆိုလိုသည်မဟုတ်၊ ဗြဟ္မဒတ္တ- ဟူသည် မျိုးနွယ်အမည်၊ သို့မဟုတ် မင်းဆက်အမည်-ဟု ပညာရှင်များ ယူဆကြ၏။ ဘုရားရှင်ကို သိဒ္ဓတ္ထ-ဟု ခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ ဂေါတမဟု မျိုးနွယ်အမည်ကို ခေါ်ဝေါ်သကဲ့သို့၊ သို့မဟုတ် ဂျော့ဘုရင် ဟူရာ၌ စတုတ္ထမြောက် ဂျော့ဘုရင်၊ ပဉ္စမမြောက် ဂျော့ဘုရင် စသည်ဖြင့် တစ်ဦးတစ်ယောက်တည်း မဟုတ်သကဲ့သို့ မှတ်ယူသင့်ပါသည်။

“မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ” ဟူသော ဆိုရိုးစကားကား အတွေ့ရများသဖြင့် ဇာတ်တော်များကို ပြန်လည်ပြောပြသည့်အခါ မင်းအမည်ကို မမှတ်မိလျှင် ဗြဟ္မဒတ်၊ ပြည်ကို မမှတ်မိလျှင် ဗာရာဏသီဟု ပြောလိုက်လျှင် မှန်ကန်ဖို့ ရာခိုင်နှုန်းများသဖြင့် “မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့သာ ပြောလိုက်ကွာ” စသည်ဖြင့် ပြောဆိုကြရာမှ ဆိုရိုးစကားသဖွယ် ဖြစ်လာသည်ဟု ယူဆပါသည်။

အရှင်ကောဝိဒ (ယော)