Monday, September 2, 2013

အမေ့ အမွေ

အမေ့ အမွေ

            ဤလောက ကမ္ဘာမြေကြီးပေါ်ဝယ် သတ္တ၀ါအမျိုးစုံ ရှင်သန် နေထိုင်ကြသည်။ ထို အထဲကမှ လူဆိုသည့် သတ္တ၀ါ တစ်မျိုးသာ အသိဥာဏ် အမြင့်မားဆုံး ဖြစ်သလို အရှုပ်အထွေးဆုံး ဖြစ်သည်။ လူတစ်မျိုးတည်းသာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ကို လက်ဆင့်ကမ်းနိုင်ကြသည်။ အမွေပေးခဲ့ကြသည်။

            “အမွေ” ဆိုသည့် စကားလုံးကို ထပ်မံ ပိုင်းခြားရလျှင် ကောင်းမွေ နှင့် ဆိုးမွေ ဆိုသည့် နှစ်မျိုး နှစ်စား ရမည်။ မီး ကို ကိုယ်တိုင် ပြုလုပ်တတ်စေရန်၊ ဆန်စပါးကို ကိုယ်တိုင် စိုက်ပျိုး ရိတ်သိမ်း စားသောက်တတ်စေရန် စသည့် ကောင်းမွေများ။ ကမ္ဘာစစ်ကြီးများ၊ လူသတ်ပွဲကြီးများ၊ ခွဲခြားမှုများ စသည့် ဆိုးမွေတို့မှ တစ်ဆင့် သင်ခန်းစာယူတတ်စေရန် သမိုင်း အမွေ အနှစ်များ ထားခဲ့ကြသည်။ ကြိုက်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ နှောင်းလူများက လက်ခံရသည်။ ကောင်းမွေများကို အဆင့်အတန်းမြင့်လာဖို့ ကြိုးစားကြသူများ ရှိသလို ဆိုးမွေများမှ တစ်ဆင့် သင်ခန်းစာ မယူနိုင်ကြသော လူများလဲ အများသား ရှိသည်။

            ကျနော့် အတွက် “အမွေ” ဆိုသည့် စကားလုံးကို ထဲထဲဝင်ဝင် ကိုယ်တိုင်ကြုံဘူးသည်မှာ အမေမှ “နင့်ကို ငါ့ အိမ်၊ မြေကွက် အမွေ ပေးခဲ့မယ်” ဆိုသည့် အပြောကြောင့် ဖြစ်သည်။ အမေက ကျောင်းဆရာမ ပီပီ ချမ်းသာသော သူ မဟုတ်။ သို့သော် စစ်စစ်စီစီ သုံးစွဲသည်။ မကုန်သင့်တာ မကုန်ရအောင် ထိန်းချုပ်သည်။ အမတွေ အကျ ရှပ်အင်္ကျီတွေကို ဒေါက်တွေ ဖြုတ်ပြီး ကျနော့်ကို ၀တ်ချင်ချင်၊ မ၀တ်ချင်ချင် ၀တ်စေသည်။ မိသားစုအတွင်း အမေ့ အမေ အမေကြီးမှ လွဲပြီး ထမင်း၊ ဟင်းကို ဝေပုံကျ စားစေသည်။ ထမင်းကို မကုန်နိုင် မခန်းနိုင်ထည့်ပြီး သွန်တာ တွေ့ရလျှင် ကျောပြင် ဗျောတင် ခံရသည်။

အိမ်မှာ အငယ်ဆုံးဆိုပြီး အခွင့်အရေး ပိုလိုချင်သော ကျနော့်ကို အတိုင်း အတာဖြင့်သာ မုန့်ဖိုး ပေးသုံးသည်။ အပြင်မှ သွားရေစာ မုန့်များ စားရဖို့ ခြေဆောင့် ၊ နှုတ်ခမ်းစူ ပူစာသော်လည်း ကြိမ်လုံးသာ အဖြေထွက်သည်။ ထို့ကြောင့် ရလာဒ်မှာကား မိသားစု စီးပွားရေးမှာ အမေ့ ကျောင်းဆရာမ လစာ တစ်ခုတည်းအပေါ် မှီခိုရပေမယ့် ဘယ်သောအခါမှ ကြပ်ကြပ်တည်းတည်းမရှိခဲ့။ အမေနှင့် ဘ၀တူ အသုံးအစွဲ မချွေတာသော မိသားစုများ ကြပ်တည်းချိန်တွင် ကျနော်တို့ မိသားစုမှာ အခြေမပျက် နေနိုင်ခဲ့သည်။

“အရေးဟယ် အကြောင်းဟယ်ဆို သုံးဖို့ဟဲ့” ဆိုပြီး စုဆောင်းထားသော အမေ့ ရွှေတို ရွှေစများကို ထုခွဲရောင်းချပြီး ကိုယ်ပိုင်အိမ်ဝိုင်းလေးနှင့် အိမ် ခပ်လတ်လတ်လေး တစ်လုံးကို အမေဖန်တီးသော အခါ ကျနော်တို့ မောင်နှမတွေမှာ ပျော်လို့ မဆုံး။ အမေတာဝန်ကျရာ ကျောင်းကြီးတွေ၏ ကျောင်းထောင့်ထဲတွင် ဖြစ်သလို အိမ်လေးတစ်လုံးဖြင့် နေခဲ့ရသော ဘ၀မှ ကိုယ်ပိုင် အိမ်ဖြင့် နေကြစို့ဟု အမေဆုံးဖြတ်သောအခါ မပျော် ရှိပါ့မလား။ အမေဦးဆောင်ပြီး အိမ်ဝိုင်းကို ရှင်းလင်းသည်။ ၀န်းထရံများကို အမေက ကြေးနန်းကြိုးများဖြင့် ခိုင်မြဲအောင် ချည်နှောင်သည်။

 ရေနံချေး သုတ်ဖို့ မောင်နှမတွေကို တာဝန်ခွဲပေးသည်။ နှစ်တွေ ကြာလာသည်နှင့်အမျှ သား၊ သမီးတွေ ကျောင်းတွေပြီး။ ကျနော်တို့ မောင်နှမတွေ ကိုယ်ပိုင် အလုပ် အကိုင်များရှိလာပြီး အဆင်ပြေလာသည်အထိ အမေက သူ့အိမ်ဝိုင်းလေးကို မရောင်းပြစ်ခဲ့။ အဆင်သင့်ရာ သား၊ သမီးအိမ်မှာ တလှည့်စီ လိုက်နေပေမယ့် အမေက သူ့ အိမ်ဝိုင်းလေးကို သံယောဇဉ်မပြတ်။ လူငှားမတင်။ တစ်လ တစ်ခါခန့် အရောက်သွားကာ ရှင်းလင်း သုတ်သင်သည်။

ထိုသို့ အမေသံယောဇဉ်ရှိသော အိမ်ဝိုင်းလေးကို အမေက မောင်နှမတွေ အားလုံးထဲမှာမှ ကျနော့်ကို ရွေးချယ်ပြီး အမွေပေးခဲ့မယ်ဟု ဆိုလာသောအခါ ကျနော် ပျော်မိသည်။ အမေ၀ယ်ခါစက လက်ချိုးရည်တွက်လို့ ရသော သိန်းဂဏန်း အနည်းငယ်သာရှိသော အိမ်ဝိုင်လေးသည် ပါတ်ဝန်းကျင် ရပ်ကွက် တိုးတက်လာသည်နှင့် အမျှ တန်ဖိုးတက်လာသည်။ သိန်း ရာဂဏန်း အတော်များများ တန်ဖိုး ရှိလာ၏။ ကျနော့်ကို အမွေပေးခဲ့မယ်ဟု အမေ့ဆုံးဖြတ်ချက်ကို အမတွေကလဲ ဘာမှ အထွန့်မတက်။ ကောင်းသားဘဲဟု အမေ့ ဆန္ဒရှိရာ ဆုံးဖြတ်ဖို့ သဘောတူကြသည်။ ကျနော် ကိုယ်တိုင်ကလဲ သိန်းရာဂဏန်း အတော်များများတန်သော အိမ်ဝိုင်းလေးကို လောဘတက်သည်။

တမြန်မနေ့က ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ “ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုသည့် စာအုပ်လေးကို ဖတ်ရင်း ပုံပြင်လေး တစ်ပုဒ်ကို ဖတ်မိသည်။ ပုံပြင်ကို ဖတ်မိမှ အမေ ကျနော့်ကို ဘာကြောင့် အမွေပေးခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သိလာရသည်။

ပုံပြင်လေးက…
ရှေးရှေးက သူဌေးကြီး တစ်ဦးရှိသည်။ သူ့မှာ သားသုံးယောက်ရှိသည်။ သူဌေးကြီးက သူမသေခင် အမွေပေးခဲ့ဖို့ ဆုံးဖြတ်ထားခဲ့ချင်သည်။ သားတွေကို စမ်းသပ်သည်။ အိမ်က ခွေးမကြီး မီးဖွားနေသည်ကို သားအကြီးဆုံးကို သွားကြည့်ခိုင်းသည်။ သားအကြီးဆုံးက သွားကြည့်ပြီး ပြန်လာကာ “ဟုတ်တယ် အဖေ၊ ခွေးမကြီး မီးဖွားနေပြီ” ဟု အဖြေပေးသည်။ သားအလတ်ကို သွားကြည့်စေပြန်သည်။ သားအလတ်က “ ဟုတ်တယ်။ ခွေးမကြီး မီးဖွားနေပြီ ခွေးလေး ခြောက်ကောင် အဖေရဲ့” ဟု အဖြေပေးသည်။ သားအငယ်ဆုံး အလှည့်ရောက်တော့ သားအငယ်ဆုံးက  ခွေးပိစိကွေးလေး
ခြောက်ကောင်၏ အထီး အမကို ခွဲခြားနိုင်သလို အရောင်အသွေး အစုံအလင်ပါ မှန်အောင် အဖြေပေးနိုင်သည်။

သူဌေးကြီးက နောက်ထပ်တစ်ခါ စမ်းသပ်ပြန်သည်။ သားသုံးယောက်စလုံးကို မုန့်အိုးကင်း ပူပူနွေးနွေး တစ်ခုစီ ပေးသည်။ သားအကြီးဆုံးက အုန်းသီးဖတ်၊ ပဲသီးလေးများကို ရွေးစားပြီး မုန့်အိုးကင်း ကြီးကို ပြစ်လိုက်သည်။ သားအလတ်က ပူပူနွေးနွေး မုန့်အိုးကင်း တစ်ဝက်တိတိစားလိုက်သည်။ တစ်ဝက်ကို ချန်ထားသည်။ သို့သော် ကျန်တစ်ဝက်က အေးခဲ မာတောင့်သွားကာ မစားလိုက်ရဘဲ ပြစ်လိုက်ရ၏။ သား အငယ်ဆုံးမှာကား မုန့်ဖိုပေါ်မှ ချပြီးကာစ မုန့်အိုးကင်း ပူပူနွေးနွေးကို တစ်ထိုင်တည်း အရသာ ရှိရှိစားလိုက်သည်။

သူဌေးကြီးက စမ်းသပ်မှု နှစ်ခု ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ပစ္စည်းဥစ္စာများကို လေးပုံ ပုံလိုက်သည်။ နှစ်ပုံကို သားအကြီးဆုံးကိုပေးလိုက်သည်။ တစ်ပုံကို သားအလတ်ကို ပေးသည်။ ကျန်တစ်ပုံကို သူမသေခင် သုံးဖို့၊ စွဲဖို့၊ လှုဖို့ တန်းဖို့ ချန်ထားလိုက်သည်။ သားအငယ်ဆုံးကိုကား ဘာတစ်ခုမှ မပေးဘဲ အိမ်ပေါ်က နှင်ချလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သားသုံးယောက်သိအောင် ရှင်းပြသည်။ သားအငယ်ဆုံးမှာ ဘာအလုပ်ဘဲ လုပ်လုပ် စေ့စပ်သေချာသည်။

ထို့ကြောင့် ဘယ်တော့မှ အောက်ကျ နောက်ကျ ဖြစ်မည့်သူမဟုတ်သောကြောင့် အမွေပေးစရာမလို။ သားအလတ်မှာကား အရင်းအနှီး အသင့်အတင့် ရှိဖို့ လိုသည်။ ထို့ကြောင့် တစ်ပုံ ဝေစုပေးသည်။ သားအကြီး ဆုံးမှာကား မိဘအမွေမပေးခဲ့လျှင် လောက အလယ်မှာ ခွေးဖြစ်ပြီး ကျန်နေခဲ့မည့် လူစားမျိုးဖြစ်သောကြောင့် အမွေ အများဆုံး ပေးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ပုံပြင်ကို ဖတ်ရင်း အမေ့ဆုံးဖြတ်ချက်ကို တွေးမိသည်။ သားအကြီးဆုံးနှင့် တူသည့် အငယ်ဆုံး ကျနော့်ကို အမေက အမွေပေးခဲ့လိုခြင်း ဖြစ်ဟန်တူသည်။ လောကအလယ်မှာ ခွေးမဖြစ်စေဖို့ အမေက သူတတ်နိုင်သလောက် အမွေပေးခဲ့ချင်ဟန်တူ၏။ တစ်သက်လုံး အမေ့စကားနားမထောင်၊ အမေဖြစ်စေချင်သလို မကြိုးစားခဲ့သော ဘ၀ကို နောက်ပြန်ငဲ့ကြည့်မိသည်။ အမေ၏ သိန်းထောင်ဂဏန်း နီးပါးရှိသော အိမ်ဝိုင်းလေးကို ရောင်းစားပြီး စိတ်ကူး ဖဲရိုက်နေသော ကျနော့် လောဘကို ရှက်မိလာသည်။

ကျနော့် ကိုယ်ရေး ကိုယ်တာ အမွေကိစ္စကို တွေးမိသည်နှင့် တစ်ပြိုက်နက်တည်း မြန်မာနိုင်ငံတော် သီချင်းက ခေါင်းထဲ ရောက်လာ၏။ “တို့ ဘိုးဘွား အမွှေစစ်မို့ ချစ်မြတ်နိုးပေ” ဆိုသည့် အပိုဒ်ကို တွေးဆမိသည်။ ကျနော်တို့ ဘိုးဘွားတွေက အင်္ဂလိပ်လက်ထဲမှ ရွှေမြေကြီးကို ပြန်လည် အရယူပေးခဲ့ကြသည်။ စွန့်လွှတ် အနစ်နာခံခဲ့ကြသည်။ အသက်၊ သွေး၊ ချွေး များစွာဖြင့် စတေးပေးခဲ့ကြသည်။ 

သို့သော် ယခု အချိန်မှာတော့ ပုံပြင်ထဲမှ သားအကြီးဆုံးနှင့် တူသည့် လက်ရှိ ကျနော်တို့က ခွေးဇာတ်ခင်းနေကြသည်။ အချင်းချင်း ကိုက်ကြ၏။ အချင်းချင်း ခိုးဝှက်၊ အကောက်ကြံကြရင်း မန္တလေးမြို့ကြီး အလယ် မှာ ပ၀ိတ္တိသားတို့အတွက် နေရာ ပေးခဲ့ကြသည်။ အနောက်ဘက် ကမ်းမြှောင်က မီးတောက်တွေအား မငြိမ်းသတ်နိုင်  ဖြစ်နေကြ၏။  မြောက်ဘက်ဖျားက
 မြေကြီးနှင့် အသက်သွေးကြော ဧရာဝတီမြစ်ကြီးအတွက် ရတက်မအေးနိုင် ဖြစ်နေကြရလေပြီ။
 တောင်ဘက်ဖျားမှာ လူမျိုးခြား တို့က ရင်းနှီးမတည် စီးပွားရေး လုပ်ခြင်းအား ကျေးဇူးတွေ တင်နေရသည့် ဘ၀တွေဖြစ်လာသည်။
 
အမေ့ အိမ်ဝိုင်း၊ ဒေါ်ခင်မျိုးချစ်ပုံပြင်၊ နိုင်ငံတော် သီချင်းကို တွေးရင်း ကျနော့်ကို ကျနော် စောကြောဝေဖန်မိသည်။ တစ်လောက ကျနော် အမွေရထားသော အိမ်ဝိုင်းလေးကို လူမျိုးခြားတစ်ယောက်က ကျနော် မမျှော်မှန်းထားသော ငွေကြေးဖြင့် ရောင်းဖို့ လာရောက်ဆက်သွယ်သည်။ ကျနော်တို့ မောင်နှမတွေ နှင့် အတူတူ အမေစိုက်ပျိုးခဲ့သော အုန်းပင်၊ သရက်ပင်များကို ဖယ်ရှားပြီး သွားရေးလာရေး လွယ်ကူသည့် အမေ့အိမ်ဝိုင်းလေးကို ဂိုထောင်အဖြစ် ပြောင်းလဲဖို့ ကြံရွယ်သည် ဆို၏။ ပိုက်ဆံ ပမာဏ အများကြီးကို အိပ်မက်မှ မမက်ဘူးသော ကျနော်က ငွေမလိုပါဘဲ ရောင်းဖို့ စဉ်းစားမိ၏။

အချိန်မနှောင်းသေးခင် ကျနော့် အတွေးစိတ်ကူးတွေ ဖျက်ရမည်။ မိဘ ဘိုးဘွား အမွေ အနှစ်ကို အလုပ် လုပ်နိုင်ပါလျက်နှင့် ရောင်းစားဖို့ စိတ်ကူးမိခြင်းကို အချိန်မှီ ပြင်ဆင်နေနိုင်သေးတာလို့သာ 
 တော် တော့သည်။ ဒီတစ်ခေါက် အမေ့ဆီကို ကျနော်ရောက်လျှင် အမေသိပြီးသား ဖြစ်ဟန်တူသည့် “ပုံပြင်ထဲက သားအကြီးက ကျနော်လား အမေ” လို့ အမေ့ကို မေးရမည်။ အမေက သူ့သား အထွေးဆုံးလေးကို ချစ်လို့ ရယ်သွမ်းသွေးပြီး “မဟုတ်ပါဘူး အငယ်ကောင်ရယ်၊ ပေါက်ပေါက်ရှာရှာလို့” ကျနော် စိတ်မကောင်းဖြစ်မှာ စိုးသဖြင့် ကွယ်ဝှက်ပြီး အဖြေပေးနိုင်သည်။ 

အမေ့ဘာသာ ဘယ်လို ထင်ထင် ကျနော်မရောင်းဖို့ ဆုံးဖြတ်ထားကြောင်း အသိပေးရအုံးမည်။ အမေ့အမွေကို ကျနော့် သား၊ သမီးတွေ လက်ထဲကို လက်ဆင့်ကမ်းခဲ့နိုင်ဖို့ ကြိုးစားခဲ့ရအုံးမည်။ “ဒါ မင်းတို့ အမေကြီးရဲ့ အမွေကွ။ အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြ။ သောက်သုံးမကျတဲ့ အမျိုးအနွယ် မဖြစ်စေကြနဲ့” လို့ ကျနော်ပြောတာကို သူတို့ လက်ခံ လိုက်နာတန်ကောင်းပါရဲ့။ မျှော်လင့်လို့ ရနိုင်ကောင်းပါရဲ့လေ။

ဖိုးထက်၊