Showing posts with label ဘာသာ သာသနာရေး. Show all posts
Showing posts with label ဘာသာ သာသနာရေး. Show all posts

Wednesday, October 30, 2013

ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် ပြဿနာ


“ ကျောင်းဝင်းတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် ပြဿနာ ”

အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ် ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်း ကြောင့်ပါနည်း။ (ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်ဝင်း)

အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]

မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍
ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊
"စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ- ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌"ဟု သရုပ်ဖော်ကြသည်၊  ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည် မဟုတ်၊  ပန်းတင်ခံဟု ခေါ်ရာ စေတီတော် အောက်ခြေမှာပင် ဖိနပ်စီးခြင်း ဖြစ်သည်ဟု ဋီကာဆရာတို့က ဆိုလိုကြပါသည်။

♦ ♦ ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင်အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုသောအခါ ခြေဆေးကြပါသနည်း။

"ကောသလမင်းကျောင်းတိုက်တွင်းဝင်ပုံ"

အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသဖြင့် မိမိခေတ္တရောက်နေရာမြို့ကလေးမှ ဘုရားရှင် သီတင်းသုံးတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးကို ရောက်လာ၏၊ ထိုနိဂုံး၏ တစ်နေရာ ခြံဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူ၏၊ [ထိုခြံသည် ဘုရားရှင်နှင့်တကွရဟန်းတော်အများ သီတင်းသုံးတော်မူရာ ဖြစ်သောကြောင့်ကျောင်ဝိုင်းပင် ဖြစ်၏။]

မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် "ဘုရားရှင် ဘယ်မှာသီတင်းသုံးပါသနည်း" ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီအား ပေးလေသည်။ [မဇ္ဈိမပဏ္ဏာသ, ဓမ္မစေတိယသုတ်ပါဠိုတော်။]

မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝိုင်းအတွင်းကိုဝယ် ဖိနပ်စီးသည်ချည်းသာဖြစ်ကြပါသတဲ့၊ မြန်မာ့ အယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲ ခံကြရတော့မည်။

မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့
♦ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊
♦ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊
♦ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊
♦ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။



ထို့ပြင်ဘုရားမြေ, ဘုရားဝိုင်းအတွင်း၌ ကျေကျေ နပ်နပ်ခွင့်ပြုအပ်, ခင်းကျင်းပြသအပ်သော ဇာတ်သဘင်ပွဲများကို ကြည့်ရှုကာ နှပ်, တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲဈေး၌ စားကြွင်း စားကျန်တို့ကိုလည်းစွန့်ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူရှူတယ်ဝံ့ကြသေး၏၊

♦ ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင်
အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။

"တကယ်ရိုသေခြင်း"

ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ"
ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။

မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ် ပြည်မှ  ၅၁-ယူဇနာဝေးသော ဝေသာလီပြည်သို့ လာရာ၌ (ယာဉ်ရထားစီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်မည်စိုးသောကြောင့်) ယာဉ်ရထား မစီးကြဘဲအားလုံး မင်းသမီးများ ခြေလျင်သွားကြပါသတဲ့။ [ဘိက္ခုနီခန္ဓကစူဠဝဂ္ဂပါဠိတော်။]

♦ ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါ ဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။

အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊
ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။

- (အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ကူးယူ ဝေငှပါသည်။)

Saturday, September 21, 2013

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်


ပြည်မသိ ဗာရာဏသီ ၊ မင်းမသိ ဗြဟ္မဒတ်

မေး။ ။ ဘုရားဟော သုတ္တန်၊ ဇာတ်၊ နိပါတ်တော်များတွင် “ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်စိုးတော်မူစဉ်” စသည်ဖြင့် တရားစာပိုဒ် တော်တော်များများ တွေ့ကြရသည်။ ထိုအခါ တစ်ယောက်သော မိတ်ဆွေက “ဒါကတော့ဗျာ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့ ဆိုရိုးရှိတယ်လေဗျာ၊ ဇာတ်တော်တိုင်း ဒီလိုချည်း ပြဆိုရတာပေါ့” ဟု ဆိုလာပါသည်။
ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ

ဖြေ။ ။ ရှေးဦစွာ ဗာရာဏသီ-ဟု အမည်ရခြင်းအကြောင်းများကို ဗဟုသုတ အဖြစ်ဖော်ပြချင်ပါသည်။
၁။ ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ (ဗာရဏသာ+ဏ+ဤ)
၂။ ၁၂-ဦးသော ရသေ့မုနိတို့ သက်ဆင်းဝင်ရောက်ရာ ဌာနဖြစ်သော ကြောင့် ဗာရာဏသီ၊ (ဒွါဒသဣသိ+ဤ)
၃။ အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာဟောတော်မူရန် သက်ဆင်းရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊
၎။ မျောက်ဦးခေါင်းရှိရာ (သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရဏသီ၊ (ဝါရဏသီသ+ဏ+ဤ)
၅။ မြို့တည်စအခါ၌ မင်းနှစ်ပါးတို့ စစ်ထိုးရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ (ဒွိ+ရဏ+သ+ဤ)
၆။ ဝရဏာမြစ် အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီ-ဟု ခေါ်၏။

ဗာရာဏသီပြည်အနီး မိဂဒါဝုန်၌ ဘုရားရှင် ဟောတော်မူအပ်သော သုတ္တန်များမှာ--
၁။ ဓမ္မစကြာသုတ်၊
၂။ အနတ္တလက္ခဏသုတ်၊
၃။ ပဉ္စသုတ်၊
၎။ (ပထမ+ ဒုတိယ) မာရပါသသုတ်၊
၅။ ဓမ္မဒိန္နာသုတ်၊
၆။ အာဒိတ္တပရိယာယသုတ်၊
၇။ သစ္စဝိဘင်္ဂသုတ်၊
၈။ ရထကာရသုတ်၊
၉။ သမယသုတ်၊
၁၀။ သစေတနသုတ်၊
၁၁။ ကဋုဝိယသုတ်၊
၁၂။ မေတ္တေယျပဉှာတို့ ဖြစ်၏။
အခြားသော အရှင်သာရိပုတ္တရာ- စသော သာဝကဘာသိတသုတ်များ လည်း အနည်းငယ် ရှိသေး၏။

ဗာရာဏသီပြည်သည် အမြဲပင် ဗာရာဏသီ အမည်ရှိနေခဲ့သည် မဟုတ်ပါ။
“အယဉှိ ဗာရာဏသီ ဥဒယဇာတကေ သုရုန္ဓနဂရံ နာမ ဇာတာ။ စူဠသောမဇာတကေ သုဒဿနံ နာမ၊ သောဏနန္ဒဇာတကေ ဗြဟ္မဝဍ္ဎနံ နာမ၊ ခဏ္ဍဟာလဇာတကေ ပုပ္ဖဝတီနာမ ၊ ဣမသ္မိံ ပန ယုဓဉ္စယဇာတကေ ရမ္မနဂရံ နာမ အဟောသိ။ ဧဝမဿ ကဒါစိ နာမံ ပရိဝတ္တတိ။” (စရိယာ၊ဋ္ဌ၊ ၁၇၇)

ဟူသော စရိယာပိဋက အဋ္ဌကထာအတိုင်း “ဥဒယ(ဘဒ္ဒ) ဇာတ်တော်တွင် သုရုန္ဓနမြို့-ဟု ခေါ်၏။ စူဠသုတသောမဇာတ်တော်တွင် သုဒဿနမြို့ဟု ခေါ်၏။ သောဏနန္ဒ ဇာတ်တွင် ဗြဟ္မဝဍ္ဎနမြို့ဟု ခေါ်တွင်၏။ (စန္ဒကုမာရ) ခဏ္ဍဟာလဇာတ်တော်တွင် ပုပ္ဖဝတီ အမည်ရ၏။ ယုဓဉ္စယဇာတ်တော်တွင် ရမ္မမြို့ဟု ခေါ်တွင်၏။

ဗာရာဏသီ-ဟု အမည်ရသည့်အခါ၌လည်း အမြဲတမ်း ဗြဟ္မဒတ်- အမည်ရှိသော မင်းချည်း မဟုတ်ပါ။ ဂိရိဒတ္တဇာတ်တွင် ဗာရာဏသီပြည်၌ သာမ- မည်သော မင်း ထီးနန်းစိုးစံကြောင်း လာ၏။

ထိုဗာရာဏသီပြည်၌ပင် ဓမ္မဓဇဇာတ်တွင် ယသပါဏိမင်း၊ မဟာပိင်္ဂလဇာတ်တွင် မဟာပိင်္ဂလမင်း၊ ဂါမဏိ စန္ဒဇာတ်တွင် ဇနသန္ဓမင်း၊ ဒူတဇာတ်တွင် ဘောဇနသုဒ္ဓိကမင်း၊ ခန္တီဝါဒီဇာတ်တွင် ကလာဗုမင်း၊ ကာဠဗာဟုဇာတ်တွင် ဓနဉ္စယမင်း၊ စူဠဓမ္မပါလဇာတ်တွင် မဟာပတာပမင်း၊ သုယောနန္ဒီဇာတ်တွင် တမ္ဗမည်သောမင်း၊ သတ္ထုဘသ္တဇာတ်တွင် ဇနကမင်း၊ ကုမ္ဘကာရဇာတ်တွင် သေနကမင်း၊ ဒဠှဓမ္မဇာတ်တွင် ဒဠှဓမ္မမင်း၊ ဂိဇ္ဈဇာတ်တွင် သေနကမင်း၊ မဟာကဏှဇာတ်တွင် ဥသိနကမင်း၊ ဘလ္လာတိယဇာတ်တွင် ဘလ္လာတိယမင်း၊ ဟတ္ထိပါလဇာတ်တွင် ဧသုကာရီမင်း၊ မဟာဟံသဇာတ်တွင် သံယမမင်း၊ တေမိဇာတ်တွင် ကာသိမင်း မင်းပြုကြောင်း အသီးသီးလာရှိ၏။

ဗာရာဏသီပြည်တွင် ဘုရားလောင်း မင်းပြုသည်ရှိသော် စသည်ဖြင့် အမည်နာမ အထူးမပြုဘဲ ဖော်ပြထားသော ဇာတ်တော်များလည်း များစွာရှိသေး၏။

ဗြဟ္မဒတ်မင်း ဟူရာ၌လည်း တစ်ဦးတည်းကို ဆိုလိုသည်မဟုတ်၊ ဗြဟ္မဒတ္တ- ဟူသည် မျိုးနွယ်အမည်၊ သို့မဟုတ် မင်းဆက်အမည်-ဟု ပညာရှင်များ ယူဆကြ၏။ ဘုရားရှင်ကို သိဒ္ဓတ္ထ-ဟု ခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ ဂေါတမဟု မျိုးနွယ်အမည်ကို ခေါ်ဝေါ်သကဲ့သို့၊ သို့မဟုတ် ဂျော့ဘုရင် ဟူရာ၌ စတုတ္ထမြောက် ဂျော့ဘုရင်၊ ပဉ္စမမြောက် ဂျော့ဘုရင် စသည်ဖြင့် တစ်ဦးတစ်ယောက်တည်း မဟုတ်သကဲ့သို့ မှတ်ယူသင့်ပါသည်။

“မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ” ဟူသော ဆိုရိုးစကားကား အတွေ့ရများသဖြင့် ဇာတ်တော်များကို ပြန်လည်ပြောပြသည့်အခါ မင်းအမည်ကို မမှတ်မိလျှင် ဗြဟ္မဒတ်၊ ပြည်ကို မမှတ်မိလျှင် ဗာရာဏသီဟု ပြောလိုက်လျှင် မှန်ကန်ဖို့ ရာခိုင်နှုန်းများသဖြင့် “မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့သာ ပြောလိုက်ကွာ” စသည်ဖြင့် ပြောဆိုကြရာမှ ဆိုရိုးစကားသဖွယ် ဖြစ်လာသည်ဟု ယူဆပါသည်။

အရှင်ကောဝိဒ (ယော)


Friday, June 7, 2013

မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီး


မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီး

စာရေးသူသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ မဟာသန္တိသုခကျာင်းတော်ကြီးမှ ခွဲခွါခဲ့တာ ၁၀-နှစ်တာ ကြာပြီမို့ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီက ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

ဝတ္ထုစာအုပ်တွေထဲတွင် ဖတ်ဖူးသော ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ သစ်ပုတ်ပင်ကြီး၊ ကန်းတော်ကြီးစတဲ့ တက္ကသိုလ်ရဲ့ အမှတ်တရနေရာ ကလေးတွေဟာ  အရွယ်ငယ်ငယ်ကြီးကြီး ဘယ်ကျောင်းသူ /သားမဆို ဆွဲဆောင်အားရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေကို
 ပြန်လည် နုပျိုလန်းဆန်းစေတယ်။စိတ်ခွန်အားတွေ ဖြစ်စေတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ်။ သို့သော်လည်း စာရေးသူတို့  ပညာသင်ကြားခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကား စာရေးသူအား စိမ်းစိမ်းကားကား ကြိုဆိုလိုက်ပါတယ်။

စာရေးသူတို့ ရှိစဉ်က ကျောင်းတော်ကြီးမှာ ရဟန်းသံဃာ၊ သီလရှင်များနှင့် သာသနာရောင် လွှမ်းနေသလို့ ၊ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်ရန် လာရောက်ကြသော ကျောင်းသာ ကလေးငယ်ပေါင်း ထောင်ချီ၍   မျိုးဆက်သစ်သာသာနာအတွက် သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ခုတစ်ခေါက် ကျောင်းတော်ကြီး ပြန်အရောက်မှာတော့ ဖြူ၊နီ၊ဝါ ကာလာစုံ မင်္ဂလာမောင်မယ်များနဲ့  ဟိုတယ်ကြီးများ ပမာ မောင်နှင့်မယ် မင်္ဂလာအခမ်းအနားများ၊ အရွယ်မျိုးစုံ ကျား/မ များနှင့်   ကျောင်းတော်ကြီးမှာ ကိလေသာရောင် ဖုံးလွမ်းထားသလိုပါပဲ။

ကျောင်းတော်ကြီးရောက်တော့  တောင်ကြည့်မြောက်ကြည့် ကိုယ့်သိမည်သူများ ရှိမလားလို့   ငေးမောကာကြည့်လိုက်တော့ ကျောင်းတော်ကြီးရဲ့ရှေ့ ဧည့်ကြိုဌာန မှာ လှလှပပ ကလေးမ သုံးယောက်က "ဘယ်သွားမှာလဲ"ဆိုတဲ့ မေးခွန်းကို စာရေးသူအား စတင်အကြိုဆို ခံလိုက်ရပါတယ်။

စာရေးသူလည်း မျက်နှာငယ်လည်းနဲ့ “ ဘုန်းဘုန်းတို့ ကိုးထပ်က ဘုရားကို ဖူးချင်းလို့ “ ဟုပြောတော့မှ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဓာတ်လှေကားတစ်ဘက်က ပျက်နေလို့ တစ်ဘက်ကိုပဲစောင့်ပြီး အသုံးပြုကာ  ကိုးထပ်က ဘုရားခန်းကို ရောက်သွားခဲ့ပါတယ်။

ကိုးထပ်မှာ စံမြန်းနေသော ပွင့်တော်မူပြီးသော ဂေါတမ၊ ကဿပ၊ ကကုသန်၊ ကောဏဂုံ ဘုရားလေးဆူတို့လည်း၊ဆွမ်းကပ်မည့်သူမရှိ၊ပန်းကပ်မည့်သူမရှိ၊ ရေးချမ်းကမ်မည့်သူမရှိ
 ခြောက်ခြောက်ကပ်ကပ် မျက်နှာညိုငယ်စွာနဲ့ပဲ စဲမြန်းနေပါတယ်။

စားရေးသူလည်း စိတ်ထဲမှ ဒီတစ်ခေါက်တော့ တပည့်တော် အရှင်ဘုရားတို့အား လပ်အုပ်ချီကာ ကန်တော့ခြင်းမှတစ်ပါး တခြားမတတ်နိုင်ပါဟု သာလျှောက်ထားခဲ့ရပါတယ်။

ကျောင်းတော်ကြီးမှာ မင်္ဂလာခန်းမအတွက်၊ ဧည်ခံ ခန်းမအတွက်အသုံးပြုပြီး သန့်ရှင်းရေးလုပ်မည့်သူမရှိလို့ ညစ်ပတ်နေပါတယ်။  ၉-ထပ်မှ ရေသန့်အိမ်သာကို အသုံးပြုဖို့ ဝင်ကြည့်သောအခါ ပျက်စီးယိုယွင်းနေပြီး သုံးမဖြစ်လို့ အောင့်အီးကာ ပြန်ဆင်းခဲ့ရပါတယ်။

တစ်နေ့က ဒီဗွီဘီသတင်းကို နားထောင်တော့ မဟာသန္တိသုခကျောင်းတော်ကြီးကို ဦးစီးတည်ထောင်တဲ့ ပီနန်ဆရာတော်ကြီးမှ  ကျောင်းတော်ကြီးပျက်စီး ယိုယွင်းနေတာကို ပြန်လည်ပြုပြင်လိုကြောင်းနှင့်  မူလရည်ရွယ်ချက်အတိုင်း ပြည်ပသာသနာပြုလုပ်ငန်း များကို ပြန်လည် အကောင်အထည်ရန်  ဆန္ဒရှိကြောင်း ကြားသိရတော့ စာရေးသူ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။

သတင်းအရ ဤကျောင်းတော်ကြီးကို သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော်သံဃနာယက  ဆရာတော် များမှ သိမ်းပိုက်ထားကြောင်းသိရပါတယ်။

“သမင်မွေးရင်းကျားစားရင်းဆိုသလို”  သာသနာရေးဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော်များ  ဦးစီးဆောင်ရွက်သောကျောင်းတော်တော်များများမှာ နှစ်တွေကြာသော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာတာကို တွေ့ရပါတယ်။

စားရေးသူတို့ ပထမပတ် ၁၉၉၉- ၂၀၀၂ နှစ်ကာ  သင်တန်းသားများမှာ ပြည်ပနိုင်ငံတော်တော် များများမှာ သာသနာပြုလို့နေပါပြီ။  စာရေးသူတို့နောက် မွေးထုတ်ပေးသော မဟာသန္တိသုခစသင်းတန်းသားများ
ဘယ်ဆီဘယ်ဝယ်ရောက်ကုန်းမှန်းမသိပါ။

ဆက်ရန်..၂
Posted by