Saturday, December 11, 2010

သံဂါယနာ (၆) တန်နှင့် ထေရ၀ါဒသာသနာတော်

မြတ်ဗုဒ္ဓတည်ထောင်တော်မူသည့် ဓမ္မ၀ိနယသာသနာတော်ကို မြတ်ဗုဒ္ဓလွန်ပြီးသည့်နောက် နှစ်ပေါင်း (၂၅၀၀) ကျော်ခရီးဝယ် ထေရ်အဆက်ဆက်တို့ ဗုဒ္ဓမူမပျက် လက်ဆင့်ကမ်း၍ သယ်ဆောင်စောင့် ရှောက်တော်မူခဲ့ကြရာ ဤမျှကြာညောင်းသော သာသနာခရီးတွင် သံဃာအစည်းအဝေးကြီးပေါင်း (၆) ကြိမ် ကျင်းပတော်မူခဲ့ကြကာ ထပ်ဆင့်ထပ်ဆင့် အတည်ပြု ပြဌာန်းခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။

၁။ ပဌမသံဂါယနာ

သာသနာနှစ် (၃) လ အကြာတွင် ရာဇဂြိုဟ်မြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၅၀၀)တို့ဖြင့် အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့က အကြီးအကဲပြုလုပ်၍ အဇာတသတ်ဘုရင်၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော်မူခဲ့ကြသည်။

၂။ ဒုတိယသံဂါယနာ

သာသနာနှစ် (၁၀၀) အကြာတွင် ဝေသာဠီမြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၇၀၀) တို့ဖြင့် ပါစိနတိုင်းမှ အရှင်သဗ္ဗကာမိ၊ အရှင်သာဠ၊ အရှင်ခုဇ္ဖသောဘိတ၊ အရှင်ဝါသဘဂါမိ၊ ပါဝါတိုင်းမှ အရှင်ရေ၀တ၊ အရှင်သမ္ဘူတ၊ အရှင်ယသ၊ အရှင်သုမနထေရ်တို့က အကြီးအကဲပြုလုပ်၍ (သုသုနာဂမင်း၏သားတော်)ကာဠာသောက မဟာရာဇာ၏ ချီးမြှောက်ထောက်ပံမှုဖြင့် တင်တော်မူခဲ့ကြသည်။

၃။ တတိယသံဂါယနာ

သာသနာနှစ် (၂၃၆)တွင် ပါတလိပုတ်ပြည်၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာ (၁၀၀၀) တို့ဖြင့် အရှင်သိဂ္ဂ၀၊ အရှင်စဏ္ဍ၀ဇ္ဇီ၊ အရှင်တိဿထေရ်တို့က အကြီးအကဲပြုလုပ်၍ ဓမ္မာသောကမင်း၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။

၎။ စတုတ္ထသံဂါယနာ

သာသနာနှစ် (၄၅၀) တွင် သီရိလင်္ကာနိုင်ငံ မလယမြို့အနီး အာလောကလိုဏ်ဂူ၌ သီဟိုဠ်သံဃာတော် (၅၀၀)တို့ဖြင့် ဓမ္မရက္ခိတထေရ်အကြီးအကဲပြုလုပ်ကာ ၀ဋ္ဋဂါမဏိမင်းချီးမြှောက်ထာက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။ ဤစတုတ္ထသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၄၅၀)ခန့် ထေရ၀ါဒရဟန်းတော် အရှင်မြတ်တို့ နှုတ်ဖြင့်သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ပေရွက်ပေါ်ရေးချ၍ ရေးထိုးခဲ့ခြင်းဖြစ်သည်။

၅။ ပဉ္စမသံဂါယနာ

သာသနာတော်နှစ်(၂၄၀၀)တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ မြန်မာသံဃာတော်ပေါင်း (၂၄၀၀)တို့ဖြင့် ဘုရားကြီး ဆရာတော် ဇာဂရထေရ်ကအကြီးအကဲပြုကာ မင်းတုန်းမင်းတရား၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။

ပဉ္စမသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၂၄၀၀) ခရီး မူရင်းအတိုင်း သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ကျောက်ချပ်များပေါ်၌ ရေးထိုးခဲ့ခြင်းဖြစ်သည်။ 6 x 3 ခန့်ရှိ စကျင်ကျောက်ဖြူအချပ် ပေါင်း (၇၂၀) ချပ်ပေါ်တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယနေ့မန္တလေးတောင်ခြေတွင် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး အနေဖြင့် တည်ရှိနေဆဲဖြစ်သည်။

၆။ ဆဋ္ဌသံဂါယနာ

သာသနာနှစ် (၂၅၀၀) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ ထေရ၀ါဒငါးနိုင်ငံမှ သံဃာတော်ပေါင်း(၂၅၀၀)တို့ဖြင့် ညောင်ရမ်း ဆရာတော်ရေ၀တထေရ်၊ မဟာစည်ဆရာတော်သောဘဏထေရ်၊ မင်းကွန်းဓမ္မနာဒဆရာတော်ဝိစိတ္တသာရာ ဘိဝံသထေရ်တို့ အကြီးအကဲပြုကာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ ချီးမြှောက်ထောက်ပံ့မှုဖြင့်တင်တော်မူခဲ့ကြသည်။

ဆဋ္ဌသံဂါယနာ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံမှာတင်သည့် သံဂါယနာဖြစ်သော်လည်း မြန်မာသံဃာတို့ ချည်းသာ ပါဝင်သည်မဟုတ်ပေ။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ-ထေရ၀ါဒငါးနိုင်ငံတို့ တညီတညွတ်တည်း စုပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့လျှင် နှစ်ပေါင်း (၂၅၀၀) ကျော် သာသနာခရီးတွင် သုံးပုံပိဋကတ် တရားမြတ်ကို …

(၁) အပညတ္တံ န ပညပေဿာမ = ဗုဒ္ဓ မဟောခဲ့၊ မပညတ်ခဲ့သည်တို့ကို ထပ်၍မပညတ်စတမ်း။
(၂) ပညတ္တံ န သမုစ္ဆိန္ဒိဿာမ = ဗုဒ္ဓဟောထား ပညတ်ထားသည်တို့ကို မပယ်၊ မနှုတ်၊ ပြင်ဆင်မှု မလုပ်စတမ်း။
(၃) ဘဂ၀တော ပညတ္တံ သမာဒါယ ၀တ္တိဿာမ = ဘုရားဟောထား ပညတ်ထားသည်တို့ကို ဟောထားပညတ် ထားသည့်အတိုင်းသာလျှင် ထိမ်းသိမ်းစောင့်ရှောက်လိုက်နာစတမ်း-ဟူသော အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့ ချခဲ့သောမူဝါဒအရ ငါးနိုင်ငံသံဃာတော်(၂၅၀၀) တို့က မူရင်းအတိုင်း သန့်သန့်ရှင်းရှင်း ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြခြင်းဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် -

၁။ မဟာကဿပထေရ်၏ ၀ါဒကို
၂။ ယသထေရ်ကဆက်ခံ၍
၃။ မဟာကဿပထေရ်၊ ယသထေရ်တို့၏၀ါဒကို တိဿထေရ်က ဆက်ခံ၍
၎။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်တို့၏၀ါဒကို ဓမ္မရက္ခိတထေရ်က ဆက်ခံ၍ -
၅။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်တို့၏၀ါဒကို ဇာဂရထေရ်က ဆက်ခံ၍-
၆။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်၊ ဇာဂရထေရ်တို့၏၀ါဒကို ရေ၀တထေရ် (ညောင်ရမ်းဆရာတော်)တို့ကဆက်ခံ၍ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ ထေရ်အဆက်ဆက်တို့ အပရိဟာနိယ မူမပျက် ထိမ်းသိမ်းစောင့်ရှောက်လာခဲ့သော ဗုဒ္ဓသာသနာတော်သည် ထေရ၀ါဒ သာသနာတော် ပင်ဖြစ်ပါသည်။


ကိုးကား ။ ။ ထေရ၀ါဒသာသနာနိဒါန်း (သီတဂူဆရာတော်)