Wednesday, September 25, 2013

တရွယ်ရွယ်မှာ သုတ်သင်ပါ…

 

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”

(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံး များဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။
ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိ သူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယ အရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ် တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်း များစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြု ဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့် အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ် အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါ ကြောင်း၊
 သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန် ပြောင်းလဲနိုင် သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်း သည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြ ရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…


Tuesday, September 24, 2013

အမ္ဗပါလီကဲ့သို့ အလား



 အမ္ဗပါလီကဲ့သို့ အလား

သမိုင်းအစဉ်မှာ၊ နှိုင်းမယှဉ်အောင်၊ လှရက်ပါတ့၊ဲ ဝေသာလီရဲ့ အလှဧကရီ...အမ္ဗပါလီရေ....။ သင့်ရဲ့ဘ၀ ဖြစ်စဉ်ကို ကြားသိရတဲ့ အခိုက် ၀ိပဿနာ အသာထားပြီး၊ ရင်ထဲမှာ တကယ်ကို ခံစားလိုက် ရပါတယ်။ ခံစားမှုတွေကို သေချာဆန်းစစ်လိုက်တော့ အားကျမှုတွေ၊ သံဝေဂတွေ၊ ကိုယ်ချင်းစာ တရားတွေ အားလုံးပါဝင်နေပါတယ်။ ဒီခံစားမှုတွေကို သင့်ကိုပဲတိုင်တည်ပြီး ပြောပါရစေ..။

ဘုရားရှင်လက်ထက်က ရှိခဲ့တဲ့ ဝေသာလီပြည်ကြီးဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပါတယ်။ ပြည်သူ့လွှတ်တော် ကြီးကို နှစ်စဉ် ကျင်းပလို့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အားလုံးကို (၇၇၇၇) ယောက်သော ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနိုင်း တိုင်ပင်ကာ ဆုံးဖြတ်ကြတာပါ။ ဒီလွှတ်တော်မှာ ဝေသာလီ ဂဏသန္တာ ရဲ့အကြီးအကဲ မဟာနာမ်မင်းကြီး၊ သားတော် ဖြစ်တဲ့ အာနန္ဒ မင်းသား၊ အဘယရာဇာ ဆိုတဲ့ စစ်သေနာပတိ ချုပ်ကြီး၊ သူရဲကောင်း စစ်သည်များနဲ့ ဝေဒပညာရှင်များ ပါဝင်ကြပါတယ်။ အမ္ဗပါလီရေ... သင်ကတော့ မဟာနာမ် မင်းကြီးရဲ့ ချစ်မ၀တဲ့ သမီးအလှတစ်ပါးပါ။ အာနန္ဒ မင်းသားရဲ့ညီမတော်ပေါ့။

တကယ်တော့ သင်ဟာ မဟာနာမ် မင်းကြီးရဲ့ သမီးရင်းတစ်ယောက် မဟုတ်ခဲ့ဘူးနော်။ မဟာနာမ်မင်းကြီးနဲ့ မိသားစုတို့ခရီးတစ်ခု သွားရာမှာ တစ်နေရာအရောက် သရက်ပင်အောက် ကလေးငိုသံကြားလို့ မြင်းထိန်းကို သွားကြည့် ခိုင်းပါတယ်။ ဇနီးသည် မီးဖွါးရင်း ဆုံးတာ မကြာသေးတဲ့ မင်းကြီးက အဲဒီ ကလေးကိုမွေးစားချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အာနန္ဒ ဆိုတဲ့ သားတော်တစ်ပါး ရှိပြီး ဖြစ်လို့ ယောကျာင်္းလေး ဖြစ်နေရင် ထီးနန်းလုကြမှာ ကိုစိုးရိမ်ပါ တယ်။ ဒါကြောင့် ယောကျာင်္းလေး ဆိုရင်တော့ မယူဘူး၊ မိန်းကလေး ဖြစ်ရင်တော့ ယူခဲ့လို့ မြင်းထိန်းကိုမှာပါ တယ်။ ဒီလိုနဲ့ သင်ဟာ မဟာနာမ်မင်းကြီးရဲ့ သမီးအဖြစ်ကို ရောက်ခဲ့တာပါ။ မဟာနာမ် မင်းကြီး နဲ့ အာနန္ဒ မင်းသားဟာ သင့်ကို သမီးရင်းနဲ့ မခြား၊ ညီမရင်းနဲ့မခြား ချစ်ခဲ့ကြတာပါ။

ဝေသာလီဟာ ဘေးကအိမ်နီးချင်း နိုင်ငံတွေရဲ့ ကျုးကျော်ရန်စ မှုတွေကြောင့်စစ်အမြဲ တိုက်နေရတဲ့ နိုင်ငံပါ။ အထူးသဖြင့် အနောက်ဖက်က ရာဇဂြိုလ်နဲ့ဆို လူကျုးရင်လူသတ်၊ ခွေးကျုးရင် ခွေးသတ်၊ အမှိုက်လွှင့်သွား ရင်တောင် မီးရှို့ပစ်ပါတယ်။ ရန်ဖက် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီမှာ လူတိုင်းစစ်မှုထမ်းရပါတယ်။ စစ်ရေး အမြဲလေ့ကျင့် နေရပါတယ်။ ဝေသာလီ ပြည်သူတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်ပါတယ်။ အမိန့်ကို လည်း နာခံကျင့်သုံးကြပါတယ်။ ဒါကြောင့် ဝေသာလီကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲ...ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒီစည်းလုံးညီညွတ်မှုတွေ၊ အမိန့် ကိုနာခံတတ်မှုတွေကို ပျက်ပြားမည့် အကြောင်း ဖန်လာပါတယ်။ ဖန်တီးသူကတော့ သင်ပါပဲ.. အမ္ဗပါလီ ရေ။

သင့်ကို ငယ်စဉ်ကစပီး သင့်ဖခင် မင်းကြီးက အဝေးမှာထားပြီး ယောကျာင်္းတွေ တတ်အပ်တဲ့ ဆင်စီး၊ မြင်းစီး၊ ရထားမောင်း၊ မြှားပစ်၊ လှံပစ်၊ ဓါးခုတ်စတဲ့ ပညာရပ်တွေကို သင်ယူစေခဲ့တယ်။ ဒါကြောင့် သင့်ကို သိသူ၊ မြင်ဖူးသူ သိပ်မရှိခဲ့ဘူးနော်၊ အသက် ၁၃ နှစ်အရွယ်မှာ သင်ဟာ ဒီပညာရပ်တွေကို ကျွမ်းကျင်လို့ စံအိမ်ကိုပြန် ရောက်ခဲ့ပြီ၊ ပညာတွေနဲ့ အတူ အလှသွေးတွေလဲ ကြွေစ ပြုခြဲ့ပီ။ ဝေသာလီ မြို့ထဲကို သင်မြင်းရထား ၀င်မောင်းရင် မြန်လွန်းလို့ လူတွေက သင့်အရိပ်ကိုပဲ မြင်နိုင်ကြတယ်။ အဲဒီ အရိပ် ကလေးကပဲ လူအများ၊ အထူးသဖြင့် ပုရိသ ယောကျာင်္းတို့ရဲ့ စိတ်၊ အာရုံ ကို ဖမ်းစားနိုင်ခဲ့တယ်။

ဒီအလှပိုင်ရှင်ဟာ ဘယ်သူလဲ? သင် ဘယ်သူလဲ ဆိုတာကို လူတိုင်းသိချင်နေကြပြီ... အမ္ဗပါလီရေ။ နောက်ဆုံးမှာ လူတွေဟာ သင့်ကို သိလိုစိတ် တွေကို မထိန်းနိုင်ကြပဲ တစ်အိမ်ပြီးတစ်အိမ် သင်ဘယ်အိမ်ကို ၀င်မလဲ ဆိုပြီး အလှည့်ကျစောင့်တော့တာပဲ။ နောက်ဆုံးမှာတော့ သင်ဟာ မင်းကြီးရဲ့သမီးမှန်းသိလို့ အားလုံးနဲ့ မိတ်ဆက်ပေးခဲရပြီလေ။ အဲဒီမှာပြဿနာစ တော့တာပဲနော်။ အသက် ၁၃-၁၄ နှစ်အရွယ်မှာတောင် သင့်ရဲ့ မျက်လုံးဝှေ့တစ်ချက်မှာ မင်းသားပေါင်း ၁၀၀ လောက် သင့်နောက်ကို ပါလာခြဲ့ပီ။ အသက် ၁၆ နှစ်အရွယ် အလှတွေပြည့်စုံလာတဲ့ အချိန်မှာတော့ ဝေသာလီ တစ်နိုင်ငံလုံး အုံ့အုံ့ ကြွကြွ ဖြစ်ရပြီ။ အမိန့်ကိုအမြဲနာခံတဲ့ သူရဲကောင်းစစ်သည်တွေ အမိန့်ကို မနာခံတော့ ဘူး၊ စစ်ရေးတွေ လေ့မကျင့်ကြတော့ဘူး၊ သူတို့စိတ်ထဲမှာ ပါလီ မှ ပါလီ၊ ပါလီ ကိုတွေ့ဖို့၊ မြင်ရဖို့၊ ပါလီနဲနီးရဖို့၊ ပါလီ့ အသံကြားရဖို့သာ ကြိုးစားကြတော့တယ်။

သင့်ရဲ့အလှတွေကိုကုန်အောင် ဖွဲ့နိုင်သူမရှိခဲပေမဲ့ သိသလောက်တော့ ပြောပါရစေ။ သင့်ရဲ့ ပိတုန်းရောင် ဆံကေသာဟာ နက်မှောင်ဖြောင့်ရှင်း၊ အဖျားကော့စင်းလို့ တစ်ချောင်းချင်းဖြစ်နေပါတယ်။ ထိုဆံကေသာကို ဆံထုံးထုံးပြီး ပန်းပန်ထားတဲ့ သင်ဟာ ကဗျာ ဆရာတွေ အတွက် စာဖွဲ့ချင်စရာဖြစ်ခဲ့တယ်။ သင့်ရဲ့ ခန္ဓာကိုယ် ဟာလဲ စန္ဒကူးနံ့သာ ထုံသင်းပီး အဖိုးထိုက် ရတနာတွေ ဆင်မြန်းထားတဲ့ အခါ မိန်းမချင်းတောင် ငေးရပါပေတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအဆစ်၊ အဖုအထစ် တွေဟာလဲ ပန်းပုဆရာတွေ ဘယ်လိုထုရမှန်းမ သိပဲ၊ လက်မှိုင်ချရလောက်အောင် ပြေပြစ်ပါပေတယ်။ သင် ရဲ့တောက်ပ လှပတဲ့ မျက်လုံးနှစ်လုံးဟာလဲ စိန်ရောင်ကဲ့သို့ တ၀င်းဝင်း၊ တလက်လက် နဲ့မြင်ရသူကို ဖမ်းစားနိုင်ပါပေတယ်။ သင်ရဲ့ပတ္တမြားရောင် နီတျာတျာ နှုတ်ခမ်းနှစ်လွှာ၊ ဖြူသန့်စင်တဲ့ သွားလေးတွေနဲ့ ဖန်ဆင်းလိုက်တဲ့ အပြုံးတစ်ချက်ဟာ တစ်ဖက်သား ကို ငြင်းပယ်နိုင်စွမ်း ကင်းသွားစေပါတယ်။ အဲဒီ နှုတ်ခမ်းနှစ်လွှာ ကြားကပေါ်ထွက်လာတဲ့ သင့်ရဲ့အသံဟာ ကြိုးကြာလေးတွန် လိုက်သလို၊ လောကကြီးကို ရပ်ဆိုင်းသွား စေပါတယ်။ ရေကြည်သောက်ရင် မြင်ရမလောက်ပင် သင့်ရဲ့ လည်တိုင်ကျော့ရှင်း၊ အသားအရေရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပါပေတယ်။ ဒါတွေက သိသ လောက်ပြောရတာပါ။

ဒီလို လှချက်တွေ အပြင် သင်ဟာမာယာတွေလဲ သုံးတတ်ခဲ့တယ်နော်။ ယောကျာင်္း တွေကြားထဲမှာ မြှားပစ်ကျင့်ပြတာ၊ မြင်းရထားစီးပြီး ကိုယ်လုံး ထွက်ပြတာ၊ သင့်အိမ်တော်ရှေ့မှာ လာစောင့်နေကြတဲ့ ပုရိသတွေအပေါ် ပန်းကြဲချတာ၊ မျက်နှာတစ်ခြမ်းလေး ထုတ်ပြတာတွေနဲ့ တစ်နိုင်ငံလုံးက ယောကျာင်္းအပေါင်းကို ရူးသွပ်စေခြဲ့ပီ။ သင့် အခန်းထဲမှာလည်း ရွေးချယ်ဖို့ တစ်ရာ့တစ်ပါးသော မင်းတွေရဲ့ရုပ်ပုံ၊ ပန်းချီ တွေပြည့်နေခဲ့တယ်။ တစ်ပုံပီးတစ်ပုံ အချစ်မ၀င် အပြစ်မြင်ခြဲ့ပီး ကာမှ တစ်ခုသော ပုံကိုမြင်တော့ ကျင်စက်နဲ့တို့ လိုက်သလိုသင်ခံစားရ၊ စိတ်ဝင်စားခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတော့ သင်တို့ရဲ့ ဝေသာလီ ရဲ့ရန်သူ ဗိမ္မိသာရ မင်းပါပဲ။

ဗိမ္မိသာရမင်းဟာ သင်ရဲ့ နှလုံးသားကို လှုပ်ရှားစေခြဲ့ပီနော်။ (ဒါဟာ မြင်စိတ်မှာ စွဲလန်းသွားတဲ့ ဥပါဒါနက္ခန္ဓာပါ) ရန်သူမင်းဆိုတာ သင်သိပေမဲ့ ချစ်မိ သွားခဲ့တယ်နော်။ အဲဒီအချိန်ကစပြီး ပါလီဟာ ဗိမ္မိသာရမင်း(ပုံ)နဲ့ အိပ်တယ်၊ ဗိမ္မိသာရ မင်း(ပုံ)နဲ့စားတယ်။ (စာရေးသူ တို့ဒီခေတ်မှာလည်း သင့်အရွယ် ကလေးမလေးတွေ နာမည်ကြီး မင်းသားပုံတွေ နံရံမှာ ကပ်ပြီး ဒီလိုပဲ စိတ်ကူးယဉ်ကြပါတယ်။ အမှန်အတိုင်းဝန်ခံ ရရင်ကိုယ်တောင် ငယ်ငယ်က ပါခဲ့သေးပါတယ်။)

သင့်ရဲ့အလှသတင်းဟာ ဝေသာလီတင်မက ဘေးကရာဇဂြိုလ် ကိုတောင်ရောက်ခဲ့ပါပေါ့။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းကလည်း သင့်ကိုတွေ့လို၊ မြင်လိုစိတ်တွေ ပြင်းပြခဲ့ပြီ။ ဒါကြောင့် အထောက်တော်များကို အရင် လွှတ်ပီး သင့်ရဲ့အလှကို စုံစမ်းခိုင်းခဲ့တယ်။ ဒီအထောက်တော်တွေဟာ ပါလီ့ ကိုတွေ့ခဲ့ ခဏမှာ ဘယ်လောက် တောင် နစ်မျောသွားလဲဆိုရင် ပါလီရဲ့မြားချက်ကိုတောင် ရှောင်ဖို့မေ့ပီး သေဖို့ဖြစ်ခဲ့တယ်။ ပါလီက နှလုံးသား နေရာကို မပြစ်ပဲ ခေါင်းက ဦးထုပ်ကိုပဲချိန် ပစ်ခဲ့လို့ သက်သာခဲ့တာပေါ့။ ရာဇဂြိုလ် ကိုပြန်ရောက်လို့ ဗိမ္မိသာရမင်းက ပါလီ ရဲ့အလှကို မေးတဲ့အခါမှာတော့ မိန်းမတစ်ယောက်မှာရှိရမဲ့ လက္ခဏာအားလုံး ပါလီ မှာရှိကြောင်း လျှောက်တင်ပါတယ်။ မိမိတို့တောင် မင်းကြီးမှန်းထားတဲ့ မင်းဘဏ္ဍာ မို့လို့သာမပြစ်မှားရကြောင်း၊ ဇာတ်လမ်းစုံ ခင်းပြီး ပါလာတဲ့ ပါလီရဲ့မြားလေးကို ဆက်သလိုက်ပါတယ်။ ဒီအခါမှာ သောတာပန် မင်းကြီး နှလုံးသားကို ထိသွားပါတယ်။ ပါလီ ရဲ့မြားကို ရင်ဘတ်ပေါ်တင်ပီး ပါလီ ကိုစွဲလမ်းသွားပါပီ။ ပါလီကိုတွေ့အောင်လုပ်မယ်။ နီးရအောင်ကြံမယ်။

ပါလီနဲ့မှ မတွေ့ရရင် နန်းကိုလည်းစွန့်မယ်။ သားကိုလည်းစွန့်မယ်။ မယားကိုလည်းစွန့်မယ်။ ပစ္စည်းတွေလည်းစွန့်မယ်။ စည်းစိမ်တွေ အားလုံးကိုစွန့်မယ်။ (ဒိဋ္ဌိနဲ့ တဏှာ တွဲဝင်ပြီ) ( ၀ိပဿနာနဲ့ ပြောရရင် ကြားစိတ်နဲ့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။) ဒီစွဲလမ်းမှုတွေကြောင့် ဗိမ္မိသာရမင်း စတင်အကောင်အထည် ဖေါ်တော့တာပဲ၊ (ဥပါဒါန် ပစ္စယာ ကမ္မဘ၀ ဖြစ်ပါတယ်)၊ ဉာဏ်ကောင်းတဲ့ ဗိမ္မိသာရ မင်းဟာ အတော်ဆုံး၊ အကောင်းဆုံး ရုပ်သေးဆရာရှာပြီး ရုပ်သေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သင်ပါတယ်။ ပြီးတော့ တစ်လလောက် တပည့်တွေနဲ့ ဇာတ်တိုက်ရပါတယ်။ ဘုရင်လိုမဆက်ဆံဖို့၊ သူငယ်ချင်းပြောပြော ပြောဖို့လေ့ ကျင့်ရပါတယ်။ တစ်သက်လုံးမော်မကြည့်ရဲတဲ့ ကိုယ့်ရဲ့ မင်းမှုထမ်းတွေ၊ ကိုယ့်ကို ဘုရားထူးလာသူတွေကို တန်းတူပြောခံရအောင် ဥပါဒါနက္ခန္ဓာကလုပ်နေတာ မင်းကြီးသတိမထားမိပါဘူး။ တဏှာကပေးလိုက်တဲ့ သတ္တိတွေနဲ့ ဗိမ္မိသာရမင်း ဝေသာလီကို သွားပါပြီ။

အလွန်ချောမောခံ့ညားတဲ့ မင်းကြီးဟာ ရုပ်သေးဆရာ အဖိုး ကြီး အဖြစ်ရုပ်ဖျက်ဟန်ဆောင်ပီး ရန်သူ့ နယ်မြေထဲ ကိုစွန့်စွန့်စားစား သွားပါတယ်။ နယ်စွန်မှတစ်ဆင့် တစ်ဖြည်းဖြည်း ပါလီ တို့ရဲ့စံအိမ်တော်နဲ့ နီးသထက်နီးအောင် လာခဲ့ပါတယ်။ တစ်နေ့မှာ ပါလီ တို့နေရာနဲ့ မနီးမဝေးမှာ ရုပ်သေးကပါတယ်။ ပါလီ တို့အဖွဲ့လည်း ရုပ်သေးလာ ကြည့်ပါတယ်။ ပါလီကရုပ်သေးဆရာကို အကဲခပ်ကြည့်ပါတယ်။ ရုပ်သေးဆရာ ဗိမ္မိသာရ မင်းကလည်း ပါလီ အချောအလှ ကိုမြင်တော့ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေမိတယ်။ နှစ်ဦးသား မျက်လုံးချင်းဆုံတော့ ရင်ခုန်မိကြပီ။ ပါလီက ရုပ်သေးဆရာဟာ အသက်သိပ် မကြီးသေးတာ ကိုသတိထားမိတယ်။ ဗိမ္မိသာရမင်းများ ဖြစ်နေမလား လို့လည်း သံသယ ၀င်မိတယ်။ ဒါနဲ့ နန်းတော်ထဲကိုလာ ကဖို့ပြောတော့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရမင်းဟာ ပါလီ ကိုစကားပြောရာမှာ ကျွန်တော်မျိုး နဲ့ ပြောနေပေမဲ့ ခေါင်းမကျိုး၊ ဇက်မကျိုးပဲ ဖြစ်နေတယ်။ ဒါကို ပါလီက သိတယ်။

 နောက်ဆုံး ပါလီက တာဝန်ယူပါတယ် ဆိုလို့ နန်းတော်ထဲကို ၀င်ကဖို့ သဘောတူလိုက်တယ်။ နဂိုထဲက သွားချင်တာကို မူနေရတာပါ။ နန်းတော်ထဲမှာ ကတော့ ရှေ့တန်းက မင်းစင်မှာကြည့်နေတဲ့ မဟာနာမ် မင်းကြီး၊ အာနန္ဒ မင်းသားနဲ့ အဘယရာဇာ တို့ဟာ ရုပ်သေးဆရာကိုမြင်တော့ ရုတ်တရက် သန်လျက်ဆွဲ၊ ဓားဆွဲ ဖြစ်သွားတယ်။ ပြီးတော့ ရုပ်သေးဆရာကို ဗိမ္မိသာရမင်းကိုမြင်ဖူးလား လို့မေးတယ်။ ရုပ်သေးဆရာက အပြင်မှာ မမြင်ဖူးပါဘူး၊ နာမည်တော့ကြားဖူး တယ်လို့ ပြောတယ်။ (မှန်ထဲမှာပဲ ကိုယ့်ကိုကိုယ်မြင်နိုင်တာ၊ အပြင်မှာ ဘယ်လိုလုပ်ပီး ကိုယ့်ကိုကိုယ်မြင်မလဲ? ဗိမ္မိသာရမင်း ပြောတာမှန်တာပေါ့၊ မုသာဝါဒါ မမြောက်ပါဘူး။) ဒီတော့ မဟာနာမ် မင်းကြီးကသင်ဟာ ဗိမ္မိသာ ရမင်းနဲ့ အလွန်တူကြောင်းပြောတော့ ကျေးဇူးတင်ကြောင်း အရိုအသေပေးပါတယ်။ ဘုရင်ချင်းတူတူမှာ ဥပါဒါနက္ခန္ဓာ ကြောင့်အောက်ကျခံပြီး ဆက်ဆံရတာပါ။

အဲဒီည မှာကတဲ့ ရုပ်သေးဇာတ်ကလည်း အသက်ငယ် ငယ် မိန်းကလေးနဲ့ အသက်ကြီးကြီး အဖိုးကြီးဇာတ်လမ်း ဖြစ်နေတော့ ပါလီ ကိုကြံစည်နေတဲ့ အဘယရာဇာ အတွက် အကြိုက်တွေ့နေပါတယ်။ သူသာ ပါလီ ကိုယူနိုင်ရင်၊ သူက ဝေသာလီ စစ်တပ်ရဲ့အကြီးဆုးံ ရာထူးမို့ လို့ ဝေသာလီ သူရဲကောင်း စစ်သည်တွေအကြား ပါလီကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကိုရပ်တန့်နိုင်မယ်လို့ ယူဆနေပါတယ်။ ရုပ်သေးပွဲပြီးတော့ ရုပ်သေးဆရာဟာ မောပန်းနွမ်း နယ်နေပါတယ်။

တစ်သက်လုံးတစ်ခါမှ ပင်ပင်ပန်းပန်း မလုပ်ဖူးတော့ လက်ပန်းကျတာပေါ့၊ ဒါကြောင့် ရုပ်သေး ရုံထဲ ၀င်ပီး အသာလေး မှိန်းနေ၊နားနေ ပါတယ်။ ဒီအချိန်မှာ သံသယ ဖြစ်နေတဲ့ ပါလီဟာ ဖြုန်းဆိုရုပ်သေးရုံထဲ ၀င်လာပြီး ရုပ်သေးဆရာ ဗိမ္မိသာရမင်း နားလာပြီး တပ်ထားတဲ့ မုတ်ဆိတ်တု၊ နှုတ်ခမ်းမွေးတုတွေကို ဆွဲဖြုတ် လိုက်ပါတယ်။ နဂိုရုပ် ပေါ်လာတဲ့ ဗိမ္မိသာရ မင်းကိုသင်ဘယ်သူလဲ? ဘာကြောင့်ဒီလိုလုပ်ရတာလဲ? စသဖြင့်မေးပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းက ပါလီအလှကိုမြင်ချင်လွန်း၊ တွေ့ချင်လွန်းလို့ လုပ်ရတာဖြစ်ကြောင်းနဲ့ သူဟာရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်း ဖြစ်ကြောင်းပြောလိုက်တဲ့ အခါမှာတော့ မင်းချင်းတွေကို အော်လိုက်မယ်လို့ ခုနက ပြောခဲ့တဲ့ ပါလီ... အော်ဖို့လည်းမေ့၊ ပြန်သွားဖို့ လည်းမေ့ပြီး၊ နှလုံးသားထဲက တမ်းတခဲ့ရတဲ့ ချစ်သူရဲ့ရင်ခွင်အောက်၊ အသက်ပျောက်သူလို ဖြစ်ခဲ့ရပါပေါ့လား။ ဒီအချိန်မှာပဲ ဝေသာလီမှာ ပါလီနဲ့ ပတ်သက်လို့ အချင်းချင်း သတ်ဖြတ်ပွဲတွေနဲ့ သွေးချောင်းစီးပွဲတွေ ဖြစ်နေပါပီ။ စစ်သည်တွေဟာ ဘယ်လိုမှ အမိန့်ပေးလို့မရအောင် စည်းလုံးမှု တွေပျက်ပြားနေပါတယ်။

ဒီအခါမှာ စိရံဒေ၀၊ သုဒိတ စတဲ့ စစ်အကြီးအကဲ တွေက ဝေသာလီ မပျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှာရတော့မယ် လို့စဉ်းစားပါတယ်။ ဒါကြောင့်အရေးပေါ် လွှတ်တော် ခေါ်ယူရတော့တယ်။ ပါလီရေ… ဒီအချိန်မှာခံစားရမဲ့ သင့်ဖခင် မဟာနာမ် မင်းကြီးရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပါရဲ့။ ဘာလို့လဲ ဆိုတော့ ဝေသာလီရဲ့အခြေခံ ဥပဒေ စာအုပ်ဖြစ်တဲ့ ပဝေဏီပေါတ္ထက စာအုပ်၊ စာပိုက် ၁၈ မှာ...... “ဝေသာလီနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေး ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်သူသည် ယောကျာင်္းတစ်ဦးဖြစ်ပါက သတ်စေ၊ မိန်းမ တစ်ဦးဖြစ်ပါက နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာစေ၊ ထိုမိန်းမအား တစ်နေ့ကို ယောကျာင်္း ၃ ယောက်မှ ၅ ယောက်ထိ အခကြေးငွေ ပေး၍ ပျော်ပါးနိုင်၏… လို့ ပါရှိပါတယ်။

ချစ်တဲ့ သမီးနဲ့ နိုင်ငံနဲ့ လဲရတော့မယ်နော်။ အဲဒီ လွှတ်တော်မှာလေ တက်ရောက်လာတဲ့ (၇၇၇၇) ယောက်သော စစ်သည်၊ ဗိုလ်ချေ၊ ကိုယ်စားလှယ်တွေဟာ... အမ္ဗပါလီကို ထုတ်ပေးပါ။ အမ္ဗပါလီ ကိုမြင်ချင်တယ်။ အမ္ဗပါလီကိုစွန့်မလား၊ ဝေသာလီ ကိုစွန့်မလား ဆိုတဲ့ တစ်ခဲနက် အသံနက်တွေနဲ့ သင့်ဖခင်ကို တုန်လှုပ်စေခြဲ့ပီ...။ တိုင်းပြည် ကောင်းစားရေးကို တကယ်လိုလားတ့၊ဲ ပြည်သူတွေကိုချစ်တဲ့ သင့်ဖခင်ဟာလေ သမီးတော် အမ္ဗပါလီကို နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာခဲ့ရပြီ။ အဲဒီမှာပဲ သင့်ဖခင် ရင်ကွဲနာကျလို့ သွေးအန် သေဆုံးခဲ့ရပြီ... အမ္ဗပါလီ။

စာရေးသူ တကယ်ကို ခံစားရပါတယ်... အမ္ဗပါလီရယ်။ (ဒီအချိန်က စပြီး သင့်ရဲ့နုစဉ် ဘ၀ကအရိယာ ပုဂ္ဂိုလ် ကိုစော်ကားခဲ့တဲ့ ကံဟာ အကျိုးပေးတော့တာပဲ။) ဝေသာလီ ရဲ့တစ်နေရာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စွာ နေလို့မှ မကြာသေး၊ အစ်ကိုတော်အာနန္ဒ မင်းသားထံမှ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ်ကြေငြာကြောင်း စာရခဲ့ပြီ။ ဒီအချိန်မှာ ချစ်သူ ဗိမ္မိသာရမင်းက ရာဇဂြိုလ် ပြန်ပြီး ပါလီ့ကို မိဖုရားမြှောက်ဖို့ မင်းမြောက်တန်ဆာငါးပါး ပြန်ယူနေချိန်ပါ။ ပါလီ ဘာလုပ်ရမလဲ? ဗိမ္မိသာရမင်း နောက်လိုက်သွားရင် ဝေသာလီက ရာဇဂြိုလ်ကို စစ်ဆင်ပြီး တိုက်တော့မယ်။ မလိုက်ပဲ ဒီမှာနေခဲ့ရင်လဲ ဗိမ္မိသာရမင်းက ရန်ဖက်မင်းပီပီ၊ ခုဆို ချစ်သူကိုဆွဲလို့ စစ်ပွဲ နွှဲပြီးတိုက်လိမ့်မယ်။

 နှစ်ချက်လုံးဟာ ဝေသာလီ အထိနာမဲ့ နည်းတွေချည်းပါပဲ။ နောက်ဆုံး ဝေသာလီ ကောင်းစားဖို့ ပါလီ မိန်းမမာယာသုံးပြီး ချစ်သူစိတ်နာအောင် လုပ်ရပါတော့တယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်ရောက်လာတဲ့ ချစ်သူ၊ ဘုရင့် မင်းမြောက်တန်ဆာတို့နဲ့ အလွန်ကျက်သရေ ရှိတ့၊ဲ ချောမောလှတဲ့ ချစ်သူ၊ ပါလီ အသက်တမျှချစ်ရတဲ့ ချစ်သူကို ပါလီ မပြောချင်ဆုံးစကားတွေကို မူယာမာယာသုံးပြီး ရင်နှစ်မွှာကွဲကာ ချစ်သူမုန်းအောင် ပါလီ ပြောနေရပြီ။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အမုန်းကြီးမုန်းသွားတဲ့၊ စိတ်နာသွားပြီး ထွက်ခွါသွားတဲ့ချစ်သူကို ကြည့်ရင်း ပါလီလဲကျ ကျန်ရစ်ခဲ့ပါပြီ။

တခါ ပါလီ့ရဲ့လေးစားအားကိုးစရာ အစ်ကိုတော် အာနန္ဒ မင်းသားကလည်း သူနဲ့ပါလီဟာ မောင်နှမရင်းတွေ မဟုတ်ကြောင်းပြောပြပြီး ပါလီဟာစံအိမ်တော်မှာ နေခွင့်မရှိတော့ကြောင်း၊ ပါလီ အတွက်သက်သက် အိမ်တစ်ဆောင် နေဖို့ပေးကြောင်းနဲ့ သူကတော့ အဝေးကို ထွက်သွားတော့မှာ ဖြစ်ကြောင်းတွေကို ပြောပါတယ်။ အားကိုးစရာ မကျန်တော့တဲ့ ပါလီဟာ အစ်ကိုတော် အာနန္ဒ မင်းသား ဘယ်သွားမလဲ ဆိုတာသိချင်ခဲ့တယ်။ သင့်အစ်ကိုတော်က သင့်ကို သူဘယ်သွားမလဲဆိုတာ ကိုမပြောနိုင်ခဲ့ပေမဲ့ ဘယ်သူ့ဆီ သွားမလဲ ဆိုတာတော့ ပြောပြခဲ့ပါတယ်။ အာနန္ဒ မင်းသားက.. ငါ စစ်တိုက်ထွက်စဉ်အခါက စစ်မြေပြင်တစ်နေရာမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရဖူးတယ်။ သူ့ ကိုငါက မြှားနဲ့ချိန်လိုက်တာကို မရှောင်ပဲ ငါ့ကိုကြည့်ပြီး “လောကမှာ အရာရာတိုင်းကို လက်နက်နဲ့ဖြေရှင်းလို့ မရဘူး၊ ချစ်သား” လို့ပြောတယ်၊ ငါ့ဘ၀မှာ ဂေါတမ မျက်လုံးလောက် ဂရုဏာပြည့်တဲ့ မျက်လုံးမျိုးမတွေ့ဖူးဘူး၊ သူ့ရဲ့အကြည့်ကြောင့် ငါ့လက်ထဲက မြှားဟာလွတ်ကျသွားတယ်။

အခု ငါသူ့ဆီသွားမယ်” လို့ပြောသွားပါတယ်။ ပါလီ့မှာ အားကိုးစရာ ဖခင်လဲ သေဆုံးခဲ့ပြီ။ ချစ်ရတဲ့ ချစ်သူကလည်း စိတ်နာလို့ ပစ်ကာထားခဲ့ပြီ။ နောက်ဆုံး အစ်ကိုတော်ကလည်း အဝေးကို ထွက်သွားခဲ့ပြီ။ ပါလီ ဘယ်သူ့ကို အားကိုးပြီး နေရတော့မှာလဲ?...အိုပါလီ စိတ်ဓါတ်မကျပါဘူး၊ ပါလီရင်မှာ ချစ်သူရဲ့သွေး၊ ကလေးလေးတစ်ယောက် ကျန်သေးတာပဲ။ သားလေးဖြစ်ပါစေလို့ပါလီ ဆုတောင်းပါတယ်။ ရင်ထဲက သားကိုအားပြုပြီး ပါလီ အသက်ဆက်ရှင်မယ်နော်။ သား ကိုယ်ဝန်ဆောင်စဉ် ဆယ်လလုံးမှာ သားလေးဖြစ်စေဖို့ နေ့ရောညပါ ဆုတောင်းနေရပါတယ်။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာက မွေးလို့သားဖြစ်ရင် ပြစ်ရမယ်။ သမီးဖြစ်ရင် ပြည့်တန်ဆာ ရာထူးဆက်ခံရပါတယ်။ ဒါကြောင့် ပါလီဟာ သူ့လိုအဖြစ်မျိုး မကြုံအောင် သားဆုတောင်းတာပါ။

သူဆုတောင်းတဲ့အတိုင်းပဲ ပါလီ သားလေးကိုမွေးခဲ့ပါတယ်။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်းရဲ့သား အဇာတသတ် မင်းသားကိုသာ လူသိများကြတာပါ။ ပါလီနဲ့ရတဲ့သား ၀ိမလကောဏ္ဍည ရဟန္တာကိုတော့ သိသူနည်းပါတယ်။ ပါလီ ဟာသူ့ရဲ့ လသားအရွယ် သားလေးကို ချစ်မ၀၊ ကြည့်မ၀ ဖြစ်နေတုန်းမှာပဲ အစ်ကို တော် အာနန္ဒ (ရဟန္တာဖြစ်သွားပြီ) ရောက်လာပါတယ်။ ပါလီ စိတ်ထဲမှာ အစ်ကိုက သူတို့နဲ့ အတူနေဖို့ ပြန်လာတယ်လို့ ထင်နေရှာတယ်။ အားရ ၀မ်းသာနဲ့ သားကိုပြကာ ပျော်နေရှာတဲ့ ပါလီရေ... သင့်ရဲ့ပျော်ရွှင်ခြင်းတွေ မကြာလိုက်ဖူးနော်.. ချစ်မ၀တဲ့ လသားလေး ရဟန္တာ အစ်ကို နောက်ပါသွားခဲ့ရပြန်ပီ။ အရူးတစ်ပိုင်း ဖြစ်ကာ ကျန်ခဲ့ တဲ့ပါလီ၊ ယောကျာင်္းတကာနဲ့ ပျော်ပါးနေရပေမဲ့ ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ၆ နှစ်၊ ခုနှစ် နှစ်လောက်ကြာတဲ့ အချိန် တောထဲမှာ ရဟန္တာ တွေကြားက ၀ိမလကောဏ္ဍည လေးကိုရင်ဘ၀ ရောက်လာပါတယ်။ သူများ ကိုရင်တွေမှာ အချိန်တန်လာတွေ့တဲ့ အဖေ၊ အမေ၊ တွေရှိခဲ့ ပေမဲ့ သူ့ခမျာ ဘယ်သူမှ လာမတွေ့ကြတော့ ဦးကြီးတော် ကိုမေးရှာပါတယ်။ သားရဲ့အဖေဟာ ဘယ်သူလဲ? သားရဲ့အမေက ဘယ်သူလဲ? သားဆီဘာလို့ မလာကြတာလဲ? စသဖြင့်ပေါ့။ ဒီအခါ ဦးကြီးတော်က အဲဒါတွေ မမေးနဲ့ သိစရာ မလိုဘူး၊ ကိုရင်ဆိုတာ တရားအားထုတ်ဖို့ အဓိကပဲ လို့ဆိုပြီး အပြတ်ပြောဆိုလို့ သူ့ခမျာ နောက်ထပ်မ မေးရဲရှာပါဘူး။

တစ်နေ့ ဝေသာလီရဲ့ ဆွမ်းလောင်းပွဲမှာ ၀ိမလကောဏ္ဍညလေး ဆွမ်းခံကြွပါတယ်။ အဲဒီမှာ ဆွမ်းလောင်းနေတဲ့ ပါလီဟာ ကိုရင်လေးကို တွေ့တာနဲ့ သားများလားဆိုပီး သံသယဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ မျက်ခုံး အားလုံးဟာ ပါလီနဲ့ ဗိမ္မိသာရ မင်းတို့နဲ့တူပါတယ်။ ကိုရင်လေးကို အဖေဘယ်သူလဲ? အမေဘယ်သူလဲ? ဘယ်ကျောင်းကလဲ?... စသဖြင့် မေးခွန်းတွေစုံအောင် ပါလီမေးမိတယ်။ ကိုရင်လေးက သူကိုယ်တိုင် မသိတာကိုအမေးခံရတော့ စိတ်တိုရှာတယ်။ ဒကာမကြီး၊ သိပ်စကားများတာပဲ၊ ဆွမ်းလောင်းမှာဖြင့် လောင်းပါ လို့ပြောပါတော့တယ်။

တဖြည်းဖြည်း ကိုရင်လေးနဲ့ ပါလီ မျက်မှန်းတန်း လာပါတယ်။ ပါလီက ကိုရင်လေးကို ဒကာမကြီး လို့မခေါ်ပါနဲ့ အမေ လို့ခေါ်ပါလားကွယ်၊ အမေ့မှာကိုရင့် အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ အဲဒီသားဟာ ဘယ်ရောက်နေမှန်း မသိနိုင်လို့ပါ..လို့ပြောရှာတယ်။ ဒါပေမဲ့ ကိုရင်လေးက.. မခေါ်နိုင်ပါဘူးဗျာ၊ ဒကာမကြီးဟာ ဒကာမကြီးပေါ့.. လို့ခပ်တင်းတင်းပဲ တုံ့ပြန်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာ တော့ တစ်နေ့မှာ ပါလီက ၀ိမလကောဏ္ဍည မထေရ်ကိုအိမ်မှာ ဆွမ်းစားဖိတ်ပါတယ်။ သူ့ စိတ်ထဲမှာ ဒီမထေရ်လေးဟာ မရှိဆင်းရဲလို့ ရဟန်းပြုတယ်လို့ ပုထုစဉ်တွေးတွေးပါတယ်။ သားလိုလဲ သံယောဇဉ် ဖြစ်နေတော့ သပိတ်ထဲကို ဆွမ်းအစား ရတနာတွေ လောင်းပါတယ်။ ဒီရတနာတွေထဲက တစ်လုံးလောက် ရောင်းလိုက်ရင်တောင် တစ်သက်လုံး စားလို့မကုန်ကြောင်း၊ ဒီလို သပိတ်တစ်လုံးနဲ့ လိုက်တောင်း နေစရာ မလိုတော့ကြောင်းပြောတော့ အရိယာ (ရဟန္တာ)ဖြစ်သွားပြီ ဖြစ်တဲ့ ၀ိမလကောဏ္ဍညမထေရ်ဟာ ချက်ချင်းပဲ ရတနာ တွေကို ပြန်သွန်ထုတ်ပါတယ်။ ဓါတ်ခံခြင်းကွာသလို၊ အမြင်ချင်း လည်းဘယ်တူပါတော့မလဲ။ ပြီးတော့ ပါလီ ကိုကြည့်ပြီးပြောပါတယ်။ ကျုပ်ရဲ့ဆရာ မြတ်စွာဘုရားရှင်က သဒ္ဒါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတာကို ရတနာ အစစ်လို့ပြောတယ်။ ခုတွေ့နေတဲ့ ရတနာတွေက အဆိပ်တွေသာ ဖြစ်တယ်လို့ပြောပါတယ်။

လက်မခံငြင်းဆန်ပြီး ပြန်ကြွသွားပါတယ်။ တစ်နေ့မှာ ဦးကြီးတော် အာနန္ဒက ၀ိမလကောဏ္ဍညကို ခေါ်ပြီး တာဝန်ပေးပါတယ်။ ချစ်သား.. မင်း ငါ့ကို အနှစ် နှစ်ဆယ်တိုင်တိုင် မေးခဲ့တဲ့ မင်းအဖေ ဘယ်သူလဲ? မင်းအမေ ဘယ်သူလဲ? ဘယ်တိုင်းပြည်မှာမွေးလဲ? ဆိုတဲ့ မေးခွန်းတွေကို ငါဖြေမယ်။ မင်းဟာ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာ ရမင်းနဲ့ ငါ့နှမ အမ္ဗပါလီ တို့ရဲ့သားပဲလို့ ပြောလိုက်တယ်။ အရင်တုန်းက သူအလွန်တစ်ရာ သိချင်လှတဲ့ မေးခွန်းကို အခု သူသိရပြီ။ ဒါပေမဲ့ အရိယာဖြစ်သွားပြီဖြစ်တဲ့ ၀ိမလကောဏ္ဍညဟာ မတုန်လှုပ်တော့ပါဘူး၊ အတိတ်က ဖြစ်ခဲ့ပြီးသော ဓမ္မာရုံ ဥပါဒါနက္ခန္ဓာ တို့ကို မပြန်တော့၊ အနာဂတ်မှာ မဖြစ်သေးတဲ့ ဓမ္မာရုံ ဥပါဒါ နက္ခန္ဓာ တို့ကိုလည်း မတောင့်တတော့၊ သူ့စိတ်တွေဟာ ဘာအတွက်နဲမျှ မလှုပ်ရှားတော့။ ဦးကြီးတော်က ဆက်ပြီး.. အမ္ဗပါလီကို ဒီနေ့ကျောင်းရောက်အောင် ခေါ်ခဲ့ရမယ်။ သူမပါပဲနဲ့ ပြန်မလာခဲ့နဲ့လို့ မှာပါတယ်။

ဒီလိုနဲ့ ၀ိမလကောဏ္ဍညဟာ အမ္ဗပါလီရဲ့ အိမ်ရှိရာကို အသွား, လမ်းမှာ အမ္ဗပါလီ နဲ့တွေ့ပါတယ်။ ၀ိမလ ကောဏ္ဍညက ပါလီ့ကို အမေ လို့ခေါ်လိုက်တယ်။ သူ အလွန်ကြားချင်တဲ့ စကားတစ်ခွန်းကို ၀ိမလကောဏ္ဍည ဆီက ကြားလိုက်ရတော့ နဂိုကမှ ၀ိမလကောဏ္ဍညကို သားထင်ပီးချစ်တဲ့ ပါလီဟာ အရမ်းကို ပျော်တော့တာ ပေါ့။ ဒါနဲ့ တစ်ခါတည်း သားကို အိမ်ကို ဆွမ်းစားပင့်သွားတော့တာပဲ။ အိမ်ရောက်တော့ ၀ိမလကောဏ္ဍညက အမေ့ကို သားစကားပြောစရာ ရှိတယ်လို့ စပြောတယ်။

ဒီတော့ ပါလီက သားကိုလည်း အမေ ပြောစရာရှိတယ်။ ဘယ်သူ စ ပြောမလဲလို့ သားက မေးတော့… အို…လူသူ မနီး အဝေးကြီးမှာနေတဲ့ သားက လူ့လောက အကြောင်းဘာသိ လို့ စပြောမှာလဲ။ အမေ ဘဲစပြောမယ်.. ဆိုပီး သားဖြစ်သူကို လူထွက်ဖို့ ကစပီး လူ့ဘ၀၊ ကာမဂုဏ် စည်းစိမ် တွေခံစားဖို့ အားရပါးရ ပြောတော့တာပဲ။ ၀ိမလကောဏ္ဍည ပြောဖို့ အခွင့်ကိုမရပဲ ဖြစ်နေပါတယ်။ ဒီတော့ သတိပေးတဲ့ အနေနဲ့ အမေ..အမေ့ကို တရားဟောဖို့ သားလာခဲ့တာပါလို့.. ၀င်ပြောရှာတယ်။ ပါလီဟာ သားစကားကိုကြားတော့ အားရပါးရ ရီတော့တာပဲ။ “သားရယ်..သားလို အသက်(၂၀)အရွယ် ရဟန်းပေါက်စ လေးမပြောနဲ့ ဈာန် အဘိဉာဉ်ရလို့ ကောင်းကင်မှာပျံ နိုင်တဲ့ ရဟန်းကြီးတွေ (ပုထုစဉ် ရဟန်း) လူတကာကို မာယာနဲ့ လှည့်စားနေတဲ့ အမ္ဗပါလီကို ချေချွတ်မယ်ဆိုပြီး ပြတင်းပေါက်ကနေ ကြွလာတယ်။ အမ္ဗပါလီကို မြင်ပြီးတဲ့ ခဏမှာတော့ အမ္ဗပါလီနဲ့ မနေရရင် သေရမှာပါဆိုပြီး နောက်ဆုံး အမေနဲ့အိပ် ဈာန်လျှောပြီး မြေပြင်ကနေ ပြန်သွားကြတယ်။

ဒီတော့ သားရယ်.. အမေပြောတာ ကိုပဲနားထောင်။” အမ္ဗပါလီရဲ့သဏ္ဍန်မှာ ရှေ့ကထိုင်နေတဲ့ သားရဟန်းကို ကြည့်ပြီး အတွေးထဲမှာ အမျိုးမျိုး ပုံဖေါ်တဲ့ ဓမ္မာရုံ ဥပါဒါနက္ခန္ဓာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ပါလီက ၀ိမလကောဏ္ဍညကို သပိတ်မဲကြီး ကို အရင်ဆုံးဖယ်မယ်။ ကိုယ်စားချင်တဲ့ အရသာ မစားရပဲ သူများပေးတာသာ စားရတဲ့ အဖြစ်ကနေ အကောင်း ဆုံး အစားအစာတွေကို ရွေးစားမယ်။ ၀ိမလ ကောဏ္ဍညက နောက်ကော? ပါလီက ပြီးရင် အရောင်မွှဲမွှဲ သင်္ကန်းကြီးကို ပစ်ပီး အကောင်းဆုံး အ၀တ်အစား တွေဆင်မယ်။ နောက်ကော? ပြီးရင် ဆံပင်တွေနဲ့လှ အောင်ပြင်ပြီး အတော်ဆုံး ပန်းချီဆရာခေါ်ပီး ပန်းချီဆွဲ မယ်။

 နောက်ကော? ပန်းချီကားကို တစ်ရာ့တစ်ပါးသော မင်းသမီးတွေကို ပို့ပြီး အချောဆုံး မင်းသမီးကိုရွေးပြီး လက်ဆက်စေမယ်။ နောက်ကော? အမေရယ်၊ သားရယ်၊ ချွေးမရယ် မြင်းရှစ်ကောင် ရထားကြီး နဲ့မြို့ကို ပတ်မယ်။ နောက်ကော? ပြီးရင် ဥယျာဉ်ထဲဝင်ပီး ဖျော်ရည် သောက်မယ်၊ အဆို၊ အက၊ အတီး၊ အမှုတ်တွေ နားထောင်မယ်။ နောက်ကော? ဒါနဲ့ မိုးချုပ်တော့ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မနက်ကျတစ်ခါ မြို့ကိုပတ်မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ် အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မြို့ကိုပတ် မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ်။ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? အို..နောက်ကျတော့ သားတို့က ကလေးလေး တစ်ယောက်မွေးပေါ့။

အဲဒီ အမေ့မြေးလေးကို သားတုန်းကမထိန်းလိုက်ရတာ ကို အတိုးချပြီး အမေ ထိန်းမယ်။ တဏှာက အမ္ဗပါလီကို အကောင်းတွေချည်း ဆက်ပေးနေပါတယ်။ နောက်ကော? ကလေး တစ်ယောက်ကနေ နှစ်ယောက်... နောက်ကော? နှစ်ယောက်ကနေ သုံးယောက်... နောက်ကော? သုံးယောက်ကနေ လေးယောက်... နောက်ကော? နောက်တော့ အမေလဲ အသက်ကြီးလာတော့ သိပ်ပြီး မသွားနိုင်တော့ဘူးပေါ့.. (လေသံ တစ်ဖြည်းဖြည်း ပျော့ကျလာပါတယ်) နောက်ကော? အမေလဲ အိပ်ရာထဲလဲပြီး ဝေဒနာ ခံရရင်ခံရမှာပေါ့။ နောက်ကော? နောက်တော့ အမေလဲ သဘာဝအတိုင်း သေရမှာပေါ့ သားရယ်။ နောက်ကော?...(အသံမထွက်) နောက်ကော? အမေသေပြီးတဲ့ နောက်ကောလို့ သားမေးနေတယ်လေ.. (အသံမထွက်) ပါလီ မဖြေနိုင်တော့ပါ။ ပါလီ သေပြီးနောက်ဘာတွေ ဖြစ်မလဲ ပါလီ မသိတော့ပါ။ အဲဒီချိန်မှာပဲ သားရဟန်းက ဆတ်ကနဲ ပါလီ့ လက်ကိုဆွဲလို့ မိဂဒါဝုန်တောသို့ ထွက်ခဲ့ပြီပဲ။

ကျောင်းရောက်တာနဲ့ အစ်ကိုတော်က တစ်ခါတည်းဆံချလို့ ထေရီမ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ၀ိမလကောဏ္ဍည မထေရ်ဟာ မိခင်ဖြစ်သူ အမ္ဗပါလီကို တရားဟောပါပြီ။ ဟိုးအရင် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာအားလုံးကို မကြောင့်ကြဖို့၊ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်း မတောင့်တဖို့၊ အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ တို့ကို သတိနဲ့ စောင့်ကြည့်ဖို့စတဲ့ တရားအဆုံးမှာ အမ္ဗပါလီ ထေရီမ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါပြီ။

 ဝေသာလီနဲ့ ရာဇဂြိုလ် ကြားတစ်နေရာမှာ အမ္ဗပါလီ ထေရီမ ငြိမ်းချမ်းရေး တရားဟော
နေပါတယ်။ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေး တရားဟောနေတာ ဖြစ်ပါတယ်။ မြောက်များလှစွာသော ပရိသတ်တွေကြားမှာ တစ်ချိန်က အသက်တမျှ ချစ်ခဲ့ဘူးတဲ့ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းလည်းရှိနေ ပါတယ်။ သောတာပန်သာ ဖြစ်သေးတဲ့ ဗိမ္မိသာရ မင်းဟာ အမ္ဗပါလီရဲ့ တရားပွဲမှာ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကိုမြင်ရင် မှတ်မိအောင် ရှေ့ဖက်မှာ နေရာယူထားပါတယ်။ အမ္ဗပါလီ ထေရီဟာ တည်ငြိမ်စွာပဲ သူ့ကိုယ်သူ ဥပမာပေးလို့ ဇရာ၊ ဗျာဓိ၊ မရဏ တို့နှိပ်စက်မှုကြောင့် ယိုယွင်းလာတဲ့ သူမ ရဲ့အလှတွေကို ငယ်စဉ်ကနဲ့ နှိုင်းယှဉ်လို့ ဥပါဒါနက္ခန္ဓာ တို့ရဲ့မမြဲမှု အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်ဖို့ ပြောနေပါတယ်။

တရားပွဲအပြီးမှာ မအောင့်နိုင်တော့တဲ့ ဗိမ္မိသာရမင်းက အမ္ဗပါလီကို မောင်တော်လေတစ်ခါက ရုပ်သေးဆရာ ယောင်ဆောင်ပြီး ပါလီ ဆီလာခဲ့တဲ့မောင်တော်ကို မမှတ်မိတော့ဘူးလား? လို့ မေးမိတယ်။ ရဟန္တာ ဖြစ်သွားပီဖြစ်တဲ့ အမ္ဗပါလီ ထေရီက “အရိယာတစ်ယောက် အဖို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူက ရှင်ဘုရင်၊ သူက ဆင်းရဲသား၊ သူက ၀န်ကြီး၊ သူက ကချေသည်၊ သူက သူဋ္ဌေး၊ သူက သူတောင်းစား ဆိုတဲ့ အမြင်မျိုး မရှိတော့ပါ။ အားလုံးကို တစ်တန်းတည်းတူတူ သာမြင်ပါတော့တယ်” လို့ဖြေပါတယ်။ ဗိမ္မိသာရ မင်းလည်း အမ္ဗပါလီရဲ့ ဉာဏ်အဆင့်ကို ခန့်မှန်းတတ်လို့ နောက်ဆုတ်ပြီး ပြန်ခဲ့ပါတော့တယ်။

ပါလီရေ.... သင့်ရဲ့ဘ၀က မလှပခဲ့ပေမယ့် အားအကျဆုံး အရဟတ္တမဂ်ကို သင်ရခဲပါတယ်။ ငယ်စဉ်အတွေးနဲ့ဆို သင့်ရဲ့ အလှတရားတွေ ကိုလည်းကျွန်မ အားကျမိပါရဲ့။ ဘုရားရှင်ကတောင် သင်ကျောင်းတော်ကို လာမယ်ဆိုလို့ အရိယာမဟုတ်သေးတဲ့ သံဃာတော်တွေကို သင်မလာခင် သတိပဋ္ဌာန်တရားကို ကြိုပွါးခိုင်းထားရတဲ့ထိ သင်လှနိုင်ရက်တယ်နော်။ မိန်းမချင်းတောင် မနာလိုရလောက်အောင်လှတဲ့၊ ယောကျာင်္းဆို အရိယာ မဟုတ်ရင် သင့်ရှေ့ ဖြတ်မလျှောက်ရဲအောင် ဆွဲဆောင်အားကြီးတဲ့ သင့်ရဲ့အလှဟာ လူတကာကို ပူလောင်စေခဲ့တယ်နော်။ သင်ဘာလို့ အဲဒီလောက် လှရတာလဲ? ဘယ်ကံက အကျိုးပေးလို့လဲ? လို့ အတိတ်ကို ပြန်ဆောင်တော့... ဘ၀ တစ်ခုမှာ သင်ဟာ ဘိက္ခူနီမ ဖြစ်ပြီး ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဆိုတာတွေ့ရတယ်။ အဲဒီ ဘ၀မှာပဲ သင်ဟာ အရိယာ ဘိက္ခူနီမ တစ်ယောက် တံတွေးထွေး လိုက်တာကို သန့်ရှင်းရင်း ပါးစပ်ကလည်း “ဘယ် ပြည့်တန်ဆာမ ထွေးသွားတာလဲ? ဆိုပြီးပြောလိုက်မိတယ်။ သင်ဟာအဲဒီ ဘ၀မှ နောက် ဘ၀ပေါင်း များစွာမှာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။ အခု နောက်ဆုံးဘ၀ထိပါပဲ။ အရိယာကို ပြစ်မှားမိတဲ့ ကံထိုက်တယ်လို့ ခေါ်ပါတယ်။ အရဟတ္တမဂ်ကို ရတာကလည်း ဘ၀များစွာမှာ သင်ဟာ ဘိက္ခူနီမ အဖြစ် စရဏ တရားတွေကို ကျင့်ကြံခဲ့လို့ ဒီဘ၀မှာ အားပြည့်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တာဖြစ်တယ်။

ဒါကြောင့်လေ တစ်ယောက်နဲ့ တစ်ယောက် မပြစ်မှားတာ ကောင်းတယ်။ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေဟာ ပိုပြစ်မှား မိတတ်ကြတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်လိုက်၊ မလုပ်နိုင်ရင် မျက်နှာလွှဲလိုက်တာ ကောင်းတယ်။ ကုသိုလ်မရရင်တောင် အကုသိုလ်တော့ မယူနဲ့ပေါ့။ ကိုယ်ပြောလိုက်၊ ပြစ်မှားလိုက်တဲ့ သူဟာ အရိယာဟုတ်၊ မဟုတ် ဘယ်လို သိနိုင်မှာလဲ။ အရိယာ ဆိုတာ ဆိုင်းဘုတ်ချိတ်ထား တာလဲမဟုတ်။ တစ်ခါတစ်လေ ကာယကံရှင်တောင် သူ့ကိုယ်သူ အရိယာ ဖြစ်မဖြစ် သိချင်မှသိကြတာ။ ဒါကပညာအလုပ်၊ ဉာဏ်အလုပ်မဟုတ်လား။ ဗီဇစရိုက်၊ အထုံဆိုတာက ဖျောက်ဖို့ အခက်သားနော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်တောင် မြောင်းတွေ့တော့ ခုန်မိသေးတာပဲ။ အရိယာဖြစ်ပြီး အပြော ကြမ်းတဲ့သူလည်း ရှိနိုင်တယ်နော်။ ဘယ်သူ့ကိုမှ လျှော့မတွက်ပဲ လေးစားတာ အကောင်းဆုံးပဲနော်။

အရှင်မ အမ္ဗပါလီရေ... သင့်ကို ကျေးဇူးတင်ပါတယ်။ သင်သွားရာ လမ်းကိုလိုက်ဖို့ ကြိုးစား နေပါ တယ်။ တစ်ချိန်မှာတော့ သင့်လိုပဲ ရောက်မှာပေါ့နော်။

 အရှင်သုမနသာရ(ဖြူး)

ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားသော “ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ” တရားတော်ကို မှီငြမ်းရေးသားပါသည်။
http://shwephyulay.blogspot.in/2011/10/blog-post_17.htmlတွင်လည်းဖတ်ရှု့နိုင်ပါသည်။။

Monday, September 23, 2013

ဗောဓိရွှေကျောင်း

ဗောဓိရွှေကျောင်း

အသက်အရွယ် သီသီကြီးစွန်းလာတော့ ငယ်ဘ၀တွေကို ပိုအောင်းမေ့တတ်တာ လူ့သဘာဝများလား မသိပါ။ တစ်ခါတစ်ခါတော့ စိတ်က ငယ်ဘ၀တွေဆီရောက်သွား တတ်သည်။ ကျွန်မငယ်စဉ်က အဘ၊အမေကြီးတို့နှင့်အတူ တောကျေးလက်မှာ နေခဲ့ရသော ငယ်ရိပ်တွေကို ပြန်တွေးရင်း လွမ်းရသည်လည်း ရှိပါ၏။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အ၀တ်တွေ ထိုးသိပ်ထည့်ရင်း ရွာအရောက်ပြန်ရသည့် အပျော်မျိုးကို ဘယ်အပျော်ကမှ မမှီ။ ရွာရောက်ပြီဆိုသည်နှင့် အဘက ကျွန်မ အစ်ကို နှစ်ယောက်ကို ဘုန်းကြီးကျောင်းခေါ်သွားကာ သင်္ကန်းဆီးပေးနေကျ။ ကိုရင်ဘ၀ဖြင့် ဘုန်းကြီးကျေင်းမှာပဲ ကျောင်းအိပ်ကျောင်းစား ပို့ထားသည် ဆိုသော်လည်း အိမ်နှင့်ကျောင်းက သိပ်မဝေးလှပါ။ ရွာမှာက နွေရာသီ ကျောင်းပိတ်ရက် ရောက်သည်ဆိုလျှင် ကလေးတွေကို ဘုန်းကြီးကျောင်း တွင်တွင်ပို့ကာ လောကုတ္တရာ စာပေများ သင်အံလေ့ကျက်စေခြင်း သည်ပင် ရွာဓလေ့ထုံးစံလို ဖြစ်နေပြီ။ ရွာကတော့ လောကုတ္တရာစာကို မပြောကြပဲ ဘုန်းကြီးစာဟု ခေါ်ကြ၏။ ကျွန်မသည်လည်း ရွာကလေးများ ထုံးစံ ဘုန်းကြီးကျောင်းကို မရောက်မဖြစ်ရောက်ရကာ ဘုန်းကြီးစာနှင့် မလွတ်ခဲ့။

“ညည်းတို့ အတန်းကျောင်းဆိုသာက လောကဓတ်စာပဲတတ်တာ ငါမြေးရဲ့၊ ဘုန်းကြီးကျောင်းကမှ ဘုရားစာ၊ တရားစာသင်သာ။ ဘုန်းကြီးစာက ဘုရားရှိခိုးတတ်သယ်၊ လိမ္မာရေးခြားရှိသယ်၊ဆိုပီ နားကြားရှိသယ်၊ ကိုယ့်ဘာသာ တရားနဲ့ နီးစပ်တော့ အကုသိုလ်လည်း ကင်းသယ် ”

အမေကြီးပြောခဲ့ဖူးသည့် စကားတွေကို ကျွန်မ ပြန်တွေးကြည့်တော့ ဘုရားရိပ် ကျောင်းရိပ်ကရသည့် အသိသည်လည်း ဘ၀မှာ အရေးပါကြောင်း ဆိုလိုဟန်တူပါသည်။ ရွာဘုန်းကြီးကျောင်းမှာ စာသင် စာအံခဲ့ရစဉ်က စာသင်ခန်းကလေးကို ကျွန်မ မျက်စိထဲ မြင်ယောင်နေဆဲပဲ ဖြစ်သည်။ သရက်သား ပျဉ်ချပ်ကြီးတွေကို တြိဂံပုံစပ်၍ ထမင်းရည်နှင့် အိုးမည်းကို ပြစ်ပြစ်ဖျော်သုတ်ထားသော သင်ပုန်းကြီးကို ရှေ့မှာထောင်ထားသည်။ ဆရာတော် သို့မဟုတ် ခန်းနေဦးပဉ္စင်း တစ်ပါးပါးက ဘေးမှာ ကုလားထိုင်ကလေးဖြင့် ထိုင်ကာ စာချပေးသည်။ ကျွန်မတို့ ကလေးများကတော့ ကျောင်းအောက်ထပ် စိမ့်ပေါက်နေသည့် မြေကြီးပေါ်မှာ သစ်သားကွပ်ပျစ်ကြီးတွေ ခင်း၍ စုထိုင်ရင်း စာလိုက်ကြရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက ကြိမ်လုံးတစ်လုံးအမြဲတမ်း ကိုင်ထားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အသံကုန်ဟစ်၍ အော်ကြတာဆိုတော့ တစ်ကျောင်းလုံး ကျွန်မတို့ စာအံသံများဖြင့် ကျောင်းကြီးသိမ့်သိမ့် တုန်နေတတ်ပါသည်။ ကိုရင်ကြီးတွေက ကျွန်မတို့ ကျောက်သင်ပုန်ုးတွေပေါ်မှာ သံချွန်ဖြင့် လေးကြောင်းမျဉ်းဆွဲပေးပြီး လက်ရေး လှလှရေးပုံ၊ အရစ်အပင့်ဆွဲပုံတွေ သင်ပြသည်။ မြို့ကျောင်းမှာ စာတက်ခဲ့ကြသူတွေ ဆိုသော်လည်း ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းလိုကျင့်ရသည်။

ကျွန်မတို့ရွာမှာ ရှေးကတည်းက ဘုန်းကြီးကျောင်း လေးကျောင်း ရှိသည်။ ရွာနှင့် ကပ်လျက်မှာ နှစ်ကျောင်းရှိကာ ရွာအပြင် တစ်ခေါ်စာလောက်ဝေးသော စိုက်ခင်းစပ်မှာတော့ တောရကျောင်းနှစ်ကျောင်း ရှိသည်။ ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ကျွန်မတို့ ဘိုးဘွားများ လက်ထက်ကတည်းက ရှေးကျောင်းကြီးတွေ ဖြစ်သည်။ ပျဉ်ထောင် ပျဉ်ခင်းနှင့် ကျောင်းတိုင်ကြီးတွေကလည်း လူနှစ်ယောက် ဖက်စာလောက် ရှိသည်။ ကျောင်းအဆင်း လှေကားနှစ်စင်းကလည်း လှေကားခုံ မြင့်မြင့်ကြီးတွေနှင့် တစ်ကယ့် ရှေးပုံမျိုး ဖြစ်သည်။ အညာကျေးလက် ဘုန်းကြီးကျောင်းများပီပီ ဟောင်းမြင်းပုံပေါက်နေသော်လည်း ရွာတက္ကသိုလ်ကြီးတွေ ဖြစ်သည်။ ကျေးရွာလူထု၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်ရာ အဆောက်အအုံကြီးတွေပဲ ဖြစ်၏ ။ အဘိုးအဘွားများ ပြောပြသလောက် ရှေးကတော့ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ယူခဲ့ကြရသည်။ စာဝါလိုက်သည့် ကိုရင်၊ ဦးပဉ္စင်းအပါး နှစ်ရာ သုံးရာလောက်ရှိသည်ဆို၏ ။

ဘုန်းကြီးကျောင်းများတွင် ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရှိ။ မည်သူမဆို အခါမရွေး အခမဲ့ပညာသင်ကြားပေးတော်မူကြရုံမက ယောက်ျားကလေးများ ဆိုလျှင် ရှင်သာမဏေ သွတ်သွင်းပေးရာ သာသနာ့ အဆောက်အအုံကြီးတွေ ဖြစ်သည်။ ရွာဘုန်းကြီးကျောင်းများကို ကြည့်ကာ ရွာစီးပွားရေးကို ခန့်မှန်းနိုင်သည်။ ကျွန်မတို့ရွာမှာတော့ ဘုန်းကြီးကျောင်းလေးကျောင်းစလုံး ကျွန်းတိုင်လုံးကြီးများ၊ ကျွန်းသား အခင်းအကာများကို ရေနံချေးဝအောင် သုတ်ထားသော ကျွန်းသားကျောင်းကြီး တွေချည်းဖြစ်၏။ နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းကာ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင် စောင့်ရှောက်လာကြခြင်းကြောင့် ရှေးဟောင်း သာသနိက အဆောက်အဦးကြီးတွေ အဖြစ်ရွာက သဘောထားကြသည်။ သည်ရွာက သည်ဆရာနှင့် သည်ဒကာ ဘယ်တုံးကမှ ဝေးကြသည် မရှိ။မြန်မာအိုတော့ ကျောင်းကြို ကျောင်းကြားဆိုသည့် စကားအတိုင်း အသက်ကလေး အိုချင်လာသည်နှင့် ကျောင်းရိပ်ခိုချင်လာကြပြီ။

များသောအားဖြင့် ကျေးလက်ဘုန်းကြီးကျောင်းဝင်း ကြီးတွေက ကျယ်ကျယ်လွန့်လွန့် ရှိကြသည်ဆိုတော့ သစ်ပင်ပန်းပင်တွေ ဝေေ၀ဆာဆာ စိုက်ပျိုးတတ်ကြသည်။ ဥယျာဉ်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မရမ်း၊ ဆီးဖြူ စသည့် သီးပင်ကြီးတွေရှိသလို ပုဏ္ဌရိက်၊ သော်က၊ ပန်းအိ၊ ဇလပ်၊ ဇီဇ၀ါ၊ ညမွှေးပန်း၊ တတိုင်းမွှေးလို ပန်းပင်များလည်း ရှိတတ်သည်။ ကျောင်းဝင်းတွေထဲမှာ ရှိတတ်သော လက်ငင်ရေချိုတွင်းကလေးအနားမှာတော့ ငှက်ပျောပင် အုပ်အုပ်ကြီးတွေလည်း ရှိတတ်ပါသေးသည်။ ရွာထဲမှာ ပူပြင်းခြောက်သွေ့သဘောက် ဘုန်းကြီးကျောင်းတွေမှာ အရိပ်အာဝါသ ကောင်းတတ်သည့်အတွက် အလုပ်ကလေး လက်က ချသည်နှင့် ကျောင်းကို လှူဖွယ်ကလေး ရွက်ကာသွားကြမြဲ ဖြစ်ပါ၏။

ရှေးတုံးကတော့ ပညာရေးအတွက် ဘုန်းတော်ကြီးကျောင်းတွေကပဲ တာဝန်ယူတော် မူခဲ့ကြသည်။ ဆရာဘုန်းကြီးများက သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ သဒ္ဒါ ၊ သဂြိုင်္ုဟ် စသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက် တပ်အပ် သိအပ်သမျှ သင်ပေးတော်မူကြသည်။ သင်ရိုးညွှန်းတမ်း သဘောရှိသော်လည်း တစ်ဦးချင်း၏ ဥာဏ်အရည်အသွေးပေါ် မူတည်ပြီး စာတက်ပေးလေ့ရှိကြပါသည်။ တချို့ကျောင်းသားတွေကတော့ သည်ကျောင်းမှာ သာမဏေပြု၊ အရွယ်ရောက်တော့ ရဟန်းခံကာ သာသနာ့ဘောင်မှာ သက်ထက်ဆုံး ပျော်မွေ့တော်မူကြသည်။ သာသနာဘောင် မပျော်မွေ့နိုင်ကြသူတွေ ကိုတော့ ရပ်ရေး ၊ရွာရေး၊ လူမှုရေးတွေက အစ အိမ်ထောင်မှု မှာပါ အသုံးတည့်နိုင်သည့် အိမ်ဆောက်၊ မဏ္ဌပ်ဆောက်၊ ဇရပ်ဆောက်၊ နွားတင်းကုပ်၊ ထန်းလက်တဲထိုး၊ ရေအိုးစင်တည်နည်းကအစ နှီးဖြာ၊ ဖျာယက်၊ ကြိုးကျစ်နည်းတွေပါ မကျန် သင်ကြားပေးသည်များလည်းရှိ၏ ။ ကျွန်မတို့ရွာကျောင်းမှာ သျှောင်ကြီးကို တစောင်းဖွဖွ ထုံးလျက်ကျောင်းမှာပဲ ကပ္ပိယကြီး လုပ်နေသော ဘဖိုး (ဦးစိန်ဖိုး) ကို ကျွန်မ မီလိုက်ပါသေးသည်။ ဘဖိုးက ဘုန်းတော်ကြီးများ စာသင်နားချိန်မှာ ကိုရင်တွေ ကျောင်းသားတွေကို သူတတ်ထားသမျှ လူမှုနယ်ပယ်မှ ပညာတွေ သင်ပေးသည်။

စာပေပို့ချသင်ကြားပေးသော ဆရာတော်၏ ၀သီတော် အလျောက် တချို့ကျောင်းများတွင် ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ ရာဇသတ်ဓမ္မသတ်ကျမ်း၊ ဆေးကျမ်းများကိုပါ သင်းကြားပေးသည်လည်း ရှိ၏ ။ ရှေးက ပွဲကျောင်းဟု ခေါ်ကြသော ဘုန်းကြီးကျောင်းများမှာတော့ မြင်းစီး၊ လှံထိုး၊ ဓားရေး၊ လေးမြား အတတ်ကအစ လက်ဝှေ့ လက်သိုင်းပညာများကို သင်ကြားပေးကြသည်။ တချို့ကျောင်းများတွင် ဆိုင်းပညာ၊ ပန်းချီပန်းပုပညာ၊ မီးရှူးမီးပန်း ပညာလို သုခမအနုပညာများကို သင်ကြားပေးကြသည်ဆို၏ ။ ကျွန်မတို့ ရွာကျောင်းများကတော့ မီးပုံးပျံလုပ်သည့် အတတ်ပညာ၊ ကျွဲချိုကို အရုပ်ထွင်းသည့် ပညာ၊ စက္ကူကို အရုပ်မျိုးစုံချိုးသည့်ပညာ၊ လှော်လှေ ပြိုင်လှေ များခုတ်သည့် လက်သမားပညာများကိုသင်ကြားပေးတော်မူကြသည်။ ကျွန်မတို့ရွာက ရေ၀င်ရွာမို့ ရေကြီးခါဆိုလျှင် ရေပြင်ကျယ်ကြီးထဲမှာ လက်လှော်လှေကလေးများဖြင့် ကူးကြသန်းကြရသည်။ဘုန်းကြီးကျောင်းတိုင်းမှာ ဆွမ်းခံလှေကလေးတွေ မှောက်ထား တတ်တာကလည်း မြစ်နားကျေးလက်ဘုန်းကြီးကျောင်းများတွင် မြင်ရတတ်သည့် မြင်ကွင်းပဲ ဖြစ်သည်။

မနက်အရုဏ်တက်ချိန်တိုင်လျှင် ဘုန်းတော်ကြီးကျောင်းဆီက အုန်းမောင်းခေါက်သံ တတုံတုံသည် ရွာကျက်သရေဖြစ်သလို တစ်နေ့တာ၏ လုပ်ငန်းစရန်နှိုးဆော်သည့် နရီသံလည်းဖြစ်သည်။ မနက်လေးနာရီ ဆိုလျှင် အုန်းမောင်းခေါက်သံနှင့် အတူ ရွာကလေးသည် နိုးရပြီ။ မီးခွက်ကလေးတွေ ပြန်လင်းကြပြီ။ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ၊ ကြေးစည် ရိုက်သံတွေ ဆက်ကာဆက်ကာ ပေါ်ထွက်လာကြပြီ။ သည်အသံတွေကို ကြားရသူတိုင်းက သာဓုခေါ်ကြမြဲဖြစ်၏။

“ နာကိုး၊ တောင်းရှစ်၊ သာဓု တစ်၊ ဟောလစ် အသင်္ချေတဲ့၊ တရားနာရင် ကိုးကမ္ဘာ အပါယ်မလားဘူး။ တရားတောင်းသဲ့ သူများကျ ရှစ်ကမ္ဘာ အပါယ်မလားဘူး။ အမျှဝေသံကြားလို့ သာဓုခေါ်တဲ့ သူများကြတော့ တစ်ကမ္ဘာအပါယ်မလားဘူးသဲ့။ တရားဟော ပုဂ္ဂိုလ်များ အသင်္ချေ အပါယ်မလားဘူးသဲ့ ငါ့မြေးရဲ့ အမျှဝေသံကြားရင် သာဓု သာဓု သာဓုလို့ သုံးကြိမ်သုံးခါ ခေါ်ရသယ် ”

ငယ်ငယ်ကတည်းက အမေကြီးသင်ကြားခဲ့သဖြင့် အမျှဝေသံကြားလျှင် သာဓုခေါ်တတ်ခဲ့ရပြီ။

ရွာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် ရွာသူရွာသားတို့အပေါ် သြဇာညောင်းတော်မူကြသည်။ ရွာရေးရပ်ရေး ရှိလာသည့်အခါ ရွာက အဦးထားကာ တိုင်ပင်မေးလျှောက်ကြရသည်။ မြေးတွေပင်ရနေကြပြီ ဖြစ်သော်လည်း ဆရာတော်က အခေါ်တော်ရှိလျှင် ရောက်ရာအရပ်က သုတ်ကနဲ ထသွားကြရသည်။ အရက်သေစာ သောက်စားမူးရစ် ရမ်းကားသူများဆိုလျှင် အဆုံးအမ၊ အရိုက်အနှက်များပင် ခံကြရ၏ ။ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရိုသေကြရပါသည်။ ကျွန်မတို့ရွာအ၀င်တွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ယှဉ်လျက်ရှိသည်။ ရွာကတော့ ကျောင်းဘွဲ့ကိုမခေါ်ကြဘဲ အရှေ့ကျောင်း အနောက်ကျောင်းလို့သာ လွယ်လွယ်ခေါ်ကြသည်။ ကျောင်းနှစ်ကျောင်းကြား ရောက်ကြပြီဆိုလျှင် ပြောလက်စ စကားကိုပင် ကျယ်ကျယ်မပြောဝံ့။ ဘုရားဝင်းကျောင်းဝင်း မဟုတ်သော ရွာလမ်းဆိုသော်လည်း ကျောင်းရိပ်ကို နင်းရသည်ဆိုကာ ဖိနပ်ချွတ်သွားကြရသည်။ သည်လမ်းကလေးကတော့ ရွာအ၀င်လှည်းလမ်းလည်း ဖြစ်သည်။

ဟိုတုန်းကတော့ ဘုန်းကြီးကျောင်းသားချင်း တစ်ကျောင်းနှင့်တစ်ကျောင်း စာပြိုင်တတ်ကြသည့် ဓလေ့လည်းရှိ၏ ။ တစ်ကျောင်းနှင့် တစ်ကျောင်း ကျောင်းသားချင်း စာပြောင်စာချိုးတွေနှင့် လှောင်ကြ ပြောင်ကြတာမျိုးတွေလည်း ရှိသည်။
“ ညနေ ငပိဖုတ် လှဖေမိချုပ် ”
“ တုံးပေါ်ကြွက်လျှောက် အုံးကျော်လက်ကောက် ”
“ ကြက်ဥကုလားဆွဲ နက်ပုအသားမည်း”
စသဖြင့် တစ်ဦးနှင့်တစ်ဦး စာချိုးဖြင့် စကြနောက်ကြသည်။ သည်လိုစာချိုး စာစပ်တွေ သုံးကာ အော်ကြ ဟစ်ကြသံကြားလျှင် ဆရာတော်များကလည်း ပြုံးတော်မူတတ်ကြ၏ ။ စာအံကြချိန် အာဂန္တု ရဟန်းဧည့်သည်၊ လူဧည့်သည် ရောက်လာလို့ ဆရာတော် ကျောင်းပေါ်ကြွသွားပြီဆိုလျှင် ကျောင်းအောက်မှာ ကျွန်မတို့ ကလေးတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြတော့သည်။ စိမ်ပြေးတမ်း၊ ဂုံညှင်းဒိုးပစ်တမ်း၊ ကြက်ခွပ်တမ်း၊ ကစားကြရုံဖြင့် အားမရနိုင်ကြသေးဘဲ သစ်ပင်တက်တမ်းပင် ကစားလိုက်ကြသေး၏ ။

“ ကလေးတကာ့ ကလေးထဲတွင် ဘုန်းကြီးကျောင်းက ကလေးတွေလောက် ဆော့သာ ကြုံဖူးပေါင်တော် ကတည်း လက်ပံပင် ဇရက်ကျလို့ ”
လမ်းပေါ်မှာ ဖြတ်သွားကြသူတို့ပင် ကလေးများ၏ အော်ဟစ်သံကို မခံနိုင်ကြ။ ဆရာဘုန်းကြီးများကတော့ သည်အသံ သည်ဗလံတွေကို သည်းညည်းခံတော် မူနိုင်ရှာကြသည်။ သိပ်လွန်လာလျှင်တော့ ကျောင်းကြမ်းပြင်ကို ကြိမ်ဖြင့် ဖျန်းဖျန်းမြည်အောင် ရိုက်ကာ ဟန့်တားတော် မူကြ၏။
ကျေးလက် ဘုန်းကြီးကျောင်းများတွင် ရှေးဆရာတော်ကြီးများ လက်ထက်ကတည်းက စုဆောင်းခဲ့ကြသောရှေးဟောင်းပစ္စည်းတွေလည်း ရှိတတ်ပါသည်။ ကျွန်မတို့ ဘကြီးဘုန်းကြီးကျောင်းမှာဆိုလျှင် ပန်းချီတော် ဦးချစ်မြဲ ရေးဆွဲထားသော ဗုဒ္ဓ၀င်ဇတ်တော် ပန်းချီကားကြီးများရှိသည်။ ရှေးဟောင်းပေ၊ ပုရပိုက်များထည့်သောကျွန်းစာတိုက်သေတ္တာကြီးတွေကိုရွှေထီးဟောင်းကြီးများ မိုးလျက်သား မြင်တွေ့နိုင်သည်။ ကြေးကမ္မ၀ါများ၊ဘုရားဆင်းတုတော်များ၊ မောင်းများ၊ ရှေးခေတ် အသုံးအဆောင်များနှင့် အတူ ကျောင်းအောက်မှာ ရှေးပြိုင်လှေကြီးများကို ဂုဏ်တစ်ရပ်အနေဖြင့် တုံးဆင့်ကာ လှလှပပ ထားတတ်ကြ၏။ အညာကျေးလက် ဘုန်းကြီးကျောင်းတွေမှာ တွေ့ရတတ်သော အလှူရှင်လောင်းလှည့်ရတွင် နားထွင်း မိန်းကလေးများစီးသည့် လက်ရာမြောက်နားရံ လှည်းယဉ်ကြော့ကလေးလည်း ရှိတတ်ပါသည်။ ဆရာတော် ဟိုရွာသည်ရွာ ကြွတော့လည်း သည်လှည်းယဉ်ကလေးကိုပဲ သုံးတော်မူသည်။ ဘုန်းကြီးကျောင်းတွေအကြောင်း အမေ့ကို မေးကြည့်တော့ အမေက သူမှတ်မိတာကို ပြောပြသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အတွေ့အကြုံများဖြစ်သည်။

“ သည်တုံးက တိုင်းရေးပြည်ရေး အခြေအနေကို သိအောင်လို့ ဆိုပြီးတော့ တို့ဘလေး ဦးပဉ္စင်းက မြင်းခြံကို ခြေကျင်ကြွကြွပြီး စနည်းနာရသာအမော။ ဦးဇင်းက ကြားလာသဲ့သတင်း ရဲဘော်တွေကို ညဘက်ကျောင်းအမှောင်ချပြီး ပြန်ပြောရသာပေါ့။ ရွာကတော့ ဂျပန်နဲ့တိုးမှာ ကြောက်လို့ ရွာခရိုးတောင်မကျော်ဝံ့ကြဘူး ။ ဦးဇင်းကတော့ ကြောက်ပေါင် သူတစ်ပါးတည်း ကြွသာပဲ ”
ကျွန်မ ရွာပြန်တိုင်း ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ရောက်အောင်သွားကန်တော့သည့် ဒါန၀တ်ကိုတော့ မပျက်စေရ။ အရိယာ သူတော်စင်တို့၏ ရိပ်သာပတ်ဝန်းကျင်ဆိုတော့ အေးမြလှပါသည်။ ဘ၀အမောများပင် တဒင်္ဂပြေပျောက်ရပါ၏။ ကျောင်းဝိုင်းထဲက တန်ဆောင်းမှာ အဘိုး အဘွား၊ အဖေ အမေတို့၏ ကုသိုလ်စာတန်းကို ဖတ်ရတော့ ၀မ်းနည်းခြင်းနှင့် ကြည်နူးခြင်းကို ရောထွေး ခံစားရပါသည်။ အဘိုး အဘွားတို့၏ ရှေးကုသိုလ်ကိုသာ အောင်းမေ့ရင်း ကုသိုလ်ယူရခြင်းမျိုးမဟုတ်ပါလား။


ခင်ခင်ထူး
(မဟေသီ မဂ္ဂဇင်း၊ ဇွန် ၊ ၂၀၀၇ ခုနှစ်)

Sunday, September 22, 2013

ကျမနှင့် ပါဠိစာများ ...

ကျမနှင့် ပါဠိစာများ ...

ခုတလော မေဓာဝီတယောက် ပါဠိစာလုံးတွေနဲ့ အလုပ်တွေ များနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်လောက်က ဓမ္မဂင်္ဂါဆရာတော်ရဲ့ ဘလော့မှာ ပါဠိသင်ခန်းစာလေးတွေ တင်ထားတာ တွေ့တာနဲ့ သဘောကျလို့ ၀မ်းသာအားရ မှတ်စုစာအုပ်ထဲ ကူးပြီး လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ဖြစ်တယ်။ ပါဠိဆိုရင် ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ ဘုရားစာလို့ပဲ အများစုက ထင်ကြပေမဲ့ တကယ်တမ်းက ဘာသာစကားတခုလို လေ့လာကြည့်တဲ့အခါ အလွန် စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ သိပ်ကို စိတ်ဝင်စားနေပြီဆိုတော့ မေဓာဝီ ပါဠိကို လေ့လာတာ တော်တော် ခရီးရောက်နေပြီလို့ မထင်လိုက်ကြပါနဲ့။ အခုမှ သင်ခန်းစာ အမှတ် (၅) ပဲ ရှိပါသေးတယ်။ (ဘုန်းဘုန်းတောက်တို့ကတော့ ရယ်ချင်နေရော့မယ်။)

ပါဠိဝေါဟာရတချို့က ကိုယ်သိထားတာတွေ ကြားဖူးနားဝ ရှိနေတာတွေ ပါနေတော့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခါတလေတော့ နည်းနည်း ဦးနှောက်စားတယ်။ တချို့ အသုံးအနှုန်းတွေကို ကျမက အတွေးခေါင်တာကိုး။ ဖူးမြော်တာရယ် ဖူးမြင်တာရယ် တူလား မတူလား တော်တော်လေး စဉ်းစားရတယ်။ နောက်ဆုံးတော့ မတူဘူးလို့ ဆုံးဖြတ်ပြီး ဖူးမြင်တယ်ဆိုတာကို မြင်တယ်လို့ အနက် ပြန်လိုက်တယ်၊ ဖူးမြော်တာကိုတော့ ရှိခိုးတယ်လို့ ပြန်လိုက်တယ်။ သြကာသ ကန်တော့ချိုးထဲမှာ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရားလို့ အမြဲဆိုနေကျ ဆိုတော့ အဲလိုတွေးလိုက်မိတာ။ တကယ်တမ်းက ဖူးမြော်က မြင်တာနဲ့ အတူတူပဲတဲ့။ ဟဲ … သိမှ မသိဘဲလေ။

လေ့ကျင့်ခန်းပေးထားတဲ့ ပါဠိဝါကျလေးတွေ လုပ်ရင်း ကိုယ်မသိသေးတဲ့ ပါဠိစာလုံးတွေ တဖြည်းဖြည်း မှတ်မိလာတယ်။ ကျမက အလွတ်မကျက်ချင်ဘူး၊ ဆင်ခြေကတော့ ... ခေတ်သစ် ပညာရေးစနစ်ဟာ အလွတ်ကျက်စရာ မလိုဘူးပေါ့၊ တကယ်တော့ ကျက်ရမှာ ပျင်းလို့ပါ။ ငယ်ငယ်က ဘာသာရေး သင်တန်းတက်တော့ ဆရာက “အာဂုံဆောင်မှ အာဂလူ၊ အူကလာမှ အာဂလူ” လို့ ပြောဖူးတယ်။ ကျမက အာဂလူလဲ မဖြစ်ချင်တော့ မကျက်ပါဘူး။ ခဏခဏ ဖတ်ရင် ရေးရင် မှတ်မိမှာပဲဆိုတဲ့ အတွေးနဲ့ မှတ်စုစာအုပ်ထဲ လက်ရေးနဲ့ ကူးရေးထည့်ပြီး လေ့ကျင့်ခန်းတွေ လုပ်တယ်၊ မသိရင် ပြန်လှန်ကြည့်လိုက်တာပဲ၊ ပြန်လှန်လေ့ကျင့်ခန်း ဆိုပါတော့။ အလွတ်မကျက်တော့ စာမကြေဘူး၊ ဒါပေမဲ့ သင်ခန်းစာ တခုပြီးတာနဲ့ အသစ်ကလဲ ထပ်တက်ချင်သေးတယ်၊ ဒီတပည့်မျိုး သင်ရတဲ့ဆရာတော့ အတော်စိတ်ညစ်မှာပဲ။ :)

ပါဠိသင်ခန်းစာတွေ ဖတ်ရင်း လေ့ကျင့်ခန်းတွေလုပ်ရင်း ကျမတို့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ ပါဠိစာလုံးတွေသုံးပြီး ပြောခဲ့ဆိုခဲ့ ရယ်မောခဲ့ကြတာလေးတွေ အမှတ်ရမိလို့ ပြောပြရအုံးမယ်။ တလက်စတည်း ပါဠိနဲ့ နီးစပ်ခဲ့ပုံက စပြောပါမယ်။
***
ကျမ သိတတ်စ အရွယ် (ကျောင်းမနေခင် စာမဖတ်တတ်ခင်) ကတည်းက အဘိုးချမှတ်ထားတဲ့ စည်းကမ်းအရ အိမ်မှာ ညစာစားပြီး လူစုံချိန်ဆိုရင် တအိမ်သားလုံး ဘုရားဝတ်တက်ရတယ်။ သတ်မှတ်ချိန်ရောက်ရင် ကြေးစည် သုံးချက်တီးပြီး လူစုတယ်။ ပထမအချက် တီးရင် ကိုယ်လုပ်လက်စတွေ လက်စသပ်၊ ဒုတိယအချက်တီးရင် အိမ်ပေါ်ထပ် ဘုရားခန်းကို အရောက်သွားကြ၊ တတိယ အချက်တီးတဲ့ အချိန်မှာ ဘုရားရှေ့မှာ အားလုံး အဆင်သင့် ဖြစ်နေရပါပြီ။ ဘုရားစာတွေ မဖတ်တတ်ခင် အလွတ်မရခင် အဒေါ်တယောက်က တိုင်ပေးပြီး ကျမတို့က လိုက်ဆိုရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဘုရားရှိခိုးတွေ တော်တော်များများ အလွတ်ရလာတော့ အားလုံးသံပြိုင် ဆိုပြီး ကန်တော့ကြရတယ်။

ကျမ အသက် ၅ နှစ် အရွယ်မှာ အဘိုးက ခဏဆိုပြီး ဒုလ္လဘ၀တ်ရာက ပြန်မထွက်တော့ဘဲ ဘုန်းကြီးအပြီးဝတ်လိုက်တယ်။ ကျမတို့ မြေးတွေက အဘိုးဘုန်းကြီးရဲ့ အနားမှာ ဝေယျာဝစ္စလုပ်ရင်း အဘိုး အမြဲဖွင့်လို့ မင်းကွန်းဆရာတော်ဦးဝိစိတ္တရဲ့ ပရိတ်ကြီး ၁၁-သုတ်ကလဲ အလွတ်မရသည့်တိုင် နားထဲစွဲလာတယ်။ ပရိတ်သာ အလွတ်မရတယ်၊ နားထောင်တာများတော့ ဘယ်လောက်တောင် စွဲလဲဆိုရင် ဘယ်နေရာမှာ နာရီကြီး မြည်မယ်၊ ဘယ်နေရာမှာ ဆရာတော် ချောင်းဟန့်မယ်ကအစ မှတ်မိနေခဲ့တာ။

နည်းနည်းကြီးလာတော့ (ရှစ်တန်း ကိုးတန်းလောက်မှာ) အဖေရဲ့ ပရိတ်ကြီး ၁၁-သုတ် အသံထွက် ရွတ်ဖတ်နည်း စာအုပ်ကလေး ထွက်လာတော့ ဘုရားဝတ်တက်တိုင်း ခါတိုင်းရွတ်နေကျ ဘုရားရှိခိုးတွေ အပြင် ပရိတ်ကြီး ၁၁-သုတ်လုံး ရွတ်ရတော့တာပဲ။ အဖေ့စာအုပ်ထဲမှာ ပါဠိတကြောင်း အသံထွက်တကြောင်း လုပ်ပေးထားတော့ ကျမတို့လို လူပြိန်းတွေအတွက် ဖတ်ရတာ အဆင်ပြေပြီး အသံထွက်တွေလဲ မမှားတော့ဘူး။ ပါဌ်ဆင့်တွေကို ဘယ်လို အသံထွက်တယ်ဆိုတာကိုလဲ ရှေ့ပိုင်းမှာ ပါဠိဖတ်နည်းကို ဇယားလေးနဲ့ လင်္ကာလေးတွေနဲ့ ရှင်းပြထားတော့ ပါဠိ စာလုံးပေါင်းပုံကအစ တဖြည်းဖြည်း သိလာပါတယ်။

အဲဒီတုန်းကတော့ အဘိုးကို ကြောက်လို့သာ ရွတ်ရတယ်၊ စိတ်က သိပ်မပါလှဘူး။ စိတ်အိုက်အိုက်နဲ့ ရွတ်ရတာပါ။ အဘိုးမသိအောင် ခက်တဲ့သုတ်တွေ ကျော်ချကြသေးတယ်။ အာဋာနာဋိယသုတ်မျိုးတွေပေါ့။ များသောအားဖြင့်တော့ ကျော်လို့မရပါဘူး၊ အဘိုးက နောက်ကနေ အသာလေး ကြည့်နေတတ်တယ်။ ဘယ်သူ အသံသိပ်မထွက်လဲ မရွတ်ဘဲ ခိုနေကပ်နေသလဲ နားထောင်ပြီး မထင်ရင် မထင်သလို ဆော်ပလော်တီးသေးတာ၊ မြေးမိန်းကလေးတွေ အရိုက်မခံရပေမဲ့ ကျမ အကိုဝမ်းကွဲတွေတော့ မကြာခဏ အဘိုးတောင်ဝှေးစာ မိကြတယ်။

ဆယ်တန်းအောင်ပြီးတော့ အဘိုး ပျံတော်မူသွားတဲ့အခါ ကျမတို့ မောင်နှမတွေအားလုံးကို အဖေက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာသင်တန်းနဲ့ တက်လို့ရသမျှ ဘာသာရေး သင်တန်းတွေ တက်ခိုင်းပါတယ်။ ဆရာကြီး ဦးမြသောင်း သင်တဲ့ ဗိုလ်တထောင်ဘုရားက မြတ်ရတနာ ဓမ္မစာပေသင်တန်းမှာပါ။ အဲဒီမှာ ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ အဘိဓမ္မာ အကုန်တက်ခဲ့ရတယ်။

ဒီလိုနဲ့ ကျမတို့ နှုတ်ထဲမှာ ပရိတ်ကြီး ၁၁-သုတ်တွေ ဘုရားစာတွေက ယဉ်ပါးနေပြီး အလကားနေရင်း ပရိတ်ထဲက ပါဠိစာသားတွေကို ရွတ်နေဆိုနေမိကြတယ်။ ဘယ်လောက်တောင်လဲ ဆိုတော့ စကားပြောတာတောင် ပါဠိစာသားတွေ ထည့်ပြောလို့။ တော်လိုက်ကြတာနော်လို့ ဖတ်ရင်းနဲ့ တွေးနေကြသလား မသိဘူး။ ခဏလေး … ဆက်ဖတ်ကြည့်ပါအုံး … ။

“ငါတို့ ပူဇာစ ပူဇနေယျာနံ* လုပ်ကြရအောင်”
လူကြီးတွေကို တခုခု ပူဆာချင်ရင် အဲဒီလိုပြောကြတာ။

ပန်းကန်တွေဆေးပြီး ရေသုတ်ခိုင်းရင် …
“ရေသုတ် ပယုတ္တာ (ယေ သုပ္ပယုတ္တာ*) လုပ်လိုက်ပါ” လို့ ပြောလေ့ရှိတယ်။

ပစ္စည်းတွေ တခုနဲ့ တခုရောထွေးနေတာကို မြင်ရင်တော့ …
“သောကောရောကော ၀ိနဿတု*” တွေ ဖြစ်နေပြီပေါ့။

ဒါတွင် မကသေးဘူး၊ ယောင်တာတောင် ပါဠိသံကလေးနဲ့။
ကြီးတော်ကြီး ယောက်ျားဟာ တရက်တော့ ဟင်းအိုးအဖုံးဖွင့်လိုက်တာ လက်ပူသွားတော့
“ဟဲ့ - ပူရင်တံ (ပူရန္တေံ)*” လို့ ယောင်တယ်။ သူယောင်နည်းကို သဘောကျလို့ ကျမတို့လဲ ပူရင်တံလို့ လိုက်ယောင်ကြတာပဲ။

အဒေါ်တယောက်ကတော့ သူ့သားသမီးတွေကို ဟိုဟာနဲ့ ဒီဟာ ရောခိုင်းရင် …
“ယောစာမနာပေါ*” လုပ်လိုက်ဆိုပဲ။

အဲဒီလိုတွေ ထည့်ပြောနေကြတာပါ။ ဘုရားစာထဲက ပါဠိတွေကို နောက်တီးနောက်တောက် ယူသုံးနေလို့ ငရဲများ ကြီးမလားတော့ မသိပါဘူး။ ကျမတို့ကတော့ ပျော်ပျော်ကြီး သုံးနေမိကြတာပဲ။ ကိုင်း ဒါလောက်ဆို ကျမတို့ ပါဠိတွေ ဘယ်လိုသုံးလဲ သိလောက်ပါပြီ။
***
ကျမ ခုနစ်တန်း ရှစ်တန်းလောက်က အဖေ့ဆီမှာ လာအလုပ်လုပ်တဲ့ လူကြီးတယောက်ရှိတယ်၊ နာမည်က ဦးဝင်းစိန်တဲ့။ သူက ဘုန်းကြီးလူထွက် - အသက်ကတော့ သိပ်မကြီးသေးပါဘူး။ သူက ဓမ္မာစရိယ အောင်ပြီးမှ ရဟန်းဘ၀ကို ငြီးငွေ့လို့ လူဝတ်လဲပြီး အလုပ်ရှာနေချိန် အဖေက အိမ်မှာ ပုံနှိပ်စက်ကလေး လုပ်နေတော့ ဘုရားစာအုပ်တွေ ရိုက်တဲ့အခါ သူ့ကို ပရုဖ်ဖတ် စာတည်း အသုံးတည့်လို တည့်ငြား အိမ်မှာ ခေါ်တင်ထားပါတယ်။ သူကလဲ အဖေနဲ့ နေရတာ ပျော်ပြီး ဈေးသွား ဘာသွား အိမ်အလုပ်တွေပါ ကူလုပ်ပေးတယ်။ ဒါပေမဲ့ ဘုန်းကြီးလူထွက်ပီပီ သူက အလုပ်လုပ်ရင် အစဉ်အတိုင်းပဲ လုပ်တယ်။ ကြားဖြတ် ကျော်ပြီးခိုင်းလို့ မရဘူး။ ပြောလိုက်ရင် ယထာက္ကမန် (အစဉ်အတိုင်း) လုပ်တာပါ ဦးရယ် … တဲ့။ ဒါကြောင့် အဖေက သူ့ကို နာမည်မခေါ်တော့ဘူး၊ ယထာက္ကမန် (ယထက်ကမန်) လို့သာ ခေါ်တော့တယ်။ တခါတလေ အတိုကောက် ခေါ်တာ “ယထက်” တဲ့။ ကျမတို့အားလုံးလဲ သူ့ကို အဖေခေါ်သလို “ယထက်ကမန်” ပဲ ခေါ်ကြတော့တာပဲ။

အဲဒီတုန်းက နေ့ခင်းနေ့လည် အလုပ်ပါးရင် အဖေက စာစီသမားကြီးတွေနဲ့ စစ်တုရင် ကစားလေ့ရှိတယ်။ အဲဒီအခါ ဘုန်းကြီးလူထွက် ယထက်ကမန်ကြီးက မကစားတတ်ပေမဲ့ ဘေးနားက ကြည့်ပြီး အားပေးနေကျပေါ့။ အဖေတို့က ကစားရင်း ကိုယ့်အရုပ် တဘက်လူက စားသွားရင် …
“ဟာ … သေရော” လို့ စိတ်ပျက်လက်ပျက် အော်တဲ့အခါ … သူက ဘေးနားကနေ
“မြတ်၏” လို့ ခပ်တိုးတိုး ဆိုတယ်။

ကစားသူတွေက “သေရော” တခါပြောတိုင်း “မြတ်၏” ပြောနေတာ ဘာကြောင့်လဲ ကျမတို့က မသိဘူး။ နောက်မှ အဖေ့ကိုမေးကြည့်တော့ …
သေယျော - ဆိုတဲ့ ပါဠိရဲ့ အဓိပ္ပါယ်က မြတ်၏တဲ့။ သူက ဘုန်းကြီးလူထွက်ဆိုတော့ အနက်ပြန်တာ အကျင့်ပါပြီး သေရောပြောတိုင်း သေယျောလို့ သဘောထားပြီး မြတ်၏လို့ ဘာသာတွေ ပြန်နေတော့တာကိုး။ နောက်ပိုင်း ကျမတို့လဲ တခုခုမှာ သေရော လို့ ပြောမိတိုင်း နောက်ဆက်တွဲ မြတ်၏ ကလေးပါ ထည့်ပြောဖြစ်ကြရင်း “သေရော - မြတ်၏” ဆိုတဲ့ စကားလေး ကျမတို့ မိသားစုထဲမှာ တွင်သွားတော့တယ်။

တလောက အဖေနဲ့ စကားပြောဖြစ်တုန်း ယထက်ကမန် တယောက် ဘယ်ရောက်နေလဲလို့ မေးမိတော့ …
“သူ့ရွာပြန်သွားပြီး မိန်းမရသွားတယ်၊ ကလေးတွေ ဘာတွေလဲ ရနေပြီ၊ ခုတော့ ရရာအလုပ် လုပ်နေသတဲ့၊ ရန်ကုန်ရောက်တုန်း အဖေ့ကို လာကန်တော့သွားသေးတယ်၊ သိပ်ပြေပြေလည်လည်တော့ ရှိပုံမပေါ်ဘူး” လို့ အဖေက ပြောပြတယ်။ အဲဒီစကားကြားတော့ သြော် … သူ့ခမျာ ဓမ္မာစရိယအောင်ပြီးခါမှ သားကျွေးမှု မယားကျွေးမှုနဲ့ ပင်ပင်ပမ်းပမ်း ဖြစ်နေရှာတယ် … လို့ ဆိုပြီး စိတ်မကောင်း ဖြစ်မိသေးတယ်။ ဒါပေမဲ့ … ပြန်စဉ်းစားလိုက်တော့လဲ သူက ယထာက္ကမန် ဆိုတဲ့အတိုင်း သူလုပ်ချင်တာ အစဉ်အတိုင်း လုပ်နေတာပဲနေမှာပါလေ … ဒီတော့လဲ သူပြောနေကျအတိုင်း ဘာပဲဖြစ်ဖြစ် သေရော (သေယျော) မြတ်၏ ပဲပေါ့လို့ … တွေးမိပြီး ဖြေသာသွားပါရောလား။

ကျောင်းပိတ်လို့ အချိန်ရခိုက် ပါဠိစာတွေ လေ့လာတုန်း ငယ်ငယ်က ကြုံခဲ့ဖူးတာလေးတွေ သတိရမိတာနဲ့ အမှတ်တရ ပြန်ရေးလိုက်တာပါ။ ဘုရားစာကို နောက်ပြောင်လို စိတ်နဲ့ မဟုတ်ပါကြောင်း … ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးတို့အား ဦးခိုက်လျက် ...
***
မေဓာဝီ
၎၊ ဇူလိုင်၊ ၂၀၁၁
၁၈း၀၄ နာရီ

၁) ပူဇာ စ ပူဇ နေယျာနံ (မင်္ဂလသုတ်မှ)
၂) ယေ သုပ္ပယုတ္တာ (ရတနသုတ်မှ)
၃) သောကော ရောကော ၀ိနဿတု (အာဋာနာဋိယသုတ်မှ)
၎) ပူရေန္တံ (မောရသုတ်မှ)
၅) ယောစာမနာပေါ (ပုဗ္ဗဏှသုတ်မှ)

Saturday, September 21, 2013

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်


ပြည်မသိ ဗာရာဏသီ ၊ မင်းမသိ ဗြဟ္မဒတ်

မေး။ ။ ဘုရားဟော သုတ္တန်၊ ဇာတ်၊ နိပါတ်တော်များတွင် “ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်စိုးတော်မူစဉ်” စသည်ဖြင့် တရားစာပိုဒ် တော်တော်များများ တွေ့ကြရသည်။ ထိုအခါ တစ်ယောက်သော မိတ်ဆွေက “ဒါကတော့ဗျာ မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့ ဆိုရိုးရှိတယ်လေဗျာ၊ ဇာတ်တော်တိုင်း ဒီလိုချည်း ပြဆိုရတာပေါ့” ဟု ဆိုလာပါသည်။
ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ

ဖြေ။ ။ ရှေးဦစွာ ဗာရာဏသီ-ဟု အမည်ရခြင်းအကြောင်းများကို ဗဟုသုတ အဖြစ်ဖော်ပြချင်ပါသည်။
၁။ ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ (ဗာရဏသာ+ဏ+ဤ)
၂။ ၁၂-ဦးသော ရသေ့မုနိတို့ သက်ဆင်းဝင်ရောက်ရာ ဌာနဖြစ်သော ကြောင့် ဗာရာဏသီ၊ (ဒွါဒသဣသိ+ဤ)
၃။ အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာဟောတော်မူရန် သက်ဆင်းရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊
၎။ မျောက်ဦးခေါင်းရှိရာ (သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရဏသီ၊ (ဝါရဏသီသ+ဏ+ဤ)
၅။ မြို့တည်စအခါ၌ မင်းနှစ်ပါးတို့ စစ်ထိုးရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ (ဒွိ+ရဏ+သ+ဤ)
၆။ ဝရဏာမြစ် အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီ-ဟု ခေါ်၏။

ဗာရာဏသီပြည်အနီး မိဂဒါဝုန်၌ ဘုရားရှင် ဟောတော်မူအပ်သော သုတ္တန်များမှာ--
၁။ ဓမ္မစကြာသုတ်၊
၂။ အနတ္တလက္ခဏသုတ်၊
၃။ ပဉ္စသုတ်၊
၎။ (ပထမ+ ဒုတိယ) မာရပါသသုတ်၊
၅။ ဓမ္မဒိန္နာသုတ်၊
၆။ အာဒိတ္တပရိယာယသုတ်၊
၇။ သစ္စဝိဘင်္ဂသုတ်၊
၈။ ရထကာရသုတ်၊
၉။ သမယသုတ်၊
၁၀။ သစေတနသုတ်၊
၁၁။ ကဋုဝိယသုတ်၊
၁၂။ မေတ္တေယျပဉှာတို့ ဖြစ်၏။
အခြားသော အရှင်သာရိပုတ္တရာ- စသော သာဝကဘာသိတသုတ်များ လည်း အနည်းငယ် ရှိသေး၏။

ဗာရာဏသီပြည်သည် အမြဲပင် ဗာရာဏသီ အမည်ရှိနေခဲ့သည် မဟုတ်ပါ။
“အယဉှိ ဗာရာဏသီ ဥဒယဇာတကေ သုရုန္ဓနဂရံ နာမ ဇာတာ။ စူဠသောမဇာတကေ သုဒဿနံ နာမ၊ သောဏနန္ဒဇာတကေ ဗြဟ္မဝဍ္ဎနံ နာမ၊ ခဏ္ဍဟာလဇာတကေ ပုပ္ဖဝတီနာမ ၊ ဣမသ္မိံ ပန ယုဓဉ္စယဇာတကေ ရမ္မနဂရံ နာမ အဟောသိ။ ဧဝမဿ ကဒါစိ နာမံ ပရိဝတ္တတိ။” (စရိယာ၊ဋ္ဌ၊ ၁၇၇)

ဟူသော စရိယာပိဋက အဋ္ဌကထာအတိုင်း “ဥဒယ(ဘဒ္ဒ) ဇာတ်တော်တွင် သုရုန္ဓနမြို့-ဟု ခေါ်၏။ စူဠသုတသောမဇာတ်တော်တွင် သုဒဿနမြို့ဟု ခေါ်၏။ သောဏနန္ဒ ဇာတ်တွင် ဗြဟ္မဝဍ္ဎနမြို့ဟု ခေါ်တွင်၏။ (စန္ဒကုမာရ) ခဏ္ဍဟာလဇာတ်တော်တွင် ပုပ္ဖဝတီ အမည်ရ၏။ ယုဓဉ္စယဇာတ်တော်တွင် ရမ္မမြို့ဟု ခေါ်တွင်၏။

ဗာရာဏသီ-ဟု အမည်ရသည့်အခါ၌လည်း အမြဲတမ်း ဗြဟ္မဒတ်- အမည်ရှိသော မင်းချည်း မဟုတ်ပါ။ ဂိရိဒတ္တဇာတ်တွင် ဗာရာဏသီပြည်၌ သာမ- မည်သော မင်း ထီးနန်းစိုးစံကြောင်း လာ၏။

ထိုဗာရာဏသီပြည်၌ပင် ဓမ္မဓဇဇာတ်တွင် ယသပါဏိမင်း၊ မဟာပိင်္ဂလဇာတ်တွင် မဟာပိင်္ဂလမင်း၊ ဂါမဏိ စန္ဒဇာတ်တွင် ဇနသန္ဓမင်း၊ ဒူတဇာတ်တွင် ဘောဇနသုဒ္ဓိကမင်း၊ ခန္တီဝါဒီဇာတ်တွင် ကလာဗုမင်း၊ ကာဠဗာဟုဇာတ်တွင် ဓနဉ္စယမင်း၊ စူဠဓမ္မပါလဇာတ်တွင် မဟာပတာပမင်း၊ သုယောနန္ဒီဇာတ်တွင် တမ္ဗမည်သောမင်း၊ သတ္ထုဘသ္တဇာတ်တွင် ဇနကမင်း၊ ကုမ္ဘကာရဇာတ်တွင် သေနကမင်း၊ ဒဠှဓမ္မဇာတ်တွင် ဒဠှဓမ္မမင်း၊ ဂိဇ္ဈဇာတ်တွင် သေနကမင်း၊ မဟာကဏှဇာတ်တွင် ဥသိနကမင်း၊ ဘလ္လာတိယဇာတ်တွင် ဘလ္လာတိယမင်း၊ ဟတ္ထိပါလဇာတ်တွင် ဧသုကာရီမင်း၊ မဟာဟံသဇာတ်တွင် သံယမမင်း၊ တေမိဇာတ်တွင် ကာသိမင်း မင်းပြုကြောင်း အသီးသီးလာရှိ၏။

ဗာရာဏသီပြည်တွင် ဘုရားလောင်း မင်းပြုသည်ရှိသော် စသည်ဖြင့် အမည်နာမ အထူးမပြုဘဲ ဖော်ပြထားသော ဇာတ်တော်များလည်း များစွာရှိသေး၏။

ဗြဟ္မဒတ်မင်း ဟူရာ၌လည်း တစ်ဦးတည်းကို ဆိုလိုသည်မဟုတ်၊ ဗြဟ္မဒတ္တ- ဟူသည် မျိုးနွယ်အမည်၊ သို့မဟုတ် မင်းဆက်အမည်-ဟု ပညာရှင်များ ယူဆကြ၏။ ဘုရားရှင်ကို သိဒ္ဓတ္ထ-ဟု ခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ ဂေါတမဟု မျိုးနွယ်အမည်ကို ခေါ်ဝေါ်သကဲ့သို့၊ သို့မဟုတ် ဂျော့ဘုရင် ဟူရာ၌ စတုတ္ထမြောက် ဂျော့ဘုရင်၊ ပဉ္စမမြောက် ဂျော့ဘုရင် စသည်ဖြင့် တစ်ဦးတစ်ယောက်တည်း မဟုတ်သကဲ့သို့ မှတ်ယူသင့်ပါသည်။

“မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ” ဟူသော ဆိုရိုးစကားကား အတွေ့ရများသဖြင့် ဇာတ်တော်များကို ပြန်လည်ပြောပြသည့်အခါ မင်းအမည်ကို မမှတ်မိလျှင် ဗြဟ္မဒတ်၊ ပြည်ကို မမှတ်မိလျှင် ဗာရာဏသီဟု ပြောလိုက်လျှင် မှန်ကန်ဖို့ ရာခိုင်နှုန်းများသဖြင့် “မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ-လို့သာ ပြောလိုက်ကွာ” စသည်ဖြင့် ပြောဆိုကြရာမှ ဆိုရိုးစကားသဖွယ် ဖြစ်လာသည်ဟု ယူဆပါသည်။

အရှင်ကောဝိဒ (ယော)


Friday, September 20, 2013

ကတိရယ်...၊ ဂတိရယ်...၊ အဂတိရယ်...

9.19.3


နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က ကျင်းပစဉ်

ကတိရယ်...၊ ဂတိရယ်...၊ အဂတိရယ်...

နိုင်ငံသားမှန်က နိုင်ငံရေးကို စိတ်ဝင်စားရမယ်။ ကိုယ့်နိုင်ငံရေး ကိုယ်သိရမယ်။ တတ်စွမ်းသမျှ ပါဝင်ထမ်းရွက်ရမယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဆိုတာ နိုင်ငံရေးသမားမှ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ နိုင်ငံသားတိုင်း လုပ်ရမယ့် အလုပ်ပဲ။ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်နိုင်မှ အဲဒီနိုင်ငံဟာ ကောင်းလာနိုင်မယ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ဆိုရာမှာ အဓိကအားဖြင့် နိုင်ငံသားတိုင်း နိုင်ငံရေး အသိအမြင် ပွင့်လင်းစေရမယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသား တစ်ဦးချင်းစီရဲ့ သေရေးရှင်ရေးကိစ္စ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ သိနားလည်နိုင်တဲ့ နိုင်ငံရေး အသိဥာဏ်ရေချိန် မြင့်မားပွင့်လင်း လာအောင် လုပ်ပေးရမယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးအသိအမြင် ပွင့်လင်းပြီး မိမိနိုင်ငံ မြင့်မားရေးအတွက် မိမိက တစ်တပ်တစ်အား ပါဝင်ထမ်းရွက်မှသာ မိမိနိုင်ငံ အဆင့်တစ်ခု မြင့်မြင့်မားမား ရှိပေလိမ့်မယ်။ ကိုယ်လဲတာ ကိုယ်ထူ၊ ကိုယ်ထူမှ ကိုယ်ထနိုင်လိမ့်မယ်။

အာဏာရှင် ခေတ်တစ်လျှောက် နိုင်ငံရေးကို နိုင်ငံသားတို့နဲ့ မဆိုင်အောင် ခြိမ်းခြောက်ခဲ့ကြလို့ နိုင်ငံသားတို့နဲ့ နိုင်ငံရေးက ခပ်စိမ်းစိမ်း ဖြစ်နေခဲ့တယ်။ နိုင်ငံရေးဆိုရင် ထောင်ဒဏ်လား၊ သေဒဏ်လား ထင်မှတ်မှားကာ ကြောက်ရွံ့နေခဲ့ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပါ ဆိုသူများလည်း ခပ်များများ ပေါ်ထွက်လာခဲ့တယ်။ အမှန်က နိုင်ငံရေးကို စိတ်မ၀င်စားပါ ဆိုတဲ့သူဟာ ကိုယ်ကျိုးသမား ဆန္ဒာဂတိ၊ အကြောက်ကြီးသူ ဘယာဂတိ၊ နိုင်ငံရေးကို မသိနားမလည်သူ မောဟာဂတိ စတဲ့ အဂတိတရားများ သင့်ရောက်မှန်းမသိ သင့်ရောက်နေသူများသာ ဖြစ်တယ်။

အရင်စစ်အစိုးရက စက်သေနတ်နဲ့ အုပ်ချုပ်တယ်။ အခုအစိုးရကတော့ လေသေနတ်နဲ့ အုပ်ချုပ်တယ်။ တစ်ယောက်သောသူက လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ မေးလို့ အဲဒီလိုဖြေလိုက်တယ်။ သမ္မတကြီး လစဉ်မိန့်ခွန်းတွေ ပြောနေတာတွေ၊ လယ်တောအိမ်မှာ ပါတီအဖွဲ့ငယ်တွေနဲ့ တွေ့လိုက်။ ၈၈ အဖွဲ့နဲ့ တွေ့လိုက်ဆိုတာတွေ တွေ့ရတော့ ၁၉၈၈ တုန်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့ဆိုတဲ့ သမ္မတ ဒေါက်တာမောင်မောင်ရဲ့ လေသံကို သွားသတိရ ကြားယောင်မိတယ်။

အရင်စစ်အစိုးရနဲ့ အခုအစိုးရ ထူးခြားတာက အရင်စစ်အစိုးရက နည်းဗျူဟာအရ ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်၊ ဘေဒဥပါယ်သုံးပါးကို ပုဂ္ဂိုလ်ကြည့်ပြီး လိုသလို လှည့်သုံးတယ်။ ပျော့ညံ့တဲ့သူကို အခွင့်အရေး တစ်ခုခုပေးပြီး ငြိမ်အောင်လုပ်တယ်။ ပြင်းထန်တဲ့သူကို ဒဏ်ခတ်တယ်၊ ထောင်သွင်းနှိပ်စက်တယ်၊ နှစ်ရှည်ထောင်ချတယ်၊ အချို့ကို သွေးခွဲသပ်လျိုတယ်၊ သာမဥပါယ်ကို လုံးဝမသုံးဘူး။ ဒါကြောင့် သူတို့မအောင်မြင်ဘူး။ အခု အစိုးရကတော့ သာမဥပါယ်ကို အလေးထား သုံးစွဲလာတယ်။ ဒါကြောင့် အနောက်ကမ္ဘာက အသိအမှတ်ပြု လက်ခံလာတယ်။ အနောက်ကမ္ဘာမှာ ၀င်ဆံ့လာတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် လက်ရှိအကျိုးဖြစ်တာ မဖြစ်တာထားလိုက်၊ ဒီသာမဥပါယ်ကြောင့် သူတို့လမ်းကြောင်းကတော့ ဖြောင့်သင့်သလောက် ဖြောင့်သွားတာအမှန်ပဲ၊ သူတို့အတွက် ပြောတာနော်၊ တိုင်းပြည်အတွက် ပြောတာမဟုတ်ဘူး။ အခြေခံပြည်သူ အများစုကတော့ ကြာလေ မချောင်လေပဲ၊ ကြာလေ ကျပ်သထက် ကျပ်လေပဲ၊ ဒါသစ္စာတရား။ ရပ်ကွက်တွေထဲဝင်ကြည့်၊ အခြေခံ လူတန်းစားတွေထဲ သွားကြည့် သိရလိမ့်မယ်။ ဘာတွေ မှားနေတာလဲ၊ ဘယ်သူတွေ မှားနေတာလဲ၊ ပြည်သူအပေါ် တကယ်စေတနာရှိရင် အုပ်ချုပ်သူ အကြီးအကဲတို့ အဖြေရအောင်ရှာကြ၊ သိပါလျက်နဲ့ မသိချင်ယောင် ဆောင်နေကြတာလား၊ ဒါကတော့ မသိ။

ဆရာတစ်ဦးက လက်ရှိနိုင်ငံရေးကို နားဝေတိမ်တောင် နိုင်ငံရေးကို ကင်ပွန်းတပ်တယ်။ မှန်လိုက်လေ၊ ဟိုလိုလို ဒီလိုလို ယောင်ခြောက်ဆယ် နိုင်ငံရေးပဲ၊ သာမဥပါယ်ဆိုတာ ပြေပြေပြစ်ပြစ် ပြေပြေလည်လည် လုပ်ဆောင်ခြင်း နည်းလမ်းလို့ အဓိပ္ပာယ်ရတယ်။ ပြေပြေပြစ်ပြစ် ကောင်းပါတယ်။ ပြေပြေလည်လည် ကောင်းပါတယ်။ ဒါပေမဲ့ အတိုက်အခံကောင်း မရှိဘဲနဲ့ အစိုးရကောင်း ဆိုတာ မရနိုင်ဘူး။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးက အတိုက်အခံ အသံက ပျောက်သလောက် ဖြစ်နေတယ်။ အတိုက်အခံက အတိုက်အခံ တာဝန်ကို အကြောင်းကြောင်းကြောင့် မယူဘဲနေက ဒီတာဝန်ကို ဘယ်သူယူမလဲ စဉ်းစားလိုက်တော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ အတိုက်အခံ တာဝန်ကို ပြည်သူကပဲ ယူရတော့မယ်။ ဒီအတွက် ပြည်သူက နိုင်ငံရေး အသိအမြင် ပွင့်လင်းဖို့ လိုလိမ့်မယ်။ ပြည်သူက ကိုယ့်အခွင့်အရေး ကိုယ်သိရမယ်။ အကြောက်တရားကို နောက်ထားလို့ ပြောစရာရှိပြော၊ ဆိုစရာရှိဆို ပြောရဲဆိုရဲရမယ်။ ဒါပေမဲ့ ပြည်သူအများစုဟာ မိမိအသက် ဆက်လက် ရှင်သန်နိုင်ရေး အတွက် ဆင်းရဲငြိုငြင်စွာ ရုန်းကန်ရတော့ အတိုက်အခံ လုပ်ဖို့လည်း အချိန်မရပါဘူး။ ဒီတော့ အတိုက်အခံ တာဝန်ဟာ ပြည်သူကိုယ်စားပြုတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာအပေါ်မှာ တာဝန်ကျလာတယ်။ ခရိုနီမီဒီယာတွေက အတိုက်အခံ မလုပ်ပေမဲ့ ပြည်သူ့မီဒီယာကတော့ အတိုက်အခံ လုပ်ရလိမ့်မယ်။ အစိုးရကောင်း ရဖို့အတွက် သတင်းစာ အယ်ဒီတာကောင်းကောင်း လိုတယ်လို့ ဂျာနယ်ကျော် ဦးချစ်မောင်က ဆိုခဲ့တယ်။

နိုင်ငံရေး တတ်သိနားလည်သူ၊ နိုင်ငံရေး စိတ်ထက်သန်သူတို့က လက်ရှိနိုင်ငံရေးကို အားမလို အားမရ ဖြစ်နေကြတယ်။ ပြောရိုး ပြောစဉ်မို့သာ အားမလို အားမရလို့ ပြောရတာ တကယ်တော့ အားလိုပါလျက် အားမရဖြစ်နေတာ၊ တကယ့်နိုင်ငံရေး အင်အားစုဘက်မှာ အားက မရှိဘူး ဖြစ်နေတယ်၊ ဆရာတို့ ပြောသလို နှစ်နှစ်ဆယ်လောက် နိုင်ငံရေးသင်း သတ်ခံရတာလည်း ပါတာပေါ့၊ ပြေပြေပြစ်ပြစ်၊ ပျော့ပျော့ပျောင်းပျောင်း ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ပျော့ပျော့လေးနဲ့ အ၀ှာပြုတဲ့ ---ဟို ဟာလို ဖြစ်မှာလဲ စိုးရတယ်။



တိုင်းပြည်အတွက် လားရာဂတိ ကောင်းဖို့ဆိုရင် အစိုးရအဖွဲ့ဟာ ဂတိတည်ဖို့ လိုသလို (တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိဖို့လို) အဂတိတရား ကင်းရှင်းဖို့ လိုပါလိမ့်မယ်။ လုံးဝကင်းစင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အဂတိတရားတွေ အတတ်နိုင်ဆုံး လျှော့ချဖို့ ကင်းရှင်းဖို့ လိုပေလိမ့်မယ်။ ကတိတည်မှ ဂတိတည်၊ ဂတိကောင်းပါလိမ့်မယ်။ အဂတိတရား ကင်းရှင်းမှ ဂတိ ကောင်းပါလိမ့်မယ်...



လက်ရှိ အနေအထားက မရေရာသော ဘ၀မို့ အားငယ်သည် ဆိုရမလား၊ အမှောင်လမ်းမှာ စမ်းတ၀ါးဝါးလို့ ပြောရမလား၊ေ၀၀ါးနေသော မနက်ဖြန်များလားလို့ အောက်မေ့ရမလား၊ နိုင်ငံရေး ဂတိကတော့ ဘာမှ မရေရာ မသေချာပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲတောင် စိတ်မချရသလို ဘာသာရေးနဲ့ အမျိုးသားရေးကို မှိုင်းတိုက်သူတို့ကြောင့် ၂၀၁၄ ကိုလည်း ဘာမှမယုံစားရဲဘူး ဖြစ်နေတယ်။ ပြည်သူတွေမှာ အနာဂတ် ပျောက်နေတယ်။ ဂတိတည်ဖို့ဆိုရင် ကတိတည်ရ ပါလိမ့်မယ်။ ဂတိမြဲဖို့ဆိုရင် ကတိမြဲရ ပါလိမ့်မယ်။ ဂတိဆိုတာ လားရာပဲ၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖို့ အရေးအကြီးဆုံးက ဂတိမြဲဖို့၊ လားရောက်ရာ ဘ၀ကောင်းဖို့ပဲ၊ သို့မဟုတ် အပါယ်တံခါး ပိတ်သွားဖို့ပဲ၊ လိုအပ်တာက ဂတိမြဲဖို့ အတွက်ဆိုရင် ကတိမြဲဖို့ ကတိတည်ဖို့ လိုအပ်သလို အဂတိကင်းရှင်းဖို့လည်း လိုပါတယ်။

မင်းမှာသစ္စာ လူမှာကတိ ဆိုရာမှာ မင်းလည်းလူပဲဆိုတော့ ကတိဆိုတာ သစ္စာတရားပဲ၊ အရကောက် အတူတူပါပဲ။ ကတိသစ္စာ တည်သောအခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ လို့ဆိုရာမှာ ကတိနဲ့သစ္စာ ထပ်တူအရတူ ဆိုထားပါတယ်။ ဒီလင်္ကာမှာ အဓိကညွှန်း လိုတာက တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ အစိုးရများကို ညွှန်းဆိုတာပါ။ တိုင်းပြည် အကြီးအကဲတွေ ကတိသစ္စာ မရှိခဲ့ကြရင် မြေဆီမြေလွှာဟာ အောက်ထဲကို ခုနစ်တောင် (၁၀ပေခွဲ လောက်) ဆုတ်နစ်ကျဆင်း သွားပါသတဲ့၊ ထိုအဆီသြဇာ မရှိတဲ့ အသီးအရွက်တွေ စားရတော့ စားသုံးသူလူထုမှာ ရောဂါဘယ ထူပြောရပါသတဲ့၊ ဒါဇာတ်အဋ္ဌကထာမှာ ဖွင့်ထားတာပါ။ မိမိတို့တိုင်းပြည် ကင်ဆာဆိုလည်း ထိပ်က၊ ဟိုရောဂါ ဒီရောဂါ၊ ရောဂါဆိုး တော်တော်များများ ထိပ်ကဆိုတော့ ဘာကြောင့်လဲ ဆိုတာ တွေးချင်စရာပါ၊ နှစ်ပေါင်းငါးဆယ်လောက် ခေတ်အဆက်ဆက်မှာ အုပ်စိုးသူတို့က တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ ကြသလို ပြည်သူလူထု အပေါ်မှာလည်း သစ္စာမဲ့ခဲ့ ကြလေတော့ . . .။

အစိုးရ၀န်ကြီးတွေ ကတိမတည်လို့၊ အကြီးအကဲတွေ ကတိမတည်လို့ ပူညံပူညံ အသံတွေ ဂျာနယ်တွေ ဖတ်ရတယ်။ တိုင်းပြည်ရဲ့ ရှေ့အနာဂတ်လားရာ ဂတိတွေက အစိုးရအဖွဲ့ရဲ့ ကတိသစ္စာပေါ်မှာပဲ တည်နေပါတယ်။ အစိုးရအဖွဲ့ဟာ တိုင်းပြည်အပေါ် ဘယ်လောက် သစ္စာစောင့်သိ ကြသလဲ၊ ပြည်သူအပေါ် ဘယ်လောက် စေတနာရှိကြသလဲ၊ တာဝန်နဲ့ ၀တ္တရားအပေါ် ဘယ်လောက် အလေးထားကြသလဲ၊ တိုင်းပြည်ရဲ့ အရွေ့က ဒီအပေါ်မှာပဲ အဓိက တည်နေပါတယ်။

နောက်တစ်ချက် ဂတိနဲ့ အဂတိ၊ တိုင်းပြည်ရဲ့ အရွေ့လားရာ ဂတိဟာ အစိုးရအဖွဲ့ရဲ့ အဂတိတရား ကင်းရှင်းမှု၊ အဂတိတရား လိုက်စားမှုနဲ့ တိုက်ရိုက် အချိုးညီနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး နိုင်ငံတွေထဲမှာ အဆင့်ငါးမှာ ရှိပါတယ်။ အဲဒီလောက် အခြေအနေ ဆိုးပါတယ်။ အဂတိတရားဆိုတာ လောဘဒေါသ မောဟတွေက လာတယ်။ အာဏာ မက်မောမှုကြောင့်ဖြစ်စေ၊ ဥစ္စာမက်မော မှုကြောင့်ဖြစ်စေ၊ သူ့ဆန်စားရဲမှ ဆိုသလို သူ့ထံက တံစိုးလက်ဆောင် ယူထားမှုကြောင့်ဖြစ်စေ၊ သံယောဇဉ်မကင်း၊ ကျေးဇူးမကင်း မှုကြောင့်ဖြစ်စေ မလုပ်သင့် မလုပ်ထိုက် တာကိုလုပ်ရင် ဆန္ဒာဂတိ၊ ဒေါသကြောင့် အမုန်းအာဃာတကြောင့် မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် ဒေါသာဂတိ၊ မသိနားမလည်မှုကြောင့် မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် မောဟဂတိ စေတနာ အမှားဆိုတာဟာ မောဟာဂတိပဲ။ ရာထူး အာဏာဥစ္စာ အခွင့်အရေး စသည်တစ်ခုခု မိမိလက်လွှတ် ဆုံးရှုံးရမှာ ကြောက်လို့ သို့မဟုတ် မိမိက လက်လွန်ခြေလွန် တစ်ခုခု ကျူးလွန်ထားပြီး မိမိအလှည့်ရောက် ပြန်ခံရမှာကို ကြောက်လို့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် ဘယာဂတိ၊ ကြောက်တယ်ဆိုတာ ဆုတ်နစ်တဲ့ဒေါသပဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆိုတာ တကယ်တော့ အဂတိလေးပါးကို အခြေခံ ရေးဆွဲထားတာပဲ။

အာဏာနဲ့ ဥစ္စာဟာ အတော်ကြောက်ဖို့ ကောင်းတယ်။ ဒီနှစ်ခုနဲ့ ပတ်သက်လာရင် သာမန်လူတွေဟာ ဖောက်ပြန်ပျက်စီး ကြတာပဲ။ ဂတိမြဲမှပဲ အဂတိက ကင်းရှင်းတာ ဆိုတော့ ဂတိမမြဲသေးရင် အဂတိမကင်းရှင်း၊ အဂတိမရှင်းသေးရင် ဂတိမမြဲ၊ သူတို့နှစ်ခုက အဲဒီလို အပြန်အလှန် ဖြစ်နေတယ်။ ဂတိမြဲဖို့ သီလမြဲဖို့တော့ လိုလိမ့်မယ်။ ငါးပါးသီလကိုသာ လုံခြုံအောင် ထိန်းနိုင်ရင် ဂတိက မြဲပါတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့အရွေ့ လားရာဂတိဟာ အစိုးရအဖွဲ့ ငါးပါးသီလ လုံမလုံဆိုတဲ့ အပေါ်မှာ တည်နေတယ်။

အာဏာရှင် အစိုးရတွေ အုပ်ချုပ်တိုင်းမှာ ခရိုနီခေတ်ပျက် သူဌေးတွေ ပေါ်စမြဲပဲ။ တိုင်းပြည် အကူးအပြောင်း ကာလတိုင်းမှာ ခရိုနီ ခေတ်ပျက် သူဌေးတွေ ပေါ်စမြဲ။ အဲဒီခရိုနီ တချို့ဟာ လွှတ်တော်ထဲမှာလည်း ရှိနေတယ်။ အစိုးရအဖွဲ့ ထဲမှာလည်း ပါနေတယ်။ ဒါဟာ တိုင်းပြည်အတွက် လုံးဝမကောင်းဘူး။ ပြင်ပတခြား အရေးကြီး အဖွဲ့အစည်းတွေမှာလည်း သူတို့ပဲ ကြီးစိုးထားကြတယ်။ ဒါဟာလည်း တိုင်းပြည်အတွက် လုံးဝမကောင်းဘူး၊

ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် လုံးဝမကြည့်၊ သူတို့ကိုယ်ကျိုးသာ ကြည့်လို့ ဒီလောက်ပိုင်ဆိုင်မှုတွေ များနေကြတာပဲ။ ခရိုနီနဲ့ လွှတ်တော်၊ ခရိုနီနဲ့ အစိုးရ ပူးတွဲပူးတွဲ လုပ်နေတာဟာ တိုင်းပြည်အတွက် လုံးဝ အနုတ်လက္ခဏာပဲ၊ ဒီအထဲမှာ မမြင်နိုင်တဲ့ အဂတိတရားတွေ ကြီးမားစွာ ရှိနေတယ်။ ဒီခရိုနီတွေ ပေါ်လာတယ် ဆိုတာကကို အစိုးရအဖွဲ့ရဲ့ အဂတိတရားကြောင့် ပေါ်လာရတာပဲ၊ ခရိုနီတွေ ဓနအင်အား ကြီးမားသလောက် အစိုးရအဖွဲ့ အဂတိတရား ကြီးမားတာကို တွက်ဆနိုင်တယ်။ ခရိုနီတွေရဲ့ အခွန်ရှောင်တိမ်းမှုတွေ၊ နှစ်ရှည် အခွန်ကင်းလွတ်မှုတွေ၊ နိုင်ငံတော်ပိုင် ပစ္စည်းသယံဇာတတွေကို ပေါချောင်ကောင်းနဲ့ ပိုင်ဆိုင်ခွင့် ထုတ်ယူရောင်းချခွင့် ရတာတွေ၊ ငွေမည်းငွေဖြူ ခ၀ါချမှုတွေ၊ ပစ္စည်းမှောင်ခို တင်သွင်းမှုတွေ၊ အာဏာပိုင်တို့နဲ့ ခရိုနီတွေက မြေယာတွေကို မတရားသိမ်းပိုက် ရယူထားတဲ့ ကိစ္စတွေ၊ ယခုနာမည်ကြီးနေတဲ့ ပြည်ပဘဏ်က ဒေါ်လာ ၁၁ ဘီလျံ ကိစ္စတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တို့ရဲ့ အဂတိတရားတွေရဲ့ ပြယုဂ်တွေပဲ။

ဒီတော့ တိုင်းပြည်အတွက် လားရာဂတိ ကောင်းဖို့ဆိုရင် အစိုးရအဖွဲ့ဟာ ဂတိတည်ဖို့ လိုသလို (တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိဖို့လို) အဂတိတရား ကင်းရှင်းဖို့ လိုပါလိမ့်မယ်။ လုံးဝကင်းစင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အဂတိတရားတွေ အတတ်နိုင်ဆုံး လျှော့ချဖို့ ကင်းရှင်းဖို့ လိုပေလိမ့်မယ်။ ကတိတည်မှ ဂတိတည်၊ ဂတိကောင်းပါလိမ့်မယ်။ အဂတိတရား ကင်းရှင်းမှ ဂတိ ကောင်းပါလိမ့်မယ်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)



Thursday, September 19, 2013

အချစ်နှင့်အမုန်း၏ သံသရာ

  အချစ်နှင့်အမုန်း၏ သံသရာ
ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏ ။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
(အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ် ၊ပေမသုတ်)


ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည် သဒ္ဒါအားဖြင့်ဆိုသော် အရကွဲ သော်လည်း ဒွန်တွဲနေလျှက်ရှိ၏။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊ အတို နှင်အရှည် ၊အနိမ့်နှင့်အမြင့် အစရှိသောအားဖြင့် အရမတူသော်လည်း ဒွန်တွဲလျှက်ရှိကြ၏ ။ သို့ သော် ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် တစ်ပြိုင်တည်း ဖြစ်၍ မရသကဲ့သို့  ချစ်ခြင်းနှင့် မုန်းခြင်းသည်လည်း တစ်ပြိုင်နက်ထဲ ဖြစ်၍ မရပေ။ ကိလေသာနှောင်ထုံးဖြစ်သော ဤချစ်ခြင်းနှင့် မုန်းခြင်းသည် မဂ်ဖိုလ်မရသေး၍ ပုထုဇဉ် သတ္တဝါမှန်သမျှ ကို ချည်နှောင်နေမည်သာ ။ သံသရာရေယာဉ်ကြောမှာ စီမျောနေသမျှ တစ်ခဏတာဘဝအကွေ့ များစွာ၌ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံးဆည်းမိကာ ချစ်လိုက်မုန်းလိုက် နှင့် အချစ်အမုန်းသံသရာက မဆုံးသေးသမျှ အဆုံးဘဝဟူ၍ လည်းရှိလာကြတော့မည့်မဟုတ်ပေ။


တစ်ဦးနှင့်တစ်ဦး ချစ်ကြရာ၌ ချစ်တက်လျှင်ကားဆေးဖြစ်၍ မချစ်တက်လျှင်ကားဘေး ဖြစ်သွားတက်၏ ။ မိမိချစ်ခင်နှစ်သက်သူ အပေါ်၌ နားလည်းမှု့ ၊ သီးခံခွင့်လွတ်နိုင်မှု့၊ပေးဆပ်မှု့ တို့ ဖြင့် ချစ်နိုင်လျှင် မေတ္တာသဘော သက်ရောက်သကဲ့ သို့  ဆေးမည်ခြင်းတစ်ပါးလည်းဖြစ်ပေ၏ ။ မိမိချစ်ခင်နှစ်သက်သူအား တစ်ပါးသူတို့ မှ ဂုဏ်မြှင့်၍ ချီးကျူးစကားပြောဆိုခြင်း ၊နှစ်သက် မြတ်နိုးကြောင်းစကားဖြင့် ပြောဆိုခြင်းကြောင့်ထိုသူအပေါ်၌ ဝမ်းမြောက်ခြင်းမုဒိတာဖြင့် ပို၍ ချစ်ခင်လာခြင်းသည် ဖြစ်လာရ၏။ ဤသည်ကို ချစ်ခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်ပေါ်သည်မည်၏ ။
တစ်ဦးနှင့်တစ်ဦးချစ်ကြရာ၌ သီးခံမှု့ မရှိ၊ နားလည်းမှု့ မရှိ၊မနာလို ဝန်တိုခြင်း၊ ရယူလိုခြင်းသာရှိကြလျှင် ချစ်ရာမှ အမုန်းမာန်ပွားခြင်းသို့ ကူးပြောင်သွားကြရလေ၏။
*** စူဠသုဘဒ္ဒါသည် အလောင်းတော်ဆဒ္ဒန်ဆင်မင်းအပေါ်၌ သည်းခံခွင့်လွတ်မှုမရှိ၊ ရယူလိုမှုခြင်သာ ချစ်ခြင်းကြောင့် အမုန်းမာန်ပွားခြင်းရောက်သွားရလေ၏။ အမုန်မာန်ပွား၍ အငြှိုးထားတာ ဘဝပေါင်းများစွာ၌ အလောင်တော်အား ဘေးဒုက္ခအမျိုးမျိုးကို ပေးခဲ့လေ၏။ ထိုသို့ ဒုက္ခအမျိုးမျိုးပေး
ခဲ့ခြင်းကြောင့် မိမိသည်လည်း ဒုက္ခဆိုကျိုးအမျိုးမျိုးခံစားခဲ့ရလေ၏။ ဤ ကား မချစ်တက်ခြင်းကြောင့် ဘေးဒုက္ခဖြစ်ရသည်မည်၏။ ***
မိမိလိုလားနှစ်သက်၍ ချစ်ခင်မြတ်နိုးသေသာသူအား တစ်ပါးသူတို့ မှ ကဲရဲ့ရှုတ်ချခြင်းစကားတို့ ဖြင့်ပြောဆိုသောအခါ မိမိကိုကုန်းချောစကားပြော ဆိုသောအခါတို့ ၌ မိမိကို အမှန်ယုံမှတ်၍ ထိုသူအပေါ်၌ တဖြည်းဖြည်းအချစ်လျော့လာတက်ပေ၏။ ချစ်လွန်အားကြီး၍ အမြဲတမ်းစိုးရိမ်မှုရှိခြင်း ငုံထားမတက်ချစ်ပါသည်ဆို ၍အမြဲတမ်းဝန်တိုနေခြင်းတို့ ကြောင့်အချစ်ကြီး၍ အမျက်ကြီးရ ၏။ ဤသိုလျှင် ချစ်ခြင်းကြောင့် မုန်းခြင်း ဖြစ်ရ၏။
ပိယတော ဇာယတိ သောကော၊
ပိယတော ဇာယတိ ဘယံ၊
ပိယတော ဝိမုတ္တဿ ၊
နတ္ထိသောကော ကုတော ဘယံ။
ချစ်ခြင်းကြောင့် စိုးရိမ်ခြင်းသည် ဖြစ်၏။ ချစ်ခြင်းကြောင့်ဘေးရန်သည်ဖြစ်၏။ ချစ်ခြင်းမှ လွတ်သောသူအား စိုးရိမ်ခြင်းသည် မရှိ။ဘေးရန်သည်အဘယ်မှာရှိအံ့နည်း။ (ဓမ္မပဒ၊ပိယဝဂ်၊မထင်ရှားသောသူကြွယ်ဝတ္ထု) 
 
မိမိမလိုလားနှစ်သက်သူသည် မိမိအပေါ်၌ လောကဝတ်ဖြင့် ပျူငှာခြင်း အရာရာ၌ လည်းသည်းခံခွင်လွတ်နားလည်းပေးခြင်းတို့ ကြောင့်ထိုသူ၏မေတ္တာတရားသည် မိမိအပေါ်၌ စူးရှလာပြီး အမုန်းတရားကိုလျော့နည်းလာကာချစ်ခင်မြတ်နိုးလာရပေ၏။ ထိုအခါ မုန်းခြင်းမှ ချစ်ခြင်းသည်ဖြစ်ပေါ်လာရပေ၏။ မိမိမုန်းသောသူသည် မိမိအပေါ်၌ အဘယ်မျပင် လောကဝတ်ပျူငှာလွန်းနေသည်ဖြစ်စေ ထိုသူအပေါ်၌ အကောင်းမထင်တော့။ ထိုသူပြုသမျှ မိမိစိတ်ထဲ၌ ကန့် လန့် ကန့် လန့် သာမြင်နေတက်၏။ အမုန်းပေါ်၌ အမုန်းမာန်သာ ဆင့်ပွားနေမည်သာ ။ တစ်ပါးသူတို့ မှာလည်း မိမိမုန်းသောသူ၏ ချီးမွှမ်းဂုဏ်တင်ခန်းတို ကို ဖွင်ဆို နေလျှင်ပင် မရှုစိမ့်နိုင်တော့ပေ။
ထိုချီးမွှမ်းသူတို့ ကို ပင် ရောပြွမ်း၍ အမုန်းပွားမိတက်လေ၏။ ဤသည်ပင် မုန်းခြင်းကြောင့်မုန်းခြင်းသာဖြစ်ပေါ်ရသည်မည်၏ ။ အဘယ်သို့ ပင်ဖြစ်စေမုန်းခြင်းသည် ကား ဆိုးကျိုးတစ်ရပ်သာဖြစ်၏ ။သူတစ်ပါးအပေါ်၌
အမုန်းပွားခြင်းသည် မိမိအားသာတန်ပြန် တက်ရောက်စေ၏ ။တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုးကြခြင်းသည်သာ အေးမြသောမေတ္တာ သဘောသို့  သက်ရောက်စေနိုင်၏။
ထိုကြောင့် "မဃဒေဝ"၌ လာသည်ကား
ချစ်ခင်မြတ်လေး၊ကျွမ်းဝင်ဆေးကား၊ကြည်အေးမေတ္တာ၊လက်တွေ့ သာတည်း။ကိုယ်မှာအမြဲ၊စောင့်သုံးစွဲက
၊ဘေးလွဲရန်ကာ၊ကိုယ်ချမ်းသာလျှက် ၊စိန္တာမဏိ၊တန်ခိုးရှိသို ၊သိဒ္ဓိသီးသီး၊ဘုန်းတန်းကြီးသည်၊ရှိန်ပြီးမေတ္တာမာန်တန်သာတည်း။ ဟုဆိုထားလေ၏။
ဤချစ်ခြင်းမုန်ခြင်းသည်ဈာန်ဝင်စားသောရဟန္တာ ပုဂ္ဂိုလ်တို့ နှင့် အာသောတရားကင်းသည့် အရဟတ္တဖိုလ်တည်းဟူသော လွတ်မြောက်မှုကို မျက်မြောက်ပြု၍ နေသော ရဟန္တာပုဂ္ဂိုလ် တိုအားသာလျှင် မဖြစ်ပေါ်နိုင်တော့ပေ။ မဂ်ဖိုလ်တည်းဟူသော လွတ်မြောက်မှုကို မျက်မှောက်မပြုသေးသမျှကာလပါတ်လုံး အချစ်နှင့်အမုန်းသံသရာ သည်ဆုံးနိုင်တော့မည် မဟုတ်ပေ။ ဤကျင်လည်နေသမျှ သံသရာတစ်လျှောက်၌ လည်းအမုန်းတရားတို့ လျော့နည်းနိုင်သမျှကျင့်ကြံကြ၍ အချစ်ဟူသောမေတ္တာသဘောကိုဆေုင်နိုင်ကြရန်ကျိုးစားကြရမည်သာ..။
ချမ်းသာကိုယ်စိတ်မြဲ ကြ၍ အချစ်စစ်မှန်တွေ့ နိုင်ကြပါစေ...။

 အရှင်သုမနသာရ(ဖြူး)