Showing posts with label ဝတ္ထု. Show all posts
Showing posts with label ဝတ္ထု. Show all posts
Saturday, March 28, 2015
လူသားနှင့် အချစ်
လူသားနှင့် အချစ်
ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။ ထိုထိုသော လောဘစေရာ နောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန်  ရှင်သန်ရင်း မျှော်လင့်ကာ  အဓိပ္ပါယ်တို့က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။
မျှော်လင့်စရာရှိသူတို့က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော်လည်း မျှော်လင့်စရာ ဘာမှမရှိသည့် မိန်းမသား တစ်ယောက်၏ဘ၀  ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။
နေခြင်းထက် သေခြင်းကို  အလိုရှိခဲ့ပြီ။ သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ
    ++++++++++++++++++++++++++++++++++++++++                                 
သေချင်သူကိုမှ ကယ်တင်မည့် သူက ရောက်ဖြစ်အောင် ရောက်လို့လာသည်။ အသက်ကို ကယ်တင်ရုံတင် မဟုတ် ဘ၀ တခုလုံးကိုပါ စောင့်ရှောက်ကယ်တင်မည်တဲ့ ။ ခိုကိုးရာမဲ့နေသူမို့  ယုံကြည်လေးစားစွာ လက်ခံမိပါတော့သည်။ ခက်သည်က......ပြည်ပန်းညို ချိုပါရဲ့နဲ့  ဆားက ဖျက်နေပြီ။
မောင့်မိခင် က တဦးတည်းသောသားရှေ့ မှာ ကြည်ဖြူ သလိုနှင့် ကွယ်ရာမှာ မာန်မာန်မဲမဲ။ ကံဆိုးတဲ့ သူမို့ ထင်သည်။ မောင် ခရီးထွက်တော့  မောင့်မိခင်က အိမ်ပေါ်ကနှင်ချပြီ။မဆင်းလို့ မရ။မရအရ မောင်းချပြီ။ မောင့်ရင်သွေးလေးကို လွယ်ပိုးပြီး မောင်ရှိမည်ထင်ရာအရပ်သို့ မှန်းဆကာ ထွက်လာ ခဲ့ရသည်။ တနေ၀င် တနေထွက် တမြိုဝင် တမြို့ ထွက်ဖြင့်  ရက်ကိုလစား။ ကိုယ်ဝန်က ရင့်မာလာပြီ။ လမ်းမှာတွေ့သည့်ဇရပ်ပျက်တစ်ခု ခဏ နားမည်။  အို ... ဗိုက်ကနာလိုက်တာ။
လူမရှိသူမရှိ တောထဲတောင်ထဲ ဇရပ်ပျက်ကလေးတွင် မီးဖွားသန့် စင်လိုက်သည်။ ကူညီသူ-နတ္ထိ။ မီးဖွားသန့်စင်ပြီးချိန်မှာ တကိုယ်လုံးညစ်ထေးနံစော်နေသော ခန္ဓာကိုယ်ကို ရေမိုးသန့် စင်လို လှသည်။ ရေလည်းဆာနေသည်။ နီတာရဲလေးကို ဇရပ်ပေါ်တွင် ခဏထားခဲ့ကာ ရေရှိမည်ထင်ရာ အရပ်သို့  ခပ်သွက်သွက်လေး လှမ်းလာမိသည်။ ရေချောင်းလေးမှာ ရေကိုတ၀ကြီး သောက်လိုက်သည်။ ကိုယ်လက်သန့်စင်သည်။
ကလေးကို ထားခဲ့ရသဖြင့် ခပ်သုတ်သုတ် ပြန်လာသည်။ သို့ သော် နီတာရဲ ကလေးလေး ဇရပ်ပေါ်တွင်ရှိမနေတော့။ ဘုရား ..ဘုရား ငါ့သားလေး ဘယ်ရောက်သွားပြန်ပြီလဲ။လင်ပျောက်တဲ့ မယား ဘ၀။ သားပျောက်တဲ့အမေ ဘ၀ အပူလုံးကြွလို့  လူလုံးလည်း မလှနိုင်တော့။ ရင်ဘတ်ကို ထုပြီး ငိုပွဲဆင်ရလေပြီ။
     +++++++++++++++++++++++++++++++++++++++++++++++                                 
လင်ရှာရင်းသားပါပျောက်ခဲ့ရသည်။ ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားရှိထားသဖြင့်
လင်ကိုရှာ သားကိုရှာ အပူမီးတွေနှင့် ကံဆိုးမ ရဲ့ ဘ၀။
  " ဟဲ့ကောင်မ ရပ်လိုက်စမ်း..   "
တောလမ်းမှာ မသမာသူ ဓါးကိုင်လူဆိုးတွေနှင့်ရင်ဆိုင်တိုးပြန်သည်။
" ချမ်းသာပေးပါရှင်..ကျမ မှာပေးစရာငွေလည်းမရှိပါဘူး ပြေးစရာမြေလည်းမရှိပါဘူး  ဒုက္ခရောက်
နေတဲ့ ခရီးသည်ပါရှင်..   "
 " ဟဲဟဲ ပေးစရာငွေမရှိ ပြေးစရာမြေမရှိရင် ကျုပ်အိမ်ကိုလိုက်ခဲ့ပါ  လိုက်မယ်မလား   "
          ++++++++++++++++++++++++++++++++++++++++++++                            
ဒီလိုနှင့် ကံဆိုးမ ဘ၀ လူဆိုးကြီးမယား ဖြစ်ခဲ့ရပြန်ပေါ့။ လူ့ တိရိစ္ဆာန်ကြီး၏ နိုင်ထက်စီးနင်းပြုမူသမျှ
သမီးကိုတော့ထားခဲ့ရသည်။ ဒီသမီးကို ခေါ်သွားပါက မိုးမြေအနှံလိုက်ရှာမည်မှာ ဧကန်မလွဲ။ ထို့ ကြောင့် မိခင်တယောက် ရင်တွင်းမချိစွာဖြင့် သမီးကို ထားခဲ့ရသည်။ ကံကောင်းထောက်မစွာ ပြေးလွတ်ခဲ့ပြန်သည်။
ထေရီအရှင်မ တို့၏ ကျောင်းတိုက်ကြီးတခုတွင် မှီခိုနေထိုင်ရင်း လင်နှင့်သားကို ရှာဖွေမိပြန်သည်။ အချိန်က ကုန်မှန်းမသိကုန်ခဲ့သည်မှာ   (၁၅)နှစ်ပင် ကျော်ခဲ့ပြီ။ လှည်းကုန်သည်တွေ ရောက်လာ တိုင်း သားတို့အဖေကို တွေ့ လေမလားဟု သတင်းအစအန ရလိုရညား မေးမြန်း စုံစမ်းမိသည်။
           ++++++++++++++++++++++++++++++++++++++++++                          
ပျောက်နေသော သားနှင့် လင်ကိုရှာရင်းမှ သံယောဇဉ်ကြိုးလေး တမျှင်က ကပ်ညှိတွယ်ဖို့ ကြိုးစားလာပြန်သည်။ ကောင်လေးအသက် ရှိလှ  (၁၆)နှစ်မျှသာ ဖြစ်မည်။ သတိလေးဖြင့် မိမိကိုယ်ကို ထိန်းချုပ်ပြီး ရှောင်နေရသည်။ ကလေးကိုမုန့် ပေးကြိုက်သည်ဟု ပတ်ဝန်းကျင်က ဆိုကြပေမည်။
အမှန်တကယ်တော့ သူကလေးကို တွေ့သည့်အချိန်ကတည်းက ရင်မှာလှူပ်ခတ်ခဲ့သည်သာ။ နှစ်သက်မြတ်နိုးဖွယ် ပန်းလေးတစ်ပွင့်ကို ပန်ဆင်လိုခြင်းထက် တစိမ့်စိမ့် အလှကြည့်နေချင်သည့် ဆန္ဒက ပိုမိုပြင်းပြနေသည်။ ဒါကိုပင် ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုမလား။  အတွေ့မခံလိုတော့၍ ကျောင်းအာရာမ် ထဲမှာ ပုန်းအောင်းနေလိုက်သည်။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ချစ်နှစ်သက်သူနှင့် ကွေကွင်းရခြင်းဆင်းရဲကို မခံစားနိုင်ပြန်။ သူကလေး ရှိတတ်သည့်နေရာကို ခိုးကြောင်ခိုးဝှက် သွားချောင်း ကြည့်မိပြန်သည်။
 " မမ   "
 အို ဘုရားရေ ...သူကလည်း သိနေသည်သာ။ အရွယ်ချင်းအဆင့်ခြင်းကွာခြားသူမို့  မဖြစ်နိုင်ဘူးအခါခါ ငြင်းဆန်ရင်းနှင့်ပင် သူ့တွင် မိဘ မောင်နှမ သားချင်း မရှိတော့ကြောင်း သိရသောအခါ။ မိခင်ကဲ့သို့သော ချစ်ချင်းမေတ္တာဖြင့် မိခင်နှင့်တူသော မယားအဖြစ်နှင့် သူ့ အနားတွင် နေမိပြန်ပါသည်။ သူ့ကို သားကလေးလို ရင်ခွင်မှာပိုက်ထွေး ထားချင်မိသည်။ မျက်စိအောက်က အပျောက်မခံချင်သလိုဖြစ်မိသည်။
         ++++++++++++++++++++++++++++++++++++++++++++++                 
တနေ့ ...ထိုတနေ့ သည်  မျော်လင့်ပြီးဖြစ်သော်လည်း တကယ်တမ်း ရင်ဆိုင်ရသောအခါ မွန်းကြပ်
လွန်းလှသည်။
 " မမ..စိတ်မဆိုးနဲ့နော်..စကားတစ်ခွန်းပြောချင်လို့    "
 "  ပြောမှဖြစ်မယ်ဆိုရင် ပြောလေ  "
 " မိန်းကလေးတစ်ယောက်နဲ့ မေတ္တာမျှမိတယ်။ ကျနော်သူ့ကိုအိမ်ခေါ်လာချင်တယ်   "
 " ဪ   "
ရင်ထဲမှာဝုန်းဒိုင်းကြဲသွားသည်။ ယောက်ျားဆိုတာ ဒါပါပဲ ။ မိန်းမတစ်ယောက်နှင့် အလှမ်းကွာလျှင် ကြာရှည်လွမ်းမနေချင်။ သူတို့ဘ၀မှာ အချိန်ကြာကြာကွက်လပ်မထားတတ်ကြပါ။ အဟောင်းထက်
အသစ်ကိုမြတ်နိုးတန်ဖိုးထားလေ့ ရှိပြီး အစားထိုးခြင်းကိုခုံမင်သည်။ ဘ၀ အတွေ့အကြုံအရ မှတ်ချက် တွေပဲဖြစ်သည်။
ညိုညို ချောချော ကောင်မလေး ရိုးရိုးသားသားလေးဖြစ်သည်။ မိဘ မောင်နှမ မရှိသူ။ ဘ၀ တူတွေပါလား။ ဒီနေ့ကစလို့   မိခင်တစ်ယောက်နေရာက နေသွားတော့မည်။ ကလေးတွေကို မိခင်
တစ်ယောက်လို  စောင့်ရှောက်မည်။ သမီးရင်းလေးလို သဘောထားမည်။ သားအရင်းလေးလို သဘောထားမည်။ သူတို့လေးတွေစုံဖက်ကြပါစေတော့။
    အမေ ငတ်နေသောသူတို့လေးတွေကလည်း မိမိကို မိခင်လိုချစ်ကြသည် ။နေရာပေးကြသည်။
တနေ့ ...သမီးလေးကို ခေါင်းဖီးပေးတော့
"  ဟင်..ခေါင်းမှာအမာရွတ်ကြီးပါလား  "
 "  ဟုတ်တယ် အမေ  သမီး ငယ်ငယ်လေးတုန်းက အဖေနဲ့အမေ ရန်ဖြစ်တော့ သမီးခေါင်းကို ထိမိလို့ တဲ့။ အဖေ ကပြန်ပြောပြတာ  အဲ့ကတည်းက အမေက ထွက်ပြေးသွားတာ ဒီနေ့ ထိ သမီးအမေ ကိုမမြင်ဖူးဘူး  "
 "အို  ဘုရားရေ  သမီး သမီးလေး လူဆိုး သူခိုးကြီး အနိုင်ကျင့်ပေါင်းသင်းလို့ ရတဲ့သမီးလေး  အမေ့ သမီးလေး  ပါလားကွယ်    "
             +++++++++++++++++++++++++++++++++++++++++++++++++              
သားအမိနှစ်ယောက် မျက်ရည်နှင့်မျက်ခွက် တယောက်ကို တယောက်ဖက်ပြီး ငိုနေချိန်  ယောက်ျားဖြစ်သူပြန်လာသည်။ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရသည်။ သားအမိ နှစ်ယောက်လုံး ဒီယောက်ျားတစ်ယောက်ထဲကို လင်တော်နေမိပါလား။
 "လူတိုင်းကတော့ အတိတ်ဆိုတာ ရှိကြတာပဲလေ..ကျနော်လည်း အဖေ အရင်း ဘယ်သူမှန်းမသိ သလို အမေ ဆိုတာ ဘယ်လိုမျိုးမှန်းမသိဘူး။ ကျနော့မွေးစားအဖေက ဇရပ်ပျက်တစ်ခုမှာ ကျနော့်ကို တွေ့လို့  မွေးစားခဲ့တာ    "
 "  အို ..ဘယ်လို  ဘုရားရေ...အမှားကြီး မှားပါပေါ့လား  "
ဖြစ်ကြောင်းကုန်စင် သူသိသမျှ သူပြောပြတော့  မိမိ လိုက်ရှာနေသည့် သားပါလား။
နှစ်နှင့်ချီ၍ ရှာခဲ့စဉ်က မတွေ့ခဲ့။ ခုတွေ့မယ့်တွေ့တော့လည်း သားကော သမီးကော နှစ်ယောက်လုံးနှင့် တွေ့နေသည်။
 " အမေရယ် သားမှာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ အမှားကို ကျူးလွန်မိတယ်   အမေနဲ့ ညီမကို  မယား လုပ်ခဲ့မိတယ် ပတ်ဝန်းကျင်ကသာ သိရင် ကျနော် ဘယ်လို အသက် ဆက်ရှင်ရမလဲ   "
မိခင်တယောက်၏ ရင်တွင်းမှာ လောင်မြိုက်ရလေပြီ။ ဘယ်လိုဝဋ်ကြွေးများကြောင့် ဒီသားဒီအမိ ဒီလိုဘ၀တွေ ဖြစ်ရတာပါလိမ့်။ သားအမိချင်း မောင်နှမချင်း သွေးက စကားပြော ၍  သံယောဇဉ်နွယ်ငင် ခင်မင်သည်ကို မသိပဲ တဏှာပေမ နယ်ထဲသို့  သက်ဆင်းမိ ခဲ့ကြသည်။
    " သားနဲ့သမီးတို့  သေသေချာချာ နားထောင်နော်...အမေကတော့ ဘ၀ကို စိတ်ကုန်သွားပြီ။ ထိတ်လန့် ကြောက်ရွံသွားပြီ။ သားနဲ့ သမီးလည်း သင်ခန်းစာယူပြီး သံဝေဂ ပွားကြပေါ့ အမှားကို အမှန်ပြင်ကြရအောင်   "
သားနှင့်သမီးကလည်း ပြိုင်တူပင် အမေပြောသော စကားကိုမြေ၀ယ်မကျ နားထောင်ကြသည်။
             +++++++++++++++++++++++++++++++++++++++++++                         
သောက အပူမီးတို့ ငြိမ်းအေးရာ  ဆင်းရဲခြင်းတို့ ချူပ်ငြိမ်းရာသို့ ။ မြတ်စွာဘုရားရှင်၏ သာသနာတော် နေလိုလလို ထွန်းလင်းတောက်ပ နေချိန်မို့   အမေ နှင့် သမီးက ဥပ္ပလ၀ဏ် ထေရီ အရှင်မတို့ထံ သွားရောက်၍ ရဟန်းပြုလိုက်ကြသည်။ သားဖြစ်သူကလည်း သံဃာတော်များထံမှာ ရဟန်းပြု လိုက်သည်။
သုံးဦးသား တရားတော်ကို နာကြား၍ ၀ိပဿနာ အားထုတ်လိုက်ရာ အာသဝေါကုန်ခမ်း ရဟန္တာများဖြစ်ကြသည်။ သားဖြစ်သူမှာ ဘွဲ့တော်ထင်ရှားသော "ဂင်္ဂါတီရိယ မထေရ်" ဟူ၍ ကျော်ကြားခဲ့လေသည်။
(မလေးငြိမ် ၏  ဂန္ထ၀င်ရသများ စာအုပ်မှ မှောင်တကာ့ မှောင်ကို မှီငြမ်း ရေးသားပါသည်)
*****တတိယမြောက်သမီးတော်*****
Monday, February 9, 2015
အဆိပ်သင့်သူ
အဆိပ်သင့်သူ
မီးဗျို့ မီး မီး ။
ကျယ်လောင်စူးရှသော အသံက ဆူးပုတ်ကုန်းရွာလေး၏ သာယာသော ညချမ်းကို ဖျက်စီးလိုက် သည်။ တစ်ရွာလုံး ယောက်ယက်ခတ်နေကြသည်။ ရွာရှိ လူငယ် လူလတ်အားလုံး မီးလောင်ရာသို့ ဦးတည် ပြေးလွှားလျက် အမျိုးသမီးများက တွေ့ရာရေပုံး ရေအိုးများ ဆွဲပွေ့ကာ နောက်က အပြေးလိုက်ကြသည်။
 “မြောက်ပိုင်းကပဲ။”
“ဘယ်သူ့အိမ်လဲ မသိဘူး။”
“ဦးဘလှိုင်အိမ်တဲ့။”
“ဟယ် ဦးဘလှိုင်တော့ ဒုက္ခပါပဲ။”
ပြေးရင်းလွှားရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေသံများဖြစ်သည်။
အိမ်ကြီးကား မီးလောင်နေဆဲ ရွာသားများမှာ မီးအားကောင်းလွန်း၍ အနားမကပ်နိုင်ကြ။ ရေနံဝနေသော အိမ်ကြီးမို့ ပိုဆိုးသည်။ ထူးခြားစွာလေငြိမ်နေ၍တော်သေးသည်။ မီးညွှန့်က အထက်သို့ သာ ဆန်နေ၏။
တဖြည်းဖြည်း မီးညွှန့်ကျလာသည်။ ရပ်ကြည့်နေသူများလည်း အခုမှသက်ပြင်းချနိုင်ကြတော့သည်။ မီးအားကောင်းနေချိန်၌ လေငြိမ်နေသည်မှာပင် အဆိုးထဲမှ အကောင်းဖြစ်သည်။ သူ့တစ်အိမ် တည်းသာ လောင်သည်။ သို့မဟုတ်လျှင် တစ်ရွာလုံး၏ ကံကြမ္မာသည် တွေးရဲစရာမရှိ။
 “ဦးဘလှိုင်ကြီး ကံဆိုးလိုက်တာ။”
 “ဟုတ်တယ်နော်။”
 “ဒီလောက် ကောင်းတာတွေလုပ်ထားတဲ့သူက ဒီလောက် ကံဆိုးရတယ်လို့။”
မီးငြိမ်း၍ပြန်သွားသူ လူအုပ်ကြီးထံမှ ပြောဆိုဝေဖန်သံများဖြစ်သည်။
ပြောလည်း ပြောစရာပင်။ ဦးဘလှိုင်သည် ဆူးပုတ်ကုန်း ရွာကလေး၏ ရွာမျက်နှာဖုံးဖြစ်သည်။ ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင် အလွန်ဝါသနာပါ၍ အများအကျိုးကို မနားမနေ ဆောင်ရွက်သူလည်း ဖြစ်သည်။
ဘာသာရေး၊ လူမှုရေးပွဲများဆိုလျှင် ဦးဘလှိုင်မပါလျှင် မပြီး။ ကိုယ်တိုင်ပြုလုပ်သကဲ့သို့ သူတစ်ပါးကိုလည်း နားဝင်အောင်နှိုးဆော်နိုင်သူဖြစ်သည်။ ထိုမျှအကြောင်းတရားကောင်းပါလျက် အဘယ်ကြောင့် အကျိုးတရားများ ဆိုးဝါးနေပါသနည်း။
----------------------------------
လွန်ခဲ့သော နှစ်နှစ်တာကာလ ထိုနှစ်က ဆူးပုတ်ကုန်းရွာကလေးတွင် ရွာဦးဘုန်းတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဈာပနကိစ္စပြီးသောအခါ နောက်ထပ်သံဃာတစ်ပါး ပင့်ဆောင် ရေးမှာ အခက်အခဲဖြစ်နေသည်။
ထိုအခါ ကျေးရွာရှိလူကြီးများအားလုံး စုဝေးညှိနှိုင်းပြီးနောက်ထပ် သံဃာမရောက်လာမှီ ကျောင်း အဆောက် အအုံကို ရွာရှိလူငယ်များက တစ်ညလျှင်နှစ်ဦး အလှည့်ကျ တာဝန်ယူ စောင့်ရှောက်ရန်နှင့် ပရိဘောဂများကို ရွာတွင်းရှိ ဦးဘလှိုင်အိမ်သို့ ခတ္တရွေ့ပြောင်းထိန်းသိမ်း ထားနှင့်ရန် စီစဉ်ကြသည်။ ဦးဘလှိုင်၏ အိမ်ကြီးမှာ ကျယ်ဝန်းသည့်အပြင် မိသားစု နည်းသောကြောင့် ပစ္စည်းများ ထိန်းသိမ်းထားရန် အသင့်လျော်ဆုံးဖြစ်သည်။
ရွာနီးချုပ်စပ် ဆရာတော်များ၏ ပံ့ပိုးမှု ကျေးရွာလူကြီးများ၏ ကြိုးပမ်းမှုဖြင့် ၀ါဝင်ခါနီးတွင် သံဃာတစ်ပါး ကိုးကွယ်ခွင့်ရကြသည်။ ဦးဘလှိုင်အိမ်၌ ထိန်းသိမ်းထားသော ပစ္စည်းများကိုလည်း ကျောင်းသို့ပြန်ရွေ့ကြရပြန်သည်။
ထိုအခါ မထင်မှတ်စရာတစ်ခုက အံ့သြစရာ ဖြစ်လာသည်။ ဦးဘလှိုင်အိမ်မှ ပြန်သယ်လာသည့် ပစ္စည်းများသည်စုံစုံလင်လင် မဟုတ်တော့။ အဖိုးတန် ကော်ဇောများနှင့် ပန်းကန်ခွက်ယောက် အချို့ပါမလာသည်ကို တွေ့ရသည်။
ဦးဘလှိုင် အပေါ်ယုံကြည်မှုဖြင့် စာရင်းမပြုစုလိုက်ကြသောကြောင့် ထိုကိစ္စကို ရွာလူထုများ မသိလိုက်ကြ။ သိကြသူ လူကြီးပိုင်းတစ်ချို့ကလည်း ဦးဘလှိုင်၏ သိက္ခာကို ငဲ့ကွက်ထောက်ဆ၍ ဖုံးဖိထားလိုက်ကြသည်။
ထိုနေ့မှစ၍ ဦးဘလှိုင်တစ်ယောက် ရွာဦးကျောင်းသို့ အလာကျဲသွားသည်။ လုပ်ဖော်ကိုင်ဖက် လူကြီးများက ဣနြေ္ဒမပျက်အခေါ်အပြောလုပ်သော်လည်း နေမကောင်းလို့ မအားလို့ဟူသော ဆင်ခြင်များဖြင့်သာ ရှောင်ဖယ်နေတော့သည်။ ရွာသူရွာသားများကမူ လက်ရှိကျောင်းထိုင် ဆရာတော်ကို မကြည်ညို၍သာ ဦးဘလှိုင် တစ်ယောက် ကျောင်းသို့ မလာခြင်းဟု ထင်ကြေးပေးကြသည်။
ဦးဘလှိုင်လေဖြတ်လို့ ဟူသောသတင်းက တစ်ရွာလုံး ပျံ့နှံ့သွားသည်။ အဖျားအနာမရှိဘဲ ရုတ်တရက် လေဖြတ်သွားခြင်းဖြစ်သည်။ စကားလည်း ပီပီသသမပြောနိုင်။ ၀ူးဝူးဝါးဝါး ဖြစ်နေ တော့သည်။ ကောင်းနိုးရာရာ ဆေးဝါးများဖြင့်ကုသပါသော်လည်း မထူးခြား။
သူ့လုပ်ဖော်ကိုင်ဖက်များ လူနာမေးလာလျှင် ရီဝေစွာ ကြည့်နေတတ်သည်မှတစ်ပါး ဘာမျှ မပြောနိုင်တော့။ ဖွင့်ဟ၀င်ခံရန် ခက်ခဲသောနောင်တ အမှားတစ်ခုက သူ့အား နှိပ်စက် ခဲ့လေပြီ။ တစ်နှစ်ကျော်ကာလအတွင်း ဆိုးဝါးသော လောကငရဲကို မပြောင်းသာ မရွေ့သာအိပ်ယာထက်၌ ခါးသီး စွာ ခံနေရလေသည်။
------------------------------
တစ်ညတွင် အိမ်ရှိလူများအပြင်သွားခိုက် ဦးဘလှိုင် တစ်ယောက် အိပ်ယာထက်မှာကျန်ခဲ့သည်။ အိမ်သားများမရှိလျှင် လူနာအားငယ်မည်စိုး၍ ရေနံဆီမီးခွက် ထွန်းထားခြင်းဖြစ်သည်။ ထိုရေနံဆီ မီးခွက်က တစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်လေသည်။
မီးတောက် အားကောင်းလုဆဲဆဲတွင် ဦးဘလှိုင်ကို ခက်ခဲစွာ ဆွဲထုတ်ကြရသည်။ ပစ္စည်းများမှာ ကိုယ်ပေါ်မှ အ၀တ်အထည်မှ တစ်ပါး အားလုံးမီးထဲ ပါသွားသည်။ မီးလောင်ပြီး သုံးရက်အကြာတွင် ဦးဘလှိုင်တစ်ယောက် ဆုံးပါးသွားရှာသည်။
အကြောင်းကင်းသော အကျိုးဟူသည်မရှိ။ ဦးဘလှိုင်၏ မှားယွင်းစွာပြုခဲ့မိသော အမှားတစ်ခုက ကြီးမားသော ဒုက္ခကို ပေးစွမ်းခဲ့လေသည်။ ဦးဘလှိုင်၏ အကုသိုလ်ကံများသည် ဒီဘ၀ ဒီမျှနှင့် ရပ်တန့်ပါစေတော့ ဟူ၍သာ။
မောင်နွေထွန်း (ပေါက်ခေါင်း )
မြတ်မင်္ဂလာ
၂၀၀၁ခုနှစ်၊ ဇန်န၀ါရီလ။
Saturday, August 16, 2014
စံမှီမေတ္တာ
“စံမှီမေတ္တာ”
 ငယ်စဉ်တောင်ကျေး ကလေးဘ၀ စာဖတ်တတ်သည့်အချိန်မှစတင်ကာ စာတိုပေစများကို ဖတ်ရှု လေ့လာခဲ့မိသည်။ အစကတော့ စာအုပ်တွင်ပါသည့် အရုပ်လှလှလေးတွေကို ဦးတမ်းကစားရာ ကနေ စာအုပ်တွေကို ယဉ်ပါးခဲ့ပြီး စာပေကိုချစ်တတ်လာခဲ့သည်ဟုဆိုကလည်း မမှားပေ။
          ကလေးသဘာဝအလျောက် စွန့်စားသူတို့အကြောင်းတွေကို ပို၍သဘောကျသည်။ အဖိုးအဖွားတို့ကို ပုံပြင်ပြောခိုင်လျှင်တောင်မှ စွန့်စားခန်းပါတာတွေကိုပဲ ပြောခိုင်းဖြစ်တာများသည်။ တစ်နည်းဆိုရသော် သူရဲကောင်းဆိုသည့် အများအားကျ လေးစားကြသူတို့အကြောင်း အများသူငါ လိုပင် ကြားချင်သိချင်မိတာလည်း မဆန်းပေ။
          တောအရပ်မှာ ကြီးပြင်းခဲ့ရသည်မို့ စာအုပ်က ရှားရှားပါးပါး။ ကြည့်ပြီးသားစာအုပ်များကိုပင် ဖန်တစ်ရာတေအောင် ပြန်ကြည့်နေရသည်။ ထိုနောက်တွင် ရွာဦးဘုန်းကြီးကျောင်းတွင်ရှိသည့် စာအုပ်များကို ဖတ်ရှုခွင့်ရလာသည်။ ပုံတော်စုံ ဓမ္မပဒတို့၊ ဗုဒ္ဓ၀င်စာအုပ်တို့ကတော့ စာရေးသူတို့ အသည်းစွဲပင်။ သူတို့က အရုပ်တွေ ပါတယ်လေ။
          ဒီလိုနဲ့ အတော်အတန် အရွယ်ရောက်လာတော့ ဟိုဟိုဒီဒီစာတွေဖတ်ဖြစ်ပြန်သည်။ အသက်-၁၁-နှစ်အရွယ်တွင် မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ခဲ့ရသည်။ တောကပါလာသည့် အရုပ်ဦးသည့်ညဉ်နှင့် စာဖတ်အကျင့်တို့လည်း မိမိနှင့်တစ်ပါတည်း လိုက်လာခဲ့သည်။ စာသင်ကျောင်းမှာ စာသင်ခန်းမှာ အတန်းပြင်ပစာတွေဖတ်လို့ အရိုက်ခံရတာလည်း မနည်းပေ။ စာဖတ်တယ်ဆိုလို့ ဘာစာတွေလည်း ပြောရဦးမယ်။ ကာတွန်းတွေ၊ ရုပ်ပြတွေပဲပေါ့။
          ကိုယ်က စာဖတ်ချင်လို့ဖတ်တာကလွဲရင် ဘာကိုမှ ဦးတည်ချက်မထားရတာ အကုန် ဖတ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာပါမကျန်ဖတ်သည်။ ၀တ္ထုလည်းစုံအောင်ဖတ်သည်။ ကဗျာလည်းဖတ်သည်။ သိုင်းစာအုပ်တွေလည်း ပါတာပေါ့။ စာမဖတ်ဖို့တားတဲ့သူတွေကာတော့ အဲဒါတွေမကောင်းဘူးပြောပြီး၊ ဖတ်လို့မိရင် ရိုက်ရော။ ဘယ်တာကောင်းတယ် ဖတ်သင့်တတယ် ဆိုတာတော့ တစ်ခါဖူးမျှ မပြောပေ။
          ထားပါတော့လေ ဒီလိုတွေ့ရာ လက်လှမ်းမှီရာ ဖတ်မိခဲ့တာတွေထဲက မိမိစိတ်ကို များစွာလှုပ်ခပ်ခဲ့သည့် ဖြစ်ရပ်များ၊ မှတ်မှတ်ထင်ထင် အာရုံမှာထင်ဟပ်စေမှုများ၊ အကြောင်း အရာများလည်း များစွာပင်ရှိခဲ့သည်။ ထိုအထဲမှ တစ်ခုကတော့ ယခုရေးမည့် အကြောင်းအရာပင်။ ဘာသာရေးနှင့် ဆက်စပ်နေသော အကြောင်းလည်းဖြစ်သည်။ မိမိဘ၀ကလည်း ငယ်စဉ်ကပင် ဘာသာရေးနှင့် နှီးနွယ်ခဲ့ရသည်မဟုတ်ပါလား။ ယနေ့အချိန်မှာ ပြန်ဖတ်လိုက်ရာတော့ ငယ်စဉ်က အားကျခဲ့သည့် အဆိုပါအဖြစ်ပျက်လေးမှာ လေးစားစရာအဖြစ်မြင်မိပြန်သည်။
          မိဘတွေ ဆုံးသွားသောကြောင့် သုမေဓာသတို့သားသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကုဋေ ပေါင်းများစွာပိုင်ဆိုင်သည့် သူဋ္ဌေးလေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဥစ္စာပေါရုပ်ချော ဆိုလောက် အောင်လည်း အတိတ်ကံကောင်းခဲ့သည်။ သို့ရာတွင် ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်သူခြင်း၊ နှာခေါင်းနှစ်ပေါက်ကနေ အသက်ရှူသူခြင်း တူကြသော်လည်း အမြင်ခြင်းမတူ၊ ယုံကြည်ချက်ကွဲပြား ခံယူချက်ခြားနားမှုတို့ကြောင့် အကျိုးတရားကလည်း ကွဲပြားခဲ့ရသည်မဟုတ်လား။
          ကြည့်ပါ။ ငါ့မိဘတွေဟာ စီးပွားဥစ္စာတွေကို ရှာဖွေတတ်၊ ပွားများအောင်လုပ်တတ်စေကာမူ တမလွန်ကိုတော့ ပါအောင်မယူနိုင်ကြ၊ ငါကတော့ ဒါတွေအားလုံးကို ပါအောင်ယူမည်ဟု သူဋ္ဌေး သား သုမေဓာ စဉ်းစားခဲ့သည်။ ထိုအတိုင်းလည်း တသွေမတိမ်းလုပ်ခဲ့သည်။ ပိုင်ဆိုင်သမျှကို တန်ဖိုး နည်းများမပိုင်းခြား အလှူခံကိုလည်း အဖြူမဲမခွဲခြားပဲ အလိုရှိတိုင်းယူတော့ဟု တွယ်တာမဲ့ လှူခဲ့သည်။ ထိုနောက်တွင်တော့ ၀တ်ကြောင်စွန့်ကာ ရသေ့ရဟန်းဘ၀ကို ကွန်းခိုခဲ့သည်။ ဗြဟ္မ ၀ိဟာရ တရားများနှင့် ကျင့်သုံးနေထိုင်သည့်အတွက် မြေလျိုးမိုးပျံ တန်ခိုးအမျိုးကိုရခဲ့သည်။ လူသူ မနီးတောရပ်ကြီးတွင် နေလေ့ရှိသော်လည်း အခါအားလျော်စွာ လူတို့နေရာအရပ်ကို လာရောက်ပြီး အလှူခံတတ်သည်။
          တစ်နေ့တွင် ရမ္မာဝတီနေပြည်တော်ကို ကောင်းကင်ခရီးဖြတ်သွားစဉ် ထူးခြားများပြားလှ သည့် လူအုပ်ကြီးကို လှန်းတွေ့လိုက်ရသည်။ အကြောင်းထူးကိုသိလို၍ ကောင်းကင်မှ ဆင်းသက် ကာ စုံစမ်းလိုက်သည်။ ဒီပင်္ကရာဘုရားရှင်နှင့် နောက်ပါတပည့်သံဃာတော်များ မြို့တော်ကို ကြွမည်ဖြစ်လို့ လမ်းပြင်နေကြောင်းသိလိုက်ရသည်။ သက်ရှိဘုရားရှင်းကို ဖူးတွေ့ရဖို့ဝေးစွ ဘုရား ဆိုသည့် အသံကို ကြားရဖို့တောင် အလွန်ခဲယဉ်းလှသည် မဟုတ်လား။ ဒီအခွင့်ထူးကို ကောင်းစွာ အသုံးချလိုသော သုမေဓာရှင်ရသေ့လေးသည် လမ်းပြင်ဆင်ရာတွင် သူပါလုပ်အားပေးအလှူ ပါဝင်လိုကြောင်း သက်ဆိုင်ရာတွင် ခွင့်တောင်းလိုက်သည်။
          ဘုရားရှင်းကြွချိန်နီးလားပြီဖြစ်၍ လမ်းပြင်ဦးဆောင်သူတို့က တန်ခိုးကြီးလှသည့် ရသေ့ လေးကို ရွှံ့နွံတို့ပြည့်နေသည့် တစ်နေရာစာကို ပြင်ဆင်ဖို့ရာ သတ်မှတ်ပေးလိုက်သည်။ တန်ခိုးရှင် ဆိုတော့ သူ့တန်ခိုးအစွမ်းနဲ့ ပြင်ဆင်လိုက်လျှင် ခဏပေါ့။ သို့တစေ သုမေဓာ ရသေ့လေး၏ အတွေး ကတော့ သူတို့မြင်တာနဲ့မတူ။ မိမိကာယအားဖြင့် လုပ်ဆောင်ခြင်းက ပိုပြီးအကျိုးပြီးနိုင်ကြောင်း သိလေသည်။ ထိုနောက် အများသူငါလို ပင်ပင်ပမ်းပမ်း မြေတူးသယ်ဖို့လုပ်ဆောင်သည်။
          အခြားသူများက တာဝန်ကိုယ်စီ ပြီးစီးအောင်ပြင်ဆင်ပြီးသော်လည်း သုမေဓာရှင်ရသေ့၏ တာဝန်ကျလုပ်ငန်းမှာ မပြီးပြတ်မှီမှာပင် ဘုရားရှင်နှင့် သံဃာတော်များကြွလာသည်။ ပြီးစီးအောင် ပြင်ဆင်ဖို့ရာ အချိန်မရတော့။ ထိုနောက်ချက်ချင်းဆိုသလိုပင် သုမေဓာရှင်ရသေ့သည် မိမိခန္ဓာ ကိုယ်ကို ရွှံ့နွံအပေါ်ဝမ်းလျားမှောက်ကာ တံတားခင်းလိုက်သည်။ ဘုရားရှင်နှင့် နောက်ပါ ရဟန်း တော်များ မိမိကျောပေါ်မှကြွသွားပါစေ။ ဟုတ်တယ်လေ။ ဒီရွှံ့နွံအိုင်ကို ပြီးစီးအောင်မှ ဖို့ချိန် မရှိတော့တာ။
          ထိုအချိန်တွင် ရမ္မာဝတီမြို့သူ သူဋ္ဌေးသမီး သုမိတ္တာသည် ထိုမြင်ကွင်းရှေ့တည့်တည့်သို့ နောက်ပါအခြွေရံများနှင့်အတူ ရောက်လာသည်။ သူမှလက်ထဲမှာ ဘုရားရှင်ကိုလှူဒါန်းဖို့အတွက် ကိုင်ဆောင်လာသည့် ငွားငွားစွင့်စွင့်ကြီး လှချင်တိုင်းလှနေသည့် ကြာပန်းရှစ်ခိုင်မှာ သူမှ၏ အလှပေါ်အယဉ်ဆင့် တင့်လှသည့်အသွင်အောင်မှာတော့ အနည်းငယ်ညိုးနေသယောင်။
          ဘုရားရှင်ကို စိတ်ကနေလှမ်းကြည်ညိုလိုက်ပြီးနောက် ဘုရားရှင်ဂရုတစိုက်ကြည့်နေသည့် အရာကို အမှတ်မထင် လှမ်းကြည့်မိလိုက်သော သုမိတ္တာသူဋ္ဌေးသမီး၏ရင်ထဲမှာ ဖိုကနဲဖြစ်သွား သည်။ တစ်ခါမျှ မဖြစ်ဖူးသည့် လှုပ်ရှားမှုတစ်ခုကို ရင်မှာခံစားလိုက်ရသည်။ ဒီလိုငယ်ရွယ် ချောမော လှသည့် ရသေ့လေးက ဘုရားရှင်ရှေ့မှာ ဘာလို့ဝမ်းလျားထိုးနေတာလဲ။ ရင်မှာသနားသလိုလို စိုးရိမ်သလိုလို အမည်မသိဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။
          အရင်ရောက်နှင့်ကြသည့် ဘေးကလူများ တီးတိုးစကားက သုမိတ္တာ၏အတွေးအိမ်ကို ဖောက်ထွင်းသွားသည်။ မပြီးစီးသည့် မိမိတာဝန်ကို ခန္ဓာကိုယ်တံတားခင်းကာ လိုလိုလားလားပင် လှူတာတဲ့။ တန်ခိုးရှိပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးတာတဲ့……စသဖြင့် တီးတိုးစကားများက သုမိတ္တာ၏ တန်ပြန်အတွေးမြင်တန်းအောက်မှာ ပျောက်သွားပြန်သည်။ ဒီလောက်များပြားတဲ့ ရဟန်းတော်တွေများ သူ့ကိုပေါ်နင်းသွားရင် တစ်စစီဖြစ်တော့မှာပေါ့…………။
          ထိုအချိန်တွင် ရှင်ရသေ့လေး၏ ရင်တွင်းမှာတော့ ဘုရားရှင်ကို ကြည့်ညိုချက်က ခိုင်မာ သွားလေပြီ။ သတ္တ၀ါတွေအကျိုး လောကအကျိုးကို အမြင့်မြတ်ဆုံးသယ်ပိုးနိုင်သည့် ဘုရားရှင်ကို ဖူးမြော်ရပြီးနောက် မိမိကိုယ်တိုင်လည်း ဘုရားဖြစ်ချင်မိသည်။ ထိုနောက် မိမိဦးခေါင်းရှေ့တွင် ရပ်တန့်နေသော ဘုရားရှင်ကိုမော်ဖူးလိုက်ပြီးနောက် ဘုရားဖြစ်ရပါလိုကြောင်း ဆုတောင်းဖို့ စိတ်တွင် အခိုင်မာဆုံးဖြတ်လိုက်သည်။
          စိတ်စေ့ဆော်မှုကြောင့် ဘုရားရှင်နှင့် ရသေ့လေးတို့နေရာနှင့် နီးမှန်းမသိပင်နီးလာသော သုမိတ္တာမိန်းမပျိုလေးသည် ရသေ့ငယ်ကို သနားကရုဏာ အကြင်နာမျက်ဝန်းတို့ဖြင့် မမှိတ်မသုန် ကြည့်နေသော်လည်း ရသေ့လေး၏ တစ်စုံတစ်ခုကို ပြတ်ပြတ်သားသားလုပ်တော့မည့် ဆုံးဖြတ် ဟန်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သည်။ ဘုရားရှင်ထံ ပြင်းပြသည့်ဆန္ဒတို့ဖြင့် မော်ကြည့်နေ သည့် ရသေ့လေးအတိုင်း မိမိအကြည့်များကိုလည်း ဘုရားရှင်ထံရွေ့လျားမိလိုက်သည်။ အော်….ကြည်ညိုဖွယ် အတိရှိလှသည့် မြတ်စွာဘုရား။
 လူပေါင်းများစွာတို့၏အာရုံတွင် ဘုရားရှင်နှင့် သံဃာတော်များကိုသာမက ဘုရားရှေ့မှောက်တွင် ၀မ်းလျားထိုးကာ တံတားခင်းနေသည့် ရသေ့ငယ်ကိုလည်း သတိမပြုပဲ မနေနိုင်လောက်ကိုပင် ဖြစ်ခဲ့ကြပြီ။ ထို့အတူ မိမိတို့မြို့တွင် အချောဆုံးလည်းဖြစ် မည်သူမေတ္တာပန်းကိုမျှ မပန်ဆင်၊ မိမိကို တောင်းရမ်းလာသူမှန်သမျှကိုလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းခါခဲ့သည့်   နာမည်ကြီးသူဋ္ဌေးသမီး သုမိတ္တာ၏ ထူးဆန်းလှသည့် အမူရာကိုပါ သတိထားမိစေတော့သည်။
     သုမိတ္တာကတော့ ရသေ့လေးကလွဲရင် ကျန်တာကိုသိပ်သတိမထားမိပြန်တော့။ အညို့ ခံထားရသည့်သူပမာ ရသေ့လေးမျက်နှာမူရာကိုသာ လိုက်ကြည့်နေမိတော့သည်။ တစ်ဖန် မိမိ လက်ထဲမှာ ကိုင်ထားသည့် ကြာရှစ်ပွင့်ကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။ မိမိအကြည့်တွေသည် ဘုရားရှင်မျက်နှာ ရသေ့လေးမျက်နှာ ပြီးတော့ကြာပန်းများ ကူးချည်သန်းချည်။ ရင်တွင်းမှာလည်း ဘယ်သူ့ကိုဘယ်လောက်လှူရမလဲ…..။ ဒီလောက်လွယ်ကူနေတာကို သူမမှာရှုပ်နေသည်။ ပန်းရှစ်ပွင့်ပဲ။ လေးပွင့်စီခွဲလှူလိုက်ရင် ပြီးရောပေါ့….။
          နောက်ဆုံးမတော့ ပန်းရှစ်ပွင့်ကား အောင်မြင်စွာခွဲဝေပြီးလေပြီ။ ရသေ့လေးကို ပန်းငါးပွင့်။ ကျန်တဲ့သုံးပွင့်က ဘုရားရှင်ကိုလှူဖို့။ လူတွေကတော့ သူ့မဟန်ပန်ကိုနားမလည်ပေ။ ပန်းငါးပွင့်ကို ရသေ့လေးထံ အရင်လှူလိုက်သည်။ ရသေ့လေးကလည်း ကြည်ရွှင်စွာဖြင့် ပန်းငါးပွင့်ကို လက်ခံ လိုက်သည်။ အမျိုးသမီးငယ်၏ သဘောကိုလည်း ကောင်းစွာသိလိုက်ပြီ။ ထိုနောက်တွင်တော့ လက်ထဲရောက်လာသည့် ပန်းငါးပွင့်ကို မိမိကိုမမှိတ်မသုန် ကြည့်နေသည့် အမျိုးသမီးငယ်ရှေ့မှာပင် ဘုရားရှင်ထံလှူလိုက်တော့သည်။ ဘုရားဖြစ်ရပါလို၏လို့ နှုတ်ကဖွဖွလေးထွက်သွားသည်။ သို့ရာတွင် အများစုက ပီပီသသကြားလိုကရသည်။ ပြတ်သားခိုင်မာလှသည့် ဆုတောင်း။
          ထိုနောက်တွင်တော့ အားလုံးအကြည့်က ဘုရားရှင်ထံရောသွားကြပြန်သည်။ ဘုရားရှင် ဘယ်လိုတုန့်ပြန်မလဲ။ ရှင်းသန့်ကြည်လင်လှသည့် အသံတော်ဖြင့် ယနေ့ကစပြီး နောင်လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်လျှင် ငါကဲ့သို့ပင် ဘုရားစင်စစ် မယွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူလိုက်သည်။ အားလုံးက ရသေ့လေးကို ကောင်းချီးပေးကြသည်။
          သုမိတ္တာ ………..သူမှ ဘာလုပ်မလဲ။ မဆိုင်းမတွပင် မိမိလက်မှာကျန်နေသည့် ပန်းသုံးပွင့် ကို ဘုရားရှင်ထံလှူလိုက်သည်။ ဤကောင်းမှုကြောင်း ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း တွင် ရသေ့လေး၏ ပါရမီဖြည့်ဘက် အိမ်သူသက်ထား ဇနီးယားဖြစ်လိုပါကြောင်း ဆုတောင်းလိုက်သည်။ တွေဝေမှုမရှိသည့်ဆုတောင်း………။ လူအားလုံး တအံ့တသြဖြစ်နေချိန်တွင် မျှော်လင့်ချက်အပြည့် ယုံချက်အပြည့်တို့ဖြင့် ဘုရားရှင်ကို မော်ဖူးနေသည့် သုမိတ္တာလေး။ အဆုံးဘ၀တိုင် ဆင်မယဉ်သာ နောက်ကပါသည့်ပမာ ရသေ့လေး၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်ဟု ဘုရားရှင်က မိန့်တော်မူ လိုက်သည်။
          ရောက်လာကြသည့် လူအားလုံးက ရသေ့လေးနှင့် သုမိတ္တာသူဋ္ဌေးသမီးလေးတို့၏ ဆုတောင်းပြီး ဘုရားရှင်မိန့်ကြားချက်ကို ကြားလိုက်ရတော့ ၀မ်းပန်းတသာ အားပေးလိုက်ကြသည်။ မလွဲမသွေ ဘုရားဖြစ်ပါစေ……..။ ထက်ကြပ်မကွာ ဘ၀မခြားဆက်တိုင်းညားပြီး ပါရမီဖြည့်ဘက် ကြင်သူ့နောက်ပါ မယ့်သက်လျာလည်းဖြစ်ပါစေ…။ အိမ်သူ့သက်ထား တန်ဖိုးထားအပ် မယားမြတ်လည်းဖြစ်ပါစေ………။
          ဘုရားရှင်နှင့် နောက်ပါရဟန်တော်များလည်း ရသေးဘေးမှလွှဲကာ ဆိုင်ရာခရီးကို ကြမြန်းသွားကြပြီ။ လူအုပ်ကြီးလည်း ဘုရားနှင့်သံဃာနောက်ပါးမှ လိုက်သွားကြပြီ။ ရသေ့လေးကား ၀မ်းလျားမှောက်နေဆဲ။ သုမိတ္တာလည်း မတ်မတ်ရပ်နေဆဲ။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ချိန်တွင် ရသေ့လေးသည် မတ်မတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပန်းလှူခဲ့တဲ့ အမျိုးသမီးလေးပဲ။ မိမိနဲ့ ဘ၀ဆက်ဆက် ပါရမီဖြည့်လိုသူလေးပဲ။ ထိုနောက် နှုတ်ဆက်အကြည့်ဖြင့် ကြည့်လိုက်ရင်း တောရပ်မြိုင်ဆီကို ဣနြေ္ဒရရ ဦးတည်လိုက်သည်။ မြင်ကွင်းကနေ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်သွားသည့်တိုင်အောင် ပီတိပြည့်လျမ်းသော မျက်ဝန်းအစုံတို့ဖြင့် စိုက်ကြည့်နေသော သုမိတ္တာမိန်းမငယ်လည်း မိမိအိမ်ရှိရာမြို့တွင်းသို့ တဖြည်းဖြည်းနှင့်လှမ်းတော့သည်။
          သုံးနဲ့လေးလို အသီးသီးကျောင်းခိုင်းသွားနေသည်ကို သုမိတ္တာရင်ထဲမှာတော့ ထိုကျောခိုင်း သွားသည့် ခြေလှမ်းတွေသည်ပင် တဖြေးဖြေးနှင့် နီးစပ်လာဖို့ဖြစ်ကြောင်း အခိုင်အမာ ယုံကြည် လိုက်သည်။ သူတို့အားလုံး နောက်ကိုပြန်သွားနေတာမဟုတ်တာ။ ရှေ့ကိုပဲ။ ယုံကြည်ချက်တူ ပန်းတိုင်တူသူတို့အဖို့ ခြေလှမ်းတိုင်းသည် နီးစပ်ဖို့ဖြစ်သည်မလား။ နားလည်မှုသည် ပိုင်ဆိုင်မှု ဆိုတာထက် ချစ်မေတ္တာနယ်ပယ်တွင် သာလွန်သည်။ မွန်မြတ်သည်။
          သုမေဓာလုလင်သည် ရှင်းလင်းသည့်အမြင်၊ ခိုင်မာသည့် ယုံကြည်ချက်၊ စစ်မှန်သည့် သဒ္ဓါတရားတို့ဖြင့် လူရပ်ကိုခွာပြီး တောရပ်မြိုင်ကို ဖန်ရည်စွန်းအ၀တ်ဖြင့်သာ ချဉ်းကပ်ခဲ့သည်။ ရသေ့ဖြစ်လာခဲ့သည်။
          သုမိတ္တာသည် လိုတိုင်းရတတိုင်းပြည့်သည့် သူဋ္ဌေးသမီးတစ်ဦးဖြစ်သည်။ ထိုထက် စဉ်းစား ချင့်ချိန်တတ်သည့် ပညာဥာဏ်နှင့်ပြည့်စုံသည်။ တတ်သိလိမ္မာသည်။ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုခံရသည်။
          သူတို့နှစ်ယောက်သည် ဆုံတွေ့ချိန်တွင် ပေါင်းဖက်ဖို့ရာ မဖြစ်နိုင်ကြောင်း သုမိတ္တာ ကောင်းစွာဘောပေါက်သည်။ ရူးမိုက်သည့် ဆုတောင်းမျိုးလို့ သာမန်လူတို့ ထင်ကောင်း ထင်ကြမည်။ သို့ရာတွင် မိမိအတွက် အဓိပ္ပါယ်ပြည့်ဝလှသည့် တောင့်တချက်ဖြစ်သည်။ ဘယ်တော့မှ နောင်တရမှာမဟုတ်သည့် ယုံကြည်ချက်လည်းဖြစ်သည်။
          သူမသည် ရသေ့လေးနှင့် ဒီဘ၀တွင် ဆုံဆည်းပေါင်းဖက်ခွင့် အများအမြင်တွင်မရလိုက်။ သို့ရာတွင် သိပ်ကိုအရေးကြီးလှသည့် တစ်နည်းအားဖြင့် ဘ၀ခရီးဖော်တို့အတွက် အသက်တမျှ အရေးကြီးလှသည့် နားလည်မှုကို ရလိုက်သည်ဆိုတာကို အားလုံးက မြင်ချင်မြင်လိမ့်မည်။ မမြင်သူလည်း ရှိကောင်းရှိပေမည်။ မည်သို့ပင်ရှိစေ မိမိကတော့ ဘုရားရှင်၏ အတည်ပြုချက်အပြီး ရသေ့ငယ်က မငြင်းဆိုခြင်းသည်ပင် မိမိမေတ္တာရဲ့ အောင်မြင်မှုတစ်ခု။ ဒါဟာ မိမိလို ချစ်တတ်သူတို့ ရလိုက်တဲ့ နားလည်မှုလေ။
          မိမိဘာဆုကို တောင်းခဲ့တာလဲ။ အားလုံးအသိ။ ပိုင်ဆိုင်လိုကြောင်းမဟုတ်။ ဖြည့်ဆည်းလို ကြောင်းဖြစ်သည်။ မိမိ၏ ချစ်ခြင်းမေတ္တာ……. အင်း………..အဲလိုပဲဆိုပါရစေတော့။ မိမိ၏ ချစ်မေတ္တာ တွေဟာ သူ့လိုအပ်ချက်ကို ဖြည့်ဖို့ပဲ။ သူ့ကို ပိုင်ဆိုင်ဖို့မှမဟုတ်တာ။ သူလိုအပ်ချိန်မှာ ကိုယ်ကဖြည့်ဆည်းပေးဖို့။ သူ့ကိုဖြည့်ဆည်းပေးလိုက်ရခြင်းဖြင့် နောက်ထပ်ရခဲ့တာတစ်ခုတော့ ရှိပါသေးသည်။ အဲဒါကတော့ ဒီလိုလုပ်ပေးနိုင်လို့ လုပ်ပေးခွင့်ရလို့ ကျေနပ်တယ်ဆိုတာပဲ။ ဟုတ်ပါရဲ့။ မိမိမှာ နားလည်ခြင်းအပြင် ကျေနပ်ခြင်းဆိုတဲ့ တစ်စုံတစ်ခုကိုလည်း ထပ်ရ လိုက်ပြန်သေးသည်။
          ကိုယ့်ရဲ့ဖြူစင်တဲ့ မေတ္တာစမ်းရေကြောင့် သူရဲ့စစ်မှန်တဲ့ ရနံ့ပြည့်ဝ ပန်းလှလှတွေ ပွင့်ပါစေ…။ လန်းပါစေ…။ အဲဒီရနံ့တွေကို ကမ္ဘာသူကမ္ဘာသားတွေ သက်ရှိတွေအားလုံး ရှူရှိုက် နိုင်ပါစေ..။ ၀တ်ရည်သောက်သုံး ပျားပိတုန်းတို့လည်း အလိုရှိတိုင်းလွေးနိုင်ကြပါစေ..။ မိမိ၏ မေတ္တာသည် အဖြည့်ခံဆုတောင်းကြောင့် မိမိရင်မှာ အတိုင်းမသိ ငြိမ်းအေးလှသည်။ ကြည်နူး ရသည်။ ထိုအတူ သတ္တလောကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေသား……..။ အေးမြပါစေသား……..။
သူ (သရက်)
Monday, July 21, 2014
ဘုရားရှင်ရဲ့ စည်းကမ်း
ဘုရားရှင်ရဲ့ စည်းကမ်း
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်က အဖြစ်အပျက်တခု ဖြစ်ပါတယ်။ တနေ့မှာ မြတ်စွာဘုရားရှင်ဟာ ညီတော်အာနန္ဒာကို အမိန့်ရှိခဲ့ပါတယ်။ အမိန့်ရှိတဲ့ အကြောင်းကတော့ ဘုရားရှင်ဟာ တပါးတည်းသော ဧကစာအကျင့်ကို ကျင့်သုံးမယ့်အကြောင်း၊ ကျင့်သုံးမယ့်ကာလက ၀ါတွင်းသုံးလဖြစ်ကြောင်း၊ ဧကစာအကျင့် ကျင့်သုံးမယ့် ကျောင်းတော်က ၀ိသာခါကျောင်းအမကြီးရဲ့ ပုဗ္ဗာရုံကျောင်း ဖြစ်ပါသတဲ့။
ဘုရားရှင်က သူ-ဒီလို တပါးတည်း စံပယ်တော်မူမယ့်အချိန်မှာ ရှင်အာနန္ဒာတပါးတည်းသာ ဆွမ်းပို့ ဆွမ်းကပ်လာရန် ခွင့်ပြုတော်မူသတဲ့။ ရှင်အာနန္ဒ္ဒာ အနေနဲ့ကတော့ တနေ့တနေ့ ဘုရားရှင်ဟာ သာသနာတော်အကျိုးအတွက် စီစဉ်ဆောင်ရွက်ရတာတွေ များပြားလွန်းတာမို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိထားတဲ့သူဖြစ်တဲ့အတွက် ဒီလိုတပါးတည်း ဧကစာကျင့်မယ်ဆိုတာ ကြားသိတော့ ၀မ်းသာမိတယ်။ ဘုရားရှင် ဧကစာကျင့်နေခိုက် သာသနာအတွင်း၊ သံဃာတော်အတွင်း၊ ပြဿနာတခုခု ရှိလာရင် ဘယ်လိုဖြေရှင်းမလဲ ခေါင်းခဲမိပေမယ့် ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သားသံဃာကြီးတွေ ရှိတာပဲဆိုပြီး စိတ်ဖြေခဲ့တယ်။
ဘုရားရှင်အပေါ်မှာ ကြည်ညိုလွန်း စေတနာပိုလွန်းတဲ့ ညီတော်အာနန္ဒာ အပါအ၀င် သံဃာတွေဟာ အစည်းအဝေးတခုတောင် ပြုလုပ်ခဲ့သေးတယ်။ အဲဒါကတော့ ဘုရားရှင်တပါးတည်း ကျင့်သုံနေတဲ့အချိန်မှာ ဘယ်သံဃာတော်မျှ ဘုရားရှင်ကို ဖူးတွေ့ခွင့် မတောင်းရ၊ မဖူးမြော်ရ၊ ဖူးမြော်ရင် အပြစ်ရှိတယ်လို့ ကတိက၀တ် ပြုခဲ့ကြသတဲ့။ တကယ်တော့ ဘုရားရှင်ကို လွတ်လပ်အေးချမ်းစွာ သီတင်းသုံးစေချင်တဲ့ စေတနာနဲ့ စီစဉ်ခဲ့ကြတာပါ။ ဒီလို စည်းကမ်းချထားတဲ့ အကြောင်းကိုလည်း ရှင်အာနန္ဒာက ဘုရားရှင်ကို ပြန်ပြောပြသတဲ့။ ဒီအခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့တယ်။ ဘုရားရှင် ပြုံးတော်မူရင် အကြောင်းထူးတခုခု ရှိမယ်ဆိုတာ ရှင်အာနန္ဒာသိပေမယ့် ဘုရားရှင်က ဘာမျှ မိန့်ကြားတော်မမူတော့ ရှင်အာနန္ဒာလည်း မလျှောက်သာ၊ မမေးသာဘူးပေါ့။ ဒီလိုနဲ့ ဘုရားရှင်ဟာ တပါးတည်း ဧကစာကျင့်သုံးနေတဲ့ အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။
ဒီအချိန်မှာ အရှင်ဥပသေနရဲ့ ပြဿနာက ၀င်ရောက်လာခဲ့တယ်။ ရှင်ဥပသေနဆိုတာ နှယ်နှယ်ရရ ရဟန်းမဟုတ်ဘူး။ ရဟန်းပရိသတ်၊ လူပရိသတ်တို့အလယ်မှာ ကြည်ညိုဖွယ်ကို ဆောင်ကြဉ်းနိုင်လွန်းလို့ ဘုရားရှင်ကိုယ်တိုင် ချီးကျူးတော်မူရတဲ့ ဧတဒဂ်ရ ရဟန်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ရွေးစင် ရဟန်းအပါး ၄၀-ထဲမှာ ရှင်ဥပသေနလည်း တပါးအပါအ၀င်ပေါ့။
ရှင်ဥပသေနဟာ ဘုရားရှင်ရဲ့ ကျောင်းတော်ရာအတွင်းက ရဟန်းမဟုတ်ပါဘူး။ တောအရပ်ကိုမှီးတဲ့ တောနေရဟန်းတပါးမို့ အရှင်အာနန္ဒာတို့ အသစ်ထုတ်ထားတဲ့ စည်းကမ်းကိုလည်း မသိပေဘူးပေါ့။ အရှင်ဥပသေနဟာ ဘုရားရှင်ကို မဖူးမြော်ရတာ ကြာပြီမို့ စိတ်ထဲမှာ ဖူမြော်ချင်ဇောနဲ့ လာခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာ သူ့ရဲ့တပည့် ရဟန်းငါးရာလည်း လိုက်ပါလာခဲ့တယ်။ ရှင်ဥပသေနရော သူ့တပည့်ရဟန်းငါးရာဟာ တောအရပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ အရညကင်ဓုတင်၊ ဆွမ်းခံစားတဲ့ ပိဏ္ဍပါတ်ဓုတင်၊ သင်္ကန်းသုံးစွဲတဲ့ နေရာမှာလည်း စွန့်ပစ်စတွေကိုသာ ကောက်ယူသုံးစွဲတဲ့ ပံသုကူဓုတင်တွေကို ဆောင်တဲ့ ရဟန်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာနဲ့ တပည့်တွေဟာ အကျင့်သီလ မွန်မြတ်ကောင်းမွန်သူတွေမို့ ကြည်ညိုဖွယ်ရာအတိ ဖြစ်ပါသတဲ့။
အရှင်ဥပသေနနဲ့ ဘုရားရှင်ကြားမှာလည်း အများမသိတဲ့ ပြဿနာလေးတခု ရှိနေတယ်။ အရှင်ဥပသေန ရဟန်းဝတ်ခါစ အချိန်ကပေါ့။ ရဟန်းဝတ်ပြီး နှစ်နှစ်မြောက် အချိန်မှာ တပည့်ရဟန်းတဦးကို တပည့်မွေးဖူးတယ်။ ဒါကို ဘုရားရှင်က ကိုယ်တိုင်တောင် သူများဆုံးမတာ ခံရမယ့်အနေအထားမှာ သူများကို ဆရာလုပ်နေရလားဆိုပြီး ပြောဖူးပါတယ်။ ဒီအဖြစ်ကို အရှင်ဥပသေနက အသည်းထဲ စွဲနေအောင် မှတ်ပြီး ရဟန်းအကျင့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ရာက ခုလို အသက်လည်းရ ရဟန်းနှစ်လည်း ကြာလာချိန်မှာ တပည့်ကောင်း ငါးရာ မွေးထုတ်နိုင်ပြီဟု ဘုရားရှင်ကို ပြောချင်နေပါသတဲ့။ ဒါကြောင့်လည်း ဘုရားရှင်ရှိရာဆီကို တကူးတက လာဖူးခဲ့ခြင်း ဖြစ်ပါသတဲ့။
ရှင်အာနန္ဒာကတော့ ရှင်ဥပသေနနဲ့ တပည့်တွေ လာတယ်ဆိုရင်ပဲ အစအစအရာရာ ချင့်တွက်ပြီး ဘုရားရှင်ကို ၀င်တွေ့ခွင့် တောင်းပေးခဲ့ပါတယ်။ ဘုရားရှင်ကလည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ ဘုရားရှင်ဟာ ကြီးမားလှတဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်သူမို့ ရှင်ဥပသေနကို မြင်မြင်ချင်းမှာပဲ ဘာကြောင့်လာတွေ့တယ်။ ဘာကိုပြောချင်တယ်ဆိုတာ တန်းသိတာပေါ့။ ဒါကြောင့် ဆရာသမားကောင်းပီသစွာပဲ ချီးမွမ်းအပ်ရာကို ချီးမွမ်းသတဲ့။
ဘုရားရှင်။ ။ ဥပသေန-သင့်တပည့်တွေဟာ ကြည်ညိုဖွယ် ကောင်းလှချည်လား၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ပြီထင်တယ်။ သင်ဘယ်လိုများ ဆုံးမသွန်သင်ထားသလဲ- ဘုရားရှင် ဒီလိုအမိန့်ရှိတယ်ဆိုရင်ပဲ ရှင်ဥပသေနဟာ ရွှင်လန်းဝမ်းမြောက်စွာနဲ့ သူကိုယ်တိုင်ရော တပည့်သံဃာတော်တွေရော ကျင့်သုံးတဲ့ အကျင့်တွေကို လျှောက်တင်တော်မူခဲ့တယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ရှင်ဥပသေနရဲ့ အကျိတ်အခဲတွေကို ကြေစေပြီးတဲ့အချိန်မှာ-
ဘုရားရှင်။ ။ ဥပသေန-ငါဘုရား သုံးလ ဧကစာကျင့်သုံးနေတဲ့အချိန်မှာ ဘယ်သူမျှ တွေ့ခွင့်မရှိဘူးလို့ ရဟန်းများ အစည်းအဝေးလုပ်ပြီး ဥပဒေချထားသတဲ့။ ဒါကို သင်သိရဲ့လား။
ရှင်ဥပသေန။ ။ မသိပါ အရှင်ဘုရား။ ဒါပေမယ့် သိရင်လည်း တပည့်တော် သဘောမတူပါဘူးဘုရား။ စည်းမျည်း စည်းကမ်းဥပဒေဆိုတာ ဘုရားရှင်ကသာ ချမှတ်ပေးရတာဘုရား။ တပည့်သားသံဃာတွေရဲ့အလုပ် မဟုတ်ပါဘူးဘုရား။
ဘုရားရှင်။ ။ သာဓု သာဓု သာဓု ဥပသေန၊ သင့်အယူအဆမှန်ပေသည်။ ငါဘုရားသည် ဟိုအရင်အချိန်ကပင် ငါ့အား ဖူးတွေ့လိုသော ရပ်ဝေးနေရဟန်းများအား အချိန်မရွေး ဖူးတွေ့ခွင့် ပြုပြီး ဖြစ်ပေတယ်။
ဘုရားရှင်နဲ့ ရှင်ဥပသေနဟာ ဒီစကားတွေ ပြောဆိုဆွေးနွေးပြီး ရှင်ဥပသေနရဲ့ အပြန်လမ်းမှာတော့ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ရဟန်းတွေနဲ့ တိုးတော့တာပေါ့။ ရဟန်းတွေကလည်း ဥပဒေကိုမသိဘူးလား ဘာလားဆိုပြီး ရှင်ဥပသေနကို ပြောဆို ပြစ်တင်ကြသတဲ့။
ရှင်ဥပသေနကလည်း အခုပဲ ဘုရားရှင်နဲ့ ဒီအကြောင်း ပြောဆိုခဲ့ကြောင်း၊ ဘုရားရှင်ကလည်း ရဟန်းတို့ ဒီလိုဥပဒေထုတ်ပြန်မှုကို အကျိုးအကြောင်းပြ ပယ်ဖျက်တော်မူကြောင်း ပြန်ပြောသတဲ့။ ဒီအခါမှာတော့ အပြစ်တင်ချင်သူ သံဃာတော်တွေဟာ သူတို့ရဲ့အပြစ်ကို သဘောပေါက်သွားပြီး နှုတ်ပိတ်ခေါင်းငုံ့သွားကြတယ်။
ဒီအတွက် အကျိုးသက်ရောက်မှုက ဘာရသလဲဆိုတော့ ဓုတင်ဆောင်ရဟန်းတွေဟာ ဘုရားရှင်ကို ဖူးမြော်ချဉ်းကပ်လိုတဲ့အခါမှာ အချိန်မရွေး ချဉ်းကပ်ဖူးမြော်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဓုတင်ဆောင်ရဟန်းတွေရဲ့ သီလသိက္ခာ အကျိုးသက်ရောက်မှု ကြီးမာပုံကို သိတဲ့အတွက် ရဟန်းအချင်းချင်းမှာလည်း ပိုမိုကြိုးစားအားထုတ်မှုတွေ များပြားလာခြင်းပါပဲ။
ကလေးတို့ရေ ဘုရားရှင်လက်ထက်က ဒီအဖြစ်အပျက်ကလေးကို ဖတ်ပြီးတဲ့အခါမှာ ကိုယ်ကျိုးမပါဘဲ ကိုယ့်အတွက် ကောင်းမွန်ပေမယ့် သာသနာတော်နဲ့ မသင့်တော်ဘူးဆိုရင် ပြတ်သားရဲတဲ့ သာသနာတော်ရဲ့ အကျိုးတခုတည်းကိုသာ အစဉ်တစိုက် ကြည့်တတ်တဲ့ ဘုရားရှင်ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကြည်ညိုနိုင်ကြပါစေကွယ်။
ဇာတ်ညွှန်း-( မိုးမိုးစောဝင်း )
Tuesday, May 6, 2014
သကြားထက် ချိုသောအရာ
သကြားထက် ချိုသောအရာ
အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီ အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ….။
ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့ အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်.. ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ အဖိုးအိုက သိလိုက်ပါတယ်.. ။
သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်းဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီးတစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ… သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..။
အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်…. အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့ အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား ဒီနေရာက ထွက်သွားပါ.” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်။
ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်.. အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း  “ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..
“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်တယ်.. ”
“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.“ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ.. ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန် ငြင်းမိပါတယ်..
“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်.. နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ” “ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ” ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်.. ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..
“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်.. ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်..
အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီနှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်.. အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”
“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..
“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”
“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..
အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်.. ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”
စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”
“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”
“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”
“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ” ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက
“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..
မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု လှမ်းပြောလိုက်ပါတယ်..
“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ်ဂျက်ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်..
“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”
အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”
“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေ ကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”
“ အစ်မကြီး”
ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..
အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… ။
နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား ရောက်လာခဲ့ပါတယ်.. ”
အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့ အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင် ကြောင်း ပြောခဲ့တယ်.. ”
“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မတစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”
“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..
“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်.. အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်.. ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့ ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ” အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက
“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်.. ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”
အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”
“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”
စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်.. ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..
“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”
“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”
ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ် ထပ်ယူမလား. ”
ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်.. တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..” လို့ ပြောလိုက်ပါတော့တယ်..
Wednesday, January 8, 2014
ချစ်မိလေသောအခါ ....
“ ချစ်မိလေသောအခါ .... ”
သီဟိုဠ်ကျွန်းမှာ “ ဒုဋ္ဌဂါမဏိမင်းကြီး ” ရဲ့ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်း တွင်ရစ်အောင် စည်ကားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီငရုတ်သီးတစ်တောင့်ကျောင်းရေစက်ချပွဲမှာ ရဟန်းတော်တစ်သိန်း၊ ဘိက္ခုနီမကိုးသောင်းပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့ အကြီးအကျယ် ပေးလှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ရေစက်ဆုံခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းကလေးကလည်း စိတ်ဝင်စားစရာတစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။
ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့ တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့အခါ စားဦးကို မလှူရသေးဘဲ ငရုတ်သီး တစ်တောင့်ကို အမှတ်တမဲ့ စားလိုက်မိပါသတဲ့။ ဒုဋ္ဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့ စားလိုက်မိ တာလေးကိုပဲ သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်းပြည်အေးချမ်းတဲ့အခါ ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းတိုက် အမည်ကိုလည်း “ငရုတ်သီးတစ်တောင့်ကျောင်း”လို့ အမည်ပေးထားပါတယ်။
အဲဒီ ငရုတ်သီးတစ်တောင့်ကျောင်းတိုက် ရေစက်ချပွဲမှာ ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးဟာ ယာဂုပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂုကပူတော့သပိတ်ကို သင်္ကန်းစွန်းလေးနဲ့ ခုကိုင်လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာတဲ့အခါကျတော့ မြေကြီးပေါ်ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်းလေးနဲ့ကိုင်ပြီး ရှေ့ဆက်ကြွလိုက်၊ ပူလာတဲ့အခါကျတော့ မြေကြီးပေါ် ခဏ ချထားလိုက်နဲ့ ဖြစ်နေပါတယ်။
ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့ သက်တူရွယ်တူ ခုနစ်နှစ်အရွယ် သာမဏေ မလေးက မြင်သွားပါတယ်။ ဒါကြောင့် ကိုရင်လေးဆီသွားပြီး…
“ကိုရင်... ပူနေရင်
တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့ သပိတ်အောက်က ခံကိုင်သွားပါလားဘုရား၊ ပြီးတော့ ဒီခံခွက်ကလေးကို ကိုရင့်ကို အပြီးလှူလိုက်ပါတယ်ဘုရား” လို့ပြောပြီး ကိုရင်လေးရဲ့အခက်အခဲကို ဖြေရှင်းပေးလိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့် လိုက်ပါသတဲ့။
ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲဆိုပါတော့၊ အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက (၁၂)နှစ် တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ ပြည်သူတွေငတ်မွတ်ဆင်းရဲ၊  ရဟန်း သံဃာတွေလည်း အတိဒုက္ခရောက် တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေးကြပါတယ်။  တချို့ ရဟန်းတော်တွေကျတော့ တောထဲပုန်းရှောင်ပြီး “ ပိဋကသုံးပုံ ” ကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ ရပါတယ်။
တချို့ရဟန်းတော်တွေကျတော့ အသတ်ခံလိုက်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ ခံယူခဲ့တဲ့ ကိုရင်လေးဟာ သက်တော်(၈၀) ဝါတော် (၆၀)ရ ဆရာတော်ကြီး ဖြစ်နေလို့ ခံခွက်ကလေးလှူခဲ့တဲ့ သာမဏေမလေးဟာလည်း  သက်တော်(၈၀)ရ ဘိက္ခုနီမကြီး ဖြစ်နေပါပြီ။ အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ စောစောက ဘိက္ခုနီမကြီးလည်း ပါပါတယ်။ သူတို့ဟာ အိန္ဒိယရောက်နေပေမယ့် သူတို့ရဲ့ဇာတိ သီဟိုဠ်စစ်သတင်းကို အမြဲ နားစွင့်နေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင်လာတယ် ဆိုတဲ့သတင်း ကြားလိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိစစ်သတင်း သွားမေးကြ ပါတယ်။ သတင်းမေးတဲ့သူတွေထဲမှာ ဘိက္ခုနီမကြီးလည်း ပါပါတယ်။
လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ကြီးကို မေးခွန်းတစ်ခု မေးပါတယ်။
“ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော် ဘယ်လောက်ရှိပါပြီလဲဘုရား”
“အဲဒီတုန်းက ငါ့အသက်က ခုနစ်နှစ်အရွယ် ကိုရင်လေးပေါ့”
“အဲဒီကျောင်းရေစက်ချပွဲတုန်းက တပည့်တော်လည်း ခုနစ်နှစ်အရွယ် သာမဏေမလေးပါပဲဘုရား၊
အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော် ကြုံခဲ့တာလေးကို ဆရာတော့်ကို လျှောက်ပြ ရဦးမယ်ဘုရား၊ ကိုရင်လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ ဖြစ်နေပါတယ်ဘုရား။
ဒါနဲ့ တပည့်တော်လည်း သူ့ဆီသွားပြီး တပည့်တော်ရဲ့ခံခွက်ကလေးကို သပိတ်အောက်က ခံဖို့ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာလေးကိုတော့ ဒီနေ့အထိ မေ့လို့ကို မရပါဘူးဘုရား”
♦ ဘိက္ခုနီမကြီးဆီကစကား ကြားလိုက်ရတော့ ... ဆရာတော်ကြီးက “သြော်” ဆိုပြီး အာမေဍိတ်သံ နဲ့ အတူ သက်ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့…
“အဲဒီကိုရင်လေးဟာ တခြားသူ မဟုတ်ပါဘူး၊ ငါပါပဲ” လို့ပြောပြီး အနှစ်နှစ်အလလက ကိုယ်နဲ့အခွဲမခွာ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကိုအိတ်ထဲက ထုတ်ပြ လိုက်ပါသတဲ့။
သက်တော်(၈၀)အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ နှစ်ပေါင်းခုနစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ခံခွက်ကလေးကို နှစ်ဦးသား မှင်တက်မိစွာ စိုက်ကြည့်နေကြပါတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ဝတ်ခဲ့တဲ့အဝတ်တွေကို တခြားအဝတ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြသတဲ့။
တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ ဒီစာစုလေးကို ဒီမှာတင် အဆုံးသတ် လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက် ဘာဖြစ်သွား ကြတယ်။ လူ့ဘဝမှာ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာ ဆက်ပြမထားပါဘူး။ လူထွက်သွားကြတယ်ဆိုတာနဲ့ပဲ အဆုံးသတ်ထားပါတယ်။
ဒါပေမယ့် ကိုယ်က ဝိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာဖြစ်လေတော့ ဝိပဿနာ နွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို သုံးသပ်ပြဖို့ တာဝန်က ရှိနေပြန်ပါတယ်။ ဒါကြောင့် ဝိပဿနာနွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။ ပုထုဇဉ်တိုင်းမှာ ကိလေသာတွေ ရှိနေတယ်ဆိုတော့ အထူးပြောစရာ မလိုပါဘူး။
ကိလေသာက သုံးပါးရှိပါတယ်။
♦ ၁။ အနုသယ ကိလေသာ၊
♦ ၂။ ပရိယုဋ္ဌာန ကိလေသာ၊
♦ ၃။ ဝီတိက္ကမ ကိလေသာ တဲ့။
♦ အနုသယ ကိလေသာဆိုတာ- ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ ကိလေသာပါ။ သတ္တဝါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။
♦ ပရိယုဋ္ဌာန ကိလေသာဆိုတာက- အာရုံတစ်ခုကိုတွေ့ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။
♦ ဝီတိက္ကမ ကိလေသာဆိုတာကတော့ အာရုံတစ်ခုကို တွေ့ပြီး ထကြွသောင်းကျန်းရုံတင် မကတော့ဘဲ လွန်ကျူးမှုအဆင့်အထိရောက်သွားတဲ့ ကိလေသာပါ။
ဒီကိလေသာသုံးပါးရဲ့ သရုပ်ကို ပေါ်လွင်သွားအောင် အထက်ကရေးပြခဲ့တဲ့ ဝတ္ထုလေးကိုပဲ ပြန်အာရုံပြုကြည့်လိုက်ပါ။
♠ ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီးသားပါ၊ သူတို့နှစ်ဦးရဲ့သန္တာန်မှာ အနုသယ ကိလေသာတွေက အစဉ်သဖြင့် ကိန်းနေခဲ့ပါတယ်။
♠ ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ ဘိက္ခုနီမကြီးက ဆရာတော်ကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ အဲဒီအချိန်မှာ အစဉ်သဖြင့် ကိန်းနေခဲ့တဲ့ ကိလေသာတွေက ထကြွသောင်းကျန်းလာပါတော့တယ်။  (လွန်ကျူးမှုအဆင့် အထိတော့ မရောက်သေးပါဘူး) အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေသာကို ပရိယုဋ္ဌာန ကိလေသာလို့ ခေါ်ပါတယ်။
♠ နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာကတော့
လွန်ကျူးခြင်းဆိုတဲ့ ဝီတိက္ကမ ကိလေသာ ဖြစ်သွားတော့တာပါပဲ။
ဒီတော့ ဒီကိလေသာသုံးပါးကို ဘာနဲ့ တားမလဲ?
(ဒီနေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိလေသာတွေကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါတယ်။ အခုပြောနေတာက ပုထုဇဉ် သက်သက်မျှ အသွင်နဲ့ ပြောနေတာမို့ပါ)
♦ ♦ ♦စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့ တားရပါတယ်။ ♦ ♦ ♦
၁။ ဝီတိက္ကမ ကိလေသာကို “ သီလသိက္ခာ ” နဲ့ တားရပါတယ်။ ကိုယ်အခွင့်သင့်ရာ သီလတစ်ခုခုကို ဆောက်တည်ထားရင် လွန်ကျူးစရာအာရုံတစ်ခုကို တွေ့ပေမယ့် သီလ ဆောက်တည်ထား တဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။
၂။ ပရိယုဋ္ဌာန ကိလေသာကို “သမာဓိသိက္ခာ”နဲ့ တားရပါတယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်း လေးဆယ်ထဲက ကိုယ်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။
ဥပမာ- ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရားဂုဏ်တော်ဆီမှာပဲ ရောက်နေတဲ့အတွက် ထကြွသောင်းကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာန ကိလေသာကို တားပြီးသား ဖြစ်နေပါတယ်။
၃။ အနုသယ ကိလေသာကိုတော့ “ ဝိပဿနာဆိုတဲ့ပညာသိက္ခာ ” နဲ့ တားရပါတယ်။  ဆိုလိုချက်ကတော့ ကိလေသာ သုံးပါးကို သိက္ခာသုံးပါးနဲ့ တားဆီးရတဲ့ သဘောပါ။
ဒီစာစုမှာ အဓိကပြောချင်တာက ဝိပဿနာသတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ပါဠိတော်မှာ-သတ္တာနံ ဝိသုဒ္ဓိယနော မဂ္ဂေါ လို့ ဟောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ သတ္တဝါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်မှတစ်ပါး…..။
ကျမ်းကိုး-
၁။ မူလပဏ္ဏာသ အဋ္ဌကထာ(ရထဝိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင်(ကျီးသဲလေးထပ်ဆရာတော်)
၃။ သင်္ဂြိလ်ဘာသာဋီကာ(အရှင်ဇနကာဘိဝံသ)
အင်တာဗျူးဂျာနယ် (၁၁-၁၁-၂၀၀၂)
ဆရာတော် ရဝေနွယ်(အင်းမ) ၏
“ ကုသိုလ်ဖြစ်အောင်တွေးမယ် ”စာအုပ် စာမျက်နှာ ၃၁ ~ ၄၀ မှ ကူးယူပူဇော်ပါသည်။
Tuesday, August 20, 2013
ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား
ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား
                 လူတိုင်းလူတိုင်း အခွင့်သာလျှင် မိဘကျေးဇူးကို ဆပ်ချင်ကြသည်ချည်းပင်၊ တချို့ က “ မိဘကျေးဇူးဆပ်တာပဲ ငွေပေးဆပ်လိုက်ရင်ပြီးတာပဲ” ဟု ထင်နေတတ်ကြ၏။ မိဘကျေးဇူးကို ငွေကြေးနှင့်တန်ဖိုးဖြတ်ကာ ဆပ်နေလိုက်ကြသည်မှာ- မိန်းမကလည်းသူ့  မိဘဆီကို တစ်လတစ်ခါပို့ လိုက်၊ ယောက်ျားကလည်း အားကျမခံပို့ လိုက်၊ သည်လိုနှင့် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားကာ အများအမြင်မှာတော့ သားကောင်း သမီးအလိမ္မာပြီးတွေပေါ့။
                “ မိဘကို ငွေပေးရုံနဲ့ လုံလောက်ပါပြီ ” လို့ ဆိုတဲ့ ထိုထိုလူသားများအတွက် လေ့လာ ဖတ်ရှုဖူးသော ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြလိုက်ချင်သေး၏။ ရပ်ကွက်တစ်ခုတွင် အင်မတန် စရိုက်ဆိုးသည့် လင်မယားနှစ်ယောက်ရှိ၏။ တစ်ယောက်က အရက်ကို အလွန်အကျွံသောက်ကာ မူးလာရင် လူမှန်းသူမှန်းမသိတဲ့ ဆိုက္ကာသမား၊ တစ်ယောက်က ဈေးထဲမှာ ငါးရောင်းရရှာသည့် ငါးစိမ်းသည်၊ သူတို့ နှစ်ယောက် ရေစက်ဆုံပံဆုံနည်းကလည်း ရပ်ကွက်ထဲမှာ သြချစရာ၊ အရက်မူးလွန်ပြီး ကင်းတဲတစ်ခုမှာ အိပ်ပျော်နေတုန်း
( ကားသများတွေရန်ကိုကြောက်လို့  ခိုကိုးရာမဲ့ ပြေးလွားခဲ့သည့် ) အမျိုးသမီးက ဗြုန်းဆို သူ့ နောက်မှာ ဝင်ပုန်းရင်း မထင်မှတ်ဘဲ ညားခဲ့ကြရသည့် ဇနီးမောင်နှံ၊ နာမည်က ကိုထွန်းရင်နှင့် မသိန်းမြ-တဲ့၊ ချစ်ခြင်းမေတ္တာတွေလည်းမပါ၊ သံယောဇဉ်တွေလည်းမရှိ၊ ဟိုကြောက် သည်ကြောက်နှင့် ညားခဲ့ကြသည်မို့  နေ့ လည်း တကျက်ကျက် ညလည်းတကျက်ကျက် ရန်ဖြစ်တတ်ကြ၏။ ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများ ဆယ်အိမ်မှူး ရာအိမ်မှူးများ ဖြေရှင်းပေးလို့ ကမဆုံးနိုင်။
               ( လင်နဲ့ မယား လျှာနဲ့ သွား-ဆိုတာလို လင်ကရှာရှာလာသမျှ မယားကသွားသွားဖြုန်းလို့ လျှာနှင့်သွားပမာ တစ်ခါတစ်ရံမှ ထိမိခိုက်ကြသည်မဟုတ် )၊ ကိုထွန်းရင်ကလည်း အရက်သမားပီပီ စရိုက်ကြမ်းကြမ်း မသိန်းမြကလည်း ငါးစိမ်းသည်ပီပီ နှုတ်သီးကစွာတာတာ၊ ဝါသနာမတူညီ၊ စရိုက်ကိုယ်စီမို့  ခုနှစ်သံချီပြီး ရန်ပွဲကို အမြဲနွဲနေကျ။
              သည်လိုနှင့်နေလာခဲ့ကြရာ တစ်နေ့ မှာတော့ သူတို့လင်မယားနှင့် ဘယ်လိုမှပတ်သက် ဆက်နွယ်သည်ဟု အထင်ရလောက်အောင် ချောမေလှပသည့်  အသက်နှစ်ဆယ်အရွယ် မိန်းမပျိုလေးတစ်ယောက် သူတို့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့၏။ အလှတွင် အယဉ်ဆင့်-ဆိုတာလို  မျက်နှာလေးက လှပရုံမက ကျက်သေရရှိလွန်းလှ၏။ မျက်နှာအချောအလှလေးကို မြင်လိုက်သည်နှင့် သဘောမနေကောင်းမည့်သူလေဖြစ်ကြောင်း  မသိန်းမြက မှတ်ချက်ပြုလိုက်၏။
မေမိုးဝသန်-ပင်ဖြစ်ပါသတဲ့၊ မချင်ဖြစ်သူ ကွယ်လွန်သွားပြီမို့ ၊ အဖွားတွေလက်ထဲမှာ ကြီးပြင်းလာခဲ့ရသည့် မေမိုးဝသန်၊ ယခုသူမ၏ဖခင် ကိုထွန်းရင်ဆီကို ဘာလာလုပ်တာလဲ-ဟု ထွန်းရင်ကိုယ်တိုင်က နားမလည်နိုင်၊ ငိုင်တိုင်တိုင်နှင့် ငေးကြည့်နေ့ သည့်ဖခင်အား သမီးလေး မေမိုးဝသန်က “ သမီး အဖေ့ကျေးဇူးတွေ ဆပ်ချင်လို့ လာခဲ့တာပါ၊ အဖေ သမီးကို တစ်နှစ်တော့ လက်ခံပါ ”ဟု ပြောသည့်အခါ အဖေအရင်းဖြစ်တဲ့ ထွန်းရင်ကတော့ ဘာပြောနေမလဲ၊ စကားတစ်လုံးတည်း “ သမီးနေမယ်ဆိုရင်နေပေါ့ ” တဲ့၊ 
              ဒါပေမယ့် အဖေ့မိန်းမ မသိန်းမြက သိပ်မကြည်ချင်၊ ဘဝင်မကျ နှုတ်က ရေရွတ် သည်မှာ“ အဖေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်လည်း ငွေလေးဘာလေး ထောက်ပံ့ပေးရင် ပြီးရောပေါ့ ” တဲ့၊ ဒီလိုနဲ့ ပဲ လမ်းလုံကျော် ရပ်ကွက်ကျော် အိမ်တော်ကြီးမှာ မိသားစုသုံးယောက် ဖြစ်သွား  လေတော့၏။
             သမီးလေး မေမိုးဝသန် ရောက်ပြီးသည့်နောက်တစ်နေ့ မနက် ဝေလီဝေလင်းအချိန်မှာ အရက်သမား ကိုထွန်းရင်နှင့် ငါးစိမ်းသည် မသိန်းမြတို့ ၏ အိမ်ထဲမှ အင်မတန်သာယာတဲ့ ကြေးစည်သံလေး ထွက်ပေါ်လာပါတော့၏။ မေမိုးဝသန်ရဲ့ ဘုရားရှိခိုးသံ မေတ္တာပို့ သံတွေ ကြားရသည့်အခါ အားလုံး တအံ့တသြ ဖြစ်ကြကုန်၏။ ကလေးမလေးသည် မြန်မာရိုးရာ ယဉ်ကျေးမှုတွင်မကပဲ စစ်မှန်သည့် ဗုဒ္ဓဘာသာဝင်တစ်ယောက်လို ပီပီပြင်ပြင်ရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်မှန်း တစ်ရပ်ကွက်လုံး သိလိုက်ကြရတော့၏။
             ဘယ်တုန်းကမျှ ဆွမ်းလောင်းလေ့မရှိတဲ့ သူတို့ အိမ်ကို ဆွမ်းခံကိုယ်တော်လေးတွေ ပင့်ဖိတ်ပြီး ကလေးမလေးက ဆွမ်းလောင်း၏၊ ညဘက်ရောက်သည့်အခါ အဖေ့ကိုတစ်လှည့် မိထွေးကိုတစ်လှည် နှိပ်နယ်ပေးရင်း ဘုရားအကြောင်းတရားအကြောင်း သူ့ အသိပညာ အတိုင်းအထွာလေးနှင့် ပြောပြလေ့ရှိပါသတဲ့။ 
            ( မှတ်ချက်-မိခင်နှင့်အဘွားတို့ ၏ ထိန်းကွယ်မှုအောက်မှာ လူလားမြောက်ခဲ့ရသည့် မေမိုးဝသန်၊ သည်ကလေး၏ လိမ္မာရေးခြားရှိပုံကို တွေ့ မြင်းရသည့်အခါ လောကနီတိဆရာ၏ အဆိုပြုချက်တစ်ရပ်ကို သွား၍ သတိပြုမိတော့၏-  
            *  အမိအုပ်ထိန်းသောသမီးနှင့် အဘအုပ်ထိန်းသောသမီး မတူ၊ အမိအုပ်ထိန်းသော သမီးကသိမ်မွေ့ သည်၊   က္ကုနြေ္ဒရှိသည်၊ လိမ္မာရေးခြားရှိသည်။ 
            *   အမိအုပ်ထိန်း သောသားနှင့် အဘအုပ်ထိန်းသောသားသည်မတူ၊ အဘအုပ်ထိန်း သောသားက လိမ္မာရေးခြားရှိသည်။
           *   အမိရော အဘရောနှစ်ဦးစလုံးအုပ်ထိန်းသော သားသမီးများသည် ပို၍လိမ္မာရေးခြား ရှိသည်၊ လူတော်လူကောင်းလေးများ ဖြစ်လာတတ်သည်၊ သမီးမိန်းခလေးကို အုပ်ထိန်းရန် အမိတွင်ပို၍တာဝန်ရှိသည်၊ သားယောက်ျားလေးကို ထိန်းသိမ်းကွပ်ညှပ်ရန် အဖတွင် ပို၍ တာဝန်ရှိဘိ၏၊။ ဤသည်မှာ လောကနီတိ အဆိုဖြစ်၏ )
            မေးမိုးဝသန်က သူ့ အဖေကိုလည်း ( အရက်မသောက်ပါနဲ့ လား အဖေရယ် ) ဟု တစ်ခွန်းမှမပြော၊ ထိုနည်းတူ သူ့ မိထွေးကိုလည်း ( ငါးမရောင်းပါနဲ့ လား အမေရယ် ) ဟု တစ်ခွန်းမှမဟ၊  ဘာမျှမကြာလိုက်တဲ့ တစ်နှစ်တာမပြည့်တပြည့် အချိန်လေးမှာ ကိုထွန်းရင် တစ်ယောက် အရက်ပျက်သွား၏။
 ဒီတစ်ယောက်ပဲလားဆိုတော့ မဟုတ်သေးပါ။ မသိန်းမြလည်း ငါးမရောင်းတော့ပဲ မိန်းခလေး အဝတ်အထည်တွေချုပ်တဲ့ အပ်ချုပ်ဆိုင်ကလေး ဖွင့်လိုက်ပါတော့၏။ ( အချိန်ကလည်း တက္ကသိုလ်ကျောင်းသူတွေ မြန်မာဆန်ဆန် အဝတ်အစားတွေ ဝတ်ရမည့်အချိန်အခါ ဖြစ်နေ လေတော့ အဆင်ပြေလိုက်သည်မှာ အတိုင်းအထက်အလွန်ပင် ) မထင်မှတ်လောက်အောင် ပြောင်းလည်းသွားသော သည်မိသားစုလေးကိုကြည့်၍ တစ်ရပ်ကွက်လုံး တအံ့တသြဖြစ်ကုန်ကြ၏။ 
သူတို့ အိမ်ကလေးမှ ထွက်လာသည့် ဝတ်ရွှတ်သံကို နားခံရင်း နေ့ စဉ်နှင့်အမျှ ကြားနေရသည့် သမီးလေးမေမိုးဝသန်၏ ဘုရားရှိခိုးသံ ကြေးစည်သံ များကြောင့် အားလုံးမှာ ဝမ်းသာပီတိဖြစ်ကာ စိတ်ချမ်းသာသွားကြ၏ ၊ သြော်- ဘာလိုလိုနဲ့  တစ်နှစ်ဆိုသည်မှာ ဘာမှမကြာလိုက်၊ အဘွားတွေက မေမိုးဝသန်ကို ပြန်လာခေါ်ကြပြီမို့  လင်မယားနှစ်ယောက်လုံး ဗြုန်းကနဲဝမ်းသာ, ဗြုန်းကနဲ့ ဝမ်းနဲဆိုတာလို ဖြစ်ကြကုန်၏။
စိတ်မကောင်းကြ။ 
         “ သည်ခလေးမနှယ်  အဖေကိုကျေးဇူးဆပ်ချင်ရင် ပိုက်ဆံလေးဘာလေးပေးလည်း ပြီးရော ” ဟု ပြောခဲ့ကြသည့် ထိုထိုလူသားများ ပြောမိသည့်စကားအတွက် နောင်တရကြ လိမ့်မည်ထင်ပါကြောင်း။
အရှင်ကဉ္စနာသီရိ၏
သီတာရေစင်အမည်တွင်သော စာအုပ်မှ ပြန်လည်မျှဝေခြင်းပါ။