Showing posts with label ဗုဒ္ဓ၀င်. Show all posts
Showing posts with label ဗုဒ္ဓ၀င်. Show all posts

Saturday, August 16, 2014

စံမှီမေတ္တာ


“စံမှီမေတ္တာ”

 ငယ်စဉ်တောင်ကျေး ကလေးဘ၀ စာဖတ်တတ်သည့်အချိန်မှစတင်ကာ စာတိုပေစများကို ဖတ်ရှု လေ့လာခဲ့မိသည်။ အစကတော့ စာအုပ်တွင်ပါသည့် အရုပ်လှလှလေးတွေကို ဦးတမ်းကစားရာ ကနေ စာအုပ်တွေကို ယဉ်ပါးခဲ့ပြီး စာပေကိုချစ်တတ်လာခဲ့သည်ဟုဆိုကလည်း မမှားပေ။
          ကလေးသဘာဝအလျောက် စွန့်စားသူတို့အကြောင်းတွေကို ပို၍သဘောကျသည်။ အဖိုးအဖွားတို့ကို ပုံပြင်ပြောခိုင်လျှင်တောင်မှ စွန့်စားခန်းပါတာတွေကိုပဲ ပြောခိုင်းဖြစ်တာများသည်။ တစ်နည်းဆိုရသော် သူရဲကောင်းဆိုသည့် အများအားကျ လေးစားကြသူတို့အကြောင်း အများသူငါ လိုပင် ကြားချင်သိချင်မိတာလည်း မဆန်းပေ။

          တောအရပ်မှာ ကြီးပြင်းခဲ့ရသည်မို့ စာအုပ်က ရှားရှားပါးပါး။ ကြည့်ပြီးသားစာအုပ်များကိုပင် ဖန်တစ်ရာတေအောင် ပြန်ကြည့်နေရသည်။ ထိုနောက်တွင် ရွာဦးဘုန်းကြီးကျောင်းတွင်ရှိသည့် စာအုပ်များကို ဖတ်ရှုခွင့်ရလာသည်။ ပုံတော်စုံ ဓမ္မပဒတို့၊ ဗုဒ္ဓ၀င်စာအုပ်တို့ကတော့ စာရေးသူတို့ အသည်းစွဲပင်။ သူတို့က အရုပ်တွေ ပါတယ်လေ။

          ဒီလိုနဲ့ အတော်အတန် အရွယ်ရောက်လာတော့ ဟိုဟိုဒီဒီစာတွေဖတ်ဖြစ်ပြန်သည်။ အသက်-၁၁-နှစ်အရွယ်တွင် မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ခဲ့ရသည်။ တောကပါလာသည့် အရုပ်ဦးသည့်ညဉ်နှင့် စာဖတ်အကျင့်တို့လည်း မိမိနှင့်တစ်ပါတည်း လိုက်လာခဲ့သည်။ စာသင်ကျောင်းမှာ စာသင်ခန်းမှာ အတန်းပြင်ပစာတွေဖတ်လို့ အရိုက်ခံရတာလည်း မနည်းပေ။ စာဖတ်တယ်ဆိုလို့ ဘာစာတွေလည်း ပြောရဦးမယ်။ ကာတွန်းတွေ၊ ရုပ်ပြတွေပဲပေါ့။

          ကိုယ်က စာဖတ်ချင်လို့ဖတ်တာကလွဲရင် ဘာကိုမှ ဦးတည်ချက်မထားရတာ အကုန် ဖတ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာပါမကျန်ဖတ်သည်။ ၀တ္ထုလည်းစုံအောင်ဖတ်သည်။ ကဗျာလည်းဖတ်သည်။ သိုင်းစာအုပ်တွေလည်း ပါတာပေါ့။ စာမဖတ်ဖို့တားတဲ့သူတွေကာတော့ အဲဒါတွေမကောင်းဘူးပြောပြီး၊ ဖတ်လို့မိရင် ရိုက်ရော။ ဘယ်တာကောင်းတယ် ဖတ်သင့်တတယ် ဆိုတာတော့ တစ်ခါဖူးမျှ မပြောပေ။
          ထားပါတော့လေ ဒီလိုတွေ့ရာ လက်လှမ်းမှီရာ ဖတ်မိခဲ့တာတွေထဲက မိမိစိတ်ကို များစွာလှုပ်ခပ်ခဲ့သည့် ဖြစ်ရပ်များ၊ မှတ်မှတ်ထင်ထင် အာရုံမှာထင်ဟပ်စေမှုများ၊ အကြောင်း အရာများလည်း များစွာပင်ရှိခဲ့သည်။ ထိုအထဲမှ တစ်ခုကတော့ ယခုရေးမည့် အကြောင်းအရာပင်။ ဘာသာရေးနှင့် ဆက်စပ်နေသော အကြောင်းလည်းဖြစ်သည်။ မိမိဘ၀ကလည်း ငယ်စဉ်ကပင် ဘာသာရေးနှင့် နှီးနွယ်ခဲ့ရသည်မဟုတ်ပါလား။ ယနေ့အချိန်မှာ ပြန်ဖတ်လိုက်ရာတော့ ငယ်စဉ်က အားကျခဲ့သည့် အဆိုပါအဖြစ်ပျက်လေးမှာ လေးစားစရာအဖြစ်မြင်မိပြန်သည်။


          မိဘတွေ ဆုံးသွားသောကြောင့် သုမေဓာသတို့သားသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကုဋေ ပေါင်းများစွာပိုင်ဆိုင်သည့် သူဋ္ဌေးလေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဥစ္စာပေါရုပ်ချော ဆိုလောက် အောင်လည်း အတိတ်ကံကောင်းခဲ့သည်။ သို့ရာတွင် ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်သူခြင်း၊ နှာခေါင်းနှစ်ပေါက်ကနေ အသက်ရှူသူခြင်း တူကြသော်လည်း အမြင်ခြင်းမတူ၊ ယုံကြည်ချက်ကွဲပြား ခံယူချက်ခြားနားမှုတို့ကြောင့် အကျိုးတရားကလည်း ကွဲပြားခဲ့ရသည်မဟုတ်လား။

          ကြည့်ပါ။ ငါ့မိဘတွေဟာ စီးပွားဥစ္စာတွေကို ရှာဖွေတတ်၊ ပွားများအောင်လုပ်တတ်စေကာမူ တမလွန်ကိုတော့ ပါအောင်မယူနိုင်ကြ၊ ငါကတော့ ဒါတွေအားလုံးကို ပါအောင်ယူမည်ဟု သူဋ္ဌေး သား သုမေဓာ စဉ်းစားခဲ့သည်။ ထိုအတိုင်းလည်း တသွေမတိမ်းလုပ်ခဲ့သည်။ ပိုင်ဆိုင်သမျှကို တန်ဖိုး နည်းများမပိုင်းခြား အလှူခံကိုလည်း အဖြူမဲမခွဲခြားပဲ အလိုရှိတိုင်းယူတော့ဟု တွယ်တာမဲ့ လှူခဲ့သည်။ ထိုနောက်တွင်တော့ ၀တ်ကြောင်စွန့်ကာ ရသေ့ရဟန်းဘ၀ကို ကွန်းခိုခဲ့သည်။ ဗြဟ္မ ၀ိဟာရ တရားများနှင့် ကျင့်သုံးနေထိုင်သည့်အတွက် မြေလျိုးမိုးပျံ တန်ခိုးအမျိုးကိုရခဲ့သည်။ လူသူ မနီးတောရပ်ကြီးတွင် နေလေ့ရှိသော်လည်း အခါအားလျော်စွာ လူတို့နေရာအရပ်ကို လာရောက်ပြီး အလှူခံတတ်သည်။

          တစ်နေ့တွင် ရမ္မာဝတီနေပြည်တော်ကို ကောင်းကင်ခရီးဖြတ်သွားစဉ် ထူးခြားများပြားလှ သည့် လူအုပ်ကြီးကို လှန်းတွေ့လိုက်ရသည်။ အကြောင်းထူးကိုသိလို၍ ကောင်းကင်မှ ဆင်းသက် ကာ စုံစမ်းလိုက်သည်။ ဒီပင်္ကရာဘုရားရှင်နှင့် နောက်ပါတပည့်သံဃာတော်များ မြို့တော်ကို ကြွမည်ဖြစ်လို့ လမ်းပြင်နေကြောင်းသိလိုက်ရသည်။ သက်ရှိဘုရားရှင်းကို ဖူးတွေ့ရဖို့ဝေးစွ ဘုရား ဆိုသည့် အသံကို ကြားရဖို့တောင် အလွန်ခဲယဉ်းလှသည် မဟုတ်လား။ ဒီအခွင့်ထူးကို ကောင်းစွာ အသုံးချလိုသော သုမေဓာရှင်ရသေ့လေးသည် လမ်းပြင်ဆင်ရာတွင် သူပါလုပ်အားပေးအလှူ ပါဝင်လိုကြောင်း သက်ဆိုင်ရာတွင် ခွင့်တောင်းလိုက်သည်။

          ဘုရားရှင်းကြွချိန်နီးလားပြီဖြစ်၍ လမ်းပြင်ဦးဆောင်သူတို့က တန်ခိုးကြီးလှသည့် ရသေ့ လေးကို ရွှံ့နွံတို့ပြည့်နေသည့် တစ်နေရာစာကို ပြင်ဆင်ဖို့ရာ သတ်မှတ်ပေးလိုက်သည်။ တန်ခိုးရှင် ဆိုတော့ သူ့တန်ခိုးအစွမ်းနဲ့ ပြင်ဆင်လိုက်လျှင် ခဏပေါ့။ သို့တစေ သုမေဓာ ရသေ့လေး၏ အတွေး ကတော့ သူတို့မြင်တာနဲ့မတူ။ မိမိကာယအားဖြင့် လုပ်ဆောင်ခြင်းက ပိုပြီးအကျိုးပြီးနိုင်ကြောင်း သိလေသည်။ ထိုနောက် အများသူငါလို ပင်ပင်ပမ်းပမ်း မြေတူးသယ်ဖို့လုပ်ဆောင်သည်။

          အခြားသူများက တာဝန်ကိုယ်စီ ပြီးစီးအောင်ပြင်ဆင်ပြီးသော်လည်း သုမေဓာရှင်ရသေ့၏ တာဝန်ကျလုပ်ငန်းမှာ မပြီးပြတ်မှီမှာပင် ဘုရားရှင်နှင့် သံဃာတော်များကြွလာသည်။ ပြီးစီးအောင် ပြင်ဆင်ဖို့ရာ အချိန်မရတော့။ ထိုနောက်ချက်ချင်းဆိုသလိုပင် သုမေဓာရှင်ရသေ့သည် မိမိခန္ဓာ ကိုယ်ကို ရွှံ့နွံအပေါ်ဝမ်းလျားမှောက်ကာ တံတားခင်းလိုက်သည်။ ဘုရားရှင်နှင့် နောက်ပါ ရဟန်း တော်များ မိမိကျောပေါ်မှကြွသွားပါစေ။ ဟုတ်တယ်လေ။ ဒီရွှံ့နွံအိုင်ကို ပြီးစီးအောင်မှ ဖို့ချိန် မရှိတော့တာ။

          ထိုအချိန်တွင် ရမ္မာဝတီမြို့သူ သူဋ္ဌေးသမီး သုမိတ္တာသည် ထိုမြင်ကွင်းရှေ့တည့်တည့်သို့ နောက်ပါအခြွေရံများနှင့်အတူ ရောက်လာသည်။ သူမှလက်ထဲမှာ ဘုရားရှင်ကိုလှူဒါန်းဖို့အတွက် ကိုင်ဆောင်လာသည့် ငွားငွားစွင့်စွင့်ကြီး လှချင်တိုင်းလှနေသည့် ကြာပန်းရှစ်ခိုင်မှာ သူမှ၏ အလှပေါ်အယဉ်ဆင့် တင့်လှသည့်အသွင်အောင်မှာတော့ အနည်းငယ်ညိုးနေသယောင်။

          ဘုရားရှင်ကို စိတ်ကနေလှမ်းကြည်ညိုလိုက်ပြီးနောက် ဘုရားရှင်ဂရုတစိုက်ကြည့်နေသည့် အရာကို အမှတ်မထင် လှမ်းကြည့်မိလိုက်သော သုမိတ္တာသူဋ္ဌေးသမီး၏ရင်ထဲမှာ ဖိုကနဲဖြစ်သွား သည်။ တစ်ခါမျှ မဖြစ်ဖူးသည့် လှုပ်ရှားမှုတစ်ခုကို ရင်မှာခံစားလိုက်ရသည်။ ဒီလိုငယ်ရွယ် ချောမော လှသည့် ရသေ့လေးက ဘုရားရှင်ရှေ့မှာ ဘာလို့ဝမ်းလျားထိုးနေတာလဲ။ ရင်မှာသနားသလိုလို စိုးရိမ်သလိုလို အမည်မသိဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။

          အရင်ရောက်နှင့်ကြသည့် ဘေးကလူများ တီးတိုးစကားက သုမိတ္တာ၏အတွေးအိမ်ကို ဖောက်ထွင်းသွားသည်။ မပြီးစီးသည့် မိမိတာဝန်ကို ခန္ဓာကိုယ်တံတားခင်းကာ လိုလိုလားလားပင် လှူတာတဲ့။ တန်ခိုးရှိပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးတာတဲ့……စသဖြင့် တီးတိုးစကားများက သုမိတ္တာ၏ တန်ပြန်အတွေးမြင်တန်းအောက်မှာ ပျောက်သွားပြန်သည်။ ဒီလောက်များပြားတဲ့ ရဟန်းတော်တွေများ သူ့ကိုပေါ်နင်းသွားရင် တစ်စစီဖြစ်တော့မှာပေါ့…………။

          ထိုအချိန်တွင် ရှင်ရသေ့လေး၏ ရင်တွင်းမှာတော့ ဘုရားရှင်ကို ကြည့်ညိုချက်က ခိုင်မာ သွားလေပြီ။ သတ္တ၀ါတွေအကျိုး လောကအကျိုးကို အမြင့်မြတ်ဆုံးသယ်ပိုးနိုင်သည့် ဘုရားရှင်ကို ဖူးမြော်ရပြီးနောက် မိမိကိုယ်တိုင်လည်း ဘုရားဖြစ်ချင်မိသည်။ ထိုနောက် မိမိဦးခေါင်းရှေ့တွင် ရပ်တန့်နေသော ဘုရားရှင်ကိုမော်ဖူးလိုက်ပြီးနောက် ဘုရားဖြစ်ရပါလိုကြောင်း ဆုတောင်းဖို့ စိတ်တွင် အခိုင်မာဆုံးဖြတ်လိုက်သည်။

          စိတ်စေ့ဆော်မှုကြောင့် ဘုရားရှင်နှင့် ရသေ့လေးတို့နေရာနှင့် နီးမှန်းမသိပင်နီးလာသော သုမိတ္တာမိန်းမပျိုလေးသည် ရသေ့ငယ်ကို သနားကရုဏာ အကြင်နာမျက်ဝန်းတို့ဖြင့် မမှိတ်မသုန် ကြည့်နေသော်လည်း ရသေ့လေး၏ တစ်စုံတစ်ခုကို ပြတ်ပြတ်သားသားလုပ်တော့မည့် ဆုံးဖြတ် ဟန်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သည်။ ဘုရားရှင်ထံ ပြင်းပြသည့်ဆန္ဒတို့ဖြင့် မော်ကြည့်နေ သည့် ရသေ့လေးအတိုင်း မိမိအကြည့်များကိုလည်း ဘုရားရှင်ထံရွေ့လျားမိလိုက်သည်။ အော်….ကြည်ညိုဖွယ် အတိရှိလှသည့် မြတ်စွာဘုရား။

 လူပေါင်းများစွာတို့၏အာရုံတွင် ဘုရားရှင်နှင့် သံဃာတော်များကိုသာမက ဘုရားရှေ့မှောက်တွင် ၀မ်းလျားထိုးကာ တံတားခင်းနေသည့် ရသေ့ငယ်ကိုလည်း သတိမပြုပဲ မနေနိုင်လောက်ကိုပင် ဖြစ်ခဲ့ကြပြီ။ ထို့အတူ မိမိတို့မြို့တွင် အချောဆုံးလည်းဖြစ် မည်သူမေတ္တာပန်းကိုမျှ မပန်ဆင်၊ မိမိကို တောင်းရမ်းလာသူမှန်သမျှကိုလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းခါခဲ့သည့်   နာမည်ကြီးသူဋ္ဌေးသမီး သုမိတ္တာ၏ ထူးဆန်းလှသည့် အမူရာကိုပါ သတိထားမိစေတော့သည်။

     သုမိတ္တာကတော့ ရသေ့လေးကလွဲရင် ကျန်တာကိုသိပ်သတိမထားမိပြန်တော့။ အညို့ ခံထားရသည့်သူပမာ ရသေ့လေးမျက်နှာမူရာကိုသာ လိုက်ကြည့်နေမိတော့သည်။ တစ်ဖန် မိမိ လက်ထဲမှာ ကိုင်ထားသည့် ကြာရှစ်ပွင့်ကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။ မိမိအကြည့်တွေသည် ဘုရားရှင်မျက်နှာ ရသေ့လေးမျက်နှာ ပြီးတော့ကြာပန်းများ ကူးချည်သန်းချည်။ ရင်တွင်းမှာလည်း ဘယ်သူ့ကိုဘယ်လောက်လှူရမလဲ…..။ ဒီလောက်လွယ်ကူနေတာကို သူမမှာရှုပ်နေသည်။ ပန်းရှစ်ပွင့်ပဲ။ လေးပွင့်စီခွဲလှူလိုက်ရင် ပြီးရောပေါ့….။

          နောက်ဆုံးမတော့ ပန်းရှစ်ပွင့်ကား အောင်မြင်စွာခွဲဝေပြီးလေပြီ။ ရသေ့လေးကို ပန်းငါးပွင့်။ ကျန်တဲ့သုံးပွင့်က ဘုရားရှင်ကိုလှူဖို့။ လူတွေကတော့ သူ့မဟန်ပန်ကိုနားမလည်ပေ။ ပန်းငါးပွင့်ကို ရသေ့လေးထံ အရင်လှူလိုက်သည်။ ရသေ့လေးကလည်း ကြည်ရွှင်စွာဖြင့် ပန်းငါးပွင့်ကို လက်ခံ လိုက်သည်။ အမျိုးသမီးငယ်၏ သဘောကိုလည်း ကောင်းစွာသိလိုက်ပြီ။ ထိုနောက်တွင်တော့ လက်ထဲရောက်လာသည့် ပန်းငါးပွင့်ကို မိမိကိုမမှိတ်မသုန် ကြည့်နေသည့် အမျိုးသမီးငယ်ရှေ့မှာပင် ဘုရားရှင်ထံလှူလိုက်တော့သည်။ ဘုရားဖြစ်ရပါလို၏လို့ နှုတ်ကဖွဖွလေးထွက်သွားသည်။ သို့ရာတွင် အများစုက ပီပီသသကြားလိုကရသည်။ ပြတ်သားခိုင်မာလှသည့် ဆုတောင်း။

          ထိုနောက်တွင်တော့ အားလုံးအကြည့်က ဘုရားရှင်ထံရောသွားကြပြန်သည်။ ဘုရားရှင် ဘယ်လိုတုန့်ပြန်မလဲ။ ရှင်းသန့်ကြည်လင်လှသည့် အသံတော်ဖြင့် ယနေ့ကစပြီး နောင်လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်လျှင် ငါကဲ့သို့ပင် ဘုရားစင်စစ် မယွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူလိုက်သည်။ အားလုံးက ရသေ့လေးကို ကောင်းချီးပေးကြသည်။

          သုမိတ္တာ ………..သူမှ ဘာလုပ်မလဲ။ မဆိုင်းမတွပင် မိမိလက်မှာကျန်နေသည့် ပန်းသုံးပွင့် ကို ဘုရားရှင်ထံလှူလိုက်သည်။ ဤကောင်းမှုကြောင်း ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း တွင် ရသေ့လေး၏ ပါရမီဖြည့်ဘက် အိမ်သူသက်ထား ဇနီးယားဖြစ်လိုပါကြောင်း ဆုတောင်းလိုက်သည်။ တွေဝေမှုမရှိသည့်ဆုတောင်း………။ လူအားလုံး တအံ့တသြဖြစ်နေချိန်တွင် မျှော်လင့်ချက်အပြည့် ယုံချက်အပြည့်တို့ဖြင့် ဘုရားရှင်ကို မော်ဖူးနေသည့် သုမိတ္တာလေး။ အဆုံးဘ၀တိုင် ဆင်မယဉ်သာ နောက်ကပါသည့်ပမာ ရသေ့လေး၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်ဟု ဘုရားရှင်က မိန့်တော်မူ လိုက်သည်။

          ရောက်လာကြသည့် လူအားလုံးက ရသေ့လေးနှင့် သုမိတ္တာသူဋ္ဌေးသမီးလေးတို့၏ ဆုတောင်းပြီး ဘုရားရှင်မိန့်ကြားချက်ကို ကြားလိုက်ရတော့ ၀မ်းပန်းတသာ အားပေးလိုက်ကြသည်။ မလွဲမသွေ ဘုရားဖြစ်ပါစေ……..။ ထက်ကြပ်မကွာ ဘ၀မခြားဆက်တိုင်းညားပြီး ပါရမီဖြည့်ဘက် ကြင်သူ့နောက်ပါ မယ့်သက်လျာလည်းဖြစ်ပါစေ…။ အိမ်သူ့သက်ထား တန်ဖိုးထားအပ် မယားမြတ်လည်းဖြစ်ပါစေ………။

          ဘုရားရှင်နှင့် နောက်ပါရဟန်တော်များလည်း ရသေးဘေးမှလွှဲကာ ဆိုင်ရာခရီးကို ကြမြန်းသွားကြပြီ။ လူအုပ်ကြီးလည်း ဘုရားနှင့်သံဃာနောက်ပါးမှ လိုက်သွားကြပြီ။ ရသေ့လေးကား ၀မ်းလျားမှောက်နေဆဲ။ သုမိတ္တာလည်း မတ်မတ်ရပ်နေဆဲ။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ချိန်တွင် ရသေ့လေးသည် မတ်မတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပန်းလှူခဲ့တဲ့ အမျိုးသမီးလေးပဲ။ မိမိနဲ့ ဘ၀ဆက်ဆက် ပါရမီဖြည့်လိုသူလေးပဲ။ ထိုနောက် နှုတ်ဆက်အကြည့်ဖြင့် ကြည့်လိုက်ရင်း တောရပ်မြိုင်ဆီကို ဣနြေ္ဒရရ ဦးတည်လိုက်သည်။ မြင်ကွင်းကနေ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်သွားသည့်တိုင်အောင် ပီတိပြည့်လျမ်းသော မျက်ဝန်းအစုံတို့ဖြင့် စိုက်ကြည့်နေသော သုမိတ္တာမိန်းမငယ်လည်း မိမိအိမ်ရှိရာမြို့တွင်းသို့ တဖြည်းဖြည်းနှင့်လှမ်းတော့သည်။

          သုံးနဲ့လေးလို အသီးသီးကျောင်းခိုင်းသွားနေသည်ကို သုမိတ္တာရင်ထဲမှာတော့ ထိုကျောခိုင်း သွားသည့် ခြေလှမ်းတွေသည်ပင် တဖြေးဖြေးနှင့် နီးစပ်လာဖို့ဖြစ်ကြောင်း အခိုင်အမာ ယုံကြည် လိုက်သည်။ သူတို့အားလုံး နောက်ကိုပြန်သွားနေတာမဟုတ်တာ။ ရှေ့ကိုပဲ။ ယုံကြည်ချက်တူ ပန်းတိုင်တူသူတို့အဖို့ ခြေလှမ်းတိုင်းသည် နီးစပ်ဖို့ဖြစ်သည်မလား။ နားလည်မှုသည် ပိုင်ဆိုင်မှု ဆိုတာထက် ချစ်မေတ္တာနယ်ပယ်တွင် သာလွန်သည်။ မွန်မြတ်သည်။

          သုမေဓာလုလင်သည် ရှင်းလင်းသည့်အမြင်၊ ခိုင်မာသည့် ယုံကြည်ချက်၊ စစ်မှန်သည့် သဒ္ဓါတရားတို့ဖြင့် လူရပ်ကိုခွာပြီး တောရပ်မြိုင်ကို ဖန်ရည်စွန်းအ၀တ်ဖြင့်သာ ချဉ်းကပ်ခဲ့သည်။ ရသေ့ဖြစ်လာခဲ့သည်။
          သုမိတ္တာသည် လိုတိုင်းရတတိုင်းပြည့်သည့် သူဋ္ဌေးသမီးတစ်ဦးဖြစ်သည်။ ထိုထက် စဉ်းစား ချင့်ချိန်တတ်သည့် ပညာဥာဏ်နှင့်ပြည့်စုံသည်။ တတ်သိလိမ္မာသည်။ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုခံရသည်။

          သူတို့နှစ်ယောက်သည် ဆုံတွေ့ချိန်တွင် ပေါင်းဖက်ဖို့ရာ မဖြစ်နိုင်ကြောင်း သုမိတ္တာ ကောင်းစွာဘောပေါက်သည်။ ရူးမိုက်သည့် ဆုတောင်းမျိုးလို့ သာမန်လူတို့ ထင်ကောင်း ထင်ကြမည်။ သို့ရာတွင် မိမိအတွက် အဓိပ္ပါယ်ပြည့်ဝလှသည့် တောင့်တချက်ဖြစ်သည်။ ဘယ်တော့မှ နောင်တရမှာမဟုတ်သည့် ယုံကြည်ချက်လည်းဖြစ်သည်။

          သူမသည် ရသေ့လေးနှင့် ဒီဘ၀တွင် ဆုံဆည်းပေါင်းဖက်ခွင့် အများအမြင်တွင်မရလိုက်။ သို့ရာတွင် သိပ်ကိုအရေးကြီးလှသည့် တစ်နည်းအားဖြင့် ဘ၀ခရီးဖော်တို့အတွက် အသက်တမျှ အရေးကြီးလှသည့် နားလည်မှုကို ရလိုက်သည်ဆိုတာကို အားလုံးက မြင်ချင်မြင်လိမ့်မည်။ မမြင်သူလည်း ရှိကောင်းရှိပေမည်။ မည်သို့ပင်ရှိစေ မိမိကတော့ ဘုရားရှင်၏ အတည်ပြုချက်အပြီး ရသေ့ငယ်က မငြင်းဆိုခြင်းသည်ပင် မိမိမေတ္တာရဲ့ အောင်မြင်မှုတစ်ခု။ ဒါဟာ မိမိလို ချစ်တတ်သူတို့ ရလိုက်တဲ့ နားလည်မှုလေ။

          မိမိဘာဆုကို တောင်းခဲ့တာလဲ။ အားလုံးအသိ။ ပိုင်ဆိုင်လိုကြောင်းမဟုတ်။ ဖြည့်ဆည်းလို ကြောင်းဖြစ်သည်။ မိမိ၏ ချစ်ခြင်းမေတ္တာ……. အင်း………..အဲလိုပဲဆိုပါရစေတော့။ မိမိ၏ ချစ်မေတ္တာ တွေဟာ သူ့လိုအပ်ချက်ကို ဖြည့်ဖို့ပဲ။ သူ့ကို ပိုင်ဆိုင်ဖို့မှမဟုတ်တာ။ သူလိုအပ်ချိန်မှာ ကိုယ်ကဖြည့်ဆည်းပေးဖို့။ သူ့ကိုဖြည့်ဆည်းပေးလိုက်ရခြင်းဖြင့် နောက်ထပ်ရခဲ့တာတစ်ခုတော့ ရှိပါသေးသည်။ အဲဒါကတော့ ဒီလိုလုပ်ပေးနိုင်လို့ လုပ်ပေးခွင့်ရလို့ ကျေနပ်တယ်ဆိုတာပဲ။ ဟုတ်ပါရဲ့။ မိမိမှာ နားလည်ခြင်းအပြင် ကျေနပ်ခြင်းဆိုတဲ့ တစ်စုံတစ်ခုကိုလည်း ထပ်ရ လိုက်ပြန်သေးသည်။

          ကိုယ့်ရဲ့ဖြူစင်တဲ့ မေတ္တာစမ်းရေကြောင့် သူရဲ့စစ်မှန်တဲ့ ရနံ့ပြည့်ဝ ပန်းလှလှတွေ ပွင့်ပါစေ…။ လန်းပါစေ…။ အဲဒီရနံ့တွေကို ကမ္ဘာသူကမ္ဘာသားတွေ သက်ရှိတွေအားလုံး ရှူရှိုက် နိုင်ပါစေ..။ ၀တ်ရည်သောက်သုံး ပျားပိတုန်းတို့လည်း အလိုရှိတိုင်းလွေးနိုင်ကြပါစေ..။ မိမိ၏ မေတ္တာသည် အဖြည့်ခံဆုတောင်းကြောင့် မိမိရင်မှာ အတိုင်းမသိ ငြိမ်းအေးလှသည်။ ကြည်နူး ရသည်။ ထိုအတူ သတ္တလောကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေသား……..။ အေးမြပါစေသား……..။

သူ (သရက်)


Saturday, March 15, 2014

ပြည်တော်ဝင်နေ့


ပြည်တော်ဝင်နေ့ 

တပေါင်းလပြည့်နေ့ကို ပြည်တော်ဝင်နေ့ဟု ခေါ်ဆိုပါသည်။ အချိန်အားဖြင့် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ပြာသိုလ်လပြည့်ကျော်ကာလ ဘုရားမြတ်စွာသည် ကိုယ်တော်ထံမှောက်သို့ ဆည်းကပ်လာကြသည့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ဆောက်လုပ်လှူဒါန်းသော ဝေဠုဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့ပျော် သီတင်းသုံးနေတော်မူလျက်ရှိ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး ပထမ၀ါကို ဗာရာဏသီပြည်အနီး မိဂဒါဝုန်တောအရပ်တွင် ၀ါကပ်၏။ ၀ါကျွတ်ပြီးနောက် ဥရုဝေလတောအုပ်တွင် သုံးလကြာ သီတင်းသုံး၏။ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ရဟန္တာဖြစ်အောင် ချေချွတ်ဆုံးမတော်မူပြီး ပြာသိုလ်လပြည့်နေ့တွင် ရသေ့ညီနောင် ရှင်တစ်ထောင်တို့နှင့်အတူ ရာဇဂြိုဟ်မြို့သို့ ရောက်ရှိလာ၏။ ရာဇဂြိုဟ်မြို့သည် အင်္ဂတိုင်း၊ မဂဓတိုင်းတို့၏ မင်းနေပြည်ဖြစ်ပြီး ဗိမ္ဗိသာရမင်းကြီး စိုးစံ၏။ အင်္ဂတိုင်းသား မဂဓတိုင်းသား အမျိုးကောင်းသားတစ်သောင်းကျော်တို့ကိုလည်း အမြိုက်ရေအေး ဓမ္မဆေးကို တိုက်ကျွေးပြီး ရဟန္တာများအဖြစ်ကို ရောက်စေခဲ့ပါသည်။

ဘုရားမြတ်စွာသည် ဆည်းကပ်လာသူတို့တွင် အချို့သော သတ္တ၀ါတို့ကို ရတနာမြတ်သုံးပါး , ငါးပါးသီလ၌ တည်စေလျက် ဥပါသကာအဖြစ် ခံယူစေခြင်း၊ အချို့သောသတ္တ၀ါတို့အား ဆည်းပူး ခဲ့သောပါရမီအား လျော်စွာ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ကို သိမြင်စေတော်မူခြင်းဖြင့် ဝေနေယျသတ္တ၀ါ များစွာတို့အား ၃၁ ဘုံမှ ကျွတ်လွတ်ပွဲကြီးကို နေ့စဉ်နှင့်အမျှ အံ့ချီးဖွယ်ဆောင်ရွက်လျက် ရှိပါသည်။

ကပိလ၀တ်ပြည့်ရှင် ဖခင်သုဒ္ဓေါဒနမင်းကြီးသည်“ငါ၏ သားတော်သည် ယခုအခါ ဒုက္ကရစရိယာ ခြောက်နှစ်ကြာကျင့်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူပြီ။ တရားဦး ဓမ္မစကြာ ဟောကြားတော် မူပြီး၍ ယခုအခါကောင်းကင်၌ နက္ခတ်တာရာကြယ်တကာတို့ ၀ိုင်းရံကာပတ် ခြံရံအပ်သော လပြည့်ဝန်းကြီးကဲ့သို့ ရာဇဂြိုဟ်ပြည် ဝေဋ္ဌုဝန်ကျောင်းတော်တွင် ရဟန်းအပေါင်းတို့ဖြင့် ၀ိုင်းရံကာ ပတ်ခြံရံတော်မူလျက် အလွန်ကြီးမားမြင့်မြတ်သည့် ဗုဒ္ဓအသရေတော်တို့ဖြင့် ဝေနေယျများစွာကို ချေချွတ်တော်မူလျက် သီတင်းသုံး စံပျော်နေထိုင်တော်မူသည်”ဟု သီတင်းစကားကြားသိလျှင် ကြားသိချင်း အမတ်တစ်ဦးကို ရှေ့တော်မှောက်ခေါ်စေပြီး“အမောင်အမတ်၊ သင်သည် နောက်လိုက်နောက်ပါ မင်းချင်းယောက်ျားတစ်ထောင်ကို ဦးဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီးလျှင် ငါမင်းတရားမှာ လိုက်သည့်စကားဖြင့် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားတို့၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါသည်”ဟုလျှောက်ထား၍ ငါ့သားတော်ဘုရားကို ပင့်ဆောင်ခဲ့ပါလော့” ဟု အမိန့်တော်မြတ် ချမှတ်တော်မူပါသည်။

“ကောင်းပါပြီ အရှင်မင်းကြီး”ဟု ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ မိန့်ကြားသည့် စကားတော်ကို ဦးခေါင်းဖြင့်ခံယူ၍ မင်းချင်းယောက်ျားတစ်ထောင် ခြံရံလျက် အလျင်အမြန်ပင် ယူဇနာ ၆၀ ကွာဝေးသော ခရီးကို သွားရောက်ကြပါသည်။ မင်းချင်းတစ်ထောင် နှင့် ဦးဆောင်အမတ်တို့ ရောက်သွားချိန်၌ မြတ်စွာဘုရားသည် ပရိသတ်တို့အား တရားဟောကြားတော်မူနေခိုက်ဖြစ်၍ မင်းတရားမှာလိုက်သော အမှာသတင်းစကားကို နောက်မှလျှောက်ထားမည်ဟု ကြံစည်ကာ ပရိသတ်အစွန်း၌ ရပ်တည်ကြပြီး ဦးစွာနာယူကြပါသတဲ့။တရားတော်အဆုံး ဦးဆောင်အမတ်နှင့် မင်းချင်းယောက်ျားတစ်ထောင်တို့သည် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်တော်မူပြီး အားလုံး လူဝတ်ဖြင့်ပင် ရဟန္တာများ ဖြစ်သွားကြပါသည်။ ဘုရားရှင်အား“မြတ်စွာဘုရား တပည့်တော်တို့သည် ရှင်တော်ဘုရားအထံတော်၌ ရဟန်းအဖြစ်ကို ရလိုကြပါသည် ဘုရား”ဟု လျှောက်ကြားလျက် ရဟန်းအဖြစ်ကိုလည်း တောင်းခံကြပါသည်။

လူဝတ်ဖြင့် ရဟန္တာဖြစ်ကြသူတို့သည် ရဟန်းဝတ်ကြ၏။ လူ့အသွင်သည် ဂုဏ်မြင့်မားသော အရဟတ္တဖိုလ်တရားကြီးကို ဆောင်မထားနိုင်သောကြောင့်ဖြစ်၏။ သေးငယ်သော လှေငယ်သည် လေးလံသောဝန်ချီစလယ်တို့ကို မဆောင်နိုင်ဘဲ မြုပ်သွားရသကဲ့သို့ ရဟန်းမပြုလျှင် ပရိနိဗ္ဗာန် စံဝင်ရ၏။

ဘုရားမြတ်စွာသည် သင်္ကန်းတော်မှ လက်ျာလက်တော်ကို ဆန့်တန်းပြီး“ဧဟိဘိက္ခ ဝေါ- ရဟန်းတို့ လာကြလော့”ဟု ခေါ်တော်မူလိုက်သည်နှင့် အံ့သြဖွယ်ရာ အမတ်အသွင်၊ မင်းချင်းယောက်ျား အသွင်များ ပျောက်ကွယ်လျက်၊ မြတ်စွာဘုရားကို ၀န်းရံလက်အုပ်ချီ ရှိခိုးကြကုန်လျက် ပရိက္ခရာ ရှစ်စုံ ကိုယ်မှာခြုံပြီး ၀ါတော် ၆၀ရ မထေရ်ကြီးအသွင်တို့သို့ ရောက်ရှိသွားကြပါသည်။ ပရိက္ခရာ ရှစ်ပါး လှူဒါန်းခဲ့ဖူးသော ကောင်းမှုကြောင့် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းတို့ကို သူ့အလိုလို ဖြစ်ပေါ်လာခြင်းဟူ၏။ ကုသိုလ်ကံတရား၏ အဆန်းတကြယ် ကောင်းကျိုးပေးခြင်းဖြစ်၏။ ဗုဒ္ဓခေတ် တွင် အမျိုးကောင်းသားများသည် အရဟတ္တဖိုလ်တရားထူးသို့ ဆိုက်ရောက်ကြပြီး ထိုကဲ့သို့ “ဧဟိဘိက္ခု”ရဟန်းများ ဖြစ်ကြပါသည်။ယခုအခါကဲ့သို့ သိမ်ဝင် သိက္ခာတင် ရဟန်းခံဖွယ်ရာ မလိုအပ်တော့ပါ။

အထူးမှတ်ရန်မှာ အရဟတ္တဖိုလ်သို့ ရောက်ပြီးသောအခါမှစ၍ ရဟန္တာပုဂ္ဂိုလ်တို့ မည်သည်လောကီ ရေးရာတို့၌ လျစ်လျူရှုမြဲ ဓမ္မတာဖြစ်၏။ ထို့ကြောင့် အမတ်နှင့် မင်းချင်းယောက်ျားတို့သည် မင်းကြီးကြားသိစေချင်သော အမှာစကားကို ဘုရားမြတ်စွာအား လျှောက်ထားခြင်း မပြုကြတော့ဘဲ မိမိတို့ရထားသော အရဟတ္တဖိုလ်တရားဖြင့်သာ မွေ့လျော်နေကြလေတော့၏။ အရဟတ္တဖိုလ် ဖလသမာပတ် ချမ်းသာကိုခံစားခြင်းဟူ၍ ခေါ်ဆိုပါသည်။

သုဒ္ဓေါဒနမင်းကြီးသည်လည်း“စေလွှတ်လိုက်သော အမတ်နှင့် မင်းချင်းယောက်ျားတို့သည် ပြန်လာ ချိန်သင့်လျက် မပြန်လာသည့်အပြင် သတင်းစကားလည်း မကြားရ၊ အကြောင်းထူး မည်သို့ ရှိသည်ကိုလည်း မသိရ”ဟု ကြံဆတွေးလျက် အမတ်တစ်ဦးနှင့် မင်းချင်းယောက်ျား တစ်ထောင်စီ တို့ကို ရှေးနည်းအတိုင်း သတင်းစကား အမှာတော်ပါးပြီး ထပ်မံစေလွှတ်ပြန်ပါသည်။
ငါသည် တိုင်းနိုင်ငံကို အုပ်စိုးသူဖြစ်၏။ ငါ့အလိုကျ ဖြစ်မြောက်အောင် အလိုလိုက် အကြိုက်ဆောင် ပေးရမည်ဟု ပဒေသရာဇ်ခေတ်မှာ မင်းအာဏာဖြင့် တစ်ချက်လွှတ်အမိန့် မချမှတ်သည်ကို ထောက်ဆ၍ မင်းတရားသည် မင်းကျင့်မင်းတရားနှင့်အညီ တိုင်းနိုင်ငံကို အုပ်စိုးသော ဓမ္မရာဇာ အစစ်ဖြစ်သည်မှာ ထင်ရှားလှ၏။  .  .  .
ဤသို့အားဖြင့် ကိုးကြိမ်တိုင်တိုင် မင်းချင်းယောက်ျားတစ်ထောင်စီဖြင့် အမတ်ကိုးဦးကို စေလွှတ် ခဲ့၏။ ယင်းအမတ်နှင့် မင်းယောက်ျားတစ်ထောင်စီတို့လည်း ရှေးနည်းအတူ တရားနာ၊ အရဟတ္တ ဖိုလ်ပေါက် တရားထူးရ၊ ဧဟိဘိက္ခုဖြစ်၊ လူ့ကိစ္စများကြောင့်ကြ မစိုက်အားကြဘဲ ဖလသမာပတ် ချမ်းသာဖြင့် ချမ်းမြေ့စွာ နေထိုင်သီတင်းသုံးတော် မူကြသဖြင့် မည်သူကမျှ ဘုရားရှင်ကို ဇာတိချက်ကြွေ မွေးရပ်မြေ ကသိလ၀တ်ပြေ (ပြည်)သို့ ပင့်ဆောင်ခြင်း မပြုကြတော့ကုန်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သတင်းစကားကို ယူဆောင်ကာ မိမိထံမှောက်သို့ လာရောက် ပြောကြားသူကို မရရှိ၍“ဤမျှလောက် ၉၀၀၉ ယောက်သောသူတို့သည် ငါ့အပေါ်၌ အကျွမ်းတ၀င် ချစ်ခင်ခြင်း၊ အလေးထားခြင်း အလျှင်းမရှိသောကြောင့်သာ လျှင် ငါ့ထံသို့ ပြန်လာကြပြီး သတင်းစကား မပို့ကြကုန်၊ အဘယ်သူကား စင်စစ်အားဖြင့် ငါ၏ စကားကို မိန့်ကြား လိုက်သည့်အတိုင်း  မဆိုင်းလျင်စွာ လိုက်နာပြုလုပ် ဆောင်ရွက်ပါမည်နည်း”ဟု ကြံတွေးဆင်ခြင်၍ မိမိ၏ မှူးမတ် ၊ ဗိုလ်ထု ၊ ရဲမက် မင်းပရိသတ်အစုကို ကောင်းစွာစေ့ငု ကြည့်ရှုရာတွင် ကာဠုဒါယီအမတ်ကို မြင်မိ၏။

ထိုကာဠုဒါယီအမတ်သည် ဘုရားရှင် နှင့် ဖွားဖက်တော်ဖြစ်ပြီး ငယ်စဉ်ကအတူ ကစားဖော်လည်း ဖြစ်၏။ အလွန်လည်း ရင်းနှီးကျွမ်းဝင်၏။ သုဒ္ဓေါဒနမင်းကြီး၏ မင်းမှုကိစ္စအ၀၀ကို ပြီးစီးအောင် ဆောင်ရွက်ရသော အထွေထွေအမှုဆောင် အမတ်ဖြစ်၏။ ထီးနန်းကိစ္စ စိတ်ချယုံကြည်ရသော လူယုံအမတ်လည်းဖြစ်၏။

သို့ဖြစ်ရကား သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား ကာဠုဒါယီ၊ ငါသည် သားတော်ဘုရားကို ဖူးမြင်လိုလှ၍ အမတ်ကိုးယောက်ကို မင်းချင်းတစ်ထောင်စီနှင့်အတူ ဘုရားပင့် စေလွှတ်ခဲ့သည်။ တစ်ဦးတစ်ယောက်သော်မျှ သတင်းစကား ပြန်ကြားသူ မရှိခဲ့ပေ။

အသက်၏အန္တရာယ်ကို မည်သူမျှမသိနိုင်၊ ထို့ကြောင့် ငါ့အသက်ထင်ရှားရှိနေစဉ် သားတော် ဘုရားကို ဖူးတွေ့လိုလှ၏။ ချစ်သား ကာဠုဒါယီ သင်သည် ငါ့အား သားဘုရားကို ဖူးမြင်ခွင့်ရအောင် ကြံဆောင်ပေးနိုင်ပါ မည်လော}}ဟု ကာဠုဒါယီအမတ်ကို မေးမြန်း တော်မူပါသည်။

ကာဠုဒါယီအမတ်သည် အရှင်မင်းမြတ်၊ အကျွန်ုပ်သည် ရဟန်းပြုခွင့်ရမည်ဆို ပါလျှင် အရှင် မင်းကြီးအား သားဘုရားကို ဖူးတွေ့ခွင့်ရအောင် ဆောင်ရွက်ကြိုးကုတ် အားထုတ် နိုင်ပါလိမ့်မည်” ဟု မင်းတရားအား ပြန်ကြားလျှောက်ထား သံတော်ဦးတင်သဖြင့် မင်းတရားက လည်း “ချစ်သား ကာဠုဒါယီ၊ သင်သည် ရဟန်းပြုသည်ဖြစ်စေ၊ ရဟန်းမပြုသည်ဖြစ်စေ ငါ့အား သားတော်ဘုရားကို ဖူးတွေ့ခွင့်ရအောင် ကြိုးစားအားထုတ် ဆောင်ရွက်ခွင့်ပေးပါလေ”ဟု မိန့်ကြားတော်မူပါသည်။

ငါသည် တိုင်းနိုင်ငံကို အုပ်စိုးသူဖြစ်၏။ ငါ့အလိုကျ ဖြစ်မြောက်အောင် အလိုလိုက် အကြိုက် ဆောင်ပေးရမည်ဟု ပဒေသရာဇ်ခေတ်မှာ မင်းအာဏာဖြင့် တစ်ချက်လွှတ်အမိန့် မချမှတ်သည်ကို ထောက်ဆ၍ မင်းတရားသည် မင်းကျင့်တရားနှင့်အညီ တိုင်းနိုင်ငံ ကိုအုပ်စိုးသော ဓမ္မရာဇာ အစစ်ဖြစ်သည်မှာ ထင်ရှားလှ၏။ ဓမ္မရာဇာတို့သည် တိုင်းသား ပြည်သူတို့ကို မိမိ၏ ရင်နှစ်သည်းချာ သားသမီးပမာကဲ့သို့ စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါသည်။ ဧကရာဇ်မင်းတိုင်း အာဏာရှင်များ မဟုတ်ကြကုန်။

“ကောင်းလှပါပြီ အရှင်မင်းကြီး”ဟု သုဒ္ဓေါဒနမင်းကြီး၏ အမှာတော်စကားကို ဆောင်ယူလျက် တစ်ထောင်သောမင်းချင်း ယောက်ျားတို့နှင့်အတူ ရာဇဂြိုဟ်ပြည်သို့ ခရီးထွက်ခွာခဲ့ပါသည်။ ယခင်အမတ်များနှင့် မင်းချင်းယောက်ျားများနည်းတူ တရားနာယူကြပြီး ဧဟိဘိက္ခုရဟန္တာများ ဖြစ်ကြပါသည်။

အရှင်ကာဋ္ဌုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီး ခုနစ်ရက် ရှစ်ရက်အကြာတွင် အချိန်ကာလသည် ဟေမန္တဆောင်းကာလကို လွန်မြာက်ပြီး ဂိမာန နွေရာသီသို့ တိုင်ရောက်ခဲ့လေပြီ။ထိုအခါ အရှင်ကာဠုဒါယီမထေရ်သည်“ဟေမန္တဆောင်းကာလကို လွန်မြောက်ခဲ့လေပြီ၊ ဂိမှန္တ နွေဦးပေါက် ချိန်သို့ ရောက်ခဲ့လေပြီ၊ တောင်သူလယ်သမားတို့သည်လည်း ကောက်ပဲသီးနှံတို့ကို ရိတ်သိမ်း ပြီးလေပြီ၊ ၀န်းကျင်တခို သစ်ပင်အပေါင်းတို့သည်လည်း ရွက်ဟောင်းတို့ကို စွန့်ပစ်၍ ရွက်နုသစ် တို့ဖြင့် လဲလှယ်တင့်တယ်နေလေပြီ၊ သစ်ပင်တို့သည်လည်း ဥတုအလျောက် တောပန်း တောင်ပန်းတို့ဖြင့် အဆန်းတကြယ် ရှုချင်စဖွယ်ရှိပေပြီ။

နွေဦးမို့ ငှက်မောင်နှံတို့သည်လည်း မြူးကွန့် ကျူးညံသာယာသောအသံတို့ဖြင့် မောင်နှံ ယှက်တွဲပျော်ပွဲဆင်ကြလေပြီ။ မြေပြင်သည်လည်း ရွှံ့ညွှန်ကင်း၍ သန့်ရှင်းသာယာ သွားလမ်းသာပြီ။ ရာသီကလည်း ဆောင်းကြွင်း လေကျန်မို့ မကြမ်းတမ်းနူးညံ့စွာ အေးမြပြီ၊ အဇဋာပြင် မိုးကောင်းကင်လည်း ရှုချင်စဖွယ် တင့်တယ် တောက်ပပေပြီ။ ဆောင်းနှင်းနွေဦးအခါထူးမို့ အေးလည်းမအေး၊ ပူလည်းမပူ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း၊ ဆာလောင်ခြင်းဘေးလည်း မရှိပြီ”ဤသို့စသည်ဖြင့် ၆၄ ပုဒ်သော ဂါထာတို့ဖြင့် တောတောင်တခိုနှင့် ရာသီဥတုသာယာသဖြင့် ခရီးထွက်သင့်သော ကာလဖြစ်၍ ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီဆက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်သင့်မြတ်လျောက်ပတ်ကောင်းမြတ်သော အချိန်ဖြစ်ကြောင်းကို ဘုရားမြတ်စွာအား တိုက်တွန်းလျှောက်ထားပါသည်။

ထိုဂါထာများကို ရဟန်းစာဆိုရှင် အုန်းညိုရေးသည့် ဂါထာ ၆၀ ပျို့ဟူ၍ မြန်မာပြန်ဆို ရေးသားထားပါသည်။ “ချစ်သား ကာဠု ဒါယီ အဘယ်အကြောင်းကြောင့် ချိုမြိန် သာယာသော အသံဖြင့် ကပိလ၀တ်ပြည်သို့ သွားရောက်ရန် ချီးမွမ်းစကားလျှောက်ထား ပြောဆိုပါသနည်း”ဟု မေးမြန်းတော်မူပါသည်။

ဘုရားရှင်အား ကာဠုဒါယီမထေရ်က  ဇာတိချက်ကြွေ မွေးရပ်မြေ ကပိလ၀တ်ပြေ (ပြည်) သို့ပြန်သင့်ကြောင်း စာဆိုရှင်ရှင် အုန်းညိုက ဤသို့ ပျို့လင်္ကာဖြင့် ရေးသားထားပါသည်။

“ဖွားချက်မြို့ထွေ၊ ဇာတိနေသား၊ အောင်မြေပြည့်မ၊ ကပ္ပိလတွင်၊ မွေးဖသုဒ္ဓေါ်၊ ဒကာတော်က၊ ယသော်ဓရာ၊ ဗိမ္ဗာမျောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ချုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ရမ်းတိတိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တစ်သောင်း ဗိုလ်တွင်၊ ကျွန်ကိုနောက်ချင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲ ပြောင်းက၊ တပေါင်းနွေလ၊ ဂိမှန္တဟု၊ သာလှ ပျော်မှု၊ သည်ရတု၌၊ ညွှန့်နုဆဲဆဲ၊ မီးလျှံကဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင့်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းကို၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်၊ သွားခါကာလ တန်ပြီတည်း” (ဖြင်ပေါပည်း (ပေါရာဏ) အများ။)

”ကောင်းပေပြီ ချစ်သား ကာဠုဒါယီ၊ငါဘုရားဆွေတော်မျိုးတော်တို့အား ချီးမြှောက်သမှု ပြုပေတော့ အံ့၊ သံဃာတော်အပေါင်းအားလည်း ခရီးသွားရဟန်းတို့ ပြုကျင့်ရမည့် ၀တ်တရားတို့ကို ကြိုတင် ဆောင်ထားရန် လျှောက်ကြားလော့” ဟု မိန့်ကြားတော်မူပါသည်။

ဘုရားမြတ်စွာသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်အမှူးရှိသော အင်္ဂတိုင်း၊ မဂဓတိုင်းသား ရဟန်းတစ်သောင်း၊ ကပိလ၀တ်ပြည်သား၊ ရဟန်းတစ်သောင်းဟူသော ရဟန္တာနှစ်သောင်းခြံရံပြီး ယူဇနာ ၆၀ ခရီးကို တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် တပေါင်းလပြည့်နေ့မှစ၍ ကြွချီတော်မူပါသည်။ ထို့ကြောင့် မွေးရပ်မြေ ကပိလ၀တ်ပြည်သို့ အဦးဆုံးစတင် ကြွချီရာ တပေါင်းလပြည့်နေ့ ကို“ပြည်တော်ဝင်နေ့”ဟု ယနေ့အခါတွင် ခေါ်ဆိုရခြင်း ဖြစ်ပါကြောင်း။

ကျမ်းညွှန်း -မဟာဗုဒ္ဓ၀င်။ (မင်းကွန်းဆရာတော်ကြီး) ဂါထာ ၆၀ ပျို့။ (ရှင်အုန်းညို)

by: 
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

 by: အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

Wednesday, March 13, 2013

"သူမြတ်တို့ ခွဲခွာချိန်"


 
"သူမြတ်တို့ ခွဲခွာချိန်"

ပါရမီဖြည့်ဘက် သူမြတ်နှစ်ဦးတို့၏ နောက်ဆုံးခွဲခွာချိန် မည်သို့မည်ပုံ ရှိလိမ့်မည်ကို ရှင်အာနန္ဒာ မမှန်းဆတတ်အောင် ဖြစ်နေ၏။ အာသဝေါ ကုန်ခန်းသည့် ရဟန္တာပင် ဖြစ်သော်လည်း မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ဘဒ္ဒကဉ္စနာ ထေရီမကြီး မျက်ရည်ဝဲလေမည်လား။ ၀မ်းနည်းပက်လက်နှင့် ခြုံးပွဲချ ငိုလေမည်လား။

ရဟန္တာ ထေရီမကြီးသည် လမ်းလျှောက်တောင်ဝှေးကို မြဲမြံစွာ ဆုပ်ကိုင်ထောက်မှီလျက် ဘုရားရှင်၏ ထံတော်မှောက်သို့ ရောက်ရှိလာ၏။ ထုံးစံအတိုင်း အပြုံးပန်းများ ဝေေ၀ဆာဆာ ပန်ဆင်ထား၏။ ထေရီမကြီးသည် ဘုရားရှင်ကို ဦးညွတ်၍ အရိုအသေ ပေးလိုက်ပြီးနောက် ဘုရားရှင်၏ အနီးအပါး၌ ဒူးထောက်၍ ထိုင်လိုက်သည်။ တိတ်ဆိတ်စွာ ထိုင်နေရင်း လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းသည်ပင်လျှင် ထေရီမကြီး၏ နှုတ်ဆက်မှု ဖြစ်၏။ ထေရီမကြီး၏ မျက်လုံးတို့၌ မျက်ရည် ၀ဲစို့ခြင်း မရှိပေ။ ပုံမှန်အသက်ရှုနေသည်မှ အပ ထေရီမကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ထေရီမကြီး၌ ၀မ်းနည်းခြင်း အရိပ်အရောင် မတွေ့ရပေ။

ဘုရားရှင်သည် တည်ငြိမ်လေးနက်သည့် အသံတော်ဖြင့် ဘဒ္ဒကဉ္စနာ ထေရီမကြီးကို မိန့်တော်မူလိုက်၏။

“ဘဒ္ဒ . . . အခု ဘာဖြစ်လို့ လာတယ်ဆိုတာ ငါ သိတယ်။ ဘဒ္ဒဟာ မွေးသေသံသရာမှာ မသေလမ်းကို သိထားသူပဲ။ သောကမျိုးစုံက ကင်းလွတ်သူပဲ။ ဘဒ္ဒမှာ အနှောင်အတွယ် အစွဲအလမ်း မရှိတဲ့အတွက် ခွဲခွာကွေကွင်းရပေမယ့် ၀မ်းမနည်းတော့ဘူး။ မကြေကွဲတော့ဘူး။ လောကမှာ ဘုရားတစ်ဆူ ပွင့်ထွန်းလာဖို့ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ဘဒ္ဒ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေ၊ ဘဒ္ဒ ပေးခဲ့တဲ့ အကူအညီတွေဟာ သတ္တ၀ါတွေ တည်ငြိမ်အေးချမ်းစွာ ပျော်ရွှင်နိုင်ကြဖို့ပဲ။ ဘဒ္ဒရဲ့ ဂုဏ်ကျေးဇူးတွေဟာ ဘုရားသာသနာ တည်နေသမျှ ကာလပတ်လုံး ဂုဏ်ယူ အသိအမှတ်ပြုစရာ၊ ကြည်ညိုလေးမြတ် ပူဇော်စရာ ဖြစ်နေမှာပါ။”

“မြတ်စွာဘုရား . . . သတ္တ၀ါတွေရဲ့ အစီးအပွားကို ဆက်လက်ပြီး ရွက်ဆောင်နိုင်ပါစေ ဘုရား။ တပည့်တော် . . . အိုပါပြီ။ တုန်တုန်ခိုက်ခိုက် ဖြစ်နေပါပြီ။ တပည့်တော်ရဲ့ ခန္ဓာဝန်ကို ဆက်ပြီး ဆောင်မထားနိုင်တော့ပါ ဘုရား။ တပည့်တော်ကို သွားခွင့်ပြုပါ မြတ်စွာဘုရား . . .။ ဘုရားရှင်ကို နောက်ဆုံးပူဇော် ဦးခိုက်ဖို့ တပည့်တော် လာခဲ့တာပါ ဘုရား။”။

ရဟန္တာ ထေရီမကြီး မျက်ရည်လည်း မ၀ဲ၊ အသံလည်း မတုန်၊ မျက်နှာထားလည်း မပျက်သော်လည်း အနီးအပါး၌ ရပ်နေသည့် ရှင်အာနန္ဒာ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လာ၏။ ရှင်အာနန္ဒာသည် ထေရီမကြီးနှင့် ဘုရားရှင်တို့ကို ဆက်လက်၍ ကြည့်ရှုနေခြင်းငှာ မစွမ်းနိုင်သောကြောင့် မျက်နှာလွှဲကာ ခေါင်းငုံ့နေ၏။ ရှင်အာနန္ဒာ မြေပြင်ကို ငေးမောကြည့်ရှုနေစဉ် ဘုရားရှင်သည် ထေရီမကြီးကို မိန့်တော်မူ၏။

“ဘဒ္ဒ . . . ငါလည်း မကြာခင်မှာ ပရိနိဗ္ဗာန် ၀င်စံတော့မယ်။ ဘုရားရှင်တို့သော်မှ လောကရဲ့ ဖြစ်မြဲတံထွာ ဓမ္မတာကှို ပြောင်းလဲမပစ်နိုင်ဘူး။ ဘုရာရှင်တို့ဟာ လောကသဘာဝကို နားလည်ဖို့နဲ့ လောကက လွတ်မြောက်ရာ လမ်းကို ဖော်ထုတ်ဖို့ပဲ စွမ်းနိုင်ကြတယ်။ ငါလည်း အိုရ နာရ သေရမှာပဲ။ အခု ငါ အိုနေပြီ။ ငါ့ခန္ဓာမှာ အရေတွေ တွန့်နေပြီ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲမှာ အင်အား အကြွင်းအကျန် ရှိနေသေးသ၍ လောကသားတွေကို ငါ အလုပ်အကျွေး ပြုမယ်။ ဘဒ္ဒ . . . မတ်တတ်ရပ်ပါ။ သွားဖို့ ငါ ခွင့်ပြုတယ်။”

ရဟန္တာ အရှင်မ ဘဒ္ဒကဉ္စနာသည် သူ့တောင်ဝှေးကို လက်ျာလက်နှင့် ကောက်ယူလိုက်၏။ မြေပြင်ပေါ် တောင်ဝှေးထောက်လျက် လက်ဝဲလက်ဖြင့် ဒူးပေါ်ဖိထောက်ရင်း မတ်တတ်ရပ်လိုက်သည်။ အတန်ငယ်ကြာအောင် ဘုရားရှင်၏ မျက်နှာတော်ကို ငေးမောဖူးမြင်ပြီးနောက် ပြုံးလျက်သားနှင့် ထွက်ခွာသွား၏။ ထေရီမကြီး၏ တောင်ဝှေးထောက်သံ တဒေါက်ဒေါက် ကြားရလိုက်ရသောအခါ ရှင်အာနန္ဒာ ခေါင်းထောင်လာ၏။

“အာနန္ဒာရဲ့ မျက်ရည်တွေကို ငါ မြင်လိုက်တယ်”ဟု ဘုရားရှင် မိန့်တော်မူ၏။

“မှန်ပါတယ် မြတ်စွာဘုရား . . .။ အရှင်ဘုရားနဲ့ ထေရီမကြီးတို့ မျက်ရည်မကျဘဲ၊ သက်ပြင်းတောင် မချဘဲ အလွန်အမင်း ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ကြပုံကို တပည့်တော် မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ် ဘုရား။ ချီးကျူးစရာ အံ့သြစရာ ကောင်းလိုက်တာ မြတ်စွာဘုရား . . .။”

“အာနန္ဒာ . . . ငါတို့ကြားမှာ သံယောဇဉ် အနှောင်အဖွဲ့ မရှိဘူး။ ငါတို့မှာ မျှဝေခံစားစရာလည်း မရှိဘူး။ ဒါ့ကြောင့် ငါတို့ ခွဲခွာကြရပေမယ့် မနာကြင်ဘူး . . . . .”
 
MR MRT

("တရားမင်းသခင်" . . . . . မှ)

Wednesday, December 7, 2011

ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ ဒေသစာရီကြွတော်မူ


ဗုဒ္ဓစွယ်တော်မြတ်
ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁၄၈)ခုနှစ် ကဆုန်လပြည့် (အဂါင်္င်္နေ့)တွင် မဟာပရိနိနိဗ္ဗာန်
စံတော်မူပါသည်။ထိုအခါ ရှစ်ပြည်ထောင်မင်းအပေါင်းမှအရိုးတော်၊ အသားတော်၊ အသွေးတော်များမှဖြစ်ေါ်လာသော ဓါတ်တော်များ ၊ ပြာများ ၊ ပကတိ အတိုင်းကျန်ရစ်ခဲ့သော သရီရဓါတ်တော်များအား ရယူလို၍ သူထက်ငါ တောင်းဆိုကြရာ စစ်မက်ဖြစ်ပွား ရုန်းရင်းဆန်ခတ်အနေအားမရောက်မီ ဒေါဏပုဏ္ဏားမှ ညှိနိုင်းပေးမှုဖြင့် နံ့သာထင်းတုံ့းများဆင့်ကာ ကျန်ရှိခဲံ့သော ဥတုဇရုပ်ကလာပ်တော်အား တေဇောဓါတ်လောင်ကျွမ်း(မီးသဂြိုလ်)စေရာ မီးမတောက်ပဲရှိနေလေ၏ ။
 ထိုအခါ အရှင်မဟာ ကဿဖ မထေရ်မြတ်ကြီး ကန်တော့ပြီးစဉ်အခါတွင် အံသြဖွယ်ရာပင် အလိုအလျှောက် တေဇောဓါတ် လောင်ကျွမ်းပါတော့သည်။

တေဇောဓါတ်လောင်ကျွမ်းစဉ်ကပင် ပကတိအတိုင်းတည်ရှိသော သရီရ ဓါတ်တော် (၇)ဆူ ကျန်ရှိပါသည်။
၎င်းတို့အနက်မှ-
၁။တာဝတိံသာ နတ်ပြည် ၌ တစ်ဆူ(အထက်လက်ယာ)
၂။တရုတ်ပြည်သူသမ္မတနိုင်ငံရှိ ကွမ်းဂျီစု ဘုရားကျောင်း ၌ တစ်ဆူ(အထက်လက်ဝဲ)
၃။နဂါးပြည် ၌ တစ်ဆူ(အောက်လက်ယာ)
၎။သိရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ စွယ်တော်ကျောင်း ၌ တစ်ဆူ(အောက်လက်ယာ)
ဟူ၍ ယနေ့တိုင် တည်ရှိနေပါသည်။

ဗုဒ္ဓမြတ်စွယ်တော်များ မြန်မာပြည်သို့ ဒေသစာရီကြွဖူးခဲ့သော သမိုင်း အချက်အလက်များ
မြန်မာနိုင်ငံသို့ သီရိင်္လကာနိုင်ငံမှ အောက်လက်ဝဲ စွယ်တော်မြတ် သည် ၁၈၉၈ ခုနှစ်တွင်
အရှင် ဝိမလဓီရဟိ အပါအဝင် မရေိမြတ် နှစ်ပါး ဦးဆောင်၍ ဒေသစာရီကြွချီနိုင်ခဲ့ပါသည်။
တရုတ်ပြည်သူု့သမ္မတနိုင်ငံမှ အထက်လက်ဝဲ စွယ်တော်မြတ်သည်လည်း (၃)ကြိမ်တိုင် ဒေသစာရီခရီး
ကြွချီတော်မူခဲ့ဖူးပါသည်။
 
၎င်းတို့မှာ-
၁။ ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ၈ လတာခရီးကြွရောက်ဖူးပါသည်။
ထိုစဉ်က ဆဌသင်္ဂါယနာတင်ပွဲကြီး ကာလအတွင်း ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံတော်မူခဲ့ပါသည်။

၂။ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ၄၅ ရက်တာခရီးအဖြစ်
(၂၀-၄-၁၉၉၄)ရက်နေ့တွင် မဟာပါသဏ လိုဏ်ဂူတော်ကြီးဆီ ကြွရောက်ခြဲံ့ပီး
(၅-၅-၁၉၉၄)ရက်နေ့တွင် မန္တလေးမြို့ သို့ ပင့်ဆောင်ရာ ညောင်လေးပင် ၊တောင်ငူ၊ပျဉ်းမနား၊မိတ္ထီလာ၊
ကျောက်ဆည်မြို့ များတွင် ညအိပ်ရပ်နား၍ အပူဇော်ခံခဲ့ပါသည်။
တဖန် မန္တလေးမြို့  မဟာမုနိဘုရားကြီး ရင်ပြင်တော်ရှိ မိုးကောင်း ဓမ္မာရုံကြီး၌ (၁၀-၅-၁၉၉၄)
တွင် ကိန်းဝပ်ပူဇေယ်ခံခဲ့ပါသည်။
ထိုမှတစ်ဖန် (၁၉-၅-၁၉၉၄) ရက်နေ့တွင် မဟာပါသဏ လိုဏ်ဂူတော်သို့ ပြန်လည်ကြွရောက်ခဲ့ပါသည်။

၃။ ၁၉၉၆ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ရက်ပေါင်း ၉၀ ကြာခရီး အဖြစ် (၆-၁၂-၁၉၉၆) ရက်နေ့တွင်
မဟာပါသဏလိုဏ်ဂူတော်ကြီးဆီ ကြွရောက်လာပြီး ကိန်းဝပ်အပူဇော်ခံကာ
မန္တလေးမြို့  မဟာအတုလ ဝေယန(အတုမရှိ)ကျောင်းတော်ကြီးသို့(၉-၁-၁၉၉၇)ကိန်းဝပ်အပူဇော်ခံကာ
(၁-၂-၁၉၉၇)တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ် ဓမ္မပါလ ကုန်းမြေ စွယ်တော်မြတ်စေတီတော်
ခန္မကုဋီတိုက်အတွင်း ကိန်းဝပ်အပူဇော်ခံခဲ့ပါသည်။(၅-၂-၁၉၉၇)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ကြွချီသွားပါသည်။
 

 ဖူးရခဲ့သည့် မြတ်စွယ်တော် ထူးလှသည့် သည်အရေး ၊ ကြုံနိုင်မှကောင်းဖွယ်
ယခု အခါ (၃-၉-၂၀၁၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြိးဌာနတို့ သည် တွေ့ဆုံဆွေးနွေးပြီးသကာလ ဗုဒ္ဓ္ဓ မြတ်စွယ်တော် အား မြန်မာနိုင်ငံသို့ပင့်ဖိတ်အပူဇော်ခံရေးမှာအောင်မြင်ပါသည်။ထို့ကြောင့်ပင်လျှင် ရန်ကုန်-နေပြည်တော်-မန္တလေး မြို့သုံးမြို့တွင် ပင့်ဆောင် အပူဇော်ခံပါမည်။

အစီအစဉ်အရ-
၁။ နေပြည်တော် တွင် နိဝင်ဘာလ ၆ ရက်မှ ၂၁ ရက်နေ့ထိ လည်းကောင်း
၂။ရန်ကုန် တွင် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့ထိလည်းကောင်း
၃။မန္တလေး တွင် ဒီဇင်ဘာ ၈ ရက် ၂၃ ရက်နေ့အထိ
ကိန်းဝပ်အပူဇော်ခံသွားမည်ဖြစ်ပါသည်။

ဤသို့ ဖူးရခဲ ကြုံရခဲ ရခဲ တွေ့ခဲ သော ဗုဒ္ဓ္ဓ၏ စွယ်တော် အစစ်အား ကြုံကြိုက်ဆုံခဲသော အချိန်ကာလလေးဝယ် မိမိတို့ တတ်စွမ်းသလောက် လှူဒါန်းသမှုပြူကြကာ ရောက်အောင်သွားရောက်ဖူးမြော်နိုင်စေကြောင်း ပြည်တွင်းနေ မြန်မာပြည်သူတို့အား တိုက်တွန်းရပါသည်။ဖတ်မိသူ ပြည်ပေ၇ာက် ဗုဒ္ဓ္ဓဘာသာဝင်များလည်း ပီိတိဖြစ်စေလိုပါသည်။
 
မြန်မာနိုင်ငံတချို့ ဒေသများ၌ ရေဘေး ကျရောက်ခြင်း နယ်စပ်ဒေသများ၌ စစ်ရိပ်မကင်းခြင်း များ ဖြစ်ပေါ်နေသော အချိန် ခဏ၀ယ် ဗုဒ္ဓ္ဓစွယ်တော်ကြွချီလာခြင်း ၊ဆင်ဖြူတော် ထပ်မံပေါ်ထွက်လာခြင်း၊ နိုင်ငံတော်အစိုးရမှလည်း ပြည်သူလူထု ဆန္ဒနှင့်အညီ ရှေ့ခရီးတတ်လှမ်းနေခြင်း စသည့် လက္ခဏာကောင်း သင်္ကတများ နမိတ်များ ပေါ်ထွက်လာခြင်းမှာ မြန်မာနိုင်ငံကြီး အေးချမ်းသာယာကာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ရပေမည်။

ဇာတိမာန်
(၃-၉-၂၀၁၁= ရက်ထုတ် မြဝတီ သတင်းစာ ပါ(ကျော်သူရ(ဓနသိဒ္ဒိ)၏ ဆောင်းပါး မှ အချက်အလက်မျာအား မှီငြမ်းသည်)
နိုဝင်ဘာ ၇၊ ၂၀၁၁

ဆက်လက်၍ တရုတ်သတင်းများတွင် ပါဝင်သော သတင်းနှင့် ဓါတ်ပုံများကို ဆက်လက်လေ့လာကြပါ။


    11月22日,在緬甸仰光,信徒身著傳統服飾運送中國佛牙舍利。
    中國佛牙舍利圓滿結束在緬甸新首都內比都16天供奉後,于22日抵達仰光開始在仰光的供奉巡禮。 新華社發(吳昂攝)
    11月22日,花車載著中國佛牙舍利行進在緬甸仰光大路上。
    中國佛牙舍利圓滿結束在緬甸新首都內比都16天供奉後,于22日抵達仰光開始在仰光的供奉巡禮。 新華社發(吳昂攝)
    11月22日,緬甸學生在仰光機場恭迎中國佛牙舍利。
    中國佛牙舍利圓滿結束在緬甸新首都內比都16天供奉後,于22日抵達仰光開始在仰光的供奉巡禮。 新華社發(吳昂攝)
    11月22日,在緬甸仰光道路兩旁,人們恭迎中國佛牙舍利。
    中國佛牙舍利圓滿結束在緬甸新首都內比都16天供奉後,于22日抵達仰光開始在仰光的供奉巡禮。 新華社發(吳昂攝)

靈光寺 佛牙舍利千年供奉之地
ဒါကတော့ ဗုဒ္ဓစွယ်တော် အမြဲတမ်း ကိန်းဝပ်စံပါယ်ရာ တရုတ်ပြည် ပေကျင်းမြို့မှာရှိတဲ့
靈光寺
လျင်ကွမ်စစ် ခေါ်သည့် မဟာယာနကျောင်းပါ။
靈光寺佛牙舍利塔

 ဗုဒ္ဓစွယ်တော် အမြဲတမ်း ကိန်းဝပ်စံပါယ်ရာ ဓါတ်တော်စေတီပါ။

靈光寺心經壁
မဟာယာနကျောင်း၏ နံရံမှာ ရေးထွင်းထားတဲ့ ရှင်းကျင်း ခေါ်တဲ့ ကျမ်းစာပါ။
靈光寺羅漢牆
ရဟန္တာနံရံ အမည်ရတဲ့ ဗုဒ္ဓဘာသာရိုးရာ ပန်းပုများ ထွင်းထုထားတဲ့ နံရံပါ။

မူရင်း http://big5.ifeng.com/gate/big5/tj.city.ifeng.com/chaosheng/detail_2011_11/22/110961_0.shtml

ဆက်လက်ပြီး ဗွီဒီယိုကိုလည်းကြည့်နိုင်ပါသည်။