Saturday, March 15, 2014

ပြည်တော်ဝင်နေ့


ပြည်တော်ဝင်နေ့ 

တပေါင်းလပြည့်နေ့ကို ပြည်တော်ဝင်နေ့ဟု ခေါ်ဆိုပါသည်။ အချိန်အားဖြင့် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ပြာသိုလ်လပြည့်ကျော်ကာလ ဘုရားမြတ်စွာသည် ကိုယ်တော်ထံမှောက်သို့ ဆည်းကပ်လာကြသည့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ဆောက်လုပ်လှူဒါန်းသော ဝေဠုဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့ပျော် သီတင်းသုံးနေတော်မူလျက်ရှိ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး ပထမ၀ါကို ဗာရာဏသီပြည်အနီး မိဂဒါဝုန်တောအရပ်တွင် ၀ါကပ်၏။ ၀ါကျွတ်ပြီးနောက် ဥရုဝေလတောအုပ်တွင် သုံးလကြာ သီတင်းသုံး၏။ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ရဟန္တာဖြစ်အောင် ချေချွတ်ဆုံးမတော်မူပြီး ပြာသိုလ်လပြည့်နေ့တွင် ရသေ့ညီနောင် ရှင်တစ်ထောင်တို့နှင့်အတူ ရာဇဂြိုဟ်မြို့သို့ ရောက်ရှိလာ၏။ ရာဇဂြိုဟ်မြို့သည် အင်္ဂတိုင်း၊ မဂဓတိုင်းတို့၏ မင်းနေပြည်ဖြစ်ပြီး ဗိမ္ဗိသာရမင်းကြီး စိုးစံ၏။ အင်္ဂတိုင်းသား မဂဓတိုင်းသား အမျိုးကောင်းသားတစ်သောင်းကျော်တို့ကိုလည်း အမြိုက်ရေအေး ဓမ္မဆေးကို တိုက်ကျွေးပြီး ရဟန္တာများအဖြစ်ကို ရောက်စေခဲ့ပါသည်။

ဘုရားမြတ်စွာသည် ဆည်းကပ်လာသူတို့တွင် အချို့သော သတ္တ၀ါတို့ကို ရတနာမြတ်သုံးပါး , ငါးပါးသီလ၌ တည်စေလျက် ဥပါသကာအဖြစ် ခံယူစေခြင်း၊ အချို့သောသတ္တ၀ါတို့အား ဆည်းပူး ခဲ့သောပါရမီအား လျော်စွာ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ကို သိမြင်စေတော်မူခြင်းဖြင့် ဝေနေယျသတ္တ၀ါ များစွာတို့အား ၃၁ ဘုံမှ ကျွတ်လွတ်ပွဲကြီးကို နေ့စဉ်နှင့်အမျှ အံ့ချီးဖွယ်ဆောင်ရွက်လျက် ရှိပါသည်။

ကပိလ၀တ်ပြည့်ရှင် ဖခင်သုဒ္ဓေါဒနမင်းကြီးသည်“ငါ၏ သားတော်သည် ယခုအခါ ဒုက္ကရစရိယာ ခြောက်နှစ်ကြာကျင့်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူပြီ။ တရားဦး ဓမ္မစကြာ ဟောကြားတော် မူပြီး၍ ယခုအခါကောင်းကင်၌ နက္ခတ်တာရာကြယ်တကာတို့ ၀ိုင်းရံကာပတ် ခြံရံအပ်သော လပြည့်ဝန်းကြီးကဲ့သို့ ရာဇဂြိုဟ်ပြည် ဝေဋ္ဌုဝန်ကျောင်းတော်တွင် ရဟန်းအပေါင်းတို့ဖြင့် ၀ိုင်းရံကာ ပတ်ခြံရံတော်မူလျက် အလွန်ကြီးမားမြင့်မြတ်သည့် ဗုဒ္ဓအသရေတော်တို့ဖြင့် ဝေနေယျများစွာကို ချေချွတ်တော်မူလျက် သီတင်းသုံး စံပျော်နေထိုင်တော်မူသည်”ဟု သီတင်းစကားကြားသိလျှင် ကြားသိချင်း အမတ်တစ်ဦးကို ရှေ့တော်မှောက်ခေါ်စေပြီး“အမောင်အမတ်၊ သင်သည် နောက်လိုက်နောက်ပါ မင်းချင်းယောက်ျားတစ်ထောင်ကို ဦးဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ပြီးလျှင် ငါမင်းတရားမှာ လိုက်သည့်စကားဖြင့် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အရှင်ဘုရားတို့၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါသည်”ဟုလျှောက်ထား၍ ငါ့သားတော်ဘုရားကို ပင့်ဆောင်ခဲ့ပါလော့” ဟု အမိန့်တော်မြတ် ချမှတ်တော်မူပါသည်။

“ကောင်းပါပြီ အရှင်မင်းကြီး”ဟု ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ မိန့်ကြားသည့် စကားတော်ကို ဦးခေါင်းဖြင့်ခံယူ၍ မင်းချင်းယောက်ျားတစ်ထောင် ခြံရံလျက် အလျင်အမြန်ပင် ယူဇနာ ၆၀ ကွာဝေးသော ခရီးကို သွားရောက်ကြပါသည်။ မင်းချင်းတစ်ထောင် နှင့် ဦးဆောင်အမတ်တို့ ရောက်သွားချိန်၌ မြတ်စွာဘုရားသည် ပရိသတ်တို့အား တရားဟောကြားတော်မူနေခိုက်ဖြစ်၍ မင်းတရားမှာလိုက်သော အမှာသတင်းစကားကို နောက်မှလျှောက်ထားမည်ဟု ကြံစည်ကာ ပရိသတ်အစွန်း၌ ရပ်တည်ကြပြီး ဦးစွာနာယူကြပါသတဲ့။တရားတော်အဆုံး ဦးဆောင်အမတ်နှင့် မင်းချင်းယောက်ျားတစ်ထောင်တို့သည် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်တော်မူပြီး အားလုံး လူဝတ်ဖြင့်ပင် ရဟန္တာများ ဖြစ်သွားကြပါသည်။ ဘုရားရှင်အား“မြတ်စွာဘုရား တပည့်တော်တို့သည် ရှင်တော်ဘုရားအထံတော်၌ ရဟန်းအဖြစ်ကို ရလိုကြပါသည် ဘုရား”ဟု လျှောက်ကြားလျက် ရဟန်းအဖြစ်ကိုလည်း တောင်းခံကြပါသည်။

လူဝတ်ဖြင့် ရဟန္တာဖြစ်ကြသူတို့သည် ရဟန်းဝတ်ကြ၏။ လူ့အသွင်သည် ဂုဏ်မြင့်မားသော အရဟတ္တဖိုလ်တရားကြီးကို ဆောင်မထားနိုင်သောကြောင့်ဖြစ်၏။ သေးငယ်သော လှေငယ်သည် လေးလံသောဝန်ချီစလယ်တို့ကို မဆောင်နိုင်ဘဲ မြုပ်သွားရသကဲ့သို့ ရဟန်းမပြုလျှင် ပရိနိဗ္ဗာန် စံဝင်ရ၏။

ဘုရားမြတ်စွာသည် သင်္ကန်းတော်မှ လက်ျာလက်တော်ကို ဆန့်တန်းပြီး“ဧဟိဘိက္ခ ဝေါ- ရဟန်းတို့ လာကြလော့”ဟု ခေါ်တော်မူလိုက်သည်နှင့် အံ့သြဖွယ်ရာ အမတ်အသွင်၊ မင်းချင်းယောက်ျား အသွင်များ ပျောက်ကွယ်လျက်၊ မြတ်စွာဘုရားကို ၀န်းရံလက်အုပ်ချီ ရှိခိုးကြကုန်လျက် ပရိက္ခရာ ရှစ်စုံ ကိုယ်မှာခြုံပြီး ၀ါတော် ၆၀ရ မထေရ်ကြီးအသွင်တို့သို့ ရောက်ရှိသွားကြပါသည်။ ပရိက္ခရာ ရှစ်ပါး လှူဒါန်းခဲ့ဖူးသော ကောင်းမှုကြောင့် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းတို့ကို သူ့အလိုလို ဖြစ်ပေါ်လာခြင်းဟူ၏။ ကုသိုလ်ကံတရား၏ အဆန်းတကြယ် ကောင်းကျိုးပေးခြင်းဖြစ်၏။ ဗုဒ္ဓခေတ် တွင် အမျိုးကောင်းသားများသည် အရဟတ္တဖိုလ်တရားထူးသို့ ဆိုက်ရောက်ကြပြီး ထိုကဲ့သို့ “ဧဟိဘိက္ခု”ရဟန်းများ ဖြစ်ကြပါသည်။ယခုအခါကဲ့သို့ သိမ်ဝင် သိက္ခာတင် ရဟန်းခံဖွယ်ရာ မလိုအပ်တော့ပါ။

အထူးမှတ်ရန်မှာ အရဟတ္တဖိုလ်သို့ ရောက်ပြီးသောအခါမှစ၍ ရဟန္တာပုဂ္ဂိုလ်တို့ မည်သည်လောကီ ရေးရာတို့၌ လျစ်လျူရှုမြဲ ဓမ္မတာဖြစ်၏။ ထို့ကြောင့် အမတ်နှင့် မင်းချင်းယောက်ျားတို့သည် မင်းကြီးကြားသိစေချင်သော အမှာစကားကို ဘုရားမြတ်စွာအား လျှောက်ထားခြင်း မပြုကြတော့ဘဲ မိမိတို့ရထားသော အရဟတ္တဖိုလ်တရားဖြင့်သာ မွေ့လျော်နေကြလေတော့၏။ အရဟတ္တဖိုလ် ဖလသမာပတ် ချမ်းသာကိုခံစားခြင်းဟူ၍ ခေါ်ဆိုပါသည်။

သုဒ္ဓေါဒနမင်းကြီးသည်လည်း“စေလွှတ်လိုက်သော အမတ်နှင့် မင်းချင်းယောက်ျားတို့သည် ပြန်လာ ချိန်သင့်လျက် မပြန်လာသည့်အပြင် သတင်းစကားလည်း မကြားရ၊ အကြောင်းထူး မည်သို့ ရှိသည်ကိုလည်း မသိရ”ဟု ကြံဆတွေးလျက် အမတ်တစ်ဦးနှင့် မင်းချင်းယောက်ျား တစ်ထောင်စီ တို့ကို ရှေးနည်းအတိုင်း သတင်းစကား အမှာတော်ပါးပြီး ထပ်မံစေလွှတ်ပြန်ပါသည်။
ငါသည် တိုင်းနိုင်ငံကို အုပ်စိုးသူဖြစ်၏။ ငါ့အလိုကျ ဖြစ်မြောက်အောင် အလိုလိုက် အကြိုက်ဆောင် ပေးရမည်ဟု ပဒေသရာဇ်ခေတ်မှာ မင်းအာဏာဖြင့် တစ်ချက်လွှတ်အမိန့် မချမှတ်သည်ကို ထောက်ဆ၍ မင်းတရားသည် မင်းကျင့်မင်းတရားနှင့်အညီ တိုင်းနိုင်ငံကို အုပ်စိုးသော ဓမ္မရာဇာ အစစ်ဖြစ်သည်မှာ ထင်ရှားလှ၏။  .  .  .
ဤသို့အားဖြင့် ကိုးကြိမ်တိုင်တိုင် မင်းချင်းယောက်ျားတစ်ထောင်စီဖြင့် အမတ်ကိုးဦးကို စေလွှတ် ခဲ့၏။ ယင်းအမတ်နှင့် မင်းယောက်ျားတစ်ထောင်စီတို့လည်း ရှေးနည်းအတူ တရားနာ၊ အရဟတ္တ ဖိုလ်ပေါက် တရားထူးရ၊ ဧဟိဘိက္ခုဖြစ်၊ လူ့ကိစ္စများကြောင့်ကြ မစိုက်အားကြဘဲ ဖလသမာပတ် ချမ်းသာဖြင့် ချမ်းမြေ့စွာ နေထိုင်သီတင်းသုံးတော် မူကြသဖြင့် မည်သူကမျှ ဘုရားရှင်ကို ဇာတိချက်ကြွေ မွေးရပ်မြေ ကသိလ၀တ်ပြေ (ပြည်)သို့ ပင့်ဆောင်ခြင်း မပြုကြတော့ကုန်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သတင်းစကားကို ယူဆောင်ကာ မိမိထံမှောက်သို့ လာရောက် ပြောကြားသူကို မရရှိ၍“ဤမျှလောက် ၉၀၀၉ ယောက်သောသူတို့သည် ငါ့အပေါ်၌ အကျွမ်းတ၀င် ချစ်ခင်ခြင်း၊ အလေးထားခြင်း အလျှင်းမရှိသောကြောင့်သာ လျှင် ငါ့ထံသို့ ပြန်လာကြပြီး သတင်းစကား မပို့ကြကုန်၊ အဘယ်သူကား စင်စစ်အားဖြင့် ငါ၏ စကားကို မိန့်ကြား လိုက်သည့်အတိုင်း  မဆိုင်းလျင်စွာ လိုက်နာပြုလုပ် ဆောင်ရွက်ပါမည်နည်း”ဟု ကြံတွေးဆင်ခြင်၍ မိမိ၏ မှူးမတ် ၊ ဗိုလ်ထု ၊ ရဲမက် မင်းပရိသတ်အစုကို ကောင်းစွာစေ့ငု ကြည့်ရှုရာတွင် ကာဠုဒါယီအမတ်ကို မြင်မိ၏။

ထိုကာဠုဒါယီအမတ်သည် ဘုရားရှင် နှင့် ဖွားဖက်တော်ဖြစ်ပြီး ငယ်စဉ်ကအတူ ကစားဖော်လည်း ဖြစ်၏။ အလွန်လည်း ရင်းနှီးကျွမ်းဝင်၏။ သုဒ္ဓေါဒနမင်းကြီး၏ မင်းမှုကိစ္စအ၀၀ကို ပြီးစီးအောင် ဆောင်ရွက်ရသော အထွေထွေအမှုဆောင် အမတ်ဖြစ်၏။ ထီးနန်းကိစ္စ စိတ်ချယုံကြည်ရသော လူယုံအမတ်လည်းဖြစ်၏။

သို့ဖြစ်ရကား သုဒ္ဓေါဒနမင်းကြီးသည် “ချစ်သား ကာဠုဒါယီ၊ ငါသည် သားတော်ဘုရားကို ဖူးမြင်လိုလှ၍ အမတ်ကိုးယောက်ကို မင်းချင်းတစ်ထောင်စီနှင့်အတူ ဘုရားပင့် စေလွှတ်ခဲ့သည်။ တစ်ဦးတစ်ယောက်သော်မျှ သတင်းစကား ပြန်ကြားသူ မရှိခဲ့ပေ။

အသက်၏အန္တရာယ်ကို မည်သူမျှမသိနိုင်၊ ထို့ကြောင့် ငါ့အသက်ထင်ရှားရှိနေစဉ် သားတော် ဘုရားကို ဖူးတွေ့လိုလှ၏။ ချစ်သား ကာဠုဒါယီ သင်သည် ငါ့အား သားဘုရားကို ဖူးမြင်ခွင့်ရအောင် ကြံဆောင်ပေးနိုင်ပါ မည်လော}}ဟု ကာဠုဒါယီအမတ်ကို မေးမြန်း တော်မူပါသည်။

ကာဠုဒါယီအမတ်သည် အရှင်မင်းမြတ်၊ အကျွန်ုပ်သည် ရဟန်းပြုခွင့်ရမည်ဆို ပါလျှင် အရှင် မင်းကြီးအား သားဘုရားကို ဖူးတွေ့ခွင့်ရအောင် ဆောင်ရွက်ကြိုးကုတ် အားထုတ် နိုင်ပါလိမ့်မည်” ဟု မင်းတရားအား ပြန်ကြားလျှောက်ထား သံတော်ဦးတင်သဖြင့် မင်းတရားက လည်း “ချစ်သား ကာဠုဒါယီ၊ သင်သည် ရဟန်းပြုသည်ဖြစ်စေ၊ ရဟန်းမပြုသည်ဖြစ်စေ ငါ့အား သားတော်ဘုရားကို ဖူးတွေ့ခွင့်ရအောင် ကြိုးစားအားထုတ် ဆောင်ရွက်ခွင့်ပေးပါလေ”ဟု မိန့်ကြားတော်မူပါသည်။

ငါသည် တိုင်းနိုင်ငံကို အုပ်စိုးသူဖြစ်၏။ ငါ့အလိုကျ ဖြစ်မြောက်အောင် အလိုလိုက် အကြိုက် ဆောင်ပေးရမည်ဟု ပဒေသရာဇ်ခေတ်မှာ မင်းအာဏာဖြင့် တစ်ချက်လွှတ်အမိန့် မချမှတ်သည်ကို ထောက်ဆ၍ မင်းတရားသည် မင်းကျင့်တရားနှင့်အညီ တိုင်းနိုင်ငံ ကိုအုပ်စိုးသော ဓမ္မရာဇာ အစစ်ဖြစ်သည်မှာ ထင်ရှားလှ၏။ ဓမ္မရာဇာတို့သည် တိုင်းသား ပြည်သူတို့ကို မိမိ၏ ရင်နှစ်သည်းချာ သားသမီးပမာကဲ့သို့ စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါသည်။ ဧကရာဇ်မင်းတိုင်း အာဏာရှင်များ မဟုတ်ကြကုန်။

“ကောင်းလှပါပြီ အရှင်မင်းကြီး”ဟု သုဒ္ဓေါဒနမင်းကြီး၏ အမှာတော်စကားကို ဆောင်ယူလျက် တစ်ထောင်သောမင်းချင်း ယောက်ျားတို့နှင့်အတူ ရာဇဂြိုဟ်ပြည်သို့ ခရီးထွက်ခွာခဲ့ပါသည်။ ယခင်အမတ်များနှင့် မင်းချင်းယောက်ျားများနည်းတူ တရားနာယူကြပြီး ဧဟိဘိက္ခုရဟန္တာများ ဖြစ်ကြပါသည်။

အရှင်ကာဋ္ဌုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီး ခုနစ်ရက် ရှစ်ရက်အကြာတွင် အချိန်ကာလသည် ဟေမန္တဆောင်းကာလကို လွန်မြာက်ပြီး ဂိမာန နွေရာသီသို့ တိုင်ရောက်ခဲ့လေပြီ။ထိုအခါ အရှင်ကာဠုဒါယီမထေရ်သည်“ဟေမန္တဆောင်းကာလကို လွန်မြောက်ခဲ့လေပြီ၊ ဂိမှန္တ နွေဦးပေါက် ချိန်သို့ ရောက်ခဲ့လေပြီ၊ တောင်သူလယ်သမားတို့သည်လည်း ကောက်ပဲသီးနှံတို့ကို ရိတ်သိမ်း ပြီးလေပြီ၊ ၀န်းကျင်တခို သစ်ပင်အပေါင်းတို့သည်လည်း ရွက်ဟောင်းတို့ကို စွန့်ပစ်၍ ရွက်နုသစ် တို့ဖြင့် လဲလှယ်တင့်တယ်နေလေပြီ၊ သစ်ပင်တို့သည်လည်း ဥတုအလျောက် တောပန်း တောင်ပန်းတို့ဖြင့် အဆန်းတကြယ် ရှုချင်စဖွယ်ရှိပေပြီ။

နွေဦးမို့ ငှက်မောင်နှံတို့သည်လည်း မြူးကွန့် ကျူးညံသာယာသောအသံတို့ဖြင့် မောင်နှံ ယှက်တွဲပျော်ပွဲဆင်ကြလေပြီ။ မြေပြင်သည်လည်း ရွှံ့ညွှန်ကင်း၍ သန့်ရှင်းသာယာ သွားလမ်းသာပြီ။ ရာသီကလည်း ဆောင်းကြွင်း လေကျန်မို့ မကြမ်းတမ်းနူးညံ့စွာ အေးမြပြီ၊ အဇဋာပြင် မိုးကောင်းကင်လည်း ရှုချင်စဖွယ် တင့်တယ် တောက်ပပေပြီ။ ဆောင်းနှင်းနွေဦးအခါထူးမို့ အေးလည်းမအေး၊ ပူလည်းမပူ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း၊ ဆာလောင်ခြင်းဘေးလည်း မရှိပြီ”ဤသို့စသည်ဖြင့် ၆၄ ပုဒ်သော ဂါထာတို့ဖြင့် တောတောင်တခိုနှင့် ရာသီဥတုသာယာသဖြင့် ခရီးထွက်သင့်သော ကာလဖြစ်၍ ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီဆက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်သင့်မြတ်လျောက်ပတ်ကောင်းမြတ်သော အချိန်ဖြစ်ကြောင်းကို ဘုရားမြတ်စွာအား တိုက်တွန်းလျှောက်ထားပါသည်။

ထိုဂါထာများကို ရဟန်းစာဆိုရှင် အုန်းညိုရေးသည့် ဂါထာ ၆၀ ပျို့ဟူ၍ မြန်မာပြန်ဆို ရေးသားထားပါသည်။ “ချစ်သား ကာဠု ဒါယီ အဘယ်အကြောင်းကြောင့် ချိုမြိန် သာယာသော အသံဖြင့် ကပိလ၀တ်ပြည်သို့ သွားရောက်ရန် ချီးမွမ်းစကားလျှောက်ထား ပြောဆိုပါသနည်း”ဟု မေးမြန်းတော်မူပါသည်။

ဘုရားရှင်အား ကာဠုဒါယီမထေရ်က  ဇာတိချက်ကြွေ မွေးရပ်မြေ ကပိလ၀တ်ပြေ (ပြည်) သို့ပြန်သင့်ကြောင်း စာဆိုရှင်ရှင် အုန်းညိုက ဤသို့ ပျို့လင်္ကာဖြင့် ရေးသားထားပါသည်။

“ဖွားချက်မြို့ထွေ၊ ဇာတိနေသား၊ အောင်မြေပြည့်မ၊ ကပ္ပိလတွင်၊ မွေးဖသုဒ္ဓေါ်၊ ဒကာတော်က၊ ယသော်ဓရာ၊ ဗိမ္ဗာမျောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ချုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ရမ်းတိတိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တစ်သောင်း ဗိုလ်တွင်၊ ကျွန်ကိုနောက်ချင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲ ပြောင်းက၊ တပေါင်းနွေလ၊ ဂိမှန္တဟု၊ သာလှ ပျော်မှု၊ သည်ရတု၌၊ ညွှန့်နုဆဲဆဲ၊ မီးလျှံကဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင့်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းကို၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်၊ သွားခါကာလ တန်ပြီတည်း” (ဖြင်ပေါပည်း (ပေါရာဏ) အများ။)

”ကောင်းပေပြီ ချစ်သား ကာဠုဒါယီ၊ငါဘုရားဆွေတော်မျိုးတော်တို့အား ချီးမြှောက်သမှု ပြုပေတော့ အံ့၊ သံဃာတော်အပေါင်းအားလည်း ခရီးသွားရဟန်းတို့ ပြုကျင့်ရမည့် ၀တ်တရားတို့ကို ကြိုတင် ဆောင်ထားရန် လျှောက်ကြားလော့” ဟု မိန့်ကြားတော်မူပါသည်။

ဘုရားမြတ်စွာသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်အမှူးရှိသော အင်္ဂတိုင်း၊ မဂဓတိုင်းသား ရဟန်းတစ်သောင်း၊ ကပိလ၀တ်ပြည်သား၊ ရဟန်းတစ်သောင်းဟူသော ရဟန္တာနှစ်သောင်းခြံရံပြီး ယူဇနာ ၆၀ ခရီးကို တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် တပေါင်းလပြည့်နေ့မှစ၍ ကြွချီတော်မူပါသည်။ ထို့ကြောင့် မွေးရပ်မြေ ကပိလ၀တ်ပြည်သို့ အဦးဆုံးစတင် ကြွချီရာ တပေါင်းလပြည့်နေ့ ကို“ပြည်တော်ဝင်နေ့”ဟု ယနေ့အခါတွင် ခေါ်ဆိုရခြင်း ဖြစ်ပါကြောင်း။

ကျမ်းညွှန်း -မဟာဗုဒ္ဓ၀င်။ (မင်းကွန်းဆရာတော်ကြီး) ဂါထာ ၆၀ ပျို့။ (ရှင်အုန်းညို)

by: 
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

 by: အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)