Wednesday, March 19, 2014

သင်လုပ်နိုင်တာကို လုပ်စေချင်ပါတယ်


သင်လုပ်နိုင်တာကို လုပ်စေချင်ပါတယ်

တစ်ခါတုန်းက တောမီးကြီးတစ်ခု ပြင်းထန်စွာ လောင်ကျွမ်းနေပါတယ်။ တောမီး လောင်းကျွမ်းတဲ့ အခါမှာ တောထဲမှာ နေထိုင်ကြတဲ့ တိရစ္ဆာန်တွေဟာ မီးလွတ်ရာအဝေးကို ထွက်ပြေးကြပါတယ်။ မီးလွတ်တဲ့နေရာကိုရောက်တော့ စုဝေးပြီး သူတို့ရဲ့ အိမ်ရာ အသိုက်အမြုံ တွေကို လောင်ကျွမ်း နေတဲ့ တောမီးကို ၀ိုင်းကြည့်နေကြပါတယ်။

အဲဒီအချိန်မှာ တိရစ္ဆာန်တစ်ကောင်က ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာ ရေကန် ရှိရာကို ပျံသန်းသွားတဲ့ Hummingbird-ငှက်ပိတုန်းတစ်ကောင်ကို မြင်လိုက်ပါတယ်။ အဲဒီငှက်ပိတုန်းကလေးဟာ ရေကန်ထဲကနေ သူတတ်နိုင်သလောက် ရေနည်းနည်းကို သယ်ယူခဲ့ပြီးတော့ လောင်ကျွမ်းနေတဲ့ တောမီးကြီးအပေါ်ကနေ ဖျန်းပက်ချလိုက်ပါတယ်။ ရေရှိရာကို ပျံသန်းကာ ရေကိုသယ်ဆောင်ပြီး ကောင်းကင်ပေါ်ကနေ ဖျန်းပက်ချနေတာ သွားလိုက် ပြန်လိုက်နဲ့ အကြိမ်ကြိမ် ကြိုးစားနေပါတယ်။

အဲဒီအချိန်မှာ မီးလွတ်ရာကနေ ၀ိုင်းအုံကြည့်နေကြတဲ့ တိရစ္ဆာန်တွေက ရေကန်ရှိရာကရေကို ပြေးသယ်လိုက် ပြန်လာပြီး တောမီးကြီးကို ငြိမ်းသတ်ဖိုကြိုးစား ရေဖျန်းပျက်နေတဲ့ ပိတုန်းငှက် လေးကို လှမ်းအော်ပြောကြပါတယ်။

“မင်းဘာကြောင့် အခုလိုလုပ်နေတာလဲ..မင်း သယ်လာတဲ့ ရေစက်ကလေးတွေနဲ့ ဒီလောက် ကြီးမားတဲ့ တောမီးကြီးကို ငြိမ်းသတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အလကားအချည်းအနှီးပဲဖြစ်တယ်၊ ဘာမှမထူးဘူး လုပ်မနေပါနဲကွာ….” အခုလိုလှမ်းပြောကြပါတယ်။

ဒီတော့ တောမီးကြီးငြိမ်းအောင်ဆိုပြီး ရေကန်ကနေရေကိုသယ်ဆောင်ပြီး အပေါ်ကနေ ဖျန်းပျက်နေတဲ့ ငှက်ပိတုန်းကလေးက အခုလိုပြန်ပြောလိုက်ပါတယ်။

“ဒီလောက် ကြီးမားတဲ့ တောမီးကြီးကို အပြီးသတ်ငြိမ်းသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့်လို့ ငါဟာ ငါလုပ်နိုင်တဲ့အရာကို လုပ်နေတာဖြစ်တယ်………”လို့ ပြန်ပြီးပြောဆို လိုက်ပါတယ်။ 

 ဒီပုံပြင်လေးကနေ သိစေချင်တဲ့ ဘ၀ပေးသင်ခန်းစာကတော့ လောကမှာ ဆင်းဆင်းရဲရဲ ငတ်မွတ် ခေါင်းပါးနေသူတွေ၊ ဆင်းရဲဒုက္ခရောက်ရှိနေတဲ့သူတွေ၊ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ နေရသူတွေ၊ အားကိုးရာမဲ့ပြီး သူတို့အသက်ဆက်လက်ရှင်သန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့သူတွေ အများကြီးရှိပါတယ်။

ဗုဒ္ဓမြတ်စွာကရဟန်းတို့ လောကကြီးတစ်ခုလုံး လောင်ကျွမ်းနေပြီ….ဘာတွေနဲ့ လောင်ကျွမ်း နေကြသလဲဆိုတော့ လောဘဆိုတဲ့ မီးတွေ၊ ဒေါသဆိုတဲ့ မီးတွေ၊ မောဟဆိုတဲ့ မီးတွေနဲ့ သတ္တ၀ါအားလုံးဟာ လောင်ကျွမ်းနေကြတာဖြစ်တယ်..ဆိုပြီး သံယုတ္တနိကာယ် အာဒိတ္တ ပရိယာယသုတ်မှာ ဟောထားပါတယ်။ ဟုတ်ပါတယ် အားလုံးသော သူတွေဟာ အထင်အရှားဆုံးပေါ့ ဒီမီးသုံးပါးနဲ နေ့စဉ်ဘ၀မှာ လောင်မြိုက်ခံနေကြရတာပါ။ 

မိမိကတော့ တွေးမိမယ်ပေါ့….ဒီလောက် ဆင်းရဲခြင်းတွေ၊ အခက်အခဲ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရသူတွေ၊ အားကိုးရာမဲ့နေတဲ့သူတွေများနေတာ ငါတစ်ယောက်တည်း သူတို့ကို ဒီလိုဆင်းရဲဒုက္ခပေါင်းစုံကနေ လွတ်မြောက်စေလိုတဲ့ စေတနာရှိပေမယ့်လည်း ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလဲ။ မလုပ်နိုင် မကူညီနိုင်မယ့်အတူတူတော့ ဘာမှ မလုပ်တာပဲ ကောင်းပါတယ်ဆိုပြီး အလကားနေမိတတ်ကြပါတယ်။

လောကမှာ ဆင်းရဲဒုက္ခပေါင်းစုံနဲ့တွေ့ကြုံနေကြရသူတွေ အလွန်များတယ်ဆိုတာ ဟုတ်ပါတယ်။ နောက်ပြီး မိမိတစ်ယောက်တည်းနဲ့ လူသားအားလုံးကို ထိုဆင်းရဲခြင်းတွေကနေ အပြီးတိုင် လွတ်မြောက်အောင် မကူညီပေးနိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။

 ဒါပေမယ့် စာချစ်သူ….အဲဒီ ဆင်းရဲဒုက္ခတွေ အခက်အခဲပြဿနာတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့ သန်းပေါင်းများစွာသော လူသားအားလုံးကို မကယ်တင်နိုင်ပေမယ့်လို့ အဲဒီထဲက အနည်းဆုံး လူတစ်ယောက်ကိုတော့ ဆင်းရဲခြင်းတွေ လျော့ပါးသွားအောင်၊ သက်သာလွတ်ကင်းအောင်၊ အခက်အခဲကနေ လွတ်မြောက်အောင်၊ စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့၊ ကူညီထောက်ပံ့နိုင်တဲ့ စွမ်းရည်တွေ အရည်အချင်းတွေ သင့်မှာ ရှိနေပါတယ်။

 ဒါကို ယုံကြည်ပြီးတော့ လောင်ကျွမ်းနေတဲ့ တောမီးကြီး ငြိမ်းသတ်အောင် ဘာကြိုးစား အားထုတ်မှုကိုမှ မလုပ်ဘဲ ရပ်ကြည့်နေကြတဲ့ ငှက်အများလို သဘောမထားဘဲ မိမိတတ်နိုင်သလောက် မိမိလုပ်နိုင်တာကို ကြိုးစားပြီး လုပ်ဆောင်နေတဲ့ ငှက်ပိတုန်းကလေးလို ကြိုးစားစေချင်မိပါတယ်။

လောဘမီးလောင်မြိုက်ခံနေရတဲ့သူတွေကို မိမိက တတ်နိုင်သလောက် စွန်လွှတ်ခြင်း၊ ပေးကမ်းခြင်း၊ အနစ်နာခံခြင်းတို့ဖြင့် သူတောက်လောင်ခံနေရတဲ့ လောဘမီးကို တဒင်္ဂလေးတော့ ငြိမ်းသတ်ပေးနိုင်ပါတယ်။ ဒါကိုလည်းပဲ မိမိအနေနဲ့ လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် မိမိလုပ်နိုင်တာကို လျစ်လျူရှုမထားဘဲ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ဒေါသမီးတောက်လောင်ခံနေရတဲ့သူတွေကို မိမိက သည်းခံခြင်း၊ စာနာခြင်း၊ နားလည်ခြင်း၊ အကျိုးစီးပွားလိုလားခြင်းဆိုတဲ့ မေတ္တာရေစင်တွေနဲ့ တစ်ဖက်သား လောင်မြိုက်ခံနေရတဲ့ ဒေါသ မီးကို တစ်ခဏလေးတော့ သက်သာအောင် ငြိမ်းသတ်ပေးနိုင်ပါတယ်။ လူတစ်ယောက် အပေါ်မှာ သည်းခံစိတ်ထားဖို့၊ နားလည်ပေးတတ်ဖို့၊ စာနာထောက်ထားတတ်ဖို့ဆိုတဲ့ အရာကလည်းပဲ မိမိအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီတော့ မိမိလုပ်နိုင်တဲ့အလုပ်ကို တတ်နိုင်သလောက် လုပ်နေဖို့က မိမိတာဝန်ဖြစ်သလို အရေးလည်းကြီးပါတယ်။

မောဟမီးတောက်လောင်နေတဲ့သူတွေကို မိမိက အသိဥာဏ်ပေးဝေခြင်း၊ လမ်းမှန်ကို ညွှန်ပြ ပြောဆိုခြင်း၊ အမှန်ကိုမြင်နိုင်အောင် လမ်းပြခြင်းတို့ဖြင့် အသိဥာဏ်မိုက်မဲမှုအောက်မှာ ပြာကျခံ နေရတဲ့သူတွေရဲ့ ပူလောင်ခြင်းတွေကို တဒင်္ဂတော့ သက်သာရာရစေနိုင်ပါတယ်။ ဒီအရာကိုလည်း မိမိအနေနဲ့ လုပ်ဆောင်နိုင်တဲ့အတွက် ကြိုးစားလုပ်ဆောင် ကူညီပေးသွားဖို့ပဲ ဖြစ်ပါတယ်။

မိမိရဲ့ သူငယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ်၊ အလုပ်အတူလုပ်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ကျောင်းအတူ တက်တဲ့ သူငယ်ချင်းပဲဖြစ်ဖြစ်တစ်စုံတစ်ရာ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတဲ့အခါ ဘယ်ဟာက အမှန်ဖြစ်တယ် ဘယ်ဟာကတော့ အမှားဖြစ်တယ်ဆိုပြီး အမှားနဲ့ အမှန် ဘာကိုမှခွဲခြားမသိဖြစ်နေပြီး စိတ်ဆင်းရဲသောကရောက်ရှိနေတဲ့အခါမျိုးမှာ မိမိအနေနဲ့ သူ စိတ်သောကတွေ လျော့ပါးသွားအောင်၊ စိတ်ဓာတ်တွေ လုံးလုံးကျမသွားအောင်၊ ခွန်အားသစ်တွေ ပြန်လည်ရရှိအောင်၊ ပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်အောင် ပြောပြပေးလိုက်မယ်ဆိုရင် သူအနေနဲ့ လက်ရှိခံစားနေရတဲ့ စိတ်ဆင်းရဲသောကပူပန်မှုတွေကနေ လုံးဝမလွတ်မြောက်နိုင်ပေမယ့် နည်းနည်းတော့ သက်သာရာ ရရှိပြီး စိတ်ချမ်းသာမှုကို ခံစားသွားနိုင်ပါလိမ့်မယ်။

 ဒီတော့ လောကရှိလူသား အားလုံးကို မိမိအနေနဲ့ ပူပင်သောကတွေ လျော့ပါးသွားအောင်၊ ဆင်းရဲခြင်းတွေ ဆုတ်ယုတ်သွားအောင်၊ စိတ်ချမ်းသာမှုတွေ ရရှိအောင်၊ ခွန်အားတွေ ပြန်လည်လန်းဆန်းလာအောင် ကူညီလုပ်ဆောင် မပေးနိုင်ဘူးဆိုပေမယ့် မိမိရဲ့ သူငယ်ချင်း ဒါမှမဟုတ် မိမိရဲ့ မိသားစု ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကိုတော့ မေတ္တာရေအေး၊ ကရုဏာရေးအေး၊ မုဒိတာရေအေးတွေနဲ့အတူ ဖျန်းပက်ကာကူညီပေးနိုင်ပါတယ်။ သင့်မှာ ကူညီပေးနိုင်တဲ့ အရည်အချင်းလည်း အမှန်တကယ်ရှိပါတယ်။ ဒါကြောင့် မိမိတတ်နိုင်သလောက် မိမိစွမ်းဆောင်နေလိုက်ဖို့ပါ။

တစ်ခုတော့ရှိပါသေးတယ်……မိမိအနေနဲ့ ဘယ်လိုအနေအထားမျိုးနဲ့မှ တစ်ဖက်သားကို မကူညီပေးနိုင်ဘူးဆိုရင်တောင်မှ တိဗက်ဆရာတော် ဒလိုင်းလားမား စကားအတိုင်း “ကျွန်ုပ်တို့ အဓိကလုပ်ဆောင်နေတာက သတ္တ၀ါတွေကို မေတ္တာ ကရုဏာနဲ့ ကူညီစောင့်ရှောက် ပေးဖို့ပါ…..သင်အနေနဲ့ မကူညီနိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ဘယ်သူ့ကိုမျှ မညှင်းဆဲ မရက်ပါနဲ့….”လို့ အကြံပြုဆိုချင်ပါတယ်။

ဒီတော့ နေ့စဉ်ဘ၀မှာ ဆင်းရဲခြင်း ဒုက္ခများစွာ ခံစားနေရတဲ့ သူများကို ဆင်းရဲခြင်းကနေ အပြီးအတိုင် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ဦးတောင်မှ ဆင်းရဲခြင်းတွေ လျော့ပါသွားအောင်၊ သက်သာသွားအောင် စာရေး/ဖတ်သူတို့ လုပ်နိုင်တဲ့အရာကို တစ်နိုင်တစ်ပိုင် ကြိုးစားကူညီ လုပ်ဆောင်သွားရအောင်ပါ…………….။

(ဥယျာဉ်မှူးလေး)