Thursday, March 13, 2014

နိဗ္ဗာန် ဟူသည်…

နိဗ္ဗာန် ဟူသည်…

 

နိဗ္ဗာန်ဟူသည်…နိဗ္ဗာန်အကြောင်းကို ပြောရမည်ဆိုတော့ ပြောသာပြောရမည် ကိုယ်တိုင်လည်း မရဘူးသေးတော့ ပြည့်စုံမယ်လို့ ကိုယ်တိုင်ကို မယုံကြည်ပါဘူး။ နိဗ္ဗာန်ကို မယုံတာမဟုတ်ဘူး နော်။ မိမိပြောသော နိဗ္ဗာန်အကြောင်း ပြည်စုံတယ်ဆိုတာကို ပြောခြင်းပါ။ သို့ သော် ၁၀-နှစ်ကျော်ကျော် ပိဋကတ်စာပေကို လေ့လာဘူးတော့ စာသိအတိုင်းတော့ ကိုယ့်ထက်မသိသူ တွေကိုတော့ နားလည်အောင်ပြောပြချင်ပါသေးတယ်။

နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာန မာရမဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ။ ဤ ပါဠိစကားလုံးများကို သဘောကျရင် ဆောင်ထားလို့ ရပါတယ်။ အကို ညီ၊ ညီမ၊ အမတွေ သီချင်းတောင် ရအောင် ဆောင်ထားသေး တာပဲ။ မှတ်သားကြည့်လိုက်ပါ။ ဘုရားရှင်၏ စကားတော်ကို မှတ်သားရတာ ကုသိုလ်ရပါတယ်။

နိဗ္ဗာန်ဆိုသည်မှာ.. တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သောတရားဖြစ်သည်။ နိဗ္ဗာန ပုဒ်ကို နိ-၀ါန ဟု ပုဒ်ခွဲကာ နိ -မရှိခြင်း၊ ၀ါန- တဏှာ ဟုအဓိပ္ပါယ်ရသည်။ တဏှာမရှိခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ ၀ါန-ကိုတဏှာဟုပြောသည်ကို သတိယပါ။ ထိုတဏှာ၏ လှုပ်ရှားပုံကို ပြောပြ
ပါမည်။ ကမ္ဘာလောကရှိ ပုထုဇဉ် သေက္ခတွေသည် တဏှာ၏ ဆက်သွယ်မှုကြောင့် အရာရာ၌ အဆက်မပြတ်နိုင်ဘဲရှိ၏။

သတ္တ၀ါတို့ သန္တာန်၌ သံသရာကိုချဲ့ ထွင်တက်သည့်အတွက် ချဲ့ ထွင် တက်သောတရား (နယ်ချဲ့ စစ်သည်) သုံးပါးရှိသည်။ ပါဠိစကားလုံးဖြင့် -ပပဉ္စ-ဟုခေါ်သည်။ ပပဉ္စတရားသုံးပါဟုခေါ်သည်။ ထိုသုံးပါသည် ဒိဋ္ဌိ၊ မာန၊ တဏှာ ဖြစ်သည်။ ဤနေရာ၌ ဒိဋ္ဌိ ဆိုသည်မှာ သက္ကာယဒိဋ္ဌိ ဖြစ်သည်။ ခန္ဓာငါးပါး အပေါ်၌ အထည်ကိုယ် အမာခံ အနှစ်သာရဟူ သော အတ္တသည် တကယ်ရှိ၏ဟု စွဲလမ်းသည်။ ထိုသို့ စွဲလမ်းခြင်းကိုပင် သက္ကာယဒိဋ္ဌိ ဟုဆိုလို သည်။ မာနကတော့ ထိုအတ္တကိုပင် ငါ- ငါ- ဟု မှတ်ထင်နေ၏။ ငါတက်သည်၊ ငါမြတ်သည်ဟု အထင်အမြင်ကြီး၏။

ထိုဒိဋ္ဌိ မာနအရင်းခံမှုကြောင့် မိမိ၏ ရုပ်နာမ်တရားတွေကို အားရပါးရ တဏှာဖြင့် စွဲလမ်း၏။ အတ္တသမံ ပေမံ နတ္ထိ ဟူသည်နှင့်အညီ မိမိထက် ပိုမို၍ မည်သူကိုမျှ မချစ်နိုင်ကြ။ မိမိကိုယ် ချစ်ခင်မှုကြောင့် မိမိအား ကျေးဇူးပြုနေသူကို သိုမဟုတ် ကျေးဇူးပြုလိမ် မည်ဟု ထင်ရသူတို့ အပေါ်မှ မခွဲနိုင် မခွာရက်အောင် စွဲမက်ဆက်သွယ်ရပြန်တော့၏၊

မိမိကိုယ်နှင့်တကွ အဆက်အသွယ် ဟူသမျှတို့ အပေါ်မှာ မခွဲနိုင် မခွါရက်နိုင်အောင် ရာသက်ပန် တည်နေပြီးနောက် သေခါနီးသို့ ရောက်သောအခါ တွယ်တာဖွယ်အဖုံဖုံ၌ အာရုံကြော မပြတ်တ ပြတ်မှာပင် တဏှာအနုသယက ဘ၀အသစ်ကို ရောရမ်းယှက်မြှေးလျက် ဆက်ပေးပြန်၏။ ထိုကဲသို့ တဏှာနုသယ ညွှန်ပြသည့် ဘ၀၌ ရောက်၍ မကြာခင် ဘ၀နိကန္တိက လောဘဇောခေါ် သော တဏှာက ရအပ်ပြီးစ အတ္တဘောကို မက်မောတွယ်တာပြီလျှင် ယခင်နည်းတူ ဘ၀သစ်ထူ ထောင်လေတော့၏။

ဤသို့ တဏှာက အရာရာဝယ် ဆက်သွယ်နေမှု မှာလည်း ဒိဋ္ဌိနှင့် မာနတို့  က အားပေး အားမြှောက်ထောက်ပံ့ ကူညီနေသည့် အတွက်ဖြစ်ရကား ဤတရား (၃)ပါးသည် သံသရာကိုချဲ့ ထွင်ရေး၌ လေးလေးနက်နက်ဆောင်ရွက်နေသော တရားဆိုးများဖြစ်သည်ကို သဘောကျပါ။

ရုပ်နာမ်ခန္ဓာ၏ချုပ်ငြိမ်းရာ လွန်စွာအေးမြသော ဓာတ်တမျိုးမှာ အခါခပ်သိမ်း အရောင်အ၀ါ ယှက်၍ တလက်လက်တောက်ပသကဲသို့  အလွန့် လွန့် မြင့်မြတ်ရကား အသင်္ခတဓာတ် နိဗ္ဗာန် တရားမြတ်၌ တဏှာဟူသော အယုတ်တမာတရားလည်း အနားမကပ်ဝံ့တောပြီ။ ထို့ ကြောင့် နိဗ္ဗာန်ကို ၀ါနတော နိက္ခန္တံ- တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သောတရားဟု ဆိုရ ပေသည်။

နိဗ္ဗာန်တရားကိုတော့ မဂ်ဉာဏ်ရသော အရိယာပုဂ္ဂိုလ်တို့ မျက်မှောက်ပြုအပ်သောတရားဖြစ် သည်။ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ-ဟုဆိုသည်ကို သထိယပါ။ နိဗ္ဗာန်သည် မဂ်ဖိုလ်တို့ ၏ အာရုံဖြစ်သည့်ဟု ဆိုသဖြင့် မဂ်ဖိုလ်မရသော ပုထုဇဉ်တွေမှာ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံမပြုနိုင်။ နိဗ္ဗာန်ကိုရည်မှန်း၍ ဆုတောင်းရာ ကမ္မဋ္ဌာန်းစီဖြန်းရာတို့ ၌ ငြိမ်းအေးပုံ အခြင်းအရာ အာကာရ ပညတ်လောက်သာ အာရုံပြုနိုင်သည်။ မဂ္ဂဖလာနမာရမဏဘူတံ- ကိုသတိယပါ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။

Posted by အရှင်နာယကာလင်္ကာရ