Monday, March 10, 2014

ပညာခေတ်


ပညာခေတ်


ပညာဟူသည် ၀ိဇ္ဇာဟူသော အသိပညာနှင့် သိပ္ပံဟူသော အတတ်ပညာတို့ကို ဆိုလိုသည်။ ၀ိဇ္ဇာဟူသော အသိပညာဖြင့် ဗဟုသုတများကို ရရှိစေနိုင်သည်။ သိပ္ပံဟူသော အတတ်ပညာဖြင့် အသိပညာများကို လက်တွေ့ဖော်ထုတ် ဆောင်ရွက်နိုင်သည်။ ပညာဟူသော ဝေါဟာရသည်။ ပါဠိဘာသာစကား ‘ပညာ’ ကို မြန်မာမှုပြု လက်ခံသုံးစွဲထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ‘ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်အတတ်’ ဟူ၍ဖြစ်သည်။ ထို့ကြောင့် ပညာဟူသည် ဉာဏ စွမ်းရည် အတတ်ပညာစွမ်းရည် လူမှုစွမ်းရည် စသောမြင့်မားသော အသိ၊ အလိမ္မာ၊ အတတ်ပညာ၊ အရည်အသွေးများ အနှစ်သာရများ ပေါင်းစုနေသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာခေတ်ဟူသည် ခေတ်နှင့်အညီ ပေါ်ထွန်းလာသည့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ အသုံးချနိုင်ပြီး၊ အမြဲရှင်သန်နေသော အသိဉာဏ်၊ အမြော်အမြင်တို့ဖြင့် ပြည့်စုံသည့် ပညာရေးပတ်ဝန်းကျင်ကို ဖန်တီးမှုဖြစ်သည်။ ပညာခေတ်၏ မျှော်မှန်းချက်မှာ မျက်မှောက်ခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးမည့် ပညာရေးစနစ် ဖြစ်ထွန်းလာရန် ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည် လျင်မြန်သည့် ပြောင်းလဲမှု အရှိန်အဟုန်ဖြင့် နည်းပညာ တိုးတက်မှု အသစ်များကို ရင်ဆိုင်နေရသည့်ကာလ ဖြစ်သည်။ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာခေတ်သို့ ကူးပြောင်းချိန်ဖြစ်၍ ယနေ့ခေတ်ကို တတိယလှိုင်း (Third Wave) အဖြစ် တင်စား ခေါ်ဝေါ်နေကြသည်။ ယနေ့ခေတ်သည် ပညာအဓိက ဖြစ်လာသည်။ လျင်မြန်သော ပြောင်းလဲမှု အရှိန်အဟုန်နှင့် နည်းပညာ တိုးတက်မှုဖြစ်သော တတိယလှိုင်း၏ ပုတ်ခတ်တိုက်ခိုက်မှုကို ပညာ လွှမ်းမိုးသော လူ့အဖွဲ့အစည်းဖြင့် ဖြေရှင်းရမည်ဖြစ်သည်။

ယနေ့ ပညာခေတ်တွင် စာသင်ခန်းနှင့် ပြင်ပကမ္ဘာ့ဆက်သွယ်ရေးဟူသော ရည်မှန်းချက်နှင့်အညီ ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများသည် စာသင်ခန်းမှ ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု၊ ဆိုဆုံးမလမ်းညွှန်မှုများကို နာခံမှတ်သား ကြိုးစားသင်ယူမှု အခြေခံလျက် ပြင်ပကမ္ဘာမှ ခေတ်မီအသိပညာ၊ အတတ်ပညာများကိုလည်း လက်လှမ်းမီသမျှ ကြိုးပမ်းအားထုတ် လေ့လာဆည်းပူးရမည်ဖြစ်သည်။ စာသင်ခန်းမှ အသိပညာ၊ အတတ်ပညာများ၊ ကိုယ်ကျင့် တရားများ ကောင်းမွန်စေရေးမှသည် . . . . .

လူ့အဖွဲ့အစည်းတွင် ပညာဟူသည် ဆုံးခန်းတိုင်သောအရာ မဟုတ်ဘဲ အသက်ရှင်နေသမျှ ဆက်လက်၍ လေ့လာဆည်းပူး သင်ယူနေကြရမည်ဖြစ်သည်။ မျက်မှောက်ခေတ် ပညာရေးစနစ်တွင် ပညာရှာရန် အခွင့်အလမ်းများစွာ ရှိနေသည်။ အရွယ်မရွေး ပညာရှာရန် အခွင့်အလမ်းများစွာ ရှိနေစေရန်၊ ပွင့်လင်းသော ပညာရေးစနစ်ကို ကမ္ဘာတွင် ကျင့်သုံး လျက်ရှိသည်။ ယနေ့ပညာခေတ်တွင် အထူးသဖြင့် လူငယ်များသည် ခေတ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်နေသော ပညာခေတ်၏ ပညာရပ်များ သင်ယူနိုင်ခွင့် ရှိသင့်သည်။ စာသင်ကျောင်းများတွင် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားစေရေးအစ ပညာရေးကဟူသော အဆိုအမိန့်နှင့်အညီ လက်တွေ့ကျကျ လေ့ကျင့်ပြုစု ပျိုးထောင်သင်ကြားပေးရမည်ဖြစ်သည်။

သမားရိုးကျ ပညာ သင်ကြားရေး စနစ်အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံပြုပြင်နိုင်ရေးအတွက် ခေတ်မီ အဆင့်မြင့်သော ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း စာအုပ်စာတမ်းများ၊ ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များ ဖတ်ရှုလေ့လာခွင့် ရရှိစေရန် လမ်းဖွင့်ဆောင်ရွက်ပေးခြင်း၊ ခေတ်မီတိုးတက်သော လူမှုဆက်သွယ်ရေး နည်းလမ်းများ၊ ပညာတတ်ရုံ သက်သက်သာမက အမျိုးသားရေး ကိုယ်ကျင့်တရားကောင်းနိုင်ရေး လိမ္မာရေးခြားရှိသော လူငယ်များ ပေါ်ထွန်းလာစေရေးတို့ကိုလည်း စနစ်တကျ ပြုစုပျိုးထောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

 ယနေ့လူငယ်များသည် စာသင်ခန်း ပညာ သင်ကြားရေးကို အခြေခံလျက် ကမ္ဘာ့ပညာရေး နယ်ပယ်အသီးသီးမှ အသိပညာ၊ အတတ် ပညာဆိုင်ရာ ပညာရေး ကွန်ရက်များကိုလည်း စွမ်းအားရှိသမျှ အသိပညာ အတတ်ပညာများဖြင့် ခေတ်မီတိုးတက်နေသော ပညာရှာနည်း ပညာသင်နည်းများဖြင့် လေ့ကျင့်ပြုစု ပျိုးထောင် ရမည်ဖြစ်သည်။

ယနေ့ ပညာခေတ်တွင် စာသင်ခန်းနှင့် ပြင်ပကမ္ဘာ့ဆက်သွယ်ရေးဟူသော ရည်မှန်းချက်နှင့်အညီ ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများသည် စာသင်ခန်းမှ ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု၊ ဆိုဆုံးမလမ်းညွှန်မှုများကို နာခံမှတ်သား ကြိုးစားသင်ယူမှု အခြေခံလျက် ပြင်ပကမ္ဘာမှ ခေတ်မီအသိပညာ၊ အတတ်ပညာများကိုလည်း လက်လှမ်းမီသမျှ ကြိုးပမ်းအားထုတ် လေ့လာဆည်းပူးရမည်ဖြစ်သည်။

 စာသင်ခန်းမှ အသိပညာ၊ အတတ်ပညာများ၊ ကိုယ်ကျင့် တရားများ ကောင်းမွန်စေရေးမှသည် ကမ္ဘာ့အကြောင်းအရာ အချက်အလက်၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်နေသော ပြင်ပကမ္ဘာမှ ခေတ်မီတိုးတက်သော အတတ်ပညာများကို လေ့လာသင်ယူလျက် စာသင်ခန်းနှင့် ပြင်ပကမ္ဘာ၏ ဆက်စပ်မှု၊ လိုက်လျောညီထွေရှိနေမှု ပြောင်းလဲနေမှုများကို သိရှိပြီး၊ ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။

ပညာရှာခြင်း၏ အကျိုးတရားများကို မြန်မာ့စာပေသမိုင်းတွင် စာဆိုရှင်များက ခေတ်အမြင်၊ ခေတ်အတွေးများဖြင့် မိန့်ဆိုလမ်းညွှန်ခဲ့ကြသည်။ အင်းဝခေတ်၏ ခေတ်အမြင် ခေတ်အတွေးနှင့် ခေတ်ရှေ့ပြေး အတွေးအခေါ်များနှင့် ပြည့်စုံသော စာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ‘သု၊ ခိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ’ ဟူသော ခေတ်အမြင်ပညာ သင်ယူနည်းကို ဖော်ထုတ်တင်ပြလျက် ပညာခေတ်သစ်ထူထောင်ရေး လမ်းညွှန်ဖြစ်သော ‘သီကုံးပန်းသွင် နေ့တိုင်းဆင်’ ဧကပိုဒ်ရတုကို ဖွဲ့ဆို၍ ‘တစ်စပေါ်လျှင် ချည်စငင်သို့၊ သဘင်ပွဲမှောက်၊ ဆိုရေး ရောက်က၊ လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊ ကျောက်တိုင်ပမာ၊ ကေသရာသို့’ ဟူ၍လည်းကောင်း ‘ကိုးခန်းပျို့’ တွင်လည်း ‘၀ိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား စကားချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့် ရွံရှာလန့်ထိတ်၊ အသံဆိတ်၏’ ဟူ၍လည်းကောင်း အတတ်ပညာ၊ အသိပညာ၏ အာနိသင်ကို ဖော်ထုတ်လမ်းညွှန်ခဲ့သည်။

ယနေ့ပညာခေတ်တွင် တိုးတက်ဖွံ့ဖြိုးနေသော အတတ်ပညာ၊ အသိပညာရပ်များကို ပညာစွမ်းရည်၊ ဉာဏစွမ်းရည်၊ လူမှုစွမ်းရည်မြင့်မားအောင် ကြိုးပမ်းအားထုတ် ဆည်းပူးကြရမည်ဖြစ်သည်။ ပညာစွမ်းရည် ထက်မြက်ခြင်းဖြင့် ဉာဏစွမ်းရည် တိုးတက်လာမည်။ ထိုမှတစ်ဆင့် လူမှုစွမ်းရည် ဟူသော လိမ္မာရေးခြားရှိမှု၊ လူကောင်းသူကောင်း ပီသမှု၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်မှု၊ အသိတရားနှင့် သတိတရားများ ပြည့်စုံကာ ရင့်ကျက်တည်ငြိမ်မှု စသော ကိုယ်ရည် ကိုယ်သွေးများ တိုးတက်ဖွံ့ဖြိုး မြင့်မားလာမည်ဖြစ်သည်။

 ယနေ့ပညာခေတ်တွင် ပညာရှာနေကြသော လူငယ်တို့သည် ကုန်းဘောင်ခေတ်စာဆိုကျော် မန်လည်ဆရာတော်ကြီး၏ ‘မဃဒေ၀လင်္ကာကြီး’ လာ ဆုံးမလမ်းညွှန်ချက် တစ်ရပ်ဖြစ်သော ‘ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏’ ဟူသော အဆုံးအမနှင့်အညီ လက်တွေ့ကျင့်သုံး ဆောင်ရွက်သင့်ကြပေသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ပညာမြင့်မှ လူမျိုးတင့်မည်ဟူသော ခံယူချက်နှင့် အညီ ကျောင်းသားလူငယ်များတို့သည် မိမိတို့၏ လူမျိုးနှင့် ပညာရေးနယ်ပယ်ကို ‘ပညာပြည့်ဝ နှလုံးလှ’ စေရန် ခေတ်၏ရေစီးကြောင်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာရပ်များ၏ စိန်ခေါ်နေမှုများကို ဇွဲ၊ လုံ့လ၊ ၀ီရိယ အခြေခံလျက် စွမ်းစွမ်းတမံ၊ ဉာဏ်စွမ်းရှိသရွေ့ လေ့လာ သင်ကြား အားထုတ်ဆည်းပူးကာ၊ ထူးချွန်ပြောင်မြောက်သော လူရည်မွန်လူငယ်များအဖြစ် ဘ၀ခရီးကို ဖြတ်သန်းရပ်တည် လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမည်မှာ ယနေ့လူငယ်တို့၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။

လှမြင့် (ရန်ကုန်တက္ကသိုလ်)