Showing posts with label သာသနာဝင်. Show all posts
Showing posts with label သာသနာဝင်. Show all posts

Thursday, August 21, 2014

ရေးသူနှင့် ဖတ်သူတို့၏ အကွာအဝေး


 ရေးသူနှင့် ဖတ်သူတို့၏ အကွာအဝေး (၁၁၅၂ _ ၁၃၇၂)

ဒီလောက်ထိ ကပ်ထားတာတောင် ရင်ဘတ်ချင်းက မနီးချင်ဘူး။ အော် အိပ်မက်တွေလား..........။

အိပ်မက်တွေ ရာသီတစ်ခုစာ ဆုပ်မိထားချိန် နာမည်မကြားခင်ကတည်း ငါတို့ စိတ်ချင်း နီးနေကြတဲ့သူတွေပါ။ ဒီထက်လှပအောင် အရောင်တွေထပ်ချယ်ဖို့ မလိုတော့ဘူး။

ခေတ်တစ်ခေတ်မှာ ဘယ်သူ ဘာဆိုတာ တံခွန်လွှင့်စရာ မလိုဘူး။ ပြောရရင် မီးတောက်ချင်း မီးကူးစရာ မလိုဘူး။ မျက်စိ နား ပညာထပ်တူကျခဲ့ရင် အားလုံးဟာ အနီးဆုံးလား အဝေးဆုံးလား။ သတိတရားရှိတဲ့ ပညာတတ်ခြင်းဟာ အောက်ခြေမှတ်ချက်လိုမယ်မထင်ပါဘူး။ 

ပါးစပ်ရဲ့အပြော ခြေထောက်ရဲ့အသွား နားရဲ့အကြား မျက်လုံးရဲ့အမြင်တွေနဲ့ တွေ့ကရာ စာအုပ်တွေ ဖတ်ခဲ့မိတယ်။ ဖတ်ပြီးသားလည်း ဘယ်နှစ်ကြိမ်မှန်းမသိအောင် ထပ်ဖတ်မိတယ်။ စာငတ်သူရဲ့ တွေ့ကြုံရတဲ့ အနေအထားတွေပဲ ထင်ပါရဲ့။ ဒီလိုနဲ့ ကျနော် စာငတ်နေတဲ့ အငတ်ကြားမှာ ဌေးလွင်(ဆားလင်းကြီး)ရေးတဲ့ ကြည့်ကန်ရှင်ကြီး သူ့ရွာ သူ့ဘဝ သူ့စာပေကို ဖတ်လိုက်မိလေရဲ့။ အဖတ်နဲ့အငတ်ကြား တပ်မက်ခြင်းဟာ ရိုးရိုးသားသားပါပဲ ဝိရောဓိ မဖြစ်ခဲ့လေဘူး။ 

စာအုပ်မှာပါတဲ့ စာတွေအားလုံးထက် နှစ်သက်မိတာက ၁၁၅၂ခု၊ သီတင်းကျွတ်လဆန်း၁၄ရက်နေ့ မုံရွေး ဆရာတော်က ကြည့်ကန်ရှင်ကြီးထံသို့ အဝေးရောက်မေတ္တာစာနဲ့ ပဉ္စပညာသပုစ္ဆာကိုပါ ပူးတွဲပို့လိုက်တာပါ။ 

ဖတ်ကြည့်ပါအုံး မေတ္တာစာက..................

အနုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ..ဟူသောပါဌ်နှင့်အညီ
ပကတိသော လူသာမညမတ္တတို့၏ မံသစက္ခုဖြင့် ရှု၍မြင်ကောင်းသည်မဟုတ်
ဆကာမာဝစရနတ်တို့၏ ဒိဗ္ဗစက္ခုဖြင့်သာ ရှု၍ မြင်စကောင်းသော ပရမာမြူနု ရေလုံးစုမျှ လောက်သော အကုသလ ပါပဓမ္မတို့ကို ပထဝီပံသု မေရုအဏ္ဏဝါ စကြဝဠာ တောင်ကဲ့သို့ ထင်၍  လွင်ဗာဟိရ အပအစု ပြုနိုင်လေ့ ယှိပါစေတော့ဟု ဆုမြတ်ပဋ္ဌနာ မချာမလပ် ပြုတတ်လေ့ ယှိပါသော သလ္လာဝတီ သီတာမြစ်ကြီး၏ အရှေ့မျက်နှာ မုံရွေးရွာဇာတိ ပဝတ္တိအခါ ဆားလင်းကြီးရွာက အရိယာဝံသ အာဒိစ္စရံသီ ပီယဝါစာ မေတ္တာစကား ကြားရောက်လိုက်ပါသည် သမ္မာသမ္ဗုဒ္ဓ ဘုရားဆုကို ပန်ယူတော်မူလေ့ရှိသော နန္ဒဓဇသူမြတ်။ 

ပုဗ္ဗေဝ သန္နိဝါသေန.....စသောပါဌ်နှင့်အညီ ရှေးရှေးသောဘုရား သဗ္ဗညုတတို့ထံ ဆုပန်ဆုယူ၍ အတူတကွ တိံသပါရမီကို စိတ်ညီစိတ်မျှ ဖြည့်ကြဘူးသည်နှင့် လျော်ညီစွာ ယခုအခါ တခါတကြိမ်မျှ ညီတော်မျက်နှာပြင်ကို မမြင်မတွေ့ရဘူးသော်လည်း ၁၁၄၈ခုနှစ်တွင် ညီတော်မြတ်တို့ ရပ်ကြီးရွာနေ မောင်ကလျာဏတို့တွင် မွှေးလှစွာသောသတင်းကို လေညှင်းယူ၍ ကျူလှာကြိုင်လှာ သည်ဖြစ်၍ တွေ့မြင်ချင်သော နှလုံးနှိုက် ရစ်ထုံးမကွာ စေတနာအလွန်ယှိပါ၍ ရောက်လှာမည်ဟု ကြံပါသည်လည်း

“အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ၊ န ဟိ စိန္တာ မယာ ဘောဂါ၊ ဣတ္ထိယာ ပုရိသဿဝါ”
ဒေသနာတော်မြတ်ပြိုင်၍ ဆိုင်မိသမြင့်
 ကြံတိုင်းလည်းမပြီး 
တီးတိုင်းလည်း မမည် တည်တိုင်းလည်း မနေ 
စေတိုင်းလည်း မရောက် ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် မလွမ်းသာ ကြင်ပါလျက် မကျွမ်းသာ
မြင်ပါလျက် မစမ်းသာ ခင်ပါလျက် မဖမ်းသာ
မင်ပါလျက် မလှမ်းသာ မေးချင်ပါ၏ မမြန်းသာ
ပေးချင်ပါ၏ မကမ်းသာ ရောက်ချင်ပါ၏ မလာသာ
လာချင်ပါ၏ လမ်းမသာ လမ်းသာပါ၏ ခန့်မသင့်
အခန့်သင့်၏ အခွင့်မလျော် ခွင့်လျော်ပါ၏ စိုးမပိုင်
စိုးပိုင်ပါ၏ ခွင့်မဆိုင် ဆိုင်ချင်ပါ၏ မပိုင်သာ
ကြိုင်ချင်ပါ၏ မလှိုင်သာ.....
ဟူသော လောကလက်သုံး ထုံးသာဓက ကမ္ဘာ့တန်ဆာ ဥပမာကဲ့သို့ ကြံပါလျက် မပြီးသေး၍ ကြာနှေးယှိရချေသည်။

ထိုသို့ဖြစ်သော်လည်း ဟဒယေ ပီယံနာမ.....စသည်နှင့်အညီ သရဒအခါ  အာကာသကောင်းကင်မှ ပေါ်ထွန်းသော လဝန်းဗိမာန်သည်  ယူဇနာတသိန်းခြားရာ အရပ်နှိုက်တည်သော ကော်ကနုဒ ပဒုမ္မာကြာခေါင်းလောင်းတို့ကို ပွင့်နိုင်စေသည် ဆိုသကဲ့သို့ နေရပ်နေရာ ဝေးကွာသော်လည်း စေ့ဆော်လေးမြတ်အပ်သောသူသည် ဝေးလေသည် မမည်ရကား ညီတော်မြတ် ပို့သသောမေတ္တာ မလ္လာယုကျွန်းအပြင်နှိုက် တပင်တည်းသော ဂေါသီတ စန္ဒနနံ့သာနှင့်တူသော ကျူလှသော သြဒိဿ ဗြဟ္မဝိဟာ ဥပေက္ခာ မေတ္တာရေမြတ်ကြောင့် 

နှောက်ယှက်အပ်သော အမင်္ဂလာ အနိဋ္ဌာရုပ် ဒုက္ခဝေဒနာ ရောဂါအန္တရာယ်တို့ မကပ်ရောက်သဖြင့် အဆင့်ဆင့်သော ပါရမီ သမ္ဘာရ သဗ္ဗညုတဉာဏ်၏ အဆောက်အဦး သုံးဆူသော စရိယဓမ္မတို့ကို နေ့ယှိ ညမချာ ယထာသတ္တိ စွမ်းယှိသမျှ ဖြည့်ရပေ၏ ညီတော်မြတ်၏ သန္တာန်ဝယ် တွယ်ကပ် တတ်သော အန္တရာယ်တို့သည် ပျောက်ကွယ်ကင်းလင်း သန့်ရှင်းစင်ကြယ်သည်နှင့်အညီ

ပါရမီအပေါင်းတို့သည် ကိုယ်စိတ်ရွှင်လန်းစွာ စွန့်စားတော်မူသမျှ ဖြစ်ရကြောင်းများကို ကြားသိချင်ပါသည် နောက်နောင်အခါ လူကြုံလာတွင် စာပေသဝန် ပြန်ကြားလိုက်စေချင်သည့် အကြောင်းတို့ကို တသောင်းတိုင်သာ ဝေးရပ်ကွာက မေတ္တာစကား ကြားရောက်ပါသည် အကြည်တော်သူမြတ်။

(မူရင်းသတ်ပုံအတိုင်း)

လူတစ်ယောက်အတွက် ခေတ်နောက်ကျခြင်း မကျခြင်းဆိုတာ စာပေနဲ့ဂီတဟာ လေးနဲ့မြှားလိုပဲ။ လေးဟာ စာပေ မြှားဟာ ဂီတပဲထင်မိတယ်။ လူတစ်ယောက်နဲ့ လက်ရှိရှင်သန်နေတဲ့ စာပေနဲ့ဂီတ အကြောင်းကို စကားပြောကြည့်ရုံနဲ့ သူဘယ်လို ဘာလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ စာပေနဲ့ ဂီတကို ခေတ်နှင့်အညီ ဝေးကွာနေရင် လူတစ်ယောက်ရဲ့တွေးခေါ်မှုဟာ သီးခြား ကျန်ရစ် ခဲ့မှာပါ။ စီးပွါးရေး လူမှုရေးဟာ လက်တွဲခေါ်လို့ရပေမယ့် စာပေနဲ့ဂီတကတော့ လက်တွဲခေါ်ဖို့ နဲနဲခက်ခဲ လိမ့်မယ်ထင်တယ်။

စာဖတ်ခြင်းဟာ ပြောင်းလဲဖတ်ဖို့ ရွေးချယ်ဖတ်ဖို့ဆိုတာ ကျေနပ်မှုလက်ခံ စွမ်းအားထက်ဖို့ အရေးကြီးမယ် ထင်ပါတယ်။ ကျနော်နဲ့စာအတူဖတ်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ဟာ ခုထိ သိုင်းဝတ္ထုဖတ်နေတုန်းပဲ။ ပြောင်းလဲဖတ်ဖို့ ကျနော်ပြောကြည့်သေးတယ် သူ့ကျေနပ်မှုဟာ ရှေ့ဆက်ဖတ်ဖို့ခက်နေသလိုမျိုး။ ဘာပဲဖြစ်ဖြစ် ခေတ်ရဲ့စာပေ ဂီတနဲ့ဝေးနေသေး ရင်တော့ ခေတ်တစ်ခေတ်ရဲ့အကန့်တွေကြားမှာ ခေတ်နဲ့ဝေးရင်း ဝေးရင်းနဲ့ ငါတို့တုန်း ဘယ်လိုဆိုတဲ့ စကားသံတွေ တထောင့်တနေရာက အမှတ်မထင်ကြားနေရအုံးမှာပါပဲ။

ခုလည်း ကျနော် တွေ့တဲ့စာ ဖတ်မိတော့ ရှေးသူတို့ သူတို့နဲ့ခေတ်ပြိုင်တွေက အနေဝေးလေတော့ တစ်ယောက်စကားနဲ့ နားအကြားကို အတည်ယူဖို့ မေတ္တာစာနဲ့အတူ မေးခွန်းတွေမေးခဲ့တာ ဖတ်ရတယ်။ ခုဖေါ်ပြမယ့်စာက မေတ္တာပြန်စာပါ။ စာပြန်သူက တသက်လုံး ရဟန်းမပြုဘဲ ရှင်သာမဏေ (သို့မဟုတ်) ကိုရင်ဘဝနဲ့နေသွားပြီး ပုစ္ဆာမေးခွန်းပေါင်း(၁၁၁၇)ခုပါဝင်တဲ့ နာမည်ကျော် စွယ်စုံကျော်ထင်ကျမ်းကို ပြုစု သွားတဲ့ ကြည့်ကန်ရှင်ကြီးပါ။ ပြန်စာက.............

ရူပါရမံ စိတ္တမိဒံ ဌပေတွာ အစဖြာလျက် ကျမ်းလာနှင့်အညီ ပကတိသော လူသာမညတ္ထတို့ကို စော်စော်ကားကား မဆိုထားနှင့် နတ်များပင် တသက်ပတ်လုံး ကြည့်သော်လည်း မြင်စော်မနံသာ ဗြဟ္မာမင်းတို့၏ ဒိဗ္ဗစက္ခုဖြင့် ရှုသော်လည်း လေးလုံးမကွဲ ဒေဝါတိဒေဝါ ဖြစ်တော်မူသော မြတ်စွာဘုရား သခင်၏ သဗ္ဗညုတဉာဏ်စက္ခုဖြင့်သာ မြင်စကောင်းသော အလွန်သိမ်မွေ့စွာသော ပရမတ္ထအစု အကုသိုလ်တရားတည်းဟူသော ရန်သူတို့ကို မပျူကွာဝေး ပြေးလွင့်စေခြင်းငှါ မဟာကုသလ ဉာဏသမ္ပယုတ်ဝီထိနှင့် သတိကို မြို့ရိုးမြို့တောင် ပြုစေကာ ပညာတည်းဟူသော လက်နက်ဖြင့် တိုက်လွင့်ဖြိုနှင် အောင်မြင်သည်ဖြစ်စေသောဟူ၍၎င်း

ပါတိမောက္ခံ ဝိသောဓေန္တော အပ္ပေဝ ဇီဝိတံ ဇဟေ။ နက်လေးဂါထာ လာသည်နှင့်အညီ သီလသံဝရဘိဇ္ဇနန ဖြစ်အံ့သော အရာဝယ် လေးသွယ်သော ပါတိမောက္ခမြို့ကို မြတ်နိုးမပျက် နှစ်သက်တော်မူသော ဇောစေတနာ အရှိန်နှင့် ဇီဝိတိနြေ္ဒကိုမငဲ့ကွက် သက်စွန့် ကျင့်ဆောင်တော် မူသည်သာ ဖြစ်ပါစေသောဟူ၍၎င်း စာမရီဝါလဓိ ဟူသောပါဌ်နှင့်အညီ ဇာ(မြီ)မည်သောသားသည် မွေးဖျားတပင် ခြုံတွင်ငြိချေက မထ မသွားရက် လွန်စုံမက်၍ သက်စွန့်သည့်ပမာ ဇာ(မြီ)ဝါ ပရိတ်ကို ယိုဖိတ်မည့်အချက်ကိုလည်း စုံမက်တော်မူသဖြင့် သက်စွန့် ကြဉ်းဆောင်တော်မူနိုင်သည် ဖြစ်ပါစေ ဟူ၍လည်းကောင်း

ဆုပဋ္ဌနာ မေတ္တာမပျက် ဆက်လေ့ရှိပါသော ဧရာဝတီ သီတာမြစ်ဆုံ ကမ်းခုံနောက်ပါး ငါးရတွင်း ငါးပြန် ခန့်လောက် အနောက်ဘက်တိုက်ကြီးအတွင်း လင်းကတောဆယ်ရွာဝင် ရေယဉ်ချောင်းဆန် ရွာကြည့်ကန်က နန္ဒဓဇ ပဋိလောမ သိန္နေဟဝါစာ မေတ္တာစကား ပြန်ကြား လျှောက်လိုက်ပါသည် ပါရမီတိံသ ဇိနဆုယူ ဖြည့်တော်မူလေ့ရှိပါသော အရိယာဝံသ အာဒိစ္စရံသီ နောင်တော်သူမြတ်။

ညီတော်တို့မှာ ရတနတ္တယ နုဘာဝတွင် နောက်ကမေတ္တာ ပတ္ထနာကြောင့် မနှောင့်ဘေးဘျမ်း ငြိမ်းချမ်းသင့်စွာ သာသနာကို ယထာသတ္တိ စွမ်းရှိသမျှ ဖြည့်ပေးရသည် အကြည်တော် သူမြတ်မှာ လည်း ဈေးနာစုံလင် စက်လေးအင်နှင့် အံ့လျှင်မပြီး ရပ်ကြီးရွာကိုယ့်ရပ်ထံ လက်ဝဲလက်ယာ သင်္ဃာတော်မြတ်တို့နှင့်တကွ သီလတည်းဟူသော ကနက်ထီးဖြူကို လူလူဆောင်းမိုးကာ ဖာသုဝိဟာရ ဖြစ်သဖြင့် သုံးဆင့်သော သာသနာတော်မြတ် ထွန်းလင်းအောင် ဖြည့်ဆောင်တော် မူရကြောင်း ကောင်းမြတ်သောမင်္ဂလာစကားကို ကြားရပေ၍လည်း

တကြိမ်မှုတ်ရလျှင် လေးလမှ အသံစဲသော ဝိဇယုတ္တရ သိကြားခရုသင်းသံကို နာခံရဘိသကဲ့သို့၎င်း တစ်ဆဲ့နှစ်ယူဇနာ ကျယ်လှ စွာသော ဗာရာဏသီ ပြည်လုံးချဉ်းအောင် တသင်းသင်း တကြိုင်ကြိုင် တလှိုင်လှိုင် တပျံ့ပျံ့ တနံ့နံ့ တဧးဧး မွှေးကြူစေနိုင်သော ကက္ကရုမဉ္ဖူသကနတ်ပန်းကို နမ်းရဘိသကဲ့သို့၎င်း တကြိမ်တလီမျှ သုံးဆောင်ရလျှင် ကာလဓွန့်ရှည်စွါ ဆာလောက်မွတ်သိပ်ခြင်း ကင်းငြိမ်းစေနိုင်သော နတ်သုဓါ ဘုတ်သြဇာကို လျှာ၌တင်ရဘိသကဲ့သို့၎င်း သောမနဿတဒါရုံ ကြိုက်ကြုံရွှင်လန်း ဝမ်းမြောက် ပါသည်။

ထူးလီလျှောက်ရန်မှာ။ ။
ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ၊
အဒိဋ္ဌပုဗ္ဗကေပေါသေကာမံ တသ္မိမ္ပိ ဝိဿသေတိ။
မိန့်ရှိတော်မူသော ဒေသနာတော်ဝယ် တကြိမ်တခါမျှ မမြင်ရဘူးသည်ဖြစ်စေကာမူ အကြင်သူ၌ နှစ်ခြိုက်သောစိတ်ဝင်၍ ကြည်လင်သောစေတနာရောက်က စိတ်ရှိတိုင်းအကျွမ်းဝင်သည်သာ အဓိပ္ပါယ်လာသကဲ့သို့ သဟာယကြည်တော်မူလျက် အထူးထူးသောကျမ်းဂန်နှင့်ညှိ၍ သိပင် သိသော်လည်း မသိသကဲ့သို့ ကြို့ငဲ့တော်မူသော နိဝါတမင်္ဂလာနှင့် ပုစ္ဆာစီရေး၍ အမေးတော် ရှိသည်မှာ

ဗာလလူ မာနလူကိုကြဉ်
ပဏ္ဍိသူ ဥာဏ်ရှိသူကိုယှဉ်
ချဉ်းလာ ညာစားတို့ကိုဖိ
ပညာပွားခြင်း အသွားညှိ
ရှိပြီးဖြစ်သော် ထပ်၍ပေး
သိပြီးဖြစ်သော်လည်း ထပ်၍မေး
ပေးကမ်းနိုင်က ရန်ရှားသည်
မေးမြန်းနိုင်က ဥာဏ်ပွါးသည်
မျောက်သားမို့ စပ်ရအောင် မေးလေသည်
နောက်သားတို့မှတ်ရအောင်ေ ပးလေသည် ဆိုဘိသကဲ့သို့

ပျားနှယ်ပြားထုတ်ရှာဖွေ၍ ငါးဆယ့်ငါးပုစ္ဆာတွေနှင့် ဖြေနိုင်လျှင်ဖြေကြလေ
နေပိုင်လျှင် နေကြရော့ ဆိုလသေးပမာ မလာဖြစ်သာ နေ့ရွေးလျက်
ဒယာမေတ္တာရှေ့ပြေး၍ မေးတော်မူပေသောကြောင့်
အစိန္တိမ္ပိ ဘဝတိ ဗောဓိသတ္တော စိန္တာမယာဟူသော ဒေသနာတော်မြတ်အထွက်နှင့် ဆက်ဆက် ဆံဆံ ပန်းရှင်မှန်သဖြင့် မကြံပဲနှင့် စော်ကဲမင်းဖြစ်သည် အလောင်းမင်းကို ဖုတ်သွင်းရထား ဆိုက်သည် ဆိုဘိသကဲ့သို့အရေးတွင်

မဆေးချင်က စင်နှင့်သည်
မပြေးခင်းက လျင်နှင့်သည်
မရေးခင်က ထင်နှင့်သည်
မပေးခင်က ခင်နှင့်သည်
မဝေးခင်က နှင်နှင့်သည်
မလေးခင်က တင်နှင့်သည်
မအေးခင်က ကင်နှင့်သည်
မမွှေးခင်က ဆင်နှင့်သည်
မနှေးခင်က ယှဉ်နှင့်သည်
မလွေးခင်က ဝင်နှင့်သည်
မသွေးခင်က တင်နှင့်သည်
မနွှေးခင်က နွှင်နှင့်သည်
မဆွေးခင်က လွင်နှင့်သည်
မမွေးခင်က သင်နှင့်သည်
မမေးခင်က ပြင်နှင့်သည်
မချေးခင်က ခြင်နှင့်သည်
မထွေးခင်က သင်နှင့်သည်
မတွေးခင်က မြင်နှင့်သည်
မသုံးခင်က ကုန်နှင့်သည် ဟူသော

သူတော်ကောင်းတို့ထုံးလည်း တွက်ကျုံးဝင်ပြန်သောကြောင့်
ကြံတိုင်းလည်းမပြီး
တီးတိုင်းလည်း မမည်
တည်တိုင်းလည်း မနေ
စေတိုင်းလည်း မရောက်
ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် လမ်းသာသည်
ကြင်ပါလျက် ကျွမ်းသာသည်
မြင်ပါလျက် စမ်းသာသည်
ခင်ပါလျက် ခမ်းသာသည်
မင်ပါလျက် လှမ်းသာသည်
မေးချင်က မြန်းသာသည်
ပေးချင်က ကမ်းသာသည်
ရောက်ချင်က လာသာသည်
လာချင်က လမ်းသာသည်
လမ်းသာက ခန့်သင့်သည်
ခန့်သင့်မှ ခွင့်လျော်သည်
ခွင့်လျော်မှ စိုးပိုင်သည်
စိုးပိုင်က မူဆိုင်သည်
ဆိုင်ချင်က ပိုင်သာသည်
ကြိုင်ချင်က လှိုင်လာသည်
လောကနိဿရည်း ထုံးနည်းနယ ကမ္ကာ့ကျက်သရေ ဥပဒေကဲ့သို့ ကြံလေတိုင်းပြီးရမည် ဧကန်တွင် မကြံတကြံနှင့်ပင်ပြီးတော့သည် အရေးဖြစ်၍

မေးတိုင်း ကြိုက်ရမည်
ဖြေတိုင်း လိုက်ရမည်
ပေးတိုင်း ပိုက်ရမည်
လက်တွင်လှော်ကာ ရွှေချခြေတော်တင် သမ္မာစစ်လှခက်ရင် ဖော်ထားဖြေမှ မြေပေါ်တွင် ဥာဏ်မြန်ဖြစ်သည် အရေးထွက်လျှင် စေထိုက်သည် အမေးခက်လျှင် ဖြေလိုက်မည်

အမေးအဖြေမြောက် မေတ္တာရောက်က သည်မှာမဟူ အာဃလူ သဲ့လူ အိုဘဲ့လူ ကြောက်ဖွယ်လူ ဟူသော သူဟောင်းတို့လက်စ လောကဥပမည်း ကမ္ပည်းသမိုင်း မော်ကွန်းနိဒါန်း ထုံးတမ်းထုံးစံ လှော်ပြန်သည့်အနေနှင့်
ရွှေကိုကားရွှေ ငွေကိုကားငွေ လှေကိုကားလှေ လူကိုပင်လူ ရှင်ကိုရှင် ဆင်ကိုဆင် မြင်းကိုမြင်း မင်းကိုမင်းနှင့် အတော်အသင့်ဆိုဘိသကဲ့သို့ မြို့ကိုမြို့ချင်း ဆက်သွင်းဖြေဆိုမည့်အကြံနှင့် ပြန်လျှောက်လိုက်ဖူးသည် ရှေးဦးကင် တတ်စား မေတ္တာဂဟေဆော်တွင် ကိုယ်တော်မြတ်တို့မှာ တမူကား

သတင်းကိုစသော် လူလှလို့ထင်သည်
ခံတွင်းဟသော် အူမကိုမြင်သည်
မအေကိုမြင်သော် အသွင်ကိုမိသည်
အဖြေကိုမြင်သော် အတင်ကိုမိသည်
အမေရုပ်ရည်ကို စုံစုံလင်လင် အဖြေဟုတ်မည် ကုန်ကုန်စင်စင် သိမြင်ပြီးသော သဘောရှိသည်နှင့် ထပ်ဆင့်၍

အကြည်တော်မစေ နေတော်မူသောကြောင့် ဖြေလျှင်လည်း ဖြေလွယ်သည် နေလျှင်လည်း နေသာသည် စာကားတည်နှစ်ဖြာ နေသာအချက် ကိုယ်နှင့်ကွက်ကြံ စိတ်ကူးမြန်၍ ဥာဏ် ဣနြေ္ဒမကွန့် အဓွန့်ရှည်စွာ ပုစ္ဆာမဖြေနေတော်မူသည် သည်အချက်တွင် တခါပြရင်း သီတင်းသုံးဖော် ကိုယ်တော်မြတ်မှတပါး စပ်ကြားတွင် လျှောက်ပြန်လာသောကြောင့် ဖြေလိုက်ပြန်ပါသည်။

သို့ရာတွင်
အရင်းစစ်သော် အမြစ်မြေကြီးက
အခင်းဖြစ်သော် အမြစ်ဖွေမှ
အမြစ်ကောက်၍ ကွယ်လေသည်
အမြစ်လျှောက်၍ နွယ်လေသည်ဆိုဘိသကဲ့သို့ ကိုယ်တော်မြတ်နှင့်စပ်နွယ်ရင်း ပုစ္ဆာဖြစ်စေ သည်လည်း တကြောင်း
အမေးကျွဲကျောင်း အလောင်းဖြေသူ ရှေးလူတို့စကား ထင်ရှားရှိသည်ကို သိတော်မူသည် မှန်ဘိသည် ဆုံမိအောင် ပေးလေသည် ဂုဏ်ရှိအောင် မေးပေသည် ဆိုဘိသကဲ့သို့

မေတ္တာတော်ရှေ့ပြေးနှင့် မေးတော်မူပေသည် ကျေူးဇူးအထူးရှိပေ၏ဟု အောက်မေ့ပါကြောင်းကို သိတော်မူစေလိုသောကြောင့် အကြင်နာသူမလတ်အား အလျင်လာသူ မပြတ်သားဆိုဘိသကဲ့သို့ မေတ္တာမပျက် ဆက်ပါကြောင်းကို သိစေတော်မူလိုသည်လည်းတကြောင်း

လှေတတ်ပါက မြစ်နားဆန်
နေရပ်ရွာက မေတ္တာခံ ဆိုဘိသကဲ့သို့ ပို့တော်မူသောမေတ္တာတော်ကို မပြတ်နိယံ ခံယူလိုပါ သည်လည်းတကြောင်း လက်ဖျားခါလှုပ် လျှာကိုထုတ်၍ အဟုတ်သခေါ ဖြစ်လိမ့်မည်ဆိုဘိသကဲ့သို့
စီရင်လိုက်သော ပုစ္ဆာစကားမှာလည်း
လျှာဖျားလှုပ်၍ ခွေမတတ်
လက်ဖျားကိုလှုပ်လျှင် ကြွေမတတ်
အလွန်ကောင်းမြတ် ဤအရပ်ထက်ဝန်းကျင် ရှင်လူရဟန်းပင် ဆန်းကြယ်ပြေပြစ် အနှစ်သာရနှင့် ပြည့်စုံပေ၏ဟု ကြည့်ရှုတော်မူ ပြု၍ထားပါကြောင်း တပည့်သူငယ်တို့ကိုလည်း ထိုတရားထိုပုစ္ဆာကို
ဝါစုဂ္ဂဟ လျှာဖျားရွအောင် ရရဆောင်ရွက် လေ့လာပါရစေကြောင်း

သို့အကြောင်းကြောင့် အဆစ်ဆစ် သနစ်သနာ အဖြေစာနှင့် ပျူငှါမပြား မုသားမပါ မာယာမထုတ် ဝေဝုစ်မသွယ် ပရိယာယ်မသွတ် လောကဝတ်ပလာ ဟုတ်တိုင်းသာလျှင် မေတ္တာဆက် မေတ္တာခံ အတန်တန်မင်္ဂလာရိပ်နှင့် အဘိက္ကန္တဣဋ္ဌ အဒေါသ ပိယဒယာ သိန္နေဟာ
မေ မမ ဂါရဝါ မေတ္တာစကား ပြန်ကြားလိုက်ပါသည် အကြည်တော် သူမြတ်ဘုရား။

မောင်စိတ်ကောင်း






Saturday, March 29, 2014

အံ့ဖွယ် ကျေးဇူးသိသူ

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။
သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။
မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။
ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု  ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။
ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။
မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။

ငါ့ရန်သူကိုမျှ  မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။
အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ) 

Thursday, March 20, 2014

သမိုင်းကျောက်စာက ပြောသော ဘုရင်အသောက၏ပုံရိပ် တစ်စိပ်တစ်ဒေသ


သမိုင်းကျောက်စာက ပြောသော ဘုရင်အသောက၏ပုံရိပ် တစ်စိပ်တစ်ဒေသ
 (အပိုင်း၁)

ဘီစီ ၄၈၃ ခန့်တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံတော်မူချိန်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အရေးပါသည့် နိုင်ငံ အားလုံးနီးပါးကို မြတ်ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်က နက်ရှိုင်းစွာ လွှမ်းမိုးသွားပုံရသည်။ မဟာ ပရိနိဗ္ဗာနသုတ်တော်အရ ယဉ်ကျေးမှု မတူကွဲပြားကြသည့် နောက်ခံသမိုင်း အမျိုးမျိုးရှိကြသည့် ရှစ်ပြည်ထောင်သောနိုင်ငံတို့်သည် မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်ဝေစုတို့ကို ရလိုကြောင်း တောင်းဆိုကြသည်။

ဤသည်မှာ မြတ်ဗုဒ္ဓအနေဖြင့် ယင်းနိုင်ငံများ၌ ရှင်တော်မြတ်၏ အဆုံးအမ ဓမ္မကို နာခံသူတပည့်များစွာရှိကြောင်း ဖော်ပြနေပေသည်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် မည်သည့်နိုင်ငံကမျှ မြတ်ဗုဒ္ဓ၏ ဓမ္မကို နိုင်ငံတော်၏ ဘာသာတရားအဖြစ် သတ်မှတ်သည်ဟူသော အချက်ကို သက်သေပြရန်အထောက်ထား မရှိချေ။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည့် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။

ဘီစီလေးရာစုကုန်ခါနီးလောက်တွင် အသောက၏ အဘိုး ဘုရင်စန္ဒဂုပ္ပတမောရိယမင်းသည် ခန့်မှန်းခြေ အာဖဂန်နစ္စတန်မှ မိုင်းဆော (Mysore) နယ်အထိ အိန္ဒိယပြည်ကြီးကို ချဲ့ထွင်ကာ တန်ခိုးသြဇာကြီးမားသည့် အင်ပါယာကြီးကို တည်ထောင်ခဲ့လေသည်။ ယနေ့ခေတ်အရ အိန္ဒိယမြောက်ဘက် ပါကစ္စတန်နှင့် အနောက်ဖျားဒေသထိ နယ်ပယ်များသည် စန္ဒဂုပ္ပတမင်းကြီး၏ အင်ပါယာအောက်တွင် ရှိခဲ့သည်။ (Mookerji's Asoka, page 12).

စန္ဒဂုပ္ပတမင်း၏ သားတော် ဗိန္ဒုသာရသည် ဖခင်၏ အင်ပါယာကို ဆက်လက်ထိန်းထားနိုင်ရုံမက တောင်ပိုင်းဒေသသို့ပင် ချဲ့ထွင်နိုင်ခဲ့ဖွယ်ရှိသည်။ ဘီစီ ၂၇၄ (ဘီစီ ၃ ရာစု) ခန့်တွင် ဗိန္ဒုသာရမင်း၏ သားတော် အသောကသည် စွမ်းရည်နှင့်ပြည့်စုံသည့် ကောဋိလျစာဏကျ ကဲ့သို့သော နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်များ၏ ကျွမ်းကျင်လိမ္မာသည့် လမ်းညွှန်မှုတို့ဖြင့် ဧကရာဇ်ဘုရင် ဘိုးတော်နှင့် ခမည်းတော်ဘုရင်ကြီးနှစ်ပါးတို့ တည်ထောင်ခဲ့သည့် အင်ပါယာကြီးကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ ဘုရင်အသောက၏ အင်ပါယာအတိုင်းအဆကို မင်းကြီးကိုယ်တိုင် ထုတ်ပြန်ခဲ့သည့် ကျောက်စာ အမိန့်ပြန်တမ်းများမှ အကဲဖြတ်နိုင်သည်။

ဥပမာ ကျောက်စာအမှတ် ၂၊ ၅၊ နှင့် ၁၃ တို့တွင် အသောကလက်အောက်ခံနိုင်ငံများကို ဖော်ပြ ထားသည်။ တောင်ဖက်တွင် စောဠ (Cholas) တိုင်း၊ ပဒျာ(ပန်ဂျပ်) (Padyas)၊ သတိယပုတ္တ(Satiyaputras) နှင့် ကေရာလပုတ္တ( Keralaputras) တိုင်းများအဆုံးထိဖြစ်သည်။ မြောက်ဖက်တွင် အသောက၏အင်ပါယာသည် ဟိမဝန္တာတောင်ခြေသို့တိုင် ကျယ်ပြန့်လေသည်။ ကက်ရှ်မီးယားနှင့် နီပေါနိုင်ငံများရှိ အဆောက်အဦများက အသောက၏ အင်ပါယာ အစိတ်အပိုင်းများဖြစ်ကြောင်း ဖော်ပြနေသည်။ အနောက်ဖက်တွင် ဆီးရီးယန်းဘုရင် အန္တီယော့ခ်(Antiochus) ၏ နယ်ပယ်သို့တိုင်အောင် ရောက်ခဲ့သဖြင့် ဘုရင် အန္တီယော့ခ်(Antiochus) ၏ လက်အောက်ခံ ပါရှား(အီရန်) နှင့် ဆီးရီးယားသို့တိုင် ကျယ်ပြန့်ခဲ့သည်။ ယဝန(Yavanas)၊ ကမ္ဘောဇ (Kambojas) နှင့် ဂန္ဓာရ (Gandharas) (ယနေ့ခေတ်ပါကစ္စတန်)တိုင်းသူပြည်သားများကို အနောက်မြောက်ဖက်တွင် နေထိုင်သူများအဖြစ် ဖော်ပြထားသည်။

အသောက၏ ဘိုးတော် စန္ဒဂုပ္ပတမင်းသည် ဘီစီ ၃၀၄ ခန့်တွင် စစ်ချီမှုတစ်ရပ် အောင်မြင်ပြီးဆုံးပြီးနောက် အလက်ဇန္ဒားဘုရင်၏ စစ်သူကြီး တစ်ဦးဖြစ်သူ ဆီလျူးကပ်စ် (Seleucus) ထံမှ အရိယ(Aria)၊ အာရချောရှား(Arachosia)၊ ဂေဒြိုရှား (Gedrosia) နှင့် ပရောပနိဆာဒိုက် (Paro-panisadai) ဟူသော နယ်ပယ်လေးခုကို သိမ်းယူခဲ့သည်ဟု ဆို၏။ ဘုရင်အသောကသသည် သူ့၏ခေတ်တွင် အိန္ဒိယမှာ ပါဋလိပုတ္တ(ယနေ့ခေတ်ဗီဟာပြည်နယ် မြို့တော် ပါတ္တနားမြို့) နှင့် ဝိဒိသာကဲ့သို့သော မြို့ကြီးများကို တည်ထောင်ခဲ့သည်။ ကက်ရှ်မီးယားရှိ ရှရီနဂါးမြို့နှင့် နီပေါနိုင်ငံရှိ မြို့တော် တော်တော်များများကို အသောကကိုယ်တိုင် တည်ဆောက် ခဲ့သည်ဟု ယူဆရသည်။

နိုင်ငံတလွှား ပါဋိပုတ်မြို့တော်အနီး အသောကာရုံ ကျောင်းတိုက်ကြီးကဲ့သို့သော ဘုန်းတော်ကြီးကျောင်းတိုက်ကြီးများနှင့် ဆန်ချီစေတီကဲ့သို့သော သမိုင်းဝင် စေတီများကို အရပ်ရပ်မှာ တည်ထားခဲ့လေသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓနှင့် ပတ်သက်သမျှ ဓာတ်တော်စေတီပူဇော်မှုကို အသောကဘုရင်က အစပြုခဲ့လေသည်။ (Sir John Marshall: The Moauments of Sanchi, I. P. 21). ။ ထို့ပြင် ဘုရင်အသောကသည် ဘီစီ ၂၆၂ ခန့်တွင် ပြင်းထန်လှသည့် စစ်ပွဲကြီးကို ဆင်နွှဲပြီးနောက် ကလိင်္ဂတိုင်းတိုင်းကို အောင်နိုင်ခဲ့သည်။

မဟာဝံသကျမ်း၌ ဘုရင်အသောကသည် စောစောပိုင်းကာလများက သူ၏ရက်စက်ကြမ်းကြုတ်မှု ကြောင့် တိုင်းသားပြည်သူများက သူ့ကို စဏ္ဍာသောက(ရက်စက်ကြမ်းကြုတ်သည့် ဘုရင်အသောက) ဟု နာမည်ပေးခဲ့ကြသော်လည်း တရားဓမ္မနှင့် မွေ့လျှော်သူ ဖြစ်လာပြီးနောက်မှ သီရိဓမ္မာသောက(ကျက်သရေရှိသော ဓမ္မာသောက) ဟု ထင်ရှားလာကြောင်းဖော်ပြသည်။ အမှန်စင်စစ် ကျောက်စာအမှတ် ၁၃ ၌ ကလိင်္ဂစစ်ပွဲအတွင်း မင်းကြီး၏ ရက်စက်ကြမ်းကြုတ်မှု အတွက် နောင်တပူပန်မှု စိတ်မချမ်းမြေ့မှုနှင့် ပတ်သက်သည့် ခိုင်လုံသည့် မှတ်ချက်များ ပါရှိပြီးဖြစ်သည်။ ယင်းကျောက်စာ၌ မင်းကြီးသည် ထိုအချိန်က စဏ္ဍ(ကြမ်းကြုတ်သူ) တစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသည်။

အသောကမင်းကြီးသည် ဗုဒ္ဓဝါဒီအဖြစ်တော့ မွေးခဲ့သူတော့မဟုတ်ပေ။ သူ၏ အဘိုးတော် စန္ဒဂုပ္ပတမင်းကြီးသည် ဂျိန်းအစဉ်လာကို ယုံကြည်ကိုးကွယ်သည့် ဂျိန်းဝါဒီဖြစ်သည်။ ထို့အတူ အသောက၏ ခမည်းတော် ဘုရင်ဗိန္ဒုသာရသည်လည်း ဗြဟ္မဏဝါဒီဖြစ်ကြောင်း၊ ဗြဟ္မဏဝါဒီဂိုဏ်း အမျိုးမျိုးမှ ရဟန်းများကို (အထူးသဖြင့် ဒိဂမ္ဗရ (Digambara) ဂိုဏ်းဝင် ဂျိန်းဘုန်းကြီးများကို ဆည်းကပ်ကြောင်း၊ ဘုရင်အသောကသည်လည်း သုံးနှစ်ပတ်လုံး ဖခင်၏ အယူဝါဒကို နာလိုက်ကျင့်သုံးခဲ့ပြီး အဘိသိက်ခံပြီးနောက် လေးနှစ်မြောက်တွင် တူတော် နိဂြောဓ သာမဏေလေး၏ ဆုံးမမှုကြောင့် ဗုဒ္ဓဝါဒီ ဖြစ်လာကြောင်းကို သမန္တပါသာဒိကခေါ် ဝိနည်းအဌကထာ (ဝိဌ-၁၊၄၄) နှင့်မဟာဝံသ(ဋီကာ-၁၉၀) နှစ်ကျမ်းလုံးတို့က တညီတညွတ်တည်း ဖော်ပြကြ၏။

မည်သို့ပင်ဆိုစေ ဘုရင်အသောကသည် အဘိသိက်ခံပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဗုဒ္ဓဝါဒီ ဥပါသကာတစ်ယောက်ဖြစ်လာလင့်ကစား နှစ်နှစ် သုံးနှစ်ခန့်အထိ မိမိ၏ ဘာသာတရား အသစ်(ဗုဒ္ဓဘာသာ) နှင့်ပတ်သက်ပြီးတော့ ကွဲကွဲပြားပြားမရှိသေးချေ။ ဗုဒ္ဓသားတော် ရဟန်းတော်များနှင့် နီးကပ်စွာ ဆက်ဆံလာပြီးနောက်မှသာ ဗုဒ္ဓဝါဒအပေါ် နှစ်နှစ်ကာကာ သက်ဝင်လာပြီး မင်းကြီးကိုယ်တိုင် လိုက်နာကျင့်သုံးမှုများ ပြုခဲ့သည်။

ဗြဟ္မဂိရိအရပ်ရှိ ကျောက်စာအမှတ် (၁) ၌ လာသည့် သံဃေ ဥပါယိတေ ဟူသော စကားကို ရဟန်း သံဃာတော်များထံ ဆည်းကပ်အဖူးမျှော်သွားသည် ဟု ယေဘုယျအားဖြင့် ဘာသာပြန်နိုင် သော်လည်း ပညာရှင်အချို့က အသောကမင်းကြီးသည် အမှန်ပင် ဗုဒ္ဓဝါဒီ ဖြစ်သွားကြောင်းကို အဓိပ္ပါယ်ကောက်ယူကြသည်။ ကလိင်္ဂစစ်ပွဲအတွင်း ထိတ်ရွံ့ဖွယ် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် လူမြောက်အမြား ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် အနိဌာရုံမြင်ကွင်းကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရသဖြင့် အဘိသိက်ခံပြီးနောက် ရှစ်နှစ်မြောက်တွင် သံဃာတော်များ၏ ကောင်းသောလမ်းညွှန်မှုမှတဆင့် အသောကမင်းကြီး လုံးဝပြောင်းလဲသွားတော့သည်။ ယင်းသည်ပင် ဘုရင်အသောက၏ ဘဝအချိုးအကွေ့ဖြစ်သည်။

အသောကမင်း၏ ယုံကြည်မှုအသစ်သည် သူ၏ဘဝတစ်ခုလုံးနှင့် အကျင့်စရိုက်ကိုပါ ပြောင်းလဲပြစ်ပုံရသည်။ သူ၏ စိတ်ပိုင်းဘဝ ယုံကြည်မှုအသစ်နှင့် ဆန့်ကျင်သည့် ထိုအချိန်က လိုက်နာဆဲ ထုံးလမ်းစဉ်လာများနှင့် ဘုရင်မင်းတို့ဆိုင်ရာ ညွှန်ကြားချက်အများစုကို ပယ်ဖျက်ပြီး အခြားတစ်ပါးနှင့် အစားထိုးခဲ့သည်။ မင်းကြီး၏ ယုံကြည်မှုအသစ်က ပြုပြင်လိုက်သည့် နှလုံးသားအပြောင်းအလဲသည် မင်းကြီး၏ ပုဂ္ဂိုလ်ရေးဘဝကိုသာမက ပြည်သူ့ရေးရာပေါ်လစီနှင့် အုပ်ချုပ်ရေးကဏ္ဍကိုပါ သက်ရောက်စေခဲ့သည်။ မင်းကြီး၏နောက်ဆုံးနိုင်ငံရေး စွန့်စားမှုဖြစ်သည့် ကလိင်္ဂစစ်ပွဲပြီးနောက် မင်းကြီးသည် စစ်ပွဲကို လုံးဝစွန့်လိုက်သည်။

ကျောက်စာအမှတ်(၁၃)၌ အကယ်၍ တစ်စုံတစ်ယောက်သည် မင်းကြီးအား အပြုသဘော ဆောင်သည့် နာကျင်စေမှုတစ်ခုကို ပြုဘိမူ မင်းကြီးသည် ထိုပုဂ္ဂိုလ်အား ဖြစ်နိုင်သမျှ ခွင့်လွှတ်မှုကို ထိုက်တန်သူအဖြစ် ယူဆလိမ့်မည် ဟု ဆိုထားသည်။ မိမိ၏ နယ်ပယ်နှင့် ဆက်စပ်နေသည့် တိုင်းနိုင်ငံများနှင့်ပတ်သက်၍ မင်းကြီးက ကလိင်္ဂကျောက်စာအမှတ်(၂) တွင် မင်းကြီးသည် လူအပေါင်းက မင်းကြီးကို မကြောက်ရွံ့ကြစေရန်၊ ယုံကြည်ကြစေရန် မင်းကြီးထံမှ ပျော်ရွှင်မှုကို ရရှိကြပြီး သောကပူပန်မှုကို မရရှိကြစေရန် အလိုရှိ၏ ဟု ဆိုထားပါသည်။ ။ မင်းကြီးသည် ကျောက်စာအမှတ်(၉) ၌ မင်းမြတ်မဟာ၏ ကိုယ်ကျင့်သီလကို ကျင့်သုံးမှု ရလာဒ်အဖြစ် ဓမ္မစစ်စည် ရွမ်းသံကို ဖိတ်ခေါ်ခြင်းဖြစ်လာ၏ ဟု ဆိုထား၏ ။ ။

အသောကမင်းကြီး၏ ဓမ္မကို စောင့်ထိမ်းမှု၊ ဓမ္မကို ချစ်ခင်မြတ်နိုးတတ်မှုနှင့် ဓမ္မကို ဟောကြားမှု များသည် ပိုမိုကျယ်ပြန့်လာခဲ့၏။ မင်းကြီးသည် နောက်ပိုင်းအောင်မြင်မှုများအတွက် သံလျက်ဓားကို မဆွဲကိုင်တော့ဘဲ ဓမ္မဖြင့်သာလျှင် အောင်မြင်သည့်အချိန်မှစပြီး ဓမ္မဝိဇယ ဟုခေါ်သည့် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုများအတွက် တစိုက်တမတ် ဆောင်ရွက် တော်မူခဲ့၏။ ။ ဤသည်မှာ မင်းကြီးအား ကြီးမြတ်သော အောင်မြင်သူအဖြစ် ယူဆခြင်းခံခဲ့ရ လေသည်။ (ကျောက်စာအမှတ် ၁၃)။ ယင်းကျောက်စာအမှတ် ၁၃ ၌ မင်းကြီးက ဆက်လက် ဖော်ပြထားသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရား၏ ဘာသာတရားသွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျှက်ရှိ၏။

မင်းတရား၏ သံတမန်များ သွားရောက်နိုင်ခြင်းမရှိသည့် နိုင်ငံများ၌ နေထိုင်သူများပင် မင်းကြီးလေ့ကျင့်အားထုတ်မှု၊ စူးစမ်းမှုနှင့် ဓမ္မလိုက်နာကျင့်သုံးမှုများကို ကြားရသောအခါ သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးနေကြလိမ့်မည်။ ဓမ္မဖြင့် အောင်နိုင်ခြင်းသည် အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းမည်၏။ တဖန်အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းသည် မေတ္တာခံစားမှု၏ ရလာဒ်ဖြစ်၏။ တရားသော အောင်နိုင်ခြင်းများတွင် မေတ္တာဖြင့် အောင်နိုင်ခြင်း သည် ပိုမိုကောင်းမွန်၏။ " ။

ဘာသာအယူဝါဒ မြောက်မြားစွာ တည်ရှိနေသည့် အင်ပါယာကြီးကို အုပ်ချုပ်ပြီး စိတ်နှလုံးကြီးမြတ်သူ ဘုရင်အသောကသည် ဘာသာတရားမျိုးစုံကို ကိုးကွယ်ကြသည့် မိမိ၏ တိုင်းသူပြည်သားအားလုံးတို့အတွက် သူ၏ကျောက်စာများတွင် ဓမ္မဟူသောအသုံးအနှုန်းကိုသာ ပြောဆို၏။ သူ၏ကျောက်စာများတွင် မကြာခဏသုံးနှုန်းခဲ့သည့် ဓမ္မဟူသောစကားကို လူကြီးမိဘ ဆရာသမားတို့အား လေးစားခြင်း၊ ရသေ့ရဟန်း သမဏဗြဟ္မဏ ဆွေမျိုးမိသင်္ဂဟ ကျေးကျွန်မှီခိုသူ ဆင်းရဲဒုက္ခရောက်သူများအား သင့်တင့်လျှောက်ပတ်စွာ ကျွေးမွေး စောင့်ရှောက်ခြင်း၊ သက်ရှိသတ္တဝါများအား သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း၊ ကြင်နာတတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊ အတွင်းအပြင် စင်ကြယ်ခြင်း၊ သိမ်မွေ့ခြင်း၊ သူတော်ကောင်းပီသခြင်း၊ မိမိကိုယ်ကို ထိမ်းသိမ်းခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ ကိုယ်ကျင့်သီလစင်ကြယ်မှုအပေါ် ခိုင်မာသည့် စိတ်ဆန္ဒဖြင့် အကျိုးမဲ့ မဖြုန်းတီးဘဲ စုဆောင်းချွေတာခြင်း၊ စသည် အဓိပ္ပါယ်များဖြင့် ကိုယ်စားပြု ဖွင့်ဆိုခဲ့သည်။

ဓမ္မဟူသော စကားလုံးအောက်၌ ဂိုဏ်းဂဏ အုပ်စုအမျိုးမျိုးကို လိုက်နာကျင့်သုံးသူများ၊ ရသေ့ ရဟန်းများနှင့် အိမ်နေလူများ၊ မင်းကြီး၏ အင်ပါယာအတွင်း အပြင်ပမှ လူထု၊ မယဉ်ကျေးသေးသည့် နိုင်ငံသားများနှင့် ယဉ်ကျေးပြီးနိုင်ငံများ၊ အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သူများ၊ အားလုံးက လက်ခံနိုင်သည်။ ဤသို့အားဖြင့် ဘုရင်အသောကသည် အများဆိုင် ဘာသာတရားတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းခဲ့ပြီး ယင်းကြိုးပမ်းချက်သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ဖြစ်ဖွယ်ရှိသည်။

ဘုရင်အသောက၏ ဓမ္မနိုင်ငံတော်သည် လူသားများအတွက်သာ ကန့်သတ်ထားသည်မဟုတ်ချေ၊ ကျောက်စာအမှတ် (၂ )မှာ မင်းကြီးသည် လူသားအတွက် ဆေးကုသမှုဌာန၊ တောရိုင်း တိရစ္ဆာန်များအတွက် ဆေးကုသမှုဌာန၊ ရှားပါးသည့်နေရာများ၌ လူသားများအတွက်ရော တောရိုင်း တိရစ္ဆာန်များအတွက်ပါ ကောင်းနိုးရာရာ ဆေးဘက်ဝင် သစ်ပင်များ မှာယူစိုက်ပျိုးစေကြောင်း ဖော်ပြထားသည်။

ကျောက်စာအမှတ် (၁) ၌ မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဖြတ်ရ၊ယဇ်မပူဇော်ရ၊ ဟု အမိန့် ထုတ်ပြန်ခဲ့၏။ တစ်ချိန်တည်းမှာပင် ဘုရင့်မီးဖိုဆောင် အသုံးပြုရန် သတ္တဝါများအား သတ်ဖြတ်ခြင်းကိုလည် ရပ်ဆိုင်းခဲ့သည်။ အင်ပါယာတစ်ခုလုံး၌ သက်ရှိတိရစ္ဆာန်အပေါင်း၏ အသက်ကို ကာကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ကျောက်စာအမှတ် (၅) အရ မင်းကြီးသည် အချို့သော တိရစ္ဆာန်များအား သတ်ဖြတ်ခြင်း၊ သင်းကွပ်ခြင်း၊ သံပူကပ်၍ အမှတ်တံဆိပ် ခတ်နှိပ်ခြင်း၊ ငါးမျှားခြင်းများကို အထူးနေ့ရက်များနှင့် ဗုဒ္ဓဘာသာဥပုသ်နေ့များ၌ တားမြစ်ခဲ့သည်။ အထဲတွင် သက်ရှိများရှိနေသည့် သစ်ပင်အချို့ကို မီးမရှို့ရ၊ အကြောင်းမဲ့ဖြစ်စေ၊ အကြမ်းပြုလို၍ဖြစ်စေ သစ်တောများကို မီးမရှို့ရ၊ သက်ရှိများသည် အခြားသက်ရှိများ၏ အစားအစာ မဖြစ်စေရ ဟုလည်း အမိန့်ထုတ်ပြန်ခဲ့သည်။

ကျောက်စာအမှတ် (၇) တွင် မင်းကြီးက လမ်းမြင့်များပေါ်၌လည်း လူသားများနှင့် ကျွဲနွား တိရစ္ဆာန်များ အရိပ်နားခိုနေနိုင်ရန် ပင်ညောင်ပင် စိုက်ပျိုးခြင်း၊ သက်သောင့် သက်သာဖြစ်စေရန် သရက်ဥယျာဉ်များ စိုက်ပျိုးခြင်း၊ တစ်ကောသဝက် အကွာအဝေးတိုင်း၌ ရေတွင်း ရေကန်များတူးခြင်း၊ နားနေဆောင် ဇရပ်တန်ဆောင်းများ ဆောက်လုပ်ခြင်း၊ နေရာအနှံ့တွင် ရေဖြန့်ဖြူးရေးဌာနများ ဖွင့်ထားခြင်းများပြုရမည်ဟု ဆိုပါသည်။

အသောကမင်းကြီးသည် မိမိတိုင်းသူပြည်သားများ၏ ကောင်းကျိုးကိုသာ ဆောင်ရွက်ခဲ့သည် မဟုတ်သေး မိမိအုပ်ချုပ်သည့်နယ်ပယ်နှင့်ထိစပ်ကပ်လျှက်ရှိသည့် ပြင်ပနိုင်ငံများကိုလည်း အာရုံစိုက်ခဲ့သည်။ ကျောက်စာအမှတ် (၂) ပါရှိသည့်အတိုင်း မိမိ၏နယ်နိမိတ်နှင့် ယင်း၏ အိမ်နီးချင်းများအပါဝင် နေရာတိုင်း၌ လူသားနှင့်တိရစ္ဆာန်အတွက် ဆေးကုသဌာန တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ဖို့ ပြဆိုထားသည်။

ဘုရင်အသောက၏ ဗုဒ္ဓဘာသာအပေါ် တက်ကြွစွာ စိတ်ဝင်စားမှုနှင့် နက်ရှိုင်းစွာ ကြည်ညိုမှုသည် အခြားဘာသာတရားများကို သေးသိမ်သွားအောင် မဖြစ်စေခဲ့။ ကျောက်စာအမှတ်(၆) တွင် မင်းကြီးက ဤသို့ဆိုသည်---ငါသည် ဂိုဏ်းဂဏအသီးသီးမှ ရဟန်းတော်များအား ပူဇော်ဖွယ် အမျိုးမျိုးဖြင့် ပူဇော်၏။ တဖန်လည်း ကျောက်စာအမှတ် (၇)တွင် ဘုရင်မင်းမြတ်သည် ဒေသအားလုံးတွင် မျိုးနွယ်အသီးသီးမှ လူသားအားလုံး အတူတကွ နေထိုင်မှုကို လိုလားတော်မူ၏။ ကျောက်စာအမှတ် (၁၂) ၌မူကား မင်းကြီးသည် ဘာသာတရား အားလုံး၏ အဆုံးအမ ကောင်းများကို တိုးတက်မှု၌ စိတ်ဝင်ဝင်စား၏ ဟုဆိုထား၏။ ဘုရင်အသောကသည် ဘာသာရေးဂိုဏ်းတစ်ခုက အခြားဘာသာတစ်ခုခုကို စော်ကားမှုကို အလိုမရှိချေ။

ကျောက်စာ အမှတ် (၁၂)၌မှာပင် မင်းကြီးက---မိမိဘာသာတရားကိုသာ ချီးမွမ်းစကားဆိုပြီး အခြားဘာသာ တရားကို ပုတ်ခတ်ကဲ့ရဲ့ခြင်း မလုပ်ရ။ ယင်းသို့မလုပ်ဘဲ အခြားဘာသာ တရားကိုလည်း အကြောင်းတစ်ခုခုဖြင့် ချီးမွမ်းစကားဆိုရမည်။ ယင်းသို့ပြုခြင်းဖြင့် ဘာသာ တရားတစ်ခုသည် ယင်း၏ တိုးတက်ပြန့်ပွားမှုကိုရော အခြားဘာသာတရား၏ ပြန့်ပွားမှုကိုပါ အထောက်အကူပြု၏။ ယင်းသို့ မဟုတ်လျှင် မိမိဘာသာတရားကိုရော အခြားဘာသာတရားကိုပါ နစ်နာစေ၏။

လူသားအားလုံးသည် အခြားဘာသာများ ဟောကြား သွန်သင်ပြသသည့် တရားဓမ္မများကိုလည်း နားထောင်တတ်ရမည်။ ယင်းအချက်ကို နားလည်ခြင်းဖြင့် သင့်မြတ် ညီညွတ်ခြင်းသည် ချီးမွမ်းထိုက်၏ ဟု ကြေညာခဲ့သည်။ သမဏဗြဟ္မဏတို့၏ လွတ်လပ်မှုကို ဗုဒ္ဓဘာသာ ပါဠိတော်ကျမ်းဂန်များ၌ အလေးထား ဖော်ပြသကဲ့သို့ အသောကမင်းကြီး၏ ကျောက်စာများ၌လည်း ပြည်သူ့ဝတ္တရားအဖြစ် အထူးပြုဖော်ပြခဲ့သည်။

မှတ်ချက်။ ။ မေ့သားလှဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။


Wednesday, January 8, 2014

ချစ်မိလေသောအခါ ....


“ ချစ်မိလေသောအခါ .... ”

သီဟိုဠ်ကျွန်းမှာ “ ဒုဋ္ဌဂါမဏိမင်းကြီး ” ရဲ့ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်း တွင်ရစ်အောင် စည်ကားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီငရုတ်သီးတစ်တောင့်ကျောင်းရေစက်ချပွဲမှာ ရဟန်းတော်တစ်သိန်း၊ ဘိက္ခုနီမကိုးသောင်းပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့ အကြီးအကျယ် ပေးလှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ရေစက်ဆုံခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းကလေးကလည်း စိတ်ဝင်စားစရာတစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။

ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့ တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့အခါ စားဦးကို မလှူရသေးဘဲ ငရုတ်သီး တစ်တောင့်ကို အမှတ်တမဲ့ စားလိုက်မိပါသတဲ့။ ဒုဋ္ဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့ စားလိုက်မိ တာလေးကိုပဲ သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်းပြည်အေးချမ်းတဲ့အခါ ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းတိုက် အမည်ကိုလည်း “ငရုတ်သီးတစ်တောင့်ကျောင်း”လို့ အမည်ပေးထားပါတယ်။

အဲဒီ ငရုတ်သီးတစ်တောင့်ကျောင်းတိုက် ရေစက်ချပွဲမှာ ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးဟာ ယာဂုပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂုကပူတော့သပိတ်ကို သင်္ကန်းစွန်းလေးနဲ့ ခုကိုင်လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာတဲ့အခါကျတော့ မြေကြီးပေါ်ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်းလေးနဲ့ကိုင်ပြီး ရှေ့ဆက်ကြွလိုက်၊ ပူလာတဲ့အခါကျတော့ မြေကြီးပေါ် ခဏ ချထားလိုက်နဲ့ ဖြစ်နေပါတယ်။

ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့ သက်တူရွယ်တူ ခုနစ်နှစ်အရွယ် သာမဏေ မလေးက မြင်သွားပါတယ်။ ဒါကြောင့် ကိုရင်လေးဆီသွားပြီး…
“ကိုရင်... ပူနေရင်
တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့ သပိတ်အောက်က ခံကိုင်သွားပါလားဘုရား၊ ပြီးတော့ ဒီခံခွက်ကလေးကို ကိုရင့်ကို အပြီးလှူလိုက်ပါတယ်ဘုရား” လို့ပြောပြီး ကိုရင်လေးရဲ့အခက်အခဲကို ဖြေရှင်းပေးလိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့် လိုက်ပါသတဲ့။

ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲဆိုပါတော့၊ အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက (၁၂)နှစ် တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ ပြည်သူတွေငတ်မွတ်ဆင်းရဲ၊  ရဟန်း သံဃာတွေလည်း အတိဒုက္ခရောက် တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေးကြပါတယ်။  တချို့ ရဟန်းတော်တွေကျတော့ တောထဲပုန်းရှောင်ပြီး “ ပိဋကသုံးပုံ ” ကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ ရပါတယ်။

တချို့ရဟန်းတော်တွေကျတော့ အသတ်ခံလိုက်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ ခံယူခဲ့တဲ့ ကိုရင်လေးဟာ သက်တော်(၈၀) ဝါတော် (၆၀)ရ ဆရာတော်ကြီး ဖြစ်နေလို့ ခံခွက်ကလေးလှူခဲ့တဲ့ သာမဏေမလေးဟာလည်း  သက်တော်(၈၀)ရ ဘိက္ခုနီမကြီး ဖြစ်နေပါပြီ။ အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ စောစောက ဘိက္ခုနီမကြီးလည်း ပါပါတယ်။ သူတို့ဟာ အိန္ဒိယရောက်နေပေမယ့် သူတို့ရဲ့ဇာတိ သီဟိုဠ်စစ်သတင်းကို အမြဲ နားစွင့်နေကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင်လာတယ် ဆိုတဲ့သတင်း ကြားလိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိစစ်သတင်း သွားမေးကြ ပါတယ်။ သတင်းမေးတဲ့သူတွေထဲမှာ ဘိက္ခုနီမကြီးလည်း ပါပါတယ်။

လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ကြီးကို မေးခွန်းတစ်ခု မေးပါတယ်။
“ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော် ဘယ်လောက်ရှိပါပြီလဲဘုရား”
“အဲဒီတုန်းက ငါ့အသက်က ခုနစ်နှစ်အရွယ် ကိုရင်လေးပေါ့”
“အဲဒီကျောင်းရေစက်ချပွဲတုန်းက တပည့်တော်လည်း ခုနစ်နှစ်အရွယ် သာမဏေမလေးပါပဲဘုရား၊
အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော် ကြုံခဲ့တာလေးကို ဆရာတော့်ကို လျှောက်ပြ ရဦးမယ်ဘုရား၊ ကိုရင်လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ ဖြစ်နေပါတယ်ဘုရား။

ဒါနဲ့ တပည့်တော်လည်း သူ့ဆီသွားပြီး တပည့်တော်ရဲ့ခံခွက်ကလေးကို သပိတ်အောက်က ခံဖို့ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာလေးကိုတော့ ဒီနေ့အထိ မေ့လို့ကို မရပါဘူးဘုရား”

♦ ဘိက္ခုနီမကြီးဆီကစကား ကြားလိုက်ရတော့ ... ဆရာတော်ကြီးက “သြော်” ဆိုပြီး အာမေဍိတ်သံ နဲ့ အတူ သက်ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့…
“အဲဒီကိုရင်လေးဟာ တခြားသူ မဟုတ်ပါဘူး၊ ငါပါပဲ” လို့ပြောပြီး အနှစ်နှစ်အလလက ကိုယ်နဲ့အခွဲမခွာ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကိုအိတ်ထဲက ထုတ်ပြ လိုက်ပါသတဲ့။

သက်တော်(၈၀)အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ နှစ်ပေါင်းခုနစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ခံခွက်ကလေးကို နှစ်ဦးသား မှင်တက်မိစွာ စိုက်ကြည့်နေကြပါတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ဝတ်ခဲ့တဲ့အဝတ်တွေကို တခြားအဝတ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြသတဲ့။

တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ ဒီစာစုလေးကို ဒီမှာတင် အဆုံးသတ် လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက် ဘာဖြစ်သွား ကြတယ်။ လူ့ဘဝမှာ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာ ဆက်ပြမထားပါဘူး။ လူထွက်သွားကြတယ်ဆိုတာနဲ့ပဲ အဆုံးသတ်ထားပါတယ်။

ဒါပေမယ့် ကိုယ်က ဝိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာဖြစ်လေတော့ ဝိပဿနာ နွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို သုံးသပ်ပြဖို့ တာဝန်က ရှိနေပြန်ပါတယ်။ ဒါကြောင့် ဝိပဿနာနွယ်တဲ့ အဘိဓမ္မာသဘောလေးတစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။ ပုထုဇဉ်တိုင်းမှာ ကိလေသာတွေ ရှိနေတယ်ဆိုတော့ အထူးပြောစရာ မလိုပါဘူး။

ကိလေသာက သုံးပါးရှိပါတယ်။
♦ ၁။ အနုသယ ကိလေသာ၊
♦ ၂။ ပရိယုဋ္ဌာန ကိလေသာ၊
♦ ၃။ ဝီတိက္ကမ ကိလေသာ တဲ့။

♦ အနုသယ ကိလေသာဆိုတာ- ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ ကိလေသာပါ။ သတ္တဝါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။

♦ ပရိယုဋ္ဌာန ကိလေသာဆိုတာက- အာရုံတစ်ခုကိုတွေ့ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။

♦ ဝီတိက္ကမ ကိလေသာဆိုတာကတော့ အာရုံတစ်ခုကို တွေ့ပြီး ထကြွသောင်းကျန်းရုံတင် မကတော့ဘဲ လွန်ကျူးမှုအဆင့်အထိရောက်သွားတဲ့ ကိလေသာပါ။

ဒီကိလေသာသုံးပါးရဲ့ သရုပ်ကို ပေါ်လွင်သွားအောင် အထက်ကရေးပြခဲ့တဲ့ ဝတ္ထုလေးကိုပဲ ပြန်အာရုံပြုကြည့်လိုက်ပါ။

♠ ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီးသားပါ၊ သူတို့နှစ်ဦးရဲ့သန္တာန်မှာ အနုသယ ကိလေသာတွေက အစဉ်သဖြင့် ကိန်းနေခဲ့ပါတယ်။

♠ ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ ဘိက္ခုနီမကြီးက ဆရာတော်ကြီးဆိုတဲ့ ဝိသဘာဂအာရုံကို တွေ့လိုက်တဲ့အချိန်၊ အဲဒီအချိန်မှာ အစဉ်သဖြင့် ကိန်းနေခဲ့တဲ့ ကိလေသာတွေက ထကြွသောင်းကျန်းလာပါတော့တယ်။  (လွန်ကျူးမှုအဆင့် အထိတော့ မရောက်သေးပါဘူး) အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေသာကို ပရိယုဋ္ဌာန ကိလေသာလို့ ခေါ်ပါတယ်။

♠ နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာကတော့
လွန်ကျူးခြင်းဆိုတဲ့ ဝီတိက္ကမ ကိလေသာ ဖြစ်သွားတော့တာပါပဲ။

ဒီတော့ ဒီကိလေသာသုံးပါးကို ဘာနဲ့ တားမလဲ?
(ဒီနေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိလေသာတွေကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါတယ်။ အခုပြောနေတာက ပုထုဇဉ် သက်သက်မျှ အသွင်နဲ့ ပြောနေတာမို့ပါ)

♦ ♦ ♦စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့ တားရပါတယ်။ ♦ ♦ ♦

၁။ ဝီတိက္ကမ ကိလေသာကို “ သီလသိက္ခာ ” နဲ့ တားရပါတယ်။ ကိုယ်အခွင့်သင့်ရာ သီလတစ်ခုခုကို ဆောက်တည်ထားရင် လွန်ကျူးစရာအာရုံတစ်ခုကို တွေ့ပေမယ့် သီလ ဆောက်တည်ထား တဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။

၂။ ပရိယုဋ္ဌာန ကိလေသာကို “သမာဓိသိက္ခာ”နဲ့ တားရပါတယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်း လေးဆယ်ထဲက ကိုယ်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။
ဥပမာ- ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရားဂုဏ်တော်ဆီမှာပဲ ရောက်နေတဲ့အတွက် ထကြွသောင်းကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာန ကိလေသာကို တားပြီးသား ဖြစ်နေပါတယ်။

၃။ အနုသယ ကိလေသာကိုတော့ “ ဝိပဿနာဆိုတဲ့ပညာသိက္ခာ ” နဲ့ တားရပါတယ်။  ဆိုလိုချက်ကတော့ ကိလေသာ သုံးပါးကို သိက္ခာသုံးပါးနဲ့ တားဆီးရတဲ့ သဘောပါ။

ဒီစာစုမှာ အဓိကပြောချင်တာက ဝိပဿနာသတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ပါဠိတော်မှာ-သတ္တာနံ ဝိသုဒ္ဓိယနော မဂ္ဂေါ လို့ ဟောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ သတ္တဝါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ဝိပဿနာသတိပဋ္ဌာန် လမ်းစဉ်မှတစ်ပါး…..။

ကျမ်းကိုး-
၁။ မူလပဏ္ဏာသ အဋ္ဌကထာ(ရထဝိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင်(ကျီးသဲလေးထပ်ဆရာတော်)
၃။ သင်္ဂြိလ်ဘာသာဋီကာ(အရှင်ဇနကာဘိဝံသ)
အင်တာဗျူးဂျာနယ် (၁၁-၁၁-၂၀၀၂)

ဆရာတော် ရဝေနွယ်(အင်းမ) ၏
“ ကုသိုလ်ဖြစ်အောင်တွေးမယ် ”စာအုပ် စာမျက်နှာ ၃၁ ~ ၄၀ မှ ကူးယူပူဇော်ပါသည်။





Sunday, November 10, 2013

ရဟန်းစားသော ဆွမ်းတနပ်


 ရဟန်းစားသော ဆွမ်းတနပ်

ရှေးအခါကရွာတစ်ရွာတွင် တိဿအမည်ရှိသော သူဆင်းရဲတစ်ယောက်ရှိသည်။ ထိုသူဆင်းရဲတွင် ဇနီးနှင့်သမီးလည်း ရှိ၏။ တစ်နေ့သောအခါထိုရွာသူရွာသား အပေါင်းတို့သည် ဆွေးနွေးတိုင်ပင်၍ သံဃာတော်တို့ကို ပင့်ဖိတ်ကာ အသီးသီးအလှည့်ကျ ဆွမ်းလောင်းကြ၏။ တိဿတို့အလှည့်သို့ ရောက်သောအခါ ဆင်းရဲလှသောကြောင့် ဆွမ်းကောင်းမကပ်နိုင်။ ပုန်းရည်ဖတ်ကိုသာ လောင်းလှူနိုင်ကြသည်။

ထိုအခါသံဃာတော်တို့သည် ပုန်းရည်ဖတ်ကို မသုံးဆောင်။ ရွာစွန်၌ စွန့်ပစ်ထားခဲ့ကြသည်။ ထိုအကြောင်းကို တိဿ သိသော် စိတ်မချမ်းမသာဖြစ်မိ၏။
‘‘ငါတို့၏ ဆွမ်းမှာ ညံ့ဖျင်းလှသဖြင့် သံဃာတို့ မသုံးဆောင်နိုင်ပါတကား’’ ဟု ဇနီးနှင့်သမီးကို ပြောပြသည်။ ထို့နောက် သမီးအား ‘‘ချစ်သမီး၊ သူဌေးအိမ်တွင် ညည်းကို အသပြာငါးရာဖြင့် အပေါင်ထား၍ နို့စားနွားမတစ်ကောင် ဝယ်ပါရစေ၊ သံဃာတို့ကို နို့ဆွမ်းလှူရသော် လွန်စွာ အကျိုးရှိလိမ့်မည်’’ ဟု ဆို၏။

သမီးကလည်း ‘‘ကောင်းပါပြီဖခင်’’ ဟုဆိုကာ အကြည်တသာ လက်ခံ၏။ သို့ဖြင့် တိဿသည် သူဌေးထံ သမီးကိုအပေါင်ထားကာ နို့စားနွားမ ဝယ်၍ ဇနီးအားအပ်နှံကာ မှာကြားခဲ့သည်။
‘‘ရှင်မ၊ ဤနို့စားနွားမကို နို့ညှစ်၍ သံဃာတော်တို့အား မပြတ် လှူဒါန်းပါ။ ငါကား သမီးကို ရွေးရန် အခြားတစ်မြို့သို့ သွား၍ အလုပ်လုပ်ကိုင်ကာ ငွေရှာတော့မည်’’ ဟုဆိုသည်။

ထို့နောက် အခြားမြို့ တစ်မြို့  သို့သွားရောက်အလုပ်လုပ်ကိုင်ရာ ကံအားလျော်စွာဖြင့် အလုပ်ရရှိပြီး ၆ လခန့်အကြာတွင် အသပြာငါးရာ စုဆောင်းမိသောအခါ မိမိရွာသို့ ပြန်လာခဲ့၏။ လမ်းခရီးတွင် နေ့ညမပြတ် တရားဘာဝနာ စီးဖြန်းသော ရဟန်းတစ်ပါးနှင့်တွေ့ကာ စကားပြောကြလျှက် အတူလာခဲ့ကြလေသည်။ အချိန်တန်၍ နေကိုမျှော်ကြည့်သော် မွန်းတည့်ခါနီးဖြစ်နေလေသည်။

တိဿက ရဟန်းတော်အား ‘‘အရှင်ဘုရား၊ ဆွမ်းပါ၏လော’’ ဟု မေးလျှောက်ရာ ရဟန်းတော်ကလည်း ‘‘ဆွမ်း မပါ’’ ဟူ၍ ဆို၏။ တိဿလည်း ‘‘အရှင်ဘုရား၊ သည်နေရာတွင် ခေတ္တ စောင့်ဆိုင်းတော်မူပါ။ တပည့်တော် ဆွမ်းသွားရှာပါမည်’’ ဟုဆိုလိုက်လေသည်။ထို့နောက် ဆွမ်းသွားရှာရာ တစ်နေရာတွင် ယောင်္ကျားတစ်ယောက်ကို တွေ့သည်။ ထိုယောင်္ကျားသည် ထမင်းထုပ်ကို ထမ်းလျှက်လာလေသည်။ တိဿက ‘‘အဆွေ ထမင်းထုပ်ကို ရောင်းပါ’’ ဟု တောင်းပန်ရာ

ထိုယောင်္ကျားက ‘‘အသင် အသပြာမည်မျှ ပေးမည်နည်း’’ ဟုမေးသည်။တိဿက ‘‘တစ်အသပြာပေးမည်’’ ဟုဆို၏။ ယောင်္ကျားက ‘‘မရောင်းနိုင်’’ ဟုဆို၏။ တိဿလည်း တစ်ဆင့်၊တစ်ဆင့် တက်၍ ပေးသည်။ နောက်ဆုံး၌ အသပြာငါးရာကို ပုံ၍ပေးကာ ‘‘အဆွေ ငါ့၌ သည့်အပြင်ဘာမျှမပါ။ ရောင်းပါတော့’’ ဟူ၍ တောင်းပန်ရာ ထိုယောင်္ကျားလည်း အသပြာငါးရာကိုယူကာ ထမင်းထုပ်ကိုပေးလိုက်သည်။

တိဿလည်း ရဟန်းတော်ထံ အဆောတလျင်ပြန်ပေးလာခဲ့ပြီး ဆွမ်းကိုကပ်လေ၏။ ရဟန်းတော်လည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ခရီးဆက်၍ လမ်းတွင် ဆွမ်းမည်သို့ရခဲ့သည်ကို မေးတော်မူသည်။ တိဿကလည်း သမီးကိုရွေးရန် ၆လတိုင် အသပြာငါးရာရအောင် ရှာဖွေစုဆောင်းရပုံ၊ အဆင့်ဆင့်တက်၍ အသပြာငါးရာလုံးပေးကာ ထမင်းထုပ်ကိုဝယ်ယူခဲ့ပုံ၊ ဆွမ်းကပ်ခွင့်ရသဖြင့် ဝမ်းသာကြည်နူးရပုံတို့ကို လျှောက်ထားလေသည်။

ရဟန်းတော်လည်း ‘‘အံ့ဖွယ်ပြုနိုင်ခဲသော ကောင်းမှုကိုပြုသည့် ယောင်္ကျားပေတကား။ သည်ယောင်္ကျားကို အကျိုးဖြစ်အောင် ငါဆောင်ရွက်မှ သင့်တော့မည်’’ ဟု ကြံရွယ်တော်မူသည်။ သို့နှင့် တိဿနေထိုင်ရာ အရပ်ကို မေးမြန်းတော်မူ၍ တိဿကလည်း မေးမြန်းချက်ကို ကျနစွာလိပ်စာနှင့်တကွမေးမြန်းချက်များအားလျှောက်ထား၍ ‘‘အရှင်ဘုရား၊ ခရီးကြုံလျှင် တပည့်တော်ထံ ဝင်တော်မူခဲ့ပါ’’ ဟု လျှောက်ထားလိုက်သည်။

သို့ဖြင့် ရဟန်းတော်လည်း လမ်းခုလပ်တွင် လမ်းခွဲ၍ မင်းနေပြည်တော်ရှိရာသို့ ဆက်လက် ကြွမြန်းတော်မူသည်။ တိဿလည်းရွာသို့ ပြန်ခဲ့လေ၏။ ရဟန်းတော်သည် မင်းနေပြည်တော်သို့ ရောက်သောအခါ မင်းဆရာတော် သီတင်းသုံးရာ ကျောင်းတော်သို့ ဝင်ရောက်တည်းခိုသည်။ မင်းဆရာတော်လည်း ရဟန်းတော်၏ ရုပ်လက္ခဏာကို ကြည့်ကာ ‘‘အလွန်အကျင့်မြတ်သော ရဟန်းပေတည်း’’ ဟုဆိုကာ ကျောင်းဦး၌ ထားသည်။ မြတ်သော နေရာကိုပေးသည်။

ရဟန်းတော်သည် ညဉ့်သုံးယံပတ်လုံး ကမ္မဌာန်းကို ကြိုးစားအားထုတ်ပြီး အရုဏ်မတက်မီပင် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာ ဖြစ်သွားသည်။ အရုဏ်တက်သောအခါ မင်းဆရာတော်အား ခေါ်၍ ‘‘ငါ့ရှင်၊ ငါကား သက်တမ်းကုန်ပြီ။ ပရိနိဗ္ဗာန် ပြုတော့မည်။ ငါနှင့် ပတ်သတ်၍ အရေးအကြောင်း ပေါ်လာလျှင် ငါ့ဒါယိကာ တိဿကိုခေါ်၍ ဆောင်ရွက်ပါ၊ ထိုသူ့ကိုခိုင်းလျှင် လိုတိုင်းပြည့်လိမ့်မည်’’ ဟုမှာကြားကာ တိဿ၏နေရပ်ကို ပြောပြီး အရုဏ်ရင့်သောအခါ ပရိနိဗ္ဗာန် ပြုလေသည်။

မင်းဆရာတော်လည်း ရဟန္တာမြတ် ပရိနိဗ္ဗာန်ပြုကြောင်း မင်းကို အကြောင်းကြားသည်။ မင်း၊ မှူးမတ်၊ သူဌေး၊ သူကြွယ် အပေါင်းတို့လည်း သတင်းကြား၍ ရောက်လာကြပြီး ရဟန်းတော်အတွက် တင့်တယ်သောကြာကလပ်တော် ကိုလုပ်ပြီးလျှင် ရဟန်းတော်၏ အလောင်းတော်ကို တင်မည်ပြုသည်။ ထိုအခါ တင်၍မရ။ မ ၍ မကြွပဲ ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲနေသည်။

သည်တွင် မင်းဆရာတော်က ရဟန်းတော်ပရိနိဗ္ဗာန် မပြုမီ မှာခဲ့သောစကားကို သတိရသွားသည်။ ‘‘ရဟန်းတော်၏ ဒါယိကာ တိဿကို ခေါ်၍ ဆောင်ရွက်ခိုင်းလျှင် သင့်ပေလိမ့်မည်’’ ဟုဆိုကာ တိဿ၏နေရပ်သို့ အခေါ်လွှတ်ခိုင်း၏။ တိဿ ရောက်လျှင် ဘုရင်က ‘‘ဟယ် တိဿ၊ သင့်ဆရာဟုတ်ပါ၏လော ကြည့်လော့’’ ဟု အလောင်းတော်ကိုပြရာတိဿလည်း မျက်နှာတော် အားဖူးတွေ့ပြီး ဟုတ်မှန်ကြောင်း လျှောက်တင်ကာ ငိုယိုရှာ၏။

 မင်းက တိဿနှင့် မည်သို့မည်ပုံ ဆရာ၊ ဒကာ ဖြစ်ရသည်ကိုလျှောက်တင်စေပြီး အလောင်း တော်အား မတင်နိုင်ရန် ချင့်ချိန်ကာ တိဿကို အသပြာ တစ်ထောင်ပေး၍ အလောင်းတော်က မတင်စေရာ မ၍ မရပေ။ ထိုအခါ အသပြာ တစ်ဆင့်၊တစ်ဆင့်တက်၍ ပေးကာမစေ၏၊ နောက်ဆုံး အသပြာတစ်သောင်း စုပုံပေးသောအခါတွင်မှ အလောင်းတော်သည် တိဿလက်နှင့်ထိရုံမျှနှင့် သစ်ရွက်ခြောက်ပမာ ပေါ့ပါးစွာ ကြာကလပ်ပေါ်သို့ ရောက်ရှိသွားလေသည်။

မင်းလည်း တိဿအား မယားနှင့် သမီးတို့ပါ ခေါ်စေ၍ အစားအသောက်၊ အဝတ်တန်ဆာပေး၍ အလောင်းတော်ကို စောင့်ရှောက်စေသည်။ မင်းနှင့်တကွ မှူးမတ်၊ သူဌေး၊ သူကြွယ် တို့လည်း ရဟန်းတော်၏ရုပ်အလောင်းအား တလားကြီး၊ တလားငယ်၊ ပြသာဒ် ရထားတို့ လုပ်ဆောင်ပေးပြီး အလောင်းတော်ကို တလားထက်သို့တင်ပြန်ရာ မ၍ မရပြန်ဖြစ်လေ၏၊ ရှေးနည်းတူစွာ တိဿအား အသပြာ တစ်ဆင့်၊ တစ်ဆင့် တိုး၍ ခိုင်းစေမှသာ အလောင်းတော်ကို တလားအထက်သို့ တင်နိုင်လေသည်။

အလောင်းတော်ကို သဂြုင်္ီလ်ပြီးသော အခါတွင်ကား တိဿသည် အသပြာ သုံးကုဋေ ခြောက်သန်းရရှိကာ ချက်ချင်းပင် သူဌေးကြီး ဖြစ်သွားလေသည်။ မင်းလည်း တိဿ၏ ပြုနိုင်ခဲသော ကုသိုလ်အား ချီးမြှောက်ကာ သူကြွယ်ဘွဲ့ပေးစေသည်။ ရဟန်းတော်၏ ဓါတ်တော်များအားလည်း စေတီတည်၍ ကိုးကွယ်ထားလေသည်။

မင်းယုဝေ