Monday, July 8, 2013

ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အဓိက


ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အဓိက

ကိုယ်ကျင့်တရားသည် ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီး ဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီး လည်း ဖြစ်သည်။ မျက်မှောက်သံသရာ နှစ်ဖြာသော ဘဝအတွက် အရိပ်ပမာ အမြဲလိုက်ပါလျက် အကျိုးဆောင် မိတ်ကောင်းမိတ်စစ် ဖြစ်သည်။ အလှတိုး စေနိုင်သော အဆင်းတန်ဆာကောင်းလည်း ဖြစ်သည်။

ကိုယ်နှုတ်ကို ယဉ်ကျေးအောင် ထိန်းကွပ်ပေးသော သက်ဆိုင်ရာ ကျင့်ဝတ် သီလများကို ကိုယ်ကျင့်တရားဟု ခေါ်သည်။ ကိုယ်ကျင့်တရားရှိမှ ယဉ်ကျေး သူဖြစ်မည်။ အများချစ်ခင်လေးစားမည်။ မိမိကိုယ်တိုင်လည်း စိတ်ချမ်းသာ မည်။ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး စသော ကောင်းကျိုးသီးပွင့်များ ဖြစ်ရခြင်းသည် ကိုယ်ကျင့်တရားမှ အခြေခံခဲ့သည်။

ကိုယ်ကျင့်တရား ပျက်ပြားသူမှာ ကောင်းကျိုးသီးပွင့်များ မခံစားရ၊ အများ ရှုတ်ချခံရရုံမက မိမိ အကြောင်းပြန်စဉ်စားလျှင်လည်း နှစ်သက်ဝမ်းမြောက် စရာ တစ်ကွက်မျှ မမြင်၊ ဗြဟ္မစိုရ် ကိုယ်ကျင့်တရားများ ပျက်ပြားကြခြင်း ကြောင့် အချင်းချင်း တိုက်ကြခိုက်ကြသည်။ မတရားသိမ်းယူကြသည်။ ကမ္ဘာ စစ်မီးသည်လည်း ကိုယ်ကျင့်တရားပျက်ပြားရခြင်းကြောင့် လောင်ကျွမ်းရ သည်။

ကိုယ်ကျင့်တရားကောင်းမွန်စွာ လိုက်နာကျင့်သုံးကြလျှင် ရန်မီးအားလုံး ငြိမ်း မည်။ စီးပွားရေး၊ ကြီးပွါးရေး၊ ပညာရေးစသော ကောင်းကျိုးသီးပွင့်များ ဝေဆာလာမည်။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် မျက်မှောက်ဘဝ ကောင်းကျိုးကိုသာ ဖြစ်စေသည်မဟုတ် တမလွန်ဘဝ ကောင်းရာသုဂတိသို့ လည်း ပို့ပေးနိုင်သော အထူးယာဉ်ကြီးဖြစ်သည်။

ကိုယ်ကျင့်တရားသည် မိမိနောက်သို့ အရိပ်ပမာ အမြဲလိုက်ပါနေသည်။ ကိုယ်ကျင့်တရားများသည် ပစ္စက္ခသံသရာနှစ်ဖြာလုံး၌ အကျိုးဆောင် မိတ်ဆွေကောင်း မိတ်ဆွေမွန်ဖြစ်သည်။ သက်ရှိမိတ်ဆွေသည် မည်သို့ပင် အကျိုးဆောင်စေကာမူ တစ်ခါတရံ ကင်းကွာကောင်း ကင်းကွာနိုင်သည်။ ကိုယ်ကျင့်တရားကား အခါခပ်သိမ်း မိမိနှင့်မကင်းကွာသော မိတ်ကောင်း မိတ်စစ် အမှန်ဖြစ်သည်။ မည်သည့်ဘဝ မည်သည့်အခြေအနေမျိုး၌ မဆို ကောင်းကျိုးဆောင်ရန် အသင့်ဖြစ်နေသည်။

ကိုယ်ကျင့်တရား-ဟူသော သီလသည် လိုက်နာကျင့်သုံးသူကို ပို၍ အလှတိုး စေသည်။ ပုဂ္ဂိုလ်တိုင်းနှင့် သင့်လျော်သော တန်ဆာထူးတစ်ခုဖြစ်သည်။ ရွယ်ပျို ရွယ်ရင့် လူတိုင်းနှင့် သင့်၏၊ မင်း ဆင်းရဲသား ခွဲခြားမှုမရှိ ပုဂ္ဂိုလ်မရွေး အသုံးဝင်သော အဆင်တန်ဆာကောင်းဖြစ်သည်။

ကိုယ်ကျင့်တရားသည် ခန္ဓာကိုယ်၏ အနှစ်သာရ အမြုတေလည်းဖြစ်သည်။ ခန္ဓာကိုယ်၌ အနှစ်သာရကို ရှာရလျှင် သီလမှတစ်ပါး အခြားမရှိ။ ထို့ကြောင့် အနှစ်တရား (၃)ပါးတွင်-
“ခန္ဓာကိုယ်၏ အနှစ်သာရကား သီလဖြစ်သည်”ဟု မြတ်စွာဘုရား ဟော ကြားခဲ့လေသည်။ အသိမခက် အကျင့်ခက်ဆိုသည့်အတိုင်း သိဖို့ထက် ကျင့်ဖို့က ပို၍ခက်ခဲပါသည်။
သိပါလျက် မလိုက်နာ မကျင့်သုံးပါလျှင် အကျိုးမပြီး အချည်းနှီးသာ ဖြစ်ပေ မည်။ ထို့ကြောင့် ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည်သာ အဓိကဖြစ်ပါ သည်။


ဆရာတော် ဦးတိလောကာဘိဝံသ

(၁၉၉၄-ခုနှစ် ပထမငယ်တန်းအဖြေစုံမှ)