Tuesday, July 2, 2013

ဗုဒ္ဓဘာသာ ငြိမ်းချမ်းမှု မျက်နှာစာ



6.28.2

(ရွှေတိဂုံစေတီတော်ရင်ပြင်တွင် အဓိဋ္ဌာန်ဝင်သူများ၊ ပုတီးစိတ်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ) ဖြိုးပြည့်စုံဝင်း)
  
 ဗုဒ္ဓဘာသာ ငြိမ်းချမ်းမှု မျက်နှာစာ
Time မဂ္ဂဇင်းသည် ကမ္ဘာကျော် မဂ္ဂဇင်းတစ်စောင် ဖြစ်သလို သြဇာတိက္ကမကြီးသော မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါသည်။ Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်လေ့ရှိသော ထင်ရှားသည့် လူပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များကို ကျွန်တော်တို့ အမြဲတစေ အလေးထား စောင့်ဖတ်ရပါသည်။

 ထိုကဲ့သို့ ဂုဏ်သိက္ခာကြီးမားပြီး ကမ္ဘာ့စာဖတ် ပရိသတ်၏ ယုံကြည်မှုကို ရရှိထားသည့် မဂ္ဂဇင်းတစ်စောင်က ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု မထင်မိပါ။ ဇူလိုင် ၁ ရက်တွင် ထုတ်ဝေမည့် Time မဂ္ဂဇင်း အဖုံးတွင် ဆရာတော် ဦးဝီရသူ၏ ပုံနှင့်တကွ (The Face of Buddhist Terror) 'ဗုဒ္ဓဘာသာအကြမ်းဖက်မှုမျက်နှာစာ' ဟု ခေါင်းစဉ်တပ်ထားသော စာကို တွေ့လိုက်ရသောအခါ တကယ့်ကို အံ့သြမိပါသည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး တို့အပေါ် အခြေခံကာ ဝေဖန်သုံးသပ်သော ဆောင်းပါးများသည် စာဖတ်ပရိသတ်အပေါ် သြဇာလွှမ်းမိုးမှု အနည်းအများ ရှိနိုင်ပါသည်။ စာဖတ်ပရိသတ်နှင့် အမြင်ချင်း တူတာရှိမည် မတူတာရှိမည်။

သို့သော်ကိစ္စမရှိပါ။ စာဖတ်ပရိသတ်နှင့် စာရေးသူကြားမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါသည်။ သို့သော် စာရေးသူ ဆောင်းပါးရှင်ဘက်က လေးစားလိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များ ရှိပါသည်။ မိမိ၏ ဆောင်းပါးပါ အရေးအသားများတွင် (၀ါကျတစ်ကြောင်း၊ စာလုံးတစ်လုံးမှအစ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ မခံချင်စိတ် ပေါက်လာအောင် ရန်တိုက်ပေးခြင်းမျိုး၊ ဘာသာတစ်ခုနှင့်တစ်ခု အထင်အမြင်လွဲမှားအောင် သွေးထိုးလှုံ့ဆော်ပေးခြင်းမျိုး မပါအောင် သတိပြု ရှောင်ရှားဖို့ လိုပါသည်။ ၎င်းသည် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်များထဲမှာ အဓိက အရေးပါသည့် အချက်တစ်ချက်လည်း ဖြစ်ပါသည်။


အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတိုင်း မိမိဘာသာနှင့် သာသနာကို ကာကွယ်စောင့်ရှောက် ကြမည်သာ။ ဗုဒ္ဓဘာသာမှ မဟုတ်ပါ အစ္စလာမ်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ဘာသာတိုင်းက ထိုကဲ့သို့ပင် သဘောထားကြ ပါလိမ့်မည်။ မိမိဘာသာကို ကာကွယ်စောင့်ရှောက်ခြင်းသည် တခြားဘာသာကို ထိခိုက်စော်ကားရာ ရောက်သည်ဟု မယူဆသင့်ပါ...



စာနယ်ဇင်းသမား စစ်စစ်သည် အဂတိတရားလေးပါး ကင်းရှင်းဖို့ လိုပါသည်။ ချစ်သောကြောင့်လည်း မမှန်ကန်သည့် သတင်းမျိုးမရေးရ (ဆန္ဒဂတိ)၊ မုန်းသောကြောင့်လည်း မမှန်ကန်သည့် သတင်းမျိုးမရေးရ (ဒေါသဂတိ)၊ ကြောက်ရွံ့သောကြောင့်လည်း မမှန်ကန်သည့် သတင်းမျိုးမရေးရ (ဘယာဂတိ)၊ သေချာမသိ နားမလည်ဘဲနှင့်လည်း မမှန်ကန်သည့် သတင်းမျိုး မရေးရ (မောဟဂတိ)။

အဆိုပါ Time မဂ္ဂဇင်းမှ ဆောင်းပါးရှင် (Hannah Beech) သည် အဂတိလေးပါးထဲမှ တစ်ပါးပါးနှင့် ငြိစွန်းနေသောကြောင့် သာလျင် ထိုဆောင်းပါးကို ရေးသားခဲ့ပုံ ရပါသည်။ 'ဗုဒ္ဓဘာသာ' နှင့် 'အကြမ်းဖက်မှု' ဆိုသော စကားစုနှစ်စုသည် ဆန့်ကျင်ဘက် အသွင်ကို ဆောင်နေပါသည်။ ဗုဒ္ဓဘာသာသည် အကြမ်းဖက်ဝါဒ မဟုတ်ပါ။ တစ်ယူသန်ဝါဒ မဟုတ်ပါ။ အစွန်းရောက်ဝါဒ မဟုတ်ပါ။

ငြိမ်းချမ်းသောဝါဒ၊ အကျိုးအကြောင်း ဆင်ခြင်သုံးသပ်သောဝါဒ၊ အစွန်းနှစ်ဖက်မှ ရှောင်ရှားသော အလယ်လမ်းစဉ်ဝါဒ သာဖြစ်ပါသည်။ ထိုကဲ့သို့သော ဘာသာရေးကို အကြမ်းဖက်မှုနှင့် ပူးတွဲကာ ခေါင်းစဉ်တပ်လိုက်ခြင်းသည် ဗုဒ္ဓဘာသာကို တခြားဘာသာများ အထင်အမြင် လွဲမှားအောင် ရန်တိုက်ပေးရာ သွေးထိုးလှုံ့ဆော်ပေးရာ ရောက်သည့်အပြင် မလိုလားအပ်သည့် ပဋိပက္ခများကို ဖိတ်ခေါ်သလိုလည်း ဖြစ်နေပါသည်။

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတိုင်း မိမိဘာသာနှင့် သာသနာကို ကာကွယ်စောင့်ရှောက် ကြမည်သာ။ ဗုဒ္ဓဘာသာမှ မဟုတ်ပါ အစ္စလာမ်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ဘာသာတိုင်းက ထိုကဲ့သို့ပင် သဘောထားကြ ပါလိမ့်မည်။ မိမိဘာသာကို ကာကွယ်စောင့်ရှောက်ခြင်းသည် တခြားဘာသာကို ထိခိုက်စော်ကားရာ ရောက်သည်ဟု မယူဆသင့်ပါ။

ထို့အပြင် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များသည် နိုင်ငံတွင်းရှိ တခြားဘာသာဝင်များအပေါ် အကြမ်းဖက်ဖို့နေနေသာသာ အခုဆိုလျှင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနှင့် လူပုဂ္ဂိုလ်များက တခြားဘာသာဝင်များနှင့်အတူ လက်တွဲကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

လက်ရှိမြန်မာနိုင်ငံသည် 'ဒီမိုကရေစီ အသွင်ကူးပြောင်းရေး' အတွက် ပြင်ဆင်နေစဉ်မှာ ကြုံလာသမျှ ပဋိပက္ခများ၊ အခက်အခဲများ၊ အတားအဆီးများကို တတ်နိုင်သမျှ ကြိုးစားဖြေရှင်း နေစဉ်မှာ Time မဂ္ဂဇင်း၏ လုပ်ရပ်သည် 'မီးလောင်ရာလေပင့်' ကာ 'ရေနစ်သူဝါးကူထိုး' လိုက်သည့် အနေအထားမျိုး ဖြစ်နေသည်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။

ဗုဒ္ဓဘာသာဝင်များသည် ငြိမ်းချမ်းစွာ နေထိုင်ချင်သူများ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာကလည်း ၄၅ ၀ါ ကာလပတ်လုံး 'ငြိမ်းချမ်းရေးတရား' ကိုသာ အစဉ်တစိုက် ဟောကြားလာခဲ့ပါသည်။ တစ်ခါတုန်းက ကပိလ၀တ်ပြည်နှင့် ကောလိယ ပြည်နှစ်ပြည်ထောင်သည် ရောဟဏီမြစ်ကို အကြောင်းပြုပြီး စစ်ဖြစ်ဖို့ ပြင်ဆင်ကြပါသည်။ ထိုအခါ မြတ်စွာဘုရား ကြွတော်မူလာ၍ 'စစ်ဖြစ်လျှင် ပြည်သူအများ သေကျေပျက်စီး ရမည်ဖြစ်ကြောင်း၊ စစ်ဖြစ်မည့်အစား စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်ပြီး ရောဟဏီမြစ်ရေကို ခွဲဝေသုံးစွဲသင့်ကြောင်း' ငြိမ်းချမ်းရေး တရားကို ဟောတော်မူခဲ့ပါသည်။

 ထို့ကြောင့် 'ငြိမ်းချမ်းရေး' ကို လိုလားသော ဗုဒ္ဓဘာသာကို 'အကြမ်းဖက်' ဆိုသည့် စကားလုံးနှင့် ယှဉ်တွဲကာ သုံးစွဲခြင်းသည် မည်သို့မျှ မဖြစ်သင့် မဖြစ်အပ် မဖြစ်ထိုက်သော လုပ်ရပ်သာ ဖြစ်ပါကြောင်း။

http://www.first-11.com