Monday, July 15, 2013

နမောတဿဖြင့် နေမည် သေမည်

နမောတဿဖြင့် နေမည် သေမည်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဘဂဝတော- ဘုန်းကံကြီးမားတော်မူသော၊အရဟတော ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးပါး ခပ်သိမ်းသောတရား တို့ကို သူတစ်ပါးထံ နည်းမခံဘဲ ကိုယ်တိုင်ဥာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာသိတော်မူ သော၊ တဿ-ထိုမြတ်စွာဘုရားအား၊နမော-ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။ မြတ်စွာဘုရား။

“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို ကြိမ်ဖန်များစွာ ရွတ်ဆိုပွားများ နေခြင်းကို “နမော တဿ ဘာဝနာ”လို့ လွယ်လွယ်ကူကူ နာမည်ပေးကြပါစို့။မြတ်စွာဘုရား၏ ဂုဏ်တော် တို့ကို ပွားများတာဖြစ်တဲ့အတွက် “ဗုဒ္ဓါနုဿတိ”ဘာဝနာဖြစ်ပါတယ်။နမောတဿ ဘုရားရှိခိုးမှာ အရဟံ ဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဘဂဝါဂုဏ်တော်ဆိုတဲ့ အရေးကြီးပြီး ပဓာနကျတဲ့ ဂုဏ်တော်ကြီးသုံးပါး ပါဝင်ပါတယ်။

အရဟံဂုဏ်တော်က ကိလေသာ (အကုသိုလ်)တွေကို အကုန်ပယ်သတ်တဲ့ အရဟတ္တမဂ်ဥာဏ်တော် (အာသဝက္ခယဥာဏ်တော်)ကြီးဖြစ်ပါတယ်။လောကုတ္တရာဂုဏ်တော်ဖြစ်တဲ့အပြင်လောကုတ္တရာဂုဏ်တော် တို့တွင် အထွတ်အထိပ်ဂုဏ်တော်ကြီးဖြစ်ပါတယ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဆိုတာ သိစရာတွေကို အကုန်သိတော်မူတဲ့ သဗ္ဗညုတဥာဏ်တော်ကြီးဖြစ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီးက လောကီဂုဏ်တော်ကြီးဖြစ်ပါတယ်။ လောကီဂုဏ်တော်တို့တွင် အထွတ်အထိပ်ဖြစ်တော်မူတဲ့ ဂုဏ်တော်ကြီးဖြစ်ပါတယ်။

အရဟံ”ဂုဏ်တော်ကြီးကလောကုတ္တရာအထွတ်အထိပ်ဂုဏ်တော် ၊ သမ္မာသမ္ဗုဒ္ဓက လောကီ အထွတ် အထိပ်ဂုဏ်တော်၊ အဲဒီလောကီ လောကုတ္တရာ အထွတ်အထိပ်ရောက်အောင် “ရောက်စေသတည်း”လို့ ရောက်ခဲ့တာမဟုတ်ဘဲ ဘဂဝါဂုဏ်တော်ကြီးနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီကုသိုလ်တော်တွေကို ကြိုးပမ်းအားထုတ် ဆည်းပူးတော်မူခဲ့ရတာပါ။

အရဟံဂုဏ်တော်ကြီးကို ကြည်ညိုမြတ်နိုးသောအားဖြင့် မိမိကိုယ်တိုင်လည်း ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တွေ မဖြစ်ပွားအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းဖြင့် နည်းယူကျင့်သုံးပူဇော်ရပါမယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီးကို ကြည်ညိုမြတ်နိုးသောအားဖြင့် မိမိတို့ အတိုင်းအတာအလျောက် သိသင့် သိထိုက်သမျှသော သိဖွယ်ရာတရားတို့ကို တတ်သိနားလည်အောင် လေ့လာခြင်းဖြင့် သမ္မာသမ္ဗုဒ္ဓဂုဏ် တော်ကြီးကို နည်းယူပူဇော်ရပါမယ်။ “ဘဂဝါ”ဂုဏ်တော်ကြီးကို ကြည်ညိုသောအားဖြင့် ကာယကံကုသိုလ်၊ ဝစီကံကုသိုလ်၊ မနောကံကုသိုလ်တွေ ကြိုးစားပွားများကျင့်သုံးခြင်းဖြင့် ဘဂဝါဂုဏ်တော်ကြီးကို နည်းယူ ပူဇော်ရပါမယ်။

အဲဒီလို အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ ဘဂဝါဂုဏ်တော်တို့ကို နည်းယူကျင့်သုံးပူဇော်ပြီး နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဘုရားရှိခိုးကို နှုတ်ဖြင့် အကြိမ်ပေါင်းများစွာ သွားရင်း လာရင်း ထိုင်ရင်း အလုပ်လုပ်ရင်း သတိရတိုင်း ပွားများရပါမယ်။သတိရအောင်လည်း ကြိုးစားရပါမယ်။ နှုတ်ဖြင့် ပရိကမ္မဘာဝနာ အင်အားကောင်းအောင် အကြိမ်ကြိမ် ရွတ်ဆိုပွားများနေတော်မူပါ။စိတ်ဖြင့်လည်း ပရိကမ္မဘာဝနာ ရင့်သန်အောင် အထပ်ထပ် မပြတ် ဒလစပ် ရွတ်ဖတ်ပွားများတော်မူပါ။တစ်လလောက် ရိုရို သေသေ ကြိုးကြိုးစားစား ပွားများလိုက်ပါရင် ဗုဒ္ဓနုဿတိဘာဝနာ အသားတက်လာပြီး သမာဓိကောင်း လာပါလိမ့်မယ်။စိတ္တဝိသုဒ္ဓိ၊ မိမိရဲ့စိတ်တွေ(အကုသိုလ်နည်းလာသဖြင့်)စင်ကြယ်သန့်ရှင်းလာတာကို တွေ့ရပါ ခံစားရပါလိမ့်မယ်။

မြတ်စွာဘုရားကို အမြဲသတိရ ပူဇော်နေသဖြင့် မကောင်းမှုတွေကို မပြုဖြစ်တော့ဘဲ ကုသိုလ်တရားတွေ ချည်း အင်အားကောင်းလာပါလိမ့်မယ်။အဲဒီအခါမှာ စိတ်စင်ကြယ်သဖြင့် စိတ်ချမ်းသာခြင်း ဘုရားအာရုံနှင့် နေတတ်လာသဖြင့် စိတ်အနှောက်အယှက်နည်းလာခြင်း၊ ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ကံ အရှိန်အဝါ ကြောင့် စီးပွားရေး လူမှုရေးစသည် အဆင်ပြေလာခြင်း မိမိရဲ့ ကောင်းမြတ်တဲ့ အကြံအစည်များ ကြံတိုင်း အောင်၍ ဆောင်တိုင်းမြောက်လာခြင်းစတဲ့ ပြောမယုံ ကြုံဖူးမှသိရတဲ့ အကျိုးထူးတရားတွေ ဖြစ်ပွား အောင်မြင်လာတာကို ကာယကံရှင်ကိုယ်တိုင် ကိုယ်တွေ့ ဒိဋ္ဌခံစားရပါလိမ့်မယ်။

ဘေးအန္တရာယ်ကို ကြောက်၍ ရှိခိုးခြင်း(ဘယ)၊လာဘ်လာဘ လိုချင်၍ ရှိခိုးခြင်း(လာဘ)၊မိရိုးဖလာအနေဖြင့် ရှိခိုးခြင်း(ကုလာစာရ)ဆိုတဲ့ အဆင့်အတန်းနိမ့်တဲ့ ရှိခိုးခြင်းသုံးမျိုးကို ရှောင်ရှားရမယ်လို့ ကျမ်းဂန်များက ဆိုထားပါတယ်။ဒါကြောင့် နမောတဿဘာဝနာ ပွားများသည်ဖြစ်စေ၊ အခြားသော ဗုဒ္ဓါနုဿတိဘာဝနာ နည်းကို ပွားများသည်ဖြစ်စေ၊ ရိုးရိုးရှိခိုးခြင်းအမှုပြုသည်ဖြစ်စေ၊ ဘယ လာဘ ကုလာစာရ သုံးမျိုးကို ရှောင် ရှားပြီး မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို တကယ်ယုံကြည်မြတ်နိုး၍ စိတ်သန့်သန့်ရှင်းရှင်း ပူဇော် ကန်တော့ပွားများဖို့လိုကြောင်း စွဲမြဲစွာ မှတ်ယူကြစေလိုပါတယ်။အကျိုးတရားကို နားလည်စေချင်၍ ဘာဖြစ်တတ်သည် ဘာဖြစ်နိုင်သည် ပြောရပေမယ့် လောကအကျိုးတွေ မမျှော်ဘဲ သံသရာဝဋ်မှ လွတ်မြောက် ကြောင်း ကျင့်ဝတ်ပဋိပတ်အနေဖြင့် ကြိုးစားပွားများခြင်းသည်သာ သူတော်ကောင်းကြီးတို့၏ လုပ်ထုံးပီသပါတယ်။ကိစ္စများမြောင် လူတို့ဘောင်ကား ရှုပ်ထွေးလှပါ၏။ဖြေပြေရန်ခက်လှပါ၏။”ဧကစာရ မာန်စောင်ချလျှက် လောဘမစော ဖော်မနှောတည့် တစ်တောထွက်လျှင် တစ်တောဝင်၍ တစ်ပင်ထွက်သွား တစ်ပင်နားလျက်” ဟူသော အဖော်မမှီး တစ်ကိုယ်တည်း တောခရီး ထွက်ဖို့ရန်လည်း မစွန့်နိုင်ကြပါ။အခြေ အနေ မပေးကြသဖြင့် လောကီ အလုပ်တို့ဖြင့်သာ ငုတ်တုတ် အသေခံရမည်ဆိုပါကလည်း သာသနာတော် နဲ့ တွေ့ရကျိုးမနပ် ဖြစ်ကြရပါလိမ့်မယ်။

တောလည်းမထွက်နိုင် ရိပ်သာလည်း မဝင်နိုင်မဲ့အတူ ငူတူတူနဲ့ တွေဝေမနေဘဲ သွားရင်း လာရင်း လုပ်ရင်း ထိုင်ရင်း ပျော်ရင်း ပါးရင်း အလုပ်ဖြစ်နိုင်တဲ့ နမော တဿ ဘာဝနာကို ရိုသေစွာကြိုးစား၍ ပွားများပါလော့။” သာသနာနှင့် တွေ့ကြုံရသောဘဝတွင် “နမောတဿနဲ့ နေ၍ နမောတဿနဲ့သေမယ်”လို့ အဓိဋ္ဌာန်ပြုပြီး နမော တဿ ဘာဝနာနဲ့ ပျော်မွေ့ပါလော့။သာသနာတော် နှင့်တွေ့မှကြုံမှ ထူထောင်ခွင့်ရသော နမော တဿ ဘာဝနာဖြင့် မဟာကုသိုလ်စိတ်ကို အထွတ်အထိပ်ရောက်စေပါလော့။”နမော တဿ ဘာဝနာ သည် သင့်အားလောကီရေး လောကုတ္တရာရေးတို့၌ အလင်းရောင်ကို ပေးဆောင်ပါလိမ့်အံ့။သဒ္ဒါ ပညာရှေ့ သွား၍ ဝီရိယတရားဖြင့် ကြိုးစားပွားများတော်မူပါလော့ဟု “နမောတဿနဲ့နေမယ် သေမယ်”ဆိုတဲ့ အကြောင်းကိုရေးသားလိုက်ရပါသည်။
မှတ်ချက်။ ။အရှင်ပညာစက္က(ဆိပ်ခွန်)၏ ဂါထာပရိတ်တော်များစာအုပ်မှ ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။

စာဖတ်သူ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.forverfriends.ning.com