Wednesday, March 14, 2012

အထုံ


                                                အထုံ ....အာသေဝနပစ္စည်း (၁)

အာသေဝနဆိုတာ ထုံတယ် မွှန်းတယ်လို့ အဓိပ္ပာယ် ရပါတယ်။ မြန်မာတွေ ပြောပြော နေကြတဲ့ “အထုံပါတယ်”ဆိုတဲ့ စကားဟာလဲ ဒီ အာသေဝန ပစ္စည်းကို ပြောတာပါပဲ၊ အာသေဝန ပစ္စည်းနဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာပေးတဲ့ ဥပမာကတော့ အမွှေးနံ့သာ အထပ်ထပ် လိမ်းကျံတဲ့အခါ ရှေးရှေး အကြိမ်တွေက နောက်နောက် အကြိမ်တွေ အတွက် ပိုပြီးမွှေးအောင် ကျေးဇူးပြု ပေးသလိုတဲ့။



ဒီဥပမာအတိုင်း ရှေးဆရာတော်များ နိဿယ ပြန်ထားတာ ကတော့ အာသေဝနပစ္စယော၊ နောက်နောင်မွန်လေး၊ သာလွန်မွှေးအောင် ရှေးရှေး ထုံုံထုထား၊ နံ့သာလားသို့၊ မခြားမလပ်၊၊ မျိုးဇာတ်တူစွာ၊ ကုသလာကုသလ၊ ကြိယသဘော၊ နောက်နောက်ဇောအား၊ တူခြောက်ပါးတွင်၊ ခွန်အားဟုန်ပြင်း၊ ယူစေလျင်း၍၊ ထုံခြင်းဟူသော အာသေဝနသတ္တိထူးဖြင့်၊ ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာသေဝနပစ္စည်း တဲ့။

○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○

ခုခေတ် အထင်ရှားဆုံး ဥပမာနဲ့ ပြောရရင်တော့ ပေါ်လစ်တို့ ဆေးတို့သုတ်ရာမှာ ရှေးရှေး ခံဆေးတွေက နောက်နောက် သုတ်တဲ့ ဆေးတွေ အရောင်ပို တက်လာအောင် ကျေးဇူးပြုသလိုလို့ ပြောရင်လဲရပါတယ်။ သက်ရှိ သတ္တဝါများ အနေနဲ့တော့ တစ်ကြိမ် ကစလိုက်တဲ့ အလုပ်များဟာ တစ်ကြိမ်ထက် တစ်ကြိမ် တိုးလာတဲ့အခါ “အကြိမ်များတော့ အကျင့်ပါ၊ အကျင့်ပါတော့ အထုံရလာတဲ့ သဘောပါပဲ။ အထုံရတာလိုပဲ စရိုက်၊ ဝါသနာ၊ အထုံ၊ ဓလေ့၊ အကျင့်ပါတယ်” လို့ခေါ်ပါတယ်။ သံတူကြောင်းကွဲတွေပါပဲ။

ဒီအာသေဝန ပစ္စည်းဟာလည်း လူ့လောကထဲမှာ အတော်လေး အရာ ကျယ်ပြန့်ပါတယ်၊ ဆေးလိပ်ကို တစ်စတစ်စ ဖွာကြည့်ရာက ဆေးလိပ် စွဲတာတို့၊ မူးယစ်ဆေးဝါး စွဲတာတို့စတဲ့ အသောက် အစားစွဲတာ၊ အပျော်အပါး၊ အလောင်းအစားစွဲတာ စသည်တို့ ဆိုတာ အာသေဝနသတ္တိ ရလာတဲ့သဘောပါပဲ။ အသိဥာဏ် နည်းသူတို့ ဆင်ခြေပေးလေ့ရှိတဲ့ “တစ်တက်စားလဲ ကြက်သွန်ဖြူ၊ နှစ်တက်စားလဲ ကြက်သွန် ဖြူပါပဲ” ဆိုတဲ့ စကားထဲမှာ တစ်တက်စား တာထက် နှစ်တက်စားတာက ပိုအားကောင်းလာပါတယ်၊

ဒီလိုနဲ့ အကြိမ် များလာတဲ့ အခါ မစားဘဲမနေနိုင်အောင်ဖြစ်လာတယ်။ မကောင်းမှုမှာလဲ အလားတူပါပဲ “တစ်ကြိမ် စမိမှတော့ သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး”ဆိုတဲ့ ဆင်ခြေနဲ့ ဆက်မိုက် ကြရင် အကြိမ် များလာတဲ့အခါ အာသေဝနပစ္စယ သတ္တိအားကောင်းပြီး လက်ရဲ ဇက်ရဲ ဖြစ်လာရာက အကုသိုလ်ကို မပြုဘဲ မနေနိုင်တဲ့ အဆင့်အထိ ဖြစ်လာတတ်ပါတယ်။

ညဥ့်မှာ သန်းခေါင်ထက် နက်တာ မရှိပေမယ့် အပါယ်ငရဲကတော့ တစ်ဆင့်အောက် တစ်ဆင့် နက်သည်ထက် နက်တယ် ဆိုတာ ရှိပါတယ်။ ဒါကြောင့် အကုသိုလ် အရာမှာ အာသေဝနပစည်း သဘောမျိုး ဖြစ်မသွားရေးဟာ အလွန်အရေးကြီး တဲ့ကိစ္စပါ။ သတိထား အသိပွားပြီး အချိန်မီ ဟန့်တားကြဖို့ လိုပါတယ်။

ကုသိုလ် အရာမှာလဲ အလာတူပါပဲ ဘယ်ကိစ္စမဆို တစ်ကြိမ်က စကြရတာ ချည်းပါပဲ၊ ကောင်းမွန်တဲ့ စရိုက်၊ ဝါသနာ၊ အလေ့အထုံ အကျင့်ဖြစ်စေ ချင်ရင် အကြိမ်များအောင် ဇွဲနဲ့ကြိုးစားရမှာပါ၊ အကြိမ်များလာပြီ ဆိုရင်တော့ အာသေဝနပစ္စယ သတ္တိကလဲ အတော်လေးကို အရှိန်ရလာပြီး ကြာတော့ မလုပ်ရ မနေနိုင်ဆိုတဲ့ အထိဖြစ်လာတာပါပဲ၊ ပါရမီဖြည့်တယ် ဆိုတာလဲ ဒီသဘောပါပဲ၊ စရိုက်၊ ဝါသနာ အလေ့၊ အထုံအကျင့်ကနေ ဓာတ်ခံကောင်း ဖြစ်လာတဲ့သဘောပါ။

ပညာသင်ရာမှာ တစ်တန်းထက် တစ်တန်း သဘောပေါက် လွယ်ကူလာတဲ့ သဘောဟာလဲ အာသေဝန ပစ္စယသတ္တိအား ကောင်းလာတယ်လို့ပဲ ဆိုရမှာပါ၊ ခြုံပြီးပြောရရင်တော့ “ကျွမ်းကျင်မှု”ဆိုတဲ့ အလေ့အထတွေ၊ ပညာရပ်တွေ အားလုံးဟာ တစ်ကြိမ်က စခဲ့ကြပြီး ရှေးရှေး အကြိမ်တွေက နောက်နောက် အကြိမ်တွေကို အာသေဝန ပစ္စယသတ္တိနဲ့ ကျေးဇူးပြုပေးကြလို့ ချည်းပါပဲ၊ ဒီလောက်ဆိုရင် အာသေဝန ပစ္စယသတ္တိရဲ့ သဘောကိုရိပ်စားမိလောက်ပါပြီ။

အာသေဝနပစ္စည်းနဲ့ ပတ်သတ်ြပီး အထူး သတြိပုရမယ့် အချက် တော့  နိဿယဆရာရဲ့ စကားထဲမှာပါတဲ့ “မျိုးဇာဇာတ် တူစွာ” ဆိုတဲ့ စကားရပ်ပါပဲ။ အလုပ်လုပ်ရာမှာ ဟိုစပ်စပ် ဒီစပ်စပ် အလုပ်တွေဟာ ရှေးအလုပ်က နောက်အလုပ်ကို အတွေ့အကြုံ အဖြစ် ကျေးဇူး မပြုနိုင်ဘူး၊ အလုပ် တစ်ခုတည်းကို အကြိမ်များစွာ လုပ်မှသာ ရှေ့အလုပ်က နောက်အလုပ်ကို အတွေ့အကြုံ ရစေနိုင်တယ်၊ အလေ့အကျင့် ရစေနိုင်တယ်။ အဲဒီလို တစ်မျိုးတည်းကို အထပ်ထပ် ပြုနေသလို စိတ်တွေမှာလဲ တစ်မျိုးတည်းက အကြိမ်ကြိမ် အထပ်ထပ်လဲ ဖြစ်နေမှ၊ အဲဒီ အကြိမ်ကြိမ် အထပ်ထပ်ဖြစ်တဲ့ စိတ်တွေက ထူးခြားတဲ့သိမှုလဲ ဖြစ်မှ၊ တဖြည်းဖြည်း အင်အားဖြည့်ရတဲ့ စိတ်မျိုးလဲဖြစ်မှသာ အာသေဝန ပစ္စည်းနဲ့ ကျေးဇူးပြုပေးနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖြစ်စဉ်(ဝီထိ)တစ်ခုမှာ တစ်ကြိမ်စီသာ ဖြစ်ခွင့်ရကြတဲ့စိတ်တွေလဲ အာသေဝနပစ္စည်းမဖြစ်နိုင်ဘူး၊ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပေမယ့် အာရုံသိမှု ထူးခြားခြင်းမရှိတဲ့ ဘဝင်စိတ်တွေလဲ အာသေဝနပစ္စည်း မဖြစ်နိုင်ဘူး၊ “အရှင်မွေး နေ့ချင်းကြီး” ဆိုသလို ခွန်အားပြည့်ဖြစ်လာတဲ့ မဂ်စိတ် ဖိုလ်စိတ်တွေလဲ အာသေဝနပစ္စည်းမဖြစ်နိုင်ပါဘူး။

စိတ်ဖြစ်စဉ်(ဝီထိ)တစ်ခုထဲမှာ အကြိမ် ကြိမ်လဲဖြစ်တယ်၊ အင်အား တဖြည်းဖြည်းပေးဖို့လဲ လိုအပ်တယ်ဆိုတဲ့ အကုသိုလ်ဇော၊ လောကီ ကုသိုလ်ဇောနဲ့ ကြိယာဇောတွေသာ အာသေဝန ပစ္စည်း ဖြစ်နိုင်ပါတယ်။ လောကီဇောတွေ ထဲမှာတောင် နောက်ဆုံးဖြစ်တဲ့ လောကီဇောဟာ သူ့နောက်မှာ ဇာတ်တူတရား မရှိတဲ့အတွက် အာသေဝနပစ္စည်း  မဖြစ်ပါဘူး၊ သူ့ရှေ့ဇောက အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးခြင်းခံရလို့ အာသေဝန ပစ္စယုပ္ပန်တော့ဖြစ်ပါတယ်။ အလားတူပဲ နောက်ဆုံး ဇောဟာလည်း ကျေးဇူး ပြုပေးခြင်းခံရတဲ့ ပစ္စယုပ္ပန်သာ ဖြစ်နိုင်ပြီး ကျေးဇူးပြု ပေးတတ်တဲ့ ပစ္စည်းတရား မဖြစ်နိုင်ပါဘူး။

အာသေဝနပစ္စည်းကို ပါဠိတော်မှာဟောတော်မူတာကတော့ “ပုရိမာ ပုရိမာ ကုသလာဓမ္မာ (အကုသလာဓမ္မာ၊ ကြိယိယာဗျာကတာဓမ္မာ ပစ္ဆ္ဆိမိမာနံ ပစ္ဆ္ဆိမိမာနံ ကုသုသနံ ဓမ္မာနံ (အကုသုသလာနံ ဓမ္မာနံ၊ ကြိယိယာဗျာကတာနံ ဓမ္မာနံ) အာသေဝန ပစ္စယေနပစ္စယော” ဆိုပြီး ဟောပါတယ်။

ကုသိုလ် ဇောမှာဖြစ်စေ၊ အကုသိုလ် ဇောမှာဖြစ်စေ၊ ကြိယာဗျာကတဇောမှာဖြစ်စေ ဇောစိတ်ဆိုတာ ယေဘုယျအားဖြင့် (၇)ကြိမ် ဖြစ်ကြပါတယ်၊ အဲဒီလိုဖြစ်ရာမှာ ပထမဇောစိတ်က ဒုတိယဇောစိတ်ကို၊ ဒုတိယက တတိယဇောကိုစသည်ဖြင့် နောက်ဆုံးမှာ ဆဋ္ဌမဇောက သတ္တမဇောကို အာသေဝနပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်၊ ရှေ့ကကျေးဇူးပြုပေးတာက ပစ္စည်း၊နောက်ကနေ ကျေးဇူးအပြုခံရတာက ပစ္စယုပ္ပန်ပါ။

ဒီဖြစ်စဉ် သဘောကို အသေအချာ စဉ်းစား ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးဖြစ်တဲ့ ဇောစိတ်ကလေးဟာ သူ့ရှေ့မှာ ဇာတ်တူ တရား မရှိတဲ့အတွက် အာသေဝန သတ္တိနဲ့ ကျေးဇူးပြုပေးခြင်းကို မခံရပါဘူး၊ သူကတော့ သူ့နောက်က ဇာတ်တူဖြစ်တဲ့ ဒုတိယ ဇောကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးပါတယ်၊ ဒုတိယဇောကျတော့ ပထမဇောကအာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးခြင်း ကိုခံယူရရှိတဲ့အတွက် ပထမဇောထက် တစ်ဆပိုပြီး အားကောင်းပါတယ်၊ ဒီဒုတိယဇောဟာ သူ့နောက်က တတိယဇောကိုလည်း အာသေဝနသတ္တိနဲ့ ကျေးဇူးပြုပေးတယ်၊ ဒါကြောင့် နောက်နောက် ဇောတွေဟာ ရှေးရှေးဇောတွေ ထက် အားကောင်းတယ်လို့ သဘောပေါက်နိုင်ပါတယ်၊ ဒီအတိုင်းစဉ်းစားကြည့်လိုက်ရင် နောက်ဆုံးဖြစ်တဲ့ သတ္တမဇောဟာ ကံတွေထဲမှာ အားအကောင်း ဆုံးလို့ သဘောပေါက်ပါလိမ့်မယ်။

ဒါကြောင့်လည်း ကုသိုလ်ကံမှာ ဖြစ်စေ၊ အကုသိုလ် ကံမှာဖြစ်စေ အားအနည်းဆုံး ဖြစ်တဲ့ ပထမဇော စေတနာဟာ ဒုတိယဘဝ စသည်အထိ အကျိုးပေး သက်ရှည် လောက်အောင်စွမ်းအား မရှိတဲ့အတွက် အကျိုးပေးမယ်ဆိုရင် အခုဘဝမှာပဲ အကျိုးပေးပါတယ်၊ အကျိုးပေးရာ ကာလနဲ့ခွဲခြားတဲ့ ကံအမျိုးအစား အရ သူ့ကို “ဒိဋ္ဌဓမ္မဝေဒနိယကံ”  လို့ခေါ်ပါတယ်၊ အခုဘဝမှာ အကျိုးမပေး တော့ဘူးဆိုရင် ပထမဇောအခိုက် ကံကလေးဟာ အချည်းနှီး အဟောသိကံ ဖြစ်သွားပါတယ်၊ မြန်မာစကားမှာ ပြောပြောနေကြတဲ့ “အဟောသိကံ ဖြစ်လိုက်လေ” ဆိုတာ ဒီကံကိုပြောတာပါပဲ။

အဘိဓမ္မာ သဘောမျိုးကို မလေ့လာဖူး သူများအနေနဲ့ လွှတ်ခနဲ ကြည့်လိုက်မယ် ဆိုရင်တော့ ခုဘဝချက်ချင်း အကျိုးပေးတဲ့ ကံက အားအကောင်းဆုံးကံ ဖြစ်လိမ့်မယ်လို့ ထင်စရာပေါ့၊ အမှန်က အားအနည်းဆုံးကံဖြစ်လို့ ခုဘဝမှာသာ အကျိုးပေးရတာပါ။

အားအနည်းဆုံး ဆိုတာကလဲ နောက်နောက် ဇောတွေရဲ့ စွမ်းအားကို ထောက်ဆ ပြီးတော့သာ ပြောရတာပါ၊ လက်တွေ့ အကျိုးပေးသွားတဲ့ ဖြစ်စဉ်တွေအရ ကြည့်မယ် ဆိုရင်တော့ ပြုသူရဲ့စေတနာ အားကြီးရင် ကြီးသလောက် ပထမဇောရဲ့စွမ်းအား ကလည်း ကြီးမားတာကို တွေ့နိုင်ပါတယ်။



ဆက်လက်ဖေါ်ပြပေးသွားပါမည်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)