Thursday, March 1, 2012

အသက်ပေး၍

   အသက်ပေး၍
'ဘုန်းတော်ကြီးများသည် ဗုဒ္ဓ၏ကျင့်ဝတ်များကို လက်တွေ့မကျင့်နိုင်ပေ'' ဟူ၍၄င်း၊ ''ဘုန်းကြီးများ သည် ဗုဒ္ဓ၏ အတွေးအခေါ်ကို ဖျက်ဆီးကြသည်'' ဟူ၍၄င်း၊ ယနေ့ခေတ်တွင် ပြောဆိုဝေဘန်ခြင်း ခံနေရ ပေသည်။ အချို့ကား

''ဘာသာရေးနှင့်ပတ်သက်၍ အကိုးကွယ်ခံပုဂ္ဂိုလ်သည် အခွင့်ထူးခံ လူတန်းစား တရပ်ပင်ဖြစ်သည်''ဟု မှတ်ချက်ထိုးလျက်ပင် ရှိနေပါသည်။
ဤကဲ့သို့ နင့်နင့်သီးသီး မှတ်ချက်ထိုးနိုင်သည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်၌ သက်ဝင်ယုံကြည်မှု လျော့ပါးလာသောကြောင့်ပင် ဖြစ်သည်။


ယနေ့ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဤအချက် လေးများကို မေ့မေ့ပျောက်ပျောက် မျက်ကွယ်ပြုထားရန် မသင့်ချေ။ ယနေ့ခေတ်သည် အလွန်တိုး တက်နေသည်။ ကမ္ဘာ့ဝါဒပေါင်းစုံတို့သည် နိုင်ငံတွင်း၌ ခဏချင်းပြန့်နှံ့နိုင်သည်။ နိုင်ငံခြားရုပ်ရှင်များကလည်း နေရာယူလျက်ရှိသည်။ ထို့ကြောင့်ပင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ တို့သည် တဖြေးဖြေး တိမ်ကောပပျောက် ရမည့်အသွင် ဆိုက်နေပေသည်။ ဗုဒ္ဓဘာသာဝင်တို့တွင်လည်း ဘာသာတရားတော်၏ အနှစ်သာရကို တိတိပပ သိရှိကြသူတို့မှာ အလွန်ပင် ရှားလာချေပြီ၊ အချို့မှာ မဏ္ဍပ်ကန္နားကြီးတွေထိုး၍ လှုခြင်း၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို အငြိမ့်ပွဲ၊ ဇာတ်ပွဲတို့ဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပခြင်းစသည်တို့သည် ဘာသာရေး၏ အနှစ်သာရများပင် ဖြစ်သည်ဟု ထင်မှတ်နေကြသည်။ ''ဆွမ်းဆန်ထဲ ကြွက်ချေးရော''ဆိုသကဲ့သို့ပင် ဤမဖွယ်ရာသော မြင်ကွင်းတို့ကိုကြည့်၍လည်း ယနေ့ ''ခေတ်မြင်ဝါဒီ''တို့က ဗုဒ္ဓဘာသာကို ထိုးနှက်လျက်ရှိပေသည်။

စာရေးသူတွင် တူတော်မောင်တယောက်ရှိသည်။ ယခုမေမြို့ စစ်တက္ကသိုလ်မှာ တက်ရောက် နေသည်။ သမ္ဗုဒ္ဓေဂါထာတော်၊ ဘုရားရှင်၏ ဂုဏ်တော်တို့ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွါးများရန် သတိပေးတိုက်တွန်းစာ ရေးလိုက်ရသည်။ ဤသို့ပင် ရေးလိုက်ရသော်လည်း ဘုရားရှင်၏ဂုဏ်တော်တို့ကို သိမှသိပါလေစ၊ ''ဣတိပိ သော ဘဂဝါ အရဟံ''စသော ဂုဏ်တော် ၉ပါး ပါဠိကို ရမှရပါလေစ၊ မသိရပါချေ။ မှန်သည် မွေးကတည်းက လောကဓာတ်ကျောင်းမှာထားသည်။ လောကီဆိုင်ရာ အတန်းပညာတို့ကို သင်ယူသည်။ ဘုန်းကြီးကျောင်းတွင် နေခွင့်မရ၊ ဘာသာရေးဆိုင်ရာ အလိမ္မာတို့ကို သင်ကြားခွင့်မရ၊ ထုံးစံဖြစ်၍ နွေကျောင်းပိတ်ရက်မှာ သင်္ကန်းဝတ်လိုက်ရသော်လည်း (၇)ရက်လောက်မှ အနိုင်နိုင် အောင့်အည်းနေရသည်။


ရဟန်းတော်တို့အနေဖြင့် အဘယ်မှာ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတို့ကို သင်ပြပေးချိန်ရတော့မည်နည်း၊ ရဟန်းတော်တို့မှာ မျောက်တွေထိန်းနေရသလို ထိန်းကြရရှာသည်။
ဗုဒ္ဓဘာသာဝင် မိဘတို့အဖို့လည်း ဘုရားစူးလွတ်ရုံ ရှင်ပြုရသလိုဖြစ်သည်။ သူတို့အဖို့လည်း ဘာသာရေးဆိုင်ရာ မည်သည့်အလိမ္မာမျှ မရလိုက်၊ ရဟန်းတော်တို့မှာလည်း မျက်စိနောက်ရုံ၊ ဦးနှောက်ခြောက်ရုံသာ အဖတ်တင်သည်။ ဤနည်းဖြင့် လူလားမြောက်ခဲ့သူ လူတဦးသည် ခိုင်မြဲသောအသိစိတ်ဖြင့် ရတနာသုံးပါး၏ဂုဏ်ကို အဘယ်မှာ သာသနာတော်ကို ချစ်မြတ်နိုးနိုင်မည်နည်း၊ ရတနာသုံးပါး၏ဂုဏ်ကို သက်ဝင်ယုံကြည်မှသာ သာသနာတော်ကို ချစ်မြတ်နိုးမှသာလျှင် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာမည်၊ ရဟန်းသံဃာတော်တို့၏ ညွှန်ပြဆုံးမမှုကို နာယူပေမည်၊ သာသနာတော်ကို ပေယျာလကန်၍ ထားကြပေလိမ့်မည်၊ ဤအချက်ကို ယနေ့ ဗုဒ္ဓဘာသာဝင်မိဘများ သိရှိသဘောပေါက် ကြရန်ဖြစ်သည်။

မိဘဖြစ်သူတို့ကိုယ်တိုင်ပင် ''ငါသည် ရတနာသုံးပါး၏ဂုဏ်ကို လေးလေးမြတ်မြတ် ယုံကြည်ပါ၏ လော။ သာသနာတော်ကို အသက်ပေး၍ ချစ်မြတ်နိုးပါ၏လော''ဟူသော ပြဿနာကို ယနေ့ အရေတကြီး ဖြေဆိုရန် လိုနေပေပြီ။ အသက်ပေး၍မချစ်နိုင်သေးဟုဆိုလျှင် ဗုဒ္ဓဘာသာဝင် ပီပီသသမဖြစ်နိုင်သေးချေ။ ဘုရားသျှင် လက်ထက်တော်က ဗုဒ္ဓဘာသာဝင် ဥပသကာအဖြစ် ခံယူသူတို့ကား ''ရတနာသုံးပါးအတွက် အသက်ကိုပေးအပ်၍ ဆည်းကပ်ကိုးကွယ်သူ ဥပါသကာတယောက်အဖြစ် အသိအမှတ်ပြုတော်မူပါ'' ဟု လျှောက်ထား၍ အသက်ကိုပါ နှင်းအပ်လေ့ရှိကြပါသည်။ ဘုရားသျှင်လက်ထက်တော်က ''သုပ္ပဗုဒ္ဓ'' အမည်ရှိ နူနာရောဂါသည်ကြီးတဦးကို သိကြားမင်းသည်လာ၍  စုံစမ်းဖူးသည်၊ ဖြားယောင်းသွေးဆောင် ဘူးသည်။

''အချင်း သုပ္ပဗုဒ္ဓ၊ သင်သည် ဆင်းရဲတွင်း နက်လှချေသည်။ သူပေးလူပေး စားနေရ၏။ အသင်သည် ဘုရားကိုဘုရားစစ် ဘုရားမှန်မဟုတ်ဟူ၍၄င်း၊ တရားတော်ကို တရားစစ် တရားမှန် မဟုတ်ဟူ၍၄င်း၊ သံဃာတော်ကို သံဃာအစစ် သံဃာအမှန် အဟုတ်ဟူ၍၄င်း ပြောဆိုလော့၊ သင့်အား အသပြာ သိန်းပေါင်းများစွာပေးပါမည်'' ဟုဆိုသော်လည်း  သုပ္ပဗုဒ္ဓသည် လက်မခံရုံမျှမက ''ဟယ်သိကြား ယုတ်...ငါ့အား အသပြာငွေတို့ဖြင့် လာရောက်၍ မဖြားယောင်းလင့်၊ ငါ့မှာ သဒ္ဓါသီလစသော သူတော်ကောင်းဥစ္စာတွေ တင်းကျမ်းပြည့်ရှိနေသည်။ ရတနာသုံးပါးနှင့် စပ်၍ ငါသည် အထီးကျန်မွဲ သူဆင်းရဲမဟုတ်ပြီ'' ဟုပြောဆိုရေရွတ်၍ ကြိမ်းမောင်းနှင်ထုတ် လိုက်သည်။

အို..ဗုဒ္ဓဘာသာဝင်တို့၊ ဤစိတ်ဓာတ်မျိုး သင်တို့သန္တာန်၌ သံမှိုစွဲသကဲ့သို့ မယိုင်မလဲ ခိုင်မြဲတည်နေပြီလော၊ ငွေအသပြာဖြင့် ချော့လာသူရှိလျှင် ပျော့ဦးမည်လော၊ ချော့လျှင်ပျော့မည် ဖျက်လျှင် ပျက်ဦးမည်ဆိုလျှင်ကား ဤလောက၌ သင့်လောက်သူရဲဘောကြောင်သူ သိမ်ဖျင်းသေးနုပ်သူ ရှိတော့မည်မဟုတ်ပေ၊ ယခုတလောစာရေးသူ မကြာမကြာ တွေးမိနေသော အကြောင်းတရားလေး တခုရှိနေပါသည်။ ယင်းသည်ကား '' ဘယ့်နှယ်လဲ၊ အိန္ဒိယနိုင်ငံဆီမှာလို ဆွမ်းတဇွန်း ဟင်းတယောက်ချိုမျှ လောင်းလှုမည့်သူ မရှိဘူးဆိုလျှင် မင်း ဒီဘဝနဲ့ နေနိုင်-ပျော်နိုင်ပါ့မလား'' ဟူသော မေးခွန်းလေးတခုဖြစ် သည်။

''ခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ ရီတာပေါ့၊ ရီတာပေါ့'' ဟူသော ခါသင်္ကြန် စကားလေးကဲ့သို့ပင် ဤလောကဓံလောက်တော့ အပျော့ပေါ့ဟူ၍ပင် အဖြေထွက်လာပါသည်။ ဘီကိနီကျွန်းကလေးကဲ့သို့ စိမ်းလန်းသော သစ်ပင်များ ပြောင်တလင်းခါသွားသည်ဆိုလျှင်ကား မပြောနိုင်ပါချေ။ ယခုလို  စိမ်းလန်းသစ်လွင်သော သစ်ပင်တောတောင်တွေ ရှိနေသမျှတော့ ဘာမှပူစရာမရှိပေ။ မှန်ပါသည်၊ သဘာဝမိခင်ကြီးများ ဖြစ်ကြသော သစ်ပင်တောတောင်တို့သည် ကျွန်ုပ်တို့အား ထာဝစဉ် ပိုက်ထွေး ယုယနေကြပေလိမ့်မည်၊ နေစရာလည်း ပေးကြလိမ့်မည်၊ အသီးကိုချွေ၍ အစာလည်း ကျွေးကြလိမ်မည်၊ ရွက်နုရွက်ညွန့်တို့သည် ကျွန်ုပ်တို့အတွက် လတ်ဆတ်သော ဟင်းရွက်ပြုတ် ဟင်းလျာများ ဖြစ်လာချိမ့်မည်။

''အပါယ်ဆင်းရဲကြီးကိုကြောက်လျှင် ဆင်းရဲလေးတွေကို ကြိုးစား၍သည်းခံ၊ ကြိုးစား၍သည်းခံ''
''နိဗ္ဗာန်ချမ်းသာကြီးကို အလိုရှိလျှင် ချမ်းသာကလေးတွေကို ကြိုးစား၍ပယ်၊ ကြိုးစား၍ပယ်''
''နာဘေးကြီး သေဘေးကြီး မဦးခင် တရားက အလျင်ဦးအောင် ကြိုးစား၍အားထုတ်၊ ကြိုးစား၍ အားထုတ်'' ဟူသော ပထမမဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြဝါဒသုံးရပ်ကို ရင်ဝယ်ပိုက်လျက် ခိုင်မြဲသောအဓိဌာန် ချမှတ်ထားရပေမည်။

ရှေးသူဟောင်းကြီးများသည် သစ်ပင်တောတောင်တို့၌ ခိုအောင်းခဲ့ကြသည်။ သစ်သီးဝလံတို့ကို ရှာဖွေချွေယူ သုံးဆောင်ခဲ့ကြသည်။ ဤနည်းဖြင့် ''ဘဝလွတ်လပ်ရေး''ကို ရှာကြံခဲ့ကြသည်။ လိုအပ်သည့် ဗောဓိဆုကြီးများကို အရချူခဲ့ကြသည်။ ဖုံလျက်ရှိသော ဤလမ်းရိုးဟောင်းကြီး အတိုင်းကျွန်ုပ်တို့သည် အဘယ်ကြောင့် မလိုက်နိုင်ဘဲ ရှိရမည်နည်း။
ဤသို့လျှောက်၍ တွေးမိသောအခါ ''စာမဖွဲ့လောက်သော ဆင်းရဲဒုက္ခလေးအတွက် ဘဝကို လက်မြှောက် အရှုံးပေးရန်မရှိ၊ ငါသည် သာသနာအတွက် အသက်ပေးရန် အဆင်သင့်ရှိသည်'' ဟူသော အသင့်အထားမျိုးမှာ ရှိနေပါသည်။

ဘာသာ သာသနာနှင့်ပတ်သက်၍ ယနေ့ခေတ်မြင်ဝါဒီ အချို့တို့သည် အဖက်ဖက်မှ ထိုးနှက် လျက်ရှိသည်။ ဤသို့ ထိုးနှက်လာရာတွင် သင်သည် တွေဝေနေမည်လော။ ယိမ်းယိုင်နေဦးမည်လော။ အသားကြေကြေ အရေစုတ်စုတ် နောက်မဆုတ်သော အာဇာနည်စိတ်ထားဖြင့် သာသနာတော်အား အသက်ပေး၍ ချစ်မြတ်နိုးရမည်သာဖြစ်သည်၊ အားလုံးချစ်မြတ်နိုးနိုင်ကြပါစေသတည်း။

အရှင်မဟောသဓပဏ္ဍိတ
၁၄-၇-၇၃
ဓမ္မဗျူဟာ (အတွဲ ၁၂ ၊ အမှတ် ၄)