Sunday, February 12, 2012

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (၂)


လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (၂)


.....ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

သေးငယ်ပြီး အလှမ်းဝေးတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် မြန်မာနိုင်ငံက ချောင်းသာ၊ အိန္ဒိယက ခမိယန်း၊ ထိုင်းက ဟွေ၊ နီပေါလ်က ကူတန်း၊ တိဗက်က ဂစောင်၊ ဘူတန်က ဘရုတ်ကတ်စ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရဲ့ လက်ရှိဖြစ်ပျက်နေပုံကို ``ပညာတွေ အထူးတလည်တတ်မြောက်ပါတယ်၊ ချမ်းသာကြွယ်ဝပါတယ်´´ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ မသိကြပါဘူး။ အခု ဥပမာအဖြစ် ပေးလိုက်တဲ့ နာမည်တွေဟာ နည်းနည်းလေးပဲ ရှိပါသေးတယ်။


အဲဒီဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ လက်ရှိအစစ်အမှန် ဖြစ်တည်မှုတွေနဲ့ အသက်ဆက်နိုင်အောင် သူတို့ရဲ့ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို ကိုင်စွဲပြီး ခက်ခက်ခဲခဲ စီမံနေကြရပါတယ်။ ဒါကိုလဲ ဖိနှိပ်တဲ့ တရားမမျှတတဲ့ အစိုးရတွေရဲ့လက်အောက်မှာ လုပ်နေကြရတာပါ။

``ဒါ….သူတို့ရဲ့….ကံပဲလေ´´။
အဲဒီလို ပြောလိုက်ကြမလား…….။

နေစဉ်အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလူမျိုးတွေကို ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီးအောက်မှာ ဆက်လက်တည်ရှိဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လောက်ကြာကြာ ထပ်စောင့်ကြရအုံးမှာလဲ။

ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းမပေးနိုင်ဘူးလားဗျာ။ သူတို့တစ်တွေ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ဆည်းကပ်မှုက မျှော်လင့်ချက်နဲ့အခွင့်အရေးတွေ မပေးနိုင်ကြတော့ဘူးလား။ ``ဒို့မြတ်စွာဘုရားတောင်မှ လူသားတွေရဲ့ ဘ၀အဆင့်အတန်းကို ပြောင်းလဲပေးနိုင်စွမ်း မရှိဘူး´´လို့ ပြောနေ ဟောနေတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြောကြားချက်တွေဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ဒီကိစ္စမှာ မြတ်စွာဘုရားရှင်ဟာ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ အပြောင်းအလဲကို တမ်းတမ်းတတဖြစ်နေတဲ့ ခွဲခြားခံနေရတဲ့ လူသားတွေကို ကူညီဖို့ ကတိမပေးခဲ့ဘူးဆိုရင် ``ချက်ချင်းလက်ငင်း စည်းစိမ်ဥစ္စာကို ပေးမယ်၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးမယ်၊ နောက်ဘ၀မှာလဲ ကောင်းကင်ဘုံကို ပို့ပေးမယ်´´လို့ ကတိပေးတဲ့ နိုင်ငံခြားက ထာဝရဘုရားကို ဘာဖြစ်လို့ မကိုးကွယ်သင့်ရမှာလဲ။ မကိုးကွယ်သင့်စရာ အကြောင်းမရှိလှဘူး။

ဟုတ်ပါတယ်။ ``ဘုရားအသစ်၊ တိုင်းပြည်အသစ်´´ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားက ခေတ်သစ်ကိုရီးယားကို ခရစ်ယာန်ဘာသာရဲ့ အောက်ကို ဆွဲသွင်းဖို့ ခရစ်ယာန်ဆရာတွေ မကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒီစကားဟာ အခုအချိန်အထိ ခရစ်ယာန်ဆရာတွေ သယ်ဆောင်လာပေးတဲ့ အပြောင်းအလဲပြယုဂ်ကို ဆွဲဆောင်သိမ်းသွင်းနေဆဲ၊ မျက်စိကျစရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

တိုးတက်တဲ့အမြင်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်းအတွက် ဒီအချက်ကို အာရုံစူးစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
မှန်ပါတယ်။ ဒီဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ဆင်းရဲနုံချာလှပြီး ပညာလည်း မတတ်ကြပါဘူး။ ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက်တော့ ဒီအခြေအနေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ (သူတို့)ဘာသာရေးအကြောင်းကို နည်းနည်းမှ မပြောသေးခင်မှာပဲ ပညာရေးနဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးကြပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ အဲဒီလို အလုပ်တွေ လုပ်နေကြပါတယ်။

ဒီလိုအမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ နစ်နာချက်တွေကို လေ့လာစုံစမ်းပြီး အလည်အပတ်သွားရောက်ဖို့အတွက် အချမ်းသာဆုံးဆိုတဲ့ ဘုန်းကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ကျောင်းတော်ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာက အချမ်းသာဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးတွေဟာ တကယ်အလုပ်လုပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့်များ စည်းရုံးလှုံ့ဆော်မပေးနိုင်ကြရတာလဲ။

ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ စွမ်းဆောင်မပေးဘဲ အဲဒီလို အကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့အနေနဲ့ ဘာကြောင့်များ အော်ဟစ်ရုံသာ အော်ဟစ်နေကြရတာလဲ။

ကံတရား၊ ဘ၀သစ်ဖြစ်ပေါ်ခြင်း၊ ဆင်းရဲဒုက္ခ၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုစတဲ့ ဗုဒ္ဓဟောကြားချက်တွေဟာ ပညာအတတ်ဆုံး၊ ကြွယ်ဝပြီး ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာတောင်မှ နက်နက်နဲနဲကို နားလည်မှုလွဲမှားတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းများ ဖြစ်နေဆဲပါပဲ။ ဒီနားလည်မှုလွဲမှားနေတဲ့ တရားတော်တွေဟာ ၀ိသမလောဘသမား သာသနာပြုတွေအတွက်တော့ ကိုယ့်အကျိုးစီးပွား တိုးပွားစေဖို့ အမြတ်ထုတ်စရာ သို့မဟုတ် ဘုန်းကြီးတွေရဲ့ ရိုက်စားလုပ်ဖို့ကောင်းတဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကံမကောင်းအကြောင်းမလှခဲ့လို့ သူဟာ ဆင်းရဲချို့ငဲ့စွာ မွေးဖွားခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်လျော်တဲ့ ဆေးကုသမှုမရှိဘဲ ဆင်းရဲဒုက္ခတွေကို ခံစားရင်း သေဆုံးနေကြရတယ်။
အဲဒါ ဘာဖြစ်လို့လဲ။

သူဟာ နောက်လာမယ့်ဘ၀များ မွေးဖွားရအုံးမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆင်းရဲပေမယ့် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါတယ်။ (ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ) ကျွမ်းကျင်မှုနဲ့ အခွင့်အရေးတွေကို ဖြည့်ဆီးထောက်ပံ့ပေးရမယ့်အစား တင်းတိမ်ရောင့်ရဲတတ်ဖို့ ညွှန်ကြားနေကြပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေဟာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ ဆိုးရွားလှတဲ့ စိတ်နေသဘောထားတစ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။

ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေကြပါစေ ဒီကိစ္စဟာ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ့် ၀မ်းနည်းစွာ တည်ရှိနေဆဲ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဆင့်အတန်း အလွန့်အလွန် မြင့်မားတဲ့ ဘုန်းကြီးများနဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဆက်လက်ပြီး မျက်ကွယ်ပြုနေကြဦးမယ့် အနေအထားပါပဲ။

ဒီနေရာမှာ အဲဒီဗုဒ္ဓဘာသာဝင်ဆိုသူတွေ မေ့နေတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဆင်းရဲမှုတွေနဲ့နပန်းလုံးနေရပြီး ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ဒေသမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်မြင့်မြတ်တဲ့တရားတွေကို ဟောနေပါစေ ဘယ်သူမှ လက်ခံနိုင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် အယူသီးမှု၊ မသိနားမလည်မှုနဲ့ စာပေမတတ်မြောက်တဲ့သူတွေ ပြည့်နှက်နေတဲ့ဒေသမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ မတည်ရှိနိုင်ပါဘူး။

ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာကမ္ဘာက လူတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေနဲ့အပြိုင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရိပ်သာတွေကို ဆောက်လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အောက်ခြေမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက် အသက်ရှူပေါက်ဖြစ်တဲ့ အေးငြိမ်းချမ်းသာရာအလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါတွေကနေ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြီးမားတဲ့လိုအပ်ချက်တွေကို ညွန်ပြနေပါတယ်။ မထင်ရှားတဲ့ ကမ္ဘာ့အစိတ်အပိုင်းက အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများကို အကျိုးသက်ရောက်မှု မရှိသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။

ပြီးတော့ စုစည်းညီညွတ်တဲ့၊ ရံပုံငွေအားကောင်းတဲ့၊ စွဲစွဲမြဲမြဲရှိတဲ့၊ စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရမ်းကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပြောလွယ်သလောက် တကယ်လုပ်တော့ ခက်နေပါလိမ့်မယ်။

ယုံချင်ယုံ မယုံချင်နေ၊ ဗုဒ္ဓဘာသာတွေဟာ စိတ်ကြီးဝင်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက် ဗုဒ္ဓဘာသာဝင်အချင်းချင်းမှာတောင် သံသယတွေ ပွားနေကြပါဦးမယ်။ ပြောရမယ်ဆိုရင် ထိုင်းဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းဟာ သူတို့ရဲ့ မြေပေါ်မှာ အခြားဗုဒ္ဓဘာသာနိုင်ငံ ဘုန်းကြီးကျောင်းတွေကို ဆောက်ခွင့်မပေးပါဘူး။ ကိုရီယားနိုင်ငံမြေပေါ်မှာတော့ ထေရ၀ါဒကျောင်းတွေ ဆောက်လို့ရပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ရည်ရွယ်ချက် တာ့ဂတ်က မဟာယာနဗုဒ္ဓဘာသာဝင်တွေကို ထေရ၀ါဒဇာတ်သွင်းဖို့ ဖြစ်နေပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာတွေအတွင်းမှာကို လွဲမှားတဲ့ သံသယတွေနဲ့ စိတ်ကြီးဝင်မှုတွေပါပဲ။

ဆက်လက်ဖော်ပြပါမည်....
ကုသလသာမိ(ပျော်ဘွယ်)

Saturday, February 11, 2012

မုသာဝါဒက စားတယ်

မုသာဝါဒက စားတယ်

စားတယ်ဗျာ၊ နားရွက်တွေ စားတယ်။ မျက်လုံးတွေစားတယ်။ ခေါင်းတွေ စားတယ်။ ဟာ…တစ်ကိုယ်လုံးကို စားပါတယ်ဗျာ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးအချင်း ချင်းကို လိမ်ညာ ဟန်ဆောင်ခြင်းဟာ မကောင်းဘူးဆိုတဲ့ အကြောင်းဘယ်လိုရှင်းပြ ရမှန်းမသိတာဗျာ။ ဘယ်လိုရှင်းပြပြမရတဲ့ အပြင်၊ ကိုယ်တောင်ပြန်ပြီး အမှုပတ်နေ   သေးတာ။ အများနဲ့ တစ်ယောက်ဖြစ်နေတာကိုး၊ အားလုံးက မုသာဝါဒကို ကြိုက်သွားကြတာလေ။ လူ့ကျင့်ဝတ် လူ့ယဉ်ကျေးမှု တစ်ခုအဖြစ်ကို အသုံးတည့် သွားကြ တာဗျာ။ ဘုရားတောင် မျက်စေ့လည်စရာ၊ ကိုယ်က ဘာတွေ ပြောမလဲ။ 

သူငယ်ချင်း တစ်ယောက်နဲ့ ထမင်းစား ဖိတ်တဲ့ သူ့အသိ အိမ်ကိုလိုက်သွားစားတာ။ မိန်းမကြီးက သူကိုယ်တိုင်ချက်တဲ့ ဟင်းကောင်း ရဲ့လားတဲ့။ ဟာဟိုကောင်က ဘယ်လို ကောင်းမှန်း မသိဘူးဆိုတဲ့အကြောင်း ချဲ့ကား မြှောက်ပင့်ပြီး ပြောတာဗျာ။ တကယ်တော့ ဟင်း ကတော်တော်ကို လိုနေတာဗျ၊ တစ်ခု တစ်ခုထည့်ဖို့တောင် မေ့ကျန်ခဲ့တဲ့ပုံ၊ ကျော်ခွ ပြီးတော့ ချက်ပြုတ်မိတဲ့ ပုံမျိုးဗျာ။ 

ကျွန်တော်လည်း မနေနိုင်တာနဲ့  နောက် ဆုံးတော့    ပြောမိ သွားတာ။ ကျွန်တော်လည်း မတတ်နိုင်ဘူး လေ၊ ပြောကြည့်ရတာပဲ။ သူသိသွားလို့များ တကယ်ပြင်ရင် အခုပြင်အခုစားရတာ အကျိုး ရှိမယ်။ နောက်ပြင်ရင် လည်း  နောက်လူတွေ အတွက် အကျိုးများမယ်။ ဒီသဘော၊ ဒါပေမဲ့ သဲထဲ ရေသွန်ပဲ။ အဘွားကြီးကလည်း ပြင်ဖို့ နေနေသာသာ မောင်းမထုတ်တာ ကံကောင်း၊ သူငယ် ချင်းကလည်း မင်းတော်တော်လူမှုရေး  ခေါင်းပါးတဲ့ကောင် နောက်မင်းကိုမခေါ်ဘူး တဲ့။ ဟောအမှန်အပြောကောင်းလို့။ 

တစ်ခါ လမ်းသွားရင်း အသိနဲ့တွေ့လို့   နှုတ်ဆက် တာ၊ အောင်မလေး ရွှန်းရွှန်းကို ဝေနေတာပဲ။ ဘယ်လို စိုပြည်လှပ၊ ဝလာတဲ့ အကြောင်း၊ ဟာ…ဟေ့ကောင်၊  မင်းခုန တုန်းက ငါ့ကိုပြောတော့ ဘယ်လိုပိန်လိမ်ရှုံ့တွ   နေတယ်ဆို အေများ ကိုက်နေလားတောင် မသိဘူးတဲ့။ မင်းပဲပြောပြီးတော့ လို့ဆိုတော့၊ ဟော သူကလည်း ဒါ လူမှုရေးပဲတဲ့။ နောက်ပွဲစားတစ်ကောင်။ ကိုယ်ရှေ့တင် ကားအစုတ်ကို လိမ်ညာပြီး ရောင်းနေတယ်။ အလုပ်ဖြစ်သွားတယ်။ ကိုယ်ကတင်းလို့ပြော တော့။ စီးပွားရေးဆိုတာ ဒီလိုပဲ လုပ်ရတယ်တဲ့။

နောက်စားသောက်ဆိုင်တွေ ဝင်တိုင်း ကြုံရတာ။ အပေါက်ဝက ဧည့်ကြိုလေးများက ဝင်သမျှ၊ ထွက်သမျှ ဧည့်သည် အပေါင်းကို ‘မင်္ဂလာပါရှင်’ ‘ကျေးဇူးတင်ပါတယ်ရှင်’လှိုက်လှဲပျူငှာ ကြိုဆိုနှုတ်ဆက် တတ်လိုက်ကြတာ ဗျာ။ ဒီက အိုက်တင်သမားတောင် လဲသေချင် လောက်အောင်ပဲ။ မြင်ကြည့်စမ်းပါဗျာ။ အိပ် ချင်မူးတူး၊ ပျင်းရိပျင်းရွဲအသံကို Rec လုပ် ထားပြီး ဘက်ထ ရီဒေါင်းနေတဲ့ ကက်ဆက်နဲ့ ပတ်လည် Play ထားတဲ့ အသံမျိုး၊ အဲ အရုပ် အိုင်တင်ကျတော့၊ လက်အုပ်တော့ချီပါရဲ့။ ခါးတော့ ညွှတ်ပါရဲ့၊ ဒါပေမဲ့ အရုပ်နဲ့အသံနဲ့ က လွဲနေ တာ။ စိတ်က တခြားမှာလေ။ မျက် လုံးက ကြည့်ချင်ရာ ကြည့်နေတာ။ 

တစ်ခါ တစ်ရံများဆို ချီထားတဲ့ လက်အုပ်ကို မေ့ပြီး မဖြုတ်မိသေးဘဲ သူတို့ဟာ သူတို့ အတင်းတုတ်  နေကြတာ ရှိသေး။ မြင်ကြည့်လေ။ လက် အုပ်ကြီးချီပြီး အတင်းတုတ်နေတဲ့ပုံကို၊ ကဲ အဲဒါဘယ်လိုတွေဖြစ်တာလဲ။ သက်ဆိုင် ရာ တာဝန်ခံအကြီးအကဲ၊ ဆိုင်ပိုင်ရှင် များက မပြောကြဘူးလား။ တာဝန်ကျေ ပြီး ပြီးရော လား။ သက်သက်ပဲ လုပ်ခိုင်းထားတာလား။ 

ဒါမှမဟုတ် အဲဒါဟာ ဟန်ဆောင်မှုမှန်း၊ မုသာဝါဒမှန်း၊ လူ့ကျင့်ဝတ်ကို ချိုးဖောက်မှန်း၊ တာဝန်မကျေမှန်း၊ ဆိုင်သိက္ခာကျမှန်း သိကို မသိကြတော့တာလား။ ဘယ်သူကမှလည်း ဒီကိစ္စကို အရေးတယူ မရှိကြတော့ဘူးဆို တော့ ဒါက သာမန် အမှန်တရားဖြစ်သွားပြီ လား။ အဲဒါက ဆိုင်တိုင်းနော်။ စားသောက် ဆိုင်ချည်းပဲတောင် မဟုတ်သေးဘူး။ မြန်မာ နိုင်ငံမှာရှိသမျှ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ဟိုတယ်၊ အနှိပ် ခန်းတစ်ခုမကျန်အောင်ပါပဲ၊ အကြီးကြီးစားတယ်။

တကယ်တော့ ဒီ’မင်္ဂလာပါ’ဆိုတဲ့ စကားဟာ ဒီနေ့ခေတ်ရောက်မှပဲ တော်တော်ကြီးကို တွင်ကျယ်လာတဲ့ ဗန်းစကားလို့တောင် ပြောရမလို ဖြစ်လောက်အောင်ပါပဲ။ ကျွန်တော်တို့ ကျောင်းသားဘဝ ဒီအချိန် လောက်တုန်းကဆို အတန်းထဲမှာ ဆရာ၊ ဆရာမအတွက်သာ သုံးကြတာကိုးဗျ။ ဟောခုတော့ ဒီ’မင်္ဂလာပါ’ ဆိုတဲ့စကားက ဟိုအမြင့် ဆုံးမင်းပွဲစိုးပွဲတွေ ကနေ ဟိုးအောက်ဆုံး အဆင့်ယာဉ်စောင့်၊ အိမ်သာစောင့်တွေ အထိတောင်တွင်ကျယ် ကုန်ကြတာကိုး။ သူတို့လည်း မင်္ဂလာပါပဲ။ ရုပ်နဲ့အသံ ကတော့ ခုနအတိုင်းပဲနော်။ မျက်လုံးက ပိုက်ဆံပဲ ကြည့်နေတာပဲဟာ။ 

တစ်ခါက ကျွန်တော် ရွဲ့ပြီးတော့ မေးကြည့် တာ ဟေ့ကောင်လို့ မင်္ဂလာပါဆိုတာ မြန်မာ စကားလား၊ ပါဠိစာသားလားလို့။ အောင်မာ၊ ဒီကောင် ဖင်ကုတ်ခေါင်းကုတ်နဲ့ ပြန်တော့ ဖြေချလိုက်တာပဲ။ ပါဠိစကားတဲ့။ အောင်မာ ကဲ ကောင်းပြီလို့။အဲဒါဆို မြန်မာလိုအနက်က ဘာ လဲဆိုတော့။ အဲဒီကျတော့မှ ဒီကောင် တိုင်ပတ်တာ။ ဒါပေမဲ့ ဒီကောင်ပြန်တော့ ဖြေသေးတာပဲနော်။ မလျှော့ဘူး။ 

အဲ… အဲဒါတော့ သိဘူးဗျာတဲ့။ ကျွန်တော်တို့က တော့ မင်္ဂလာပါဆို ဒါရတာပဲတဲ့ (လက်ကိုဝိုင်း ပြ)၊ ကဲ ဒီကောင်ပြောမှပဲ မင်္ဂလာပါဆိုတာ တောင်းစားတဲ့ စကား ဖြစ်တော့တယ်ဗျာ။ တကယ်တော့ မင်္ဂလာပါဆိုတာ အင်မတန် ယဉ်ကျေးပျူငှာတဲ့၊ ရင်းနှီးချစ်ကြည်တဲ့ နှုတ်ဆက်စကားလေးဗျာ၊ ကြီးသူကို ရိုသေ ငယ်သူကို လေးစား၊ ဘယ်အတန်းအစားမဆို ကြိုက်သလိုသုံးလိုက်တာနဲ့တင်ခုနဂုဏ် သတ္တိ တွေ အကုန်ပြည့်စုံစေတာဗျာ။ 

ဒီလောက် သူ့အလိုလို တန်ဖိုးကြီးနေတဲ့ စကားကို ချက်ချင်းသိမ်ဖျင်းသွားအောင် ပြောတတ် ဖို့ဆိုတာတွေးလို့ကို မရတာဗျာ။ ဒီကောင် တွေဘယ်လောက် မကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်များလဲ ဆိုတော့။ ကိုယ့်ဆိုင်လာအားပေးတဲ့ သူများကို ကျေးဇူးရှင်အဖြစ်ပါဝပ်တွား ကြိုဆိုရမယ့်အစား ပစ်စ လက်ခတ်ကို ပြီးပြီးရော၊ ဆက်ဆံပစ်လိုက်ကြတာ။ 

ဒါပေမဲ့လည်း သူတို့ဟာနဲ့သူတို့တော့ ကိုက်နေကြပြီး သားပဲနော်။ သူတို့နဲ့ထိတွေ့ ပတ်သက် သမျှအားလုံး မန်နေဂျာ လား၊  ဆိုင်ရှင် လား၊ စားသုံးသူလား၊ ဘယ်သူ မှ ဘာမှ သိတောင်မသိဘူးလေ။ ဆိုင်ဘက် ရော စားသုံးသူအတွက်ပါ နစ်နာစရာ ဘာတစ်ခုမှ ရှိမှ မရှိကြတဲ့ဟာ။ အဲဒါကို ကြားကဝင်နာနေတဲ့ တစ်ယောက်တည်းသော ကောင်က ကိုယ့်ကျင်းကိုယ် တူးလိုက် တော့ပေါ့။ အောင်မလေး စားလို့ကောင်း လိုက်တာ။   

အမှိုက်ကစ   ပြာသာဒ် မီးလောင်တဲ့။သေး သေးလေးက စသွားတာပဲလေ။ ရှိသမျှ အကုန်လုံး လိမ်ညာဟန်ဆောင် တောထဲ ပြိုင်တူ ယစ်မူးကုန်ရလောက်အောင် ‘စ’ပြီး ချီ သွားတဲ့ စကားက ‘မုသားမပါ လင်္ကာမချော တဲ့’ ကျွန်တော်တို့ မြန်မာများ အမှားကို တရားဝင် ခွင့်ပြုပေးထားတာ ‘မမှားသော ရှေ့နေ မသေသော ဆေးသမား’တဲ့နော် အဲဒီ ကနေမှ ဆံပင်လေး ဝင်ပါရစေ။ လက်ညှိုး လေးဝင်ပါရစေနဲ့ နောက်ဆုံး တစ်ယောက် ချင်းစီတွေလည်း ဝင်သွားရော ”လူညီလို့ ဤက ကျွဲဖြစ်”သွားရော ဟော…အဲဒီလို အမှားတွေ ညီသွားကြ ပြီဆိုမှဖြင့် သွားပြီပေါ့။ နောက်ဆုံး ‘မိုးခါးရေသောက်’ တဲ့၊ မသောက်မိတဲ့ တစ်ယောက်က သောက်ရူးပဲပေါ့။
မိုက်တီး

Friday, February 10, 2012

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများ


ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများ
ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။

အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။

မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။
မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်မှာ ကူးစက်လာပါတယ်။ ဥပမာ၊ ‘လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား’လို့ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း လိုချင်မှု ကင်းစင်တဲ့ဓါတ်တွေ ကူးစက်လာပါတယ်။ ‘သံယောဇဉ်ကင်းစင်တော်မူသော မြတ်စွာဘုရား၊’လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း သံယောဇဉ် ကင်းစင်တဲ့ဓာတ်တွေ စိမ့်ဝင်လာပါတယ်။

တစ်ခါပွားရင် တစ်ခါကူးစက်၊ တစ်ခါပွားရင် တစ်ခါစိမ့်ဝင်နဲ့ ပွားဖန်များလာတဲ့အခါ ကူးစက်စိမ့်ဝင်မှုအားကောင်းပြီး မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အသွေးမျိုး
ကိုယ့်မှာလည်းကိုယ်အတိုင်းအတာနဲ့ကိုယ် ပြည့်စုံလာပါတယ်။ မြတ်စွာဘုရားနဲ့ ထပ်တူထပ်မျှကြီးတော့ မဖြစ်နိုင်ဘူးပေါ့။

ဂုဏ်တော်ပွားခြင်းကြောင့် မြတ်စွာဘုရားရှင်ရဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်းဓာတ်မြတ်တွေ ကိုယ့်နှလုံးသားမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာလည်း နှလုံးသားကောင်း
နှလုံးသားမြတ် ဖြစ်သွားပါတယ်။ ကောင်းမြတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ ဘာပဲလိုလိုရပါပြီ၊ ဘာပဲတတ ရပါပြီ။ ကောင်းကျိုးချမ်းသာတွေဆိုတာ စိတ်ကောင်း စိတ်မြတ်ရဲ့ ရလဒ်၊ ဓာတ်ကောင်းဓာတ်မြတ်ရဲ့ အကျိုးဆက်တွေပဲ မဟုတ်လား။

ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ‘ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ်’လို့ မိန့်ကြားတော်မူထားပါတယ်။ ဂုဏ်တော်ပွားသူရဲ့ နှလုံးသားမှာ လိုတရဓာတ်တွေ ကိန်းဝပ်နေတာမို့ ‘ဂုဏ်တော်နှလုံးသား’ဟာ လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေနိုင်၊ လိုအပ်ချက်ကိုလည်း ပြည့်စုံစေနိုင်တဲ့ ‘လိုတရနှလုံးသား’ပါပဲ။

ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကိုတော့ ကောင်းမြတ်အောင်မလုပ်ဘူး၊ ကောင်းကျိုးချမ်းသာကျတော့ လိုတရချင်တယ်ဆိုရင် သဘာဝမကျပါဘူး။ ‘စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်’ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။ ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။

စံပယ်ပန်း ထုပ်တဲ့ဖက်ရွက် စံပယ်ပန်းရနံ့သင်းသလို ဂုဏ်တော်ပန်းထုပ်တဲ့ နှလုံးသားဖက်ရွက်ဟာလည်း ဂုဏ်တော်ရနံ့ သင်းပျံ့လာပါတယ်။ ကိုယ်ပွားနေတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ၊ ဓာတ်သတ္တိတွေ အရှိန်ဟပ် ကူးစက်လာပါတယ်။ စိတ်အေးတဲ့ဂုဏ်ကိုပွားနေရင် ကိုယ့်စိတ်လည်းအေးလာပြီး ဥာဏ်ကြီးတဲ့ဂုဏ်ကို ပွားနေရင် ကိုယ့်ဥာဏ်လည်း ကြီးလာပါတယ်။

မိတ္တူစာရွက်မှာ မူရင်းစာသား၊ မူရင်းပုံရိပ်တွေ ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက်အရည်အသွေးကောင်းဖို့ လိုအပ်သလို နှလုံးသားစာရွက်မှာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ပုံရိပ်တွေ ပီပီပြင်ပြင် ထင်ထင်ရှားရှားကူးစက်ဖို့အတွက်လည်း ‘ဂုဏ်တော်အသိ’ဆိုတဲ့ မိတ္တူကူးစက် အရည်အသွေးကောင်းဖို့ အထူးလိုအပ်ပါတယ်။

ဂုဏ်တော်တွေကို ပါဠိသက်သက် သိထားရုံနဲ့ မိတ္တူကူးစက် အရည်အသွေးမကောင်းသေးပါဘူး။ ကိုယ်နေ့စဉ်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင်အဓိပ္ပာယ်သိမှ မိတ္တူကူးစက် အရည်အသွေး ကောင်းပါတယ်။ မြန်မာစကား အမြဲသုံးနှုန်းရင် မြန်မာလို၊ မွန်စကားအမြဲသုံးနှုန်းရင် မွန်လိုပေါ့။ အင်္ဂလိပ်စကားအမြဲသုံးနှုန်းရင် အင်္ဂလိပ်လို၊ ဂျပန်စကားအမြဲသုံးနှုန်းရင် ဂျပန်လိုပေါ့။
မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာစကားကိုပဲ အဓိက သုံးနှုန်းကြတာဖြစ်လို့ ဘုရားဂုဏ်တော်တွေကို မြန်မာလို အဓိပ္ပာယ် ကျေကျေညက်ညက်သိအောင် လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။

ဂုဏ်တော်မပွားခင်မှာသာ မြန်မာလို သိထားရမှာမဟုတ်ပါဘူး၊ တကယ်ဂုဏ်တော်ပွားနေတဲ့ အချိန်မှာလည်း မြန်မာလို ပွားရမှာပါ။ မြန်မာလူမျိုးတွေအတွက် ဘုရားဂုဏ်တော်ကို မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။ ပါဠိပါမှ အားရတယ်ဆိုရင်လည်း ပါဠိ-မြန်မာ တွဲဖတ်ပြီး ပွားနိုင်ပါတယ်။ ပါဠိသက်သက်ရွတ်ပွားနေတာထက် အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူကြိုက်များစကားနဲ့ ပြောရရင် အဆပေါင်းများစွာ ပိုအစွမ်းထက်ပါတယ်။ အဆပေါင်းများစွာ ပိုတန်ခိုးကြီးပါတယ်။

ပါဠိသက်သက် ရွတ်နေတာထက် ပါဠိ-မြန်မာ တွဲပွားတာ၊ သို့မဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ အပတ်ရေတော့ နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကျပ်တန် အရွက်တစ်ရာထက် တစ်ထောင်တန် တစ်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေဆိုတဲ့ အရေအတွက်ကို အဓိကမထားဘဲ တစ်ခါက်ဆို တစ်ခေါက် အရည်အသွေး ပြည့်ဝဖို့ကိုပဲ ဦးစားပေး စေချင်ပါတယ်။
မြန်မာလို ဆက်တိုက်ပွားနေမှ အဓိပ္ပာယ် ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုတဲ့စိတ်တွေလည်း ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက်ကူးစက်လာပါတယ်။

မြန်မာလို အဓိပ္ပာယ် သိမနေဘဲနဲ့ မြန်မာတစ်ယောက်ရဲ့ နှလုံးသားမှာ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ ကူးစက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်နည်းပါးပါး လျားလျားလှပ်လှပ် မဆိုစလောက်လေးပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွက်ပွားနေတဲ့အတွက် ကုသိုလ်တော့ ရချင်ရမှာပေါ့ ။ ဓာတ်ကူးစက်ဖို့တော့ သိပ်မလွယ်ပါဘူး။

မီးအားပြည့်မှ မိတ္တူအရည်အသွေားကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ဘဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယမီးအား ကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံး ဖြစ်နေတော့မှာပါပဲ။

မိတ္တူစာရွက်အရည်အသွေးကောင်းမှ မိတ္တူပုံရိပ်ပိုထင်းရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်းရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်း   နှလုံးကောင်းလည်းမွေး၊ လေ၀င်တိုင်း၊ လေထွက်တိုင်း နှာသီးဝမှာ လေထိသွားတဲ့ သဘောကိုလည်း မကြာခဏ သတိကပ် ရှုမှတ်ပြီး ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။

စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ်ပိုင်ဆိုင်သူ လူကောင်းလူမြတ် ဖြစ်နိုင်ပါတယ်။
မကောင်းမှုအကုသိုလ်တွေ ရှောင်ကြဉ်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေ တစ်နေ့တခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာ ရင့်ကျက်ပြီး အသိဥာဏ် တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ် အထွေထွေ၊ ကျက်သရေအမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်းရ၊ တတိုင်းပြီးနိုင်ပါတယ်။

အနာဂတ် သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ် ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။
ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ ‘သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား’လို့သာ ထပ်တလဲလဲ ပွားလိုက်ပါ။
နှလုံးသားထဲက သောက မီးတောက်တွေ ချက်ချင်း သို့မဟုတ် တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။

‘ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး သတ္တ၀ါတွေကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်၊ သတ္တ၀ါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား၊
သောက ငြိမ်းအေးကြောင်း တရားကောင်းများကိုဟောကြားတော်မူတော မြတ်စွာဘုရား’ လို့ပါ ဆက်ပွားနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးနက် ပေါ်ပေါက်လာပါတယ်။

သူတစ်ပါးတို့ရဲ့ သောကကို ပယ်ဖျောက်ပေးချင်တဲ့ မေတ္တာကရုဏာတရားတွေလည်း တိုးပွားလာပါတယ်။
ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း၊ လာတ်ရွှင်ဖို့၊ စီးပွားတတ်၊ ရာထူးတိုးဖို့၊ အကြံအောင်မြင်၊ လိုအင်ပြည့်ဝဖို့ မဟုတ်ဖူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။

စိတ်ဓာတ်နဲ့ လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့ အန္တရာယ်ကင်း၊ လာတ်ရွှင် စတဲ့ ဘေးထွက်အကျိုးတွေကို တမင် တောင့်တနေစရာမလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီဘေးထွက်အကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့ ဘာမှ မပြောပလောက်တဲ့ မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။

ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ‘၀မ်းမြောက်တယ်၊’ ‘ငြိမ်းအေးတယ်၊’ . . . စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွက်အထိပ်ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ဘွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ် မပျက်ဥာဏ်(မဖြစ်မပျက်မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။

ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည်း နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ်သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တ်ာတစ်လှည့်၊ ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ ကူးပြောင်းလိုက်တာပါ။

ပါဋ္ဌိလို ဂုဏ်တော်ပွားတာထက် မြန်လာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ဓာတ်သတ္တိတွေ နှလုံးသားထဲ ပိုပြီး စိမ့်ဝင်ပျံ့နှံ့ ကူးစက်စွဲထင်တယ် ဆိုတာကို လက်တွေ့စမ်းသပ်ကြည့်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။

‘စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား’

‘ဒေါသအမျက် ကင်းစင်းတော်မူသော မြတ်စွာဘုရား’

‘မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား’

‘သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား’

‘မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား’

‘အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား’

‘အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား’

ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ . . . ဘုရားအကြောင်း စဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။

အရှင်ဆန္ဒာဒိက

Thursday, February 9, 2012

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ…


ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ…
ရဟန်းတို့ သင်တို့အား နောက်ဆုံးမိန့်မှာတော်မူခဲ့အံ့။
ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”
(ဂေါတမမြတ်စွာဘုရား)

မြန်မာဗုဒ္ဓဘာသာ အတော်များများသည် သင်္ခါရဟု ဆိုလိုက်လျင် မမြဲခြင်းဟု ယေဘုယျ အဓိပ္ပါယ် နားလည်းထားတတ်၏။ ထို့ကြောင့်လည်း ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံးဟာ သင်္ခါရပါပဲဟု ပြောဆိုလေ့ရှိတတ်ကြ၏။ စင်စစ် မမြဲခြင်းဟူသည် သင်္ခါရမဟုတ်၊ အနိစ္စသာဖြစ်၏။ ဗုဒ္ဓဘာသာအများ ပြောဆိုသုံးနှုန်းကြသည့် ထိုသင်္ခါရဟူသော ပါဠိစကားလုံး၏ တိုက်ရိုက်အဓိပ္ပါယ်မှာ ပြုပြင်စီရင်ခြင်းဟု အဓိပ္ပါယ်ရ၏။ သက်ရှိသက်မဲ့အားလုံးသည် ပြုပြင်စီရင်ထားသည့် အရာများဖြစ်သဖြင့်လည်း သင်္ခါရဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းဝတ္ထုသည်လည်း ပြုပြင်ပေးရသကဲ့သို့ ပုဂ္ဂိုလ်သတ္တဝါသည်လည်း ပြုပြင်ပေးရ၏။ မပြုပြင်ပေးလျှင် ပို၍ပင် အဆိုးတွင်သွားမည် ဖြစ်သဖြင့် ပြုပြင်ပေးနေရခြင်း ဖြစ်၏။ ထိုသို့ အမြဲမပြတ် ပြုပြင်ပေးနေရသဖြင့် သက်ရှိသက်မဲ့ အားလုံးတို့သည် ပြုပြင်စီရင်ပေးနေရသည့် သင်္ခါရတရားများသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ ပစ္စည်းသင်္ခါရ လူသင်္ခါရဟု ဆိုရိုးပြုကြခြင်း ဖြစ်၏။

သို့သော် မည်မျှပင် ပြုပြင်စီရင်ပေးသော်လည်း ထိုသက်ရှိသက်မဲ့ အရာအားလုံးတို့၏ အဆုံးသည် ပျက်စီးခြင်းလျင် နိဂုံးဖြစ်နေပြန်သဖြင့် “သဗ္ဗေ သင်္ခါရာ အနိစ္စာ - ပြုပြင်စီရင်ထားသည့် သင်္ခါရ တရားမှန်သမျှသည် နိစ္စမဟုတ်၊ အနိစ္စချည်းသာ ဖြစ်သည်”ဟု သူတော်ကောင်းများက မိန့်တော်မူကြခြင်း ဖြစ်၏။ “ပြုပြင်စီရင်ထားသည့် အရာများသည် အမြဲမဟုတ်၊ မမြဲခြင်းသဘောသာ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်၏။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပင် နောက်ဆုံးအချိန်အထိ သင်္ခါရတရားများ၏ ပျက်စီးခြင်းသဘောကို သတိပေးတော်မူကာ မမေ့မလျော့နေကြဖို့ မိန့်မှာတော်မူသွားခဲ့၏။ “ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ - သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိသဖြင့် မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ကြလော့” ဟု မှာတော်မူခြင်း ဖြစ်၏။

မှန်၏။ ဗုဒ္ဓရှင်တော်မိန့်မှာတော် မူသကဲ့သို့ပင် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများဖြစ်သည့် သက်ရှိသက်မဲ့ အရာအားလုံးတို့သည် မည်မျှပင် အကောင်းဆုံးဖြစ်အောင် ပြုပြင်စီရင်ထားသော်လည်း အဆုံးတွင်ကား ပျက်စီးခြင်းသာ နိဂုံးဖြစ်သွားကြသည်ကို အားလုံးသတိပြုမိကြမည် ဖြစ်၏။ မည်သူက မည်မျှပင် စွမ်းအားရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာများ၏ ပျက်စီးမှု၊ ပုဂ္ဂိုလ်သတ္တဝါများ၏ ပျက်စီးမှုကိုကား မပျက်စီး၊ မပျောက်ပျက်အောင် ဖန်တီးနိုင်စွမ်း မရှိသေးသည်မှာ အသေအချာပင် ဖြစ်၏။ ထိုသို့ ပျက်စီးခြင်း တရားကို မပျက်စီးအောင် ပြုပြင်နိုင်သူသည် အတိတ်ကလည်း မရှိခဲ့၊ ယခုလည်းမရှိသေး၊ နောင်လည်းရှိလာလိမ့်မည် မဟုတ်ပေ။ သဘာဝဓမ္မ ဖြစ်နေသဖြင့် ထိုသင်္ခါရတရားတို့၏ ပျက်စီးမှုကို မည်သူတစ်ဦးတစ်ယောက်မျှ တာဆီးနိုင်စွမ်း မရှိခြင်းလည်း ဖြစ်ပါပေ၏။

သိပ္ပံပညာများ အလွန်တိုးတက် ထွန်းကားပါသည်ဆိုသော ယနေ့ကမ္ဘာကြီးတွင်လည်း သိပ္ပံပညာရှင်များသည် ရုပ်ပိုင်းဆိုင်ရာ အမျိုးမျိုးကို ကောင်းသထက်ကောင်းအောင် တီထွင်ကြံဆ ဖန်တီးကြ၏။ မပျက်စီးအောင် ကြိုးစားကြ၏။ သို့သော် မည်သို့ပင် ကြိုးစားဖန်တီးပါသော်လည်း ထိုရုပ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးမှုများကို ထာဝရ မပျက်စီးအောင် မည်သို့မျှ ဖန်တီးနိုင်စွမ်း မရှိခြင်းပင် ဖြစ်၏။ သေချာသည်မှာ မည်သို့သော သိပ္ပံပညာရှင်မျိုးပင် ဖြစ်ပါစေ သင်္ခါရတရားများကိုသာ ဖန်တီးနေကြခြင်း ဖြစ်သဖြင့် ထိုသင်္ခါရတရားများ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းသဘောကို မလွန်ဆန်နိုင်ကြ၊ မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်း ဖြစ်၏။ သင်္ခါရ၏ သဘောအမှန်သည် အနိစ္စသာ ဖြစ်နေသဖြင့်လည်း နိစ္စဖြစ်အောင် မလုပ်နိုင်ကြခြင်း ဖြစ်၏။

ထို့အတူ ရုပ်နာမ်နှစ်ပါးနှင့် တည်ဆောက်ထားသည့် ပုဂ္ဂိုလ်သတ္တဝါများသည်လည်း ကံတရားများ၊ ခန္ဓာများဖြင့် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်သဖြင့် အမြဲတည်တံ့ခြင်း နိစ္စဖြစ်အောင် ပြုလုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရ၏။ သက်ရှိများဖြစ်သည့် ထိုပုဂ္ဂိုလ်သတ္တဝါဟူသော သင်္ခါရတရားသည်လည်း ပင်ကိုယ်ကပင် အပြုပြင်ခံဖြစ်နေသဖြင့် မပျက်စီး၊ မပျောက်ပျက်အောင် ပြုပြင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်၏။ မည်သူကဖြင့် မည်မျှအကုန်အကျခံကာ မိမိကိုယ်ကို အမျိုးမျိုး ပြုပြင်ခြင်း ပြုကြသည်ဟုဆိုသော်လည်း အဆုံးတွင်ကား ထိုပြုပြင်သူများသည် ပျက်စီးခြင်းဖြင့်သာ နိဂုံးချုပ်သွားကြသည်သာ ဖြစ်၏။

သင်္ခါရ၏ သဘောတရားအမှန်ကို လက်တွေ့အားဖြင့် အမြဲမပြတ် ပြောင်းလဲဖြစ်ပျက်နေသည့် ကမ္ဘာကြီးကို ကြည့်လျှင် အလွယ်တကူ သိနိုင်ပေ၏။ ယနေ့ကမ္ဘာတွင် သိပ္ပံပညာများ တိုးတက်ထွန်းကားသည့်အလျောက် ပညာရှင်များက ထိုနည်းပညာများကို အသုံးပြုကာ သက်ရှိဖြစ်သည့် လူပုဂ္ဂိုလ်များကိုလည်း ခွဲစိပ်ကုသနည်း အမျိုးမျိုး၊ အစားထိုး ကုသနည်း အမျိုးမျိုး၊ ဆွေးဝါးအသုံးအဆောင် အမျိုးမျိုးဖြင့် ပြုပြင်ဖန်တီးကြသကဲ့သို့ သက်မဲ့ဖြစ်သည့် အသုံးအဆောင် ပစ္စည်းများကိုလည်း နည်းပညာအမျိုးမျိုးဖြင့် ကောင်းသထက် ကောင်းအောင်တည်ထွင် ဖန်တီးကြ၏။ သို့သော် ထိုသို့နည်းအမျိုးမျိုးဖြင့် တည်ထွင်ဖန်တီး ပြုပြင်ကြသော်လည်း ထိုပညာရှင်များ မဖန်တီး၊ မပြုပြင်နိုင်သည့် အရာကား ထိုသက်ရှိသက်မဲ့များအား မပျက်စီးအောင်၊ အမြဲတည်တံ့အောင် မဖန်တီး၊ မပြုပြင်နိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။ အဘယ့်ကြောင့် ထို့သို့မဖန်တီး၊ မပြုပြင်နိုင်သနည်းဟုဆိုသော် ထိုသူတို့ပြုပြင်ဖန်တီးနေသည့် အရာများသည် ပင်ကိုယ်သဘောအားဖြင့် အပြုပြင်ခံများ ဖြစ်နေကြပြီး ထိုအပြုပြင်ခံများ၏ အဆုံးသည် ပျက်စီးခြင်းပင် နိဂုံးဖြစ်သောကြောင့်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် ပျက်စီးခြင်းလျှင် အဆုံးရှိသည့် ထိုသက်ရှိသက်မဲ့ အရာများကို ရည်ရွယ်ကာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် လူပုဂ္ဂိုလ်များတွင် ပစ္စည်းဥစ္စာရှိသူများ၊ သြဇာအာဏာရှိသူများ၊ ရာထူးဂုဏ်သိန်ရှိသူများ အများအပြားရှိ၏။ ထိုသူများသည် လိုအပ်လျှင် လက်ညှိုးညွန်ရာ ရေဖြစ်နိုင်သည့် သူများလည်း ဖြစ်နိုင်ပေ၏။ အလိုရှိလျှင် သွားချင်ရာကို သွားနိုင်သကဲ့သို့၊ စားချင်ရာကိုစား၊ လုပ်ချင်ရာကို လုပ်နိုင်သည့် သူများလည်း ရှိနိုင်ပေ၏။ ထိုမျှ အစွမ်းရှိသူများ ဖြစ်သော်လည်း ထိုသူများ မလုပ်နိုင်သည့် အချက်ကား မိမိတို့ ပိုင်ဆိုင်ထားသည့် ရုပ်နာမ်နှစ်ပါး ခန္ဓာများကို လိုသလို မပြုပြင် မဖန်တီးနိုင်ခြင်းပင် ဖြစ်၏။ ထို့အတူ အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကိုလည်း နည်းအမျိုးမျိုးဖြင့် ဆန်းသစ်တီထွင် ဖန်တီးကာ အသုံးပြုနေကြသော်လည်း ထိုရုပ်ဝတ္ထု ပစ္စည်းများကို မပျက်စီးအောင် မဖန်တီးနိုင်ကြခြင်းပင် ဖြစ်၏။ ဤသည်မှာ သင်္ခါရတရားတို့၏ အနိစ္စသဘောကြောင့်ပင် ဖြစ်ပါပေ၏။

မကြာသေးမီက ယနေ့လူသားတို့ ကမ္ဘာတွင် အကြီးအကျယ် ဖောက်ပြန်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ အဖြစ်အပျက်နှင့် ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရိုက်ခတ်မှုကြောင့် အလွန်စိုးရိမ်ဖွယ် ဖြစ်နေခဲ့သည့် နျူကလီးယား ဓာတ်ပေါင်းဖို့ ပျက်စီးယိုယွင်းလာသည့် အဖြစ်အပျက်တို့သည် လက်တွေ့ဆန်သည့် သင်္ခါရတရား၏ ပျက်စီးခြင်းသဘောကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေပေ၏။ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီသည် အင်းအားကောင်းပြီး ချမ်းသာသည့် သူတစ်ယောက်ဖြစ်သော်လည်း မိမိကိုယ်ကိုကား ပျက်စီးမှုမှ မကာကွယ်နိုင်ခဲ့ပေ။ ထို့ထက်ပိုဆိုးသည်မှာ ယခုဘဝ ဤစိတ်ဤခန္ဓာကိုယ်ကို မကာကွယ်နိုင်ရုံမျှမက ဘဝသံသရာတွင်လည်း သူလုပ်ခဲ့သည့် လုပ်ရပ်များက သူ့ကိုအကာအကွယ် မပြုနိုင်သည့် အချက်ပင် ဖြစ်၏။ သင်္ခါရကို အဟုတ်ထင်ကာ သတိလက်လွတ်ဖြစ်ခဲ့ရသည့် လူ့အချို့၏ လုပ်ရပ်သည် ယခုဘဝတွင်သာမက ဘဝသံသရာ အထိပင် ပျက်စီးခြင်းဖြင့် အဆုံးသတ်လေ့ ရှိတတ်ကြ၏။ သံဝေဂယူဖွယ်ပင် ဖြစ်ပါ၏။

ဂျပန်တွင် ဖန်တီးထားသည့် ဓာတ်ပေါင်းဖို ပြဿနာသည်လည်း နည်းပညာအမျိုးမျိုးဖြင့် အကောင်းဆုံး တည်ဆောက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သင်္ခါရတရား၏ အဆုံးအတိုင်း ပျက်စီးခြင်းသို့သာ ဦးတည်သွားနေခဲ့သည်မှာ လက်တွေ့ဆန်လွန်းလှ၏။ တစ်ခါတရံ စာရေးသူအပါအဝင် အားလုံးသော စာဖတ်သူများ ဆင်ခြင်နိုင်သည့် အချက်မှာ မိမိတို့ လိုချင်နှစ်သက်၍ ရရှိအောင် ကြိုးစားသဖြင့် ရလာသည့် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းအချို့သည့် မိမိတို့ လက်ထဲရောက်ပြီး မကြာမီမှာပင် ပျက်စီးချို့ယွင်းသွားတတ်သည့် သဘောကို လက်တွေ့အားဖြင့် သတိပြုကြည့်နိုင်မည့် အချက်ပင် ဖြစ်ပါ၏။ လိုချင်နှစ်သက်သဖြင့် ရရှိအောင် ကြိုးစားထားသည့် ပစ္စည်းတစ်ခု မိမိလက်ထဲတွင် ပျက်စီးချို့ယွင်းသွားသည့်အခါ အလွန်နှမျောတသ ဖြစ်မိတတ်ကြသော်လည်း စင်စစ် ထိုသဘောသည် သင်္ခါရတရား၏ ပျက်စီးခြင်းတွင် အဆုံးရှိသည့် သဘောပင် ဖြစ်ပါ၏။

အရင်းစစ်သော် ပြုပြင်စီရင်ခြင်းနှင့် ပျက်စီးခြင်းတို့၏ ဆက်စပ်မှု သဘောပင် ဖြစ်ပါပေ၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ပျက်စီးခြင်းတွင် ရုပ်ဝတ္ထုပစ္စည်းစသည့် သက်မဲ့များသည် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဟူသော ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်စီးဖောက်ပြန်တတ်သကဲ့သို့ လူ၊ သတ္တဝါ စသည့် သက်ရှိများသည်လည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိ၏။ မည်သည့်အရာကြောင့်ပင် ဖောက်ပြန်ပျက်စီးသည် ဖြစ်ပါစေ လက်တွေ့ကောက်ချက်ချနိုင်သည့် အချက်မှာ သင်္ခါရ တရားများ ဖြစ်နေခြင်းကြောင့် ပျက်စီးခြင်းတရား ရှိနေခြင်းဟူသည့် အချက်ပင် ဖြစ်ပါပေ၏။


ဆိုလိုသည်မှာ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု ဆိုကြသည့်အတိုင်း ပစ္စည်းဝတ္ထုများနှင့် ပုဂ္ဂိုလ်သတ္တဝါ အများတို့သည် ပြုပြင်စီရင်ထားသည့် တရားများ ဖြစ်သဖြင့် သင်္ခါရ၏ သဘောသဘာဝအတိုင်း နောက်ဆုံးတွင် သက်ရှိသက်မဲ့ အရာအားလုံးတို့သည့် ပျက်စီးခြင်းသာ နိဂုံးရှိတတ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ပြုပြင်စီရင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတရားပင်ဖြစ်ကာ ပျက်စီးမှုများ၏ နောက်တွင်လည်း ဆင်းရဲမှုများပင် ရောက်နေမြဲ ဖြစ်သဖြင့် ထိုပြုပြင်မှုကို အကြောင်းပြုကာ ဖြစ်ပေါ်တတ်သည့် ပျက်စီးမှု၏နောက် ဆင်းရဲမှုများ မရောက်စေဖို့ သင်္ခါရတရားတို့၏ကုန်ရာ အမှန်သစ္စာတရားကိုသာ အမြန်ရှာကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါပေ၏။


ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အများ ပြောဆိုနေကြသည့် သင်္ခါရ သင်္ခါရဟူသော စကားသည် တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် ပြုပြင်စီရင်ခြင်း သဘောကို ညွန်းဆိုခြင်းဖြစ်ပြီး ပြုပြင်စီရင်ထားသည့် အရာမှန်သမျှသည် ပျက်စီးခြင်းသာ အဆုံးရှိသည့် သဘောကို ဆိုလိုခြင်း ဖြစ်သဖြင့် မည်သူမဆို ရုပ်ဝတ္ထုပစ္စည်းများ၏ သင်္ခါရသဘော၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ သင်္ခါရ သဘောတို့ကို အမှန်အသိဖြင့် မြင်အောင်ကြည့်၍ သင်္ခါရ၏ အဆုံးဖြစ်သည့် ပျက်စီးခြင်းနိဂုံးကိုလည်း ကောင်းစွာသတိပြု ဆင်ခြင်ကာ သင်္ခါရတရားတို့ကို အကြွင်းမဲ့ ချုပ်ပျောက်စေနိုင်သည့် အရဟတ္တမဂ်ဉာဏ်ကိုသာ မနှေးအမြန် အရယူနိုင်ရန် အချိန်ရှိခိုက် ကြိုးစားလိုက်ကြပါဟု တိုက်တွန်းရင်း ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဖြစ်နေကြသည့် သင်္ခါရလောကကြီးတွင် သင်္ခါရနောက်ကိုသာ လိုက်မနေကြဖို့လည်း သတိပေးစကား ပါးလိုက်ရပေတော့၏။

အားလုံး… သင်္ခါရလောကကြီးမှ အမြန်ဖောက်ထွက်နိုင်ကြပါစေ…

Wednesday, February 8, 2012

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း နှင့် မှတ်တမ်းတင်ခံရသော မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် 
မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။

၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။

ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။

ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။

ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့် ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။

ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။

ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင် စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။

ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။

ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။

ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။

ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။

ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။
ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


 စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ

ကြည်ညိုဖွယ်ရာ ရုပ်ပုင်္လွှာ မင်းကွန်းဆရာတော်ဘုရားကြီးပါ။
မြန်မာ့ရဟန်းတော်မြတ် ညဏ်ရည်အစွမ်း ကမ္ဘာ့င်္စချိန်တင် လျှက် င်္အ့မခန်း
     facebook မှရရှိသူဗဟုသုတအား ပြန်လည်ဝေမျှထားပါတယ်.....
(မင်းလှသားလေး)

Tuesday, February 7, 2012

ဒိုင်စားတဲ့ ပွဲ


ဒိုင်စားတဲ့ ပွဲ
     ဘောလုံးကစားပွဲတစ်ခုမှာ ဒိုင်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် (ကံကြမ္မာမှတစ်ပါး) အစစ အရာရာ သာလွန်တဲ့ အသင်းက ရှုံးနိမ့်သွားတယ်။ ဒါကိုကြည့်ပြီး ဘောလုံးပွဲသုံးသပ်သူတစ်ဦးက ဟိုအလျင် သီ တင်းပတ်ထဲတုံးက ဒီအသင်းက ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ ရခဲ့တယ်။ ဒီတစ် ပတ်မှတော့ ဒီဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ ဆုံးရှုံး ရတယ်။

သာတဲ့အခါ သာ၊ နာ တဲ့အခါ နာတတ်တာ။ ဖြစ်လေ့ဖြစ်ထပါ။ ဒါဟာ ဘောလုံးပွဲမှသာ မဟုတ်ပါဘူး။ ဘဝမှာလည်း ဒီလိုပါပဲ။ ဒါကိုက ဘဝပါပဲလို့ ပြောခဲ့တာကို ဖတ်ရတယ်။
    သူ့ပြောစကားဖတ်လိုက်ရတော့ စိတ်က ဘောလုံးပွဲသတင်းကနေ အပြင်ကို ဖြန့်ထွက်သွားတယ်။  ဘဝ ဆိုတာရယ်၊ အနိုင် အရှုံး၊ ဒိုင်၊ ကံကြမ္မာ၊ သာခြင်း နာခြင်းစတဲ့အရာတွေက ခေါင်းထဲကို တိုးဝင်လာ တယ်။ ဒီအကြောင်းအရာတွေက စဉ်းစားဖို့ ဖြစ်လာတယ်။

     ဘဝဆိုတာ ဘာလဲဆိုပြီး ကိုယ့်နည်းနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ကြတာတွေ အများကြီးရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝဆိုတာ ဘာလဲရယ်လို့ သတ်မှတ်ပုံတွေ လည်း အမျိုးမျိုးရှိတယ်။ဘာသာရေးအမြင်၊ လူမှုရေးအမြင်။ နိုင်ငံရေးအမြင်။ ရပ်တည်ပုံအခြေခံ ကွဲပြားမှုကြောင့် သုံးသပ်ပုံခြင်းလည်း ကွဲပြားကြတယ်။ လူတစ်ဦး ချင်းစီရဲ့ ဘဝအဓိပ္ပါယ်ဖွင့်ဆိုပုံ၊ ဘဝအပေါ် ခံယူသုံးသပ်ပုံတွေဟာ အများလက်ခံထားတဲ့ ဘဝအဓိပ္ပါယ်နဲ့ ကွဲပြားကောင်း လည်း ကွဲပြားပေလိမ့်မယ်။

    ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေခြင်းအကြား ကာလတစ်ခုကိုပဲ ဆိုလိုတာလား။ ဒါမှ မဟုတ်၊ လူသေ သွားပေမယ့် တစ်ဦးတစ်ယောက် ရှင်သန် နေစဉ်မှာ ပြုလုပ်သွားခဲ့တဲ့ အပြုအမူတွေကြောင့် သူသေလွန် သွားသည့်တိုင် သူ့ရဲ့အမည် ဆက်လက်ရှင်သန်နေခဲ့တာမို့ ဘဝဆိုတာ မွေးခြင်းနဲ့ သေခြင်းရဲ့ကြား ကာလလေးမျှသာမက ဒီထက်ပိုမိုပါတယ်လို့ ပြောနိုင်မလား။ ဘဝနဲ့စပ်ကာ ဆက်စပ်တွေးတောစရာ တွေက အလွန်များပါတယ်။ ဒီမှာတော့ ဘဝအဓိပ္ပါယ်နဲ့ ဘဝတန်ဖိုးကို ပြောလိုခြင်းမဟုတ်လို့ ဒီအတွက် အကျယ်မပြောလိုပါဘူး။

     အသေချာဆုံးအရာကတော့ ဘဝဆိုတာကို လက်ခံလိုက်ရတာနဲ့ ဘဝနဲ့အတူ တွဲပါလာတဲ့အရာများကိုလည်း လက်ခံကြရခြင်းပဲဖြစ်တယ်။ အဲဒီအထဲမှာ ကြည်နူးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ အောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေ၊ ပေါင်းဖော်ခြင်းတွေ၊ ကွဲကွာခြင်းတွေစတဲ့ အကောင်းအဆိုးတွေ အမြောက်အများ ပါဝင် တယ်။

     ဘဝတစ်ခုဆိုတာ သတ်မှတ်နိုင်ဖို့ အချိန်ကာလ အခိုက်အတန့်တစ်ခုတော့ လိုပေလိမ့်မယ်။ ဒီအခိုက် အတန့်လေးထဲမှာပဲ ထိုက်သင့်တဲ့ နေရာလေးတစ်နေရာမှာ ခန့်ခန့်လေး ရပ်တည်နေနိုင်စေဖို့ ရုန်းကန် လှုပ်ရှားရတာတွေကလည်း ဒုနဲ့ဒေးပါ။ ရုန်းကန်တဲ့အခါမှာလည်း ကိုယ်တစ်ဦးတည်းသက်သက် ရုန်းကန်ရတာထက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတစ်ဦးဦးနဲ့ တစ်နည်းနည်းနဲ့ ယှဉ်ပြိုင်လှုပ်ရှားရတာက များတတ် ပါတယ်။

     အသိပညာရှာတဲ့နေရာ၊ စီးပွားဥစ္စာရှာဖွေရာ၊ အားကစားတွေမှာ၊ ကုန်ကုန်ပြောရလျင်ဖြင့် တရားအသိ ရှာဖွေရာမှာပင် အားကျအတုယူစရာ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဂုဏ်ကိုမှီနိုင်စေဖို့ ယှဉ်ပြိုင်မှုတစ်ခုခုကို ပြုလုပ်ကြရတတ်ပါတယ်။ အနည်းဆုံးတော့ မနက်ဖန်ကိုယ်ဟာ ဒီနေ့ကိုယ်ထက် သာလွန်ဖို့ တစ်ဦးထဲဖြစ်စေ ဦးတော့ ယှဉ်ပြိုင်နေကြရတာ၊ လောကဓမ္မတာပါပဲ။

     တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ကို အမှီလိုက်နိုင်စေဖို့၊ တန်းတူဖြစ်စေဖို့၊ သူတို့ထက် သာလွန်စေဖို့စတဲ့ အကြောင်းအမျိုးမျိုးနဲ့လည်း ယှဉ်ပြိုင်နေရတတ်တာ။ ပြီးဆုံးနိုင်တယ်ဆိုတာ ရှိတာမှ မဟုတ်တာ။ မပြီးဆုံးနိုင်တဲ့ ပြိုင်ပွဲတွေမှာ ကောင်းစိတ်ကောင်းတွေးနဲ့ ကောင်းသော ယှဉ်ပြိုင်ခြင်း ဖြစ်စေဖို့တော့ အမှန်လိုအပ်ပါတယ်။

    ယှဉ်ပြိုင်မှုတွေမှာ တခါခါ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုဆိုတာ ပါတတ်ပါတယ်။ စွမ်းရည်တွေ ဘယ်လောက်ပဲ မြင့်မားမြင့်မား၊ ကြိုးစား အားထုတ်မှု ဘယ်လိုပဲရှိရှိ၊ ကံကြမ္မာက အခွင့်မပေးရင် ပြိုင်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ကြိမ်နဲ့ မနိုင်နိုင်လို့ အကြိမ်ကြိမ်အခါခါ ယှဉ်ပြိုင်ကြရတာမျိုး၊ အကြိမ်ကြိမ်ကြိုးစားသည့်တိုင် ထပ်ကာပဲ အရှုံးနဲ့ချည်းသာ ရင်ဆိုင်ရတာမျိုး လည်း ရှိပါတယ်။

    အကြောင်းကြောင်းကြောင့် ယှဉ်ပြိုင်ရတတ်တဲ့ ပြိုင်ပွဲများမှာ အမှားနည်းစေဖို့၊ တရားသဖြင့်ယှဉ်ပြိုင် ခြင်းဖြစ်စေဖို့ ဒိုင်ဆိုတာ ထားတတ်ကြတယ်။ ကျားပွဲတစ်ပွဲလို၊ စစ်တုရင်တစ်ပွဲလို ဒိုင်မလိုတဲ့ ကစားပွဲ မျိုးရှိသလို ဘောလုံးပွဲလို လက်ဝှေ့ပွဲလို ဒိုင်လိုတဲ့ ပွဲမျိုးလည်း ရှိတတ်ပါတယ်။ ဒိုင်ဆိုတာ စည်းကမ်း ထိန်းသိမ်းပေးဖို့၊ မျှမျှတတ ဖြစ်စေဖို့စတဲ့အကြောင်းများကြောင့် ထားပေးခြင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အချို့ကစားပွဲများမှာတော့ ဒိုင်ကြောင့်ပဲ အမှားဖြစ်ရတာမျိုး၊ ရှုံးသင့်သူက နိုင်၊ နိုင်သင့်သူက ရှုံးရတာမျိုးလည်း ရှိနိုင်ပြန်ပါတယ်။

 သာမန်လူသားတစ်ဦးပင်ဖြစ်တဲ့ ဒိုင်တွေမှာလည်း သာမန်သူတွေမှာရှိတဲ့ ချစ်ခြင်းအစွဲ၊ မုန်းခြင်းအစွဲ၊ မကျွမ်းကျင်ခြင်းအစွဲတွေကြောင့် ဘက်လိုက်တဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်ချခြင်းမျိုးလည်း ဖြစ်တတ်ပါ တယ်။ အများနဲ့ကစားကြတဲ့ အားကစားပွဲမျိုးမှာ သာမန်အများတကာမြင်နိုင်တဲ့ အမှားမျိုးကို ဒိုင်က မမြင်တတ်တာမျိုးကိုလည်း တွေ့ဖူးကြမှာပါ။

    သာမန်အားကစားပွဲမဟုတ်တဲ့ ဘဝထဲက ပြိုင်ပွဲအမျိုးမျိုးမှာ လိုချင်လို့ပဲဖြစ်ဖြစ်၊ လိုအပ်လို့ပဲဖြစ်ဖြစ်၊ သိသိနဲ့ပဲဖြစ်ဖြစ်၊ မသိလျက်ပဲဖြစ်ဖြစ်၊ တာဝန်ပေးလို့ပဲဖြစ်ဖြစ်၊ မပေးပဲနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ဒိုင်နေရာကနေ ပါဝင်လိုက်ရတာမျိုးတွေလည်း အများကြီးရှိတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ အကြား၊ သားသမီးတွေကြား၊ တပည့်တွေကြား၊ စသဖြင့် အကြားပေါင်းများစွာမှာ အလုပ်အားဖြင့်၊ အပြောအားဖြင့်၊ စိတ်ဓာတ်အားဖြင့်၊ မျှမျှတတဖြစ်စေရေး ကြားဝင်ပေးလိုက်ရတဲ့အခါမျိုးမှာ ကိုယ်ဟာ ဒိုင်တစ်ဦး အလိုအလျောက် ဖြစ်သွားတတ်ပါတယ်။

     ကိုယ်ကိုယ်တိုင် ဒိုင်နေရာက ပါဝင်လိုက်ရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အချစ်စွဲ အမုန်းစွဲ မသိစွဲတစ်ခုခုအခြခံတဲ့ ဆုံးဖြတ်ချက်အမှားကြောင့် တစ်ဦးတစ်ယောက်ဘဝမှာ နာကျင်ထိခိုက်သွားတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ နှုတ်ကထုတ်မပြော၊ ကိုယ်နဲ့ကိုယ်တိုင် မလုပ်ခဲ့ လေသည့်တိုင် ကိုယ့်စိတ်ထဲမှာ စွဲမှတ် ထားလိုက်တဲ့ ဘက်လိုက်တဲ့အမှားမျိုးကိုလည်း ကျူးလွန်မိတတ်ပါတယ်။ ချစ်ခင်သူပြောတဲ့စကားကို ယုံစားလိုက်လို့ ကိုယ်တစ်ခါမှ မတွေ့မကြုံဖူးတဲ့သူကို နာမည်ကြားယုံမျှနဲ့ပဲ ဒီလူက ဘယ်လိုလူပဲ၊  ဒီအမျိုးသမီးကတော့ ဘာပဲစသဖြင့် တင်ကြို သတ်မှတ် ဆုံးဖြတ်မိလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။

    အဖြူက ဘာဖြစ်တယ်။ အမဲတွေက ဘယ်လိုပဲ။ တရုတ်ကတော့ ဘယ့်နယ်။ ကုလားကတော့ ဘယ်လို ရယ်လို့ လူမျိုးစွဲ စွဲမှတ် လိုက်တဲ့အမှားတွေ။ အသက်ကြီးသူတွေက ဘယ်လို ဂကြီးဂကြောင်များတယ်။ ငယ်သူတွေကတော့ ဗရုတ်သုက္ခ စည်းကမ်းမရှိဘူးစသဖြင့် အရွယ်နဲ့စပ်လို့ စွဲမှတ်ထားတဲ့ ဆုံးဖြစ်ချက် အမှားများလည်း ရှိတတ်ပါတယ်။

    သူ့ဘာသာ၊ ကိုယ့်ဘာသာ၊ သူ့ပါတီ ကိုယ့်ပါတီ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံ၊ သူ့ဒေသ ကိုယ့်ဒေသစတာတွေကို အခြေခံပြီး စိတ်ထဲမှာ စွဲမှတ်ထားတဲ့ အစွဲအမှတ်တွေကလည်း အများသားပါ။ ဒီစွဲမှတ်ထားတာတွေ အရင်းခံကာ သူ့ဘာသာဝင်ဆိုရင် ဘယ်လိုပဲ၊ သူ့ပါတီဝင်ဆိုရင်ဖြင့် ဒီနည်းပဲဖြစ် မှာပေါ့ရယ်လို့ ကိုယ့် အစွဲနဲ့ကိုယ် ကြိုတင်စွဲမှတ်ထားတဲ့ ပုံသေခြင်း အလွဲအမှားတွေလည်း အမြောက်အများရှိတတ်ပါတယ်။

   ဘယ်လိုအစွဲနဲ့ လွဲမှားတဲ့ သတ်မှတ်ချက်ပင် ဖြစ်ပစေ။ ဘက်လိုက်မှုတစ်ခုခုကိုတော့ ဖြစ်စေတတ်တာ အမှန်ပါပဲ။ ဘက်လိုက်တယ်ဆိုကတဲကိုက ဘယ်မှာ မျှတခြင်းဆိုတာ ဖြစ်လေပါတော့မလဲ။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဆုံးဖြတ်သတ်မှတ်ချက်အမှားကြောင့် ဒိုင်အမှား မဖြစ်ရ လေအောင် သတိပြုဖို့ လိုပါတယ်။ ဒိုင် မစားဖို့ကိုတောဖြင့် ပိုလို့ပင် အထူးပဲလိုအပ်ပါတယ်။

    အထူးသဖြင့်တော့ အများကြားမှာ ဆုံးဖြတ်ရတဲ့ ဒိုင်နေရာမှာထက် ကိုယ့်တစ်ဦးတည်းယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမျိုးမှာ ကိုယ်ကိုယ်တိုင် ဒိုင်လုပ် ရတာမျိုးလည်း ရှိပါတယ်။ အဲဒီအခါမျိုးမှာ ဘက်လိုက်ပြီး မဆုံး ဖြတ်မိစေဖို့၊ အမှားမလုပ်မိစေဖို့ အထူးပဲအရေးကြီးပါတယ်။

    နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း၊ ခက်ခဲခြင်း၊ လွယ်ကူခြင်း၊ ကောင်းကျိုးဖြစ်စေခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း စသဖြင့် ဆန့်ကျင်ဖက်အရာမျိုးက လောက ထဲမှာ နေထိုင်နေကြရသူတွေအဖို့ အမြဲတမ်း ကြုံတွေ့နေရ တာမျိုးပါ။ ဒီလိုကြုံလာတဲ့အခါ တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရတာမျိုး ရှိတတ်ပါတယ်။ ကိုယ့်စိတ်က ဘယ်ဖက်ကိုလိုက်မလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတာမျိုး၊ ဆုံးဖြတ်ပေးရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီအခါမျိုးမှာ ကိုယ့်အနိုင်ပေးလိုတဲ့ဖက်ကို ကိုယ့်ဆုံးဖြတ်ချက်က အလေးသာအောင် အကြောင်း အမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုးပြလို့လည်း နေမိတတ်ပါတယ်။

     သေချာပါတယ်။ ဒီအခါမျိုးမှာ ဆုံးဖြတ်မယ့် ကိုယ့်ဆုံးဖြတ်ချက်ဟာ ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကို ပြန် လည်ဖြည့်ဆည်းပေးနိုင်မယ့် ဖက်ကိုသာ အနိုင်ပေးပါလိမ့်မယ်။ ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်အရာဆိုတာကလည်း ကောင်းမှု မကောင်းမှုနှစ်ခုပြုလုပ်ဖို့ ရွေးချယ်ရရင် စိတ်က မကောင်းမှုကို သာ ရွေးချယ်တာ များပေလိမ့်မယ်။ စိတ်ကိုသာ သူ့အလိုကျ လွှတ်ပေးထားလိုက်ရင် မကောင်းတဲ့ဖက် ကိုပဲ အသာပေးသွားလိုက်မယ်။ ပါပသ္မိံ ရမတိ မနော= စိတ်က မကောင်းမှုမှာသာ ပျော်တယ်ပါတယ်တဲ့။ ဒီစကား ဘယ်လောက်မှန်ကန်ကြောင်းကို ကိုယ့်စိတ်ကိုယ် သေသေချာချာ ပြန်ဆင်ခြင်ကြည့်လျင် ဖြင့် ကောင်းကောင်းသိမှာပါ။

     အခြားသူတွေပါဝင်တဲ့ ယှဉ်ပြိုင်ပွဲတစ်ခုမှာ ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားက ဖြစ်သင့်တဲ့ ရလဒ်အမှန်ကို ပြောင်းပြန်အမှား ဖြစ်သွားစေနိုင်သလို နိုင်သင့်သူကိုလည်း ရှုံးသူဖြစ်စေတတ်ပါတယ်။သို့ပေမယ့် အရှုံးအနိုင်ရဲ့ ရလဒ်ကို ဒိုင်ကိုယ်တိုင် ခံစားရကောင်းမှ ခံစားရမယ်။ လောင်းကစား နည်းတစ်ခုမှာ ဒိုင်စား သွားတယ်ဆိုလျင်လည်း ပါဝင်ကစားသူတွေ၊ ထိုးသားတွေသာ နစ်နာဆုံးရှုံးသွားတယ်။ စားတဲ့ဒိုင်က နစ်နာသွားတယ်ဆိုတာ မရှိဘူး။ အခြားသူတွေမပါဘဲ ကိုယ်တစ် ယောက်ထဲ ယှဉ်ပြိုင်ရတဲ့ ကောင်းမှုနဲ့ မကောင်းမှု နှစ်ခုယှဉ်ပြိုင်ပွဲမှာတော့ ကိုယ့်စိတ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှား၊ ဘက်လိုက်အမှားကြောင့် မကောင်းမှုဖက်က အနိုင်ရသွားမယ်ဆိုလျင် အမှားဒဏ်ကို ခံရမယ့်သူဟာ ဒိုင်ကိုယ်တိုင်သာပဲ ဖြစ်တယ်။ စိတ်အလိုလိုက်ကာ သာတယ်အထင်နဲ့ စားလိုက်ပေမယ့် အစားခံရမည့်သူကလည်း ကိုယ်သာ ပဲဖြစ်တယ်။

လုံးဝ ဒိုင်မမှားသင့်တဲ့ပွဲ၊ ဒိုင်မစားသင့်တဲ့ပွဲတစ်ခုကို ပြပါဆိုလျင်ဖြင့် အခြားသူတွေ မပါဘဲ ကိုယ်တစ် ဦးတည်းသာ ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ်လို့ ကိုယ်ကတော့ ဖြေပါမယ်။ ။

မေတ္တာများဖြင့် 
အရှင်ဉာဏိက

Monday, February 6, 2012

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ Buddhism under siege from within 在圍困之下從佛教


လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ
(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

ဘိက္ခု ကေ တန်ချန်ဂျ၊ ဗုဒ္ဓဘာသာချန်နယ်လ်၊ ဇူလိုင် ၁၇

ဗုဒ္ဓဘာသာကမ္ဘာကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဟက်ဝေး ပေါလ်ဆိုသူ ရေးတဲ့ ``ဗုဒ္ဓဘာသာကမ္ဘာမှ လူများ´´ဆိုတဲ့ စာအုပ်ပါပဲ။ ``ခရစ်ယာန်ဘုရားရှိခိုးလမ်းညွှန်စာအုပ်´´လို့လဲ ဆိုပါတယ်။

မနုဿဗေဒအားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသနပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာကမ္ဘာရဲ့ မြေပုံလမ်းညွှန်တွေ ပါဝင်အောင် ရေးထားပါတယ်။ အဲဒီအထဲက အကြောင်းအရာအချို့တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာတွေအနေနဲ့ လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းရိနေတဲ့အချက်တွေ ဖြစ်နေပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားအယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။ ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူ ပြုနေတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိမ်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲဝင် အစီအစဉ်တစ်ခု သို့မဟုတ် တိကျခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခုလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့်ပတ်သက်ပြီး အများစုက မသိကြသေးလို့ပါပဲ။


မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့အစည်းအများစုဟာ ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းက မေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ ပေါတီးပေါ့ဆနေတတ်ဆုံး လူမျိုးတွေထဲမှာ ပါပါတယ်။ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့၊ ကောင်းကင်ဘုံသခင်၊ ဖန်ဆင်းရှင်ထာဝရဘုရားရဲ့ သနားကရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင်စည်းရုံးကြလေ့ရှိပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာဆန့်ကျင်ရေးစာအုပ်ဖြစ်တယ်ဆိုပြီး အပြစ်တင်ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။ လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာသာသနာပြုအဖွဲ့ကိုလဲ အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက်စွပ်စွဲဖို့လဲ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်ဝတဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင်သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခုခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်သွားစေချင်တာပါ။

ဒီလို လုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လို ဝေဖန်ကြမလဲဆိုတာနဲ့ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ ပြဓာန်းဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ ``ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေအနေအရပ်ရပ်အတွက် ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၅၀-တိုင်တိုင် အသက်ရှင်ရပ်တည်ခဲ့တဲ့ ဘာသာတရားတရားတစ်ခု ဖြစ်တယ်´´လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပါတယ်။
အိန္ဒိယတိုက်ကြီးတစ်ခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့ မေ့ဖျောက်ထားနိုင်ခဲ့ကြတဲ့အထိ သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေကို မွတ်စလင်ကျူးကျော်သူတွေ လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။ အိန္ဒိယနဲ့ နီပေါလ်တို့ကိုတော့ ဟိန္ဒူတွေရဲ့လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်းဒေသတွေကိုလဲ ညှိနှိုင်းလို့ မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။ ဒီလို ဆုံးရှုံးမှုကြီးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေဟာ နောက်ထပ် ဘယ်လောက်များများ ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။ ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကျူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမိုင်းကြောင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့ အင်အားဟာ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အခြေစိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မဟာယာနပဲဖြစ်ဖြစ်၊ တိဗတ်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာမဆို သံဃာ့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အဓိကကြောရိုးအဖြစ် တည်ရှိလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှုကို သံဃာ့အဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခုနီတွေနဲ့ သီလရှင်များ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။ သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွှန်မှုအတွက် သံဃာ့အဖွဲ့အစည်းကိုပဲ မှီခိုဖို့ အလားအလာရှိပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခိုအားထားမှုတွေဟာ မှုန့်မှုန့်ညက်ညက်ပျက်စီးနေတဲ့ သွတ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမျိုးမှာ၊ အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့အခါမျိုးမှာ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာတွေ အားနည်းလာတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့အစည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့၊ နောက်လိုက်ပုဂ္ဂိုလ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။ အချို့ရဟန်းတော်တွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွားရေးအတွက် သူတို့ ပိုက်ဆံအိတ်တွေကို ဖြည့်ဆီးပြီး ရိုက်စားတွေလုပ်နေတာနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။ အချို့ရဟန်းတွေ ခမျာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှု မရှိဖြစ်နေရပါတယ်။ အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ ၀န်းကျင်လေးအတွင်းမှာပဲ အာဏာတွေ၊ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။
အဲဒီလို မသတီစရာ အပြုအမှုတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာစက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှုနဲ့ တိုးတက်မှုအလားအလာတွေကို မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေက သံဃာနဲ့ဒါယကာဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို အလျင်အမြန်ပဲ ဖြည့်ဆီးပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အားကိုယ် ကိုးကြ´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်......
အရှင်ကုသလသာမိ(ပျော်ဘွယ်)