Tuesday, March 6, 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၂)



                                                  သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၂)

လူတွေဟာ သနားစရာ အင်မတန် ကောင်းတယ်။ စိတ်ကူးယဉ် ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်က ဖန်တီးထားတာလို့ အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ။ လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ 

စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။ တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။ စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပါလို့ သိပြီးတော့ သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့ သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက် သက်သာသွားတယ်။ ဒါကြောင့် စိတ်ကို သေသေချာချာကြည့်ပြီးတော့ သိဖို့အားပေးတာ တိုက်တွန်းတာပါနော်။

လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပိုင်္ပြီးတော့ ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်း ရောက်တယ်။
 လောကကြီးကို ကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရား ကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာ ရောက်သွားပြီ။
လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ 

သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့လိုတယ်။

သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခု ဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ် ဆောင်ရွက်နိုင်တယ်။
အတ္တက ဘယ်တော့မှ သူ့မှာ ပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကို ရှာတယ်။ ငွေကို အားကိုးတယ်၊ ဂုဏ်ကို အားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။

အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။ အတ္တရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာ များများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။
အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။

အတ္တက ဖျက်ဆီးချင်တဲ့သဘောရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကို နေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။ အတ္တရဲ့ သဘာဝကို သေသေချာချာ စဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှ မရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်း စိုးရိမ်နေတယ်။ အမြဲတမ်း ကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ 

လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်း လုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှဖြစ်မယ်။ ငါခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။ အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက် အဆင်ပြေဖို့ သူများကို အသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှု မပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှ မလွတ်လပ်ဘူး။

ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည် နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက် အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။

လူတွေဟာ ကိုယ့်အကြောင်းကိုယ် မသိဆုံးပဲ၊ ပြင်ပအကြောင်းတွေသိတာ အင်မတန်များတယ်။ လူတွေကတော့ ကိုယ့်အကြောင်းကိုယ် သိတယ်လို့ ထင်မှာပဲ။ တကယ်တော့ မသိဘူး။ အထင်ပဲ။ “ငါ့စိတ်” “ငါ့စိတ်” လို့သာ ပြောနေတာ တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။ သိတယ်လို့ ထင်နေတာပဲ။ ဒီစိတ်က တွန်းပေးသမျှ ခိုင်းသမျှ အားလုံးကို လျှောက်လုပ်နေတယ်။

စိတ်အကြောင်းကို တကယ်သိသွားရင် စိတ်က ခိုင်မာရင့်ကျက်လာမယ်။ အေးချမ်းလာမယ်။ တည်ငြိမ်လာမယ်။ အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။ စိတ်ကို တကယ်သိသွားရင် အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊ နှိပ်စက်တာ မခံရတော့ဘူး။ ကိုယ့်ကို အနှိပ်စက်ဆုံးဟာ သူတစ်ပါးမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ။ ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။ ကိုယ့်စိတ်မှာ ဖြစ်သမျှကို သတိထားပြီး ကြည့်နေရင် ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေး ရှိဖို့လိုတယ်။

ရုပ်ပိုင်းဆိုင်ရာ အိုးအိမ်မရှိတဲ့သူတွေဟာ ဘယ်လိုနေကြရသလဲ။ ဟိုနေဒီနေ အတည်တကျမရှိဘူး၊ ဘယ်နေရာမှ သူ့အိမ်သူ့ရာလို့ ပြောလို့မရဘူးနော်။ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ဂုဏ်သိက္ခာ မဲ့တယ်။ သတိမရှိတဲ့စိတ်ကလည်း ထို့အတူပဲ။ ဟိုရောက်ဒီရောက်နဲ့ ဂုဏ်သိက္ခာမရှိဘူး။ မကောင်းတဲ့အာရုံ၊ လောဘ၊ ဒေါသ၊ မာနစတဲ့ အကုသိုလ် အန္တရာယ်တွေ များတယ်။
သတိဆိုတဲ့အိမ်မှာ တကယ်နေလိုက်ပြီဆိုရင် လုံခြုံတယ်၊ စိတ်ချရတယ်၊ အန္တရာယ်ကင်းတယ်၊ တည်ကြည် ခံ့ညားမှုရှိတယ်။ သတိဟာ စိတ်အတွက် အိမ်ပဲ။ သတိနဲ့မနေတဲ့ သူရဲ့စိတ်မှာ အိမ်မရှိဘူး။ ရောက်ရာပေါက်ရာ လျှောက်သွားနေတာပဲ။ ပေ ၊ တေ ၊ လေ နေတဲ့စိတ်ပဲ။

စိတ်ကို ကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရှုပ်ထွေးမနေအောင် ညှိတတ်ဖို့လိုမယ်။ (mental tuning) လုပ်တယ်ဆိုတာ စိတ်ကို ကြည်အောင် လုပ်တာ၊ အတွေးမျိုးစုံရောပြီး ရှုပ်မနေအောင် လုပ်တာကို ပြောတာ၊ မဆိုင်တဲ့ကိစ္စတွေ တွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံး အကြံဉာဏ်တွေ စိတ်ကူးတွေ မထွက်နိုင်တော့ဘူး။
စိတ်ကိုသိနေတဲ့ အလေ့အကျင့်၊ အတွေးတွေကို သိနေတဲ့အလေ့အကျင့် သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ အတွေးတွေ ရှုပ်လာတဲ့အခါ အဲဒါကို သိမယ်။ သေသေချာချာသိရင် ရှင်းလို့ရတယ်။ 

စိတ်ရှင်းရှင်းနဲ့ နေတတ်ရင် လုပ်သင့်တာတွေ ပိုလုပ်နိုင်တယ်။ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး။ မတွေးသင့်တာကိုလည်း မတွေးတော့ဘူး။ အဲဒီလိုနေနိုင်ရင် ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ ကိုယ့်လက်ထဲမှာ ရှိမယ်။ တရားအားထုတ်ပြီးတော့ သတိ၊သမာဓိတွေ ပိုကောင်းလာတဲ့လူဟာ (quality) အရည်အသွေးဆိုတဲ့ သဘာဝကို ပိုနားလည်လာတယ်။ ဘယ်ဟာလုပ်လုပ် အရည်အသွေး ပိုမြင့်တာကို လုပ်တယ်။ စာအုပ်ဖတ်မယ်ဆိုရင် ကြုံရာစာအုပ် မဖတ်ဘူး။ လူလူချင်းဆက်ဆံရေးမှာ ဘယ်သူနဲ့ဆက်ဆံရင် ပညာရသလဲ ဆိုတာကို စဉ်းစားပြီးမှ အဲဒီလူတွေဆီကနေ ပညာများများ ရအောင် ဆက်ဆံတယ်။ ကိုယ်ကလည်း ပေးရမယ်ဆို ပေးတယ်။ အသွားအပြန် ရှိတယ်။

အကယ်၍ television ကြည့်တယ်ဆိုရင်တောင်မှ ဘယ်အပိုင်းလေးဟာ မှတ်သားစရာ နည်းယူစရာ ကောင်းတာလေးတွေပါသလဲ အဲဒီအပိုင်းလေးတော့ ရွေးပြီး ကြည့်တယ်။ ကျန်တဲ့အပိုင်းတော့ မကြည့်ဘူး။ သတိရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူ၊ စိတ်ဓါတ်အင်အားကြီးတဲ့လူဟာ အတိုင်းအရှည်ကို သိတယ်။ အဲလောက်ဆိုရင် သင့်တော်တယ်ဆိုတာကို သိတယ်။ အဲဒီသင့်တော်တဲ့ အတိုင်းအရှည်ထဲကနေ လွန်မသွားဘူး။ စကားပြောတာတောင် တစ်နေကုန် တစ်နေခန်းတော့ ပြောမှာမဟုတ်ဘူး။ အချိန်အကန့်အသတ်လေးနဲ့ ပြောမယ်၊ စာဖတ်တာလည်း အချိန်အကန့်အသတ်လေးနဲ့ ဖတ်မယ်၊ ဘာပဲလုပ်လုပ် အကန့်အသတ်လေးတစ်ခု ထားပြီးလုပ်မယ်။ အဲဒီလိုလူရဲ့ ဘ၀အရည်အသွေးဟာ ကြာလေ တက်လေ ဖြစ်လာတယ်။

ဒါကြောင့် တရားကိုအားထုတ်လို့ သတိ၊ သမာဓိကောင်းလာလို့ရှိရင် အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်လာတယ်။ တန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာ ပိုပြီးတော့မြင်လာတယ်။ တန်ဖိုးရှိတာကို ပိုလုပ်ချင်တယ်၊ တန်ဖိုးရှိတာကို လုပ်လို့ရတဲ့ ကျေနပ်မှုကိုလည်း သိပ်သဘောကျတယ်.....။

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။

ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။
ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။
 
“ Everything that crosses the mind, wears and tears the mind ” စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။ လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။
လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ 

အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။

တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။
တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ 

သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။
သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဉာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။ အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။
နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ 

ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။ အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။

သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။

အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။
“ အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ 

ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် ” တဲ့။ “ ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “ အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် ” တဲ့။

အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။

စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။

အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။
သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။

 နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။ အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။

အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ 
 လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။

…ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့ အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ ထိုင်တွေးပြီင်္း ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကို လုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။

…သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စ တစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ။

…အပိုလုပ်လို့ အလုပ်ပိုတာ…။
…ခြေတစ်လှမ်း တစ်ချက်လောက် သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကို အကျိုးများတာကို သိလာလိမ့်မယ်။

…သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ သွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်း လျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်။

…မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင် အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။

…အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်။
…ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လ၀ီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီင်္းတော့ အားကောင်းလာတယ်။

…အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် “ ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေး စိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ ေ

နရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။

…စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်။

…တရားကတော့ အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဥာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။
…ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။

…စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဥာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။
…တရားအားထုတ်တယ်ဆိုတာ တကယ်ကို ရာခိုင်နှုန်းပြည့် ရိုးရိုးသားသား စိတ်ရောကိုယ်ပါ လုပ်မှပဲ တကယ်ထိထိ ရောက်ရောက် တိုးတက်မှု ဖြစ်နိုင်တယ်။ ဒီလိုမလုပ်ရင်တော့ နဲနဲပါးပါး အပေါ်ယံ သတိ၊ သမာဓိလောက် ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိလောက်ပဲ ရရင်ရမယ်။ တကယ်လေးနက်တဲ့ အဆင့်မြင့် သတိ၊ သမာဓိ ဥာဏ်ပညာ မရနိုင်ပါဘူး။

…သိနေတာကို သိနိုင်တဲ့သတိ ဖြစ်လာတော့ သိနေတာကို သိနေတဲ့အချိန်မှာမှ “ ငါအခုမှ လူဖြစ်ပြီ ” လို့ ခံစားလိုက်ရတယ်။
…ဥပေက္ခာဝေဒနာဟာ မသိရင် မောဟဖြစ်နေတဲ့အတွက်ကြောင့် ငြိမ်းချမ်းတဲ့သဘောတော့ မရှိဘူး။ ဒါကြောင့် ဥပေက္ခာကို မသိရင် ဒုက္ခနဲ့တူတယ်တဲ့။ ဥပေက္ခာကို သိရင် သုခနဲ့ တူတယ်တဲ့။
…ဥပေက္ခာက အခြေအနေကိုလိုက်ပြီးတော့ သုခဘက်ကိုလည်း ပါတတ်တယ်။ ဒုက္ခဘက်ကိုလည်း ပါတတ်တယ်။ ဥပေက္ခာဝေဒနာကို များများသိအောင် လုပ်လို့ရှိရင် စိတ်က ပိုပြီးတော့ ငြိမ်းချမ်းလာတယ်။

…သိပြီးတော့နေတဲ့ စိတ်ကလေးဟာ ငြိမ်းချမ်းနေတယ်၊ အဲဒီငြိမ်းချမ်းနေတဲ့စိတ်ကလေးဟာ ညီမျှနေတယ်။ ဟိုဘက် မရောက်ဘူး။ ဒီဘက်လည်း မရောက်ဘူး။ ၀ီရိယ ပိုတယ်လည်း မရှိဘူး။ ၀ီရိယ လိုတယ်လည်း မရှိဘူး။ ၀ီရိယ ညီမျှနေတယ်။ အဲဒီလို ၀ီရိယ ညီမျှနေတာကိုလည်းပဲ ဥပေက္ခာလို့ပဲ ခေါ်တယ်။
…အဲဒီလိုစိတ်ထဲမှာ အားလုံး ဥပေက္ခာဖြစ်ပြီး ငြိမ်းချမ်းနေတဲ့အခါမှာ ပထမတော့ ငါငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ ငါပါနေတယ်နော်။ ဒီလိုနဲ့ဆက်ပြီးတော့ အားထုတ်သွား၊ အားထုတ်သွား၊ အားထုတ်သွား ကြာလာတဲ့အခါမှာ ငါမပါတော့ဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာပဲ ရှိတော့တယ်။

…ငြိမ်းချမ်းမှုဟာ အနတ္တဖြစ်သွားပြီနော်။ ငါ့ရဲ့ငြိမ်းချမ်းမှု မဟုတ်ဘူး၊ ငါပိုင်ဆိုင်တဲ့ ငြိမ်းချမ်းမှု မဟုတ်ဘူး။ ငြိမ်းချမ်းမှု ဆိုတာ သဘာဝတရားတစ်ခုဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်နော်။ အဲဒီလို ဥပေက္ခာဖြစ်နေတဲ့အခါမှာ ကိုယ့်ဟာကိုယ် ငါတရားအားထုတ်နေရတယ်လို့တောင် မထင်တော့ဘူး။ သူ့အလိုလိုပဲ တရားအားထုတ်တာ ဖြစ်သွားနေတာ။ အဲဒီလို အခါမှာ အနတ္တကို ကောင်းကောင်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီတော့ ငြိမ်းချမ်းမှုရဲ့ အနတ္တကို သိရတယ်။ အနတ္တ လက္ခဏာကို သိရတယ်။

…ဒီငြီမ်းချမ်းမှုဟာလည်းပဲ အမြဲတမ်းတော့ မရှိဘူး။ သူလည်း ပျက်ချင်တဲ့အခါ ပျက်သွားတာကိုး။ ဖြစ်နေတဲ့အချိန်မှာ တောင်မှ တဆက်ထဲလို့ ပြောလို့မရဘူး။ တစ်ခုပြီးမှ တစ်ခုပဲ။ အဲသလို အားထုတ်သွားပြီးတော့ ငြိမ်းချမ်းနေတဲ့ အနတ္တ သဘောကို သိပြီးတော့ နေရင်းကလည်း နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။

…စိတ်က တခြားကို ပျံ့လွင့်သွားရင် အဲဒါကို သိလိုက်ပါ။ တခြားတစ်ခုခုကို တွေးနေပြီ။ သိလိုက်ပြီ။ သိပြီးရင် ညင်ညင်သာသာ စိတ်ကလေး နူးနူးညံ့ညံ့ကလေးနဲ့ နဂိုနေရာကို ပြန်ယူလာပါ။ ကိုယ့်စိတ်ကိုပဲ ကိုယ်ပြန်ပြီးတော့ မကျေမနပ် မဖြစ်လိုက်ပါနဲ့။ ဒီစိတ်ကလည်း ဟိုတွေးဒီတွေး တွေးပြန်ပြီပေါ့လို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ ဒေါသ မဖြစ်ဖို့နော်။
…လောဘအားကြီးနေတဲ့အချိန်မှာ လောဘက သူလိုချင်တာ ရဖို့ပဲ။ ဘယ်လိုနည်းနဲ့ရရ ရရင်ပြီးရော။ ဒါကိုပဲ သူဆုံးဖြတ်မှာပဲ။

…ဒေါသအားကြီးနေတဲ့အခါမှာ မကျေနပ်တဲ့စိတ် အားကြီးနေတယ်။ အဲဒီအချိန်မှာ သူ့အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတော့ သူတစ်ပါးကို ပြောရဆိုရဖို့၊ ရိုက်ရ နှက်ရဖို့၊ အပြစ်ဒဏ်ပေးရဖို့၊ နှိပ်စက်ရဖို့က အရေးကြီးဆုံးဖြစ်နေတယ်။ အဲဒါဟာ တရားတယ်။ အဲဒါဟာ မျှတတယ်လို့ သူထင်မှာပဲ။ ဒါမှ လုပ်သင့်တဲ့ကိစ္စလို့ သူထင်မှာပဲ။

…မာနဖြစ်တဲ့အခါမှာ ဘယ်လိုနေသလဲဆိုတော့ သူများထက် သာရဖို့ အရေးကြီးဆုံးပဲ။ တခြားကိစ္စတွေက အရေးမကြီးဘူး။
…ထို့အတူ က္ကုဿာမစ္ဆရိယ စိတ်သဘောထားလည်း ဒီလိုပဲ။ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် ရှိတယ်။ သူများ ကြီးပွားတာကို မလိုချင်ဘူး။ သူ မကြီးပွားသင့်ဘူးလို့ ယူဆတယ်။ “ ငါပဲ ကြီးပွားသင့်တယ် ” လို့ ထင်နေတယ်။ ကိုယ့်မှာရှိတာကို မျှပေးဖို့ စိတ်မကူးနိုင်ဘူး။

…လူတွေရဲ့စိတ်မှာ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မာနဖြစ်လိုက်၊ မနာလို ၀န်တိုတဲ့စိတ်ဖြစ်လိုက်၊ တော်ကြာ လောဘပြန်ဖြစ်လိုက်၊ တော်ကြာမာနဖြစ်လိုက်၊ သတိမရှိတဲ့သူ၊ မောဟနဲ့ နေတဲ့သူဆိုရင် တစ်ခုမဟုတ် တစ်ခုတော့ တစ်လှည့်စီ ဖြစ်နေတာနော်။

… စိတ်ရဲ့သဘာဝဟာ လောဘဖြစ်နေတဲ့အချိန်မှာ လောဘကို ငါလို့ထင်တယ်။ လောဘကို ငါ့စိတ်လို့ ထင်တယ်။ လောဘက လိုချင်နေတာကို ငါလိုချင်တယ်လို့ထင်တယ်။ လောဘက တရားတယ်လို့ထင်ရင် ငါတရားတယ်လို့ပဲ ယူဆမှာပဲ။ ထို့အတူပဲ ဒေါသ၀င်လာတဲ့အခါမှာလည်း ဒေါသကို ငါလို့ ထင်နေတယ်။ ဒေါသက လုပ်ချင်တာကို အရေးကြီးတယ်လို့ထင်တယ်။ အဲသလို ဖြစ်နေတာနော်။

…ဒါပေမယ့် သတိနဲ့ ဥာဏ်နဲ့ ကြည့်တတ်တဲ့သူအဖို့ ဒီဒေါသ၊ လောဘဟာ ငါမဟုတ်ဘူးလို့ မြင်လာတယ်။ ဒါကြောင့် သူတို့ခိုင်းတိုင်း မလုပ်တော့ဘူး။ သူတို့ရဲ့ လွှမ်းမိုးမှုကနေ လွတ်သွားတယ်။

…တစ်ယောက်ယောက်ကို စိတ်ဆိုးတယ်၊ မကျေနပ်ဘူး၊ သူက ငါ့ကို ဘယ်လိုပြောလို့ ငါက စိတ်ဆိုးတယ်လို့ ဇာတ်လမ်းကို စဉ်းစားမနေပဲနဲ့ စိတ်ဆိုးနေတဲ့စိတ်ကလေးကိုပဲ ကြည့်ဖို့လိုတယ်။ ဇာတ်လမ်းကို တွေးရင် စိတ်က ပိုပြီးတော့ ဆိုးလာတတ်တယ်။ ပိုပြီးတော့ စိတ်ဆင်းရဲသွားတတ်တယ်။ ဇာတ်လမ်းကို တွေးနေတာ မဟုတ်တော့ဘဲနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားမှုကိုပဲ ကြည့်နေပါ.....။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရဆရာတော်)

Monday, March 5, 2012

အရာအားလုံးကို ကျော်ဖြတ်နိုင်စွမ်းသော.......မေတ္တာ

(အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ။ သနားစရာလည်းကောင်း အမှားကိုဝန်ခံရဲ တဲ့ သတ္တိကိုလည်းလေးစားခဲ့ရပါတယ်။ ဘယ်လောက်ပဲမှားမှား။ အမှားကို ၀န်ခံဖို့ဆိုရင် ဘယ်တော့ မှနောက်မကျဘူးဆိုတဲ့ သင်ခန်းစာလေးပါရတဲ့ ဖြစ်ရပ်မှန်လေးပါ။ )
အရာအားလုံးကို ကျော်ဖြတ်နိုင်စွမ်းသော.......မေတ္တာ
၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။
“၁၉၉၂ ခုနှစ် ၅လပိုင်း ၁၇ရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက်ဆေးရုံ ဒေါက်တာအင်ဒရေယာ နဲ့ ဆက်သွယ်ပါ”

ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက်တစ်ခု ထသွားစေခဲ့တယ်။ လူတော်တော်များများ ဝေဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း ထွက်လာပြီး ၀န်ခံပါ့မလား? တကယ်လို့ ထွက်လာပြီးဝန်ခံရင် သူ့နာမည်ပျက်မယ်။ သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင် သူဟာ လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကိုထပ်ကျူးလွန်သူဖြစ်သွား လိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးက ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကိုလူတွေက စိတ်ဝင်စားနေကြတယ်။


 အီတလီ ဗွိုင်လာရီ မြို့ရဲ့ ရပ်ကွက်တစ်ခုက မော်နီကာ ဆိုတဲ့ လူမည်း ကလေးမ တစ်ဦးဟာ အရှက်တစ်ခုရဲ့ လျှို့ဝှက်ချက်ကို အစဆွဲထုတ်ခဲ့တယ်။ သူ့အမေ... မုဒိန်းကျင့်ခံခဲ့ရဖူးတဲ့ အသက် ၃၅ နှစ်အရွယ် မာမိတာ ကလူတကာရဲ့ပစ်မှတ်ဖြစ်လာခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ပီတာကလူဖြူတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ကလေးတွေက အဖြူတစ်ယောက်၊ အမည်းတစ်ယောက်ဖြစ်နေတယ်။ အဲဒီထူးခြားတဲ့ မြင် ကွင်းက ပတ်ဝန်းကျင်က လူတွေကို ပိုပြီးသံသယ၀င်စေခဲ့တယ်။ ဒါကို မာမိတာကဘယ်လိုပြောလဲဆို တော့ သူ့အဘွားက လူမည်းဖြစ်ပြီး အဘိုးကလူဖြူဖြစ်တဲ့အကြောင့် ဒါကြောင့် သမီးလေးမော်နီကာ ကျမှ သွေးကလာဆန့်ကျင်တာပါပေါ့လေ။ ၂၀၀၂ ခုနှစ် ဆောင်းဦးပေါက်မှာ လူမည်းလေး မော်နီကာ နာမကျန်းဖြစ်ပြီး ကိုယ်အပူချိန်တွေတက်ခဲ့တယ်။ နောက်ဆုံး ဒေါက်တာ အင်ဒရေယာက မော်နီကာမှာ သွေးကင်ဆာရှိနေတဲ့အကြောင်း ရိုးတွင်းချဉ်ဆီ ရွှေ့ပြောင်းကုသနည်းကမှ သူ့အတွက် တစ်ခုတည်း သော အကောင်းဆုံး ကုသနည်းဖြစ်ကြောင်း ပြောတယ်။

ဆရာဝန်က ဆက်ပြီး “မော်နီကာနဲ့ သွေးသားတော်စပ်တဲ့ လူတွေမှာ လိုအပ်တဲ့ ရိုးတွင်းချဉ်ဆီကို အလွယ်တကူ ရှာနိုင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ဆွေမျိုးတွေအားလုံး ဆေးရုံလာပြီး စစ်ဆေးပါ” လို့ ပြောတယ်။ မာမိတာ ကမျက်စိမျက်နှာ ပျက်လို့ပေါ့။ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးကို ခေါ်ပြီးစစ်ဆေး ခဲ့ပါတယ်။ နောက်ဆုံးရတဲ့ အဖြေက သွေးချင်း “မကိုက်ညီပါ”တဲ့။

မော်နီကာရဲ့ ရောဂါအခြေအနေက သူနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီရဖို့နှုန်း အင်မတန်သေးငယ်တဲ့ အကြောင်း ဆရာဝန်က ပြောပြန်တယ်။ ဖြစ်နိုင်ဖို့အခြေအနေတစ်ခုက မာမိတာ နဲ့ သူ့ခင်ပွန်း နောက် ထပ် ကလေးတစ်ယောက် မွေးပြီး အဲဒီကလေးရဲ့သွေးတွေ မော်နီကာထဲ သွင်းပေးဖို့ ဆရာဝန်က အကြံ ပေးပြန်တယ်။ ဒီအကြံကို ကြားတော့ မာမိတာ တစ်ယောက် တုန်လှုပ်ခဲ့မိတယ်။ “ဘုရားရေ... ဘာဖြစ် လို့ ဒီလို ဖြစ်ရတာလဲ” လို့ သူ့နှုတ်က လွတ်ခနဲ့ အော်လိုက်မိတယ်။ ခင်ပွန်းဖြစ်သူ ကို မျှော်လင့်ချက်မဲ့တဲ့ အကြည့်၊ ချောက်ချားတဲ့ အကြည့်နဲ့ သူကြည့်လိုက်မိတယ်။


ခင်ပွန်းသည် ပီတာလည်း အဲဒီအကြံကြောင့် မျက်မှောင်ကြုတ်လို့။ ဒေါက်တာအင်ဒရေ ကလူအတော် များများလည်း ဒီလိုသွေးသွင်းနည်းနဲ့ သွေးကင်ဆာကို ကုသကြကြောင်း၊ ဒီလိုကုသလို့လည်းမွေးဖွား လာတဲ့ ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်တဲ့အကြောင်း ထပ်တလဲလဲ ရှင်းပြနေခဲ့တယ်။ဇနီး မောင်နှံနှစ်ဦးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနားထောင်နေခဲ့တယ်။ နောက်မှ“ကျွန် တော်တို့ စဉ်းစားပါရစေဦး” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်။

နောက်တစ်နေ့ညနေ ဒေါက်တာအင်ဒရေတစ်ယောက် ဆေးရုံမှာ တာဝန်ကျနေတုန်း မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦး ရောက်လာခဲ့တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ မာမိတာရဲ့ လက်ကို ခင်ပွန်း သည်က တွဲထားတယ်။ မျက်နှာ မသာမယာနဲ့ ဆရာဝန်ကို “ ဒေါက်တာကို ကျွန်တော်တို့ အဖြစ်အပျက် တစ်ခု ပြောပြချင်ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ဒေါက်တာလျှို့ဝှက်ပေးရမယ်။ဘာဖြစ်လို့လဲဆို တော့ ဒါဟာကျွန်တော်တို့ နှစ်ပေါင်းအတော်ကြာ လျှို့ဝှက်လာတဲ့ ကိစ္စမို့ပါ” ဆရာဝန်ကတလေးတစား ခေါင်းညိတ်ပြလိုက်တယ်။

“လွန်ခဲ့တဲ့ ၁၀နှစ် ၁၉၉၂ခုနှစ် မေလမှာ ကျွန်တော့်သမီးလေး ယီလီယာနာ နှစ်နှစ်ပြည့်တယ်။ ကျွန်တော့်ဇနီး မာမိတာက စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်တယ်။ သူက ညတိုင်း(၁၀) နာရီမှ အလုပ်ဆင်းတယ်။ အဲဒီညသူအလုပ်ဆင်းတော့ မိုးအကြီးအကျယ် ရွာနေခဲ့တယ်။ လမ်းပေါ်မှာလည်း
လူခြေတိတ်နေတယ်။ စွန့်ပစ်ထားတဲ့ ကားရပ်နားနေရာ တစ်ခုရောက်တော့ နောက်ဖက်မှာ ခြေသံတစ်ခု ကို သူကြားလိုက်မိတယ်။ နောက်လှည့်ကြည့်လိုက်တော့ လူမည်း လူရွယ်တစ်ဦး သူ့နောက်မှာ ရပ်နေ တာကို တွေ့လိုက်တယ်။ လူမည်းက လက်ထဲကတုတ်နဲ့ သူ့ကိုရိုက်လိုက်တယ်။ မူးမေ့သွားတော့ သူ့ကို မဖွယ်မရာ လုပ်တော့တာပဲ။ သတိရလာတော့ အိမ်ကို အမြန်ဆုံး သူပြန်ပြေးခဲ့တယ်။ အိမ်ရောက်တော့ မနက်(၁)နာရီ ထိုးနေပြီ။ အရူးတစ်ယောက်လိုကျွန်တော်အိမ်ထဲကနေ ကမူးကရူးပြေးထွက်ပြီး အဲဒီ လူမည်းကိုလိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။ အဲဒီညကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ” ပီတာက စကားကို ခဏရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။

ပီတာက ဆက်ပြီး “ အဲဒီကိစ္စပြီးတော့ မကြာပါဘူး မာမိတာ မှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်က လူမည်းရဲ့ ကိုယ်ဝန်ပဲဖြစ်မယ်ဆိုပြီးကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်ခဲ့တယ်။ မာမိတာ က ကိုယ်ဝန်ဖျက်ချ မလို့ဘဲဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကလေးဖြစ်နေမှာလဲ စိုးခဲ့တယ်။စိုးရိမ်ကြောင့်ကြမှုနဲ့ ကျွန်တော်တို့ လအတော်ကြာ စောင့်နေခဲ့တယ်။ ၁၉၉၃ခုနှစ် မတ်လမှာ ကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။အဲဒီကလေးက
လူမည်းဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကလေးကို မိဘမဲ့ဂေ ဟာပို့ဖို့ ကျွန်တော်တို့စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကလေးရဲ့ငိုသံကြားတော့ မလုပ်ရက်ခဲ့ဘူး။ သူ့က လည်း ၀မ်းနဲ့ လွယ်ခဲ့ရတဲ့ သက်ရှိတစ်ခုပါပဲလေ။ ကျွန်တော်နဲ့ မာမိတာ ကသစ္စာတရားရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေပါ။ နောက်ဆုံး သူ့ကို ကျွန်တော်တို့မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့နာမည်ကို မော်နီကာလို့
ပေးလိုက်တယ်။

ဒေါက်တာအင်ဒရေယာ ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ တွဲခိုနေတယ်။ ဒီဇနီးမောင်နှံ့နှစ်ဦး ဘာဖြစ်လို့ နောက်ကလေးတစ်ယောက် ထပ်မွေးဖို့ဒီလောက်တောင် ကြောက်ရွံ့နေရသလဲဆိုတာကို သူအခုမှ သဘောပေါက်တော့တယ်။ ဆရာဝန်က အလေးအနက်စဉ်းစားတဲ့ ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး “အင်း... ဒီအဖြစ်အပျက်အတိုင်းဆိုရင် ခင်ဗျားတို့ နောက်ထပ် ကလေး(၁၀)ယောက်မွေးလဲမော်နီကာနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီကို ရမှာမဟုတ်ဘူး” မာမိတာ ကိုသူတစ်ချက်ကြည့်ပြီး “ ဒီပုံအတိုင်းဆိုရင် ခင်ဗျားတို့ မော်နီကာရဲ့ဖခင်အရင်းကို ရှာရလိမ့်မယ်။ သူ့ရဲ့ ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ် သူ့ကလေးရဲ့ ချဉ်ဆီကမှ မော်နီကာအတွက် သင့်တော်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ဘ၀ထဲသူနောက်ထပ်တစ်ကြိမ် ပေါ်လာမှာကို ခင်ဗျားလို့ လိုလားသလား”

“ကလေးအတွက်ဆိုရင် သူ့ကို ကျွန်မခွင့်လွတ်နိုင်ပါတယ်။ တကယ်လို့ ကလေးကို ကယ်တင်ဖို့ သူထွက်လာမယ်ဆိုရင် သူ့ကို ကျွန်မတို့ တရားမစွဲပါဘူး”မိခင်တစ်ဦးရဲ့ ကြီးမားလေးနက်တဲ့ မေတ္တာ စကားက ဒေါက်တာအင်ဒရေယာကို ကိုင်လှုပ်ခဲ့တယ်။ ရိုးတွင်းချဉ်ဆီ လှူဒါန်းဖို့အတွက် ထူးခြားတဲ့ လူပျောက်ကြော်ငြာနဲ့ လှုပ်ဆော်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာလည်း နှစ်နဲ့ချီကြာခဲ့ပြီ။ လူ့ပင်လယ်မှာ တရားခံကို ဘယ်လိုရှာကြမလဲ? မာမိတာနဲ့ခင်ပွန်းက သေချာစဉ်းစားပြီး နာမည်အမှန်ကို မထုတ် ဖော်ဘဲ သတင်းစာမှာ လူပျောက်ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။


၂၀၀၂ခုနှစ် ၁၁လပိုင်း ဗွိုင်လာရီမြို့ရဲ့ သတင်းစာတိုင်းမှာ အထက်က ဖော်ပြခဲ့တဲ့အတိုင်း ထူးခြားတဲ့ လူပျောက်ကြော်ငြာပါလာခဲ့တယ်။ မုဒိန်းကျင့်ခဲ့တဲ့ တရားခံကို မားမားမတ်မတ် ထွက်လာပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးရဲ့အသက်ကို ကယ်ဖို့ဖြစ်တယ်။ အဲဒီသတင်းက လူထုတွေကြားမှာ တောမီးလို ဟုန်းဟုန်းတောက်ခဲ့တယ်။ ဒေါက်တာ အင်ဒရေယာရဲ့ စာတိုက်ပုံးနဲ့ ဖုန်းက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဓားစာခံအမျိုးသမီးက ဘယ်သူလဲ? သူ့ကို လူချင်းတွေ့ပြီး အကူအညီ အားပေးစကားတွေ ပေးချင်ကြောင်း လူတွေပြောကြမေးခဲ့ကြတယ်။

ဒါပေမဲ့ မာမိတာက လူတွေရဲ့ အကူအညီကို ငြင်းဆန်ခဲ့သလို သူ့နာမည်အမှန်ကိုလည်း ထုတ်ဖော်မပြောပြခဲ့ဘူး။ မော်နီကာက အဲဒီမုဒိန်းကောင်ရဲ့ သမီးပါလို့ လူတွေကို ပိုမသိစေချင်ခဲ့ဘူး။ သတင်းထောက်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြပြန်တယ်။ရောမသတင်းစာက “အဲဒီလူမည်း ထွက်လာပြီး ၀န်ခံရဲပါ့မလား? တကယ်လို့ သူက သတ္တိရှိရှိနဲ့ ထွက်လာရဲတယ်ဆိုရင် လူတွေက သူ့ကို ဘယ်လို ဆက်ဆံကြမလဲ? တရားဥပဒေကရော သူ့ကိုဘယ်လို စီမံချက်ချမလဲ? ဖြစ်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ပေးတာကို သူခံရမလား? ဒါမှမဟုတ် မားမားမတ်မတ် သတ္တိရှိရှိနဲ့ ထွက်ပြီးဝန်ခံတာကို အချီးကျူးခံမလား?” လို့ ဝေဖန်ပြန်တယ်။ တစ်ဖန် ဗွိုင်လာရီမြို့ခံ သတင်းစာက “ တကယ်လို့ ခင်ဗျားဟာ အဲဒီလူမည်းဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ?” လို့ သတင်းဖတ်သူ အများနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာတဲ့ ပြဿနာကို ဆွေးနွေးပြန်တယ်။

မြို့ခံ ထောင်တွေကလဲ မာမိတာကို ကူညီကြတယ်။ ၁၉၉၂ ခုနှစ်က တရားခံတွေရဲ့ စာရင်းကို ဆေးရုံကို တင်ပြတယ်။ အဲဒီမြို့မှာ လူမည်းတွေက နည်းတော့ ၁၀နှစ်အတွင်း ပြစ်မှုကျူးလွန်တဲ့ လူမည်းတရားခံ တွေကလည်း နည်းခဲ့တယ်။ သူတို့က မာမိတာကို “အဲဒီနှစ်တုန်းက မုဒိန်းမှုမဟုတ်တဲ့ ပြစ်မှုနဲ့ထောင်ကျ တဲ့ လူတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဖူးဘူးလို့လဲ မပြောနိုင်ဘူးလေ” လို့ အားပေးခဲ့တယ်။ တစ်ချို့က ထောင်ကလွတ်သွားခဲ့ပြီးတစ်ချို့က ထောင်ကျနေတုန်းပဲ။ မာမိတာနဲ့ ခင်ပွန်းက သူတို့ရဲ့ အကူအညီနဲ့ သဲလွန်စကို လိုက်ရှာခဲ့တယ်။ ထောင်သားတွေက ရိုးသား ဂရုစိုက်တဲ့ပုံစံနဲ့သဲလွန်စရဖို့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေက မာမိတာကို အနိုင်ကျင့်ခဲ့တဲ့ လူမည်း မဟုတ်ခဲ့ပါဘူး။ မာမိတာရဲ့ အဖြစ်အပျက်ကထောင်ထဲမှာ ပြန့်လို့နေတယ်။ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက ထောင်သား အများကို ထိခိုက်ခံစားစေခဲ့တယ်။ လူဖြူပဲဖြစ်ဖြစ်၊လူမည်းပဲဖြစ်ဖြစ် မော်နီကာအတွက် ချဉ်ဆီလှူဒါန်းဖို့ သူတို့သဘောတူ အစစ်ဆေးခံခဲ့ကြတယ်။ ဒါပေမဲ့ သင့်လျှော်တဲ့လူ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ဒီအဖြစ် အပျက်က လူအတော်များများကို စိတ်ထိခိုက်စေခဲ့တယ်။ သင့်တော်တဲ့ ချဉ်ဆီရဖို့ ပါဝင်စစ်ဆေးကြတဲ့ စေတနာရှင်တွေကလည်း မနည်းခဲ့ဘူး။စေတနာရှင်တွေ တစ်နေ့တစ်ခြား ပိုပိုများလာခဲ့တယ်။ မြို့မှာချဉ် ဆီလှူဒါန်းတဲ့ ဂယက်လှိုင်းတစ်ခု ထသွားခဲ့တယ်။ သွေးကင်ဆာ ခံစားနေရတဲ့ဝေဒနာရှင်တော်တော် များများက ဒီစေတနာရှင်တွေကြောင့် ကယ်တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မော်နီကာလေးကအဲဒီကံကောင်း ခြင်းထဲမှာ မပါခဲ့ပါဘူး။


မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦးက အဲဒီလူမည်း ထွက်ပေါ်အလာကို စိုးတထိတ်ထိတ်နဲ့စောင့်စားခဲ့ကြ တယ်။ (၂)လကြာတဲ့အထိ လူမည်းရဲ့အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ဒီလူမည်း လူ့ပြည်မှာ ရှိပါသေး သလားလို့ သူတို့စိတ်တွေ မတင်မကျဖြစ်ခဲ့ရတယ်။ ဒါမှမဟုတ် ဒီမြို့နယ်က ခွာသွားပြီလား? အီတလီမှာကော ရှိသေးရဲ့လား? ဒါမှမဟုတ် သူ့မိသားစု ပြိုကွဲမှာစိုးလို့ ထွက်မလာရဲတာလား? ဘယ်လိုပဲဖြစ်ဖြစ် မော်နီကာ တစ်ရက် အသက်ရှင်နေသေးရင် လူမည်းကိုရှာဖို့ မျှော်လင့်ချက်တစ်ရက် ရှိတယ်ဆိုတဲ့စိတ်နဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။

အသက်ဝိညာဉ်တစ်ခုက နာကျင်တဲ့ ဝေဒနာကြားမှာ အလူးအလှိမ့် ခံစားလို့နေတယ်။ မမျှော်လင့်တဲ့ အဖြစ်တစ်ခုက မျှော်လင့်ချက်မဲ့နေချိန်မှာ ရောက်လာခဲ့တယ်။ ထူးခြားတဲ့ လူပျောက်ကြော်ငြာက အသက်(၃၀)ရှိ လူမည်း ဟိုတယ်ပိုင်ရှင် “အာချီလီ” ကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ၁၉၉၂ ခုနှစ် မေလ ၁၇ ရက်နေ့ မိုးညတစ်ညမှာ အဲဒီလို အိပ်မက်ဆိုးတစ်ခု သူမက်ခဲ့ဖူးတယ်။ သူဟာ ဒီဇာတ်လမ်းရဲ့ ကာယာကံရှင်ပါပဲ။ လူကြီးလူကောင်း သူဌေးအာချီလီကို တစ်ချိန်တစ်ခါက ပန်းကန်ဆေးသမားလို့ ဘယ်သူထင်ရက်ခဲ့မလဲ? သူငယ်ငယ်ကတည်းက မိဘတွေ ကွယ်လွန်သွားခဲ့ပြီး စာလည်း သေချာမ သင်ခဲ့ရဘဲ အလုပ်ထွက်လုပ်ခဲ့ရတယ်။ အလုပ်ကြိုးစားပြီး ထက်မြက်တဲ့ အာချီလီဟာ ကိုယ်ပိုင်လုပ်အား ငွေနဲ့ လူတွေရဲ့ လေးစားမှုကို ခံယူချင်ခဲ့တယ်။ ဒါပေမဲ့ သူ့အလုပ်ရှင်က လူတန်းစားခွဲခြားတဲ့ လူဖြစ်ပြီး သူဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လဲ အဆူအဆဲပဲ ခံခဲ့ရတယ်။

၁၉၉၂ ခုနှစ် မေလ ၁၇ရက်နေ့က အာချီလီ အသက် ၂၀ပြည့်တဲ့နေ့ဖြစ်တယ်။ အလုပ်စောစောဆင်းပြီး ကိုယ့်မွေးနေ့ပွဲကို ကျင်းပမလို့ပါပဲ။ ဒါပေမဲ့သူ့ရဲ့ အလျှင်လိုမှုကြောင့် ပန်းကန်တစ်ချပ် ကျကွဲသွားခဲ့တယ်။ သူဌေးက သူ့ခေါင်းကို အတင်းဖိနှိပ်ပြီး ပန်းကန်ကွဲတွေကို မြိုချခိုင်းတယ်။အာချီလီက သူဌေးကိုမုန်းမုန်း တီးတီးနဲ့ ဆွဲထိုးပြီး ဆိုင်ထဲကနေ ထွက်ပြေးလာခဲ့တယ်။ ဒေါသစိတ်ကြောင့် လူဖြူတွေကို ကလဲ့စားချေဖို့
သူဆုံးဖြတ်လိုက်တယ်။ မိုးညက လမ်းပေါ်မှာ တိတ်ဆိတ်နေခဲ့တယ်။ ကားပတ်တစ်ခုမှာ မာမိတာကို တွေ့တော့ လူဖြူတွေကို မုန်းတီးတဲ့စိတ်နဲ့ အပြစ်မဲ့သူအမျိုးသမီးတစ်ဦးကို သူအနိုင်ကျင့်ခဲ့မိတယ်။


အနိုင်ကျင့်ပြီး အာချီလီ ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်။ အဲဒီညမှာပဲမွေးနေ့အတွက် စုထားတဲ့ငွေနဲ့ နေပယ်လ် မြို့ကိုသွားမဲ့ ရထားလက်မှတ်ကိုဝယ်ပြီး ဒီမြို့နဲ့ ဝေးရာကို သူထွက်ပြေးခဲ့တယ်။ နေပယ်လ်မြို့မှာသူကံကောင်းတယ်လို့ ဆိုရမယ်။ အမေရိကားလူမျိုးတစ်ဦး ဖွင့်ထားတဲ့
စားသောက်ဆိုင်မှာ သူအလုပ်ရခဲ့တယ်။ ကြိုးစားပြီး အပင်ပန်းခံနိုင်တဲ့အာချီလီကို ဆိုင်ပိုင်ရှင် သူဌေးလင်မယားက သဘောကျခဲ့တယ်။ သမီးဖြစ်သူ“လီနာ”ကိုပါ သူနဲ့လက်ဆက်ပေးတဲ့အပြင် ဆိုင်တစ်ခုလုံးကိုလဲ အာချီလီလက်ထဲအပ်ခဲ့တယ်။ လာဘ်မြင်တဲ့ အာချီလီက စားသောက်ဆိုင်လေးကို
ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သလို ချစ်စရာကောင်းတဲ့ သားသမီး၃ဦးဖွားမြင်ခဲ့တယ်။

အလုပ်သမားနဲ့ မိသားစုရဲ့ အမြင်မှာ အာချီလီဟာ သူဌေးကောင်း၊ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ ပြစ်မှုတစ်ခုကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုလည်း သူဘယ်တော့မှမမေ့ခဲ့ဘူး။သူကျူးလွန်ခဲ့မိတဲ့ အမျိုးသမီးကို ဘုရားသခင် စောင့်ရှောက်ဖို့၊ ဘေးမသီရန်မခဖို့ သူအမြဲဆုတောင်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှ အဲဒီလျှို့ဝှက်ချက်ကိုသူမပြောပြရဲခဲ့ဘူး။ အဲဒီနေ့မနက်က သတင်းစာထဲက သတင်းကိုဘယ်နှစ်ကြိမ် မြောက်သူကြည့်မိခဲ့လဲ မသိဘူး။ သူဟာ သူတို့အလိုရှိနေတဲ့ တရားခံပဲဖြစ်ရမယ်လို့သူ့သိစိတ်ထဲကနေ သိလိုက်မိတယ်။ သနားစရာကောင်းတဲ့ အဲဒီအမျိုးသမီးကိုယ်ဝန်ရှိသွားမယ်လို့ သူလုံးဝ တွေးမထားမိခဲ့ဘူး။ ကလေးကိုမွေးခဲ့မယ်လို့လဲ မထင်ခဲ့မိဘူး။

ဒီရက်ပိုင်းအတွင်း ဒေါက်တာအင်ဒရေယာဆီ အာချီလီဖုန်းဆက်ချင်ခဲ့တယ်။ဒါပေမဲ့ဖုန်းနံပါတ် လှည့်ပြီးတိုင်း ဖုန်းကို သူချလိုက်မိတယ်။ သူစိတ်တွေမတင်မကျနဲ့ တကယ်လို့ ဒီကိစ္စကို သူဝန်ခံခဲ့ရင် သူ့ရဲ့ အတိတ်ဆိုးကိုလူတွေသိကုန်တော့မယ်။ သားသမီးတွေက သူ့ကို မချစ်မနှစ်သက်တော့ဘဲ အေးချမ်း တဲ့သူ့အိမ်ထောင်ရေး ပြိုကွဲတော့မယ်။ လှပတဲ့ ဇနီးမယားတစ်ဦးနဲ့ ပတ်ဝန်းကျင်ရဲ့လေးစားမှုတွေ ဆုံးရှုံးရတော့မယ်။ ဒီလိုချမ်းအေးတဲ့ အခြေအနေတစ်ခုရောက်အောင်သူမနည်း ကြိုးစားခဲ့ရတယ် မဟုတ်လား..?

တစ်ည ညစာစားနေတဲ့အချိန်မှာ မိသားစုအားလုံးက ယခင်ပုံမှန်အတိုင်းပဲအဲဒီသတင်းကို ဆွေးနွေးနေကြတယ်။ မယားဖြစ်သူ လီနာက “မာမိတာကိုကျွန်မအရမ်းချီးကျူးမိတယ်။ တကယ်လို့ ကျွန်မသာ သူဖြစ်ခဲ့ရင် သတ္တိရှိရှိနဲ့ကလေးကို မွေးခဲ့မှာ မဟုတ်ဘူး။ မာမိတာရဲ့ ခင်ပွန်းကို ကျွန်မ
ပိုချီးကျူးမိတယ်။ သူဟာ ဒီလိုကလေးတစ်ယောက်ကို လက်ခံပေးနိုင်တဲ့လေးစားထိုက်တဲ့ လင်ယောက်ျားတစ်ဦးပါပဲ” အာချီလီက နှုတ်ဆိတ်ပြီး မယားရဲ့စကားကို နားထောင်နေခဲ့တယ်။

ရုတ်တရက် သူက “အဲဒီ တရားခံကို ဘယ်လိုမြင်သလဲ?” လို့ မေးလိုက်တော့ လီနာက“သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီးပြီ။ အခုလို အချိန်မှာသူထပ်ပုန်းရှောင်နေသေးရင် အဲဒီလူကို ကျွန်မ လုံးဝခွင့် လွတ်မှာ မဟုတ်ဘူး။သူဟာ စက်ဆုပ်ဖို့ကောင်းတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊သူရဲဘောကြောင် တဲ့လူ၊ သတ္တိနည်းတဲ့လူပဲ” လို့ပြောတော့စိတ်ဆိုးမာန်ဆိုးပြောနေတဲ့ ဇနီးသည်ရဲ့စကားကို နားထောင်ပြီး အဖြစ်မှန်ကိုပြောပြဖို့ အာချီလီ တွန့်ဆုတ်နေခဲ့တယ်။

အဲဒီညက အာချီလီရဲ့ (၅)နှစ်အရွယ်သားတစ်ယောက် အိပ်ချိန်မှာ မအိပ်လို့ အာချီလီ စိတ်မထိန်းနိုင်ဘဲ ရိုက်လိုက်မိတယ်။ ကလေးက ငိုပြီး “ ဖေဖေကလူဆိုးကြီး၊ ဖေဖေ့ကို မခေါ်တော့ဘူး။ သားရဲ့ ဖေဖေမလုပ်နဲ့တော့” လို့ပြောလိုက်တဲ့ စကားက အာချီလီရဲ့ ရင်ဝကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ သားကို
ပွေ့ဖက်ပြီး “ဖေဖေမှားပါတယ်။ နောက်ကို မရိုက်တော့ပါဘူး” လို့ တောင်းပန်ရင်းသူမျက်ရည်ကျနေမိ ခဲ့တယ်။

အဖေ မျက်ရည်ကျတာကို မြင်တော့ သားဖြစ်သူက အံ့သြသွားတယ်။ “ဖေဖေ့ကို သားခွင့်လွတ်ပါတယ်။ ဆရာမက ပြောတယ်။ အမှားကို ပြင်နိုင်တဲ့သူဟာလူကောင်းတဲ့” လို့ အဖေကို ပြန်ချော့မေ့နေခဲ့တယ်။ အဲဒီညတစ်ညလုံး သူ့ကိုယ်သူ ငရဲရောက်နေသလားလို့ အာချီလီ ထင်မှတ်ခဲ့တယ်။ အတိတ်ဆိုးဆိုး
မိုးသည်းညနဲ့ အမျိုးသမီးရဲ့ ပုံရိပ်တစ်ခုကို သူမြင်ယောင်နေမိတယ်။ အမျိုးသမီးရဲ့ အကူအညီမဲ့သံနဲ့ ငိုကြွေးသံကို သူကြားယောင် နေမိတယ်။ “ငါဟာလူကောင်းလား.. လူဆိုးလား ” လို့ သူ့ကိုယ်သူ မေးမိတိုင်း ဘေးမှာ အိပ်စက်နေတဲ့ ဇနီးရဲ့ စည်းချက်မှန်မှန် အသက်ရှုသံကို နားထောင်ပြီး ထ,ရပ် ၀န်ခံဖို့ အင်အားတွေ ပျောက်ဆုံးခဲ့ရတယ်။

မနက်မိုးလင်းတော့ ခါတိုင်းနဲ့မတူဘဲ မျက်နှာမသာမယာဖြစ်နေတဲ့ သူ့ကို ဇနီးက သတိထားမိလိုက် တယ်။ “ဘာဖြစ်တာလဲ” ဆိုတဲ့အမေးကို “နေမကောင်းလို့ပါ” ဆိုတဲ့အဖြေနဲ့ သူကွေ့ရှောင်ခဲ့မိတယ်။ အလုပ်သမားတွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုအောက်မှာ သူလိပ်ပြာမလုံဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ပြည့် ကျပ်နေတဲ့ ရှက်ရွံ့ထိတ်လန့်ခြင်းတွေက သူ့ကို ၀ါးမြိုမတတ်ပါပဲ။


အရှက်တရားနဲ့ ဖုံးဖိထားတဲ့ သူ့ဘ၀ကို လွတ်မြောက်ဖို့ အာချီလီ နှုတ်ဆိတ်မနေနိုင်တော့ဘူး။ အများသုံးဖုန်းနဲ့ ဒေါက်တာအင်ဒရေယာဆီသူဖုန်းဆက်ခဲ့တယ်။ အတတ်နိုင်ဆုံး အသံကို တည်ငြိမ် အောင်ထားပြီး “ကံခေတဲ့ ကလေးရဲ့ ကျန်းမာရေးကို သိချင်လို့ပါ” လို့ မေးတော့ “ကလေးရဲ့ အခြေ အနေကတော်တော်ဆိုး နေတယ်။ သူ့ဖခင်ကို သူတွေ့ခွင့်ရမှ ရနိုင်ပါ့မလား မသိတော့ဘူး” လို့ ပြန်ဖြေ လိုက်တဲ့ ဆရာဝန်ရဲ့ စကားက ရင်ထဲမှာကိန်းအောင်းနေတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကို လှုပ်နိုးခဲ့တယ်။ သူဟာ ငါ့ရဲ့ သွေးသားပါလား..? တစ်ခါမှားခဲ့ဖူးတဲ့ အမှားကို သူထပ်မကျူးလွန်မိဖို့၊မော်နီကာအတွက် ထရပ်ဖို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။

ညရောက်တော့ အရဲစွန့်ပြီး ဇနီးသည်ကို အကြောင်းစုံ သူပြောပြလိုက်တယ်။ “ငါဟာ မော်နီကာရဲ့အဖေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ငါသူ့ကို ကယ်မှဖြစ်မယ်”သူ့စကားကို ကြားတော့ လီနာတုန်လှုပ်သွားခဲ့တယ်။ ၀မ်းနည်းခြင်းတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်ပြီး “ရှင်ဟာ လူလိမ်ပဲ” အော်ပြီး ကလေးတွေနဲ့ မိဘအိမ်ကို ပြန်သွားခဲ့တယ်။ အာချီလီရဲ့ အကြောင်းစုံကို မိဘတွေကို ပြောပြလိုက်တယ်။ စစခြင်းမှာ ယောက္ခမတွေက စိတ်ဆိုးဒေါသထွက်ကြပေမဲ့ ခဏအတွင်းမှာပဲ စိတ်တွေတည်ငြိမ်သွားပြီး.... “မှန်တယ်။သူပြုခဲ့တဲ့ အပြုအမှုတွေအတွက် ငါတို့သူ့ကို ဒေါသထွက်သင့်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုပြောပြဖို့ သူ့အတွက် သတ္တိတွေ ဘယ်လောက်လိုခဲ့သလဲ ဆိုတာကို ငါတို့ ပြန်တွေးကြည့်သင့်တယ်။ ဒါဟာ သူ့စိတ်ရင်းအမှန် မမှေးမှိန်သေးဘူးဆိုတာ သက်သေပြနေတာပဲ။ အမှားလုပ်ခဲ့ပြီး အမှန်ကို ပြုပြင်တဲ့ ခင်ပွန်းတစ်ယောက်ကို သမီးအလိုရှိသလား..? ဒါမှမဟုတ်
တစ်သက်လုံး အမှားကို ဖုံးကွယ်ထားတဲ့ ခင်ပွန်းတစ်ယောက်ကို အလိုရှိသလား?”
မိဘစကားကို နားထောင်ပြီး လီနာ ခဏ နှုတ်ဆိတ်သွားခဲ့မိတယ်။

နောက်တစ်နေ့ မနက်အစောကြီး အိမ်ကို လီနာပြန်ခဲ့တော့ ရီဝေကြေကွဲနေတဲ့ မျက်လုံးနဲ့ အာချီလီကို တွေ့လိုက်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့
အာချီလီကို “ဒေါက်တာ အင်ဒရေယာကို ရှင်သွားရှာပါ။ ကျွန်မ အဖော်လိုက်ခဲ့မယ်” ဆိုပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဒေါက်တာ အင်ဒရေယာနဲ့ သူတို့ အဆက်အသွယ်ရခဲ့တယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့ အယ်လီဇဘက်ဆေးရုံမှာ အာချီလီကို DNA စစ်ဆေးခဲ့တယ်။ ရလဒ်က မော်နီကာဟာ အာချီလီရဲ့ သွေးသားပဲဖြစ်တယ်။မုဒိန်းတရားခံ လူမည်းကြီး သတ္တိရှိရှိနဲ့ လာရောက်ဝန်ခံတယ်ဆိုတဲ့သတင်းကိုကြားတော့ မာမိတာမျက်ရည်ကျမိတယ်။ လူမည်းအပေါ်ထားတဲ့ သူ့ရဲ့အမုန်းရန်ငြိုးဟာ ၁၀နှစ်ရှိပြီဆိုပေမဲ့ အခုလို သတ္တိရှိရှိ ထွက်ပြီးဝန်ခံလာတာကိုတော့ သူစိတ်လှုပ်ရှားမိတယ်။ ကာယကံရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ အရာအားလုံးကို လျှို့ဝှက်တင်းကျပ်စွာ
စစ်ဆေးခဲ့တယ်။ ဆေးရုံက တာဝန်ရှိသူများကလည်း ကာယကံရှင်တွေရဲ့နာမည်အမှန်ကို သတင်းထောက်တွေဆီ မပေါက်ကြားစေဘဲ မော်နီကာရဲ့ ဖခင်ကိုရှာတွေ့ပြီဖြစ်ကြောင်းပဲ သတင်းပေးခဲ့တယ်။

ဒီသတင်းကို ဂရုစိုက် အလေးထားကြားတဲ့ လူထုတွေက ဒေါက်တာ အင်ဒရေယာကိုဖုန်းတွေ၊ စာတွေနဲ့ ဆက်သွယ်ပြီး တရားခံလူမည်းကို သူတို့
ခွင့်လွတ်လေးစားကြောင်း သတင်းပါးစေတယ်။ “တစ်ချိန်တစ်ခါမှာ သူဟာပြစ်မှုကျူးလွန်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ သူဟာ
သူရဲကောင်းတစ်ဦးဖြစ်တယ်” လို့လည်း အားပေးစကားပြောကြတယ်။ ဖေဖော်ဝါရီ၁၀ရက်နေ့မှာ အာချီလီကို တွေ့ဆုံခွင့်ပေးဖို့ မာမိတာ တို့ လင်မယား
တောင်းဆိုခဲ့တယ်။ စစခြင်းမှာတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့အာချီလီ သတ္တိမရှိခဲ့ဘူး။ ဒါပေမဲ့ မာမိတာ ရဲ့ ထပ်သလဲလဲ တောင်းဆိုမှုကို
သူသဘောတူလိုက်တယ်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ တာဝန်ရှိသူတွေရဲ့ လျှို့ဝှက်စီစဉ်ပေးမှုနဲ့ဆေးရုံမှာ သူတို့တွေ့ခွင့်ရခဲ့ကြတယ်။ ဆံပင်ညှပ်ပြီးစ အာချီလီဟာ
မာမိတာ ကိုတွေ့တော့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရွေ့မရအောင် လေးလံနေသလိုမျက်နှာတစ်ခုလုံး ဖြူရော်လို့နေတယ်။ မာမိတာ တို့ ဇနီးမောင်နှံ့က
ရှေ့တိုးပြီး အာချီလီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။သုံးယောက်သားရဲ့ ပါးပြင်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့နေတယ်။
အာချီလီက ဆို့နင့်တဲ့ အသံနဲ့ “ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွတ်ပါဆိုတဲ့ စကားက ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေတာ
၁၀နှစ်ရှိခဲ့ပါပြီ။ ဒီနေ့မှပဲ ကျွန်တော့်နှုတ်နဲ့ တောင်းပန်ဖို့အခွင့်ရတော့တယ်“ “ ရှင်အခုလို ထွက်ပြီး ၀န်ခံလာတာကို ကျွန်မတို့ကျေးဇူးတင်ပါတယ်။ ရှင်ရဲ့ချဉ်ဆီနဲ့ ကျွန်မသမီးလေးကို ကယ်တင်ဖို့ဘုရားသခင်က ရှင့်ကို ကောင်းချီးပေးပါစေ”

ဖေဖော်ဝါရီ ၁၉ရက်မှာ အာချီလီရဲ့ ချဉ်ဆီကို ဆရာဝန်တွေက ခွဲစိတ်စစ်ဆေးခဲ့ကြတယ်။ ကံကောင်းစွာပဲ သူ့ရဲ့ချဉ်ဆီတွေ မော်နီကာအတွက်
လုံးဝသင့်တော်နေခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့ လူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့ လာပါပြီ။ အာချီလီရဲ့
ရိုးတွင်းချဉ်ဆီတွေ မော်နီကာကိုယ်ထဲ ရွေ့ပြောင်းပေးလိုက်ကြတယ်။ အသက်အန္တရာယ်ကနေ မော်နီကာ သီသီလေးလွတ်ခဲ့ပြီး (၁) ပတ်အတွင်းမှာ
နေကောင်းကျန်းမာလာခဲ့တယ်။ မာမိတာ တို့ လင်မယား အာချီလီကိုလုံးဝခွင့်လွတ်ပေးပြီး ဒေါက်တာ အင်ဒရေယာနဲ့ အတူ ထမင်းဖိတ်စားခဲ့တယ်။

ဒါပေမဲ့ ထမင်းစားဖိတ်တဲ့နေ့မှာ အာချီလီကိုယ်စား ဒေါက်တာ အင်ဒရေယာက စာတစ်စောင်ယူလာခဲ့တယ်။ စာထဲမှာ အားနာခယစွာနဲ့ “ခင်ဗျားတို့ရဲ့
တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့ ဘ၀ကို ကျွန်တော် မနှောင့်ယှက်ပါရစေနဲ့တော့။ မော်နီကာလည်း ပျော်ရွှင်စွာ ခင်ဗျားတို့နဲ့ အတူရှိနေနိုင်ဖို့ ကျွန်တော်
မျှော်လင့်ပါတယ်။ တကယ်လို့ အကူအညီလိုခဲ့ရင် ကျွန်တော့်ကို ပြောပါ။ အတတ်နိုင်ဆုံး ကျွန်တော်ကူညီပါ့မယ်။ တစ်ဆက်ထဲမှာပဲ မော်နီကာကိုလည်း
ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် အပြစ်တစ်ခုကို ၀န်ချဖို့ ကျွန်တော်အခွင့်ရခဲ့တယ်။ သူ့ကြောင့် ကျွန်တော်ရဲ့ လက်ကျန်ဘ၀လေး
ပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါဟာ သူပေးတဲ့ ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်တယ်”
လို့ပြောခဲ့ပါတယ်.....................................။။

လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ အပြုမှုကို တာဝန်ယူဖို့အတွက် သတ္တိတွေ
ဘယ်လောက်လိုသလဲ? လူတိုင်းရဲ့ ရင်ထဲမှာ စံပေတံတစ်ခု ရှိပါလိမ့်မယ်။
ဒီစာကို ဖတ်ပြီး မာမိတာ တို့ လင်မယားကို အရမ်းလေးစားမိတယ်။ အဖြူတစ်ယောက်၊
အမည်းတစ်ယောက် မွေးထားတဲ့ ကလေးတွေကြောင့် လူတွေရဲ့ အထင်အမြင်လွဲမှားတဲ့
အကြည့်နဲ့ ကြည့်ခံခဲ့ရပေမဲ့ ကလေးလေးကို လူလားမြောက်အောင် သူတို့
ပြုစုခဲ့တယ်။ အာချီလီရဲ့ လုပ်ရဲခံရဲတဲ့ သတ္တိကိုလဲ ချီးကျူးမိတယ်။
လူသားတိုင်းအမှားနဲ့မကင်းနိုင်ကြပါဘူး။

forward မေးလ်ကို ပြန်လည်မျှဝေလိုက်ပါသည်

Sunday, March 4, 2012

ဝေဒနာက္ခန္ဓာကို လှုပ်ခတ်စေခဲ့သော ကဗျာ (သို့မဟုတ်) အကယ်၍ သင်ဒီကဗျာကို

Share
 
ဝေဒနာက္ခန္ဓာကို လှုပ်ခတ်စေခဲ့သော ကဗျာ (သို့မဟုတ်) အကယ်၍ သင်ဒီကဗျာကို
သူငြိမ်သက်နေခဲ့၏။ နှစ်ကာလအတော် ကြာခဲ့မှန်းလည်း သူသိနေ၏။ လူငြိမ်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ ဝေဒနာလည်းငြိမ်နေ၏။ ဝင်လေထွက်လေ ရှုမှတ်မှုကို အခြေပြုသော အကျင့်တရားသည် စိတ်ကိုငြိမ်သက်အောင် အထောက် အပံ့ပေးလေသည်။ တစ်ဖန်စိတ်ငြိမ်သက်မှု အကြောင်းတရားကလည်း ခံစားမှုဝေဒနာကို လှုပ်ခတ်မှုမဖြစ်အောင် ထိန်းသိမ်းပေးနေမှန်း သူရိပ်မိလာသည်။ အကြောင်းနှင့်အကျိုးပေပဲ။  အသွားအပြန်ပေါ့။ ဒါဆိုရင် အမှား,အမှန်ဆိုတာကကော။ 

အမှား,အမှန်ကို သူစိတ်မဝင်စားဖြစ်ခဲ့ တာကြာပြီ။ စိတ်ဝင်စားစရာ ကောင်းရအောင် ကလည်း ဘယ်ဟာအမှား၊ ဘယ် ဟာအမှန် ဟူသော ဆုံးဖြတ်ရခက်သည့် အခြေအနေ များစွာကို သူတွေ့ကြုံခဲ့ရ၍ဖြစ်သည်။ အဘိဓာန်တွင် တစ်ဦးတည်း ရှည်ရှည် လျားလျားပြောသည့် စကား၊ (ပြဇာတ်၊ ရုပ်ရှင် စသည်တွင် သရုပ်ဆောင်က) တစ်ကိုယ်တော် စကားကြောရှည်ခြင်း၊ တစ်ကိုယ်တော် ရွတ်ဆိုပြသည့် ထိုဇာတ်ကို monologue ဟု အဓိပ္ပာယ်ဖွင့်၏။  

ထိုmonologue ကာလရှည်ကြီးကို သူငြီးငွေ့စိတ်ပျက်နေ ခဲ့သဖြင့် စိတ် ပျက်လက် စနှင့် ရုပ်၊ နာမ်ဓမ္မသင်္ခါရဘက်ဆီသို့ စိတ်ဦး လှည့်ကာ အသေမဦးခင် ဥာဏ်ဦးအောင် သူ ကြိုးစားကျင့်ကြံ နေထိုင်ဖြစ်ခဲ့ခြင်းပင်။  သူစိတ်ဝင်စား သည်က စကားအချီ အချ ပြောဟန်အရေးအသား၊ အပြန်အလှန် ဆွေးနွေးခြင်းဟု အဘိဓာန်တွင် အဓိပ္ပာယ် ဖွင့်ထားသည့် dialogue ဖြစ်၏။  (More dialogue between world leaders is needed) ဆိုသည့် ဝါကျကိုလည်း သူကူးယူ ထားမိခဲ့သေးသည်။ အင်အားများသူက အမှန်တရား။ 

တစ်ဖက်သတ်နိုင်သူက ရှုံးသူအပေါ် ငုံ့ကြည့်ရင်းက ပြုံးပြလိုက်သည့် မထီမဲ့မြင် အပြုံးများ။ ၄င်းကိုပင် အမှန်တရားဟု လက် ခုပ်တီးနေကြသူများ၊ အားပေးထောက်ခံနေ ကြသူများ။   မလှပသော   လောက   မြင်ကွင်းကို သူမကြည့်ရက်တော့သဖြင့်သူ့ရုပ်နာမ်ခန္ဓာ အတွင်းကဖြစ်ခြင်း၊ ပျက်ခြင်းကိုပဲ သူအာရုံပြု ဖြစ်နေခဲ့သည်မှာ ကြာပြီကော။  

ကုဋီထဲက သန့်သက်ရေ လက်ကျန် ကိစ္စ ဖြင့် သံဃာတွေ နှစ်အုပ်ကွဲကြသောအခါ ဝင်ရောက်ဖြေရှင်းပေးခဲ့သည့် ဘုရားရှင်ကိုပင် ”အရှင်ဘုရား အေးအေးဆေးဆေး သာနေရစ်ပါ” ဟု   လျှောက်ထားသဖြင့် ပလလဲတော၌ ပလလဲဆင်မင်း၏ ပြုစုလုပ်ကျွေးမှုဖြင့် ဝါတွင်းကာလ တစ်ခုလုံး သီတင်းသုံးနေထိုင်ခဲ့ရ သော ဘုရားရှင်၏ အတွေ့အကြုံကို   ပြန် သတိရမိ၏။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး တောင်မှ ကြုံခဲ့ရသေးတာ ‘မင်းကဘာမို့လို့လဲ’ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေရ၏။ ဒါကိုကြည့်၍ တစ်ခါတလေ လောကမှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် အေးအေးဆေး ဆေးနေထိုင်ရမည့် အချိန်ကာလ တစ်ခု ရှိကိုရှိ ဦးမှာပါလားဟုလည်း သူတွေးဆ ဆင်ခြင်နေ မိပြန်သည်။ 

 ယခုတော့ ဓမ္မနှင့်အဓမ္မ အားပြိုင်ရာတွင် အမြဲတစေ အရှုံးပေးခဲ့ရသော (တကယ် တော့ အရှုံးပေးခြင်းမဟုတ်ပါ၊ ရှုံးနိမ့်ခြင်းဟူ၍ သတ်မှတ်ခံခဲ့ရ ခြင်းသာဖြစ်ပါသည်)  ဓမ္မဘက်တော်သား တို့သည်   ပြန်လည် ရှင်သန်ခြင်း၊ ပြန်လည် မွေးဖွားခြင်းတို့ဖြင့် လန်းဆန်းအားသစ် နေသည့်မြင်ကွင်းကိုသူလှမ်းတွေ့နေရလေပြီ။ သူတို့တွေ ဘာကြောင့် ဒီလောက်ခက်ခဲ ကြမ်းတမ်းတဲ့  အဆိုးလောကဓံ တွေကြားထဲမှာ အပြုံးမပျက် နေထိုင်နိုင်ခဲ့ကြရသလဲ။ သူ အံ့သြနေ၏။ ကြည်လင်ရွှန်းပသော ယုံကြည် ချက်တို့ဖြင့် တောက်လက်နေသော၊ ဇရာကို အံတုနေသော၊ လန်းဆန်းနုပျိုနေမှုတို့ဖြင့် တက်ကြွနေသော၊ မျက်ဝန်းအစုံထဲက ခွန် အားတွေကို သူတလေးတစား ကြည့်နေဖြစ်ခဲ့ သည်။ သူ့အတွက် ပဟေဠိ သဖွယ်ဖြစ်နေပေ ပြီ။

 ထိုပဟေဠိသည် အနုပညာမိတ်ဆွေထံ သူရောက်သောအခါမှ အဖြေပေါ်တော့ သည်။ ”ဒါကြောင့်ထင်တယ်” ဟု ပြောပြောဆိုဆိုနှင့် သူ့လက်ထဲသို့ ထည့်ပေးလိုက်သော ကဗျာတစ်ပုဒ်ကို သူဖတ်ကြည့်နေမိသည်။ [ကဗျာဆရာက Rudyard Kipling။ ၁၈၆၅ ဒီဇင်ဘာ ၃ဝ ရက်ဖွား အိန္ဒိယနိုင်ငံ ဘုံဘေမြို့ (ယခုမွမ်ဘိုင်းမြို့) သား။ အသက် (၇ဝ) အရွယ် ၁၉၃၆-ခု၊ ဇန်နဝါရီ (၁၈) ရက် နေ့က ကွယ်လွန်ခဲ့သူ]
သူရေးခဲ့တဲ့ ကဗျာခေါင်းစဉ်က

“IF…”
အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့
ရင်ဆိုင်နိုင်မယ်ဆိုရင်…။
အကယ်၍
အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း
ယုံကြည်မူ အပြည့်ရှိမယ်ဆိုရင်…။
အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲဒီအတွက်လည်း
မမောမပန်းနေနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား
မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်…။
ဒါမဟုတ်
မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာအမုန်းတွေ
ပြန်မပွားဘူးဆိုရင်…။
ပြီးတော့
မင်းကိုယ်မင်း
လူတော်တစ်ယောက်ရယ်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း
မပြောဘူးဆိုရင်…။
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်..။
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်
သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်….။
အကယ်၍
အောင်မြင်မှုသုခနဲ့
ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော
လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…..။
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ်ထောင်ချောက်ဆင်
ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့
နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ် မင်းဘဝတစ်ခုလုံးပေး ပြီး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့
တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်..။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့
ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေပြန်စနိုင်မယ်ဆိုရင်..
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ
ညည်းညူမနေဘူးဆိုရင်…။
အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်..။
အကယ်၍
လူတွေနဲ့
ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့် သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင်….။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကြည်းအောင်
မလုပ်နိုင်စေရင်….။
အကယ်၍
လူတိုင်းကို
တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှုသံယောဇဉ်တွေ
ထားမနေဘူးဆိုရင်…။
အကယ်၍
တိုတောင်းလှတဲ့
မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..။
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို
မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့…။    ။

ကဗျာဖတ်ပြီးသောအခါ ငြိမ်သက်နေ သော ဝေဒနာက္ခန္ဓာတွေက နိုးထလာ၏။ သွေးကြောတွေထဲ၌ ဝါယောဓာတ်တို့၏ အရှိန်မြန်မြန် ‘ရုန်းကန်သံ’ တွေကိုပင် ကြား နေရသည်သို့ …။
”သည်ကဗျာကို ဘယ်သူဘာသာပြန် ထားတာလဲ”
”အစ်မ ဒေါ်အောင်ဆန်းစုကြည်လေ”
”သြော်…”

”သြော်ဟူသည့် စကားလုံးသာ သူ့နှုတ်ဖျားမှ ထွက်သွားခဲ့၏။ သူယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားနေ ထိုင်ရဦးမှာပါလားဟု သူ့ကိုယ်သူ နားလည် နေမိ၏။ ကဗျာဆရာညွှန်းဆိုသည့် ယောက်ျားကောင်း တစ်ယောက်၏ စံနှုန်းများ သူ့သန္တာန်၌ နည်းပါးနေသည်ကို သူဝန်ခံရမည်ဖြစ် သည်။ သို့သော် သူစိတ် ဓာတ်မကျပါ။  ကောင်းတာလုပ်ချင် ၊ကောင်းတာဖြစ်ချင်၊ ကောင်းတာမြင်ချင်၊ ကောင်းအောင်နေချင်သူ တစ်ဦး၏ စိတ်ဆန္ဒအတွက် မပြုရသေးသည့်  ကောင်းမှု ကုသိုလ်   တွေက စောင့်ကြိုနေလိမ့် မည်ဆိုတာကို အကြွင်းမဲ့သူယုံကြည်နေမိ၏။  

 ”ဒီလိုကောင်းတာတွေ များများလုပ်မယ် လို့တွေးတာဟာ ကိုယ့်အတွက် အောင်မြင်ဖို့ ရာ အကြောင်းအထောက်အပံ့ တကယ်ဖြစ်တယ်နော်” မဟာမြိုင်တောရ ဆရာတော် ဦးဇောတိ က၏ မင်္ဂလာတရားတော်က စကားစုတစ်စုသည် သူ့နှလုံးသားပေါ်တွင် ပဲ့တင်သံဖြစ်လာ လေသည်။ သူ့ဝေဒနာက္ခန္ဓာတွေ ဖြစ်ပျက်နှုန်း မြန်နေမှန်း သူသတိထားလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် IF ကဗျာကိုတော့ သူ့ဘဝအားမာန် အဖြစ် အထပ်ထပ်အခါခါ နှလုံးသွင်းဆင်ခြင် နေရပေဦးတော့မည်။
  မြသန်းစံ
၇-၁ဝ-၁၁

Saturday, March 3, 2012

နောက်ဆုံး နှုတ်ဆက်စကား



                                               နောက်ဆုံး နှုတ်ဆက်စကား
(၁)

ရှေးအခါက တန်ဇန် (Tanzan)လို့ ခေါ်တဲ့ ဇင်ဘုန်းကြီးတစ်ပါးရှိတယ်။ သူက သူ့ဘ၀ရဲ့ နောက်ဆုံးနေ့မှာ (ကွယ်လွန်ခါနီးမှာ) ပို့စ်ကဒ်ပေါင်း ၆၀-ကို ရေးတယ်။ သူ့နားမှာနေတဲ့ တပည့်ဖြစ်သူကို ဒီပို့စ်ကဒ်တွေ စာတိုက်ကနေ ပို့ဖို့ မှာပြီး ကွယ်လွန်သွားခဲ့တယ်။

“ဒီလောကကြီးထဲကနေ
ငါ ထွက်ခွာရတော့မယ်၊
ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက် ဖြစ်တယ်၊
တန်ဇန်၊ ဇူလိုင် ၂၇-ရက်၊ ၁၈၉၂”လို့
ပို့စ်ကဒ်တွေမှာ ရေးထားတယ်။

(၂)

ဇင်ဝတ္ထုလေးတွေက တစ်ခါတစ်ရံ ရိုးရှင်းပြီး အဓိပ္ပာယ် နက်နဲတယ်။ တစ်ခါတစ်ရံ ရှုပ်ထွေးပြီး အဓိပ္ပာယ်က ပေါ့သလို ထင်ရတယ်။ အထက်ပါ အကြောင်းအရာလေးကို ဖတ်ကြည့်တော့ သာမန်ဖတ်ကြည့်ရင် ဘာမှ မဟုတ်သလိုလေးပါပဲ။ ဒါပေမယ့် ဘာသာရေးရှုထောင့်အရ အလွန်တရာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါတယ်။ ဇင်ဝတ္ထုလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတစ်ခုကတော့ ကောက်ချက်ချခြင်းတာဝန်ကို စာဖတ်သူကို ပေးထားတာပါပဲ။ စာဖတ်သူကို တွေးဖို့၊ ကောက်ချက်ချဖို့ တာဝန်ပေးထားတော့လည်း တွေးကြ၊ ကောက်ချက်ချကြတာပေါ့။ အခုတော့ သီဟိုဠ်ရာသီဥတုက သာယာနေပြန်တယ်။ ၀ါကျွတ်တော့မယ်ဆိုတော့ သူငယ်ချင်းတွေ လှုပ်လှုပ်ရှား ဖြစ်နေတယ်။ အချို့ကလည်း စာမေးပွဲနဲ့ ခေါင်းစားနေကြတယ်။ အချို့ စာမေးပွဲမရှိတဲ့ သူငယ်ချင်းတွေကတော့ ခရီးသွားဖို့ ပြင်ဆင်နေကြတယ်။ နှုတ်ဆက်စကားများ ဝေဆာနေတဲ့ အချိန်ပါပဲ။

(၃)

သူငယ်ချင်းတွေ စုံပြီဆိုတာနဲ့ အထက်ပါ ဇင်ဝတ္ထုလေးကို ဖတ်ကြတယ်။ “ဘာကြီးလဲဟ၊ ဘာအဓိပ္ပာယ်လဲ၊ ဆွေးနွေးစရာ စဉ်းစားစရာ သိပ်မရှိဘူး ထင်ပါတယ်”လို့ ပြောနေကြတယ်။ တစ်ယောက်က ဘာမပြောညာမပြော ထ,ရယ်လိုက်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ဘာပြောရမှန်း မသိလို့ ရယ်တာ”ဆိုမှ ထပ်ရယ်လိုက်ရသေးတယ်။

တစ်ယောက်ကတော့ “မဟုတ်သေးဘူး၊ ဒီစာပုဒ်လေးမှာ နက်နဲ့တဲ့ အဓိပ္ပာယ်အချို့ ကွယ်ဝှက်နေတာ ရှိကို ရှိရမယ်၊ ဒီလောကကြီးကနေ ထွက်ခွါရတော့မယ် ဆိုတာကတော့ သိပ်ပြောစရာ ရှိမယ်လို့ မထင်ဘူး၊ ပြောစရာရှိတာက ‘ဒါဟာ ငါ့ရဲ့ နောက်ဆုံး ကြေညာချက်ပဲ’ဆိုတာပဲ။ အဲဒီမှာ ‘နောက်ဆုံး’ဆိုတာက အရေးကြီးတယ်၊ ဘယ်လို နောက်ဆုံးလဲ၊ ဒီဘ၀အတွက် နောက်ဆုံးလား၊ သံသရာမှာ နောက်ထပ် မဖြစ်တော့လို့ ခန္ဓာဇာတ်သိမ်းသွားတဲ့၊ သံသရာဇာတ်သိမ်းသွားတဲ့ နောက်ဆုံးလား”လို့ ပြောရင်းတွေး၊ တွေးရင် ပြောနေတယ်။

(၄)

အဲဒီတော့မှ တစ်ယောက်က “ဟာ … ဟုတ်လိုက်လေ၊ ငါ အဲဒါကို လုံးဝမတွေးမိဘူး၊ ဘ၀တစ်ခုရဲ့ အဆုံး၊ သံသရာကျင်လည်မှုရဲ့ အဆုံး၊ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီဇင်ဘုန်းကြီးက သံသရာဝဋ်ဆင်းရဲတွေရဲ့ အဆုံးကို ရည်ညွှန်းသွားတာဖြစ်မယ်လို့ ငါထင်တယ်”လို့ ပြောနေတယ်။

(၅)

တစ်ယောက်က ဘာမပြော ညာမပြောနဲ့ ကဗျာတစ်ပုဒ်ကို ကောက်ရွတ်နေတယ်။
“ကိုယ်သေရင် မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့ လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

ကိုယ့်လူတို့လည်း သိမှာပါ။ ဒါ ဆရာကြီး ဦးမိုးဟိန်းရဲ့ ကဗျာလေ။ …… ကိုယ့်လူတို့တော့ ဘယ်လို ထင်သလဲ မသိဘူး။ ဒီကဗျာလေးက ဆရာကြီးရဲ့ နောက်ဆုံးမှာတမ်းစကားပဲ။ ပြန်လာခဲ့မှာဆိုတော့ ဆရာကြီးမှာ သံသရာရဲ့အဆုံးဆိုတာတော့ မရှိသေးဘူး။ ဒီဘ၀ အဆုံးသတ်ပဲ ရှိသေးတာ။ ဒီနိုင်ငံကို ပြန်လာအုံးမယ်တဲ့။ သူ့စကားသူ့လေသံကို ကြည့်ရတာ တရားဓမ္မအသံတွေက လွှမ်းခြုံနေတယ်။ သူ့နှလုံးသားရဲ့ ဖြူစင်မြင့်မြတ်မှုကိုလည်း တွေ့ရတယ်။ ရတနာသုံးပါးအပေါ် ယုံကြည်စွဲမြဲတဲ့ သေချာမှုတွေလည်း ပြည့်နေတယ်။ ဆရာကြီး မကွယ်လွန်ခင်က အပြင်မှာ တွေ့ဖူးတယ်။ ဆရာကြီးက တည်ငြိမ်တယ်ဆိုတဲ့စကားထက်ကို တည်ငြိမ်တယ်။ သူ့ဥပဓိကို ကြည့်တာနဲ့ လေးစားသွားရတယ်။ ဆိုလိုတာကတော့ ဆရာကြီး နှုတ်ဆက်သွားပုံလေးဟာ အားကျစရာ သိပ်ကောင်းနေတယ်ဆိုတာပါပဲ။

(၆)

တစ်ယောက်ကလည်း နောက်ဆုံးဆိုတဲ့ စကားလေးကို ဇာတ်တော်ထဲက ဇာတ်ကောင်တွေ၊ ကမ္ဘာ့သမိုင်းက ပုဂ္ဂိုလ်ကြီးတွေနဲ့ တွဲစပ်ပြီး ပြောနေတယ်။ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်လေးတွေ ကွာခြားကြပုံ၊ တချို့က အများကို စိတ်ဆင်းရဲစရာများ ပေးပြီးမှ လူ့ဘ၀ကနေ ထွက်ခွါသွားကြပုံ၊ အချို့က ကြည်နူးစရာစိတ်ဓာတ်စွမ်းအင်လေးများ ပေးပြီးမှ လူ့ဘ၀ကို ခွဲခွါသွားကြပုံ…စတဲ့ ဘ၀အဆုံးသတ်ပုံလေးများကို စိတ်ဝင်စားဖွယ် ပြောပြနေတယ်။ “မင်းတို့ကြည့်လေ… မြတ်စွာဘုရားရှင်ရဲ့ ဘ၀အဆုံးသတ်လေးကို၊ အပ္ပမာဒေန သမ္ပာဒေထ တဲ့။ မမေ့ကြပါနဲ့တဲ့။ ဘ၀သံသရာကနေ ခွဲခွါတာတောင်မှ သူ့အတွက်ဆိုတဲ့ စိတ်က အဓိကပြမသွားဘူး။ အများအတွက် သတိပေးသွားတယ်၊ ငါတို့တွေကော သေခါနီးရင် လူ့ဘ၀ကြီးကို ဘယ်လို ထားရစ်ခဲ့ကြမလဲ။ ကိုယ့်အတွက် သိမ်းပိုက်စရာရှိတာတွေ သိမ်းပိုက်ပြီး ခွဲခွါကြမလား၊ အများအတွက် အကျိုးပြုစိတ်ဓာတ်တွေ အမွေပေးခဲ့မလား”။ သူက ပြောရင်းနဲ့ ဧရာမညောင်ပင်ကြီးကို ငေးကြည့်နေခဲ့တယ်။

(၇)

“ငါကတော့ ပါရဂူစာအုပ်ထဲက ထင်တယ်။ စတိုရီလေးတစ်ခု၊ တစ်ခါက မင်းကြီးတစ်ပါးဟာ မသေခင်မှာ မှာခဲ့တယ်။ သူသေရင် လက်နှစ်ဖက်ကို အခေါင်းအပြင်ဘက်ကို ထုတ်ထားပါတဲ့။ လက်တစ်ဖက်ကို အဖြူရောင်ဆေးသုတ်ပြီး တစ်ဖက်ကိုတော့ အနက်ရောင်ဆေး သုတ်ပါတဲ့။ သူပေးချင်တဲ့ မက်ဆေ့က - လူဆိုတာ သေပြီဆိုတာနဲ့ အရာအားလုံးကို ထားရစ်ခဲ့ရမှာ၊ ဘာမှ တမလွန်ကို ယူသွားလို့ မရဘူး၊ ဒါပေမယ့် မယူချင်သည်ဖြစ်စေ၊ ယူချင်သည်ဖြစ်စေ ပါလာမယ့် အရာနှစ်ခုတော့ ရှိနေတယ်၊ အဲဒါတွေကတော့ ကုသိုလ်ဆိုတဲ့ အဖြူနဲ့ အကုသိုလ်ဆိုတဲ့ အမည်းပဲ။ သူက အဲဒီအဓိပ္ပာယ်ကို လူတွေ သိမြင်စေချင်လို့ အဲဒီလို ခိုင်းတာပါတဲ့။

(၈)

“အခု ကိုယ့်လူတို့ ပြောနေတာတွေက ကိုယ့်အတွက်တော့ မှတ်သားစရာတွေချည်းပါပဲ။ ပြောသွားတဲ့သူတွေအားလုံးလိုလိုက ခွဲခွါခါနီးမှာ နောက်ဆုံးနှုတ်ဆက်စကားတွေ ပြောသွားနိုင်ကြတယ်။ အခု ကိုယ် စဉ်းစားမိနေတာက နောက်ဆုံးနှုတ်ဆက်စကားလေးတောင် ပြောမသွားနိုင်ကြတဲ့သူတွေပဲ။ လောကမှာ နှုတ်မဆက်ဘဲ ထွက်ခွါသွားလိုက်ရတဲ့သူတွေလည်း မနည်းဘူးကွ၊ ငါတို့ကိုယ်တိုင်ကကော ….၊ လောကကြီးကို ကျောခိုင်းကြတဲ့အခါ နှုတ်ဆက်နိုင်ကြပါအုံးမလား။ ဟိုနေ့က မြန်မာနိုင်ငံက ကိုယ့်ဆီကို ဖုန်းလာတယ်။ ကိုယ့်စိတ်တွေ မယုံကြည်နိုင်အောင် ဖြစ်ရတယ်။ ကိုယ့်ညီအရင်းလို ချစ်ရတဲ့ ၁၈-နှစ်အရွယ် ကျောင်းသားလေး ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတယ်တဲ့။ ပိုပြီး စိတ်မကောင်းစရာက သူက နောက် ၅-ရက်လောက်ဆိုရင် သာသနာ့ဘောင်ကို ခဏ၀င်မှာတဲ့။ ကဲ … သူဟာ လောကကြီးကို ခွဲခွါသွားရတယ်။

မမျှော်လင့်နဲ့ပေါ့။ သူချစ်တဲ့လောကကြီးကို သူ ဘာ နှုတ်ဆက်စကားတွေ ပြောသွားနိုင်ခဲ့သလဲ။ ဒီတော့ ကိုယ် တစ်ခု သံဝေဂ ရမိတာက ကိုယ်တို့ အသက်ရှင်နေသေးတာ သေချာနေတဲ့အချိန်လေးမှာ ကောင်းတဲ့အလုပ်လေးတွေနဲ့ စွမ်းနိုင်သလောက် ပေးဆပ်နေသင့်တယ်ဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်မဆက်ဘဲ ခွဲခွါလိုက်ရတာဟာ ကျန်တဲ့သူအတွက်ကော ထွက်ခွါသူအတွက်ပါ သိပ်မနိပ်လှဘူး”။ ပြောရင်းနဲ့ သူ့မျက်နှာမှာ ၀မ်းနည်းမှု ပုံရိပ်လေးတွေ သန်းလာနေတာ သတိထားမိတယ်။

(၉)

စကားဝိုင်းလေး မပြီးခင်မှာ မြို့ထဲကို သွားစရာရှိတာနဲ့ စကားဝိုင်းလေးကနေ ခွဲခဲ့တယ်။ သူငယ်ချင်းတွေကို ထားရစ်ခဲ့ရတယ်။ တစ်နေ့ လောကကြီးကနေ အပြီးအပိုင် ခွဲခွါရတဲ့အခါမှာကော….၊ ဒီလောက်ထိ လွယ်လွယ်လေး ရှိနေပါ့မလား။ ကောင်းသောခွဲခွါခြင်းလေးဖြစ်အောင် မခွဲခွါခင် အချိန်လေးတွေမှာ ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းတာလေးတွေ လုပ်ထားအုံးမှ….။ ခွဲခွါခြင်းဆိုတာ ဒီဆောင်းပါးလေးအဆုံးမှာတောင် ဖြစ်ချင်ဖြစ်သွားမှာ…..။ မဖြစ်နိုင်ဘူး ထင်လို့လား ….။

အရှင်ကုသလသာမိ(ပျော်ဘွယ်)

Friday, March 2, 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ


                                  

                                   သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၁)

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။
လူနဲ့ တိရစ္ဆာန် ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကို မိမိသိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါဘူး၊ သာမန်လူထက် ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။

လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။ ကိုယ့်အကြောင်း ကိုယ် သိဖို့ပဲ။
ကိုယ့်အကြောင်းကို ကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။
ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ်၊ ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။
ကိုယ်စိတ်ကို ကိုယ်သိနေတဲ့လူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစား မပေးတော့ဘူး။ အကျိုးရှိတာကို ဦးစား ပေးတယ်။ လုပ်သင့်တာကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေလာတယ်။

ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးရှိတဲ့အထဲက တကယ် အကျိုးအများဆုံး၊ အင်အားအကြီးဆုံးကုသိုလ်ဟာ မမေ့မလျော့ သတိနဲ့နေတာ။ ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း မသိရင် ကိုယ့်စိတ်က ဂယောက်ဂယက် ဖြစ်နေရင် ကိုယ့်မှာ ဘာ Power မှမရှိဘူးလို့ ပြောလို့ရတယ်။ မောဟကြီးတဲ့သူရဲ့စိတ်မှာ Power မရှိဘူး။ သတိကြီးတဲ့သူ၊ သမာဓိကြီးတဲ့သူ၊ ဉာဏ်ပညာကြီးတဲ့ သူရဲ့စိတ်မှာ Power ရှိတယ်။
“အပ္ပမာဒေါ အမတံ ပဒံ” ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။

“ ပမာဒေါ မစ္စုနော ပဒံ ” ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်းသည်၊ မစ္စုနော-သေခြင်း၏၊ ပဒံ-အကြောင်းပင်တည်း။
“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”
“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”

သတိမပါ၊ ဉာဏ်မပါပဲနဲ့ ဟိုတွေးဒီတွေးနဲ့ မေ့တိမေ့လျော့နေတဲ့သူဟာ အဲဒီအချိန်ဟာ သူ့အတွက် သေသွားတဲ့ အချိန်ပဲ။ ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့အချိန် ဘယ်ဟာက များနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်။ ဒါကြောင့် တကယ်နေလိုက်ရတဲ့အချိန်၊ တန်ဖိုးရှိရှိ နေလိုက်ရတဲ့အချိန်၊ သတိနဲ့ ဉာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့ အချိန်တွေ များအောင်လို့ ကြိုးစားမှသာ တကယ်အသက်ရှင်တဲ့သူလို့ ဆိုနိုင်မယ်။

သတိနဲ့နေတဲ့ အကျင့်ကို များများလုပ်လာတဲ့အခါကျမှ မေ့တိမေ့လျော့ နေခြင်းသည် တကယ်အသက်မ၀င်ဘူးဆိုတာ သိလာတယ်။ သတိနဲ့နေတာ အင်မတန်အသက်ဝင်တယ်။ ကိုယ့်ဟာကိုယ် တကယ်ခံစားလို့ရတယ်နော်။ သတိမြဲအောင် ကြိုးစားပြီးတော့ နေသွားလို့ရှိရင် “သတိမြဲလာလေလေ အသက်ဝင်လေလေ ” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ပိုသိလေလေ ဖြစ်လာတယ်။
မေ့တိမေ့လျော့ သတိလက်လွတ်နေတယ်ဆိုတာ မကောင်းပါဘူး။ ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး အချိန်မရွေး အခါမရွေး သတိနဲ့နေရတာ အကောင်းဆုံးပဲ။

တစ်နေ့တာလုံး သတိကပ်ပြီးတော့ နေတဲ့သူဟာ ကြည်လင်တယ်၊ အေးချမ်းတယ်၊ နူးညံ့တယ်၊ တည်ကြည် ခံညားတယ်။ မျက်နှာအမူအရာ၊ ပြောတာဆိုတာကို ကြည့်ရင်လည်း သတိနဲ့နေတဲ့သူဟာ အပိုအလို မရှိ ပြောတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိတယ်။ သတိရှိနေခြင်းသည်ပင်လျှင် စိတ်ဓါတ်နဲ့အသိဥာဏ်ကို မြှင့်ပေးထားတာနဲ့ တူတယ်။ မေ့တိမေ့လျော့နေတာဟာ ကိုယ့်ရဲ့ စိတ်အဆင့်အတန်းကို ကျသွားအောင်၊ ဘ၀အဆင့်အတန်းကို ကျသွားအောင် ခွင့်ပြုထားတာနဲ့ တူတယ်။
လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဉာဏ်၊ လုပ်ရည်ကိုင်ရည် စသည်ဖြင့် အားလုံး အဆင့်မြင့်မားလာဖို့အရေးမှာ အခြေခံ အကျဆုံး အချက်ဟာ သတိပဲ။

စိတ်ထားတွေ၊ အသိဉာဏ်တွေ၊ လုပ်ရည်ကိုင်ရည်တွေ၊ လူမှုရေး၊ စီးပွားရေးတွေပါ တဖြည်းဖြည်း တိုးတက်လာချင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်ကို သိပြီးနေပါ။ ပစ္စည်းကောင်းတွေ သုံးနိုင်ရုံနဲ့ အဆင့်အတန်း မြင့်တဲ့သူ မဖြစ်သေးဘူး။ စိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူလို့ ဆိုနိုင်တယ်။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူဖြစ်တယ်။
 Self-perfection is culture. ဆိုတာ “ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ”

Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ လုံးဝ ကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။ ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။ အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။

ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။ စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ်အေးချမ်းအောင်၊ ရိုးသားဖြောင့်မတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ ကူညီတတ်အောင်၊ မနာလို ၀န်တိုစိတ် နဲအောင်၊ မုဒိတာများအောင်၊ တစ်ကိုယ်ကောင်း မဆန်အောင်၊ ခွင့်လွှတ်တတ်အောင်၊ အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို သတိနဲ့ စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။
ဝမ်းနဲဝမ်းသာ များလွန်းတဲ့သူဟာ ဘ၀လမ်းကြောင်း မဖြောင့်ဘူး၊ ၀မ်းနဲဝမ်းသာ ဖြစ်တိုင်း ဘ၀လမ်းကြောင်း ကွေ့ကောက်သွားတယ်။
ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ ၀မ်းနဲ ၀မ်းသာဖြစ်တာတွေ၊ ကျေနပ်တာ မကျေနပ်တာ ဖြစ်တာတွေ အဖြစ်နဲအောင် နေနိုင်တဲ့သူရဲ့စိတ်ဟာ ကြည်လင်အေးချမ်းမှု ပိုရှိတယ်။

ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဖြောင့်ဖြောင့် သွားလို့ရတယ်။
သတိနဲ့နေတဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲ နေ့စဉ် တစ်နေ့လုံး သတိရတိုင်း လေ့ကျင့်လာတဲ့သူဟာ တဖြည်းဖြည်းနဲ့ မြင်ရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ကြားရတဲ့အခါမှာ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ စားသောက်ရတဲ့အခါ ဖြစ်လာတဲ့ အတွေးအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးနဲ့ မြင်တာ ကြားတာ အပေါ်မှာ သဘောထား အမျိုးမျိုးဖြစ်နေတာကို ပိုပြီး အသေးစိတ် မြင်လာတယ်၊ သိလာတယ်။ လိုချင်နေတဲ့စိတ် အမျိုးမျိုး၊ လိုချင်တာ မရမှာ စိုးရိမ်တဲ့စိတ်အမျိုးမျိုး၊ လိုချင်တာ ရတဲ့အခါ ဖြစ်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ မာန စတဲ့ စိတ်ရဲ့သဘာဝတွေကိုလည်း ပိုသိလာတယ်။ အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ ပွဲကြည့်ပရိသတ်လို သဘောထားမျိုးနဲ့ အေးအေးဆေးဆေး ကြည့်နိုင်တယ်။

အဲဒီလို ပွဲကြည့်ပရိသတ်လို ဘာမှ ၀င်မစွက်ပဲ အေးအေးဆေးဆေး ကြည့်နိုင်တဲ့ အရည်အချင်းဟာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းဖြစ်တယ်။ အဲဒီလို ကြည့်နိုင်လေလေ အမြင်ရှင်းလေလေပဲ။ အမြင်ရှင်းလေလေ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေပဲ။ အသိဉာဏ် အဆင့်အတန်း မြင့်မားလေလေ စိတ်မှာ လွတ်လပ်မှု ပိုရှိလေလေ ဖြစ်မယ်။
ကိုယ့်စိတ်ထားတွေကို ပိုပြီးတော့ တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ချမ်းသာအောင်၊ တကယ်အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်တွေ၊ စိတ်ထားတွေရအောင် လုပ်ချင်တယ်ဆိုရင် သတိနဲ့နေတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။

အဲဒီလို သတိနဲ့နေတဲ့အကျင့်ကို လုပ်လေလေ ကိုယ့်ရဲ့ philosophy of life ဘ၀အမြင်၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ သဘောထားတွေက ပိုပြီးတော့ ပီပြင်လေ ဖြစ်လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာ ပိုပြီးတော့ ရှင်းရှင်း လင်းလင်းသိလာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာ သိရတာဟာ တော်တော် စိတ်ချမ်းသာစရာကောင်းတယ်။
ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ ပိုပြီး သဘောထားမှန် ပြင်နိုင်တာဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်း၊ စွမ်းရည်သတ္တိ၊ (power) ဖြစ်တယ်။
တိရစ္ဆာန်တွေဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်မကြည့်နိုင်ဘူး။ မသိနိုင်ဘူး။ ဒါကြောင့် ပြင်လည်း မပြင်နိုင်ဘူး။ သူတို့ဟာ ဗီဇစိတ်ရဲ့ ကန့်သတ်မှုထဲက ထွက်လို့ မရဘူး။ သူတို့စိတ်ကို သူတို့ ပိုကောင်းအောင် လုပ်လို့မရဘူး။ လူသာလျှင် ထူးထူးခြားခြား ကိုယ့်စိတ်ကို ကိုယ်သိပြီး ပြင်နိုင်တဲ့ သတ္တ၀ါဖြစ်တယ်။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက် သုံးနိုင်ရင် လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့် မြင့်မားတဲ့လူသားဖြစ်လာမယ်။

ကိုယ့်စိတ်ကိုကိုယ် သိတဲ့အခါမှာ စိတ်ကို ပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ၊ မနာလို ၀န်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါမှာ စိတ်က အင်မတန် ချမ်းသာလာတယ်။ ပေါ့ပါးလာတယ်။ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း လေးစားလာတယ်။ စိတ်ဓါတ်အင်အားတွေလည်း တက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ အသိဉာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ် ယုံကြည်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ်ယုံကြည်လာလို့ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု ပိုရှိလာပြန်တယ်။

အသိဥာဏ်မြင့်လာတော့ တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။ တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ဘာလုပ်လုပ် စိတ်ပါလက်ပါ လုပ်တယ်။ မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။ စိတ်နှစ်ခွဖြစ်တာနဲသွားတယ်။ ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်တယ်။ ပင်ပန်းမှာလည်း မကြောက်တော့ဘူး။

အဲဒါကြောင့် သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓါးနဲ့တူတယ်။
တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။

သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ် အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။
သူဟာ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ၊ အသိဉာဏ်တွေ၊ အရည်အချင်းတွေကို အကောင်းဆုံး နေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာ သုံးတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်နဲ့ အသိဉာဏ်ကို မြှင့်တင်တာပါပဲ။

လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ် ငါ့ဂုဏ်တွေ စဉ်းစားနေတယ်။ အဲဒါလေးကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က လူကြီးဆန်သလား၊ လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ပဲ ဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေ၊ မျှတလေလေ ဖြစ်လာမှာပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊ လူကြီးဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့…။ ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင် သတိနဲ့ များများနေမှရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ကိလေသာတွေ ၀င်ပြီ။ ကိလေသာ ၀င်ပြီဆိုတာနဲ့ တစ်ပြိုက်နက် အမျှော်အမြင် မရှိတော့ဘူး။ ရေရှည်ကို မမြင်တော့ဘူး။ ကလေးဆန်သွားပြီ။

နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါ လုပ်ကြည့်ပါ။ (၂)နှစ်၊ (၃)နှစ်လောက် လုပ်ကြည့်ရင်ပဲ စိတ်ဓါတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ် လာမယ်။ သတိနဲ့နေတဲ့ အကျင့်ရသွားရင် သတိမပါ၊ ဉာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။
သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ-မာန-ဒေါသ နည်းတဲ့အတွက်ကြောင့် သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့အတွက်ကြောင့် အမှားနည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကိုး။ အမှား တစ်ခုခုမှားပြီးပြီဆိုရင် ဘယ်နှယ့်နေမလဲ၊ ဒီကိစ္စကို တအုံနွေးနွေးနဲ့ စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။

ဒီလို သတိနဲ့နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ်ဆိုတာကို အခြေခံကလေးက စပြီးတော့ ပြောချင်တာနော်။ ကြီးကြီးကျယ်ကျယ် အဆင့်ကို မရောက်သေးဘူး။ ဒါပေမယ့် ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမှု ရှိလာတယ်။ ကြည်လင်မှု ရှိလာတယ်။ ချမ်းသာလာတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဟာ နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ၊ စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေး ချမ်းချမ်းနဲ့ပဲ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။ သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး သိနေတယ်။ 

အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်ဘူး။ မနာလို ၀န်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲ များတယ်။ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊ ရှင်းတယ်။
ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်။ ရိုးလာတယ်။ လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရှုပ်ထွေးနေတာကိုး၊ စိတ်ရှုပ်ထွေးနေသမျှ ဘ၀လည်း ရှုပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း ရှင်းတာပဲ။
သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင် ဘ၀ဟာ တကယ့်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။

လူတွေရဲ့ ဘ၀ကိုကြည့်လို့ရှိရင် သိပ်ရှုပ်ထွေးပွေလီနေတာကို တွေ့ရတယ်။ သူ့နေရာနဲ့သူ မဖြစ်ဘူး။ အားလုံးဟာ ပရမ်းပတာတွေ ဖြစ်နေတယ်။ တစ်ခုခု လုပ်စရာရှိလာရင်လည်းပဲ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ထင်မိထင်ရာတွေ လုပ်တယ်။ ခဏခဏ မှားတယ်။ အဲဒီအမှားတွေရဲ့ ဒဏ်ချက်ကိုလည်း ပြန်ပြန်ပြီးတော့ ခံရတာပဲ။
ဒီလို သတိနဲ့နေလာတဲ့အခါမှာ ဖြစ်ပေါ်လာသမျှ ပြဿနာကို မျှမျှတတ ဟိုဘက်ဒီဘက် မြင်တတ်တယ်။ ဘာလုပ်ရမယ်ဆိုတာလဲ အလိုလို သိသွားတယ်။ ဖြေရှင်းတဲ့အခါမှာလည်း သတိနဲ့ ဉာဏ်နဲ့ကြည့်ပြီးတော့ ဖြေရှင်း တတ်တယ်။ အဲဒီလို ဖြေရှင်းတဲ့အခါမှာ အရာရာတိုင်းဟာ ပိုပြီးတော့ အဆင်ပြေသွားတယ်။ ဒါကြောင့် အရာရာတိုင်းဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားတယ်။

သတိအမြဲတမ်း ကပ်ပြီးတော့ နေသွားတဲ့သူဟာ သူ့ဘ၀မှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို သတိနဲ့ကြည့်တဲ့အခါမှာ ပိုပြီးတော့ အမြင်ရှင်းတယ်။ ကိုယ်လိုတဲ့ဖက်ကို မဆွဲဘူး။ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ မကြည့်ပဲနဲ့ သဘာဝကျကျ၊ အခြေခံကျကျ ခြုံပြီးတော့ ပြည့်ပြည့်စုံစုံ မြင်နိုင် သိနိုင်တဲ့ အသိဉာဏ်မျိုးကိုလည်း ရနိုင်တယ်။ အဲသလို အသိဉာဏ်မျိုးကို ရလာတဲ့သူဟာ ဘ၀မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပိုပြီးတော့ သဘာဝကျကျ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တယ်။ အဲသလို ဖြေရှင်းနိုင်ရင် ဘ၀မှာ ဒုက္ခတွေ အများကြီး နဲသွားနိုင်တယ်။

အဲလိုလူဟာ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာတယ်။ ဘ၀ကို စမ်းတ၀ါးဝါး နေကြတာများပါတယ်။ ရမ်းပြီးတော့ လုပ်ကြတာတွေလည်းများတယ်။ မှန်းပြီးတော့ လုပ်ကြတာ တွေလည်း ရှိတယ်။ တခါတလေ ကိစ္စတစ်ခုကို လုပ်ချင်လွန်းလို့ လုပ်တယ်၊ လုပ်ပြီးလို့ တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု လိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲဒီလို ဖြစ်တာတွေက အင်မတန်များပါတယ်။ ကိုယ့်ဘ၀ကိုယ် ကြည့်ရင် တွေ့နိုင်ပါတယ်။

တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခု လုပ်မယ်ဆိုရင် ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့ လုပ်ချင်တာလဲ၊ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား၊ ဂုဏ်လိုချင်လို့လား၊ သူများအထင်ကြီးတာ လိုချင်လို့လား၊ ကြွားချင်လို့လား၊ ရေရှည်လုပ်နိုင်မှာလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ပြန်မေးတယ်။ ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင် လုပ်တယ်။ မလုပ်သင့်တာဆို မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။
တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်၊ ဇွဲကောင်းတယ်၊ လွယ်လွယ်နဲ့ စိတ်မပျက်ဘူး။ ဒါကြောင့် တစ်ကယ် တန်ဖိုးရှိတဲ့ အလုပ်ကို ရေရှည်စီမံကိန်းနဲ့ လုပ်တယ်။ ဖြစ်တာ များတယ်။ ဒါကြောင့် အောင်မြင်မှုလည်း ရတယ်။

လူတွေမှာ အင်မတန်ကြီးမားတဲ့ အစွမ်းသတ္တိတွေ အများကြီး ရှိပါတယ်။ အဲဒီအစွမ်းသတ္တိတွေဟာ ကစဉ့်ကရဲ ဖြစ်နေတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက် ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီး ဖြစ်မြောက် အောင်မြင်တာ တွေ့ရလိမ့်မယ်။
လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက ရှိနေတယ်။ သူက ကိုယ့်ကို လွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို လွှမ်းမိုးမယ်။ သတိကောင်းနေရင် ကိုယ့်စိတ်ကိုကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး လေးနက်ခိုင်ခန့်နေတယ်ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊ ဓနအားဖြင့် ကြီးချင်ကြီးမယ်၊ ဒါပေမယ့်သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ဒါကြောင့် သူများလွှမ်းမိုးတာ မခံရချင်ရင် တည်ကြည်ခံညားမှုရှိအောင် သတိနဲ့ နေရမယ်။

နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။ နဲသွားရင် တိုးပေးတယ်။
အဲဒီ automatic voltage regulator လိုပဲ သတိဆိုတာလည်း စိတ်ကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊ စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊ အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာအောင်၊ စိတ်အေးချမ်းမှု၊ တည်ငြိမ်မှု တိုးလာအောင် ပြဿနာတွေကို မှန်မှန်ကန်ကန် မြင်နိုင်တဲ့ ဉာဏ်အမြင် တိုးလာအောင်၊ လုပ်နိုင်သလောက်ကို လုပ်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေကို ရင့်ကျက်တဲ့စိတ်နဲ့ လက်ခံနိုင်အောင် စိတ်အားကို မြှင့်ပေးတယ်။
စိတ်ကို ဒီလို သတိနဲ့ကြည့်ပြီင်္း ညှိပေးတဲ့ အလေ့အကျင့် မရှိရင်၊ စိတ်အတက်အကျ များနေရင် ဘ၀မှာ နေရထိုင်ရတာ၊ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ဆက်ဆံရေးတွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အောင်မြင်ရေးတွေ အားလုံးထိခိုက်တယ်။

ဒါကြောင့် ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်ပြေချင်ရင် ကိုယ့်စိတ်ကို သတိနဲ့ကြည့်ပြီး ညှိပေးတတ်တဲ့ပညာကို တတ်အောင်သင်ဖို့နဲ့ အမြဲတမ်း သတိနဲ့နေဖို့ လိုတယ်။ အလေ့အကျင့် ရသွားရင် မခက်ဘူး။ ဒါတစ်ခုကို နိုင်နိုင်နင်းနင်း လုပ်နိုင်ရင် ဘ၀မှာတွေ့ရတဲ့ အခက်အခဲတွေဟာ ဉာဏ်ပါပါကစားရတဲ့ ကစားနည်းတစ်ခုလို ဖြစ်လာတယ်။ နားလည်နိုင်တဲ့ အရည်အချင်း၊ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ လက်ခံနိုင်တဲ့ အရည်အချင်းတွေ တိုးလာလို့ ဘ၀ကို အပေါ်စီးက ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် နေသွားနိုင်တယ်။ expert in living “ ဘ၀နေနည်း ကျွမ်းကျင်သူ” ဖြစ်လာမယ်.....။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရဆရာတော်) 

Thursday, March 1, 2012

အသက်ပေး၍

   အသက်ပေး၍
'ဘုန်းတော်ကြီးများသည် ဗုဒ္ဓ၏ကျင့်ဝတ်များကို လက်တွေ့မကျင့်နိုင်ပေ'' ဟူ၍၄င်း၊ ''ဘုန်းကြီးများ သည် ဗုဒ္ဓ၏ အတွေးအခေါ်ကို ဖျက်ဆီးကြသည်'' ဟူ၍၄င်း၊ ယနေ့ခေတ်တွင် ပြောဆိုဝေဘန်ခြင်း ခံနေရ ပေသည်။ အချို့ကား

''ဘာသာရေးနှင့်ပတ်သက်၍ အကိုးကွယ်ခံပုဂ္ဂိုလ်သည် အခွင့်ထူးခံ လူတန်းစား တရပ်ပင်ဖြစ်သည်''ဟု မှတ်ချက်ထိုးလျက်ပင် ရှိနေပါသည်။
ဤကဲ့သို့ နင့်နင့်သီးသီး မှတ်ချက်ထိုးနိုင်သည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်၌ သက်ဝင်ယုံကြည်မှု လျော့ပါးလာသောကြောင့်ပင် ဖြစ်သည်။


ယနေ့ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဤအချက် လေးများကို မေ့မေ့ပျောက်ပျောက် မျက်ကွယ်ပြုထားရန် မသင့်ချေ။ ယနေ့ခေတ်သည် အလွန်တိုး တက်နေသည်။ ကမ္ဘာ့ဝါဒပေါင်းစုံတို့သည် နိုင်ငံတွင်း၌ ခဏချင်းပြန့်နှံ့နိုင်သည်။ နိုင်ငံခြားရုပ်ရှင်များကလည်း နေရာယူလျက်ရှိသည်။ ထို့ကြောင့်ပင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ တို့သည် တဖြေးဖြေး တိမ်ကောပပျောက် ရမည့်အသွင် ဆိုက်နေပေသည်။ ဗုဒ္ဓဘာသာဝင်တို့တွင်လည်း ဘာသာတရားတော်၏ အနှစ်သာရကို တိတိပပ သိရှိကြသူတို့မှာ အလွန်ပင် ရှားလာချေပြီ၊ အချို့မှာ မဏ္ဍပ်ကန္နားကြီးတွေထိုး၍ လှုခြင်း၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို အငြိမ့်ပွဲ၊ ဇာတ်ပွဲတို့ဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပခြင်းစသည်တို့သည် ဘာသာရေး၏ အနှစ်သာရများပင် ဖြစ်သည်ဟု ထင်မှတ်နေကြသည်။ ''ဆွမ်းဆန်ထဲ ကြွက်ချေးရော''ဆိုသကဲ့သို့ပင် ဤမဖွယ်ရာသော မြင်ကွင်းတို့ကိုကြည့်၍လည်း ယနေ့ ''ခေတ်မြင်ဝါဒီ''တို့က ဗုဒ္ဓဘာသာကို ထိုးနှက်လျက်ရှိပေသည်။

စာရေးသူတွင် တူတော်မောင်တယောက်ရှိသည်။ ယခုမေမြို့ စစ်တက္ကသိုလ်မှာ တက်ရောက် နေသည်။ သမ္ဗုဒ္ဓေဂါထာတော်၊ ဘုရားရှင်၏ ဂုဏ်တော်တို့ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွါးများရန် သတိပေးတိုက်တွန်းစာ ရေးလိုက်ရသည်။ ဤသို့ပင် ရေးလိုက်ရသော်လည်း ဘုရားရှင်၏ဂုဏ်တော်တို့ကို သိမှသိပါလေစ၊ ''ဣတိပိ သော ဘဂဝါ အရဟံ''စသော ဂုဏ်တော် ၉ပါး ပါဠိကို ရမှရပါလေစ၊ မသိရပါချေ။ မှန်သည် မွေးကတည်းက လောကဓာတ်ကျောင်းမှာထားသည်။ လောကီဆိုင်ရာ အတန်းပညာတို့ကို သင်ယူသည်။ ဘုန်းကြီးကျောင်းတွင် နေခွင့်မရ၊ ဘာသာရေးဆိုင်ရာ အလိမ္မာတို့ကို သင်ကြားခွင့်မရ၊ ထုံးစံဖြစ်၍ နွေကျောင်းပိတ်ရက်မှာ သင်္ကန်းဝတ်လိုက်ရသော်လည်း (၇)ရက်လောက်မှ အနိုင်နိုင် အောင့်အည်းနေရသည်။


ရဟန်းတော်တို့အနေဖြင့် အဘယ်မှာ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတို့ကို သင်ပြပေးချိန်ရတော့မည်နည်း၊ ရဟန်းတော်တို့မှာ မျောက်တွေထိန်းနေရသလို ထိန်းကြရရှာသည်။
ဗုဒ္ဓဘာသာဝင် မိဘတို့အဖို့လည်း ဘုရားစူးလွတ်ရုံ ရှင်ပြုရသလိုဖြစ်သည်။ သူတို့အဖို့လည်း ဘာသာရေးဆိုင်ရာ မည်သည့်အလိမ္မာမျှ မရလိုက်၊ ရဟန်းတော်တို့မှာလည်း မျက်စိနောက်ရုံ၊ ဦးနှောက်ခြောက်ရုံသာ အဖတ်တင်သည်။ ဤနည်းဖြင့် လူလားမြောက်ခဲ့သူ လူတဦးသည် ခိုင်မြဲသောအသိစိတ်ဖြင့် ရတနာသုံးပါး၏ဂုဏ်ကို အဘယ်မှာ သာသနာတော်ကို ချစ်မြတ်နိုးနိုင်မည်နည်း၊ ရတနာသုံးပါး၏ဂုဏ်ကို သက်ဝင်ယုံကြည်မှသာ သာသနာတော်ကို ချစ်မြတ်နိုးမှသာလျှင် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာမည်၊ ရဟန်းသံဃာတော်တို့၏ ညွှန်ပြဆုံးမမှုကို နာယူပေမည်၊ သာသနာတော်ကို ပေယျာလကန်၍ ထားကြပေလိမ့်မည်၊ ဤအချက်ကို ယနေ့ ဗုဒ္ဓဘာသာဝင်မိဘများ သိရှိသဘောပေါက် ကြရန်ဖြစ်သည်။

မိဘဖြစ်သူတို့ကိုယ်တိုင်ပင် ''ငါသည် ရတနာသုံးပါး၏ဂုဏ်ကို လေးလေးမြတ်မြတ် ယုံကြည်ပါ၏ လော။ သာသနာတော်ကို အသက်ပေး၍ ချစ်မြတ်နိုးပါ၏လော''ဟူသော ပြဿနာကို ယနေ့ အရေတကြီး ဖြေဆိုရန် လိုနေပေပြီ။ အသက်ပေး၍မချစ်နိုင်သေးဟုဆိုလျှင် ဗုဒ္ဓဘာသာဝင် ပီပီသသမဖြစ်နိုင်သေးချေ။ ဘုရားသျှင် လက်ထက်တော်က ဗုဒ္ဓဘာသာဝင် ဥပသကာအဖြစ် ခံယူသူတို့ကား ''ရတနာသုံးပါးအတွက် အသက်ကိုပေးအပ်၍ ဆည်းကပ်ကိုးကွယ်သူ ဥပါသကာတယောက်အဖြစ် အသိအမှတ်ပြုတော်မူပါ'' ဟု လျှောက်ထား၍ အသက်ကိုပါ နှင်းအပ်လေ့ရှိကြပါသည်။ ဘုရားသျှင်လက်ထက်တော်က ''သုပ္ပဗုဒ္ဓ'' အမည်ရှိ နူနာရောဂါသည်ကြီးတဦးကို သိကြားမင်းသည်လာ၍  စုံစမ်းဖူးသည်၊ ဖြားယောင်းသွေးဆောင် ဘူးသည်။

''အချင်း သုပ္ပဗုဒ္ဓ၊ သင်သည် ဆင်းရဲတွင်း နက်လှချေသည်။ သူပေးလူပေး စားနေရ၏။ အသင်သည် ဘုရားကိုဘုရားစစ် ဘုရားမှန်မဟုတ်ဟူ၍၄င်း၊ တရားတော်ကို တရားစစ် တရားမှန် မဟုတ်ဟူ၍၄င်း၊ သံဃာတော်ကို သံဃာအစစ် သံဃာအမှန် အဟုတ်ဟူ၍၄င်း ပြောဆိုလော့၊ သင့်အား အသပြာ သိန်းပေါင်းများစွာပေးပါမည်'' ဟုဆိုသော်လည်း  သုပ္ပဗုဒ္ဓသည် လက်မခံရုံမျှမက ''ဟယ်သိကြား ယုတ်...ငါ့အား အသပြာငွေတို့ဖြင့် လာရောက်၍ မဖြားယောင်းလင့်၊ ငါ့မှာ သဒ္ဓါသီလစသော သူတော်ကောင်းဥစ္စာတွေ တင်းကျမ်းပြည့်ရှိနေသည်။ ရတနာသုံးပါးနှင့် စပ်၍ ငါသည် အထီးကျန်မွဲ သူဆင်းရဲမဟုတ်ပြီ'' ဟုပြောဆိုရေရွတ်၍ ကြိမ်းမောင်းနှင်ထုတ် လိုက်သည်။

အို..ဗုဒ္ဓဘာသာဝင်တို့၊ ဤစိတ်ဓာတ်မျိုး သင်တို့သန္တာန်၌ သံမှိုစွဲသကဲ့သို့ မယိုင်မလဲ ခိုင်မြဲတည်နေပြီလော၊ ငွေအသပြာဖြင့် ချော့လာသူရှိလျှင် ပျော့ဦးမည်လော၊ ချော့လျှင်ပျော့မည် ဖျက်လျှင် ပျက်ဦးမည်ဆိုလျှင်ကား ဤလောက၌ သင့်လောက်သူရဲဘောကြောင်သူ သိမ်ဖျင်းသေးနုပ်သူ ရှိတော့မည်မဟုတ်ပေ၊ ယခုတလောစာရေးသူ မကြာမကြာ တွေးမိနေသော အကြောင်းတရားလေး တခုရှိနေပါသည်။ ယင်းသည်ကား '' ဘယ့်နှယ်လဲ၊ အိန္ဒိယနိုင်ငံဆီမှာလို ဆွမ်းတဇွန်း ဟင်းတယောက်ချိုမျှ လောင်းလှုမည့်သူ မရှိဘူးဆိုလျှင် မင်း ဒီဘဝနဲ့ နေနိုင်-ပျော်နိုင်ပါ့မလား'' ဟူသော မေးခွန်းလေးတခုဖြစ် သည်။

''ခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ ရီတာပေါ့၊ ရီတာပေါ့'' ဟူသော ခါသင်္ကြန် စကားလေးကဲ့သို့ပင် ဤလောကဓံလောက်တော့ အပျော့ပေါ့ဟူ၍ပင် အဖြေထွက်လာပါသည်။ ဘီကိနီကျွန်းကလေးကဲ့သို့ စိမ်းလန်းသော သစ်ပင်များ ပြောင်တလင်းခါသွားသည်ဆိုလျှင်ကား မပြောနိုင်ပါချေ။ ယခုလို  စိမ်းလန်းသစ်လွင်သော သစ်ပင်တောတောင်တွေ ရှိနေသမျှတော့ ဘာမှပူစရာမရှိပေ။ မှန်ပါသည်၊ သဘာဝမိခင်ကြီးများ ဖြစ်ကြသော သစ်ပင်တောတောင်တို့သည် ကျွန်ုပ်တို့အား ထာဝစဉ် ပိုက်ထွေး ယုယနေကြပေလိမ့်မည်၊ နေစရာလည်း ပေးကြလိမ့်မည်၊ အသီးကိုချွေ၍ အစာလည်း ကျွေးကြလိမ်မည်၊ ရွက်နုရွက်ညွန့်တို့သည် ကျွန်ုပ်တို့အတွက် လတ်ဆတ်သော ဟင်းရွက်ပြုတ် ဟင်းလျာများ ဖြစ်လာချိမ့်မည်။

''အပါယ်ဆင်းရဲကြီးကိုကြောက်လျှင် ဆင်းရဲလေးတွေကို ကြိုးစား၍သည်းခံ၊ ကြိုးစား၍သည်းခံ''
''နိဗ္ဗာန်ချမ်းသာကြီးကို အလိုရှိလျှင် ချမ်းသာကလေးတွေကို ကြိုးစား၍ပယ်၊ ကြိုးစား၍ပယ်''
''နာဘေးကြီး သေဘေးကြီး မဦးခင် တရားက အလျင်ဦးအောင် ကြိုးစား၍အားထုတ်၊ ကြိုးစား၍ အားထုတ်'' ဟူသော ပထမမဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြဝါဒသုံးရပ်ကို ရင်ဝယ်ပိုက်လျက် ခိုင်မြဲသောအဓိဌာန် ချမှတ်ထားရပေမည်။

ရှေးသူဟောင်းကြီးများသည် သစ်ပင်တောတောင်တို့၌ ခိုအောင်းခဲ့ကြသည်။ သစ်သီးဝလံတို့ကို ရှာဖွေချွေယူ သုံးဆောင်ခဲ့ကြသည်။ ဤနည်းဖြင့် ''ဘဝလွတ်လပ်ရေး''ကို ရှာကြံခဲ့ကြသည်။ လိုအပ်သည့် ဗောဓိဆုကြီးများကို အရချူခဲ့ကြသည်။ ဖုံလျက်ရှိသော ဤလမ်းရိုးဟောင်းကြီး အတိုင်းကျွန်ုပ်တို့သည် အဘယ်ကြောင့် မလိုက်နိုင်ဘဲ ရှိရမည်နည်း။
ဤသို့လျှောက်၍ တွေးမိသောအခါ ''စာမဖွဲ့လောက်သော ဆင်းရဲဒုက္ခလေးအတွက် ဘဝကို လက်မြှောက် အရှုံးပေးရန်မရှိ၊ ငါသည် သာသနာအတွက် အသက်ပေးရန် အဆင်သင့်ရှိသည်'' ဟူသော အသင့်အထားမျိုးမှာ ရှိနေပါသည်။

ဘာသာ သာသနာနှင့်ပတ်သက်၍ ယနေ့ခေတ်မြင်ဝါဒီ အချို့တို့သည် အဖက်ဖက်မှ ထိုးနှက် လျက်ရှိသည်။ ဤသို့ ထိုးနှက်လာရာတွင် သင်သည် တွေဝေနေမည်လော။ ယိမ်းယိုင်နေဦးမည်လော။ အသားကြေကြေ အရေစုတ်စုတ် နောက်မဆုတ်သော အာဇာနည်စိတ်ထားဖြင့် သာသနာတော်အား အသက်ပေး၍ ချစ်မြတ်နိုးရမည်သာဖြစ်သည်၊ အားလုံးချစ်မြတ်နိုးနိုင်ကြပါစေသတည်း။

အရှင်မဟောသဓပဏ္ဍိတ
၁၄-၇-၇၃
ဓမ္မဗျူဟာ (အတွဲ ၁၂ ၊ အမှတ် ၄)