Tuesday, May 25, 2010

ထိပ်ဆုံးသို့


ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်

တောင်အမြင့် ပတ်ခြံရံ။

တစ်တောင် ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား။

စခဲ့မိမှတော့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

(ဆရာ ဇော်ဂျီ)

သူတော်ကောင်း


သူတော်ကောင်း

သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်းလေး ဖြစ်စေချင်
စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။ ။

(အမည်မသိ)

Saturday, May 8, 2010

Happy Mothers Day အမေများနေ့



Happy Mothers Day from Wilstar.com
Floweers M... is for the million things she gave me,


O... means only that she's growing old,


T... is for the tears she shed to save me,


H... is for her heart of purest gold;


E... is for her eyes, with love-light shining,


R... means right, and right she'll always be.


Put them all together, they spell "MOTHER,"
A word that means the world to me.

မာယာမြေသို့ နှုတ်ခွန်းဆက်



ကိုရင် စာမပြန်လျှင်လည်း မိဘုတ်က စိတ်ဆိုးဦးမည်။ စကားနာ ထိုးကောင်း ထိုးပေလိမ့်မည်။ စာပြန်လျှင်လည်း မိဘုတ်ရဲ့ဆန္ဒကို လိုက်လျှောသည်ဟု တွေးထင်ပေရော့မည်။ မည်သည့်ဘက်မှ ကြည့်ကြည့် မလှည့်သာချေ။ သို့သော်လည်း ကိုရင် စာပြန်ပါမည်။ သမုဒယတော သောကသံသရာဝယ် မိဘုတ်တစ်ယောက် တွယ်ရာမဲ့ ခိုရာမဲ့ အဖြစ်ဖြင့် နစ်မွန်းမည့်အရေးကို မျှော်တွေး၍ ပူပန်မှု ကရုဏာစိတ်ဖြင့်ပါတည်း။



ကိုရင်နှင့် မိဘုတ်တို့၏ဘ၀ကား ရေကျော်ရွာတွင် မွေးဖွါး ကြီးပြင်းခဲ့သော တောသူ တောင်သားတို့ပင် ဖြစ်ပါ၏။ တစ်ရွာတည်းနေ တစ်ရေတည်း သောက်ခဲ့ကြ၍ သွေးချင်းဖောက်၍ မသောက်ရုံတမယ် ရင်းနှီးခဲ့ကြပါ၏။ ငယ်သူငယ်ချင်း ဖြစ်သည်နှင့်အညီ သံယောဇဉ် ဆံတစ်ပင်လည်း ကိုယ်စီ တင်းခဲ့မိကြ၏။ သို့သော် အကြင်နာ အငွေ့အသက်တို့ကို ယောင်မှား၍ပင်

မထွက်မိကြပါပေ။


ယိုင်နဲ့လဲပြိုလုဖြစ်နေသော (၅၂၈)ဆိုင်းဘုတ်ကို မဖြုတ်သိမ်းမီကာလမှာပင် ရွာဦးဘုန်းကြီးထံတွင် ကိုရင်ဘ၀ သာမဏေအဖြစ်သို့ ကူးပြောင်းခဲ့ရပါ၏။ ဘုန်းတော်ကြီး၏ အစီအမံဖြင့် စာသင်ရန်အတွက် ရန်ကုန်မြို့ ရွာမပရိပတ္တိစာသင်တိုက်သို့ စာပလွေပိုက်ကာ ကိုရင်လိုက်ပါခဲ့ရသည်။ ရပ်ရွာအတွက် သာသနာအတွက် တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်မည်ဆိုသည့် ရည်ရွယ်ချက်တို့နှင့်သာတည်း။ ဤအချိန်မှစ၍ ကိုရင်နှင့် မိဘုတ်တို့ဘ၀သည် သုံးနှင့်လေးလို ကျောခိုင်းကာ အဝေးသို့နှင်ခဲ့ရပါ၏။
ယခုဆိုလျှင် ကိုရင် စာသင်ရန်အတွက် ရွာမှထွက်လာသည်မှာ ဆယ်စုနှစ် တစ်ခုတောင် ကျော်လွန်ခဲ့ပေပြီ။



ဆယ်စုနှစ် တစ်ခုအတွင်း ကိုရင့်ဘ၀လမ်းသည် ပန်းခင်းသောလမ်းချည်းသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်။ ဆူးခင်းလမ်း ကိုလည်း နင်းခဲ့ရ၏။ ခလုတ်ကံသင်းတို့ကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အန္တရာယ် အသွယ်သွယ်ကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ခရောင်းလမ်း အတိသာတည်း။ အခက်အခဲ အမျိုးမျိုးကို ကျော်လွန်ပြီး (၁၀)စုနှစ်၏ သည်မှာဘက်တွင်မူ သာသနာတော်၏ အရိပ်အာဝါသ အောက်ဝယ် စမ်းရေအေးကိုလည်း သောက်ခဲ့ရ၏။ ပန်းလေမွှေးကိုလည်း ရှူရှိုက်ခဲ့ရပါ၏။ ထိုကဲ့သို့ အောင်ပန်းဥယျာဉ်ထဲ ရောက်ရှိစေရန်အတွက် မိဘများကလည်း အတင်းတွန်းပို့ခဲ့ကြ၏။ ဆရာအရှင်တို့ကလည်း လမ်းညွှန်ပေးခဲ့ကြပါသည်။ ထိုသို့
အေးချမ်း တည်ငြိမ်နေသော ကိုရင်ဘ၀ထဲသို့ မိဘုတ်က တမန်တော် စာလွှာဖြင့် ထိုးဖောက်ကာ ၀င်ရောက်လာခဲ့ပြန်ပြီကော။



မိဘုတ်၏စာသည် ရိုးသား၏။ ပွင့်လင်း၏။ ပြတ်သား၏။ သံယောဇဉ် အငွေ့အသက်တို့ သင်းပျံ့လျက်ရှိပါ၏။ “ကိုရင်ရေ” ဟူသော ရင်းနှီးမှု လေသံဖြင့် အစချီခဲ့၏။ စာပါအကြောင်းအရာတို့သည် အစတွင် ထူးခြားမှုမရှိလှ။ အဖေအမေတို့ ကျန်းမာကြောင်းလည်းပါ၏။ တန်ဆောင်တိုင် ဘုရားပွဲတော် ပျော်စရာကောင်းသည်လည်း ပါ၏။ ရွာမှာ မိုးကောင်း၍ စိုက်ပျိုးပြီးစီးကြောင်းလည်း ပါ၏။ သည်အထိ ဘာမှထူးခြားမှုမရှိ။ ရေးရိုးရေးစဉ်ပင်။ နောက်ဆက်ရေးသည်က…………….



“မိဘုတ် အိမ်ထောင်ပြုရတော့မယ် ကိုရင်။ မိဘတွေက အတင်းစီစဉ်နေကြတယ်လေ။ အဲဒါ မိဘုတ် ဘာလုပ်ရမလဲ၊ အကြံပေးပါဦး ကိုရင်ရယ်။ ကိုရင် သဘောမတူရင် မိဘုတ် ဘယ်သူ့ကိုမှ မယူပါဘူး။ အချိန်မီ အကြောင်းပြန်ပေးစေချင်ပါတယ်။ မိဘုတ် ဆိုလိုတဲ့ အဓိပ္ပါယ်ကို ကိုရင်နားလည်မှာပါ။”
............စသည် စသည်။



စာပါအကြောင်းအရာတို့သည် နီးလိုက် ဝေးလိုက်နှင့် ကိုရင့်ရင်ထဲဝယ် ယောက်ယက်ခတ်လျက်၊ မပီပြင်သော အဝေးမြင်ကွင်းနှယ်ေ၀၀ါးးလျက် ရှိပါကုန်၏။ မိဘုတ်၏စာသည် ဘာကိုဆိုလိုပါသနည်း။ ကိုရင် ဘာလုပ်ရမည်နည်း။ ဘာလုပ်သင့်သနည်း။ ကိုရင့် အခြေအနေကလည်း တစ်ပြိုင်နက်တည်းမှာ ရည်ရွယ်ချက် နှစ်ခုလုံးကို ပြုလုပ်၍မရသော အနေအထား။ မိဘုတ်၏ဆန္ဒကို လိုက်လျောမိလျှင်လည်း တစ်ဘက်က အဖမြတ်စွာ သာသနာကို စွန့်လွှတ်ရပေတော့မည်။ အဖမြတ်စွာ သာသနာကို ဆက်လက် ဖက်တွယ်လျှင်လည်း တစ်ဘက်က မိဘုတ်ကို သံယောဇဉ်ဖြတ်ကာ ထားရစ်ရမည် သာတည်း။ သည်သို့သော အခြေအနေကို မိဘုတ်လည်း သိမည်ထင်ပါ၏။


တစ်ယောက်သူ၏ ဆန္ဒကို လိုက်လျောရမည်လော။ အများ၏ ဆန္ဒကို လိုက်လျောရမည်လော။ အကြိမ်ကြိမ် စဉ်းစားခဲ့ရ၏။ တစ်ဘက်မှာ သ့ယောဇဉ်ကြိုး တင်းရပါသော မိဘုတ်။ အခြားတစ်ဘက်မှာ စိုးရိမ်လွန်စွာ အားကိုးတကြီးစောင့်မျှော်နေကြသော မိဘများ၊ ရွာသ ရွာသားများ၊ လမ်းမှန်ကို ညွှန်ပြခဲ့ပြီး၊ ပညာဆီမီး ထွန်းညှိပေးခဲ့ကြသော ဥယျာဉ်မှူး ဆရာအရှင်များ။ မိမိဘ၀မြုပ်နှံရာ ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမည့် အဖမြတ်စွာ သာသနာတော်။ ဤသို့သော အခြေနေများကြောင့် ဦးနှောက်နှင့် နှလုံးသားသည် လွန်ဆွဲလျက်၊ ဆုံးဖြတ်ရခက်သော ပြဿနာကြားဝယ် ချာလည်လျက်၊ ရှုပ်ထွေးလျက်။



မိဘုတ်၏စာနှင့် တစ်ပြိုင်နက် ရောက်လာသော မိခင်၏စာကို ကိုရင် ဖောက်ဖက်လိုက်မိသည်။…


“သား….ကိုရင်”

မေမေ စာရေးလိုက်ပါတယ်။ သား ကျန်းမာရေးကောင်းရဲ့လား။ အစစအရာရာ အဆင်ပြေရဲ့လား။ လိုတာရှိရင် မှာလိုက်ပေါ့။ မေမေတို့ မိသားစု အလုပ် လုပ်နေတာလည်း သားအတွက်ပါကွယ်။ မေမေတို့ ဆင်းရဲပေမယ့် သားကို မဆင်းရဲစေချင်ဘူး။မေမေတို့ ပင်ပန်းချင် ပင်ပန်းပါစေ၊ သားအတွက်ပဲလို့ စိတ်ကူးလိုက်ရုံနဲ့ မေမေတို့ရဲ့ပင်ပန်းမှုတွေဟာပိန်းကြာဖက်ပေါ် ရေမတင်သလို ပြေပျောက်ခဲ့ရပါတယ်သား။


သားကို ပြောရဦးမယ်။ ခုတလော မေမေ အိပ်မက်တွေ မကောင်းဘူးကွယ်။ အိပ်မက်ကလည်း ရိုးစင်းလိုက်တာကွယ်။ သား လူထွက်သွားလို့..တဲ့။မေမေဖြင့် ငိုလိုက်ရတာ။ အိပ်မက်က လန့်နိုးတော့ မေမေ့မှာ ဇောချွေးတွေနဲ့ မျက်ရည်တွေရောပြီး ရွှဲနစ်နေပြီလေ။ အဲဒီအကြောင်းကို မိသားစုတွေ ပြောပြမိတော့ အားလုံး ငိုမိကြတယ် သားရယ်။ ဒါတွေကိုတော့ သားက ဘယ်မှာလာ သိနိုင်ပါ့မလဲ။ ဒါအိပ်မက်ပဲလို့ သားက ပြောချင်တာ မဟုတ်လား။ အိပ်မက်ဖြစ်လို့ အရင်က မေမေ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ မယုံလို့ မရတော့ဘူးသား။

ဟိုတလောက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။ မေမေ မက်ခဲ့တဲ့ အိပ်မက်ထဲမှာ သားကျန်းမာရေး မကောင်းဘူးတဲ့။ မေမေလည်း သားကို စိတ်မချလို့ ရန်ကုန်မြို့ကိုလိုက်လာတော့ သားကို ဆေးရုံပေါ်မှာ တွေ့ခဲ့ရတယ်လေ။ ဒါ့ကြောင့်ခုအိပ်မက်ကလည်း အဲလိုမျိုး တကယ်ဖြစ်နေမလားလို့ပါ သားရယ်။ အိပ်မက် မက်တာတောင် မေမေတို့တွေ ဒီလောက် ခံစားရတယ်ဆိုရင် တကယ်သာ သားလူထွက်ခဲ့ရင် မေမေတို့ မိသားစု ဘယ်လိုနေမလဲ သားစဉ်းစားကြည့်ပေါ့။


သားကို ပညာတတ်ကြီး ဖြစ်စေချင်တာ၊ သာသနာ့ဝန်ထမ်းနေတဲ့ ဆရာတော်ကြီး ဖြစ်စေချင်တာ မေမေတိုပရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါကွယ်။ ဒါဆိုရင် မေမေသားကို မွေးရကျိုး နပ်ပါပြီ။ မေမေတို့ လှုပ်ရှား အသက်ရှင်နေရတာလည်း သားအတွက်ပါလို့ ပြောရင် မမှားပါဘူးကွယ်။ ဟိုတလောကတောင် ရွာဦး ဘုန်းတော်ကြီးက မေးနေသေးတယ်။ သားထံမှ စာမလာတာ ကြာပြီတဲ့။………”


ဖတ်လက်စ စာကို တုန်ယင်သောလက်ဖြင့် ကိုင်လျက် ကိုရင်တစ်ယောက် စဉ်းစားခဲ့ရပါပြီ။ မျက်ဝန်းထဲမှာတော့ မျက်ရည်ကြည်တို့ ဝေ့သီလျက်၊ မေမေ့အတွက် ကျရတာလား၊ မိဘုတ်အတွက် ကျရတာလားဆိုတာ ကိုရင် မသိနိုင် မဝေခွဲနိုင်တော့ပါပေ။ မေမေ့စာသည် အချိန်မှီ ရောက်လာသည်ဟု ဆိုရပေမည်။ တွေဝေလမ်းခွဲဝယ် ရပ်နေရသော ကိုရင်အတွက် မေမေ့စာသည် တွန်းအား တစ်ရပ် ဖြစ်ခဲ့ပါ၏။ ဆုံးဖြတ်ရခက်သော ဝေဒနာအတွက် လမ်းမှန်ကို ညွှန်ပြသကဲ့သို့ပင်တည်း။


ထိုနေ့တစ်ညလုံး ကိုရင် အိပ်မပျော်ခဲ့ပေ။ အကြိမ်ကြိမ် စဉ်းစားခဲ့ရ၏။ အထပ်ထပ် သုံးသပ်ခဲ့ရ၏။ မိုးစင်စင် အလင်းမှာတော့ ရွှင်လန်းစိတ်ဖြင့် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချနိုင်ခဲ့ပေပြီ။ ကိုရင့်အနေဖြင့် မိဘုတ်စာ၏ ဆိုလိုရင်းကို မသိလို၊ မမြင်လို၊ နားမလည်လိုတော့ပြီ။ ဆက်၍မကသင့်သော သည်ဇာတ်ကို ရုတ်တရက် ရပ်တန့်ပစ်ရုံမှတစ်ပါး အခြားမရှိတော့ပြီ။ ဟိုတစ်ဖက်မှာ ‘ဟို..တစ်ခြားတစ်ဖက်မှာ ဘယ်လိုခံစားရမလဲ’ ထည့်သွင်း မစဉ်းစားတော့ပြီလော၊ မေးကြတော့မည်။ ရှိစေတော့။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရ၏။ ကြိတ်၍ ၀မ်းနည်းမိ၏။ အသင့်လျော်ဆုံး လမ်းတစ်လမ်းအတွက် သည်ဇာတ်ကို ပြည်ဖုံးကားချ၍ ရပ်တန့်ပစ်ရုံသာ ရှိတော့သည်။


မည်သို့ပင် ဆိုကြပါစေ၊ သစ်စိမ်းချိုး ချိုးသူအဖြစ် ကိုရင် ခံယူတော့မည်။ ပူလောင်ကျွမ်းစေတော့၊ သည်အပူကို ကိုရင် ရင်ဆိုင်တော့မည်။ ရောဂါလက္ခဏာ ပေါ်စအချိန်မှာ ကုထုံးကောင်းကောင်းနှင့် မကုပဲထားခဲ့လျှင် သည်ထက်ပိုသော နောက်ဆက်တွဲ အခြေအနေဆိုးကို ကိုရင် မုချရင်ဆိုင်ရဖွယ်ရှိသည်။ ခွင့်မလွှတ်နိုင်ရင်လည်း ရှိပါစေတော့။ ဒါပေမဲ့ ကိုရင် တောင်းပန်လိုက်ပါ၏။ ခွင့်လွှတ်ပါ မိဘုတ်။ ကိုရင့်ကို နာကျည်းလိုက်ပါတော့။ မုန်းလောက်စရာ အကြောင်းမရှိသူကို မေ့ပျောက်စရာ တရားရှာပြီး မေ့ဖျောက်ဖို့ ကိုရင် ကြိုးစားရပါတော့မည်။


ကိုရင် လှေနံနှစ်ဖက်ကို မနင်းလိုပြီ။ လက်တစ်ဘက်ဖြင့် အဖမြတ်စွာ သာသနာတော်ကို ဆုပ်ကိုင်၍ ကျန်လက်တစ်ဘက်ဖြင့် မိဘုတ်ကို လက်မကမ်းလိုတော့ပြီ။ ထိုလက်ဖြင့်ပင် မိဘုတ်ကို ထာဝရ နှုတ်ဆက်ခဲ့ပါမည်။ နှလုံးသားကို စွန့်လွှတ်ပြီး၊ မိဘုတ်နှင့် ဝေးရာ သာသနာတော်မှာ ကိုရင့်ဘ၀ကို ထာဝရ အခြေချပါမည်။ ရင်မှာ နေတစ်ရာမက ပူစေဦးတော့၊ သည်အပူကို အားတင်းခံလို့ မိဘုတ်ကို စွန့်ခွါပါတော့မည်။


ကိုရင် စာပြန်လိုက်ပါသည် မိဘုတ်။ ဤသို့ စာပြန်သဖြင့် မိဘုတ်၏ စာပြန်စေလိုသော ဆန္ဒကို ဖြည့်စွမ်းသည် မှန်၏။ သို့သော် မိဘုတ်၏ အဆိုပြုချက် တစ်ရပ်ကို မလိုက်လျောနိုင်၍ ရင်၌များစွာပင် ၀မ်းနည်း ကြေကွဲမိပါ၏။ သည်စာသည် မိဘုတ်အတွက် ချမ်းသာရာ ချမ်းသာကြောင်း အကြောင်းပြန်စာဟု ထင်လိုကလည်း ထင်နိုင်ပါ၏။ မိဘုတ်၏ ဝေဒနာ သက်သာရာ သက်သာကြောင်း သောက်ဆေး သုံးဆေးတစ်ခွက်ဟု ယူဆလိုကလည်း ယူဆနိုင်မည်ထင်ပါ၏။ သည်စာသည် မိဘုတ်အား မုချ အကူအညီ ပြုလိမ့်မည်ဟုလည်း ကိုရင် မျှော်လင့်ပါသည်။


စင်စစ် မိဘုတ်သည် လူနာ။ ကိုရင်က ဆရာဝန်ပမာသာတည်း။ မိဘုတ်၏ သောက ဝေဒနာအတွက် ကိုရင့်အား ဖွင့်ပြောတိုင်ပင်၏။ ကုသပါဟုလည်း တောင်းပန်သည်။ ကောင်းပြီ။ ကိုရင် သည်ဝေဒနာကို ကုသမည်။ မိဘုတ်အတွက် ဆေးတစ်ခွက် ကိုရင် ပေးမည်။ သည်ဆေးဖြင့် မိဘုတ်၏ သောက ဝေဒနာတို့ ပျောက်ကင်းမည်ဟု ယုံကြည်ပါ၏။ သို့သော် ကြိုတင်၍ကား ကတိ မပေးလိုပါချေ။ ကိုရင့်ဆေးကို ကိုရင်ကိုယ်တိုင် သံသယဖြစ်သောကြောင့်၊ မယုံသောကြောင့်၊ စိတ်မချသောကြာင့်ကား မဟုတ်ပါလေ။


အနာဂတ်ဟူသည် ကြိုတင် ပုံစံချ၍ ရကောင်းသောအရာ မဟုတ်သော်လည်း မိဘုတ်၏ အနာဂတ်အတွက်မူ ကိုရင် ပုံစံချ၍ ရကောင်းမည် ထင်ပါ၏။ မိဘုတ် ချမ်းသာစေရမည်။ မိဘုတ်အနေနှင့် တစ်ခုတည်းကိုသာ လိုက်နာရမည်။ လူနာသည် ဆရာဝန်၏ စကားကို နာယူရရိုး ထုံးစံရှိသည် မဟုတ်ပါလော။ အာဏာပြသည်၊ စိမ်းကားရက်စက်လွန်းသည်ဟုကား မထင်စေလိုပါ။


စင်စစ် ကိုရင့်ဆေးသည် မြတ်ဗုဒ္ဓ၏ ကရုဏာ အမြိုက်ဆေးသာ ဖြစ်ပါ၏။ ဤဆေးကို သောက်ခြင်းဖြင့် မိဘုတ်လည်း ချမ်းသာရမည်။ မိဘုတ်မိဘလည်း ၀မ်းသာရမည်။ ကိုရင်ကတော့ ဆရာဝန်ဖြစ်သည်နှင့်အညီ မိဘုတ်၏ သောက ဝေဒနာ သက်သာ၍ မိဘုတ်ဘ၀ သာယာချမ်းမြေ့လျှင် ကိုရင် အတိုင်းမသိ ၀မ်းမြောက်နေမည်သာ ဖြစ်ပါ၏။

“ဘ၀နှင့် ဆန္ဒ အံကျအောင် မဖြစ်နိုင်သော အခြေအနေမှာ မိဘုတ်ဘ၀ သာယာစေဖို့ မိဘစကားကိုသာ
နာထောင် လက်ခံလိုက်ပါတော့”…..လိုဲ့ ကိုရင် အကြံပေးလိုက်ပါရစေလား။


မိဘုတ်တစ်ယောက် ကိုရင့်စကားကို နားထောင်ခြင်းသည် မိဘုတ်ဘ၀ သာယာစေကြောင်း နည်းလမ်းကောင်းလည်း ဖြစ်နိုင်ပါ၏။ မိဘစကားကို နားထောင်သော အမွေခံ သားသမီးကောင်းလည်း ပီသနိုင်ပါ၏။ ကိုရင့်စကားကို နားထောင်၍ ကိုရင့်ပါရမီကို ကူညီ ဖြည့်သည်လည်း မည်ပါ၏။ မိဘုတ်ဘ၀ သာယာလာသောနေ့တွင် ကိုရင့် စေတနာကို မိဘုတ်တစ်ယောက် ကောင်းကောင်း သဘောပေါက်လာပါလိမ့်မည်။


မိဘုတ်ရောဂါ ဝေဒနာအတွက် သောက်ဆေးကိုလည်း ပေးခပဲါ့၏။ အားဆေးကိုလည်း ကျွေးခဲ့ပါ၏။ လျှောက်လှမ်းရန် လမ်းမှန်ကိုလည်း ညွှန်ပြခဲ့ပါ၏။ ချမ်းသာစေကြောင်း နည်းလမ်းကောင်းလည်း ပေးခဲ့ပါ၏။ ညီမလေး တစ်ယောက်အပေါ် ထားရှိသော အစ်ကိုတစ်ယောက်၏ ကြည်လင် အေးမြသော မေတ္တာ ကရုဏာတို့နှင့်သာတည်း။

ကိုရင့်ဘ၀ကတော့……..

လူ့ဘုံဋ္ဌာနေ၊ မာယာမြေမှာ

သစ္စာလေးအား၊ မေတ္တာမျှားကို
ချထားရစ်ကာ၊ သွားပါတော့မည်
သည်တောသည်ဋ္ဌာ၊ ကိုယ်ရှောင်ခွါမည်
မာယာမြေမှာ…နေရစ်တော့….လို့

သည်စာနဲ့ပဲ နှုတ်ဆက်ခဲ့ပါရဲ့ မိဘုတ်။ ။



မှ

ကိုရင်

တက္ကသိုလ် မောင်ကိုရင်

၁၆.၉.၉၅

(ရွာမပရိယတ္တိ စာသင်တိုက် ၂၅-နှစ်မြောက် ငွေရတု စာစောင်)

Thursday, April 29, 2010

တရားထိုင်ခြင်း(ကမ္မဋ္ဌာန်းထိုင်ခြင်း )နှင့် ဆေးပညာရှုထောင့်မှ ကျန်းမာခြင်း အကျိုးကျေးဇူး Meditation as Therapy



“အာရောဂျပရမာ လာဘာ၊ ကျန်းမာခြင်းသည် ကြီးမားသော လာဘ်ဖြစ်ကြောင်း” ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သည်။ အပြန်အားဖြင့် မကျန်းမာခြင်း၊ ရောဂါထူပြောခြင်းမှာမူ အကြီးမားဆုံးသောဆုံးရှုံးမှုကြီးပင် ဖြစ်ကြောင်း သဘောပေါက်နိုင်ပါ၏်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်းသည် တစ်ချက်ခုတ် နှစ်ချက်ပျက်သည့် အကျိုး(၂)မျိုး တစ်ပြီုင်နက်ရသော အလုပ်ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ကျန်းမာခြင်းအကျိုးနှင့် သမာဓိရ၍ စိတ်ဓာတ်တည်ကြည် ငြိမ်းအေးခြင်း အကျိုးတို့ပင်တည်း။

“အဒွေစ္စ ၀စနာ ဗုဒ္ဓါ၊ ဘုရားစကားအမှားမရှိ” ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် တကယ်အကျိုးရှိသည့် ဘုရားဟောသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖေါ်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ဟောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ် အညွှန်အကြားများအပေါ် အကဲဖြတ်၍ အခြေအနေ အချိန်အခါအလိုက် အံကိုက်အောင် လက်တွေ့အသုံးချကြည့်ခြင်းအားဖြင့် ဦးတည်ချက် မှန်ကန်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။


ဘာသာရေးကိုင်းရှိုင်းခြင်း၊ ၀တ်ပြုဆုတောင်းခြင်း၊ ဘာသာရေးဆိုင်ရာ အယူဝါဒ တဟ်ခုခုကို ယုံကြည်ကိုးကွယ် ဆည်းကပ်ခြင်း၊ တရားထိုင်ခြင်း(ကမ္မဋ္ဌာန်းထိုင်ခြင်း)၊ ဘသသာရေးဆိုင်ရာ အဆုံးအမတိုင်း နေထိုင်ပြုမူ လုပ်ကိုင်ကျင့်ကြံခြင်းတို့ဖြင့် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါများ။ စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ကုစားနိုင်၊ ပျောက်ကင်းနိုင်ကြောင်း အထောက်အထားများကို ကမ္ဘာတ၀န်းရှိ ဘာသာရေးအဖွဲ့အစည်းများကြား၌ တစ်နေ့တစ်ခြားတွေ့ရှိလာနေရ၏။


တရားထိုင်ခြင်းဖြင့် ရောဂါအမျိုးမျိုးတို့ကို သက်သာစေနိုင်ကြောင်း အများသိဖူး ကြားဖူးကြသည်။ သို့သော် ဘာာ့ကြောင့် ဤသို့ ဖြစ်ရသနည်းဆိုသည်ကို သိသူရှားသည်။ တရားထိုင်၍ ကျန်းမာခြင်းဖြစ်၏ဟု ဆိုသည်ထက် နက်နဲသော ဆေးပညာရှုထောင့်မှ အမြင်ကို ဆိုလိုခြင်း ဖြစ်ပါ၏။ တရားထိုင်ခြင်းဟူသော ကမ္မဋ္ဌာန်းထိုင်ခြင်းသည် ဘာသာရေးနှင့် ဆက်နွယ်နေပြီး၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဗောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ထင်ရှားပါသည်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားထိုင်ခြင်းသည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းလည်း ဖြစ်ပါ၏။


မိမိ၏ စိတ်စွမ်းအား၊ စိတ်တန်းခိုး (Will Power) တိုးတက်လာအောင်၊ ဈာန် အဘိညာဉ်ရအောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ တရားသဘောသိပြီး မဂ်ဖိုလ်ရအောင်၊ မိမိခန္ဓာကိုယ်သဘော သိလာအောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ စိတ်ငြိမ်းချမ်းမှု ရရှိခံစားရအောင်၊ စိုးရိမ်သောက ပူပန်မှုများပယ်ပျောက်အောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုင်သည်ဖြစ်စေ၊ စိတ်ကို တည်ကြည် ငြိမ်းချမ်းအောင်၊ စိုးရိမ်းသောက ပူဆွေးမှုမှ ကင်းဝေးအောင် ပြုလုပ်ခြင်းဖြစ်၏။ စိတ်အေးချမ်း တည်ငြိမ်မှုမှသည် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုပါ ရစေကြောင်း အကျင့်ကောင်းတစ်ခု ဖြစ်ပါ၏။


ထိုသို့သော အကျိုးကျေးဇူးတရားကို တွေ့မြင်လာရသောအခါ အရှေ့တိုင်းသားများသာမက အနောက်တိုင်းသားများ၊ ဘာသာခြားများပင် စူးစမ်းကာ လက်တွေ့ ထိုင်လာကြသည်။ ကံကောင်းသည်ဟု ဆိုရမည်လားမသိပေ။ အရှေ့တိုင်းမှ ပညာရပ်တို့သည် သူ့ချည်းနေလျှင် မည်သို့မျှ ပျံ့နှံ့ခြင်း မရှိဘဲ၊ အနောက်တိုင်းသားတို့နှင့် တွေ့မှ ကမ္ဘာသို့ ပြန့်နှံ့တတ်လေ့ ရှိသောကြောင့်ပင် ဖြစ်ပါ၏။ သူတို့တွင် သုတေသနအမြင်၊ သုတေသနဉာဏ် ရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ တရားထိုင်ခြင်းသည် လောကမှ ထွက်မြောက်ကြောင်း လောကုတ္တရာမှ လောကီစစ်စစ် ကိုယ်ကျန်းမာရေး၊ စိတ်ငြိမ်းချမ်းရေး ဆေးပညာသို့ နှီးနွယ်လာ၏။ သုတေသနပြု ဆန်းစစ်လေ့လာခဲ့ကြသည်။

မက်ဒီတေရှင်း ကုထုံးဆိုတာ ဘာလဲ?

သုတေသနပြုခြင်းဖြင့် တွေ့ကြရသည်မှာ တရားထိုင်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း၊ အစာချေခြင်းကဲ့သို့သော လုပ်ငန်းများ နှေးသွားကြောင်း တွေ့ကြရသည်။ ဟိုမုန်းများ၊ အင်ဇိုင်းများ အထွက်နှေးသွားသည်။ သို့ဖြစ်၍ ခန္ဓာကိုယ် သန့်စင်သွားသည့်ပြင် ဦးဏှောက်တွင်လည်း လုပ်ငန်းများ နည်းသွား၍ တည်ငြိမ် အနည်ထိုင်သွားကြောင်း တွေ့ကြရသည်။ ပထမတွင်မူ လူနာက တရားထိုင်ခြင်းအမှုကို (၁၀)မိနစ်မျှသာ ပြုလုပ်နိုင်သော်လည်း နောက်ပိုင်းတွင် မိနစ်(၂၀)၊ နာရီဝက် စသည်ဖြင့် တိုးကာတိုးကာ တရားထိုင်သွားနိုင်ကြောင်း တွေ့ကြရသည်။


ဘယ်ရောဂါတွေအတွက် သင့်တော်သလဲ?

စိတ်ကယောက်ကယက် ဖြစ်သော အခြေအနေ၊ (Anxisty)

သွေးတိုးရောဂါ၊ (High Blood Pressure)

ချောင်းဆိုးရင်ကျပ်နှင့် အခြားရင်ခေါင်းနှင့်ဆိုင်သော ရောဂါများ၊ (Chest Problems)

သွေးလှည့်ပတ်ခြင်းနှင့်ဆိုင်သော ရောဂါများ၊ (Circulation)

နှလုံးရောဂါ၊ (Heart Diseases)

အိပ်မပျော်ခြင်း၊ (Insomnia)

ကြွက်သားများတောင့်တင်းခြင်း၊ (Muscle Tension)

အကြောက်လွန်ခြင်း၊ (Phouias & Fear)

သွေးဆုံးချိန် ရောဂါလက္ခဏာများ၊ (Menopausal Syndrome)

စိတ်ဖိစီးမှုရှိနေသူများ၊ (Stress and Tension)

ချွဲကပ်နေသူများ၊ (Wheezing) စသောရောဂါများကို ပျောက်ကင်းနိုင်ကြောင်း၊ သို့မဟုတ် သက်သာနိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။


ဆရာဝန်တွေက ဘယ်လိုယူဆသလဲ၊ ?

ဆရာဝန်များကမူ ဆေးပညာသဘောအရ တရားထိုင်ခြင်းသည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်နိုင်ဟု ယုံကြည်ကြသည်။ သုတေသနပြုခြင်းမှ တွေ့ရှိရသည်မှာ တရားထိုင်နေစဉ် အချိန်အတွင်း အသက်ရှူနှုန်း၊ နှလုံခုန်နှုန်း၊ ဥဏှောက်လုပ်ငန်းများနှေးကာ အနားရခြင်းကြောင့် ခန္ဓာကိုယ်၏ နေ့စဉ်ပြဿနာများကို အေးဆေးစွာ ဖြေရှင်းနိုင်ကြောင်း ဆိုကြသည်။ ထို့ပြင် လူနာများက “တရားထိုင်ပြီးသောအခါ တရှောင်ရှောင် ဖြစ်နေခြင်းမှ ပျောက်ကင်းသွားကြောင်း” ပြောဆိုခဲ့ကြသည်။


သို့သော် ယင်းကိုကြည့်ပြီး ဘာပဲဖြစ်ဖြစ် တရားထိုင်လျှင် ရောဂါပျောက်သည်ဟု တစ်ယူသန်၍ မရပေ။ နှလုံးရောဂါရှိသူများသည် နှလုံးခုန်မြန်ကာ ရင်ဘက်မှ စူးအောင့်၍ အသက်ရှူကြပ်နေသည့် အချိန်အထိ တရားချည်း ဖိထိုင်နေရန် မသင့်ပေ။ သွေးတိုးရောဂါသမားများသည်လည်း ခေါင်းတွေမူး၊ ခြေလက်တွေ လှုပ်မရသည်အထိ တရားချည်းထိုင်ကာ ကုသနေ၍ မရပေ။

ထို့ပြင် တရားထိုင်ခြင်းသည် စိတ်ဓာတ်ခိုင်မာသူများသာ လုပ်၍ရခြင်းဖြစ်ရာ စိတ်ရောဂါရှိသူများနှင့် ရောဂါပြင်းထန်စွာ ခံစားနေရသူများအတွက်မူ တရားထိုင်ခြင်းကို လေ့ကျင့်၍ ရနိုင်မည် မဟုတ်ပေ။


ဘာ့ကြောင့် ကမ္မဋ္ဌာန်း ရှုမှတ်သင့်သလဲ၊ ?

ဘ၀မှာ ပိုပြီး ပျော်ရွှင်ရန်၊ ကျန်းမာရန်အတွက် ကမ္မဋ္ဌာန်းကို ရှုမှတ်သင့်ပါသည်။ အထပ်ထပ်လေ့လာထားချက် သုတေသနပြုချက်များအရ ကမ္မဋ္ဌာန်းရှုမှတ်သူများသည် ယခင်ကထက်ပိုပြီး ကျန်းမာလာကြသည်။ ပတ်ဝန်းကျင်နှင့် ပိုပြီး သဟဇာတဖြစ်လာကြောင်း တွေ့ရှိရသည်။ လန်ဒန်မြို့၊ ဆေးရုံအလင်းသတင်းစာ (Hospital Times of London) က (Dr. Demetrikanellakos) ၏ သုတေသနပြုချက်ကို အောက်ပါအတိုင်း အကျဉ်းချုံးပြီး ဖေါ်ပြခဲ့၏။


“ဘာအလုပ်ပဲလုပ်လုပ် ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ စွမ်းအင်နှင့် လုပ်ရည်ကိုင်ရည်ကို တိုးမြှင့်ပေးတယ်။ ကိုယ်နဲ့စိတ် တင်းကျပ်မှုကို လျှော့ကျစေပြီး၊ စိတ်ငြိမ်းအေးမှုကို တိုးတတ်စေပါတယ်။ အရက်အပါအ၀င် အာရုံကိုထင်မှားစေတဲ့ ဆေးဝါးများကို သုံးစွဲလိုတဲ့ ဆန္ဒကို လျှော့ပါးစေပါတယ်။ (သို့မဟုတ်) လုံးဝ ပျောက်ကင်းစေပါတယ်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ပုံမှန်လည်ပတ်မှုနှုန်းကို လျှော့နည်းစေပါတယ်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ တစ်ညတာ အိပ်ရေးဝတာထက် ပိုပြီး သာလွန်တဲ့ အပန်းဖြေမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်များနဲ့ အခြားတိကျသာလွန်မှုတေါ အမြောက်အများ ရှိတယ်ဆိုတာကို လက်တွေ့စမ်းသက်ချက်များက သက်သေခံထားပါတယ်” ဟု ဖေါ်ပြထားပါသည်။



ကမ္မဋ္ဌာန်း ရှုမှတ်ခြင်းဟာ ပိုပြီးကျန်းမာစေသလား?

ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေကြောင်း စာရင်းဇယားများက ညွှန်ပြနေသည်။ ယခုအထိ ပြုလုပ်ခဲ့သော လေ့လာချက်များအရ ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကျန်းမာရေးအပေါ်မှာ ကျန်းမာရေးအပေါ် အမှန်တကယ် သက်ရောက်မှုရှိကြောင်း တွေ့ရသည်။

“အထဲမှာ တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ စက်ကို ငါတို့က အနားပေးရင် အဲဒီစက်က အနာရောဂါဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပေါ့။” လို့ မဟာရိရှီ (Marishi) ကပြောခဲ့သည်။

သူ၏အခြေခံကျသော အကြောင်းပြချက်များသည် အလွန်ကောင်း၏။ နက်နဲသော အနားရခြင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသည်ဟု ဆေးသိပ္ပံက သဘောတူခဲ့သည်မှာ ကြာပြီဖြစ်၏။ ထို့ပြင် အနားယူခြင်းကြောင့် အချို့သော မအီမသာ ဖြစ်ခြင်းများ ပျောက်ကင်းသွားနိုင်ပါသည်။ (Dr. Herbert Beenson) တို့၏ လေ့လာချက်အရ ကမ္မဋ္ဌာန်းထိုင်ခြင်းသည် နက်ရှိုင်းသော အပန်းဖြေမှုကို အများကြီး ရရှိစေသည်ဟု ဆိုပါသည်။


ဟားဗက်တက္ကသိုလ်(Harvard University) က ဒေါက်တာ ဟားဘက်ဘင်ဆင် အပါအ၀င် နှလုံးရောဂါ ဆရာဝန် အချို့သည် နှလုံးရောဂါသည်များကို ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တိုက်တွန်းခဲ့ကြသည်။ အကြောင်းပြချက်က “လေဖြတ်ခြင်းဆိုသည်မှာ ကိုယ်စိတ်တင်းကျပ်မှုတို့ ဆက်တိုက် ဖြစ်ပေါ်ခြင်း၏ ရလာဒ်တစ်ခု ဖြစ်ပြီး၊ ကမ္မဋ္ဌာန်းရှုမှတ်ခြင်းက အဆိုပါ တင်းကျပ်မှုကို လျှော့နည်းစေသောကြောင့် နှလုံးရောဂါကိုလည်း သက်သာစေခြင်းဖြစ်၏” ဟု ဆိုသည်။


ပရင်စတန်တက္ကသိုလ်(Princeton University) က ရူပဗေဒ ပါမောက္ခ တစ်ဦးက “ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ခင်ဗျားရဲ့ အထွေထွေကျန်းမာရေးကို တိုးတက်စေတယ် ဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ရောဂါအားလုံးကိုတော့ မပျောက်ကင်းစေနိုင်ဘူး။ ကိုယ်စိတ် တင်းကျပ်မှုကို လျှော့နည်းစေပြီး၊ နက်ရှိုင်းတဲ့ အပန်းဖြေမှုကို ရရှိစေတာကတော့ သေချာပါတယ်။ ဒီအတွက်ကြောင့် ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ခင်းဗျားရဲ့ ကျန်းမာရေးအတွက် အင်မတန် အကျိုးများပါတယ်” ဟု သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ပါသည်။


ဟာဒဗက်ဆေးကျောင်း (Harvard University Medical School) မှာ ကမ္မဋ္ဌာန်းရှုမှတ် သူများကို စမ်းသပ်နေသော သွေးတိုးနှင့် နှလုံးရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဟားဘက်ဘင်ဆင်က သူ၏စမ်းသပ် တွေ့ရှိသည့် အဖြေကို ဇီဝကမ္မဆိုင်ရာ အမေရိကန်ဂျာနယ် (American Journal of Physiology) မှာ ဖေါ်ပြထား၏။ ယင်းအစီရင်ခံစာကို တိုင်းမဂ္ဂဇင်း (Time Magazine) က အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

“ကမ္မဋ္ဌာန်းရှုမှတ်သူများရဲ့ ခန္ဓာကိုယ် အလုပ်လုပ်တဲ့နှုန်းဟာ သိသိသာသာ လျှော့ကျသွားတယ်။ နှလုံးကလည်း လျှော့ပြီးညှစ်တယ်။ စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုရဲ့ အညွှန်းတစ်ခုဖြစ်တဲ့ အရေပြားရဲ့ လျှပ်စစ်ခုခံမှုဟာ ထူးထူးခြားခြား မြင့်တတ်လာတယ်။


ဒါဟာ ကမ္မဋ္ဌာန်းရှုမှတ်သူက တင်းကျပ်မှုပြေလျှော့နေတာကို ပြတာပဲ။ ပြီးတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ထုတ်တယ်။ ဥဏှောက်ရဲ့ အယ်လ်ဖာလှိုင်း (Alpha Wave) များဟာ ပြင်းအား (Intensity) တိုးလာတယ်။ ဒါလည်း တင်းကျပ်မှု ပြေလျှော့ခြင်းရဲ့ လက္ခဏာ တစ်ခုပါပဲ။ တစ်ချိန်တည်းမှာ သွေးထဲက လက်တစ်အက်စစ် (Lactic Acid) ဓါတ် ထွက်ပေါ်တဲ့နှုန်းဟာ လျှော့ကျသွားပြန်တယ်။ ဒါကလည်း စတ်ပူပန်မှု လျှော့ကျသွားတဲ့ လက္ခဏာ တစ်ခုပင် ဖြစ်ပါတယ်” ဟု ဖေါ်ပြထားပါသည်။


ဤသည်တို့မှာ ကမ္မဋ္ဌာန်းရှုမှတ်ခြင်း၊ တရားထိုင်ခြင်းနှင့် ပက်သတ်၍ အနောက်တိုင်း ဆေးပညာအမြင်နှင့် သုတေသနပြု လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိဘ၀တွင် အမှန်တကယ် ရောဂါကင်းမှု၊ ကျန်းမာမှု၊ အသက်ရှည်မှုကို လိုလားသူတိုင်း ဘာသာရေးကျင့်စဉ်ဖြစ်သည့် ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားအားထုတ်ခြင်းကို လက်မလွှတ်သင့်ကြောင်း သဘောပေါက်လိမ့်မည်ဟု ယုံကြည်မိပါသည်။ လူတိုင်းကိုယ်စီ ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားအားထုတ်ခြင်းကို ပြုလုပ်၍ ရောဂါအပေါင်းမှ ကင်းလွတ်၍ ကျန်းမာခြင်း ဆုလာဘ်ကို အရယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။


ကျမ်းကိုး။ ။

၁။Alternative Therapy & Western Medicine.

အလှည့်အပြောင်း ကုထုံးများနှင့် အနောက်တိုင်းဆေးပညာအမြင်၊ မော်ဦး ဆေး(၂)

၂။(Tranquility Without Pills, All About Transcendental Meditation, By-Jhan Robbins, David Fisher.

ဆေးမကူဘဲ ငြိမ်းအေးနည်း၊ ဒေါက်တာ မင်းတင်မွန်။]



တက္ကသိုလ် မောင်ကိုရင်



ကဆုန်လပြည့် ဗုဒ္ဓနေ့



ယနေ့ (၂၇.၄.၂၀၁၀) ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဘုရားရှင်ကို သတိရ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲများ၊ ဆုတောင်းပူဇော်ပွဲများ ပြုလုပ်ကြပါသည်။ မြန်မာ၊
ထိုင်း၊ ကမ္ဗေ္ဗာဒီးယား၊ သီရီလင်္ကာ၊ စင်ကာပူနိုင်သံတို့တွင် ဤနေ့ကို အများပြည်သူ အနားယူ
ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ကြသည်။


အဘယ့်ကြောင့် "ကဆုန်လပြည့် ဗုဒ္ဓနေ့"ဟု ခေါ်သနည်း။?


“ဗျာ ဖွါး ပွင့်ပြန်၊ နိဗ္ဗာန်စံ၊ မှတ်ရန် ကဆုန်လ” ဟူသည်နှင့်အညီ ဤ ကဆုန်လပြည့်နေ့သည်


၁။ ဒီပင်္ကရာဘုရားရှင်က ဤသုမေဓါ ရှင်ရသေ့သည် နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်ပြီးနောက် ဂေါတမအမည်ဖြင့် ဘုရားဖြစ်တော်မူလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဗျာ)


၂။ လုမ္ဗိနီအမည်ရှိသော အင်ကြင်းဥယျာဉ်ဝယ် ဖခမည်းတော် သုဒ္ဓေါဒန၊ မယ်တော် မာယာဒေ၀ီတို့မှ ဖွါးမြင်တော်မူသောနေ့ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဖွါး)


၃။ အိန္ဒိယ မဇ္ဈိမဒေသ ဗုဒ္ဓဂယာဒေသ၌ ဗောဓိပင်နှင့် ရွှေပလ္လင်ထက်တွင် မာရ်(၅)ပါးကို အောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ပွင့်ပြန်)


၎။ ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော်(၄၅)၀ါ၌ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းဥယျာဉ်ဝယ် နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံတော်မူသောနေ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (နိဗ္ဗာန်စံ)


ထို့ကြောင့် ဤနေ့ကို အလေးအမြတ်ထားကာ ဗုဒ္ဓဘာသာဝင်တိုင်းက သတိရ အောက်မေ့ပြီး ဘုရားရှင်ကို ပူဇော်ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံတို့၌ ဤနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ရည်မှန်း၍ ဗောဓိညောင်ပင်နှင့် ဘုရားရှင်ကို ရေသွန်းလောင်း ပူဇော်လေ့ ရှိပါသည်။ အခြားသော ထေရ၀ါဒ နိုင်ငံတို့နှင့် မဟာယာနနိုင်ငံများ ဖြစ်ကြသော တရုတ်၊ ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်နိုင်ငံတို့တွင်မူ ဘုရားရှင် ဖွါးတော်မူရာနေ့ကို
ရည်မှန်း၍ ဘုရားအလောင်းတော်ကလေးကို ရေသွန်းလောင်း ပူဇော်လေ့ ရှိကြပါသည်။


Vesak day ဟုခေါ်ကြခြင်းမှာ ကဆုန်လကို ပါဠိဘာသာအားဖြင်း ‘၀ိသာခ မာသ’ ဟုခေါ်၏။ မာသ သည် လဟုအဓိပ္ပါယ်ရ၏။ ထို့ကြောင့် ဤနေရာ၌ ‘၀ိသာခ’ (Visakha) ကိုသာ ယူရပေမည်။ ပါဠိနာမည်ဖြင့် ခေါ်မည်ဆိုလျှင် Visakha day ဟုခေါ်ဆိုရမည် ဖြစ်ပါသည်။ သို့သော် ယခုအခါတွင်မူ Visakha day ဟု ခေါ်ဆိုခြင်းထက် ဝေသာခ Vesakဟူသော သက္ကတ အမည်ဖြင့ှ် Vesak day ဟူသော နာမည်သည်သာ ပို၍ အသုံးတွင်ကျယ်ကာ လူတိုင်းနားလည် သိရှိနေပါကြောင်း ထပ်လောင်း တင်ပြအပ်ပါသည်။



ဤကား ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင်များ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပကြခြင်း၊ ဘုရားရှင်ကို ပူဇော်ကြခြင်း၏ အဓိပ္ပါယ် အကျဉ်းချုပ် ဖြစ်ပါသည်။



တက္ကသိုလ် မောင်ကိုရင်



Saturday, April 10, 2010

ဆုံးမစာ နီတိကဗျာများ



အတိတ်ကိုတွေး မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။ ။
(ဆရာတော် ဒေါက်တာ နန္ဒာယလယဘိဝံသ)

သူတစ်ဖက်သား မျက်မာန်ပွါးသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာရှချိမ့်နည်း။
(မင်းကွန်း တိပိဋက ဆရာတော်ကြီး)

ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။
ကျေးဇူးပျောက်လျှင် မာနပေါ်သည်။
(ပိုင်းလော့ ဆရာတော်)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုး အကန့်အသတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက်
အကန့်အသတ်မရှိ ပေးဆပ်ရတာမျိုးပါ။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ပါးစပ်မှာဓါး၊ သတိထားစကားဆင်ခြင်ပြော။
အကျိုးရှိ မရှိ၊ ဆင်ခြင်ကြည့်အကျိုးရှိမှပြော။
ပြောသင့် မသင့်၊ အခါချင့်ပြောသင့်ခါမှပြော။
(ထိုင်ဝမ်ဆရာတော် )

ငါသာငါထက် မာန်မတတ်နဲ့
အထက်နေမင်း လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏။
(ရှင်မဟာရဋ္ဌသာရ)

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊
ရလင့်ဧကန်သာ။
(မိုးကုတ်ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မကထိက အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သောအညစအကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဓမ္မပဒ)

အသက်ရှင်ဖို့ စားပါ။
စားဖို့သက်သက်အတွက်တော့
အသက်မရှင်ချင်ပါနဲ့
လောကအတွက် သာသနာအတွက်
လုပ်စရာတွေ အများကြီးပါ။
(ထိုင်ဝမ် ဆရာတော်)

ချိန်ခါတိကျ၊ မသိရလည်း
သေရမည်မှာ မလွဲပါ။
ချိန်ခါမလင့်၊ မဂ္ဂင်ဖြင့်
တရားကျင့်၍စောင့်နေပါ။
()

အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်၊ တံဆိက်မှတ်ကား
မပြတ်မစဲ၊ အိုးပင်ကွဲလည်း
အမြဲတစေ၊ တည်ရှိနေသို့
ထွေထွေသွေးသား၊ ကလေးများ၌
ဘုရားတံဆိတ်၊ ဘသသာစိတ်ကို
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊ စွဲမှတ်တည်မည်
ကိုယ်စီခပ်နှိပ်နိုင်စေသတည်း။ ။
(တောင်မြို့ မဟာဂန္ဓာရုံဆရတော်)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို
တရားကပြန်လည်စောင့်ရှောက်ပေး၏။
(ဗုဒ္ဓ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ်တွက် သင်ခန်းစာ။

မေတ္တာခြုံလို့ လုံပါစေ။
သစ္စာဆောင်လို့ အောင်ပါစေ။
မင်္ဂလာကျင့်လို့ မြင့်ပါစေ။
အရှင်ဥက္ကံသ M.A (Buddhism)