Sunday, February 24, 2013

အိမ် .....


အိမ် .....

အိမ် ဆိုတာ ...ကျွန်မအတွက်တော့ နွေးထွေးမှုတွေ၊ ကြင်နာထွေးပွေ့မှုတွေ၊ အချစ်တွေ ပြည့်နှက်နေတဲ့ အရိပ်အာဝါသလေးပေါ့... စိန်တွေ ရွှေတွေ ဂုဏ်တွေ မာနတွေ အတ္တတွေနဲ့ လွတ်ကင်းနေတဲ့ နေရာလေးပေါ့...
သူစိမ်းတွေ နဲ့ဆက်ဆံဖို့ အမြဲခက်ခဲခဲ့တဲ့ကျွန်မက အပြင်မှာ စိတ်ပင်ပန်းလာခဲ့ရသမျှတွေဟာ အိမ်ခြံဝင်းဝမှာ မေမေ့မျက်နှာကို မြင်လိုက်ရတာနဲ့ အဲဒီစိတ်ညစ်စရာတွေက ခွာချခဲ့တဲ့အရေခွံလို ဟိုတစဒီတစ နဲ့အိမ်အပြင်မှာ ကျန်ခဲ့မြဲလေ...

ရီသံလွင်လွင်လေးတွေ၊ စနောက်သံတွေ၊ တခါတခါ အော်ဟစ်ဆူပူတတ်တဲ့ မေမေ့အသံတွေ၊ လောကကြီးအကြောင်း ဘဝအကြောင်းတွေ ပြောပြနေတတ်တဲ့ ဖေ့ အသံတွေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကျွန်မနဲ့အမရဲ့ ရန်ဖြစ်သံတွေ၊ သီချင်းဆိုသံတွေ... အရာအားလုံးဟာ အေးချမ်းတဲ့ နွေးထွေးမှုလေး တခုတည်းအောက်က အသိုက်အမြုံလေးလေ... ကျွန်မ အဘိဓာန်မှာ ဖွင့်ထားတဲ့ အိမ် ရဲ့ အဓိပ္ပါယ်က အဲ့လိုလေ... ခုတော့ ကျွန်မသိပ်တန်ဖိုးထားခဲ့ရတဲ့.. အိမ် လေးနဲ့ အဝေးမှာ.. မေမေ့ရင်ခွင်နဲ့ ဝေးသထက် ဝေးဝေး... ဟိုး... အဝေးကြီးမှာ... ကျွန်မ တစ်ယောက်တည်း......

အိမ်ဆိုတာ...အမိုးအကာနဲ့နားခိုရာဆိုရင်တော့ ကျွန်မအိမ်လို့မသတ်မှတ်ထားတဲ့ အိမ်ဆိုတဲ့နေရာတခုမှာ နေနေတယ်လေ... ကျွန်မ စက်ဆုပ်ရွံရှာခဲ့တဲ့ ဟန်ဆောင်အပြုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမဟုတ် စက်ရုပ်မဟုတ်တွေ စုစည်းထားရာ နေရာဒေသတစ်ခုမှာပေါ့...။ ကျွန်မ အမုန်းဆုံးဟန်ဆောင်ပြုံးတွေ အေးစက်စက်နွေးထွေးမှုတွေ ကောက်ကျစ်တဲ့ကြင်နာမှုအတုတွေကြားမှာ ငယ်ဆိုတာ ငယ်မဟုတ်တော့သလိုပဲ..

ကျွန်မမျက်နာ ကျွန်မနာမည်ကြီးနဲ့အသက်ရှင်နေရပေမယ့်ကျွန်မရဲ့ ဖြစ်တည်မှုအစစ်မှန်က ပျောက်ခြင်းမလှ ပျောက်နေခဲ့တယ်...။ မှန်ကြည့်ရင်တောင် အကြည့်တွေက သူစိမ်းဆန်နေသလို အလန့်တကြားခံစားမိတယ်။ သူတို့ရဲ့ ဟန်ဆောင် အပြုံးတွေကို အရိုးသားဆုံးအပြုံးတခုနဲ့ ပြန်တုန့်ပြန်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားရင်း ဓာတ်ပုံလေး ထဲက အရိုးသားဆုံးအပြုံးတွေကို ပြန်ကူးယူနေရတယ်လေ...။ ငယ် ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထာဝရထွက်ခွာသွားမှာစိုးလို့ပါ...။

ကျွန်မသိပ်ခင်တဲ့ ကျွန်မသူငယ်ချင်းလေးက အားပေးတယ်...။ နောင်တချိန်နီးရဖို့ခနဝေးတယ်ပဲ သဘောထားလိုက်ပါတဲ့... သူကတော့ အဲ့လိုပဲခံယူတယ်တဲ့...။ သူ့ရဲ့ အဲ့ဒီစိတ်တွေ ကျွန်မဆီမှာရှိနေခဲ့ရင် ကောင်းမယ်လို့ အားမလိုအားမရ ချက်ချင်းတွေးမိတယ်... ကျွန်မဘာလို့အဲ့လိုတွေးလို့မရတာလဲ...။ သူပြောဖူးသလို ကလေးဆန်နေလို့လား...။

 ဟုတ်မှာပါ.... ကျွန်မက မေ့အိမ်က မေ့ကလေးလေးပဲ ထာဝရဖြစ်နေချင်ခဲ့သူပဲလေ...။ ခုတော့ အပြုံးတုတွေ အချစ်ယောင်တွေရဲ့ကြားမှာ ကျွန်မကိုယ် ကျွန်မ ပျောက်မသွားရအောင် ကြိုးစားနေရတာကိုက အလုပ်ပိုတခုဖြစ်နေခဲ့တယ်လေ....။ သူပြောသလို နောင်တစ်ချိန်ပြန်နီးခွင့် မရခင်... ကျွန်မအစစ်ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲသူငယ်ချင်းရယ်....။ ဟန်ဆောင်ပြုံးတွေသတ်လို့ ငယ်ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထွက်သွားခဲ့ရင်.......။

ဝမ်းနည်းမျိုသိပ်မှုတွေ၊ ထိန်းချုပ်သိုဝှက်မှုတွေ၊ တိုးတိတ်ငိုကြွေးမှုတွေရဲ့နှိပ်စက်မှုတွေအောက်မှာ ကျွန်မရဲ့ခံနိုင်ရည်တွေ ပြိုလဲမသွားခင်.... အိမ် ပြန်ခဲ့ပါရစေလား မေမေရယ်...။

အမတ ငယ်