Tuesday, February 26, 2013

လူ့အသက်….အလုအယက်တစ်ရာ

 လူ့အသက်….အလုအယက်တစ်ရာ

လူတို့၏ အသက်တမ်းကို ဗုဒ္ဓလက်ထက်က (၁ဝဝ) တမ်းဟု သတ်မှတ်ခဲ့ပြီး နှစ်ပေါင်း (၁ဝဝ) ကြာလျှင် (၁)နှစ်လျော့သည်ဟု ဖတ်မှတ်ခဲ့ဖူးပါသည်။
ဤသို့ဆိုသော် ဗုဒ္ဓ၏ ဝါတော်(၄၅)ဝါနှင့် ဗုဒ္ဓပရိနိဗ္ဗာန်စံခဲ့ပြီးနောက် နှစ်ပေါင်း (၂၅၅၅) ကိုပေါင်းလျှင် (၂၆ဝဝ) တင်းတင်းပြည့်ခဲ့လေပြီ။ လူတို့၏ အသက်တမ်းလည်း
၁ဝဝတမ်းမှ (၂၆)နှစ် လျော့နည်းခဲ့ပြီမို့ ယခုဆိုလျှင် လူတို့၏ အသက်တမ်းကား (၇၄) နှစ်သက်တမ်းဟု ဆိုရပေမည်။ ထို (၇၄) နှစ်ဆိုသည်မှာလည်း လူတိုင်း သက်တမ်းစေ့နေရသည် တော့မဟုတ်။ အမျိုးမျိုးသော ကံကြမ္မာအလှည့် အပြောင်းရှိတာမို့ အကြောင်းတစ်မျိုးမျိုးနဲ့ သေခဲ့ကြရသူတွေလည်း ဒုနှင့်ဒေးပင်။

မည်သို့ပင်ဆိုစေကာမူ သက်တမ်းစေ့နေရသည့် ပုဂ္ဂိုလ် တစ်ယောက်အကြောင်းကို ကျွန်ုပ်လေ့လာကြည့်ချင်မိသည်။
၇၄ နှစ်သက်တမ်းစေ့သူ တစ်ယောက်ဆိုပါစို့။ အများအမြင်မှာတော့ သူဟာ ၇၄ နှစ်အသက် ရှည်တဲ့သူပေါ့။ သူ အသက်ရှည်နေထိုင်ခဲ့တာ ၃၇ နှစ်ပဲရှိတယ်လို့ ကျွန်ုပ် ပြောလိုက်လျှင် လွန်များနေ မလား မပြောတတ်ပေ။ “ငါ့စကားနွားရ” ဆိုတဲ့သဘောမျိုးနဲ့ ကျွန်ုပ်ပြောခြင်း မဟုတ်တာ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ နေ့ခင်းမှာ အလုပ်လုပ်ကြပြီး ညပိုင်းကျရင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို တစ်ညတာ အိပ်စက် အနားယူတတ်ကြလို့ပါပဲ။

 ဒါကြောင့် တစ်ရက်မှာ ၂၄နာရီရှိသည့်အနက် နေ့ပိုင်း၁၂ နာရီကို နိုးနေတဲ့အချိန်လို့သတ်မှတ်ပြီး ညပိုင်း၁၂နာရီကိုတော့ အလုပ်မလုပ်ဘဲ အိပ်စက်အနားယူတဲ့ အချိန်လို့ ခွဲခြားကြည့်လိုက်ပါ။ သက်ရှိသတ္တဝါတိုင်း ပဋိသန္ဓေ စိတ်ရယ်(မိခင်ဝမ်းထဲမှာ ရှိနေခြင်း)၊ ဘဝင်စိတ်ရယ်(အိပ်စက်ခြင်း)၊ စုတိစိတ်ရယ်(သေခြင်း) အတူတူ ပဲဆိုတာကို ဗုဒ္ဓအဘိဓမ္မာမှာ အတိအလင်း ဟောကြားထားပါတယ်။ 

ဒီအတိုင်းဆိုလျှင် အိပ်ပျော်နေသူ တစ်ယောက်မှာ ဘဝင်စိတ်ဖြစ်နေတာမို့ သူ့မှာ ဘာကုသိုလ်မှ မရသလို ဘာအကုသိုလ် မှလည်း မရနိုင်ပါဘူး။ ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်တဲ့သူ တစ်ယောက်အတွက် လူ့လောကမှာ နေတာဟာ အလကားနေသလို ဖြစ်မနေဘူးလားဗျာ။ ဒါကြောင့်
ခုနက ၇၄ နှစ်သက်တမ်းရှိသူ တစ်ယောက်ရဲ့ အိပ်စက်ခြင်းအချိန်တွေကို နှုတ်လိုက်မယ်ဆိုလျှင် သူတကယ် အသက်ရှည်ခဲ့တာ ၃၇ နှစ်ပဲလို့ ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ပါတယ်။

၃၇နှစ် အသက်ရှည်တဲ့ လူသားတစ်ယောက် လူ့ဘဝနေရသည့်အခိုက် ကောင်းတာတွေနဲ့ချည်း နေခဲ့ရသလား ဆိုတာ ထပ်စဉ်းစားကြည့်ရအောင်။ ရှေးဦးစွာ ဗာလဆိုတဲ့စကားလုံးလေးကို သတိပြု ကြည့်လိုက်ပါ။ ဗာလဆိုတဲ့စကားလုံးကိုတော့ စာဖတ်သူများ ကြားဖူးပြီးဖြစ်မှာပါ။ မင်္ဂလသုတ်မှာ ဗုဒ္ဓဟောကြားခဲ့ပါတယ်။
ဗာလကို ကျွန်ုပ်က ၂ မျိုးခွဲပြချင်တယ်။

၁။ဗာလ=မသိခြင်း။ 

မသိခြင်းဆိုသည်မှာ ကုသိုလ်+ အကုသိုလ် ခွဲခြားမသိတာကို ဆိုလိုပါတယ်။ နို့စို့အရွယ်ကလေးငယ် ဘဝကစပြီး ပညာသင်ကြားလို့ရမယ့် လေးငါးနှစ်အရွယ်ထိ ဆိုပါတော့။ အဲ့ဒီအချိန်မှာ သူတို့လေးတွေ ရဲ့စိတ်ထင်မှာ အချိန်တန်စား၊ အချိန်တန်အိပ်၊ အချိန်တန်ဆော့ကစားဖို့လောက်ပဲ သိသေးတာမို့ ကုသိုလ်+အကုသိုလ် တစ်ခုခုပြုမိသော်လည်း ခွဲခြားမသိနိုင်သေးတဲ့အတွက် ဗာလ=မသိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါတယ်။

၂။ဗာလ=မိုက်မဲခြင်း(လူမိုက်)။ 

လူမိုက်ဆိုကတည်းက သိလျက်နဲ့မိုက်တယ်ဆိုတာ သဘောပေါက်သင့်ပါပြီ။ အသက်ကြီး၊ အသိကြီး လာပေမယ့် အမှားကို မှားမှန်းသိလျက်နဲ့ မပြုပြင်ဘဲ မိုက်နေကြသူတွေကို ဆိုလိုတာပါ။ စာဖတ်သူများ ရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ (ဥပမာ= အရက်ကို စွဲစွဲလန်းလန်း သောက်နေ ကြတဲ့သူတွေ၊ သူ့အသက်သတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့သူတွေ စသည်စသည် များစွာ တွေ့နိုင်ပါတယ်။)

နောက်တစ်ခုက ဇရာဆိုတဲ့ ပါဠိစကားလေး တစ်လုံးပါ။ မြန်မာလိုတော့ အိုမင်းခြင်း၊ ရင့်ရော်ခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ “အိုမင်းမစွမ်း” ဆိုတဲ့ ရှေးလူကြီးတွေ သုံးခဲ့တဲ့စကားလေး ပြန်လည် မြင်ယောင်ကြည့်လိုက်ပါ။ လူသားတို့ အိုးမင်းမစွမ်းဖြစ်လာပြီဆိုလျှင် နီးလျက်နဲ့ဝေးရတဲ့ ရထားသံလမ်း များ ဘယ်တော့မှ မဆုံဖြစ်ကြသလို စိတ်နဲ့ကိုယ်နဲ့ ဘယ်လောက်ပဲ နီးနေပေမယ့်လို့ ဆုံနိုင်ဖို့ ခဲယဉ်းလှပါတယ်။ အိုမင်းရင် မစွမ်းတော့ပါဘူး၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလို့ ဆိုလိုပါ တယ်။ ဒါကြောင့် ဘုရားသွားကျောင်းတက်ချင်စိတ် ဘယ်လောက်ပဲရှိနေပေမယ့် ကိုယ့်အိမ်က ဘုရားစင်ရှေ့ သွားဖို့တောင် အနိုင်နိုင်ပါပဲ။ ကုသိုလ်ကောင်းမှု ဘယ်လောက်ပြုချင်ပေမယ့် ပြုလုပ်ဖို့ အခွင့်အလမ်းတွေ ကင်းမဲ့နေတာကို တွေ့ရမှာပါ။ 

စာဖတ်သူများအနေနဲ့ တကယ်အသက်ရှည်တာ ၃၇နှစ်ပဲဆိုတာကို မမေ့လိုက်ပါနဲ့။ အဲ့ဒီ ၃၇နှစ်ကို အခု ကျွန်ုပ်ပြောခဲ့တဲ့ ဗာလနဲ့ဇရာတရားက ဝါးမျိုးသွားလိုက်တာ ထက်ဝက်လျော့သွားပြန်ပါပြီ။ ဘာကြောင့်လဲဆိုရင် လူတွေအသက်ရှင် လှုပ်ရှား နေတဲ့ အချိန်တွေမှာ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်နေလို့ပါပဲ။ ဗာလနဲ့ဇရာတရား လက်ဝယ်ပိုက် ထွေး ထားသူများအတွက် ကုသိုလ်နဲ့အကုသိုလ် ဘယ်ဟာအဖြစ်များမလဲဆိုတာ တွေးကြည့်လိုက်ရင် ကျွန်ုပ်ပြောတာ လက်ခံနိုင်မယ်ထင်ပါတယ်။ ဒါဆို သက်တမ်းစေ့နေသူ တစ်ယောက် တကယ်အသက် ရှင်နေထိုင်သွားရတာဟာ ၁၈ နှစ်နဲ့ ၆လပဲ ရှိပါတော့တယ်။
ဒီ ၁၈နှစ်နဲ့၆လကိုရော ကုသိုလ်တွေနဲ့ချည်း ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေသွားရမှာလား ဆိုတာ ဆက်ကြည့်ကြပါအုံးစို့။ 

ဗျာဓိ=နာခြင်းတရားတဲ့။

 ဒီဗျာဓိတရားဟာ လူသားတွေ မွေးဖွားလာစဉ် ကတည်းက လူသားနှင့်အတူ လက်တွဲဖော်အဖြစ် ပါလာခဲ့တဲ့တရားလို့ ပြောလို့ရပါတယ်။ လူ့ဘဝ ခဏတာလေးအတွင်းမှာ နာခြင်းအမျိုးမျိုး ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ကြဖူးပါပြီ။ သေးသေးမွှားမွှားနာခြင်း (ခလုပ်တိုက်လို့ ခြေထောက်ပဲ့သွားတာမျိုး၊ ချော်လဲလို့ ဒူးပွန်းသွားတာမျိုး၊ ဆူးစူးတာမျိုး၊ အအေးမိလို့ နှာစေးချောင်းဆိုးတာမျိုး စသည်…)သာမက တစ်ခါတစ်ရံ ကြီးကြီးမားမား နာခြင်းမျိုးပါ ခံစားကြရပါ တယ်။ အစားအသောက်မှားလို့ ဗိုက်အောင့်ဗိုက်နာဖြစ်တာတို့၊ လေနာတာတို့၊ လေဖြတ်ခံထားရတဲ့ အတွက် အိပ်ရာထဲမှာ ကိုယ့်မစင်ကိုယ် မသန့်ရှင်နိုင်တဲ့အထိ ခံစားရပြီဆိုလျှင် သေတာကမှ ကောင်းသေးတယ်လို့ သေမင်းကိုလက်ယပ်ခေါ်မိတဲ့အထိတောင် ကြားဖူးကြမှာပါ။ 

ကျွန်ုပ်သူငယ်ချင်း တစ်ယောက် အူအတက်ပေါက်လို့ ဗိုက်အောင့်တဲ့ဝေဒနာခံစားရစဉ်တုန်းက သူပြောခဲ့တဲ့စကားလေး ဖောက်သည်ချပါရစေ…..“ဒီဝေဒနာခံစားရတာ ထက် သေတာကမှ ကောင်းသေးတယ်ကွာ”တဲ့ ကျွန်ုပ် နားနဲ့ဆက်ဆက် ကြားခဲ့ရတာပါ။ ဒါကြောင့် တကယ်အသက်ရှင်နေထိုင်ရတဲ့ ၁၈နှစ်နဲ့၆လဟာလဲ အကောင်းနဲ့ချည်း အသက်ရှင်ခဲ့ရတာမဟုတ်၊ ဗျာဓိတရားနဲ့ နပန်းလုံးရင်း အသက်ရှင်ခဲ့ရတာ ဖြစ်ပါ တယ်။

“လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုသည့် စကားအတိုင်း လူသားတစ်ယောက်အဖို့ လူမှုကိစ္စ အဝဝ ရှိကြမှာ မလွဲပါဘူး။ လူဖြစ်လာစ အချိန်ကတည်းက လူသားတစ်ယောက်ရဲ့တာဝန်ဟာ အလို အလျောက် ပါလာစမြဲပါပဲ။ အရွယ်ကြီးလာတာနှင့်အမျှ လိုချင်မှုများလည်း ပိုပိုကြီးလာတတ်ကြပါတယ်။ သမုဒ္ဒရာ ဝမ်း တစ်ထွာအတွက် ရှာဖွေရုန်းကန်ကြရင်း လောဘတဏှာရဲ့ ကြီးစိုးမှုဒဏ်ကို အလူးအလဲ ခံစားကြရပြန်ပါတယ်။ တစ်ဝမ်းတစ်ခါးအတွက်သာ ရှာဖွေစားသောက်နေရုံနှင့်
အားမရ မတင်းတိမ်နိုင်ကြတဲ့အခါမှာ လူသားတွေ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေတဲ့ “အချစ်”ဆိုတာကြီး နှလုံးသားကိုယ်စီမှာ ကိန်းအောင်းလာပါတော့တယ်။

အချစ်ဆိုတဲ့အရာကို ရင်တွင်းမှာမျိုသိပ်ထားရတာ ငြီးငွေ့လာပြန်တော့ နှလုံးသားမှပွင့်အန် ထွက်လာပြီး လင်မယားဇနီးမောင်နှံ ဖြစ်ဖို့အရေး ကြိုးစားကြပြန်ပါတယ်။
နှစ်ဝမ်းနှစ်ခါး ရှာဖွေစား သောက်နိုင်ရေးအတွက် စီးပွားဥစ္စာတွေ မတော်မတရားနည်းနဲ့ ကြိုးပမ်းရှာဖွေ လာကြပါတယ်။ ဒါကိုပဲ လူသားတို့က “အချစ်” (တပ်မက်ခြင်း)ဟု နာမည်ကင်ပွန်းတပ်ကာ လောကကို အရောင်ခြယ်လိုက် ကြခြင်းပါပဲ။

 “အချစ်တစ်ခုရှိလျှင် ဒုက္ခတစ်ခုရှိသည်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အချစ်တို့ပေါင်းဆုံရာမှ ဒုက္ခတုံးလေးများ လောကထဲ ပေါများလာပါတော့တယ်။ ဒုက္ခတုံးလေးများဆိုတာ တစ်ခြားမဟုတ် ပါဘူး။ ကျွန်ုပ်တို့ လူသားများပါပဲ။ ဒုက္ခတုံးလေးများလေ ပိုရှာဖွေရလေဖြစ်ပါတယ်။ နှစ်ဝမ်းနှစ်ခါးတင် မဟုတ်တော့ ဝမ်းဗိုက်ပေါင်းများစွာအတွက်၊ တိုးပွားလာသည့် သားစဉ်မြေးဆက်အတွက်၊ ဆွေစဉ်မျိုး ဆက်အတွက်၊ ရပ်ကျိုးရွာကျိုးအတွက်၊ ထို့မှတဆင့် မြို့နယ်-တိုင်း-နိုင်ငံ အကျိုးအတွက် စသည် စသည် …။

ဤသို့ဖြင့် ၁၈နှစ် ၆လပတ်လုံး လူမှုဝန်ထမ်းဘဝဖြင့် အချိန်ကုန်ကာ ဝမ်းစာရှာခဲ့ရပေသည်။ ထိုလူသား၏ ဘဝနောက်ဆုံးခရီးတွင် မိမိချစ်ခင်မြတ်နိုးရသည့် ဇနီးမယား သမီးသားနှင့် ဆွေမျိုးသား ချင်းများကို ထာဝရအပြီးအပိုင် ခွဲခွါသွားရတော့မည်ဆိုလျှင် ထိုလူသားအတွက် လူ့ချမ်းသာဆို သည်မှာ အင်မတန်မှ နည်းပါးလှသည်ဟု ကျွန်ုပ် ယူဆမိပါသည်။

အချုပ်ဆိုရလျှင် လူ့ဘဝရခိုက် ဘုရားသာသနာတော်နှင့်လည်းကြုံခိုက် လူ့သက်တမ်းဟာ တကယ်ပင် တိုတောင်းလှတာမို့ မဝေးတော့တဲ့ သေခြင်းတရားကို တွေးမြင်ဆင်ခြင်ပြီး လူ့ချမ်းသာ အစစ် (ကုသိုလ်တရားများ)ကို ရယူနိုင်ကြစေရန်အတွက်....
အောက်ပါသံဝေဂကဗျာဖြင့် အဆုံးသတ်လိုက်ပါရစေ....
လူ့အသက်….အလုအယက်တစ်ရာ။
အိပ်ခြင်း ထက်ဝက်ခြမ်း.… ခြမ်းဝက်နိုးလာ။
ဗာလနဲ့ဇရာ…. တာတဝက်ကုန်သွား။
ဗျာဓိရယ် လာငြိတယ် မကြာမကြာပေါ့။
တစ်ခါတစ်ခါ သေလောက်နီးပါပဲ။
ကြီးလိုက်လေ လူမှုထမ်းရာက
ဝမ်းစာရှာ ခင်တာနဲ့ခွဲရရင်
သုခရယ်ဆိုဖို့ပဲ
နည်းလှချည်လား…။